← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈ ။ ဇာတ်ဆရာ အလိုကျ ။

လျူကျင်းသည် ထိုအကြောင်းကြားချက်ကို ကြားပြီးနောက် ချက်ချင်း တုံ့ပြန်နိုင်ခြင်းမရှိဘဲ ခေတ္တမျှ ကြောင်အသွားရသည်။

“ဧည့်သည်တွေ ဟုတ်လား…”

အစေခံတစ်ဦးက အလောတကြီး ခေါင်းညိတ်ပြရင်း...

“ဟုတ်ပါတယ် သခင်လေး။ တံခါးဝမှာ ‘လွန်မျိုးနွယ်စု’ က ဧည့်သည်တွေ ရောက်နေတာပါ။ သခင်လေးရှောင်ဒုန်း ကွယ်လွန်သွားတဲ့အတွက် လွန်မျိုးနွယ်စုရဲ့ အကြီးအကဲ ‘လွန်ရှု’ ကိုယ်တိုင်... ဂိုဏ်းခွဲခေါင်းဆောင် ရှောင်ဒင်ကို ဝမ်းနည်းကြောင်း လာရောက်ဂါရဝပြုတာ ဖြစ်ပါတယ်ဗျာ” ဟု သတင်းပို့လာသည်။

‘ဟင် …ခက်ဘီ…’

လျူကျင်း အခက်တွေ့ကာ အံကြိတ်မိသွားသည်။ ဘေးနားရှိ ရှောင်ဟန်၏မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ သိသိသာသာ ထင်ဟပ်နေ၏။ လျူကျင်းအနေဖြင့် ‘လွန်ရှု’ အား တံခါးဝမှ မောင်းထုတ်ပစ်ရန်သာဤအစေခံများအား အမိန့်ပေးလိုက်ချင်တော့သည်။ သို့သော်လည်း သူအမှတ်မမှားပါက လွန်မျိုးနွယ်စုသည် လဆန်းမြို့ ငယ် ၏ အဓိက ဩဇာအာဏာအကြီးမားဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။ အစေခံတစ်ဦး မှ ၎င်းတို့အုပ်စု ကို မောင်းထုတ်ခြင်းသည် လွန်စွာ ရိုင်းပျရာကျရုံတင်မက ပြဿနာကို မီးမွှေးလိုက်သလို ဖြစ်ပေလိမ့်မည်။

ထို့ပြင် အခြေအနေ မရေမရာဖြစ်နေသော မဟာမိတ်လက်ထပ်ပွဲ ကိစ္စကလည်း ရှိသေးသည်။ ယခုအခါ သတို့သားဖြစ်သူ ကွယ်လွန်သွားပြီဖြစ်ရာ ဟူမျိုးနွယ်စု အနေဖြင့် ဤကတိကဝတ်မှ အလွယ်တကူ နုတ်ထွက်သွားနိုင်ပြီး လွန်မျိုးနွယ်စုဘက်သို့ ပြန်လည်မျက်နှာသာပေး သွားနိုင်ခြေ ရှိသည်။ သတို့သမီးဘက်တော်သား ဖြစ်သည့် ဟူမျိုးနွယ်စုထက် ရန်ဘက်ဖြစ်ဖူးသော လွန်မျိုးနွယ်စုက ဝမ်းနည်းကြောင်း လာရောက်ဂါရဝပြုရန် ပထမဆုံး အရင်ရောက်ရှိလာခြင်းမှာလည်း များစွာ သံသယဝင်စရာပင် ဖြစ်သည်။

လျူကျင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း (နှာ‌ခေါင်းကို လက်မ၊ လက်ညှိုးတို့ဖြင့် ညှစ်ကာ )စိတ်ကို အတင်းထိန်းလိုက်ရသည်။ သူ့စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထိုမျိုးနွယ်စုနှစ်ခုစလုံးနှင့် တစ်ပြိုင်နက်တည်း ရန်သူဖြစ်သွားမည့် အခြေအနေမျိုးကို သူ လုံးဝ အဖြစ်မခံနိုင်ချေ။

သူ ဤကဲ့သို့သော အရှုပ်ထုပ်များထဲ ဝင်မပါချင်သော်လည်း လက်ရှိအချိန်တွင် ရှောင်လွှဲ၍ မရနိုင်တော့ပေ။

လျူကျင်းသည် ဤကဲ့သို့သော အကျိုးမရှိလှသည့် ကိစ္စရပ်များကို မတွေးတောချင်သော်လည်း မလွှဲမရှောင်သာ ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ယခုအခါ သူ့အကိုကြီးရှောင်နန်ရော ဂိုဏ်းခွဲသခင် ရှောင်ဒင်ပါ ဤနေရာတွင် ရှိမနေကြချေ။ ရှောင်ဟန်သည် ဂိုဏ်းခွဲ၏ ဒုတိယသခင်လေးဖြစ်ပြီး လျူကျင်းမှာမူ ပင်မဂိုဏ်းကြီးမှ ရောက်ရှိနေသည့် ဧည့်သည်တော်တစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦးအနေဖြင့် ယခုအချိန်တွင် မိမိတို့၏ ရာထူးအဆင့်အတန်းနှင့် လျော်ညီစွာ မဖြစ်မနေ ရှေ့ထွက်ဖြေရှင်းရတော့မည် ဖြစ်လေသည်။

“ဂိုဏ်းထဲမှာ အကြီးအကဲ ဘယ်နှယောက် ကျန်သေးလဲ”

လျူကျင်းက အစေခံများကို မေးမြန်းလိုက်သည်။ အကြီးအကဲအတော်များများမှာ ရှောင်ဒင်နှင့်အတူ ဓားပြများကို လိုက်လံနှိမ်နင်းရန် ထွက်ခွာသွားကြပြီဟု သူ ခန့်မှန်းထားမိသောကြောင့် ဖြစ်၏။

“သုံးယောက်ပါ သခင်လေး”

အစေခံတစ်ဦးက ခေါင်းငုံ့ကာ ပြန်လည်ဖြေကြားသည်။

“အကြီးအကဲ ချန် ကတော့ အခုလောလောဆယ် တံခါးပိတ်ကျင့်ကြံခြင်း ဝင်နေပါတယ်။ အကြီးအကဲ ဘီမင်း နဲ့ အကြီးအကဲ ဖန် တို့ကတော့ နားနေဆောင်မှာ အိပ်မောကျနေလောက်ပါပြီဗျာ။”

“ဟင် အကြီးအကဲက သုံးယောက်တည်း ကျန်တာလား..”

အရေအတွက်အားဖြင့် နည်းပါးလှသော်လည်း ယခုကဲ့သို့သော ရုတ်တရက်ဧည့်သည်ကို ရင်ဆိုင်ရန်အတွက်တော့ လုံလောက်ပေလိမ့်မည်။

“သူတို့ကို အမြန်သွားခေါ်လိုက် ”

လျူကျင်းက အစေခံများကို ညွှန်ကြားလိုက်သည်။

“သွားလေ…အကျိုးအကြောင်းရှင်းပြပြီး အိမ်တော် ဝင်းတံခါးနားမှာ ကျွန်တော်တို့နဲ့လာတွေ့ဖို့ ပြောလိုက်ပါ။”

“ဗျာ... သခင်လေး”

အစေခံတစ်ဦးက ထစ်ထစ်ငေါ့ငေါ့ဖြင့် ထူးလာသည်။ သူသည် ညဉ့်နက်သန်းခေါင် အိပ်ပုတ်ကြီးလှသော အကြီးအကဲများကို သွားနှိုး ရဲပုံမပေါ်ပေ။ ကျန်သည့်သူများလည်း ထပ်တူပင် ဖြစ်၏။ ဤသည်မှာလည်း အစေခံများအနေဖြင့် အမျက်ဒေါသကြီးလှသော အကြီးအကဲများထံ တိုက်ရိုက်မသွားဘဲ... သူ့ထံနှင့် ရှောင်ဟန်ထံသို့ အရင်ဆုံး ပြေးလာရသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ မည်သူမျှ အကြီးအကဲတစ်ဦး၏ အနားယူချိန်ကို နှောင့်ယှက်သူ အဖြစ်မခံချင်ကြချေ။ လျူကျင်း စိတ်တိုသွားသဖြင့် သူ့ မျက်လုံးများ စူးခနဲ ဖြစ်သွားပြီး လေသံက မာသွားသည်။

“ဟ …သွားကြလေဗျာ ”

ပြတ်သားလှသော အမိန့်စကားတစ်ခွန်းကြောင့် အစေခံများလည်း လန့်ဖျပ်ကာ ချက်ချင်း ပြေးထွက်သွားကြတော့သည်။

“သခင်လေး...”

ရှောင်ဟန်က စိုးရိမ်တကြီးဖြင့် စကားစလာသည်။

“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ အကြီးအကဲတွေကို ဒီမှာပဲ စောင့်နေကြမလား။”

လျူကျင်းက ခေါင်းကို ခါယမ်းလိုက်ရင်း...

“မဖြစ်ဘူး။ ငါတို့ဆီလာတဲ့ ဧည့်သည်တွေကို အကြာကြီး စောင့်ခိုင်းထားရင်... ငါတို့ဂိုဏ်းဘက်က အားနည်းချက်ပြရာ ရောက်သွားလိမ့်မယ်” ဟု ဆိုလိုက်သည်။

ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရှောင်ဂိုဏ်းအနေဖြင့် အားနည်းသည့်ပုံစံမျိုး လုံးဝ အဖြစ်မခံနိုင်ချေ။ မည်မျှပင် စိတ်ရှုပ်စရာ ကောင်းနေပါစေဦးတော့... လျူကျင်းအနေဖြင့် မိမိအား ခိုလှုံခွင့်ပေးထားသည့် ဤဂိုဏ်းခွဲ၏ ဂုဏ်သိက္ခာကို ညှိုးမှိန်အောင် မလုပ်နိုင်ပါ။

“ငါတို့တွေ အဲဒီ လွန်ရှု ဆိုတဲ့လူကို အရင်သွားတွေ့ကြတာပေါ့…”

လျူကျင်းက ရှောင်ဟန်ကို ပြောလိုက်သည်။ သူ ထင်မှတ်ထားသည့်အတိုင်းပင် ရှောင်ဟန်၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့၏။

“ကျွန်တော်တို့ဆိုတော့.. ကျွန်တော်ပါ လိုက်ရမှာလား။ သခင်လေး... ကျွန်... ကျွန်တော်က ဒီလိုမျိုး မျိုးနွယ်စုရေးရာ ကိစ္စရပ်တွေမှာ တစ်ခါမှ မပါဝင်ဖူးဘူးဗျာ၊ ပြီးတော့-”

“အေး …အဲ့တော့ ဘာဖြစ်လဲ အခု မင်းအဖေလဲ အပြင်သွားနေတယ် …မင်းအကိုလဲ သေဘီ ..”

လျူကျင်း၏ ပြတ်သားလှသော စကားလုံးများက ရှောင်ဟန် ငြင်းခုံလိုသည့် စကားဟူသမျှကို သနားညှာတာမှုမရှိဘဲ ဖြတ်တောက် ပိတ်ပစ်လိုက်သည်။

“အခုလောလောဆယ်မှာတော့ မင်းက ငါတို့ ရှောင်ဂိုဏ်းရဲ့ လဆန်းမြို့ ဂိုဏ်းခွဲကို ကိုယ်စားပြုတဲ့ သခင်လေးပဲ။ ငါလဲ အခြေအနေတွေကို ဒီလိုမျိုးကြီး ဖြစ်မလာစေချင်ပေမဲ့လည်း... မင်းအနေနဲ့ ငါ့ဘေးမှာ မတ်မတ်ရပ်ပေးဖို့ လိုအပ်တယ်။ ဘယ်လိုလဲ မင်း ငါနဲ့အတူ ရင်ဆိုင်ပေးမလား။”

ဤစကားများသည် ရှောင်ဟန်အတွက်သာမက သူ့ကိုယ်သူ ပြန်လည် ရဲဆေးတင်လိုက်ခြင်းလည်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် လျူကျင်းအနေဖြင့်လည်း ယခုအခြေအနေကို လျစ်လျူရှုပြီး အိပ်ရာထဲသို့သာ ပြန်သွား အိပ်လိုက်ချင်တော့သည်။ သို့သော်လည်း ၎င်းမှာ လက်ရှိတွင် သူ လက်လှမ်းမမီနိုင်တော့သည့် လောကစည်းစိမ်တစ်ခုမျှသာ ဖြစ်၏။

ရှောင်ဟန်သည်လည်း ထိုအချက်ကို ကောင်းကောင်း နားလည်သဘောပေါက်ပုံရပြီး... သူ၏မျက်နှာထက်တွင် ကြောက်ရွံ့မှုများ ပပျောက်လာကာ ပြတ်သားသော စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်များ ပေါ်လွင်လာတော့သည်။

“သခင်လေး နဲ့ ကျွန်တော် လိုက်ခဲ့ပါ့မယ်။”

“အေး ကောင်းတယ် ..”

လျူကျင်းသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် ကျန်ရှိနေသည့် အစေခံများဘက်သို့ လှည့်ကာ...

“စားဖိုဆောင်ကို ဧည့်သည်တွေအတွက် လက်ဖက်ရည်နဲ့ စားစရာ တစ်ခုခု အမြန်ပြင်ခိုင်းလိုက်ပါ။ ပြီးတော့ ငါတို့ဂိုဏ်းမှာရှိတဲ့ အသန်မာဆုံး ဂိုဏ်းသားတွေကို သွားနှိုးချေ” ဟု အမိန့်ပေးလိုက်သည်။

အစေခံများက ဦးညွှတ်ဂါရဝပြုပြီး သူ၏အမိန့်ကို နာခံရန် အလျင်အမြန်ပင် ပြေးထွက်သွားကြသည်။ လျူကျင်းသည် ရှောင်ဟန်ကို ဘေးမှရံလျက် အိမ်တော်ဝင်း မှ ရင်ပြင်ကျယ်ဆီသို့ ခပ်သွက်သွက် လျှောက်လိုက်တော့သည်။

သူတို့ ဆီးကြိုရင်ဆိုင်ရမည့် ရန်သူ ဟု ထင်မှတ်ရသော ဧည့်သည်များ ရောက်ရှိနေပြီ ဖြစ်သည်။

လျူကျင်း ပင်မတံခါးကြီးထံသို့ ရောက်ရှိသွားချိန်တွင် သူ မျှော်လင့်ထားသည်ထက် ပိုမိုများပြားဆူညံလှသော လူတို့၏ အသံဗလံများကို ကြားလိုက်ရသည်။ ထိုအသံအားလုံးမှာ တံခါးကြီး၏ အပြင်ဘက်မှ အုန်းအုန်းကျွက်ကျွက် ထွက်ပေါ်လာခြင်း ဖြစ်၏။

“ဒုတိယသခင်လေး!”

တံခါးစောင့်တစ်ဦးက သူတို့ကို လှမ်း၍ ခေါ်လိုက်သည်။

“ဟော …နောက်ဆုံးတော့ ရောက်လာကြပြီပဲ...!”

“အပြင်မှာ ဘာတွေ ဖြစ်နေတာလဲဗျ”

လျူကျင်းသည် ပိတ်ထားဆဲဖြစ်သော တံခါးကြီးကို စိုက်ကြည့်ရင်း တစ်ဖက်မှ ထွက်ပေါ်လာသည့် အသံဗလံများကို နားစွင့်ကာ မေးလိုက်သည်။

“ဘာဖြစ်လို့ တံခါးအပြင်ဘက်မှာ လူတွေ ဒီလောက်အများကြီး စုရုံးနေကြတာလဲ။”

“ ကျွန်တော်မျိုးလည်း သေသေချာချာ မသိပါဘူး သခင်လေး ရာ အစတုန်းကတော့ မျိုးနွယ်စုခေါင်းဆောင် ‘လွန်ရှု’ နဲ့ အခြံအရံ အနည်းငယ်ပဲ ရောက်လာတာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းကျတော့... လူတွေက တစ်ဖွဲဖွဲနဲ့ ပိုပြီး တိုးလို့ ရောက်လာကြတာပဲ။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲခင်ဗျာ။”

လျူကျင်း၏စိတ်ထဲမှ တစ်စိတ်တစ်ပိုင်းမှာ... အရွယ်ရောက်ပြီးသား လူကြီးတစ်ဦးက ဆယ်ကျော်သက်အရွယ် သူ့အား ယခုကဲ့သို့ အကြံဉာဏ်တောင်း မေးခွန်းထုတ်နေသည့် ကမောက်ကမ အခြေအနေကို ရယ်ချင်မိသော်လည်း၊ ကျန်တစ်စိတ်တစ်ပိုင်းမှာမူ သူ့ကို ဤကဲ့သို့သော ခေါင်းဆောင်မှုနေရာသို့ တွန်းပို့ခဲ့သည့် အဖြစ်အပျက်ဆိုးများအတွက် စိတ်မကောင်းဖြစ်မိသည်။

လျူကျင်းသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချကာ တံခါးကြီးဆီသို့ လျှောက်လှမ်းသွားခဲ့၏။ ထို့နောက် လှေကားမှတစ်ဆင့် တက်လှမ်းကာ အခြားအစောင့်များနှင့်အတူ တံခါးတံတိုင်း၏ အထက်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ထုံးစံအတိုင်းပင် ရှောင်ဟန်မှာလည်း သူ၏အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့တော့သည်။

လျူကျင်း တံတိုင်းအထက်သို့ ရောက်ရှိသွားချိန်တွင် အောက်ဘက်ရှိလူများကို လှမ်း၍ မြင်လိုက်ရသည်။ တံခါးအပြင်ဘက်၌ စုရုံးနေသော လူပေါင်း သုံးဆယ်ကျော်ခန့် ရှိနေချေပြီ။

“အားလုံးပဲ ဒါ ဘာသဘောလဲဗျ …”

လျူကျင်းက အောက်ဘက်ရှိ လူများအားလုံး ကြားနိုင်လောက်အောင် ကျယ်လောင်ပြတ်သားစွာ မေးမြန်းလိုက်ရာ အောက်မှလူအုပ်ကြီးက တညီတညွတ်တည်း မော့ကြည့်လာကြသည်။

“ဒီလို ညဘက်အချိန်မတော်ကြီးမှာ ကျုပ်တို့ရှောင်ဂိုဏ်း ကို ဧည့်သည်တွေ ဒီလောက်အများကြီး ဘာဖြစ်လို့ စု ရောက်လာတာလဲ”

ထိုလူအုပ်ကြီးထဲမှ လူတစ်ဦးသည် ရှေ့သို့ တည်ငြိမ်စွာ တစ်လှမ်း တိုးထွက်လာခဲ့သည်။ သူသည် အရပ်ရှည်ပြီး ပုခုံးကျယ်သည့် လူထွားကြီးတစ်ဦး ဖြစ်၏။ အသက်အရွယ်မှာ မသိလျှင် အသက်လေးဆယ်ထက် ငါးဆယ်နှင့် ပို၍ နီးစပ်ပုံရသော်လည်း၊ တကယ်တမ်းတွင် အသက်ရာကျော်နေသည့် မြေခွေးအိုကြီးလည်း ဖြစ်နိုင်ပေသည်။ ကျင့်ကြံသူများ၏ လောကတွင်မူ ရုပ်သွင်ကိုကြည့်ရုံဖြင့် အသက်အရွယ်ကို အမှန်အတိုင်း ခန့်မှန်းရန် အမြဲတမ်း ခက်ခဲလှသည် မဟုတ်ပါလား။

“ဒီမယ် သူငယ် ..ငါတို့တွေ ဒီကိုလာတာက... ဟို အောက်တန်းစားဓားပြတွေရဲ့ လက်ချက်ကြောင့် သခင်လေး ရှောင်ဒုန်း ဆုံးသွားတယ်ကြားလို့ပဲ ကွ ..၊ သားတယောက် ဆုံးရှုံးလိုက်ရတဲ့ ဂိုဏ်းခွဲခေါင်းဆောင် ရှောင်ဒင်နဲ့အတူ တစ်သားတည်း ရှိကြောင်း လာပြတာ ..၊ ငါက လွန်မျိုးနွယ်စုရဲ့ ‘လွန်ရှု’ ပဲ ..၊ အခု ငါ စကားပြောနေတာ ဘယ်သူလဲ။”

လျူကျင်းက ဆတ်ခနဲ မျက်ခုံး ပင့်လိုက်မိသည်။

“အော် ဒါဆို ဒီလူကြီးက လွန်ရှု ပေါ့လေ…”

ထိုလူကြီးအပေါ် လျူကျင်း၏ ပထမဆုံး အကဲဖြတ်ချက်မှာ ‘ ဉာဏ်များသည့် မြေခွေးအိုကြီး’ ဟူ၍ ဖြစ်သည်။ လျူကျင်း သည် သူ၏ဝတ်ရုံလက်အင်္ကျီ အောက်တွင် ညာဘက်လက်ကို တင်းတင်းဆုပ်လိုက်ရင်း... အသက်ကို ပြင်းပြင်းရှူသွင်းကာ စကားပြန်လည် ပြောဆိုရန် ပြင်ဆင်လိုက်လေတော့သည်။

“ကျုပ်က ရှောင်ဂိုဏ်း ပင်မဂိုဏ်းချုပ်ကြီးရဲ့ အမာခံတပည့် ‘လျူကျင်း’ ပဲ ..၊ ဂိုဏ်းခွဲခေါင်းဆောင် ရှောင်ဒင်ရဲ့ သားဖြစ်သူ မင်္ဂလာပွဲကို ပင်မဂိုဏ်းကိုယ်စား သက်သေအဖြစ် တက်ရောက်ဖို့ ဒီရောက်နေတာပဲ ..”

သူက ပင်မဂိုဏ်းကြီး၏ အမည်နာမကို ထည့်သွင်းပြောကြားလိုက်သည်နှင့် တပြိုင်နက်... အောက်ဘက်ရှိ လူအုပ်ကြီးအတွင်း၌ တီးတိုးပြောဆိုသံများနှင့် မကျေမနပ် ရေရွတ်သံများ ဝုန်းခနဲ ဆူညံသွားခဲ့သည်။ ယခုမူ သူတို့သည် လျူကျင်းကို ယခင်နှင့်မတူဘဲ ကြောက်ရွံ့ရိုသေသော အကြည့်မျိုးဖြင့် ပြောင်းလဲကြည့်ရှုလာကြ၏။ လျူကျင်းသည် ရရှိလာသော အခွင့်အရေးကို လက်လွတ်မခံဘဲ အသံအရှိန်မြှင့်ကာ ဆက်လက် ပြောဆိုလိုက်သည်။

"ဂိုဏ်းခွဲခေါင်းဆောင် ရှောင်ဒင်အပေါ် ဒီလောက်အထိ သစ္စာရှိကြတာ တွေ့ရတော့ ကျုပ် တကယ်ပဲ ဝမ်းသာမိပါတယ်။ ဒါကိုကြည့်ရင် သူဟာ လဆန်းမြို့သားတွေရဲ့ လေးစားချစ်ခင်မှုကို ဘယ်လောက်ရထားလဲဆိုတာ ထင်ရှားနေတာပဲ။ ဒါပေမဲ့... အခုလောလောဆယ်တော့ သူ ဧည့်သည်တွေနဲ့ တွေ့ဖို့ အဆင်မပြေသေးဘူးဆိုတာ စိတ်မကောင်းစွာနဲ့ပဲ ပြောပါရစေ။ ခင်ဗျားတို့လည်း နားလည်ပေးကြပါ… အခုအချိန်မှာ သူ ဘယ်သူ့ကိုမှ တွေ့နိုင်တဲ့ စိတ်အခြေအနေမျိုး မဟုတ်လို့ပါဗျ"

ထိုစကားများကို ပြောကြားပြီးသွားသည့် အခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သဖြင့် လျူကျင်း၏မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။

စောနက ပင် သူက ဂိုဏ်းခွဲခေါင်းဆောင် ရှောင်ဒင်တစ်ယောက် မြို့ထဲမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ထိန်ချန်ထားလိုသဖြင့် ‘တွေ့ဖို့ အဆင်မပြေသေးဘူး’ ဟုသာ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤအချက်အလက်သည် ဤလူများအတွက် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေပါဦးမည်လော။ အကယ်၍ ရှောင်ဒုန်း သေဆုံးသွားသည့် သတင်းပင် မြို့ထဲ၌ သောင်းသောင်းဖျဖျ ပျံ့နှံ့နေပြီဆိုလျှင်... ဤလူများအနေဖြင့် ဓားပြများကို လိုက်လံနှိမ်နင်းမည့် အမဲလိုက်အဖွဲ့အကြောင်းကိုလည်း သေချာပေါက် စုံစမ်းသိရှိထားပြီး ဖြစ်ပေလိမ့်မည်။

လဆန်းမြို့တံခါးဝရှိ အစောင့်များသည် ရှောင်ဒင်နှင့် အခြားသူများအားလုံး မြို့ပြင်သို့ သုတ်ခြေတင် ထွက်ခွာသွားသည်ကို သေချာပေါက် မြင်တွေ့ခဲ့ကြပေလိမ့်မည်။ ထို့ပြင် သူတို့သည် ရုပ်ဖျက်ပြီး ထွက်ခွာသွားကြခြင်းလည်း မဟုတ်ချေ။ လဆန်းမြို့ရှိ ဩဇာအာဏာအကြီးမားဆုံး မျိုးနွယ်စုကြီးနှစ်ခုထဲမှ တစ်ခု၏ အကြီးအကဲဖြစ်သူအနေဖြင့် ဤမျှလောက်သော သတင်းလှုပ်ရှားမှုကို သေချာပေါက် သိရှိထားပြီး ဖြစ်ရပေမည်။

“ဒါဆိုရင် သူတို့ သိရက်နဲ့ လာတာပေါ့…”

သူ့စိတ်ထဲမှ ကောက်ချက်ချလိုက်သည်။

လျူကျင်းသည် စကားကို ခေတ္တမျှသာ ဆိုင်းငံ့လိုက်ပြီး ရိပ်မိသွားသည့် စိုးရိမ်စိတ်ကို ဖုံးကွယ်ကာ ဆက်လက်ပြောဆိုလိုက်သည်။

“ခင်ဗျား တို့အားလုံး ခင်ဗျား တို့ရဲ့ အိမ်ကိုပဲ အေးအေးချမ်းချမ်း ပြန်ကြဖို့ ကျုပ် တောင်းဆိုရပါလိမ့်မယ်။”

ဤသည်မှာ လျူကျင်း အစောပိုင်းက ပြောဆိုရန် စီစဉ်ထားသည့် စကားမျိုး မဟုတ်ပေ။ သို့သော်လည်း သူ၏သံသယသာ မှန်ကန်နေမည်ဆိုပါက... ဤလူများကို သူ ဘယ်လိုနည်းနဲ့မျှ အလွယ်တကူ ယုံကြည်၍ မဖြစ်နိုင်တော့ချေ။

“ဒါက ဘာသဘောလဲကွ”

လွန်ရှုက လေသံကို မြှင့်ကာ လှောင်ပြောင်သရော်လာသည်။

“ရှောင်ဂိုဏ်းက... စာနာနားလည်မှုအပြည့်နဲ့ လာတဲ့ ငါတို့ကို မောင်းထုတ်ပစ်မယ်ပေါ့လေ..၊ ပင်မဂိုဏ်းကြီးရဲ့ အစဉ်အလာက ဒီလောက်အထိ ရိုင်းပျတာလားကွ ..။”

“ဒီမှာ ကျုပ်တို့ ရှောင်ဂိုဏ်းအနေနဲ့ ကိုယ့်တံခါးဝကို မဖိတ်ပဲ ရောက်လာသမျှ လူတိုင်းကို ဆီးကြိုဧည့်ခံဖို့ တာဝန်မရှိဘူးလို့ သတ်မှတ်ထားတယ် ။ လွန်မျိုးနွယ်စုအနေနဲ့ လည်း အခုလိုအင်အားအလုံးအရင်းနဲ့ လာပီး ... ဧည့်သည်လို ပြုစုစောင့်ရှောက်ခံရဖို့ မျှော်လင့်နေတယ်ဆိုရင်တော့ ကျုပ်တို့ ဂိုဏ်းကို စော်ကားရာရောက်နေဘီလို့မထင်ဘူးလား…”

လျူကျင်းသည် သူပြောတတ်သလောက် ပင်မဂိုဏ်းကြီး၏ ရင့်ကျက်လှသော ဂိုဏ်းသားကြီးဟန်ပန်အတိုင်း အစွမ်းကုန် မာနထောင်လွှားစွာ ဟန်ဆောင်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အောက်ဘက်ရှိ လူအုပ်ကြီးက သူ့အား ဒေါသတကြီး စိုက်ကြည့်လာကြပုံအရ သူ၏ဟန်ဆောင်မှု အောင်မြင်သွားသည်ဟု ဆိုရပေမည်။

မှန်ပေသည်... လူတိုင်းက သူ့အပေါ် တကယ့်ကို အံကြိတ်ဒေါသထွက်နေကြပြီ ဖြစ်၏။

သို့သော်... လူတစ်ယောက်မှလွဲ၍ ဖြစ်သည်။

ထိုလူမှာ လွန်ရှုပင် ဖြစ်၏။

လွန်ရှုသည် သူ့အား အလွန်စူးရှလှသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေသည်။ ထိုမျက်ဝန်းများထဲတွင် တစ်စုံတစ်ရာ ဖျတ်ခနဲ လင်းပွင့်သွားခဲ့ပြီး... ထိုအခိုက်အတန့်၌ ဘာဖြစ်ပျက်တော့မည်ကို လျူကျင်း ကောင်းကောင်းကြီး သိလိုက်ရ၏။ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သတိပေးစကား ပြောရန်အတွက် ရှောင်ဟန်ဘက်သို့ အမြန်လှည့်လိုက်မိသည်။

သို့သော်... ထိုသတိပေးစကားကို သူ လုံးဝ ဖွင့်ဟခွင့်မရလိုက်ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လွန်ရှုသည် လျူကျင်း၏ ဘေးနားတည့်တည့်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ဆန်းကြယ်လှသောလျှပ်စီး သိုင်းကွက် တစ်ခုခု ဖြစ်ကြောင်း လျူကျင်းရိပ်မိလိုက်သော်လည်း တုံ့ပြန်နိုင်လောက်အောင် သူ မမြန်ဆန်ခဲ့ချေ။ လျူကျင်းအနေဖြင့် လွန်ရှုက ရှောင်ဟန်၏လည်ပင်းကို လှမ်း၍ ဖမ်းညှစ်လိုက် သည်ကို အကူအညီမဲ့စွာဖြင့် ငေးကြည့်နေခဲ့ရသည်။

ပြီးနောက်... သူ့ကိုပါ တပါတည်း ထပ်မံ ဖမ်းဆွဲလိုက်သည်ကိုသာ သိလိုက်တော့သည်။

ဂိုဏ်းသားများ အံ့အားသင့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြချိန်တွင် လွန်ရှုသည် သူ၏ လျှပ်စီး သိုင်းကွက်ကို နောက်တစ်ကြိမ် ထပ်မံထုတ်သုံးကာ... ဂိုဏ်းခွဲဝင်းကြီးအတွင်းမှ အဝေးသို့ လျှပ်စီးပမာ ထွက်ပြေးနေခဲ့ပြီ ဖြစ်သည်။ လွန်ရှု၏ အရှိန်အဟုန်ပြင်းလှသော လှုပ်ရှားမှုကြောင့် လျူကျင်း၏အမြင်အာရုံများ ဝေဝါးလှုပ်ခတ်သွားခဲ့ရ၏။ သူသည် မိမိအား ဖမ်းဆွဲထားသည့် သံမဏိကဲ့သို့ သန်မာနေသော လက်ကြီးထဲမှ ရုန်းထွက်နိုင်ရန် အသည်းအသန် ကြိုးစားမိသည်။

သို့သော်... သူ အသည်းအသန်ရုန်းနေစဥ်မှာ ပင် သူ့ခေါင်းအား ပြင်းထန်လှသော ရိုက်ချက်တစ်ခု ကျရောက်လာခဲ့ပြီး လျူကျင်းတစ်ယောက် အသိစိတ်များ လွတ်မြောက်ကာ သတိမေ့မြောသွားခဲ့ရတော့သည်။

လျူကျင်း ပြန်လည်နိုးထလာချိန်တွင် တောအုပ် တစ်ခု၏ အလယ်ကွင်းပြင်သို့ ရောက်ရှိနေခဲ့သည်။ ကောင်းကင်ယံတွင် လမင်းကြီးက ထွန်းလင်းတောက်ပနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ သံမဏိခွံသစ်ပင်များက မည်းမှောင်စွာ ဝန်းရံလျက် ရှိနေ၏။ ဤနေရာသည် လဆန်းမြို့ ငယ်နှင့် အလွန်အမင်း ဝေးကွာလှသည့် နေရာမျိုးတော့ မဟုတ်နိုင်ချေ။

သူ၏ဘေးနားတွင် ရှောင်ဟန်ကို မြင်တွေ့နေရသည်။ ရှောင်ဟန်သည် လွန်ရှုနှင့် အသွင်သဏ္ဌာန်ချင်း တူညီသော လူငယ်တစ်ဦး၏ အတင်းအဓမ္မ ဖိနှိပ်ချုပ်ကိုင်ခြင်းကို ခံထားရ၏။

သို့သော်... လျူကျင်းအတွက်မူ မည်သူကမျှ သူ့ကို ဖိနှိပ်ချုပ်ကိုင်ထားခြင်း မရှိချေ။ ထို့ပြင် ကြိုးဖြင့် တုပ်နှောင်ထားခြင်းပင် မရှိပေ။

အဘယ်ကြောင့် မိမိကို ဤသို့ လွတ်လပ်စွာ ပစ်ထားရသနည်းဟူသော အကြောင်းရင်းကိုမူ လျူကျင်း ချက်ချင်းပင် သဘောပေါက်လိုက်ရသည်။ အကြောင်းမူ တဖက်ရန်သူမှာ သူတို့နှင့် ကျင့်ကြံ အဆင့်ချင်း ကွာခြားလွန်းလှသဖြင့် သူတို့ရှေ့တွင် ထွက်ပြေးရန် မည်သို့မျှ မဖြစ်နိုင်ခြင်းကြောင့်ပင် ဖြစ်၏။

“အဟက် ..မင်း နိုးလာပြီပဲ။”

လွန်ရှုသည် သူ၏ရှေ့တည့်တည့်တွင် တည်ငြိမ်စွာ ထိုင်လျက် ရှိနေလေသည်။

ထိုသူသည် လက်ပိုက်ကာ တင်ပျဥ်ခွေထိုင်နေ၏။ ထိုလူ့ထံမှ ရန်လိုသည့် အရိပ်အယောင် စိုးစဉ်းမျှပင် လွင့်ပျံလာခြင်း မရှိချေ။ လွင့်ပျံလာစရာ အကြောင်းလည်း မရှိပေ။ ဝက်ဝံနက်ဓားပြအုပ်စု၏ ဓားပြခေါင်းဆောင် ကဲ့သို့ပင် လျူကျင်း၏ရှေ့တွင် ရှိနေသော ဤလူသည်လည်း နာမ်ဝိညာဉ်သန္ဓေတည်အဆင့် အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သို့သော် လွန်ရှုကို ဓားပြခေါင်းဆောင်နှင့် နှိုင်းယှဉ်ခြင်းမှာ လွန်ရှုကို စော်ကားရာ ရောက်ပေလိမ့်မည်။ ဓားပြခေါင်းဆောင် ဆိုသည်မှာ နာမ်ဝိညာဉ်သန္ဓေတည်အဆင့်၏ ကနဦးအဆင့်မျှသာ ရှိသေးသူ ဖြစ်၏။

လွန်ရှုကမူ ထိုသို့မဟုတ်ချေ။

လွန်ရှုသည် နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့်သူဟု ဆိုနိုင်သည်။ မဟုတ်သေးပါ... ထိုထက်ပင် ပို၍ နီးကပ်နေသေး၏။

နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် သို့ ရောက်ရန် ‘ခြေတစ်လှမ်းဝက်’မျှသာ လိုတော့ခြင်း ဖြစ်သည်။

လျူကျင်းသည် ယခင်နေ့က ဓားပြခေါင်းဆောင်ကိုပင် မည်သို့မျှ ယှဥ်မတိုက် နိုင်ခဲ့ချေ။ ထို့ကြောင့် လွန်ရှုကို ပြန်လည်ရင်ဆိုင်ရန်ဟူသည်မှာ လုံးဝ မတွေးဝံ့စရာပင် ဖြစ်သည်။ သူ ထွက်ပြေး၍လည်း မရနိုင်သလို၊ ပြန်လည်တိုက်ခိုက်ဖို့လည်း မဖြစ်နိုင်ချေ။

လွန်ရှုအနေဖြင့်လည်း ဤအချက်ကို ကောင်းကောင်းသိ၍ သူ့အားကြိုးမချည်ဘဲ ပစ်ထားခြင်း ဖြစ်ရပေမည်။ သူသည် ‘ကိုးခေါင်းနတ်မြွေနတ်ဘုရား’ ၏ ကြောက်မက်ဖွယ် အဆိပ်စွမ်းအားအကြောင်းကိုမူ သိရှိပုံမပေါ်ချေ။

လျူကျင်းအနေဖြင့် သူ၏ဆွဲသီးကို ချက်ချင်း ချွတ်ပစ်လိုက်၍ ရနိုင်သော်လည်း…

သူသည် ဘေးနားက အဖမ်းခံထားရသည့်ရှောင်ဟန်ဘက်သို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသည်။

“မဖြစ်ဘူး...။ ရှောင်ဟန် ဒီနေရာ မှာ ရှိနေသရွေ့တော့ ငါ့ဆွဲသီးကို ချွတ်ပစ်လို့မရသေးဘူး ..”

ယခုအချိန်တွင် လျူကျင်း လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ... ဂိုဏ်းမှ အကြီးအကဲများ သူတို့ထံသို့ ရှာဖွေတွေ့ရှိမည့်အချိန်အထိ နည်းလမ်းရှာပြီး အချိန်ဆွဲထားရန်သာ ဖြစ်လေတော့သည်။

ယခုအချိန်တွင် သူ့အနေဖြင့် မည်သည့်အကြောင်းအရာကို စတင်ဆွေးနွေးရမည်ကို အတိအကျ သိရှိနေခြင်းမှာ လျူကျင်းအတွက်တော့ ကံကောင်းသည့် အချက်တစ်ချက် ဖြစ်ပေသည်။

“ဘာဖြစ်လို့လဲ…”

ထိုစကားလုံးသည် သူ၏ပါးစပ်မှ ချက်ချင်းပင် ထွက်ပေါ်သွားခဲ့၏။

“ခင်ဗျား ဘာဖြစ်လို့ ဒီလိုမျိုး မိုက်မိုက်မဲမဲ လုပ်နေရတာလဲ…”

လျူကျင်းအနေဖြင့် ထိုလူ၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်၍တော့ မဟုတ်ပေ။ လဆန်းမြို့ ငယ်၏ အခြေအနေကို သူ အတော်အသင့် နားလည်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း…

“ခင်ဗျား… ရှောင်ဂိုဏ်းကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား။”

လျူကျင်း ဉာဏ်မီသလောက် မည်သို့ပင် စဉ်းစားကြည့်ပါစေ လွန်ရှု၏ လုပ်ရပ်များသည် အတိုင်းအထက်အလွန် မိုက်မဲလွန်းလှသည်ဟုသာ မြင်မိသည်။ လူအများကြီး၏ ရှေ့မှောက်တွင် ဂိုဏ်းခွဲ၏ ဒုတိယသခင်လေး ရှောင်ဟန်ကို ဗြောင်ကျကျ ဖမ်းဆီးပြန်ပေးဆွဲလာခဲ့ခြင်း ဖြစ်၏။ သူနှင့်အတူ ပါလာခဲ့သော လွန်မျိုးနွယ်စုဝင်များမှာလည်း ယခုအချိန်တွင် ဂိုဏ်း၏ အပြတ်ရှင်းခြင်းကို ခံလိုက်ရလောက်ပြီ ဖြစ်သလို၊ အစွမ်းထက် အကြီးအကဲများကလည်း သူတို့နောက်သို့ အပြင်းအနှင် ထပ်ကြပ်မကွာ လိုက်လံစုံစမ်းနေကြပြီ ဖြစ်ရမည်။ လွန်ရှုသည် လဆန်းမြို့၏ စံနှုန်းအရ မည်မျှပင် သန်မာနေပါစေဦးတော့... ဂိုဏ်းခွဲတစ်ခုလုံး၏ အင်အားနှင့် အကြီးအကဲများကို အနိုင်ယူနိုင်ရန် မျှော်လင့်ချက် မရှိပေ။

လွန်ရှု၏ ဤလုပ်ရပ်ကြောင့် ထွက်ပေါ်လာမည့် တစ်ခုတည်းသော ရလဒ်မှာ... သူ၏မျိုးနွယ်စုတစ်ခုလုံးပေါ်သို့ ရှောင်ဂိုဏ်း၏ ဒေါသမာန် အရှိန်အဟုန်ကြီးစွာ ကျရောက်လာစေခြင်း သက်သက်သာ ဖြစ်သည်။

သို့သော်လည်း လွန်ရှုမှာမူ ဤကိစ္စအတွက် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။ ထို့ပြင် ယခုကဲ့သို့သော တင်းမာလှသည့် အခြေအနေမျိုးနှင့် လုံးဝ အံမဝင်နိုင်လောက်အောင်... တည်ငြိမ်အေးချမ်းလှသော အပြုံးကြီးဖြင့် ပြုံးပြနေလေသည်။

“‌သောက်တုံးတွေရဲ့ မျက်လုံးထဲမှာတော့ ငါ့လုပ်ရပ်တွေကို မိုက်မဲလွန်းတယ်လို့ မြင်ကြမှာ မဆန်းပါဘူးလေ။”

“အာ… ဟုတ်ပါ့ဗျာ ကျွန်တော့်က တော်တော်တုံးတာပဲ… ဒီလို ပွဲလန့်တုန်း ဖျာခင်း တဲ့‌ အောက်တန်းစားကြီး မဟုတ်သေးဘူး လူအလစ် ဝင်ကိုက်ဖို့ချောင်းနေတဲ့ ခွေးမျိုး တခါမှ မမြင်ဖူးဘူး …၊ ကျွတ် သူ့သခင်ရိုက်မှာမကြောက်ဘူးလားမသိဘူး …တောင်းပန်ပါတယ်ဗျာ ..၊ ကျွန်တော်ငတုံး မိုလို့ ဒီလိုချီးစားခွေးတအုပ်ကို မြင်မိနေတာနေမှာ …”

သူ... စကားလွန်သွားသည်။

လျူကျင်းတစ်ယောက် သူ စကားလွန်သွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။ လက်ရှိကြုံနေရသည့် အဖြစ်အပျက်များသည် ဆိုးရွားလှသဖြင့် သူ့ပါးစပ်မှ စကားများသည် ပုံမှန်စကားလုံးများကဲ့သို့မဟုတ်ပဲ စောင်းမြောင်းဆဲရေးမှုများဖြင့် တရစပ်ထွက်လာသည်။ စိတ်မရှည် ဒေါသအိုး ဆိုပါက သူ့ကို ဤနေရာ၌တင် ချက်ချင်း အစအနဖျောက် သတ်ပစ်လောက်ပြီ ဖြစ်သည်။

သို့သော်... လွန်ရှုကမူ ထိုသို့ မလုပ်ခဲ့ချေ။ ရှောင်ဟန်ကို ဖမ်းချုပ်ထားသည့် လွန်မျိုးနွယ်စုဝင်ထံမှ ရန်လိုမှု ချီစွမ်းအင်များ လွင့်ပျံလာသည်ကို လျူကျင်း ခံစားမိသော်လည်း... လွန်ရှုကတော့ ဆက်လက် ပြုံးနေဆဲပင် ဖြစ်၏။

“အဲဒါကတော့ မင်းမှားသွားဘီ သူငယ်လေး…”

လွန်ရှုက အေးစက်စွာ ဆိုလာသည်။

“ ပွဲလန့်တုန်းဖျာခင်း ဆိုရအောင်ငါက ဝက်ဝံနက်အဖွဲ့ရဲ့ ကိစ္စကို အခွင့်ကောင်းယူခဲ့တာ မဟုတ်ဘူး။ အဲဒီတိုက်ခိုက်မှု ဖြစ်ပွားအောင် ငါနဲ့ ငါ့ညီကိုယ်တိုင် နောက်ကွယ်ကနေ အကွက်ချ စီမံခဲ့တာ။"

လျူကျင်း အနီရောင်မျက်လုံးများ ပိုအရောင်တောက်သွားသယောင်ရှိသည်။

“ဘာ...”

လွန်ရှု၏ သရော်တော်တော်အပြုံးကြီး က ... လျူကျင်း၏ ဒေါသအား လာဆွ နေသည် ။ သူ့ ထိတ်လန့်တုန်လှုပ်သွားမှုကို ကြည့်ကာ လွန်ရှုသည် အလွန်ကျေနပ် အားရနေပုံရသည်။

"ဟက်ဟက်... အံ့ဩသွားလိုက်တာ။ ကောင်းပြီလေ... ငါတို့မှာ အချိန်ဖြုန်းဖို့ အချိန်နည်းနည်း ရှိသေးတာပဲ။ ဒီအကြောင်းတွေ အစအဆုံး မင်းကို ပြောပြလိုက်လို့လည်း ဘာမှ ထူးမသွားပါဘူး"

လျူကျင်းသည် မျက်မှောင်ကုတ်လိုက်မိသည်။

ပြောပြလိုက်လို့လည်း ဘာမှ ထူးမသွားပါဘူး တဲ့...။

တစ်နည်းအားဖြင့် ပြောရလျှင် လွန်ရှုသည် သူ၏အောင်ပွဲအတွက် ထိုမျှလောက်အထိ ယုံကြည်ချက် အပြည့်ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း ‘သူတို့မှာ အချိန်နည်းနည်းရှိ‌ သေးတယ်’ ဟု ပြောလိုက်ခြင်းက ဘာကို ဆိုလိုတာလဲ။ သူ တစ်စုံတစ်ရာ ဖြစ်ပျက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းလော။

"တကယ်တော့ ငါ့အစ်ကိုကြီးက လွန်မျိုးနွယ်စုရဲ့ ဆက်ခံသူ ဖြစ်ရမှာ။ ဒါပေမဲ့ သူက အဖေ သဘောမကျလောက်အောင်ကို သောင်းကျန်းပြီး ဆိုးသွမ်းလွန်းခဲ့တာလေ။ နောက်ပိုင်းကျတော့ အဖေက သူ့ကို လဆန်းမြို့ထဲကနေ မောင်းထုတ်ပစ်ခဲ့တယ်"

လွန်ရှု၏ မျက်နှာထက်မှ အပြုံးကြီးမှာ ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် မှေးမှိန်သွားခဲ့သည်။

“ငါက ငါ့အဖေကိုအရမ်းလေးစားတာကွ …၊ သူ့ဆုံးဖြတ်ချက်တိုင်း သူ့လုပ်ရပ်တိုင်းကို ငါလေးစားတယ်... ဒါပေမဲ့ ငါ့အကို ကို နှင်ထုတ်တဲ့ လုပ်ရပ်ကိုတော့ ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး။ အဖေ ဆုံးသွားတဲ့အချိန်မှာ အဲ့သတင်းကို ကြားလို့ ငါ့အကိုကြီးက တိတ်တိတ်လေးလာ ဂါရဝပြုတယ် ..၊ ဆယ်စုနှစ်ကြာမှ ငါတို့ ညီအစ်ကိုနှစ်ယောက် ပထမဦးဆုံအကြိမ်အဖြစ် ပြန်ဆုံခဲ့ကြတာပေါ့ကွာ ..အဲ့နေ့က ငါတို့နှစ်ယောက် စကားတွေ ညလုံးပေါက် ထိုင်ပြောဖြစ်ခဲ့ကြတယ်ကွ ..အကြောင်းအရာ အများစုကတော့ သူ လဆန်းမြို့ကနေ ထွက်သွားပီးဘာတွေကြုံတွေ့ရသလဲ ဆိုတာတွေပေါ့…၊ ”

“အော…အဲဒီအချိန်တုန်းက ခင်ဗျားကြီးရဲ့ အစ်ကိုက ဝက်ဝံနက်ဓားပြအုပ်စုကို ဖွဲ့စည်းထားပြီးပြီပေါ့လေ”

“ဟက် ဘယ်ဆိုးလို့လဲ …ပင်မဂိုဏ်းကြီးက လာတဲ့သူဆိုတော့ တွေးတတ်ခေါ်တတ်သားပဲ …”

လွန်ရှုက လှောင်ပြုံးဖြင့် ဆိုသည်။

"ဟုတ်တယ်... ငါ့အစ်ကို့မှာ နောက်လိုက်တွေ အတော်များများ ရှိနေတာက တို့အတွက် အခွင့်ကောင်းပဲ။ ဝက်ဝံနက်ဓားပြအုပ်စုကို အသုံးချပြီး ဟူမျိုးနွယ်စုကို တိုက်ခိုက်ခိုင်းလိုက်ရုံပဲ။ အဲဒီအခါကျရင် သူတို့ဆီက ပစ္စည်းတွေကို တို့တွေ အလိုရှိတဲ့အချိန်တိုင်း စိတ်ကြိုက် လုယက်လို့ရတာပေါ့။"

“ဒါပေမဲ့ အဲဒီဓားပြတွေက ဟူမျိုးနွယ်စု တစ်ခုတည်းကိုပဲ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး မဟုတ်လား”

လျူကျင်းကိုယ်တိုင် ဤအချက်ကို စူးစမ်းထောက်ပြလိုက်ခြင်း ဖြစ်သော်လည်း ဘာကြောင့်လဲ ဆိုသည့်အဖြေကိုမူ သူ ကြိုတင်၍ ခန့်မှန်းသိရှိထားပြီး ဖြစ်သည်။ သို့သော်လည်း ဤသည်က ယခုလောလောဆယ် မရေးကြီးချေ။

ယခုအချိန်တွင် လျူကျင်း မဖြစ်မနေ လုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ... ဤစကားဝိုင်းကို နည်းလမ်းမျိုးစုံသုံးကာ တတ်နိုင်သမျှ အကြာကြီး ဖြစ်အောင် အချိန်ဆွဲထားရန်သာ ဖြစ်သည်။

“အင်းလေ… တို့မျိုးနွယ်စုကလွဲလို့ မြို့ထဲက ထွက်သမျှ ကုန်စည်အားလုံးကို ဓားပြတွေက လိုက်လံတိုက်ခိုက်နေမယ်ဆိုရင် တို့နဲ့ ဓားပြတွေကြားက ဆက်စပ်မှုကို လူတွေက အလွယ်တကူ ရိပ်မိသွားကြမှာပေါ့၊ ဟုတ်တယ်မလား။ အဲဒါကြောင့် ဘယ်ကုန်စည်တွေကို တိုက်ခိုက်ရင် ဘေးကင်းမလဲဆိုတာကို ငါက ငါ့အစ်ကိုဆီ သတင်းပေးရတယ်။ အဲဒီနည်းလမ်းကို သုံးတော့ ဝက်ဝံနက်ဓားပြတွေရဲ့ လက်ချက်ကြောင့် လွန်မျိုးနွယ်စုလည်း တခြားလူတွေလိုပဲ နစ်နာဆုံးရှုံးမှုတွေ ရှိနေရပါတယ် ဆိုတဲ့ ပုံစံမျိုး လူမြင်ကွင်းမှာ ဖန်တီးထားတာပေါ့။ တကယ်တမ်းကျတော့ တို့တွေက အထိခိုက်အနည်းဆုံးပဲလေ။ အဲဒီဗျူဟာကို သုံးပြီးတော့ တို့တွေဟာ ဟူမျိုးနွယ်စုရဲ့ အင်အားကို တဖြည်းဖြည်းချင်း ချေဖျက်ပစ်နိုင်ခဲ့ရမှာ။”

လွန်ရှု၏မျက်နှာတွင် မျက်မှောင်ကုတ်မှုတစ်ခု ဖျတ်ခနဲ ပေါ်လာပြီးနောက်...

“ဒါပေမဲ့… အဲဒီအချိန်မှာပဲ မင်းတို့တို့ လဆန်းမြို့ကို ဝင်လာတယ် ..ထင်တဲ့အတိုင်းပဲ ဒီတမြို့လုံးကို လက်ဝါးကြီးအုပ်မယ့် မဟာမိတ်လက်ထပ်ပွဲကို လာတက်တာကိုး ” ဟု ဒေါသရိပ်သန်းစွာ ဆက်ပြောသည်။

“အဲ့တာ့ ...ခင်ဗျားကြီးက မကျေနပ်ဘူးပေါ့လေ …၊ ဟူမျိုးနွယ်စု ပါ ရှောင်ဂိုဏ်း ခွဲဘက်ကို လုံးလုံးပေါင်းသွားမှာ စိုးတယ်‌ပေါ့ ..ဒါနဲ့ပဲ မင်္ဂလာပွဲကို ဖျက်ဖို့ ဂိုဏ်းခွဲရဲ့အမွေခံ သခင်လေးကို လုပ်ကြံဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့လေ…”

လျူကျင်းက သူ၏ကိုယ်စား ဇာတ်လမ်းကို အဆုံးသတ်ပေးလိုက်ရင်း လက်ပိုက်လိုက်သည်။

“ဒါပေမဲ့… အဲဒါကြီးက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှု မရှိဘူးဗျ သိလား။”

“အိုးဟိုးဟိုး…”

လွန်ရှုက မေးစေ့ကို ပွတ်သပ်လိုက်ရင်း...

“ဒါဆိုလဲ ကျုပ်ကို ရှင်းပြစမ်းပါဦး… ဂိုဏ်းချုပ်က ဉာဏ်ကြီးရှင်လေးရယ်” ဟု ရွဲ့ ပြောလာသည်။

"ကျွန်တော် ဘယ်လိုကြည့်ကြည့်... ခင်ဗျားတို့ အစီအစဉ်က ဘယ်အချိန်မဆို ပျက်စီးသွားနိုင်တဲ့ အခြေအနေပဲ။ ရှောင်ဒုန်းကသာ ဂိုဏ်းသားတွေ အများကြီး ခေါ်သွားရင် ဓားပြတွေ ဘာတတ်နိုင်မှာလဲ။ သူကသာ ရိုးရာဓလေ့ကို လိုက်နာဖို့ စိတ်မကူးခဲ့ရင်လည်း... ဓားပြတွေအတွက် အကွက်ရမှာ မဟုတ်ဘူး။ အခု ခင်ဗျားတို့ အောင်မြင်သွားတာဟာ ကံကောင်းလွန်းလို့ သက်သက်ပါ။"

လျူကျင်းက လွန်ရှုကို စူးစိုက်ကြည့်ရင်း ဆက်လက်ဖိအားပေးလိုက်သည်။

"ဒီညကိစ္စလည်း အတူတူပဲလေ။ ခင်ဗျားကို လာဆီးကြိုတာက ဒီလျူကျင်း မဟုတ်ဘဲ ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးသာ ဆိုရင်... အခုအချိန်မှာ ခင်ဗျားတို့ ဒီနေရာကို ရောက်နေမှာ မဟုတ်ဘူး။ အကယ်လို့ အကြီးအကဲတွေထဲက တစ်ယောက်ယောက်သာ အနားမှာ ရှိနေခဲ့ရင်... ခင်ဗျား ဒီတောအုပ်ထဲ မဝင်ခင်ကတည်းက အတားခံလိုက်ရမှာ။ ကျွန်တော် ဘယ်လိုပဲ စဉ်းစားကြည့်ကြည့်… ခင်ဗျားတို့ အခုလို အောင်မြင်နေတာဟာ တိုက်ဆိုင်ပြီး ကံကောင်းလွန်းလို့ သက်သက်ပဲ။"

လျူကျင်း တစ်ယောက် တတ်သမျှ မှတ်သမျှတွေ အကုန်ထုတ်ပြောပြီး အချိန်ဆွဲနေခဲ့ပေမဲ့ အခြေအနေကတော့ ထိုမျှသာ ဖြစ်သည်။ သူ ပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင် လွန်ရှု၏ အစီအစဉ်ကြီးသည် အောင်မြင်ရန် ရာခိုင်နှုန်း မရှိသလောက် နည်းပါးလှသော စွန့်စားမှုကြီး ဖြစ်၏။ သူ ယခုအခြေအနေ အထိ ချောချောမွေ့မွေ့ ရောက်လာခြင်းသည်ပင်... ကံကောင်းလွန်းရုံ သက်သက်ပင် ဖြစ်ရပေလိမ့်မည်။

ဝါးလုံးကွဲရီစရာကောင်းလောက်သည့် ဆိုးဆိုးဝါးဝါး ပြက်လုံးတခုသာဖြစ်သည်။

“ကံကောင်းရုံသက်သက်ဆိုတော့ကော ဘာဖြစ်လဲကွ။”

လွန်ရှု မတ်တတ်ရပ်လိုက်သည်ကို ကြည့်ပြီး လျူကျင်း မျက်တောင်ခတ်မိသွားသည်။

"‘ကျင့်ကြံခြင်းဆိုတာ ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်တာမို့ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်ဘူး’ ဆိုတဲ့ စကားကို မင်းလဲ သေချာပေါက် ကြားဖူးမှာပါ။"

လျူကျင်း ကြားဖူးပါသည်။ ၎င်း စကားမှာ လူအများစုက ရိုးအီနေအောင် ခဏခဏ ပြောလေ့ရှိလွန်းသဖြင့် အဓိပ္ပာယ်ပင် ပျောက်ဆုံးလုနီးပါး ဖြစ်နေသည့် ဆိုရိုးစကားဖြစ်သည်။

"လူတွေက အမှိုက်လို့ အထင်သေးကြတဲ့ကောင်က အခြားလောကက ဆန်းကြယ်တဲ့ ရတနာတစ်ခုခုကို မတော်တဆ ကောက်ရပြီး နေ့ချင်းညချင်း အစွမ်းတွေ သောင်းကျန်းလာတတ်တယ်။ နိမ့်ကျတဲ့ ဂိုဏ်းငယ်လေးက တပည့်တစ်ယောက်က ထင်မှတ်မထားဘဲ အစွမ်းထက်တဲ့ ဆရာသခင်နဲ့ ဆုံပြီး ကောင်းကင်ဘုံကို ဆန့်ကျင်မယ့် ကျင့်စဉ်ကြီး ရသွားတတ်ပြန်ရော။ သူ့ထက် အဆမတန် သန်မာတဲ့သူက စိန်ခေါ်တာ ခံရတဲ့ ကလေးကလည်း တစ်ညတည်းနဲ့တင် အဲဒီကွာခြားချက်ကို တစ်နည်းနည်းနဲ့ ကျော်ဖြတ်သွားနိုင်သေးတာပဲ။ ဒီလို ပုံပြင်ဆန်းတွေကို ကမ္ဘာအနှံ့မှာ ပြောဆိုနေကြတာပဲ မဟုတ်လား။ မင်းလဲ အဲဒီလို ဇာတ်လမ်းမျိုးကို တစ်ခါမှ မကြားဖူးတာတော့ မဟုတ်လောက်ပါဘူး။"

... ထိုကဲ့သို့သော ဇာတ်လမ်းမျိုးစုံ သေချာပေါက် ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။သို့သော် လွန်ရှုကြီး ဘာကိုပြောချင်နေသနည်း။

"မင်း အဲဒါကို တစ်ခါမှ ထူးဆန်းတယ်လို့ မတွေးမိဘူးလား။ အဲဒီ ကံကောင်းရုံသက်သက်ဆိုတဲ့ လူတွေ ဒုက္ခရောက်ပြီး အကူအညီ အလိုအပ်ဆုံး ဖြစ်နေချိန်မှာ... တနည်းနည်းနဲ့ ကံကောင်းလို့ သက်သက်နဲ့တင် အသက်ဘေးက လွတ်ခဲ့ကြတာ။ ဒါပေမဲ့ အဲဒါက လုံးဝ ကျိုးကြောင်းဆီလျော်တယ်ကွ ..။ ကျင့်ကြံတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်ဘက် လုပ်တာလေ။ ငါတို့ အစွမ်းသက်သက်နဲ့တင် အနိုင်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အနိုင်ရနိုင်မယ့် တစ်ခုတည်းသော လမ်းစကတော့... ကောင်းကင်ဘုံကို စိန်ခေါ်နိုင်မယ့် ကံတရားမျိုး ပိုင်ဆိုင်ထားဖို့ပဲ။"

လျူကျင်းသည် ထိတ်လန့်တုန်လှုပ်သွားသော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်လိုက်မိသည်။

လွန်ရှု ပြောချင်နေသည်မှာ...သူထင်နေသောအရာနှင့် ထပ်တူကျနေသည်လား...။

"မင်္ဂလာပွဲ မတိုင်ခင်ငါဘယ်လောက်ပဲ ကြိုးစားပြီး ကျင့်ကြံခဲ့ပါစေ... ရှောင်ဂိုဏ်းထက်တော့ ပိုပြီး အစွမ်းထက်လာမှာ မဟုတ်ဘူး။ ငါဘယ်လောက်ပဲ အကွက်ချ စီစဉ်ခဲ့ပါစေ... ရှောင်ဂိုဏ်းကို အနိုင်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အနည်းဆုံးတော့ ငါ့အရည်အချင်း သက်သက်နဲ့တင် မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေကို ငါရခဲ့တယ်။ အဲဒါကြောင့်မို့လို့ ငါ့မှာ လုပ်စရာဆိုလို့ ဒီတစ်လမ်းပဲ ကျန်တော့တာပေါ့။"

သူ တကယ်အတည်ပေါက်ကြီးပြောနေသည်။ သေချာပါသည် ။ ဤလွန်ရှုဆိုသူမှာ အရူးကြီးပင် ဖြစ်မည်။

"ငါ လုပ်ခဲ့တာက ငါ့ကံနဲ့ ရှောင်ဂိုဏ်းရဲ့ကံကို ထိပ်တိုက် ရင်ဆိုင်ခိုင်းလိုက်တာပဲ။ တခြားနေရာတွေမှာ ငါက ရှောင်ဂိုဏ်းကို မမှီရင် ရှိပေဦးတော့... ဒီနေ့မှာတော့ ငါ့ကံက အနိုင်ရသွားခဲ့ပြီ။ ငါ့အစီအစဉ်က ဘယ်နှကြိမ်မဆို ပျက်စီးသွားနိုင်ပေမဲ့ မပျက်စီးခဲ့ဘူးလေ။ အခုဆိုရင် အောင်ပွဲက ငါ့လက်တစ်ကမ်းအလိုကို ရောက်နေပြီ။ ကြည့်စမ်းပါဦး…!"

လွန်ရှု၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး ဖယ်ပေးလိုက်မှသာ လျူကျင်းသည် ထိုလူ ကွယ်ထားသည့် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို မျက်ဝန်းအစုံ ပြူးကျယ်လျက် မြင်တွေ့လိုက်ရတော့သည်။

၎င်းမှာ သစ်ပင်တစ်ပင် ဖြစ်၏။ သို့သော် ဤတောအုပ်တစ်ခုလုံးကို လွှမ်းမိုးထားသည့် သံမဏိခွံသစ်ပင်များနှင့် လုံးဝ မတူချေ။

အပင်မှာ သေးသွယ်ပြီး နွဲ့နှောင်းအားနည်းပုံရကာ အရွက်များမှာလည်း ဖျော့တော့တော့ ဝါတာတာအရောင် ဖြစ်နေသည်။ ပင်စည်မှာ ဟိုးယခင်ကတည်းက အလယ်တည့်တည့်မှ အက်ကွဲသွားခဲ့ပုံရပြီး... အက်ကွဲကြောင်းအတိုင်း မတူညီသော လမ်းကြောင်းနှစ်ခုဘက်သို့ ခွဲထွက်၍ ကြီးထွားပေါက်ရောက်နေခဲ့ခြင်း ဖြစ်၏။ ထိုအပင်၏ ဘယ်ဘက်ခြမ်းမှ သီးပွင့်နေသော အသီးများမှာ သွေးကဲ့သို့ နီရဲနေပြီး၊ ညာဘက်ခြမ်းမှ သီးပွင့်နေသော အသီးများမှာမူ ပြာလဲ့နေလေသည်။"

“ငါတို့ရဲ့ အဖိုးတန်ဆုံးရတနာနဲ့ ငါ့ကို အနိုင်ရစေခဲ့တဲ့ ဒီလျှို့ဝှက်လက်နက်ကြီးကို သေချာကြည့်လိုက်စမ်း။ ဒါကို ‘သူယောင်မယ် သစ်ပင်’ လို့ ခေါ်တယ်ကွ။"

All Chapters