အခန်း ၂၇
Vol. 3 Ch. 27
အခန်း ၂၇ ။ ကံဆိုးမိုးမှောင်ကျခြင်း
လျူကျင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ကို လုရှူရင်း ဆတ်ခနဲ နိုးလာခဲ့သည်။
သူ ရောက်နေသည့် နေရာ ကို အသည်းအသန် ကြည့်လိုက်ရာ... လဆန်းမြို့ ငယ်ရှိ သူ့အခန်းအတွင်း သို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။ ထိုအခိုက်အတန့်တွင် သူကြုံခဲ့သမျှအရာအားလုံးသည် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်ပါစေတော့ဟု လျူကျင်းတစ်ယောက် မိုက်မိုက်မဲမဲ မျှော်လင့်မိလိုက်သေးသည်။ သို့သော်လည်း ၎င်းမှာ စိတ်ကူးယဥ်အတွေးသက်သက်သာ ဖြစ်သည်။ သူ့မျက်လုံးထဲတွင် စွဲထင်ကျန်ရစ်နေသော သွေးစွန်းသည့်ပုံရိပ်များနှင့် ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှု ဝေဒနာများမှာ လက်တွေ့ကို ဖော်ညွှန်းနေသည် ။
"မဟုတ်ဘူး... ဒါက လုံးဝ အိပ်မက်မဟုတ်ဘူး၊ တကယ် ဖြစ်ပျက်နေတာ။"
သူ...
သူ... တကယ်ပဲ...။
“ညီလေး”
တစ်စုံတစ်ဦးက သူ၏ပုခုံးကို လှမ်း၍ ကိုင်လိုက်သည်။ လျူကျင်းတစ်ယောက် လန့်ဖျပ်ကာ တုန်လှုပ်သွားသော်လည်း ထိုသူမှာ ရှောင်နန်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ချက်ချင်းပင် စိတ်အေးသွားရတော့သည်။
“အစ်ကိုကြီး...”
လျူကျင်းက အသက်ကို ပြင်းပြင်းရှူရင်း ဆိုလိုက်သည်။
“အစ်ကိုကြီး ဒီမှာ ရှိနေတာပဲ။”
ထိုအသိက လျူကျင်း၏ လှုပ်ခတ်နေသောစိတ်ကို တစ်စုံတစ်ရာအထိ ပြန်လည်တည်ငြိမ်သွားစေခဲ့သည်။
“ဟုတ်တယ် ညီလေး… အစ်ကို ဒီမှာ ရှိနေတယ်”
ရှောင်နန်က လေသံပျော့ဖြင့် ဆိုလာသည်။
“မင်း ဘေးကင်းပါပြီ။ အကိုတို့တွေ မင်းကို ပြန်ခေါ်လာခဲ့တာပါ။”
လျူကျင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး တိုက်ပွဲအပြီး ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်အောက်မေ့ရန် ကြိုးစားမိသည်။ သို့သော် ၎င်းကို တိုက်ပွဲဟု ခေါ်ဆိုခြင်းထက် တစ်ဖက်သတ် လုပ်ကြံသတ်ဖြတ်မှုဟု ခေါ်လျှင် ပို၍ မှန်ကန်ပေလိမ့်မည်။
ဓားပြများကို ရှင်းလင်းပြီးသည်နှင့် တပြိုင်နက် လျူကျင်းသည် ဆွဲသီးကို လည်ပင်းတွင် ချက်ချင်း ပြန်လည်ဝတ်ဆင်ခဲ့သည်။ ‘ကိုးခေါင်းနတ်မြွေနတ်ဘုရား’ ၏ အဆိပ်ဝိညာဉ်ဓာတ်များ တောအုပ်အတွင်းသို့ ဆက်လက်ပျံ့နှံ့မသွားစေရန် ထိုသို့ လုပ်ဆောင်ရခြင်း ဖြစ်၏။
သူသည် ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့များကို မိမိခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စုပ်ယူပြီး ဆွဲသီးဆီသို့ လမ်းကြောင်းလွှဲရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ထိုအချိန်တွင် ပျက်စီးဆုံးရှုံးမှုက ကြီးမားသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ လူကို ချက်ချင်း အသက်အန္တရာယ် မပေးနိုင်သည့်တိုင်အောင် ထို သူယောင်မယ် တောအုပ်’ ၏ နယ်မြေအတွင်း၌ ရေရှည်အထိ မည်သည့် အပင်မျှ ပေါက်ရောက်နိုင်တော့မည် မဟုတ်ချေ။
ရှောင်နန်၏ ပြန်လည် ပြောပြချက်အရ ထိုကိစ္စများဖြစ်ပြီးနောက် သိပ်မကြာခင်မှာပင် ရှောင်နန် တို့အဖွဲ့ ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ သူတို့အဖွဲ့ ရောက်လာချိန်တွင် လျူကျင်း၏နဘေးတွင် ရုပ်အလောင်းများ ဝန်းရံလျက် ရှိသည်ကိုထိတ်လန့်ဖွယ်တွေ့ခဲ့ရသည် ။ လျူကျင်းသည်လည်း သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
“ကျန်..ကျန်တဲ့လူတွေကော...”
လျူကျင်းက မျက်လုံးများကို မှိတ်ထားဆဲဖြင့် တိုးညှင်းစွာ မေးလိုက်သည်။ ဘာဖြစ်လို့ ဤမေးခွန်းကို မေးမိသည်လဲ သူကိုယ်တိုင်ပင် မသိချေ။ အဖြေကိုမူ သူ ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။
“သေဘီလေ…”
အဖြေစကားက တိုတောင်းပြတ်သားစွာ ထွက်ပေါ်လာသည်။ လျူကျင်း၏ရင်ထဲ၌ ဓားဖြင့်မွှန်းလိုက်သလို စူးခနဲ နာကျင်သွားရ၏။
“အကိုကြီး …ဝက်ဝံနက်အဖွဲ့... ဒါ ဝက်ဝံနက်အဖွဲ့ရဲ့ လက်ချက်ပဲ။”
“အကိုတို့တွေ သိပြီးသား ညီလေး”
ရှောင်နန်၏ တည်ငြိမ်လွန်းသော စကားကြောင့် လျူကျင်း မျက်လုံးများကို ဖွင့်ကာ မော့ကြည့်လိုက်မိသည်။
"သေဆုံးသွားတဲ့ ရုပ်အလောင်းတွေထဲက တစ်ခုက သူတို့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တာ အတည်ပြုနိုင်ခဲ့တယ်။ ပြီးတော့ တို့တွေက သူတို့ထဲက တစ်ယောက်ကိုလည်း အရှင်ဖမ်းမိပြီး စစ်ဆေးမေးမြန်းနိုင်ခဲ့တယ်လေ။"
“ဟင်... ဒါပေမဲ့ ကျွန်တော်...”
လျူကျင်းသည် အချိန်မီ သတိဝင်သွားပြီး အခန်းအပြင်သို့ အသံမပေါက်စေရန် လေသံကို ခပ်တိုးတိုး နှိမ့်လိုက်သည်။
“ကျွန်တော်... ဆွဲသီးကို ချွတ်လိုက်တာလေ အစ်ကိုကြီး။”
"ကိုးခေါင်းနတ်မြွေနတ်ဘုရားရဲ့ အဆိပ်ဘေးကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူးမဟုတ်လား။ သူ... သူက ဘယ်လိုလုပ်ပြီး...!"
“အစ်ကိုလည်း အဲဒီလိုပဲ တွေးတာပဲ”
ရှောင်နန်က လေသံကို လျှို့ဝှက်စွာ ပြောင်းလဲရင်း ဆိုလာသည်။
"ဒါပေမဲ့ တစ်ခုရှိတယ်... ညီလေးက သန်မာပေမဲ့ အဲဒီလောက်အထိတော့ အစွမ်းမထက်သေးဘူး။ အဲဒီလိုအဆိပ်မျိုးကနေ ဘယ်သူမှ အသက်ရှင်မကျန်နိုင်ဘူးလို့ မင်း တွေးနေတာ ဟုတ်တယ်မလား။ မင်းတွေးတာ မှန်ပါတယ်။ ဓားပြတွေထဲက တစ်ယောက်မှ အသက်ရှင်ကျန်ခဲ့တာ မရှိပါဘူး။"
“ဒါဆိုရင် ဘယ်လိုဖြစ်လို့...”
"အသက်မရှိတော့တာက လုံးဝ သေဆုံးသွားတာနဲ့ မတူဘူး ညီလေး။ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ ငါတို့ မသိနိုင်တဲ့ အဆင့်ပေါင်းများစွာ ရှိသေးတယ်။ ပြီးတော့ အဲဒီနှစ်ခုကြား ကူးပြောင်းနေတဲ့လူတစ်ယောက်ကို ငါတို့ သုံးသပ်လို့ရတဲ့၊ လုပ်နိုင်တဲ့အရာတွေ အများကြီး ရှိတာပေါ့။"
ခေတ္တမျှတွင် လျူကျင်းသည် ရှောင်နန် ဆိုလိုသည့်အဓိပ္ပာယ်ကို အတိအကျ သိလိုသဖြင့် ထပ်မံမေးမြန်းချင်စိတ် ဖြစ်ပေါ်လာသည်။ သို့သော်လည်း သူ မမေးရဲခဲ့ချေ။ ရှောင်နန်၏ မျက်နှာအမူအရာမှာ သူတစ်ခါမှ မမြင်ဖူးလောက်အောင် တည်ကြည်လေးနက်နေသောကြောင့် ဖြစ်၏။ ရှောင်နန်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုနှင့် ဒေါသရိပ်တို့က အထင်အရှား စွဲထင်နေလေသည်။
"ဘာပဲဖြစ်ဖြစ်… အဲဒီလို မေးမြန်းလိုက်လို့ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေ ရလာခဲ့တာပေါ့"
ရှောင်နန်က တည်ငြိမ်စွာ ဆက်ပြောသည်။
“ဒီတိုက်ခိုက်မှုမှာ ရည်ရွယ်ချက်တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက ရှောင်ဒုန်းကို သတ်ဖို့ပဲ။ အဲဒီလို ကိစ္စမျိုးကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တုန်းက သူတို့ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာတော့ အစ်ကိုလည်း သေချာမသိဘူး။ ဒါပေမဲ့ သူတို့ အောင်မြင်သွားပြီဖြစ်တဲ့အတွက် ဒီအတိုင်း လွှတ်ထားလို့မရတော့ဘူး။ ဒီကိစ္စကို ပြတ်ပြတ်သားသား အပြစ်ပေးရမယ်။”
အပြစ်မပေးဘဲ လွှတ်ထား၍ မရနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ ဂိုဏ်းခွဲခေါင်းဆောင်၏ သားဖြစ်သူမှာ နိမ့်ကျလှသော ဓားပြတစ်စု၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ဤနေရာမှာ ဂိုဏ်းခွဲငယ်တစ်ခုမျှသာ ဖြစ်သော်လည်း ရှောင်ဂိုဏ်းဟူသည် ရှောင်ဂိုဏ်းပင် ဖြစ်၏။ ယခုကဲ့သို့သော စော်ကားမှုကို လုံးဝ ခွင့်လွှတ်လေ့မရှိပေ။
ဝက်ဝံနက်အဖွဲ့အနေဖြင့်လည်း ဤအချက်ကို မသိဘဲမနေနိုင်ချေ။ ရှောင်ဒုန်းကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် ဂိုဏ်းခွဲတစ်ခုလုံး၏ ဒေါသမာန်ကို ဆွဲနှိုးလိုက်ခြင်းမှတစ်ပါး အခြားရလဒ် မရှိနိုင်ချေ။
ရှောင်ဂိုဏ်း၏အရှိန်အဝါ ကြောင့် ရှောင်ဒုန်းကို ဂိုဏ်းသား အင်အားအမြောက်အမြားဖြင့် ခြံရံပေးရန်မလိုဟု အားလုံးက ယူဆခဲ့ကြခြင်း ဖြစ်သည်။
‘သူ့ကို သွားပြီး တိုက်ခိုက်ရဲလောက်အောင် မိုက်မဲမယ့်သူ မရှိနိုင်ဘူး’ ဆိုပြီး လူတိုင်းက ပေါ့ဆတွေးတောခဲ့ကြခြင်း ဖြစ်၏။
“ဝက်ဝံနက်အဖွဲ့ဝင် အားလုံးကို လိုက်လံနှိမ်နင်းဖို့အတွက် အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီးပြီ။ ခဏကြာရင် အစ်ကိုလည်း သူတို့နဲ့အတူ ခရီးထွက်ရလိမ့်မယ်။”
“အစ်ကိုကြီး... လိုက်သွားမလို့လား ...”
လျူကျင်းသည် သူ့လေသံ မည်မျှပင် အားနည်းတုန်လှုပ်နေသည်ကို သတိပြုမိပြီး စိတ်ထဲ၌ ကျိန်ဆဲမိသွားသည်။ သို့သော်လည်း သူ ရှောင်နန်ကို မသွားစေချင်ချေ။ ယခုကဲ့သို့ အိပ်မက်ဆိုးမှ နိုးထခါစ အချိန်တွင်မူ အစ်ကိုဖြစ်သူကို ဘေးနားကနေ လုံးဝ မခွာစေချင်သေးပါ။
ရှောင်နန်၏ တင်းမာနေသော မျက်နှာအမူအရာမှာ သူ့လေသံကြောင့် တဖြည်းဖြည်း နူးညံ့ပျော့ပြောင်းသွားခဲ့တော့သည်။
"အစ်ကိုလည်း ညီလေးနားမှာပဲ နေပေးချင်တာပေါ့ကွာ။ ဒါပေမဲ့ ဂိုဏ်းခွဲသခင် က အခုအချိန်မှာ ဒေါသတွေ အလိပ်လိုက် ထွက်နေတာ။ တို့တွေ မင်းကို သွားရှာတွေ့တုန်းက အစ်ကိုသာ ဖျောင်းဖျပြီး တားမထားရင် သူတစ်ယောက်တည်း ဓားပြတွေနောက်ကို ချက်ချင်း လိုက်သွားမှာ။ ဒီလိုနေရာမျိုးမှာ ရှောင်ဒင်ရဲ့ အစွမ်းက သိပ် မနိမ့်ကျပေမဲ့ အခုတော့ သူက ဒေါသတွေ ထိန်းမရသိမ်းမရ ဖြစ်နေပြီ။ သူ အမှားအယွင်း တစ်ခုခု မလုပ်မိအောင် အစ်ကို သူ့ဘေးမှာ စောင့်ကြည့်ပေးရမယ်။"
“ကျွန်တော် နားလည်ပါပြီ အကိုကြီး”
သူနားလည်သည့်အချက်မှာ ရှောင်နန်၏ စကားများက လုံးဝ မှန်ကန်နေခြင်းပင် ဖြစ်သည်။ ရှောင်ဒင်သည် မိမိ၏ သားအရင်းခေါက်ခေါက်ကို မကြာသေးမီကမှ ဆုံးရှုံးလိုက်ရသည့် ဖခင်တစ်ဦး ဖြစ်၏။ ထိုသို့သောသူတစ်ဦးထံမှ ဆင်ခြင်တုံတရားရှိရှိ ဆုံးဖြတ်ချက်ချနိုင်ဖို့ မည်သို့မျှ မျှော်လင့်နိုင်မည်မဟုတ်ချေ။ ဤဂိုဏ်းခွဲအနေဖြင့် သူတို့၏ သခင်လေးကို ဆုံးရှုံးလိုက်ရပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းခွဲခေါင်းဆောင်ကိုပါ ထပ်မံ အဆုံးရှုံးမခံနိုင်တော့ချေ။
"အခုအချိန်မှာတော့ ညီလေး အနားယူနေတာက အကောင်းဆုံးပါပဲ။"
ရှောင်နန်က လျူကျင်း၏ပုခုံးကို ပုတ်လျက် ဆိုသည်။
"ညီလေးလည်း အတော်လေး ထိထားတာပဲ… စိတ်ချလက်ချ အိပ်ပျော်အောင်သာ အနားယူလိုက်ပါ... မနက်ဖြန်ကျရင်တော့ အစ်ကို အဲဒီကောင်တွေအားလုံးကို အပြတ်ရှင်းပစ်လိုက်မယ်။"
ရှောင်နန်က သူ့အပေါ် စေတနာဖြင့် ပြောဆိုနေခြင်းဖြစ်ကြောင်း လျူကျင်း ကောင်းကောင်း နားလည်ပါသည်။ သို့သော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူ မည်သို့မျှ စိတ်အေးလက်အေးဖြင့် အိပ်မပျော်နိုင်ချေ။
“ကျွန်တော်... သူတို့ကို အသက်ချမ်းသာပေးခဲ့မိတာ။”
လျူကျင်းသည် မျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် ရှောင်နန်ကို စိုက်ကြည့်လိုက်မိသည်။
“ဟိုးတုန်းက... အစ်ကိုကြီးက အဲဒီဓားပြတွေရဲ့ ကံကြမ္မာကို ကျွန်တော့်သဘောအတိုင်း ဆုံးဖြတ်ခိုင်းခဲ့တုန်းက... ကျွန်တော် သူတို့ကို အသက်ချမ်းသာပေးခဲ့မိတာ။”
“ညီလေး…”
“သူတို့ကို သတ်ပစ်ဖို့ဆိုတာ ကျွန်တော့်စိတ်ထဲ တစ်ချက်ကလေးတောင် မတွေးမိခဲ့ဘူး။ အဲဒါကိုတော့ ကျွန်တော် ဝန်ခံရမှာပဲ...။”
သူ အဘယ်ပုံ တွေးမိပါမည်နည်း။ သူတစ်ပါးကို ကုသပေးမည့် ဆေးပညာရှင်တစ်ဦး ဖြစ်လာရန် ရည်မှန်းထားသူတစ်ဦးအဖို့ အခြားလူတစ်ယောက်၏ အသက်ကို နုတ်ယူရန် အတွေးမျိုး မည်သို့မျှ ရှိလာနိုင်မည်မဟုတ်ပေ။ သမားတော်တဦး၏ စိတ်ရင်းအရ လုံးဝ မဖြစ်နိုင်သော အရာပင် ဖြစ်သည်။
"ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို မြို့ထဲအထိ ဖမ်းခေါ်လာလို့ ရခဲ့တာပဲလေ။ ဒါမှမဟုတ်... အစ်ကိုကြီးကို သူတို့ရဲ့ ‘အတွင်းအား’ ကို ဖျက်ဆီးပစ်ဖို့ ပြောလို့လည်း ရခဲ့တာပဲ။ သူတို့ရဲ့ သိုင်းပညာတွေကို ဖျက်ဆီးပစ်ဖို့ပေါ့။ အဲဒီတုန်းက ကျွန်တော့်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေပါရက်နဲ့... ကျွန်တော်ကတော့ သူတို့ကို သစ်ပင်မှာပဲ ဒီအတိုင်း ချည်ထားခဲ့မိတယ်။ အဲဒါဆို ပြီးပြီလို့ ထင်ခဲ့တာ။ ကျွန်တော် ဒီလောက် ပေါ့ဆခဲ့မိလို့... သူတို့က ကျွန်တော်တို့ကို ပြန်ပြီး ကလဲ့စားချေ တိုက်ခိုက်ခွင့် ရသွားတာ။"
အနည်းဆုံးအနေဖြင့် ထိုလူ... ဓားပြခေါင်းဆောင်ဆိုသူသည် လျူကျင်း၏ ဆုံးဖြတ်ချက် မှားယွင်းမှုသာ မရှိခဲ့လျှင် ယခုကဲ့သို့ ထပ်မံ ပေါ်လာနိုင်စရာ အကြောင်းမရှိချေ။
လျူကျင်း၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
“သူတို့က ကျွန်တော်တို့ကို အလစ်ဝင် တိုက်ခိုက်ကြတယ်... ပြီးတော့... ပြီးတော့...”
မျက်ရည်တစ်စက်သည် လျူကျင်း၏ပါးပြင်ပေါ်သို့ တုန်ရီစွာ စီးကျလာခဲ့၏။
“အစ်ကိုကြီး... နောက်ဆုံးကျတော့ ကျွန်တော် သူတို့ကို သတ်ပစ်လိုက်မိပြီ။ အကုန်လုံးကို သတ်ပစ်လိုက်မိတာ။ အဲဒီလို သေကျေပျက်စီးမယ့် အခြေအနေဆိုးနဲ့ ရင်ဆိုင်ရတဲ့အခါ... ကျွန်တော်ကိုယ်တိုင်လည်း မသေချင်တာနဲ့ သူတို့ကို သတ်ပစ်လိုက်မိတယ်။ ဘာဖြစ်လာမလဲဆိုတာကို ကောင်းကောင်းသိရက်နဲ့... ကျွန်တော့်သဘောနဲ့ကျွန်တော် ဆွဲသီးကို ချွတ်ပစ်လိုက်မိတာ။”
မျက်ရည်များက အဆက်မပြတ် စီးကျလာသဖြင့် လျူကျင်း၏အမြင်အာရုံများ ဝေဝါးလာရသည်။
“အစ်ကိုကြီး... ဒါတွေအားလုံးက ကျွန်တော့်အပြစ်တွေလား။ ကျွန်တော် ရွေးချယ်မှု မှားယွင်းခဲ့တာလား...”
ရှောင်နန်က ညီဖြစ်သူကို စူးစိုက်ကြည့်နေပြီး မျက်နှာအမူအရာကို တည်ငြိမ်အောင် ထိန်းထားသည်။ နောက်ဆုံးတွင် သူက သက်ပြင်းခပ်ဖွဖွချလိုက်ပြီး...
"ညီလေး… အစ်ကို့အတွက် တစ်ခုလောက် စိတ်ကူးကြည့်ပေးစမ်းပါ။ ကောင်းကင်ကြီးထဲမှာ ပျံသန်းနေတဲ့ သိန်းငှက်တစ်ကောင်ကို မြင်ယောင်ကြည့်လိုက်စမ်း။ လုပ်ကြည့်နိုင်မလား။"
ဟု ဆိုလာသည်။
“ကျွန်တော်…”
“ပုံဖော်ကြည့်စမ်းပါ”
ရှောင်နန်က လေသံကို နူးညံ့သော်လည်း ပြတ်သားစွာဖြင့် တိုက်တွန်းသည်။ စိတ်သောကရောက်နေသည့် လျူကျင်းလည်း အစ်ကိုဖြစ်သူ ညွှန်ကြားသည့်အတိုင်း လိုက်ပါပုံဖော်ကြည့်လိုက်မိ၏။
"မင်းသိမ်းငှက်တကောင်ကို မြင်လိုက်တယ်ထား..အဲဒီသိန်းငှက်က အမဲလိုက်နေတာ။ သူက သူ့ရဲ့သားပေါက်လေးတွေကို ကျွေးမွေးဖို့အတွက် အစာရှာနေတာပေါ့။ အောက်ဘက် မြေပြင်ပေါ်မှာတော့ မြေခွေးပေါက်လေးတစ်ကောင်ကို သူ တွေ့သွားတယ်။ မြေခွေးလေးက ကွင်းပြင်ကျယ်ထဲ ရောက်နေတာဆိုတော့ အလွယ်တကူ ဖမ်းလို့ရတဲ့ သားကောင်ပေါ့။ ကဲ… အခု မင်းမှာ ရွေးချယ်စရာ ရှိပြီ။ မင်းအနေနဲ့ မြေခွေးလေးကို ကယ်ဖို့ ရွေးချယ်နိုင်တယ်။ အဲဒီလို ကယ်လိုက်ရင်တော့ မြေခွေးလေး အသက်ရှင်လိမ့်မယ်၊ ဒါပေမဲ့ သိန်းငှက်နဲ့ သူ့ရဲ့သားပေါက်လေးတွေကတော့ ငတ်ပြတ်ပြီး သေဆုံးသွားကြလိမ့်မယ်။ ဒါမှမဟုတ် မင်း ဘာမှမလုပ်ဘဲ ဒီအတိုင်း နေဖို့ ရွေးချယ်လို့လည်း ရတယ်။ အဲဒီလိုဆိုရင်တော့ မြေခွေးလေးဟာ သေချာပေါက် အသက်ဆုံးရှုံးရလိမ့်မယ်။ သို့သော်လည်း သိန်းငှက်နဲ့ သူ့သားပေါက်လေးတွေကတော့ အစာဝလင်စွာ စားသောက်ရလိမ့်မယ်။ ကဲ ညီလေး… ဒါကို သိထားရက်နဲ့ ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မလဲ။"
“အစ်ကိုကြီး… ဒါက ဘာကို-”
“စဉ်းစားကြည့်စမ်းပါ”
ရှောင်နန်က ဖြတ်ပြောလိုက်သည်။
“စိတ်အေးအေးထားပြီး သေသေချာချာ စဉ်းစားကြည့်ပါ။ ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ။”
မှန်ကန်တဲ့ ရွေးချယ်မှု...။
လျူကျင်း၏ဦးနှောက်ထဲတွင် ဤမေးခွန်းက အထပ်ထပ် အဖန်ဖန် ပဲ့တင်ထပ်နေမိသည်။ ပေးထားသော အခြေအနေအရ သူ မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ တစ်ဦးဦးကတော့ အသက်ပျောက်ရမည်သာ ဖြစ်၏။ အကယ်၍ သူ မြေခွေးကို ကယ်တင်ပါက သိန်းငှက်နှင့် ၎င်း၏ သားပေါက်လေးများ သေဆုံးရပေလိမ့်မည်။ အကယ်၍ အခြေအနေအတိုင်း ပစ်ထားလိုက်ပါက မြေခွေးလေး သေဆုံးရပေလိမ့်မည်။
မြေခွေးလေးသည် အခြားသူကို အရင်တိုက်ခိုက်သည့် ရန်စသူ မဟုတ်သည့်အတွက် သူ့ကို ကယ်တင်ခြင်းက ပို၍ စာနာရာ ရောက်ပါသလား။ သို့မဟုတ် သိန်းငှက်သည် ၎င်း၏ အကောင်ပေါက်လေးများကို ကျွေးမွေးရန် လိုအပ်သောကြောင့် မြေခွေးကို သတ်ခွင့်ပြုလိုက်ခြင်းကော အဆင်ပြေပါသလား။ သက်ရှိသတ္တဝါ အရေအတွက် ပိုမိုအသက်ရှင်ကျန်ရစ်မည့် လမ်းစဉ်က မှန်ကန်သော ရွေးချယ်မှု ဖြစ်မလား။
ထိုသတ္တဝါနှစ်ကောင်စလုံးမှာ အခြားသတ္တဝါများကို ဖမ်းဆီးစားသောက်တတ်သည့် အသားစားသတ္တဝါများသာ ဖြစ်ကြသည်။ နောက်ဆုံးတွင် နှစ်ကောင်စလုံးက အခြားတိရစ္ဆာန်များကို ထပ်မံ သတ်ဖြတ်ကြဦးမည်သာ။ သို့မဟုတ် သူ ဉာဏ်ဆင်ပြီး ထိုနှစ်ကောင်စလုံးကို သတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ရမလား။ ထိုသို့လုပ်ခြင်းကော မှန်ကန်ပါ့မလား။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သည့်အရာက မှန်ကန်ပါသနည်း။
“ကျွန်တော် မသိဘူး…”
လျူကျင်းက နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ဖွင့်ဟလိုက်သည်။
“ကျွန်တော် မသိဘူး အစ်ကိုကြီး။ ဘယ်အရာက မှန်တယ်ဆိုတာကို လူတစ်ယောက်က ဘယ်လိုနည်းနဲ့ ဆုံးဖြတ်နိုင်မှာလဲ။”
“အမှန်တော့ ဒါက ရှင်းရှင်းလေးပဲ ညီလေး”
ရှောင်နန်က အသက်ကို ခပ်ပြင်းပြင်းရှူရင်း ဆိုလာသည်။
"ငါတို့ နေထိုင်တဲ့ ဒီလောကကြီးထဲမှာ လူတွေဟာ အဲဒီလို ရွေးချယ်မှုမျိုးတွေကို အမြဲတမ်း လုပ်နေကြရတာပဲ။ အစ်ကိုပြောတာကို သေသေချာချာ နားထောင်ပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ တစ်ရက်ကလေးတောင်၊ တစ်စက္ကန့်လေးတောင် မမေ့ပါနဲ့။ မင်းရဲ့နှလုံးသားထဲမှာ အသေအချာ မှတ်ကျောက်တင်ထားလိုက်ပါ။ အမှန်တရားကတော့… ရွေးချယ်မှု နှစ်ခုစလုံးက မှန်ကန်နေတာပါပဲ။"
“ဗျာ…”
“မင်းကိုယ်တိုင် ရွေးချယ်လိုက်သရွေ့တော့ ဘယ်ရွေးချယ်မှုမဆို မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်သွားတာပဲ ညီလေး”
ရှောင်နန်က ရှင်းပြသည်။ ထိုသို့ ပြောဆိုနေစဉ်အတွင်း သူ၏မျက်နှာတွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
"အဲဒီလို အခြေအနေမျိုးမှာ မင်းက အာဏာရှိတဲ့သူပဲ။ ဘယ်သူ့ကို အသက်ရှင်ခွင့်ပေးပြီး ဘယ်သူ့ကို သေခိုင်းရမလဲဆိုတာ ဆုံးဖြတ်ခွင့်ရှိတာ မင်းကလွဲလို့ တခြားဘယ်သူမှ မရှိဘူး။ သိန်းငှက်နဲ့ မြေခွေးဆိုတာ မင်းကို မတော်လှန်နိုင်တဲ့ သတ္တဝါလေးတွေမျှသာပဲလေ။ မင်းက သန်မာတဲ့သူ ဖြစ်နေလို့ သူတို့ကံကြမ္မာကို မင်းလက်ခုပ်ထဲမှာ ဆုပ်ကိုင်ထားနိုင်တာ။ ဒါကြောင့်မို့လို့ ဘယ်ရွေးချယ်မှုမဆို မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ အစွမ်းအစရှိတဲ့သူတစ်ယောက်ရဲ့ ရွေးချယ်မှု ဖြစ်လို့ပဲ။"
လျူကျင်းသည် ရှောင်နန်၏ပါးစပ်မှ ထွက်ပေါ်လာသော စကားများကို ကြားပြီး ဆွံ့အမှင်တက်ကာ နားထောင်နေမိသည်။
“ညီလေး… ဟိုးတုန်းက အခြေအနေမှာ အစ်ကိုက အဲဒီကိစ္စကို ဆုံးဖြတ်နိုင်မယ့် စွမ်းအားကို မင်းလက်ထဲ အပ်ခဲ့တာ။ အဲဒီဓားပြတွေရဲ့ ကံကြမ္မာကို မင်းရဲ့သဘောအတိုင်း ဆုံးဖြတ်ဖို့ အစ်ကို သဘောတူခဲ့တယ်။ အကယ်လို့ မင်းက သူတို့ကို သတ်ပစ်ဖို့ ပြောခဲ့ရင်လည်း အစ်ကို သတ်ပစ်မှာပဲ။ မင်းက သူတို့ကို အသက်ချမ်းသာပေးဖို့ ပြောခဲ့လို့ အစ်ကိုကလည်း အသက်ချမ်းသာပေးခဲ့တာ။ အဲဒီတုန်းက သူတို့ရဲ့အသက်အပေါ်မှာ မင်းက စွမ်းအားအာဏာ ရှိခဲ့တဲ့သူပဲ။ မင်းက ရွေးချယ်ပိုင်ခွင့် ရှိခဲ့တဲ့သူ။ ဒါကြောင့်မို့လို့ မင်းလုပ်ခဲ့တဲ့ ဘယ်ရွေးချယ်မှုမဆိုဟာ အလိုအလျောက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်သွားတာပဲ။”
“အစ်ကိုကြီး… ကျွန်တော်… ကျွန်တော် နားမလည်တော့ဘူး…”
ရှောင်နန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။ ထိုအပြုံးသည် လျူကျင်းတစ်သက်တွင် မြင်ဖူးသမျှ အပြုံးများထဲ၌ အဝမ်းနည်းဆုံးနှင့် အကြေကွဲဆုံး အပြုံးတစ်ခု ဖြစ်နေလေတော့သည်။
“ညီလေး… အစ်ကိုလည်း မင်းကို ဒီထက်ပိုပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ စကားမျိုးတွေ ပြောပြချင်တာပေါ့။ မင်း စိတ်အေးသွားအောင်လည်း နှစ်သိမ့်ပေးချင်တာပေါ့။ ဒါပေမဲ့ အဲဒီလို လိမ်ပြောလိုက်ရင် မင်းအပေါ် မတရားရာ ကျလိမ့်မယ်။ ဒီလောကကြီးထဲမှာ တို့တွေဟာ ရုန်းကန်ကြရတယ်၊ တက်လှမ်းကြရတယ်၊ ပြီးတော့ အဆက်မပြတ် ဆက်ပြီးတော့ တက်လှမ်းနေကြရတာပဲ။
"ခွန်အားစွမ်းပကားတွေကို စုဆောင်းတယ်၊ အခွင့်အရေးတွေကို ရယူတယ်၊ ဩဇာအာဏာကို ဖြန့်ကျက်တယ်။ ဒါတွေအားလုံးက ပိုပြီး မြင့်မားတဲ့ အဆင့်အတန်းတစ်ခုကို ရောက်ဖို့အတွက်ပဲလေ။ တို့တွေ လုပ်လိုက်တဲ့ ဘယ်လုပ်ရပ်မဆို... ကိုယ်ကျင့်တရား ဘယ်လောက်ပဲ ပျက်ပြားနေပါစေဦးတော့... တို့မှာ ရှိတဲ့ စွမ်းအားကြောင့် အလိုအလျောက် မှန်ကန်သွားတာပဲ။
စွမ်းအားက အရာအားလုံးကို ခွင့်လွှတ်ပေးနိုင်တယ်၊ စွမ်းအားက အရာအားလုံးအတွက် ဆင်ခြေပေးနိုင်တယ်။ အဲဒါကြောင့် စွမ်းအားရှိတဲ့သူတွေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်တော့မှ မမှားနိုင်တာ။"
ရှောင်နန်သည် ထိုသို့ပြောဆိုနေစဉ်အတွင်း သူကိုယ်တိုင်ပင် အနည်းငယ် ရှက်ရွံ နေသည့် အမူအရာမျိုး ပေါ်လွင်နေ၏။
“အဲဒါကြောင့်မို့လို့ မင်းရဲ့လုပ်ရပ်တွေဟာ မှားယွင်းတယ်လို့ ပြောလို့မရဘူး။ မင်း သူတို့ကို အသက်ချမ်းသာပေးခဲ့တုန်းကလည်း မင်းမှာ သူတို့အပေါ် စွမ်းအားရှိနေလို့ပဲ၊ အဲဒီနောက် မင်း သူတို့ကို သတ်ပစ်လိုက်တုန်းကလည်း မင်းမှာ သူတို့အပေါ် စွမ်းအားရှိနေလို့ပဲ။ မင်းအနေနဲ့ စွမ်းအားအာဏာရှိတဲ့ အဆင့်အတန်းတစ်ခုမှာ ဆက်ရှိနေသရွေ့တော့... မင်း လိုချင်တဲ့ ဘယ်ရွေးချယ်မှုကိုမဆို စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိတာပဲ။”
“ဒါ... ဒါက လောကနိယာမနဲ့မညီတဲ့ ရက်စက်လွန်းတဲ့ အတွေးအခေါ်ကြီးပါ အစ်ကိုကြီး။”
ရှောင်နန်က သက်ပြင်းခပ်လေးလေးချလိုက်ပြီး...
"ငါတို့တွေက လောကနိယာမနဲ့မညီဘဲ သွေဖည်ပျက်စီးနေတဲ့ လောကကြီးထဲမှာ ရှင်သန်နေကြရတာပဲ ညီလေးရာ။"
” ဟု စိတ်ပျက်လက်ပျက်ဆိုလိုက်တော့သည်။
ညဉ့်နက်သန်းခေါင်ယံ အချိန်သို့ ရောက်မှသာ ရှောင်ဟန်သည် လျူကျင်းထံသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်၌ ရှောင်နန်နှင့် ရှောင်ဒင်တို့မှာ ဝက်ဝံနက်ဓားပြများကို အမြစ်ဖြတ်ချေမှုန်းရန် မြို့ပြင်သို့ ထွက်ခွာသွားကြပြီ ဖြစ်၏။
“သခင်လေး... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ။”
ရှောင်ဟန်သည် လျူကျင်း၏ရှေ့မှောက်၌ တုန်ရီစွာ ဒူးထောက်ဦးချလိုက်သည်။
“ထစမ်း!”
လျူကျင်းက ခပ်ဆတ်ဆတ် အမိန့်ပေးလိုက်မိသည်။ သို့သော် မိမိ၏လေသံ မည်မျှပင် ခက်ထန်ပြင်းထန်သွားသည်ကို သတိပြုမိလိုက်သဖြင့် ချက်ချင်းပင် နောင်တရသွား၏။ သူသည် အော်ဟစ်ငေါက်ငမ်းလိုသည့် စိတ်မရှိခဲ့ပါ၊ စိတ်အခြေအနေက အလွန်အမင်း ဆိုးရွားနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လျူကျင်းသည် လေသံကို အမြန်ပင် လျှော့ချကာ ပို၍နူးညံ့စွာဖြင့်...
“မင်းက ဘာဖြစ်လို့ တောင်းပန်နေတာလဲ” ဟု ပြန်မေးလိုက်သည်။
“ကျွန်... ကျွန်တော် သခင်လေးတို့ကို ကူညီဖို့ အဲဒီနေရာမှာ ရှိနေသင့်တာဗျ။”
ရှောင်ဟန်က မြေပြင်ကို စူးစိုက်ကြည့်ရင်း ငိုရှိုက်ကာ အော်ဟစ်လာသည်။
“ကျွန်တော် ဒီထက်ပိုပြီး စဉ်းစားခဲ့သင့်တာ။ ကျွန်တော့်အစ်ကိုနဲ့ စကားပြောပြီး အစောင့်တွေ ပိုခေါ်သွားဖို့ ဖျောင်းဖျခဲ့သင့်တာ။ ကျွန်တော်... ကျွန်တော် လုပ်ခဲ့သင့်တာ...”
“ဒါ မင်းအပြစ် မဟုတ်ပါဘူး”
လျူကျင်းက စကားကို ကြားဖြတ် တားမြစ်လိုက်သည်။ ထိုခဏ၌ ရှောင်ဟန်သည်လည်း မိမိ၏ အစ်ကိုအရင်းဖြစ်သူ ရှောင်ဒုန်းကို မကြာသေးမီကမှ ဆုံးရှုံးလိုက်ရသည့် ဒဏ်ရာချင်းထပ်တူကျသော လူသားတစ်ယောက် ဖြစ်ကြောင်း လျူကျင်း၏ စိတ်ထဲ၌ ဆတ်ခနဲ ထိမှန်သွားခဲ့၏။
“ငါတို့တွေအားလုံးပဲ ဒီထက်ပိုပြီး သတိထားခဲ့ကြသင့်တာပါ။ တို့တွေဟာ ရန်ပြုတိုက်ခိုက်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထည့်မတွေးခဲ့မိကြဘူး။”
‘ဘယ်သူကမှ ရှောင်ဂိုဏ်းကို တိုက်ခိုက်ဝံ့မှာ မဟုတ်ဘူး...။’
ထိုအချက်ကို သူတို့အားလုံး ယုံကြည်ထားခဲ့ကြခြင်း ဖြစ်သည်။ ဂိုဏ်းခွဲ၏သခင်လေးကို မည်သူကမျှ လက်ရဲဇက်ရဲ လုပ်ဆောင်ဝံ့မည် မဟုတ်သည့်အတွက် ဂိုဏ်းသားအများအပြား ခေါ်ဆောင်သွားရန် မလိုအပ်ဟု အားလုံးက အပြည့်အဝ ယုံကြည်ထားခဲ့ကြ၏။ ထို့ကြောင့်လည်း ရှောင်ဒုန်းက တောအုပ်ထဲသို့ သွားချင်သည်ဟု ဆိုခဲ့စဉ်က သူ့ကို တားမြစ်သတိပေးရန် မည်သူကမျှ မကြိုးစားခဲ့ကြခြင်း ဖြစ်လေသည်။
“မင်းလည်း အစ်ကိုတစ်ယောက် ဆုံးရှုံးသွားခဲ့ရတာပဲ”
လျူကျင်းက သက်ပြင်းချရင်း ဆိုလိုက်သည်။
“စိတ်မကောင်းပါဘူးကွာ။”
ရှောင်ဟန်က ခေါင်းကို အမြန်ပင် ခါယမ်းပြရင်း...
“သခင်လေး တောင်းပန်စရာ မလိုပါဘူးဗျာ။ တကယ်တော့ သခင်လေးက အစ်ကို့ကို သတ်ခဲ့တဲ့ လူသတ်သမားတွေကို နှိမ်နင်းပေးပြီး ကလဲ့စားချေပေးခဲ့တာပဲ။ ကျွန်တော်ကပဲ သခင်လေးကိုကျေးဇူးတင်ရမှာပါ” ဟု ပြန်ပြောလာသည်။
လျူကျင်းတစ်ယောက် စိတ်ထဲမှ ပြင်းထန်စွာ တုန်လှုပ်သွားမှုကို မနည်းအောင့်အီး ထိန်းချုပ်လိုက်ရသည်။ သူ ထိုမြင်ကွင်းကို ယခုထက်ထိ စက်ဆုပ်ရွံရှာစွာ မှတ်မိနေဆဲ ဖြစ်၏။ လဲပြိုကျသွားစဉ်က ပါးစပ်မှ သွေးအမည်းရောင်များ ပန်းထွက်နေသည့် ဓားပြခေါင်းဆောင်၏ မျက်နှာကြီး။
ထိုလူသည် မိမိသေလုဆဲဆဲ ဖြစ်နေသည်ကိုပင် သတိပြုမိသွားပါ့မလား။ လျူကျင်းသည် ထိုပုံရိပ်ဆိုးများကို ခေါင်းထဲမှ မောင်းထုတ်ပစ်ချင်သဖြင့် ခေါင်းကို အမြန်ပင် ခါယမ်းလိုက်မိတော့သည်။
သို့သော်လည်း ထိုပုံရိပ်ဆိုးများကို ခေါင်းထဲမှ မောင်းထုတ်၍ မရခဲ့ချေ။
“သခင်လေး... အဆင်ပြေရဲ့လားဗျာ။”
“ငါ... အဆင်ပြေပါတယ်”
လျူကျင်းက မောဟိုက်စွာ ဆိုလိုက်ရင်း နဖူးမှ ချွေးစေးများကို ပွတ်သပ်မိသည်။
“ငါ အပြင်ထွက်ပြီး လမ်းလျှောက်ဖို့ လိုနေပြီ ထင်တယ်။”
ထိုသို့ပြောပြီးသည်နှင့် လျူကျင်းသည် အခန်းထဲမှ အမြန်ထွက်ရန် လှုပ်ရှားလိုက်သည်။ ခေတ္တမျှတွင် မိမိ၏ အလျင်စလိုအပြုအမူက ရိုင်းပျရာကျသွားမည်ကို စိုးရိမ်မိသော်လည်း ရှောင်ဟန်ကမူ နားလည်ပေးသည့်နှယ် ဘာမှမပြောဘဲ သူ့နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့၏။
လျူကျင်းတစ်ယောက် ရင်ပြင်ဆီသို့ လျှောက်လှမ်းလာစဉ် လမ်း၌ ဖြတ်သန်းသွားသမျှ လူတိုင်းက သူ့ကို အဝေးကနေ ကြောက်လန့်တကြား ရှောင်ကွင်းသွားကြသည်ကို သတိမပြုမိဘဲ မနေနိုင်ခဲ့ချေ။ ဘာဖြစ်လို့ ဤသို့ ထူးဆန်းစွာ ဖြစ်နေရသည်ကို နားလည်သဘောပေါက်ရန် သူ့မှာ မိနစ်အနည်းငယ်ခန့် အချိန်ယူလိုက်ရသည်။
မှန်ပေသည်။... တောအုပ်အတွင်း၌ ဖြစ်ပျက်ခဲ့သည့် သွေးစွန်းသော သတင်းဆိုးများသည် ဤဂိုဏ်းဝင်းအတွင်း၌ အကြိမ်ကြိမ် ပျံ့နှံ့သွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထိုအချိန်ကစပြီး မိမိအပေါ် မည်သို့သော ကောလာဟလဆိုးများနှင့် ကြောက်မက်ဖွယ် စွပ်စွဲချက်များ ထွက်ပေါ်နေမည်ကို လျူကျင်းတစ်ယောက် တွေးကြည့်ရန်ပင် ကြောက်ရွံ့မိနေတော့သည်။
လျူကျင်း ရင်ပြင်ပြင်ပသို့ နောက်ဆုံးတွင် ရောက်ရှိလာသည့်အခါမှသာ စိတ်သက်သာရာ အနည်းငယ် ရသွားတော့သည်။ ညဉ့်နက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်၏။ အေးစိမ့်လှသော ညဉ့်ဦးလေညင်းက သူ၏စိတ်သောကများကို ခေတ္တမျှ မေ့ပျောက်သွားစေရန် ကူညီပေးနေပြီး ကောင်းကင်ယံတွင်လည်း လပြည့်ဝန်းကြီးက ဆွတ်ဆွတ်ဖြူစွာ ထွန်းလင်းတောက်ပနေသည်။
လျူကျင်းသည် ထိုလမင်းကြီးကို ငေးစိုက်ကြည့်ရင်း ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မေ့ပျောက်ကာ ထိုလရောင်ထဲ၌ စိတ်လွင့်မျောသွားစေရန် မိုက်မဲစွာ မျှော်လင့်နေမိ၏။ ယနေ့မနက်ပိုင်းအထိ အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့သော်လည်း ယခုမူ သူသည် လက်ဝါးတွင် သွေးစွန်းခဲ့သည့် လူသတ်သမားတစ်ဦး ဖြစ်သွားခဲ့ချေပြီ။
သွေဖည်ပျက်စီးနေတာပဲ...။
ဒီလောကကြီးက တကယ်ကို သွေဖည်ပျက်စီးနေတာ။
လျူကျင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ပူနွေးသော အသက်ရှူငွေ့များသည် အေးစိမ့်လှသော လေထုထဲတွင် ဖြူလွလွ အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ညဉ့်မှောင်ထုထဲသို့ လွင့်မျောပျောက်ကွယ်သွားခဲ့၏။
“သခင်လေး... သခင်လေး!”
လျူကျင်းနှင့် ရှောင်ဟန်တို့သည် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ အစေခံအုပ်စုတစ်စုသည် သူတို့ထံသို့ ခြေကုန်တင်ကာ အသည်းအသန် ပြေးဝင်လာကြခြင်း ဖြစ်၏။
“ဘာကိစ္စရှိလို့လဲ”
လျူကျင်းက မေးမြန်းလိုက်သည်။
“ဧည့်သည်တွေ... ဧည့်သည်တွေ ရောက်နေလို့ပါ သခင်လေးလေး!”
အစေခံတစ်ဦးကဟောဟဲစိုက်ကာ အသက်ကို လုရှူရင်း အမောတကော ပြောလိုက်သည်။
“ ဧည့် …ဧည့်သည်တွေ…..အိမ်တော် ဝင်းတံခါးကြီးမှာ ရောက်နေပါတယ်ဗျာ!”