← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉ ။ သူယောင်မယ် ညီအမနှင့် ထူးဆန်းသော သစ်သီးများ..။

မြန်လွန်းလှသည်။ အဖြစ်အားလုံးက မြန်ဆန်လွန်းလှသဖြင့် အသက်ရှူပင် မဝချင်တော့ပေ။

ယနေ့နံနက်ပိုင်းကတင် လျူကျင်းသည် ရှောင်ဒုန်းကို ကူညီပြီး ရှေးရိုးရာဓလေ့တစ်ခုကို လုပ်ဆောင်ဖို့ မြို့ပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ရက်ပင် မပြည့်သေးသည့် အချိန်အတွင်းမှာပင် ရှောင်ဒုန်း သေဆုံးသွားခဲ့ရပြီး၊ လျူကျင်းကိုယ်တိုင်လည်း လူအများအပြားကို သတ်မိခဲ့ကာ ယခုမူ သူနှင့် ရှောင်ဟန်တို့ပါ ပြန်ပေးဆွဲခံထားရလေပြီ။

ဖြစ်ပျက်ခဲ့သမျှကို ခြုံငုံသုံးသပ်ကြည့်လျှင် ဤနေ့သည် လျူကျင်းအတွက်တော့ ဦးနှောက်ပေါက်ကွဲမတတ် ရူးသွပ်ချင်စရာကောင်းသော နေ့တစ်နေ့ ဖြစ်နေတော့သည်။ တကယ်တမ်းပြောရလျှင် ဂိုဏ်းမှ အကြီးအကဲများသာ သူတို့ကို လာရောက်မကယ်တင်နိုင်ပါက ယနေ့သည် လျူကျင်း၏ ဘဝနောက်ဆုံးနေ့ပင် ဖြစ်သွားနိုင်၏။

သို့သော်လည်း... သူသည် စိတ်ကိုတင်းကာ လွန်ရှုကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်မိသည်။

“သူယောင်မယ် သစ်ပင် ဟုတ်လား… အဲဒါကြီးက ဘာသောက်ရေးပါလို့ ကျုပ်က သိရမှာလဲ …”

အချိန်။ ယခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အချိန်ဆွဲထားရန်သာ ဖြစ်သည်။ သို့သော် ထိုသစ်ပင်နှင့်ပတ်သက်၍ သူ၏စိတ်ထဲ၌ သိလိုစိတ် ဖြစ်ပေါ်နေသည်မှာလည်း အမှန်ပင် ဖြစ်၏။

‘သူယောင် တောအုပ်’ နှင့် ‘သူယောင်သစ်ပင်။ သူတို့ကြားရှိ ဆက်စပ်မှုက ထင်ရှားလွန်းလှသည်။ ဤတောအုပ်ကြီးကို ဘာဖြစ်လို့ ယခုကဲ့သို့ အမည်ပေးထားရသလဲဟူသော လျှို့ဝှက်ချက်ကို သူ မကြာခင် သိရှိရတော့မည့်ပုံပင်ဖြစ်သည်။

"မင်း မသိတာ မဆန်းပါဘူး… ဂိုဏ်းချုပ်က ဘာမှမသိတဲ့ ကောင်စုတ်လေးရဲ့။ မင်းသာ ဒါကို သိနေရင် ငါ တကယ့်ကို အံ့ဩသွားမှာ။ ဘာလို့လဲဆိုတော့ ငါတို့က ဒါကို အစအဆုံး လျှို့ဝှက်ထားခဲ့တာကိုး။"

လွန်ရှုက ပြောဆိုရင်း ကောင်းကင်ယံထံသို့ မော့ကြည့်လိုက်သည်။ သူသည် လမင်းကြီးကို ခဏခဏ လှမ်းလှမ်းကြည့်နေမိ၏။ သူ တကယ်ပဲ တစ်စုံတစ်ရာ ဖြစ်ပျက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းလော လျူကျင်းတွေးနေမိသည်။

"ဒီသူယောင်မယ်သစ်ပင်က ဘယ်လောက်တောင် ဆန်းကြယ်လဲဆိုရင်... သူက အသီး သီးခဲလွန်းတယ်။ တစ်မျိုးဆက်မှာ တစ်ခါပဲ သီးပြီး အသီးကလည်း နည်းနည်းလေးပဲ ရှိတာ။ ဒါပေမဲ့ အဲဒီအသီးရဲ့ တန်ဖိုးကတော့... ဒီလဆန်းမြို့တစ်မြို့လုံးနဲ့ လဲရင်တောင် မရဘူးကွ။ အဲဒီအသီးကို စားလိုက်တာနဲ့ လူတစ်ရာစာ ခွန်အားကို တစ်ခါတည်း ရသွားမှာမို့လို့ပဲ။"

လွန်ရှုသည် သူတို့၏ ထိတ်လန့်တုန်လှုပ်သွားမည့် အမူအရာကို စောင့်ဆိုင်းနေသကဲ့သို့ စကားကို ခေတ္တမျှ ဖြတ်လိုက်သည်။ ရှောင်ဟန်နှင့် သူ့ကို ဖမ်းချုပ်ထားသော လွန်မျိုးနွယ်စုဝင်တို့မှာမူ ထင်မှတ်ထားသည့်အတိုင်း အလွန်အမင်း အံ့ဩမှင်တက်သွားကြသော်လည်း... လျူကျင်း၏မျက်နှာကတော့ မည်သည့်အရိပ်အယောင်မျှ မပြဘဲ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်၏။ လွန်ရှုက မကျေမနပ်ဖြင့် မျက်မှောင်ကုတ်လိုက်သော်လည်း စကားကို ဆက်လက်ပြောဆိုသည်။

"ဟိုးအရင်တုန်းက လူနှစ်ယောက်က ဒီသစ်ပင်ကို မတော်တဆ ရှာတွေ့ခဲ့ကြတာကွ။ အဲဒီအသီးတွေကို အသုံးချပြီး သူတို့နှစ်ယောက်လုံး ကြီးမားတဲ့ ခွန်အားတွေ ရခဲ့ကြသလို... လဆန်းမြို့မှာ ထိပ်တန်းအဆင့်အထိပါ ရောက်သွားခဲ့ကြတာပေါ့။ သူတို့ထဲက တစ်ယောက်က လွန်မျိုးနွယ်စုကို တည်ထောင်ပြီး၊ ကျန်တဲ့တစ်ယောက်ကတော့ ဟူမျိုးနွယ်စုကို ထူထောင်ခဲ့တာ။ အဲဒီအချိန်ကစလို့ ဒီသစ်ပင်အကြောင်းက မျိုးနွယ်စုကြီးနှစ်ခုကြားက လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့… ဒီသစ်ပင်မှာ ဆိုးကျိုးတစ်ခုတော့ ရှိတယ်လေ။"

ဆိုးကျိုး ။ မည်သည့်ဆိုးကျိုးဖြစ်မည်နည်း။

"ဒီသူယောင်မယ် သစ်ပင်က အသီးတစ်မျိုးတည်း သီးတယ်မှတ်နေလား၊ မတူညီတဲ့ အသီးနှစ်မျိုး သီးတာကွ။ တစ်မျိုးက ကြီးမားတဲ့ ခွန်အားကို ပေးစွမ်းနိုင်ပေမဲ့ ကျန်တဲ့တစ်မျိုးကတော့ စားလိုက်တာနဲ့ ချက်ချင်း အသက်ထွက်သွားမယ့် အဆိပ်သီးပဲ။ တစ်ခါတလေ အနီရောင်အသီးက အဆိပ်သီး ဖြစ်နေတတ်ပြီး၊ တစ်ခါတလေကျတော့ အပြာရောင်အသီးက အဆိပ်သီး ဖြစ်နေတတ်ပြန်ရော။ တစ်ခါတလေ သစ်ပင်ရဲ့ ညာဘက်ခြမ်းက အသီးက အဆိပ်ဖြစ်ပြီး၊ တစ်ခါတလေ ဘယ်ဘက်ခြမ်းက အသီးက အဆိပ်ဖြစ်နေတတ်တယ်။ အင်မတန် လက်ပေါက်ကတ်တဲ့ သစ်ပင်မျိုးကွ။ ဒါပေမဲ့ ဒီသစ်ပင်ကြောင့်ပဲ ငါတို့မျိုးနွယ်စုတွေဟာ လဆန်းမြို့မှာ ဒီနေ့အထိ အာဏာစက်ကို တည်တံ့အောင် ထိန်းထားနိုင်ခဲ့တာ။"

ထိုသို့ပြောရင်း လွန်ရှု၏ မျက်နှာကြီးမှာ ရုတ်တရက် လှိုက်တက်လာသော ဒေါသမာန်ဟုန်ကြောင့် ဆိုးဆိုးဝါးဝါး တွန့်ရှုံ့သွားခဲ့တော့သည်။

"ဒါပေမဲ့… အဲဒီအစုတ်အပြတ် ဟူမျိုးနွယ်စုက ငါတို့ကို ကျောခိုင်းပြီး သစ္စာဖောက်သွားခဲ့တယ်! အဲဒီမင်္ဂလာပွဲ သတင်းထွက်လာကတည်းက ငါ ကောင်းကောင်းကြီး ရိပ်မိခဲ့တာပေါ့။ ဟူမျိုးနွယ်စုက အဲဒီမိန်းကလေးတစ်ယောက်တည်းကိုပဲ ပေးစားဖို့ စီစဉ်နေတာ မဟုတ်ဘူး။ ဒီဆန်းကြယ်တဲ့ သစ်ပင်ကိုပါ ဂိုဏ်းခွဲဆီ မင်္ဂလာလက်ဆောင်အဖြစ် ပေးဖို့ ကြံစည်နေကြတာကွ! မင်းတို့ နားလည်ရဲ့လား။ အကယ်လို့ ဒီသစ်ပင်သာ ရှောင်ဂိုဏ်းရဲ့ လက်ထဲကို ရောက်သွားရင် ငါတို့ လွန်မျိုးနွယ်စုအတွက် ပြန်ပြီး ခေါင်းမော့နိုင်မယ့် မျှော်လင့်ချက် လုံးဝ မရှိတော့ဘူး။"

ထို့ကြောင့်ပင် လွန်ရှုသည် သူ၏အသည်းအသန်ဖြစ်နေသော စိတ်ဇောကြောင့် ယခုကဲ့သို့ ကမ္ဘာပျက်မည့် ကိစ္စရပ်အားလုံးကို ဝံ့ဝံ့စားစား လုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ ယခုလောက်အထိ ခရီးပေါက်လာခဲ့ခြင်းမှာလည်း တစ်နည်းအားဖြင့်တော့ ချီးကျူးစရာပင် ဖြစ်သည်။

"ဒီလောက်လေးနဲ့တင် ပြီးသွားမယ်လို့ ခင်ဗျားကြီး ထင်လို့လား" လျူကျင်းက အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်သည်။

"အဲဒီအသီးကြောင့် ခင်ဗျားကြီး နာမ်ဝိညာဉ်အလင်းပွင့်ခြင်းအဆင့်အထိ ရောက်သွားရင်တောင်... ခင်ဗျားကြီးဘက်မှာ တစ်ယောက်တည်း ရှိတာလေ။"

"ပင်မဂိုဏ်းကလူတွေ လာပြီး ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား" လွန်ရှုက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

"အခုချိန်ဆို သူတို့အားလုံး ဝက်ဝံနက်ဓားပြတွေနောက်ကို ဖနောင့်နဲ့ တင်ပါးတစ်သားတည်းကျအောင် လိုက်နေရလောက်ပြီ။ အဲဒီဓားပြတွေက ပြန်ချဖို့ကျ မရဲပေမဲ့ ထွက်ပြေးတာတော့ ဆရာကြီးတွေ။ တကယ်လို့ အမိခံရရင်တောင်မှ... ငါ့အစ်ကိုက သူတို့အတွက် 'လက်ဆောင်အမိုက်စား' တစ်ခု ကြိုပြင်ထားပြီးသား။"

လျူကျင်း မျက်တောင်တစ်ချက် ခတ်သွားသည်။ လက်ဆောင်အမိုက်စား... ဟုတ်လား။

"ငါ မင်းကို ကြိုပြောခဲ့တယ်မလား။ ဒီသစ်ပင်ရဲ့ အသီးတစ်ဝက်က အလွန်ပြင်းတဲ့ အဆိပ်တွေဆိုတာ။ ငါ့အဖေက အဲဒီအဆိပ်တွေကို ထုတ်ပြီး အသုံးချတဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့သလို၊ အမြဲတမ်းလည်း အဆင်သင့် သိုလှောင်ထားတာ။ အဲဒီအတိုင်းပဲ ငါက ဆက်လုပ်နေတာပေါ့။ မင်းသာ ငါ့ကို တံခါးဝမှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင် အဲဒီအဆိပ်အစွမ်းကို ကောင်းကောင်းကြီး တွေ့လိုက်ရမှာ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်… အခုတော့ ငါ့အစ်ကို ကိုင်ထားတဲ့ ဓားမြှောင်ပေါ်မှာ အဲဒီအဆိပ်တွေ သုတ်ပြီးသားပဲ။ အဲဒီအဆိပ်က သူတို့ထဲက တစ်ယောက်ယောက်ကို အပြတ်ရှင်းဖို့ ခဲယဉ်းမနေပါဘူး။"

"ဒါနဲ့... ခင်ဗျားကြီး အစ်ကိုက သူတို့ကို ဓားနဲ့ ထိအောင် ခုတ်နိုင်မယ် ထင်လို့လား။ ခင်ဗျားကြီးတို့ဆီမှာ အဲဒီလောက် အစွမ်းထက်တဲ့သူ ရှိနေရင်... ခင်ဗျားကြီး အခုလို ခိုးကြောင်ခိုးဝှက်နေရာမှာ ကျုပ်နဲ့ အချိန်ပုပ်ခံနေစရာ မလိုဘူးလေ" လျူကျင်းက ပြန်လည် ချေပလိုက်သည်။

"ငါ မြင်တာတော့… အခု ရှောင်ဒင်က သားသမီး ဆုံးရှုံးသွားတဲ့ ဒေါသနဲ့ ဝမ်းနည်းမှုတွေကြောင့် မျက်စိကွယ်နေတာ။ အဲဒီလိုလူက ရန်သူ့ထောင်ချောက်ကို အထင်သေးပြီး ဝင်တိုးဖို့ ရာခိုင်နှုန်း အများဆုံးပဲကွ။"

စွန့်စားလွန်းသည့် လောင်းကြေးတစ်ခုပင် ဖြစ်သည်။ မည်သို့မျှ မဖြစ်နိုင်လောက်သော လောင်းကြေးဖြစ်သော်လည်း လွန်ရှု၏ အစီအစဉ်တစ်ခုလုံးမှာ ထိုအချက်များအပေါ်၌သာ အသက်ဝင်နေခဲ့သည်။

"ဒါဆို ခင်ဗျားကြီးရဲ့ မျိုးနွယ်စုကော ဘာဖြစ်သွားမလဲ။ အခု ကျုပ်တို့ စကားပြောနေတဲ့အချိန်မှာတင် သူတို့တွေ ပြာကျနေလောက်ပြီဆိုတာ သေချာတယ်"

"အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ကွာ..ဒါမှမဟုတ် မင်းရဲ့ ဂိုဏ်းအကြီးအကဲတွေ ရောက်လာအောင် အချိန်ဆွဲနေတာလား"

လွန်ရှု၏ စကားကြောင့် လျူကျင်း စိတ်ထဲ ဆတ်ခနဲ ဖြစ်သွားသည်။

"အချိန်ပုပ်ခံမနေနဲ့ကွ ။ ဒီနေရာက သူယောင်မယ် တောအုပ်ထဲမှာ ရှိနေသလိုလိုနဲ့ တကယ်တမ်းတော့ တည်ရှိမနေဘူးကွ။ ဒါဟာ ‘သူယောင်မယ် ပင်’ က ဖန်တီးထားတဲ့ သီးခြားနယ်ပယ်တစ်ခုပဲ။ မင်းတို့ ရှောင်ဂိုဏ်းက နှစ်ပေါင်းများစွာ ရှာတာတောင် မတွေ့ခဲ့တာ... အခုလည်း ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး။ အဲဒီလောက် စိတ်ချရလို့လည်း မင်းရဲ့ မေးခွန်းတွေကို ငါက အေးအေးဆေးဆေး ဖြေပေးနေတာ။"

ထင်ထားသည့်အတိုင်းပင် ထိုလူအပေါ် လျူကျင်း၏ ပထမဆုံးအမြင်မှာ မှားယွင်းခြင်းမရှိပေ။ ထိုသူသည် ဉာဏ်များလွန်းသော မြေခွေးအိုကြီးသာဖြစ်သည် ။

"ကောင်းကောင်း မှတ်ထားစမ်း ကောင်လေး။ မင်းလည်း မှတ်ထား ‘လွန်ခိုင်’။ လူတစ်ယောက်မှာ လုံလောက်တဲ့ စွမ်းအားရှိမယ်ဆိုရင် အဲဒီလူကိုယ်တိုင်ကပဲ မျိုးနွယ်စုတစ်ခု ဖြစ်လာတာ။ အဲဒီလူကိုယ်တိုင်ကပဲ ဂိုဏ်းတစ်ခု ဖြစ်လာတာကွ။ လူတစ်ယောက်တည်းနဲ့တင် ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ လုံလောက်တယ်!"

စွမ်းအား။ နောက်ထပ်လည်း စွမ်းအား အကြောင်းပါပဲလား။

"မင်းတို့ ရှောင်ဂိုဏ်းကတော့ ဂိုဏ်းခွဲခေါင်းဆောင်ကိုရော... အဲဒီ ပင်မဂိုဏ်းကလူကိုပါ တစ်ပြိုင်နက် ဆုံးရှုံးရတော့မှာ။ မင်းတို့ဘက်က အဲဒီလို အားကိုးရာ ဆုံးရှုံးသွားတာနဲ့ တပြိုင်နက် ဟူမျိုးနွယ်စုက မင်းတို့ကို ချက်ချင်း ကျောခိုင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က အင်အားကြီးတဲ့သူနောက် တကောက်ကောက် လိုက်တတ်တဲ့ သူရဲဘောကြောင်တဲ့ ခွေးအုပ်တွေမို့လို့ပဲ"

ဟုလွန်ရှုက ယုံကြည်ချက်အပြည့်ဖြင့် လှောင်ပြောင်ပြောဆိုသည်။

"တကယ်လို့ ဟူမျိုးနွယ်စုကသာ အခုလောလောဆယ် လှုပ်ရှားလာရင်တော့ ငါ ရှုံးမှာပေါ့။ သူတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်က ဒီလျှို့ဝှက်နေရာကိုသိတယ်လေ…၊ အဲ့တော့ မင်းတို့ အကြီးအကဲတွေကို ဒီနေရာအထိ လမ်းပြခေါ်လာနိုင်စွမ်း ရှိတာကိုး။ ဒါပေမဲ့ အခုထိ ဘာမှ ဖြစ်မလာသေးဘူး။ ဘာဖြစ်လို့လဲ မင်းသိလား။"

လျူကျင်းသည် တိတ်ဆိတ်စွာပင် စူးစိုက်ကြည့်နေပြီး ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။

"ဘာလို့လဲဆိုတော့ သူတို့က ငါတို့နှစ်ယောက်ထဲက ဘယ်သူနိုင်မလဲဆိုတဲ့ အဖြေကို စောင့်ကြည့်နေကြတာပေါ့ကွာ။ ဒီနေ့မှာ ရှောင်ဂိုဏ်းရဲ့ အားနည်းချက်တွေ အကုန် ပေါ်သွားပြီလေ၊ ဟူမျိုးနွယ်စုကလည်း ကြောက်ပြီး မပြတ်မသား ဖြစ်နေကြတာ။ သူတို့က ဘက်မှားမိမှာ ကြောက်လို့ အိမ်ထဲမှာပဲ အောင်းနေကြတာကွ။ ဒါက လောကဓမ္မတာပဲလေ။ သူတို့က ဘယ်သူ့အပေါ်မှ သစ္စာရှိတာမဟုတ်ဘူး၊ ကိုယ့်အကျိုးစီးပွားနောက်ပဲ လိုက်ကြတာ။ ဒီညမှာ ငါ့မျိုးနွယ်စုဝင်တွေကို ဆုံးရှုံးရဖို့ ရှိပေမဲ့... အဲဒီနောက်မှာတော့ ငါတို့လွန်မျိုးနွယ်စုဟာ ထိပ်ဆုံးကို ရောက်လာမှာ အသေအချာပဲ။"

စိတ်ပျက်စရာ ကောင်းလိုက်လေခြင်း။

သူ့အကိုကြီးရှောင်နန်အနေနှင့် မည်သည့်နည်းနှင့် မျှ ရှုံးနိမ့်စရာ အကြောင်းမရှိကြောင်း၊ ထို့ပြင် ဤလူ၏ အစီအစဉ်သည်လည်း မည်သို့မျှ မအောင်မြင်နိုင်ကြောင်း လျူကျင်း ကောင်းကောင်းသိထားသည့်တိုင်... လွန်ရှု၏ စကားများက သူ့ကို အတိုင်းထက်အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အကြောင်းမူ လျူကျင်းတစ်ယောက် မည်သို့ပင် ဖျောက်ဖျက်ပစ်ပါစေ... လွန်ရှုပြောနေသည့် အချက်အချို့မှာ ငြင်းပယ်၍မရအောင် မှန်ကန်နေ သောကြောင့်ဖြစ်သည်။

“ခင်ဗျားဘက်က အကုန်လုံး ပိုင်နေပြီဆိုရင်လည်း... ကျုပ်တို့ကို ဘာလို့ အခုထိ မသတ်သေးတာလဲ။ အပြတ်မရှင်းပစ်ရဲဘူးလား…။”

ရှောင်ဟန်သည် သူ့ခေါင်းကို ‘လွန်ခိုင်’ က ဖိနှိပ်ချုပ်ကိုင်ထားသည့်ကြားမှ လျူကျင်းထံသို့ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များဖြင့် လှမ်း၍ ကြည့်လိုက်သည်။ လွန်ရှုကမူ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း—

"ပင်မဂိုဏ်းက ကလေးလေးရယ်… မင်းက အူကြောင်ကြောင်နိုင်တဲ့ လူမိုက်မှ မဟုတ်တာ။ မင်း ဘာလို့ ဒီနေရာကို ရောက်လာရလဲဆိုတာ မင်းအသိဆုံး ဖြစ်မှာပါ။ အာ... ကြည့်စမ်း၊ တကယ့်ကောင်းခန်း အခုမှရောက်တာကွ.. စပြီ ထင်တယ်။"

လျူကျင်း စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်မိသွားသည်။ ထို့နောက် ကောင်းကင်ပြင်ကြီး တဖြည်းဖြည်း နီရဲလာသည်ကို မြင်လိုက်ရသည့်အခါ သူ ပို၍ပင် အံ့အားသင့်သွားရ၏။ သူ မော့ကြည့်လိုက်သည့်အခါမှသာ ထိုအရာမှာ လမင်းကြီးဖြစ်ကြောင်း လျူကျင်း သတိပြုမိလိုက်သည်။ လမင်းကြီးသည် သွေးကဲ့သို့ နီရဲသောအရောင်သို့ ပြောင်းလဲလာခဲ့ချေပြီ။ ထိုအချိန်တွင် သူတို့‌ေရှ့ရှိ သူယောင်မယ် အပင် ကြီးမှာလည်း သူ၏မျက်စိရှေ့မှောက်၌ပင် တရိပ်ရိပ် ကြီးထွားလာသည်။

ခြောက်သွေ့ဆွေးမြည့်နေသော သစ်ကိုင်းဟောင်းများမှနေ၍ စိမ်းစိုသော သစ်ရွက်သစ်လွင်များ ဝေဆာစွာ ပွင့်လန်းလာကြပြီး အသီးများမှာလည်း တစ်ပြိုင်နက်တည်းမှာပင် ဝတ်ရည်ရွှန်းကာ ထွားကျိုင်းလာခဲ့ကြသည်။

"လပြည့်ညပေါင်း တစ်ထောင်ကွ။ ဒီလောက် အချိန်ပေးပြီးမှ ဒီအသီးတွေကို ခူးခွင့်ရတာ။ အဆိပ်သီးတွေက အတော်လေး အနှောင့်အယှက်ဖြစ်ပေမဲ့... အဲဒါကြောင့်ပဲ မင်းတို့ ဒီကို ရောက်နေရတာကွ။"

လွန်ရှုက လျူကျင်းကို ဆွဲထူလိုက်သည်။ ထိုလူက သူ့ပုခုံးကိုသာ ဆွဲကိုင်လိုက်ခြင်းဖြစ်သော်လည်း လျူကျင်းအနေဖြင့် ထိုလက်ကို မည်သို့မျှ ရုန်းထွက်နိုင်စွမ်း မရှိချေ။

"ငါတို့မျိုးနွယ်စုတွေဟာ ဘယ်အသီးက အဆိပ်မပါတာလဲဆိုတာကို ခွဲခြားနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြဖူးတယ်။ ငါတို့က လူရိုင်းတွေ မဟုတ်ဘူးဆိုတာ မင်း နားလည်ထားဖို့ လိုမယ်။ ဒါပေမဲ့... နောက်ဆုံးကျတော့ ခွဲခြားနိူင်ဖို့ နည်းလမ်းတစ်ခုပဲ အလုပ်ဖြစ်ခဲ့တာ။"

လွန်ရှုက လျူကျင်းကို သစ်ပင်ကြီးဆီသို့ ဆွဲခေါ်သွားရင်း ဆက်ပြောသည်။

"ပထမဆုံးတော့ ငါတို့က တိရစ္ဆာန်တွေကို အသီးတွေ ကျွေးကြည့်ခဲ့တယ်။ ဒါပေမဲ့ ဘာမှ အသုံးမဝင်ခဲ့ဘူး။ သာမန်တိရစ္ဆာန်တွေကတော့ ဘယ်အသီးရဲ့ စွမ်းအားကိုမှ မခံနိုင်ကြဘူးလေ။ အဲဒီနောက်မှာ ငါတို့က ကျင့်ကြံခြင်းသားရဲတွေကို ထပ်ပြီး စမ်းသပ်ခဲ့ကြပြန်ရော။ ဒါပေမဲ့ အဲဒါကလည်း တခြားအကြောင်းပြချက်တွေကြောင့် ခက်ခဲလွန်းလှတယ်။ ရလဒ်ကို အတိအကျ သိနိုင်ဖို့ဆိုရင် ‘အတွင်းအားစုစည်းခြင်း ’ အဆင့်ရှိတဲ့ ကျင့်ကြံခြင်းသားရဲ လိုအပ်တယ်၊ အဲဒီလိုမျိုး ရှိခဲ့ရင်တောင်မှ ကျင့်ကြံခြင်းသားရဲတွေရဲ့ ခန္ဓာကိုယ် တုံ့ပြန်မှုက လူသားတွေနဲ့ ထပ်တူမကျနိုင်ပြန်ဘူး။ နောက်ဆုံးကျတော့ လူသားတွေကို သုံးတာကပဲ အသေချာဆုံး ဖြစ်သွားတာပေါ့။"

“အဖေ…”

‘လွန်ခိုင်’ ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တို့ ထင်ဟပ်လာသည်။

“အတွင်းအားစုစည်းခြင်း အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦး... အဲဒါက ဒီအသီးတွေကို စမ်းသပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲကွ..၊အသီးခူးရတဲ့ ရာသီတိုင်းမှာ ငါတို့လွန်မျိုးနွယ်စုနဲ့ ဟူမျိုးနွယ်စုဟာ စမ်းသပ်ဖို့အတွက် ကိုယ့်လူထဲကတစ်ယောက်ကို တစ်လှည့်စီ ရွေးချယ်ပြီး စတေးခဲ့ကြရတာ။ ဘယ်အသီးက အဆိပ်သီးလဲဆိုတာ သေချာသွားမှ အသီးတွေကို ငါတို့ အညီအမျှ ခွဲဝေယူကြတာပေါ့။ အင်းလေ... အခုအချိန်မှာတော့ အဲဒီလိုမျိုး လုပ်နေစရာ မလိုတော့ပါဘူးကွာ။”

ဘာဖြစ်လို့လဲဆိုတော့ သူတို့ လျူကျင်းကို ဖမ်းမိထားပြီ ဖြစ်သောကြောင့်တည်း။

လွန်ရှုက သူ့အား သစ်ပင်ကြီး၏ ရှေ့မှောက်ဆီသို့ ဆွဲခေါ်သွားချိန်တွင် လျူကျင်း၏ မျက်နှာထက်၌ မတတ်သာ၍ လက်လျှော့လိုက်ရသည့် အရိပ်အယောင်များသာ လွှမ်းမိုးလျက် ရှိနေသည်။ ခေတ္တမျှတွင် သူသည် လည်ပင်းမှ ဆွဲသီးကို ချွတ်ပစ်လိုက်ရန် စဉ်းစားမိသော်လည်း၊ ဒုက္ခဝေဒနာ အလူးအလဲ ခံစားရင်း သေဆုံးသွားခဲ့ကြသည့် ဓားပြများ၏ ပုံရိပ်ဆိုးများက သူ့ကို ပြန်လည် တားဆီးနေခဲ့ပြန်သည်။

သူ... သူသည် ထိုကဲ့သို့သော မြင်ကွင်းဆိုးမျိုးကို ထပ်မံ၍ မမြင်တွေ့ချင်တော့ချေ။ ထို့အပြင် ရှောင်ဟန်သည်လည်း မိမိနှင့် အလွန်အမင်း နီးကပ်လွန်းလှသော နေရာတွင် ရှိနေသည်။ အကယ်၍ ဆွဲသီးကို ချွတ်လိုက်ပါက ရှောင်ဟန်ပါ ပူးတွဲ၍ သေဆုံးသွားပေလိမ့်မည်။

"ကြည့်စမ်းပါဦး အစ်မတော်..၊ အစမ်းသပ်ခံမယ့် လူ လေးတစ်ကောင် ရောက်လာဘီရှင့်။"

"သူ့ပုံစံက အူတူတူနဲ့ညီမတော်ရယ် ..၊ ငါတော့ သဘောမကျဘူး။"

လျူကျင်း ကြောင်အမ်းအမ်းဖြင့် မျက်တောင်ခတ်မိသွားသည်။ ထိုအသံက လွန်ရှုအသံ မဟုတ်သလို ရှောင်ဟန်အသံလည်း မဟုတ်။ လွန်ခိုင်အသံ ဖြစ်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်။

"တွေ့လား… အတော်လေး ထုံတာပဲ။ မျက်စိကြီးပါပြီး ဘာမှ မမြင်ဘူး ငါမပြောလား…။"

"မင်းရဲ့ ရှေ့တည့်တည့်မှာကွ ကောင်လေး။ မင်းရှေ့တည့်တည့်မှာ!"

လွန်ရှု အသံကြောင့် သူ့ရှေ့တည့်တည့်ကို စိုက်ကြည့်လိုက်သည် ။သို့သော် သူ့ရှေ့တွင် ရှိနေသည်မှာ သူယောင် သစ်ပင်ကြီး ဖြစ်သည်။ သို့ရာတွင်…

လျူကျင်း ထိုအပင်ကို သေသေချာချာ စိုက်ကြည့်လိုက်သည့်အခါတွင် ပင်စည်ပေါ်မှ ကောက်ကွေးနေသော သစ်အခေါက်အဖုအထစ်များသည် သူယောင်မယ်ဟု ခေါ်မည်လား အလွန်လှပပြေပြစ်သည့် မိန်းမပျို တဦး၏ ခန္ဓာကိုယ် သဖွယ် ဖြစ်နေသည်ကို သတိပြုမိတော့သည်။ ခဏအကြာမှ ထိုသူယောင်မယ်သည် စကားပြောသလို လှုပ်ရှားလာခဲ့ခြင်းကြောင့် လျူကျင်းတစ်ယောက် နောက်သို့ ဖျတ်ခနဲ ခြေတစ်လှမ်း ဆုတ်မိသွားသည်။

“ဒီမယ် ကျွန်မတို့က အစွမ်းသတ္တိတွေနဲ့ ပြည့်နှက်နေတဲ့ သစ်ပင်ကြီးပဲရှင့်။ သတ္တိရှိရင်ကျွန်မတို့အသီးတွေကို ခူးစားကြည့်စမ်းပါရှင်... ဒါပေမဲ့ ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ ကြိုပြီး သတိထားရလိမ့်မယ်" ဟု ထိုသူယောင်မယ်များထဲမှ တဦးက ဆိုလိုက်သည်။

"ငါ့အသီးတွေက အနီရောင်ဟဲ့။ ဒါကို စားတဲ့သူက အတုမရှိတဲ့ ခွန်အားတွေကို ပိုင်ဆိုင်ရလိမ့်မယ်။ ငါ့ညီမတော်ရဲ့ အသီးတွေကိုတော့ သွားမစားနဲ့... သေချာပေါက် အသက်ပျောက်စေလိမ့်မယ်" ဟု ကျန်သူယောင်မယ် တစ်ဦးက ဆိုလာပြန်သည်။

"ဟွန့် …ကျွန်မအသီးတွေကတော့ အပြာရောင်။ ဒါကို စားတဲ့သူက မပြိုလဲနိုင်တဲ့ ခန္ဓာကိုယ်ကို ရလိမ့်မယ်။ ကျွန်မ အမတော်ရဲ့ အသီးတွေကိုတော့ သွားမစားနဲ့... ရှင့်ကို ဧကန်မုချ သေစေလိမ့်မယ်။"

“ဒါက ဘာကြီးလဲဟ..”ဟုတွေးရင်း လျူကျင်း မျက်တောင်ခတ်မိသွားသည်။ ဤသည်မှာ ပဟေဠိတစ်ခုခုလား။ ဉာဏ်စမ်းပွဲတစ်ခုလား။ သူ တစ်စုံတစ်ရာ ထပ်ပြီး မေးမြန်းကြည့်သင့်သလား။

“အဲ့‌ သောက်ကောင်မတွေ ပြောတာကိုလျှောက်ပြီး စဉ်းစားမနေနဲ့ကွ” ဟု လွန်ရှုက အနည်းငယ် စိတ်ပျက်လက်ပျက် လေသံဖြင့် ဝင်ပြောလိုက်သည်။

"တစ်ယောက်က အမှန်ပြောပြီး ကျန်တဲ့တစ်ယောက်က အမြဲလိမ်နေရမယ်ဆိုတဲ့ စည်းမျဉ်းမျိုး သူတို့မှာ မရှိဘူးကွ။ သူတို့က ညီအစ်မတွေလည်း မဟုတ်ဘူး။ ခန္ဓာကိုယ် နှစ်ခု ၊ အသံနှစ်မျိုး ရှိနေတဲ့ သစ်ပင်တစ်ပင်တည်းပဲ။ ဒါကြောင့်လည်း ဒါကို ‘သူယောင်မယ် သစ်ပင်’ လို့ ခေါ်တာပေါ့ ကောင်လေးရာ။" ဟု လွန်ရှုက ရှင်းပြလိုက်သည်။

"အာ… ကြည့်စမ်းပါဦးရှင်။ အရင်တုန်းက စိတ်ပုပ်တဲ့ ကောင်လေးက အခုတော့ စိတ်ပုပ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာပြီပဲ။ မထူးဆန်းဘူးလား အစ်မတော်" ဟု သူယောင်မယ် တဦးက ဆိုသည်။

"အေးလေ…၊ သူက ငါတို့ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးရတာ တကယ့်ကို ဝါသနာပါတာပဲ။ ဒါနဲ့… ဒီတစ်ကြိမ်တော့ ဟူမျိုးနွယ်စုကလူက ဘယ်ရောက်နေတာလဲ" ဟု ကျန်သူယောင်မယ် တဦးက ဝင်ပြောသည်။

"အဲဒါတွေက အရေးမကြီးဘူးကွ" လွန်ရှုက ပြတ်သားစွာ ဖြတ်ပြောလိုက်သည်။ "ဒီကောင်လေးက အသီးကို ရွေးလိမ့်မယ်။ အဲဒါပဲ အရေးကြီးတယ်။"

"ဟွန့်…ကောင်းပါဘီရှင်" ဟု ထိုသစ်ပင်ပင်စည်ကြီး ထဲမှ သူယောင်မယ် တဦးက ပြန်ပြောလိုက်သည်။

ထို့နောက် ကျန်တဦးကပါ ဆက်၍—

“ဘယ်သူက အသီးကို လာရွေးမလဲဆိုတာ ငါတို့အတွက်တော့ အရေးမကြီးပါဘူး။ ဘယ်သူမှ မရွေးရင်လည်း ငါတို့အတွက် ဘာမှမဖြစ်ဘူး။ ကဲ… လုပ်စရာရှိတာ လုပ်တော့ ကောင်လေး အနီလား၊ အပြာလား။အမြန်ရွေးစမ်း”

လျူကျင်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။ သို့သော် သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အသီးတစ်လုံးကို လှမ်း၍ ဆွဲကိုင်လိုက်လေသည်။

သူ ကိုက်စားလိုက်သည်။

လျူကျင်း အသီးကို မျိုချလိုက်ပြီးနောက် လေးနက်လှသော တိတ်ဆိတ်မှုကြီးက ကာလအတန်ကြာ လွှမ်းမိုးသွားခဲ့သည်။ လူတိုင်းက တစ်စုံတစ်ရာ ဖြစ်ပျက်လာမည့်အချိန်ကို အသက်ရှူမှားလုမတတ် စောင့်ဆိုင်းနေကြ၏။

သို့သော် ဘာမျှ ဖြစ်မလာခဲ့ချေ။

“အို… ဆန်းကြယ်လိုက်တာရှင်” သူယောင်မယ် တဦးက အံ့အားသင့်စွာ ဆိုလာသည်။

“ကံကောင်းလိုက်တဲ့ ဖြစ်ခြင်း…ဒီကောင်လေးကိုတော့ ငါစိတ်ဝင်စားသွားဘီဟဲ့”

ထိုသို့ သူယောင်မယ်နှစ်ဦး အထူးအဆန်းဖြစ်နေစဥ်မှာပင် ရုတ်တရက် လွန်ရှုက လျူကျင်းကို ဘေးသို့ ကြမ်းတမ်းစွာ တွန်းဖယ်ပစ်လိုက်သည်။

“ကံတရားပဲလေ။ တွေ့လား… ငါ မင်းကို ပြောခဲ့သားပဲ။ တစ်ခါတလေမှာ ကံတရားဆိုတာ အရေးကြီးဆုံးအရာပဲကွ”

သူက လျူကျင်း ရွေးချယ်ခဲ့သည့် အရောင်တူ အသီးများကို အတင်းလိုက်၍ ဆွတ်ခူးလိုက်ပြီးနောက် တစ်လုံးကို သူ၏ သားဖြစ်သူထံသို့ လှမ်းပစ်ပေးလိုက်၏။

“အမြန်စားလိုက်စမ်း သားကြီး။ အဖေတို့တွေ တိုးတက်လာမယ့် စွမ်းအားတွေကို စနစ်တကျ ထိန်းညှိနိုင်ဖို့အတွက် အချိန်အနည်းငယ် ယူရလိမ့်မယ်။”

“နေဦး!” လျူကျင်းက လွန်ရှု၏ လက်မောင်းကို လှမ်းဆွဲ၍ အော်ဟစ်လိုက်သည်။

“မလုပ်နဲ့! ခင်ဗျားတို့ နားမလည်— အင့်!”

လွန်ရှုထံမှ ပြင်းထန်လှသော လက်သီးချက်တစ်ခုကြောင့် လျူကျင်းမှာ အသက်ရှူပင် မဝတော့ဘဲ လဲကျသွားရသည်။

“မင်းကိုယ်မင်း ဒီထက်ပိုပြီး အရှက်မခွဲစမ်းပါနဲ့… ပင်မဂိုဏ်းက ကလေးစုတ်ရာ ..၊ ဒီနေ့မှာတော့ မင်းတို့ ရှုံးနိမ့်သွားခဲ့ပြီ။ မင်း ကံတရားက မင်းအသက်ကို ကယ်တင်နိုင်လောက်အောင် ကောင်းတာပဲ ကျေးဇူးတင်လိုက်စမ်းပါ

”လွန်ရှုသည် အောင်နိုင်သူ၏ အပြုံးဖြင့် ထိုအသီးကို အားရပါးရ ကိုက်ဝါးစားသောက်လိုက်လေတော့သည်။

အခန်းပို။ ရှောင်နန် ၏ အတွေး..။

အကယ်၍ ရှောင်နန်သာ မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရှိမည်ဆိုပါက ယခုကဲ့သို့ တောပုန်းဓားပြများကို လိုက်လံနှိမ်နင်းနေမည့်အစား သူ့အား အလွန်အမင်း လိုအပ်နေသော ညီလေး၏ ဘေးနားတွင်သာ ရှိနေပေးမည်မှာ အမှန်ပင်ဖြစ်သည်။

မူလကတော့ လဆန်းမြို့ဆီသို့ လာရခြင်းမှာ အရာရာ လွယ်ကူချောမွေ့လိမ့်မည်ဟု ရှောင်နန် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သူ၏ ညီငယ်လေးသည် မြို့ပြကြီး၏ မွန်းကြပ်မှုများမှ ခေတ္တမျှ ဝေးရာသို့ ထွက်ခွာရန် လိုအပ်နေခဲ့သည်။ လဆန်းမြို့ဟူသည်မှာ ကျင့်ကြံခြင်း အဆင့်အတန်း နိမ့်ပါးလှသည့် ဝေးလံခေါင်ဖျားသော အရပ်ဒေသတစ်ခုမျှသာ ဖြစ်၏။ သူ၏ ညီလေးအနေဖြင့် ဤနေရာတွင် ဓားပြအချို့ကို နှိမ်နင်းရင်း စိတ်ဖိစီးမှုများကို လျှော့ချနိုင်လိမ့်မည်ဖြစ်သလို၊ လွန်ခဲ့သည့် တစ်နှစ်ပတ်လုံး သူ၏ ကျင့်ကြံခြင်းအဆင့်အတန်း တိုးတက်မှုမရှိခြင်းကြောင့် ကြုံတွေ့နေရသည့် မြို့ပြ၏ ဖိအားဒဏ်များမှလည်း ခေတ္တမျှ ရုန်းထွက်ခွင့် ရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လဆန်းမြို့ခရီးစဉ်သည် သူ၏ညီငယ်လေးအတွက် အလွန်လိုအပ်နေသော အတွေ့အကြုံကောင်းအချို့ကိုလည်း ပေးစွမ်းနိုင်လိမ့်မည်။ သေးငယ်ပြီး နားလည်ရလွယ်ကူသော စံနှုန်းအောက်တွင် ဂိုဏ်းဂဏအင်အားစုများ မည်သို့ လည်ပတ်လှုပ်ရှားနေကြသည်ကို သူ မြင်တွေ့ခွင့်ရမည် ဖြစ်၏။ အာဏာရှိသည့် အဆင့်အတန်းတစ်ခုတွင် ရှိနေရခြင်းမှာ မည်သို့သော ခံစားချက်မျိုး ဖြစ်သည်ကို သူကိုယ်တိုင် ကြုံတွေ့ခွင့် ရလိမ့်မည်။

မိမိ၏အောက်တွင် လူအများအပြား ရှိနေခြင်းမှာ ဘာကိုဆိုလိုသည်ကိုလည်း သူ သင်ယူနိုင်လိမ့်မည် ဖြစ်သည်။ အကျဉ်းချုပ်ပြောရလျှင် ဤနေရာတွင် ရရှိမည့် အတွေ့အကြုံများသည် နောင်တစ်ချိန် သူ၏ရှေ့ဆက်ခရီးလမ်းအတွက် များစွာ အထောက်အကူပြုနိုင်လိမ့်မည် ဖြစ်၏။ ဤအရာအားလုံးကို ဘေးကင်းစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ခုအောက်တွင် လုပ်ဆောင်ရန် မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုမူ… သူ၏ညီငယ်လေးသည် သူကိုယ်တိုင် သတ်ပစ်ခဲ့သော ရုပ်အလောင်းများအကြားတွင် ဝန်းရံခံထားရသည့် မြင်ကွင်းဆိုးကြီးကိုသာ ရှောင်နန် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရချေပြီ။

ရှောင်နန် ဒေါသတကြီး အံကြိတ်မိသွားသည်။

သူ လျူကျင်း၏ဘေးနားတွင် ရှိနေပေးသင့်သည်ကို သူ ကောင်းကောင်းကြီး သိရှိထား၏။ သို့သော်လည်း သူ ယခုအချိန်တွင် ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်ချေ။ ရှောင်ဒင်၏မျက်နှာကြီးမှာ ဒေါသမာန်ဟုန်ကြောင့် နီရဲလျက်ရှိနေပြီး သူ၏မျက်ဝန်းအစုံတွင်လည်း သွေးဆာနေသည့် အရိပ်အယောင်များ ထွန်းလင်းနေသည်။

သူသည် ဆင်ခြင်တုံတရားရှိသော စိတ်အခြေအနေမျိုးတွင် ရှိမနေတော့ဘဲ စိတ်အခြေအနေ ဝရုန်းသုန်းကား ဖြစ်နေသည့် လူတစ်ဦးမှာ အမှားအယွင်းများ ပြုလုပ်မိရန် အလွန်ပင် နီးစပ်လှသည်။ ရှောင်နန်အနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို မရေမတွက်နိုင်အောင် မြင်တွေ့ဖူးခဲ့ပြီး ဖြစ်၏။

ရှောင်ဒင်သည် လဆန်းမြို့၏စံနှုန်းအရ မည်မျှပင် သန်မာနေပါစေဦးတော့၊ သူသည် ဒဏ်ရာအနာတရ လုံးဝမရနိုင်လောက်အောင်အထိ အစွမ်းထက်နေသူမျိုးတော့ မဟုတ်ချေ။ ယခုကဲ့သို့သော သူ၏စိတ်အခြေအနေအရ မလိုလားအပ်သော ဆိုးဝါးသည့် မတော်တဆမှုတစ်ခုခု ဖြစ်ပေါ်လာရန်မှာ အလွန်ပင် နီးစပ်လွန်းလှပေသည်။

အကယ်၍ ရှောင်ဒင်သာ သေဆုံးသွားခဲ့လျှင် လဆန်းမြို့တွင်ရှိသော ရှောင်ဂိုဏ်း၏ ဩဇာအာဏာမှာ သေချာပေါက် ကျဆင်းသွားပေလိမ့်မည်။ ရှောင်ဒင်၏သားကို ဆုံးရှုံးလိုက်ရခြင်းကတစ်ကြောင်း၊ ထိုနေ့ချင်းအတွင်းမှာပင် ဂိုဏ်းခွဲခေါင်းဆောင်ကိုပါ ထပ်မံဆုံးရှုံးလိုက်ရခြင်းကတစ်ကြောင်း—အကယ်၍ ထိုသို့သာ ဖြစ်ပျက်ခဲ့လျှင် လူများက ဤအခွင့်အရေးကို အသုံးချပြီး အကျပ်ကိုင်ရန် ကြိုးစားကြပေလိမ့်မည်။

ထိုသို့သာ ဖြစ်လာခဲ့ပါက ရှောင်နန်အနေဖြင့် မလွှဲမရှောင်သာ လှုပ်ရှားရတော့မည် ဖြစ်၏။ ရှောင်ဂိုဏ်းကို အာခံစိန်ခေါ်ပါက မည်သို့သော အကျိုးဆက်မျိုးနှင့် ရင်ဆိုင်ရမည်လဲဆိုသည်ကို လူတိုင်း ကောင်းကောင်းကြီး သိရှိသွားအောင် သူကိုယ်တိုင် ပြသရပေလိမ့်မည်။

ထိုကဲ့သို့သော ဆိုးဝါးသည့် အခြေအနေမျိုးနှင့် ယှဉ်လျှင်မူ ယခုကဲ့သို့ ဓားပြတစ်စုကို လိုက်လံသတ်ဖြတ် ချေမှုန်းရခြင်းမှာ အလွန်ပင် သက်သာလှသော ပေးဆပ်မှုတစ်ခုမျှသာ ဖြစ်တော့သည်။

“ဟိုးရှေ့မှာ!”

တစ်စုံတစ်ဦးက လှမ်း၍ အော်ဟစ်လိုက်သည်။ ရှောင်နန် သူ၏အကြည့်ကို မြှင့်တင်လိုက်သည့်အခါ မိမိတို့ထံသို့ ဦးတည်ပြေးဝင်လာကြသော ဝက်ဝံနက်ဓားပြအုပ်စုကို မြင်တွေ့လိုက်ရ၏။ ထင်မှတ်ထားသည့်အတိုင်းပင် ဤနေရာသည် သူတို့၏ အခြေစိုက်စခန်းဖြစ်ပုံရသည်။ ထိုဓားပြများထံမှ ထိတ်လန့်တုန်လှုပ်နေသည့် စိတ်ဝိညာဉ်ဓာတ်များကို သူ ခံစားသိရှိနေရ၏။ ဤမျှမြန်ဆန်စွာ သူတို့စခန်းကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု ထိုဓားပြများ လုံးဝမျှော်လင့်မထားခဲ့ကြချေ။

အမှန်အတိုင်းပြောရလျှင် သေဆုံးသွားသူ၏ ဝိညာဉ်ကို ဆွဲနှုတ်ပြီး စစ်ဆေးမေးမြန်းနိုင်စွမ်းရှိသူဟူ၍ လောကတွင် မရှိသလောက် ရှားပါးလှသည် မဟုတ်ပါလား။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်နန်သည် ထိုဓားပြများ၏ ရှေ့မှောက်ဆီသို့ ရောက်ရှိသွားခဲ့သည်။ သူတို့၏အရိုးအဆစ်များ ကျိုးကြေကုန်ကြပြီး၊ ဦးခေါင်းများလည်း ပြတ်တောက်လွင့်စင်ကာ သွေးစက်များ မြေပြင်ပေါ်သို့ ပန်းထွက်ကုန်ကြတော့သည်။

ထိုဓားပြများသည် ဘာဖြစ်သွားသည်ကိုပင် သိလိုက်ခွင့်မရဘဲ အသက်ပျောက်ကုန်ကြရ၏။

“ရှေ့ကို ဆက်တိုးကြစမ်း!” ရှောင်နန်က ဟိန်းဟောက်လိုက်သည်။ သူ၏ ရက်စက်လှသော စွမ်းရည်ပြသမှုကြောင့် ကြောက်ရွံ့သွားကြသည်ဖြစ်စေ၊ သွေးကြွသွားကြသည်ဖြစ်စေ ရှောင်ဂိုဏ်းဝင်များအားလုံး အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်တိုက်ခိုက်ကြတော့သည်။ ကျန်ရှိနေသည့်လူများ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် အချိန်ဆွဲပေးမည့် ဓားပြအမြောက်အမြား ထပ်မံထွက်ပေါ်လာကြသော်လည်း သူတို့သည် ရှောင်ဂိုဏ်းဝင်များ၏ အစွမ်းကို မည်သို့မျှ မယှဉ်နိုင်ကြချေ။ သူတို့ထဲမှအချို့မှာမူ မိုက်မဲလွန်းလှသဖြင့် ရှောင်နန်ထံသို့ပင် ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားလာကြလေသည်။

သူတို့ထဲမှ တစ်ယောက်မှာ လက်မောင်းတစ်ဖက် ဆွဲနုတ်ခံလိုက်ရသည်။

နောက်တစ်ယောက်မှာမူ ဦးခေါင်းကြီး အရှေ့မှ အနောက် လည်ထွက်သွားခဲ့ရ၏။

သူ ဒေါသထွက်နေမိသည်။ လူတစ်ယောက်၏လည်ပင်းကို ညှစ်ခြေပစ်လိုက်ရင်း ရှောင်နန် မိမိကိုယ်မိမိ ဒေါသထွက်နေမှန်း သိလိုက်ရ၏။ ဤကဲ့သို့သော အဆင့်မရှိသည့် ခွေးသရုပ်ပျက်များက သူ့ညီငယ်လေးကို နာကျင်အောင်လုပ်ဝံ့ကြသည်လေ။ ဟုတ်ပါသည်၊ သူ ဒေါသထွက်နေမိခြင်းမှာ အလွန်ပင် သဘာဝကျလှ၏။ သို့သော်လည်း ထိုဒေါသစိတ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို သူ အဖြစ်မခံနိုင်ချေ။ စိတ်အလိုကို လွှတ်ပေး၍ မဖြစ်နိုင်ပါ။

“မဆိုးဘူးပဲ... ဒါပေမဲ့ ဝက်ဝံနက်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ကို မင်း ရင်ဆိုင်ဝံ့— အင့်!”

ဟုတ်ပေသည်။ ထိုလူ၏ နှလုံးခုန်သံကို ရပ်တန့်ပစ်လိုက်ရင်း ရှောင်နန် တွေးတောမိသည်။ သူ၏ ဒေါသစိတ်ကို အလိုမလိုက်မိစေရန် ထိန်းချုပ်ရပေမည်။ ယခုကဲ့သို့ သတ်ဖြတ်ခြင်း လုပ်ရပ်များအပေါ် မည်သည့် ပျော်ရွှင်သာယာမှုကိုမျှ သူ အဖြစ်မခံနိုင်ချေ။ ဤကဲ့သို့သော လုပ်ရပ်များအပေါ် သာယာပျော်ရွှင်မိခြင်းသည် ဆိုးဝါးလှသည့် လမ်းမှားပေါ်သို့ စတင်ခြေချမိခြင်း၏ ပထမဆုံးခြေလှမ်းပင် ဖြစ်၏။ ရှောင်နန်အနေဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးကို မရေမတွက်နိုင်အောင် မြင်တွေ့ဖူးခဲ့ပြီး ဖြစ်သည်။

ယခုအချိန်တွင် သူ၏အဓိကတာဝန်မှာ ရှောင်ဒင်ကို စောင့်ရှောက်ရန်သာ ဖြစ်၏။ ဤနေရာမှ ကိစ္စရပ်အားလုံးကို မြန်မြန်ဆန်ဆန် အပြတ်ရှင်းနိုင်မှသာ လဆန်းမြို့သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။ ထို့နောက်မှသာ ဖြစ်ပျက်ခဲ့သမျှ အကျိုးဆက်များကို မည်သို့ဖြေရှင်းရမည်လဲဆိုသည်ကို ဆက်လက်အကွက်ချနိုင်မည်ဖြစ်ပြီး၊ သူနှင့် သူ့ညီလေးတို့လည်း အရှေ့ဘက် ဆိပ်ကမ်းမြို့သို့ ပြန်လည်ထွက်ခွာနိုင်ကြပေလိမ့်မည်။

ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် ရှောင်နန်သည် ထွက်ပြေးနေကြသော ဓားပြများ၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ရောက်ရှိသွားခဲ့ပြီး သူတို့၏ ထွက်ပေါက်ကို လုံးဝပိတ်ဆို့လိုက်တော့သည်။ တစ်ဆယ်... နှစ်ဆယ်... သုံးဆယ်... ခဏအကြာတွင်မူ သူသတ်ဖြတ်ခဲ့သော လူအရေအတွက်ကိုပင် သူ မှတ်မိခြင်းမရှိတော့ချေ။

ထိုသို့ တိုက်ခိုက်နေစဉ်အတွင်းမှာပင် ရှောင်နန်သည် ရှောင်ဒင်၏ အခြေအနေကို မျက်ခြေမပြတ် စူးစိုက်ကြည့်ရှုနေခဲ့သည်။ ရှောင်ဒင်သည် ဓားပြအုပ်စု၏ အကြီးအကဲ ဖြစ်ပုံရသော လူတစ်ဦးနှင့် တိုက်ခိုက်နေခြင်း ဖြစ်၏။ ထိုလူ၏ ချီစွမ်းအင်သည် ဓားပြခေါင်းဆောင် ဖြစ်ထိုက်လောက်အောင် မြင့်မားလှသည်။

နာမ်ဝိညာဉ်သန္ဓေတည် နဝမမြောက် အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်၏။ ၎င်းမှာ ရှောင်ဒင်အတွက်တော့ အလွယ်တကူ အနိုင်ယူနိုင်မည့် ရန်သူတစ်ဦးသာ ဖြစ်သင့်သည်။ သို့သော်လည်း ထိုဓားပြက သူ၏ဝတ်ရုံအောက်မှ ဓားမြှောင်အသေးစားလေးတစ်စင်းကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည့်အခါ ရှောင်နန်၏ မျက်လုံးများ စူးခနဲ ဖြစ်သွားခဲ့ရသည်။

ထိုလူသည် ပြေးဝင်တိုက်ခိုက်လာခဲ့ပြီး ရှောင်ဒင်ကလည်း သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့လေသည်။

ရှောင်နန် ခြေတစ်လှမ်း လှမ်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုနှစ်ဦး၏ ကြားထဲသို့ ဝင်ရောက်နေရာယူလိုက်၏။ ဓားမြှောင်သည် သူ၏ဖြန့်ထားသော လက်ဖဝါးပြင်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာခဲ့သည်။ ထိုအခါ ဓားပြခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ ၎င်း၏နောက်ကွယ်မှ အကြောင်းရင်းကိုမူ အလွယ်တကူ မြင်တွေ့နိုင်၏။

ထိုဓားမြှောင်သည် ရှောင်နန်၏ အရေပြားကိုပင် ဖောက်ဝင်နိုင်စွမ်း မရှိချေ။

ထိုလူသည် နာမ်ဝိညာဉ်သန္ဓေတည် နဝမမြောက်အဆင့်သို့ ရောက်ရှိနေသူဖြစ်ရာ နာမ်ဝိညာဥ်အလင်းပွင့်ခြင်းအဆင့် ၏ အောက်ခြေအဆင့်များတွင် ရှိနေသူတစ်ဦးကို အနည်းဆုံးတော့ ဒဏ်ရာအနာတရဖြစ်အောင် လုပ်နိုင်စွမ်း ရှိသင့်သည်။ သို့သော်လည်း သူသည် ရှောင်နန်ကို ခြစ်ရာလေးတစ်ခုမျှပင် ဖြစ်အောင် မတတ်နိုင်ခဲ့ချေ။ ထိုလူသည် ဓားမြှောင်ကို ရှောင်နန်၏လက်ထဲသို့ အတင်းအဓမ္မ ထိုးစိုက်နိုင်ရန် အချည်းနှီးသာ ရုန်းကန်ကြိုးစားနေမိသည်။

နောက်ဆုံးတွင် ဓားမြှောင်ကြီး ကျိုးထွက်သွားခဲ့ရ၏။

“ဘာ…ဘာလို့လဲ” ထိုလူက ဖြူဖျော့သွားသော မျက်နှာဖြင့် မေးမြန်းလိုက်သည်။

ရှောင်နန်က အလျင်အမြန်ပင် ကျိုးပဲ့သွားသော ဓားသွားကို စစ်ဆေး လိုက်သည်။

"ဟာ … အဆိပ်လူးဓားပဲ။ ဒီလောက်အဆင့်ရှိတဲ့ အဆိပ်မျိုးကတော့ ငါ့ကို ဘယ်လိုမှ မတိုးနိုင်ဘူး။ အဲဒါကြောင့် ဒါဟာ အစကတည်းက အသုံးမဝင်တဲ့အရာပဲ။ ရှောင်ဒင်ကိုတောင် သေအောင် သတ်နိုင်ပါ့မလား မသိဘူး..."

ဝက်ဝံနက်ဓားပြအုပ်စု၏ ခေါင်းဆောင်ကြီးသည် မိမိအနေဖြင့် အစကတည်းက အောင်မြင်ရန် မျှော်လင့်ချက် လုံးဝမရှိခဲ့ကြောင်း သိရှိသွားရင်းဖြင့်ပင် အသက်ပျောက်ကွယ်သွားခဲ့ရတော့သည်။

အခန်းပို ။ ရှောင်ဟန်၏ ထိတ်လန့်မှု ..။

ရှောင်ဟန်သည် ဇဝေဇဝါဖြစ်လျက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်မိသည်။ သူ ယခုတင် ဘာဖြစ်သွားသည်ကို လုံးဝနားမလည်နိုင် ဖြစ်နေ၏။ သူ့ကိုယ်သူ သေချာပေါက် သေရတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ သူ့အား သတ်ရန်ကြံစည်ခဲ့သူများ၏ အလောင်းများရှေ့တွင် သူကိုယ်တိုင် မတ်မတ်ရပ်နေနိုင်ခဲ့ချေပြီ။ လွန်ရှုနှင့် လွန်ခိုင်တို့ သားအဖနှစ်ဦးစလုံးမှာ မြေပြင်ပေါ်တွင် လဲပြိုလျက် ရှိနေကြသည်

သူတို့ သေဆုံးသွားခဲ့ကြချေပြီ။

“သခင်လေး”

ရှောင်ဟန်သည် လျူကျင်းဘက်သို့ လှည့်လိုက်မိသည်။ လျူကျင်းသည် အဓိပ္ပာယ်ဖော်ရခက်သော မျက်နှာအမူအရာဖြင့် ရုပ်အလောင်းများကို စိုက်ကြည့်နေဆဲ ဖြစ်၏။

“အ..အခု ဘာတွေဖြစ်သွားတာလဲဗျာ။”

“ငါ သူတို့ကို သတိပေးဖို့ ကြိုးစားခဲ့သားပဲ။ ငါ တကယ်ကို ကြိုးစားခဲ့တာပါ” လျူကျင်း၏ အကြည့်များက နောက်ဆုံးတွင် သူ၏အကြည့်များနှင့် ဆုံစည်းသွားခဲ့ရာ ရှောင်ဟန်တစ်ယောက် စိမ့်ခနဲ တုန်လှုပ်သွားရသည်။ လျူကျင်း၏ ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေသော နီရဲသည့် မျက်ဝန်းအစုံကို စိုက်ကြည့်ရန်ပင် ခက်ခဲလှ၏။

သွေးလရောင်၏ အလင်းတန်းများအောက်တွင် သူ့သခင်လေးသည် လူသားတစ်ဦးနှင့်မတူဘဲ ဆန်းကြယ်လွန်းလှသော နတ်ဘုရားတစ်ပါးကဲ့သို့သော အသွင်သဏ္ဌာန်မျိုး ဖြစ်ပေါ်နေသည်။ မိမိရှေ့မှောက်တွင် ရှိနေသော လျူကျင်းသည် သူ မည်သို့မျှ လက်လှမ်းမမီနိုင်လောက်အောင် ဝေးကွာလွန်းလှသည်ဟု ခံစားရစေ၏။

ရှောင်ဟန် ကြည့်နေဆဲမှာပင် လျူကျင်းသည် တချက်မဲ့ပြုံး ပြုံးလိုက်ကာ ကြက်သီးထစရာ စကားတခုကို ဆိုလိုက်သည် ။

“အဟက်... ကောင်းကင်ဘုံကို စိန်ခေါ်နိုင်မယ့် ကံတရားမျိုး ပိုင်ဆိုင်ထားဖို့ပဲ ဟုတ်လား… တကယ့် ဆိုးဆိုးဝါးဝါး ပြက်လုံးတစ်ခုပဲ။”

All Chapters