အခန်း ၃၀
Vol. 3 Ch. 30
အခန်း ၃၀။ အနိူင်ပိုင်းလိုက်သော ပွဲ။
အခန်းအတွင်းရှိ လေထုမှာ တင်းမာမှုများကြောင့် အသက်ရှူရပင် မွန်းကြပ်လှသည်။ ဂိုဏ်း၏ အကြီးအကဲများအားလုံးသည် ညီလာခံခန်းမဆောင်အတွင်းသို့ စုရုံးရောက်ရှိနေကြပြီ ဖြစ်၏။ သူတို့သည် ဂိုဏ်းခွဲခေါင်းဆောင် ရှောင်ဒင်၏ ဘေးဘယ်ညာတွင် မတ်မတ်ရပ်နေကြသည်။
ရှောင်ဒင်၏ ညာဘက်အခြမ်းတွင် ရှောင်နန် ထိုင်နေပြီး၊ ဘယ်ဘက်အခြမ်းတွင်မူ လျူကျင်း ထိုင်နေ၏။ မည်သူတစ်ဦးတစ်ယောက်မျှ စိုးစဉ်းမျှပင် အသံမထွက်ကြချေ။ အခန်းတစ်ခုလုံး ဆိတ်ငြိမ်လွန်းလှသဖြင့် တံခါးပွင့်လာသည့်အခါ ထွက်ပေါ်လာသော ကျိကျိတက်သံကို လူတိုင်း အထင်အရှား ကြားလိုက်ရသည်။
ဆင့်ခေါ်ခြင်းခံထားရသူများသည် အခန်းတွင်းသို့ တုန်တုန်ချည့်ချည့် ခြေလှမ်းများဖြင့် တစ်ရွေ့ရွေ့ ဝင်ရောက်လာခဲ့ကြ၏။
ဟူမျိုးနွယ်စု ၏ အကြီးအကဲဖြစ်သူ ‘ဟူလီ’ သည် သူတို့ထံသို့ သတိကြီးစွာဖြင့် လျှောက်လှမ်းလာခဲ့သည်။ သူ၏ ရုပ်သွင်မှာ လျူကျင်း မျှော်လင့်ထားခဲ့သည့် ပုံစံမျိုး လုံးဝမဟုတ်ချေ။ လွန်ရှုဟူသည်မှာ အရပ်ရှည်ပြီး သန်မာထွားကျိုင်းသည့် ခန္ဓာကိုယ်နှင့် စွဲမက်ဖွယ်ကောင်းသော မျက်နှာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ အစွမ်းမှာ ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးနှင့် ယှဉ်လျှင် သိပ်မပြောပလောက်သည့်တိုင်အောင် လျူကျင်း၏စိတ်ထဲ၌မူ ထင်ရှားသော အမှတ်အသားတစ်ခု ချန်ထားခဲ့နိုင်သူ ဖြစ်၏။
တစ်ဖက်တွင်မူ ဟူလီသည် အလွန်ပင် အားနွဲ့ချည့်နဲ့ပုံရသည်။ သူ၏ခန္ဓာကိုယ်မှာ ပိန်လှီပြီး ကျောကုန်းနေကာ မျက်နှာမှာလည်း ရင့်ရော်အိုမင်းလျက် ရှိနေ၏။ သူ လျှောက်လှမ်းလာပုံမှာလည်း အလွန်အမင်း နှေးကွေးလွန်းလှသည်။ နာမ်ဝိညာဉ်သန္ဓေတည်အဆင့် အဆင့်ရှိ ကျင့်ကြံသူတစ်ဦး ယခုကဲ့သို့ အိုမင်းရင့်ရော်နေခြင်းမှာ သူ၏သက်တမ်းသည် နှစ်ရာမှ သုံးရာကြားတွင် ရှိနေပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။
လျူကျင်း၏ ခန့်မှန်းချက်အရ သူသည် နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် အိုမင်းရင့်ရော်မှုကြောင့် ကွယ်လွန်သွားမည့်သူ ဖြစ်သည်။ သူသည် နောက်ထပ် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့လျှင်ပင် သူ၏ခန္ဓာကိုယ်မှာ ရေရှည်ခံနိုင်ရည်ရှိတော့မည် မဟုတ်ချေ။
ထိုသို့ မြင်တွေ့လိုက်ရမှသာ... မင်္ဂလာစကား ကမ်းလှမ်းလာစဉ်က ဤလူသည် အဘယ်ကြောင့် ရှောင်ဂိုဏ်းဘက်သို့ ယခုကဲ့သို့ မျက်နှာသာပေး ရပ်တည်ခဲ့ရသလဲဟူသော အကြောင်းရင်းမှာ လုံးဝ ကျိုးကြောင်းဆီလျော်သွားတော့သည်။
ထို့နောက် လျူကျင်းသည် ဟူလီ၏အနောက်မှ လိုက်ပါလာသူထံသို့ အကြည့်ကို ရွှေ့လိုက်မိ၏။ ‘ဟူမေလီ’ သည် သူမ၏ဖခင်နောက်မှ စိုးရိမ်စိတ်အပြည့်ဖြင့် တိတ်တဆိတ် လိုက်ပါလာခဲ့သည်။ သူတို့သားအဖနှစ်ဦးစလုံးသည် မည်သူ့ကိုမျှ မျက်လုံးချင်း ဆုံကြည့်ဝံ့ခြင်း မရှိကြချေ။ မိမိတို့အနေဖြင့် ထိုသို့ကြည့်ရှုရန် ထိုက်တန်မှုမရှိကြောင်း ကောင်းကောင်းကြီး သိရှိထားကြသဖြင့် မြေပြင်ပေါ်သို့သာ စူးစိုက်ကြည့်နေကြ၏။
လွန်ခဲ့သည့်နှစ်ရက်ခန့်ကသာဆိုလျှင် သူတို့သည် လက်ကမ်းကြိုဆိုခြင်းကို အပြည့်အဝ ခံရမည်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ရက်ခန့်က ဟူမေလီသည် ဤဂိုဏ်းခွဲ၏ သခင်လေးနှင့် လက်ထပ်ရမည့်သူ ဖြစ်ခဲ့သည် မဟုတ်ပါလား။ လောကကြီး၏ အပြောင်းအလဲဆိုသည်မှာ တကယ့်ကို မြန်ဆန်လွန်းလှပါတကား။
ရှောင်ဒုန်း ကွယ်လွန်သွားခဲ့ပြီ။
လွန်ရှုနှင့် လွန်ခိုင်တို့လည်း အသက်ပျောက်ခဲ့ကြပြီ။
ရှောင်ဒင်နှင့် ရှောင်နန်တို့ မြို့ပြင်သို့ ထွက်ခွာသွားစဉ်အတွင်း ရှောင်ဂိုဏ်းကို ဝံ့ဝံ့စားစား တိုက်ခိုက်ခဲ့ကြသည့် လွန်မျိုးနွယ်စုဝင် အားလုံးသည်လည်း နှိမ်နင်းခြင်း ခံလိုက်ရချေပြီ။ ယခုအခါ သူတို့သည် သေဆုံးသူသေ၊ အဖမ်းခံရသူခံဖြင့် အစအန ပျောက်ခဲ့ရပြီဖြစ်သလို၊ ဝက်ဝံနက်ဓားပြအုပ်စုလည်း လုံးဝချေမှုန်းခြင်း ခံလိုက်ရပြီဖြစ်သည်။
ယခု လဆန်းမြို့တွင်မူ ရှောင်ဂိုဏ်းသည်သာ အထွတ်အထိပ် ဩဇာအာဏာအရှိဆုံး ဖြစ်နေတော့သည်။
ဟူလီနှင့် သူ၏သမီးဖြစ်သူတို့သည် ရှောင်ဒင်၏ရှေ့မှောက် တစ်ဆယ့်ငါးပေခန့်အကွာသို့ ရောက်ရှိလာချိန်တွင် ဒူးထောက်ချလိုက်ကြ၏။
“ဟူမျိုးနွယ်စုက လူတွေနားထောင်ကြ” အကြီးအကဲများထဲမှ တစ်ဦးက စကားဆိုလာသည်။ “ဂိုဏ်းတော်ကြီး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်အတွင်း မင်းတို့ရဲ့ သူရဲဘောကြောင်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အပြုအမူတွေကို ရှင်းပြဖို့ မင်းတို့နှစ်ယောက်လုံးကို ငါတို့ ဆင့်ခေါ်လိုက်တာ ဖြစ်တယ်”
ထိုအကြီးအကဲ၏ စကားလုံးများမှာ မည်သို့မျှ ကွေ့ဝိုက်မနေဘဲ ပြတ်သားလွန်းလှသည်။ လွန်မျိုးနွယ်စုက ရှောင်ဂိုဏ်းကို စတင်ရန်မူ လှုပ်ရှားလာခဲ့စဉ်က ဟူမျိုးနွယ်စုသည် ဘေးကနေ ကြည့်နေခဲ့ပြီး ဘာတစ်ခုမျှ ကူညီလုပ်ဆောင်ပေးခဲ့ခြင်း မရှိချေ။ ထို့ပြင် လွန်ရှု၏စကားသာ မှန်ကန်မည်ဆိုပါက ဟူလီသည် ဆန်းကြယ်သော သစ်ပင်ကြီး၏ တည်ရှိမှုကို ကြိုတင်သိရှိထားပါလျက်နှင့် ဂိုဏ်းတော်ကြီးကို တမင်တကာ ထိန်ချန်လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ လျူကျင်းအနေဖြင့်လည်း ဤအရေးကြီးသော အချက်အလက်ကို ရှောင်နန်နှင့် ရှောင်ဒင်တို့ထံသို့ မပျက်မကွက် တိုက်ရိုက်ပြောပြထားခဲ့ပြီး ဖြစ်လေသည်။
“ကြီးမြတ်လှသော ရှောင်ဂိုဏ်းတော်ကြီး၏ လူကြီးမင်းတို့ခင်ဗျာ…”
ဟူလီသည် သူ၏ဦးခေါင်းကို မြေပြင်နှင့် ထိလုနီးပါးအထိ ပိုမိုနှိမ့်ချလျက် ဦးညွှတ်ကာ ဆိုလာသည်။
"ကျုပ်လို အဖိုးအိုကို ဂိုဏ်းဝင်းအတွင်း ဝင်ခွင့်ပြုပြီး... အကျိုးအကြောင်း ရှင်းပြခွင့် ပေးသနားတဲ့အတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လူကြီးမင်းတို့ နားလည်ပေးပါ။ ကျုပ်အနေနဲ့ ရှောင်ဂိုဏ်းကြီးကို ကျောခိုင်းဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ အဲဒီလို အတွေးမျိုး ကျုပ်ခေါင်းထဲ တစ်ခါမှ မဝင်ဖူးပါဘူးဗျာ။ ကျုပ် သမီးလေးရဲ့ ယောက္ခမ ဖြစ်လာမယ့်သူကို ဘယ်လိုနည်းနဲ့များ ကျောခိုင်းရက်ပါ့မလဲ။"
"သမီးဖြစ်သူရဲ့ မင်္ဂလာရေးကိစ္စကို နောက်မှ ပြောပါ"
လျူကျင်း မှတ်မိသလောက်ဆိုရင် ဤသူမှာ အကြီးအကဲ ‘ဘိမင်း’ ပင် ဖြစ်ရမည်။ သူက ဆက်ပြီး— "အခု ချက်ချင်းပြောစမ်း။ ဘာလို့ ငါတို့ရှောင်ဂိုဏ်းဆီ လာပြီး မကူညီတာလဲ။"
"ကျုပ် ဒီသတင်းဆိုးကို ကြားရတဲ့အချိန်မှာ... ရှောင်ဒုန်းကို သားအရင်းတစ်ယောက်လို ချစ်မြတ်နိုးခဲ့ရလို့ ရင်ကျိုးမတတ် ကြေကွဲခဲ့ရပါတယ်ဗျာ။ အဲဒီလို ခံစားနေရတဲ့ ကြားကနေပဲ... အခြား အရေးကြီးတဲ့ကိစ္စတစ်ခု ပေါ်မလာခဲ့ရင် ကျုပ်ဟာ ရင်ကွဲနာကျနေရင်တောင် ရှောင်ဂိုဏ်းဆီကို မဖြစ်မနေ လာရောက်ခဲ့မှာပါခင်ဗျာ။"
"မင်းရဲ့တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ထက် ပိုပြီး အရေးကြီးတဲ့ ကိစ္စမျိုး ဘာရှိဦးမှာလဲ"
"လေးစားအပ်တဲ့ အကြီးအကဲတို့ရှင့်… ကျွန်မရဲ့ ဖခင် ပြောနေတာက ကျွန်မအကြောင်းကို ရည်ညွှန်းနေတာပါ" ဟူမေလီက တုန်ရီနေတဲ့ လေသံနဲ့ ကြားဖြတ်ပြောလိုက်သည်။ သူမရဲ့ မျက်ဝန်းတွေက တစ်ညလုံး ငိုထားပုံရပြီး နီရဲကာ ဖောင်းအစ်နေ၏။
"ရှောင်ဒုန်းက ကျွန်မရဲ့ အသက်သခင်၊ ကျွန်မအချစ်ဆုံးသူ ဖြစ်ခဲ့တာပါ။ သူကွယ်လွန်ခြင်းသတင်းကို ကြားလိုက်ရတဲ့ ခဏမှာ ကျွန်မရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ရပါတယ်။ စိတ်လောကြီးစွာနဲ့ပဲ ကျွန်မဟာ—”
“သမီး!” ဟူလီက သမီးဖြစ်သူရဲ့ စကားကို ဖြတ်ပြီး အော်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏လေသံမှာ အမိန့်ပေးသံကဲ့သို့ ပြတ်သားအာဏာပါလှ၏။
“ဆက်မပြောနဲ့တော့။”
“မင်း စည်းကျော်လှချေလား ဟူလီ” အကြီးအကဲ ဘိမင်းက လေသံမာမာဖြင့် သတိပေးလိုက်သည်။
“ငါတို့က ဟူလီရဲ့သမီး ဟူမေလီကို စကားပြောခွင့်ပြုတာ ဖြစ်တယ်။ သမီး… ဆက်ပြောစမ်း။”
ထိုမိန်းကလေးက ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏အကြည့်ကိုမူ မြေပြင်ပေါ်မှ လုံးဝမလွှဲပေ။
“ကျွန်မ အသက်ထက်ချစ်ရတဲ့သူ သေဆုံးသွားပြီဆိုတာ သိလိုက်ရလို့ အလွန်အမင်း ရင်ကွဲမတတ် ဝမ်းနည်းကြေကွဲခဲ့ရပါတယ်ရှင့်။ အဲဒါကြောင့်မို့လို့… အဲဒါကြောင့်မို့လို့…”
ဟူမေလီသည် စကားကို ဆက်မပြောနိုင်တော့ချေ။ ထိုအစား သူမသည် ဝတ်ရုံလက်ကိုင်များကို လိပ်တင်လိုက်ပြီး သူမ၏ လက်မောင်းနှစ်ဖက်ကို လူကြီးမင်းတို့၏ ရှေ့မှောက်ဆီသို့ ကမ်းလင့်ပြသလိုက်သည်။ သူမ ယခုကဲ့သို့ လုပ်ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်အတွင်း၌ တီးတိုးရေရွတ်သံများ ဆူညံသွားခဲ့၏။
သူမ၏ လက်ကောက်ဝတ်များပေါ်တွင် ပတ်တီးများကို စည်းနှောင်ထားခြင်း ဖြစ်သည်။ ဟူမေလီသည် ထိုပတ်တီးများကို တရွေ့ရွေ့ ဖြေလျော့လိုက်ရင်း သူမ၏ဒဏ်ရာများကို တစ်ခန်းလုံးရှိ လူများ မြင်တွေ့နိုင်ရန် ချပြလိုက်တော့သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး လျူကျင်း၏ မျက်လုံးများ စူးခနဲ ဖြစ်သွားခဲ့ရ၏။
"ကျွန်… ကျွန်မမှာ လုပ်စရာဆိုလို့ ချစ်သူနောက်ပဲ လိုက်သွားဖို့ ကျန်တော့တယ်လို့ တွေးခဲ့တာပါ။ ကံကောင်းလို့ ကျွန်မရဲ့ အဖေက အချိန်မီ တွေ့သွားခဲ့လို့သာပေါ့… ဒါပေမဲ့ အဲဒီနောက်တော့ သူလည်း ကျွန်မဘေးကနေ ဘယ်မှ မသွားရဲတော့ဘူး။ ကျွန်မရဲ့ အဖေက တစ်ညလုံး ကျွန်မနားမှာပဲ စောင့်ကြည့်ပေးနေခဲ့ပြီး ဘယ်သူ့ကိုမှ အဝင်မခံဖို့ အမိန့်ထုတ်ထားခဲ့တာပါ။ လေးစားရတဲ့ အကြီးအကဲတို့ရှင်… ဒီအပြစ်တွေအားလုံးဟာ ကျွန်မတစ်ယောက်တည်းကြောင့် ဖြစ်ရတာပါ။ ကျွန်မ စိတ်အားငယ်နေလို့သာ မဟုတ်ရင်… ကျွန်မရဲ့ အဖေဟာ ရှောင်ဂိုဏ်းကြီးဆီကို သေချာပေါက် လာကူညီမှာပါရှင်။"
ခေတ္တမျှ ခန်းမတစ်ခုလုံး ဆိတ်ငြိမ်သွားခဲ့သည်။ ထိုတိတ်ဆိတ်မှုကြီးက လူတိုင်းကို အသက်ရှူရပင် မွန်းကြပ်စေ၏။ ရှောင်ဒင်သည် ထိုသားအဖနှစ်ဦးကို စူးစိုက်ကြည့်နေသော်လည်း တစ်ဦးမျှ သူ၏အကြည့်ကို ရင်ဆိုင်ဝံ့ခြင်း မရှိကြချေ။
“ကောင်းပြီလေ…” နောက်ဆုံးတွင် သူက စကားစလိုက်သည်။
“သမီးဖြစ်သူရဲ့ ဘေးနားမှာ စောင့်ရှောက်ပေးနေခဲ့တဲ့ မင်းကို ငါက အပြစ်ရှာနေမယ်ဆိုရင်တော့ ငါ့ဘက်က တရားရာကျမှာ မဟုတ်ဘူးပေါ့။ ဖခင်အချင်းချင်း ကိုယ်ချင်းစာကြည့်ရင် မင်းရဲ့အခြေအနေကို ငါ နားလည်ပေးနိုင်ပါတယ်။ သမီးအတွက် ဖခင်ကောင်းတစ်ယောက် ဖြစ်ပေးခဲ့တဲ့ မင်းကို အပြစ်ပေးဖို့ အကြောင်းမရှိသလို... ငါ့သားအပေါ် အချစ်ကြီးလွန်းခဲ့တဲ့ မင်းရဲ့သမီးကိုလည်း အပြစ်ပေးစရာ မလိုပါဘူး။”
“ကျေးဇူးကြီးလှပါတယ်ဗျာ…” ဟူလီသည် သူ၏ဦးခေါင်းကို မြေပြင်နှင့် ထိသည်အထိ ဦးချလျက် ဆိုလာသည်။ သူ၏သမီးဖြစ်သူကလည်း ထပ်တူပင် လိုက်၍ လုပ်ဆောင်လေ၏။
“သခင်ကြီးဟာ တကယ့်ကို အမျှော်အမြင်ရှိပြီး သဘောထားကြီးလှပါတယ်ဗျာ။”
“ဒါပေမဲ့…” ရှောင်ဒင်က စကားကို ဆက်လိုက်သည်။ “ဒါနဲ့တင် ငါတို့ ရဲ့ မေးမြန်းစုံစမ်းမှုက ပြီးဆုံးသွားတာတော့ မဟုတ်သေးဘူး။”
သူက အကြီးအကဲ ဘိမင်းဘက်သို့ ခေါင်းညိတ်ပြလိုက်ရာ အကြီးအကဲက ဆက်လက်၍ စကားဆိုလာတော့သည်။
“ဟူလီ… သေသွားပြီဖြစ်တဲ့ သစ္စာဖောက် ‘လွန်ရှု’ ဟာ ဂိုဏ်းခွဲခေါင်းဆောင် ရှောင်ဒင်ရဲ့ ဒုတိယသားနဲ့ ပင်မဂိုဏ်းကြီးက လာတဲ့ ငါတို့ရဲ့ ဧည့်သည်တော်တို့ကို ပြန်ပေးဆွဲပြီး ‘သူယောင်မယ်တောအုပ်’ ထဲက လျှို့ဝှက်နယ်မြေတစ်ခုဆီ ခေါ်ဆောင်သွားခဲ့တယ်။ အဲဒီနေရာမှာ သူက ‘သူယောင်သစ်ပင်’ လို့ ခေါ်တဲ့ ထူးဆန်းတဲ့အပင်တစ်ပင် ရှိနေတယ်။ အဲဒီသစ်ပင်ရဲ့ တည်ရှိမှုဟာ ဟူမျိုးနွယ်စုနဲ့ လွန်မျိုးနွယ်စုကြားက ပူးတွဲလျှို့ဝှက်ချက်တစ်ခု ဖြစ်တယ်လို့ သူက ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ဘာပြောချင်လဲ။”
"လေးစားရတဲ့ ရှောင်ဂိုဏ်းက လူကြီးမင်းခင်ဗျာ ….၊ လွန်ရှုက ပေါက်ကရ လျှောက်ပြောတတ်တဲ့လူပဲဟာ... သူ သေချာပေါက် အဲဒီလိုပဲ ပြောခဲ့မှာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်လို အဖိုးအိုကတော့ အဲဒီလို ဆန်းကြယ်တဲ့ သစ်ပင်ရှိမှန်း လုံးဝ မသိရပါဘူး။ ကျုပ် သိတာဆိုလို့... ငါတို့မျိုးနွယ်စုက ခုတ်လှဲရောင်းနေတဲ့ ‘သံမဏိခွံသစ်ပင်’ နဲ့ တောအုပ်ထဲမှာ ရံဖန်ရံခါ ပေါက်တတ်တဲ့ ‘ရွှေရောင်ခွံသစ်ပင်’ ကလွဲလို့ တခြား ဘာသစ်ပင်မှ မသိပါဘူးဗျာ။ ဒါတွေပဲ ကျုပ်တစ်သက်လုံး မြင်ဖူးသမျှ သစ်ပင်တွေပါ။ အစွမ်းထက်တဲ့ ရှောင်ဂိုဏ်းကြီးတောင် ရှာမတွေ့တဲ့ လျှို့ဝှက်နယ်မြေမျိုး ‘သူေယာင်မယ်တောအုပ်’ ထဲမှာ ရှိနေတယ်ဆိုတာကို ကျုပ် လုံးဝ၊ လုံးဝ မသိပါဘူးခင်ဗျာ။"
"ငါ မင်းကို ယုံ တယ်" ရှောင်ဒင်က စကားဆိုလာသည်။
"တကယ်လို့ ငါတို့ မိတ်ဆွေကောင်း ဟူလီသာ အဲဒါကို သိခဲ့ရင်... ငါတို့ကလေးတွေ မင်္ဂလာကိစ္စ ပြောကတည်းက ဒီလျှို့ဝှက်ချက်ကို ငါတို့ကို ပြောခဲ့မှာပေါ့။ ငါ့အပေါ် မရိုးမသား ကြံစည်တာမျိုး မဟုတ်ရင်တော့ ဒါကို ထိန်ချန်ထားစရာ အကြောင်းမရှိဘူး။"
ဂိုက်းခွဲသခင် ရှောင်ဒင်က ထိုသို့ပြောအပြီး တဟားဟား အော်ရယ်လိုက်ရာ တစ်ခန်းလုံးရှိ လူများကလည်း လိုက်၍ ရယ်မောကြတော့သည်။ ဟူလီနှင့် ဟူမေလီတို့သားအဖမှာမူ မရယ်နိုင်ကြချေ။ သူတို့သည် လှုပ်ပင်မလှုပ်ရဲဘဲ အသက်ကိုပင် ခက်ခဲစွာ ရှူနေရ၏။
"သူတို့လည်း မသိတဲ့ကိစ္စကို ငါတို့ကို ကြိုမပြောခဲ့လို့ဆိုပြီး အပြစ်တင်ဖို့ မလိုပါဘူး။ ဝက်ဝံနက်ဓားပြတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကိုလည်း လိုက်စုံစမ်းမနေနဲ့တော့။ အဲဒီဓားပြတွေက ငါတို့ထက် ဟူမျိုးနွယ်စုကို ပိုပြီး ဒုက္ခပေးခဲ့တာပဲ။ ဒီလောက်ဆိုရင်တော့ ဒီကိစ္စ ရှင်းသွားပြီလို့ ငါ ထင်တယ်။ ငါတို့ကြားထဲမှာ ဘာမှ သစ္စာဖောက်တာမျိုး မရှိခဲ့ပါဘူး။"
"ကျေးဇူးကြီးလှပါတယ်ဗျာ…" ဟူလီက ပုခုံးပေါ်က အလုံးကြီး ဝုန်းခနဲ ကျသွားသလိုမျိုး သက်ပြင်းအရှည်ကြီးချရင်း ဆိုသည်။
"ဂိုဏ်းခွဲခေါင်းဆောင်က တကယ့်ကို သဘောထားကြီးလှပါတယ်ဗျာ။ ကျုပ်တို့နှစ်ဖက်ရဲ့ ရင်းနှီးမှုက အခုလို ပြန်တည့်သွားတဲ့အတွက် ကျုပ်ဖြင့် အတိုင်းမသိ ဝမ်းသာရပါတယ်ခင်ဗျာ။
“ဒါပေါ့ဗျာ…ဟားဟား” ရှောင်ဒင်က အနည်းငယ်ရယ်မောရင်း ဆက်ပြောလိုက်သည်။
"ဒါနဲ့… ဟူမျိုးနွယ်စုက အဲဒီဆန်းကြယ်တဲ့ သစ်ပင်အကြောင်းကို မသိဘူးဆိုတော့လည်း... အဲဒီအပင်ကို ကျုပ်တို့ရှောင်ဂိုဏ်းကပဲ အပိုင်သိမ်းလိုက်မယ်ဆိုရင် ခင်ဗျားတို့ဘက်က ငြင်းစရာအကြောင်းမရှိဘူး မဟုတ်လား။"
ထိုအခါမှ မိမိတို့သားအဖနှစ်ဦးစလုံး ထောင်ချောက်အတွင်းသို့ သက်ဆင်းမိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ရသဖြင့် သူတို့၏ခန္ဓာကိုယ်များမှာ နောက်တစ်ကြိမ် ထပ်မံ၍ တောင့်တင်းအေးခဲသွားရတော့သည်။
မဟုတ်သေးပေ… အစကတည်းက သူတို့မှာ ဤထောင်ချောက်ထဲသို့ မဝင်ဘဲ နေနိုင်မည့် ရွေးချယ်ခွင့်ဟူ၍ လုံးဝမရှိခဲ့ခြင်း ဖြစ်၏။ ယခု လဆန်းမြို့၏ အာဏာလုပွဲ တင်းမာမှုများမှာ အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့ချေပြီ။ ရှောင်ဂိုဏ်းက အပြတ်အသတ် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ယခု မြင်ကွင်းမှာ အောင်နိုင်သူက ရှုံးနိမ့်သူကို စိတ်ကြိုက်ကစားပြနေသည့် ဂုဏ်ပြုပွဲသက်သက်မျှသာ ဖြစ်လေတော့သည်။
"ဒါပေါ့လေ…” ရှောင်ဒင်က ဆက်ပြောသည်။
“ကိုယ်တိုင် ရှိမှန်းတောင် မသိတဲ့ပစ္စည်းကို ဟူမျိုးနွယ်စုက ပိုင်ပါတယ်ဆိုပြီး လာတောင်းဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒါက လုံးဝ အဓိပ္ပာယ်မရှိဘူးလေ။ အဲဒီတော့… ယုတ်မာပက်စက်တဲ့ လွန်မျိုးနွယ်စုဆီက ပစ္စည်းကို ငါတို့ရှောင်ဂိုဏ်းက သိမ်းလိုက်တာအပေါ် မင်းတို့ဘက်က ကန့်ကွက်စရာအကြောင်း မရှိတော့ဘူးပေါ့။ ငါတို့က အသီးတွေကို ခူးပြီးပြီ၊ အကောင်းနဲ့အဆိုးကိုလည်း သေသေချာချာ ခွဲပြီးသား။ အဲဒီအသီးတွေကို ငါတို့ဂိုဏ်းက တော်တဲ့သူတွေကို ဆုအဖြစ် ပေးမှာဖြစ်သလို၊ သစ်ပင်ကြီးကို စောင့်ဖို့အတွက်လည်း လူတွေ အထပ်ထပ် ချထားမှာ။ ဒီကိစ္စကို ဟူမျိုးနွယ်စုဘက်က ကန့်ကွက်စရာ မရှိလောက်ဘူး မဟုတ်လား။"
“ဒါ… ဒါပေါ့ဗျာ မိတ်ဆွေဟောင်းကြီး။ ကျုပ်တို့ဘက်က ကန့်ကွက်စရာ ဘာအကြောင်းမှ မရှိပါဘူး” ဟူလီသည် မျက်နှာကြီးတစ်ခုလုံး ပြာနှမ်းလျက် ခက်ခဲစွာ စကားဆိုလာသည်။
သူ၏ဦးခေါင်းကို အောက်သို့ အလွန်အမင်း နှိမ့်ချထားသဖြင့် သူ၏မျက်နှာအမူအရာကို မမြင်ရချေ။ လျူကျင်းအနေဖြင့်လည်း ထိုမျက်နှာကြီး မည်မျှအထိ ပျက်ယွင်းနေမည်ကို တွေးပင်မကြည့်ဝံ့တော့ချေ။
"ကျွန်တော့်ဘက်က ဘာမှ မကန့်ကွက်ပါဘူးဗျာ။ ဒါဟာ အစွမ်းထက်တဲ့ ရှောင်ဂိုဏ်းကြီးကို အတင့်ရဲစွာ ရန်မူပြီး... ကျွန်တော့် သမက်လောင်းအသက်ကို သတ်ပစ်ခဲ့တဲ့ လွန်မျိုးနွယ်စု ခံရမယ့် ဝဋ်ကြွေးပါပဲ။"
ရှောင်ဒင်က အောင်နိုင်သူတစ်ဦးလို အားရပါးရ ပြုံးလိုက်ရင်း— "ဒီကိစ္စကို အဆင်ပြေပြေ ဖြတ်နိုင်ခဲ့လို့ ငါ တကယ် ဝမ်းသာတယ်။ ဒီနေ့ကစပြီး ရှောင်ဂိုဏ်းက ဟူမျိုးနွယ်စုကို ငါတို့ရဲ့ မိတ်ဆွေစစ်အဖြစ် ဝမ်းသာအားရ ပြန်လက်ခံလိုက်ပြီ" ဟု ဆိုသည်။
“ဂိုဏ်းခွဲခေါင်းဆောင်…” အကြီးအကဲ ဘိမင်းက ကြားဖြတ်၍ စကားဆိုလာသည်။ “ကျုပ်တို့တွေဆီမှာ မဟာမိတ်လက်ထပ်ပွဲကိစ္စက ကျန်ရှိနေသေးတယ် မဟုတ်လား။”
“"အော်… ဟုတ်သားပဲ။ အဲဒီကိစ္စ ကျန်သေးတာပဲ။ ငါ မေ့သွားတာ" ရှောင်ဒင်က စိတ်မပါဘဲ လက်ခုပ် တဖြောက်ဖြောက် တီးရင်း ပြောလိုက်သည်။
"ဟူမေလီ… ငါ့သားက မင်းကို သိပ်ချစ်တာဆိုတော့ ငါကလည်း မင်းကို ချွေးမအရင်းလို သဘောထားဖို့ အဆင်သင့်ပဲ။ အခုတော့ ငါ့သား ဆုံးသွားပြီဆိုတော့ ငါတို့အားလုံး ဝမ်းနည်းရတာပေါ့။ ဒါပေမဲ့... မင်းတို့ မင်္ဂလာပွဲဆိုတာ အချစ်တစ်ခုတည်းအတွက် မဟုတ်ဘဲ ငါတို့မိသားစုနှစ်ခု ပေါင်းစည်းဖို့ လုပ်ခဲ့တာလေ။ အခု ငါ့သားလည်း မရှိတော့မှတော့... အဲဒီလို ပေါင်းစည်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး မဟုတ်လား။"
ဟူမျိုးနွယ်စုသည် ရှောင်ဂိုဏ်းနှင့် ပူးပေါင်းရန် ဖြစ်လာခဲ့သည်။ ဟူမျိုးနွယ်စု၏ သစ္စာစောင့်သိမှုကို အာမခံချက်ရရှိပြီးပါက လွန်မျိုးနွယ်စုအနေဖြင့် ရှောင်ဂိုဏ်းကို တော်လှန်ပုန်ကန်နိုင်မည့် နည်းလမ်း လုံးဝရှိတော့မည်မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်တွင် ထိုသို့လုပ်ဆောင်ရန် မလိုအပ်တော့ချေ။ ရှောင်ဂိုဏ်းအနေဖြင့် ဟူမျိုးနွယ်စုကို အားကိုးအားထားပြုရန် အကြောင်းမရှိတော့သောကြောင့် ဖြစ်၏။
သူတို့၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် ထိုသားအဖနှစ်ဦးစလုံးသည်လည်း ဤအမှန်တရားကို ကောင်းကောင်းကြီး ရိပ်မိသွားကြပုံရသည်။ အကယ်၍ ရှောင်ဒင်သာ အလိုရှိပါက ဤမင်္ဂလာကတိကဝတ်ကို အလွယ်တကူပင် ပယ်ဖျက်ပစ်နိုင်သလို၊ သို့မဟုတ်ပါကလည်း ဟူမေလီကို သူအရေးပါသည်ဟု ယူဆသော မည်သည့်ဂိုဏ်းသားနှင့်မဆို အတင်းအဓမ္မ ပေးစားပစ်နိုင်ခွင့် ရှိနေသည်။
“အဲလိုလုပ်လို့ မရသေးဘူးဗျ”
ခန်းမဆောင်တံခါးကြီး ဝုန်းခနဲ ပွင့်ထွက်သွားပြီးနောက် အသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှောင်ဟန်သည် အခန်းတွင်းသို့ အပြင်းအနှင် ဝင်ရောက်လာခဲ့၏။
“မင်း ဒီနေရာကို ဘာလာလုပ်တာလဲ။”
ရှောင်ဒင်က ထိုမေးခွန်းကို မေးမြန်းလိုက်ပုံမှာ စိုးစဉ်းမျှပင် ကြင်နာညှာတာမှုမရှိချေ။ သို့သော်လည်း ရှောင်ဟန်သည် နောက်သို့ လုံးဝဆုတ်နစ်မသွားခဲ့ ပေ။
"အဖေ… အဖေက အစ်ကိုကြီးကတစ်ဆင့် ငါတို့မိသားစုနှစ်ခုကြား ပေါင်းစည်းဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့ပေမဲ့ အဲဒါ မဟုတ်သေးပါဘူးခင်ဗျာ။"
ရှောင်ဟန်သည် သူတို့ထံသို့ လျှောက်သွားပြီး ဟူမေလီဘေးနားမှာ ဒူးထောက်လိုက်ရင်း
"ကျွန်တော့်အစ်ကိုကြီး ကွယ်လွန်သွားတာ မှန်ပေမဲ့ အဖေ့ဘေးနားမှာ နောက်ထပ် သားတစ်ယောက် ရှိနေပါသေးတယ်။"
“မင်း ရူးနေလား၊ အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း၊ ပြီးတော့—”
အဖေ… ကျေးဇူးပြုပြီး ဒါကို ကြည့်ပေးပါဦးခင်ဗျာ!" ရှောင်ဟန်သည် သူ၏ချီစွမ်းအင်ကို အမြန်ဆုံးလှုံ့ဆော်ကာ ထုတ်ဖော်ပြသလိုက်သည်။ ၎င်းမှာ စွမ်းအားအလွန်အမင်းကြီးမားလှသည်တော့ မဟုတ်ချေ။ သူသည် အခြေခံအုတ်မြစ်ချခြင်း အဆင့်မျှ၌သာ ရှိနေဆဲဖြစ်သည်။ လဆန်းမြို့ ဂိုဏ်းခွဲ၏စံနှုန်းနှင့် တိုင်းတာလျှင်ပင် သူ၏ချီစွမ်းအင်စွမ်းအားမှာ အားနည်းလွန်းလှသေးသည်။
သို့သော်လည်း သူ၏ချီစွမ်းအင်သည် ယခင်ကထက် နှစ်ဆင့်မျှ မြင့်တက်သွားခဲ့ပြီဖြစ်သည်။
“ဟင် ဘယ်လိုဖြစ်တာလဲ။” ရှောင်ဒင်တစ်ယောက် အံ့အားသင့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။ သူသာမက ခန်းမဆောင်အတွင်းရှိ လူအားလုံးလည်း ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားကြရ၏။
“ဒါ… ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”
လျူကျင်းသည် ခေါင်းကို ခါယမ်းလိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု သူ ကြိုတင်၍ ရိပ်မိထားခဲ့ပြီးသား ဖြစ်၏။
"ဂိုဏ်းခွဲသခင်ကြီး… သခင်ကြီးမှာ သားတစ်ယောက် ဆုံးရှုံးသွားခဲ့ရပါပြီ" လျူကျင်းက စကားဆိုလာသည်။ သူ၏အကြည့်များမှာ စိုးစဉ်းမျှ တုန်လှုပ်ချောက်ချားခြင်းမရှိချေ။ ခန်းမအတွင်းရှိ လူအများစုက သူ့ထံသို့ အံ့ဩတကြီး လှည့်ကြည့်လာကြသော်လည်း သူကတော့ ရှေ့တည့်တည့်သို့သာ စူးစိုက်ကြည့်လျက်ရှိနေသည်။
"အဲဒါကြောင့် ကျန်ရှိနေတဲ့ နောက်ထပ် သားတစ်ယောက်ကို ဂိုဏ်းခွဲသခင်ဆီ ပိုပြီး ထူးချွန်တဲ့ ပုံစံမျိုးနဲ့ ပြန်အပ်ပေးဖို့ပဲ ကျွန်တော် စဉ်းစားမိခဲ့တာပါ။"
“မင်း… မင်း ဒါကို လုပ်လိုက်တာလား။”
“ရှောင်ဟန်ရဲ့ ရောဂါအခြေအနေဟာ ကုသလို့မရတဲ့အရာမျိုး မဟုတ်ပါဘူး” လျူကျင်းက သူ၏စိတ်ထဲ၌ လှုပ်ခတ်နေမှုထက် ပိုမိုတည်ငြိမ်လှသော လေသံဖြင့် ရှင်းပြလိုက်သည်။
"ကျွန်တော်က ရှောင်ဟန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်ဆို့နေတာတွေကို ပြန်ပြီး ပြုပြင်ပေးခဲ့ရုံပါပဲ။ အခုဆို သူလည်း တခြားသူတွေလိုပဲ ပုံမှန်အတိုင်း ပြန်ကျင့်ကြံလို့ ရပါပြီ။ တကယ်တော့ သူ့ရဲ့ ပါရမီအဆင့်အတန်းက ဆုံးပါးသွားတဲ့ အစ်ကိုဖြစ်သူထက် နိမ့်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ဒီလောက် အချိန်တိုတိုလေးအတွင်းမှာတင် ကျင့်ကြံဆင့် နှစ်ဆင့်အထိ ဒိုင်းခနဲ တက်လာတာကပဲ သက်သေအထင်အရှားပေါ့ဗျာ။"
သူသည် စကားကို အနည်းငယ် ပို၍လေးနက်အောင် ပုံကြီးချဲ့ပြောလိုက်ခြင်းဖြစ်ကြောင်း လျူကျင်းကိုယ်တိုင် သိရှိထားသည်။ ရှောင်ဟန်သည် ကျင့်ကြံခြင်းအဆင့်အတန်း နှစ်ဆင့်အထိ ယခုကဲ့သို့ မြန်ဆန်စွာ အောင်မြင်ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ ထိုစွမ်းအားများ တည်ရှိနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သောကြောင့် ဖြစ်၏။
ယခုအခါ သူ၏အဆုတ်အတွင်းရှိ ပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်ပြီဖြစ်ရာ ငြိမ်သက်နေခဲ့သော ချီစွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ ကြီးမားလှသော အရှိန်အဟုန်ဖြင့် ပြန်လည်စီးဆင်းလာခဲ့ခြင်း ဖြစ်သည်။ လျူကျင်းအနေဖြင့် အလွန်ဆုံး နောက်ထပ်အချိန်ခြောက်လအတွင်းမှာတင် ရှောင်ဟန်သည် အတွင်းအားစုစည်းခြင်း အဆင့်သို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည်ဟု ရဲရဲကြီး လောင်းကြေးထပ်ရဲလေသည်။
“ငါ…” ရှောင်ဒင်သည် ရှောင်ဟန်ဘက်သို့ လှည့်လိုက်မိသည်။ “သား… ဒါ တကယ်ပဲလား။”
“ဟုတ်ပါတယ် အဖေ …သခင်လေးလျူက သားကို ကုသပေးခဲ့တာပါ။ သူ့ကျေးဇူးကြောင့် သားရဲ့ကျင့်ကြံခြင်းလမ်းစဉ်က တားဆီးမှုမရှိဘဲ ပုံမှန်အတိုင်း ပြန်လည်ပတ်လာတာပါခင်ဗျ”
ထိုအခိုက်အတန့်တွင် ရှောင်ဒင်သည် သူ၏သားဖြစ်သူကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်တော့သည်။ ရှောင်ဟန်မှာမူ ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့သဖြင့် သူ၏ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့ရ၏။
“တကယ့်ကို ထူးဆန်းတဲ့ အဖြစ်ကြီးပါလား” ရှောင်ဒင်က ရေရွတ်လိုက်သည်။
“သားတစ်ယောက် ဆုံးရှုံးသွားခဲ့ရပေမဲ့... နောက်ထပ်သားတစ်ယောက်ကို ပြန်ရလိုက်ရသလိုပဲ။ ဘယ်လောက်တောင် နာကျင်ရသလို၊ ဘယ်လောက်တောင် ဝမ်းမြောက်စရာ ကောင်းလိုက်သလဲ။”
ခန်းမဆောင်အတွင်းရှိ လူတိုင်းက ဆိတ်ငြိမ်စွာ စောင့်ကြည့်နေကြပြီး မိနစ်အတော်ကြာမှသာ ရှောင်ဒင်သည် ရှောင်ဟန်ကို ရင်ခွင်ထဲမှ ပြန်လည်လွှတ်ပေးလိုက်သည်။
“ကောင်းပြီလေ…” ရှောင်ဒင်က ဆိုသည်။
“မင်းကို စကားပြောခွင့်ပြုမယ်။ မင်း ဘာပြောချင်လဲဆိုတာ ရဲရဲဝံ့ဝံ့သာ ပြောစမ်း သား”
ရှောင်ဒင်သည် သူ၏ထိုင်ခုံနေရာသို့ ပြန်လည်ထိုင်လိုက်ပြီး ရှောင်ဟန်အား စကားဆက်ရန် အမူအရာဖြင့် ညွှန်ကြားလိုက်၏။ ရှောင်ဟန်သည် ခေတ္တမျှ ဘာပြောရမည်ကို မသိဘဲ လမ်းပျောက်နေပုံရသဖြင့် လျူကျင်းက သူ့ကို အားပေးသည့်အနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
“ကျွန်… ကျွန်တော် ” သူက စကားစလိုက်သည်။
"အဖေ… အဖေက သားကြီးမရှိတော့လို့ မိသားစုနှစ်ခု ပေါင်းစည်းဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုခဲ့ပေမဲ့ ကျွန်တော်ကလည်း အဖေ့ရဲ့ သားအရင်းတစ်ယောက်ပဲ မဟုတ်လား။ အစ်ကိုကြီးက သူ့တာဝန်ကို ဆက်ပြီး မထမ်းဆောင်နိုင်တော့ဘဲ မိသားစုနှစ်ခုကို မတွဲပေးနိုင်တော့ဘူး ဆိုရင်တော့... ဒီတာဝန်က ကျွန်တော့် ပုခုံးပေါ် ရောက်လာဖို့ပဲ ရှိတော့တာပေါ့ ခင်ဗျာ။"
ထိုစကားကို ကြားလိုက်ရသည့်အခါ လျူကျင်းတစ်ယောက် စိတ်ထဲမှနေ၍ အမြင်ကတ်မိသွားသည်။ တယ်လဲ တာဝန်ကြီးလှချေလား ဟုတ်ပါပြီဗျာ။ တစ်နည်းအားဖြင့် ပြောရလျှင် ရှောင်ဟန်တစ်ယောက်ဤမျှလောက်အထိ သူ၏အစ်ကိုဖြစ်သူ လက်ထပ်ရမည့် သတို့သမီးကို ဆက်ခံရန် အခွင့်အရေးကို လက်လွတ်မခံဘဲ အလျင်အမြန်ပင် အရိုက်အရာဝင်ယူလိုက်ပုံမှာ အံ့ဩစရာပင် ကောင်းလှပေတော့သည်။
အကယ်၍ ဤလုပ်ရပ်က ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံနှုန်းများနှင့်သာ ကွဲလွဲမနေခဲ့လျှင် အမှန်တကယ် ချီးကျူးစရာကောင်းလှပေလိမ့်မည်။ လျူကျင်းတစ်ယောက် နောက်ပိုင်းကျမှ ရှောင်ဟန်ကို သီးသန့်ခေါ်ပြီး သေသေချာချာ စကားပြောဆိုဆုံးမရပေဦးမည်။
“မင်းရဲ့ လျှောက်တင်ချက်က ကျိုးကြောင်းဆီလျော်မှု ရှိပါတယ် သားကြီး။ ဒါပေမယ့်မင်္ဂလာပွဲဆိုတာ နှစ်ဦးနှစ်ဖက်စလုံးရဲ့ သဘောတူညီချက် လိုအပ်တာပေါ့” ဟု ရှောင်ဒင်က ဆိုလိုက်ရင်း မျှော်လင့်မထားသော အခြေအနေများကြောင့် သိသိသာသာ အံ့အားသင့်နေကြသည့် ဟူမျိုးနွယ်စုဝင် သားအဖနှစ်ဦးကို လှမ်း၍ကြည့်လိုက်သည်။
“ခင်ဗျားတို့ဘက်ကကော ဒီကိစ္စအပေါ် ကန့်ကွက်စရာ တစ်စုံတစ်ရာ ရှိပါသလား။ ဘာပဲဖြစ်ဖြစ်... ကျုပ်သားနဲ့ ခင်ဗျားတို့သမီးရဲ့ မင်္ဂလာပွဲဆိုတာ မဟာမိတ်အရ နှောင်ဖွဲ့တာ မှန်ပေမဲ့ အချစ်ကိုအခြေခံပြီး ဖြစ်ပေါ်လာခဲ့တာ မဟုတ်လား။”
“ကျုပ်ဘက်က ဒီမင်္ဂလာပွဲကို သဘောတူခဲ့တာဟာ ကျုပ်တို့မိသားစုတွေကြား ငြိမ်းချမ်းမှုရရှိဖို့အတွက်တင်မကဘဲ ကျုပ်သမီးလေးကို ပျော်ရွှင်စေချင်လို့ပါဗျာ” ဟူလီက ဆိုလာသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး သမီးဖြစ်သူရဲ့ဆန္ဒအတိုင်းပဲ ကျုပ်နာခံပါ့မယ်။”
ဟူမေလီသည် သူမ၏ဦးခေါင်းကို မော့လိုက်ပြီး ရှောင်ဟန်ကို စူးစိုက်ကြည့်လိုက်၏။
"ကျွန်မ အစ်ကိုကြီးကို အလွန်ချစ်ခဲ့တာ မှန်ပါတယ်ရှင့်။ တကယ်ကို ချစ်ခဲ့တာပါ။ ဒါပေမဲ့... ကျွန်မတို့ မျိုးနွယ်စုရဲ့ ရှေ့ရေးအတွက်တော့ ကျွန်မအနေနဲ့ ဒီမင်္ဂလာပွဲကို ဝမ်းမြောက်ဝမ်းသာ လက်ခံမှာဖြစ်ပြီး ရှောင်ဟန်အတွက် အကောင်းဆုံး ဇနီးကောင်းတစ်ယောက် ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားသွားပါ့မယ်။"
ရှောင်ဟန်တစ်ယောက် ပါးစပ်မစိနိုင်လောက်အောင်အထိ အားရပါးရ ပြုံးပျော်သွားချိန်တွင် ရှောင်ဒင်က အားရပါးရ လက်ခုပ် တဖြောက်ဖြောက် တီးလိုက်ရင်း
"ကဲ... ဒါဆိုရင်တော့ အားလုံး ရှင်းသွားပြီ။ ငါတို့ မင်္ဂလာပွဲကို ပျော်ပျော်ပါးပါး ဆက်ကျင်းပကြမယ်။ အားလုံးပဲ စိတ်လွတ်ကိုယ်လွတ် သောက်ကြစားကြ၊ ဆင်နွှဲကြစို့။ စိတ်ညစ်စရာ အချိန်တွေအားလုံး ပြီးဆုံးသွားပါပြီ။ အခုကစပြီး ငါတို့အားလုံးဟာ မိသားစုတစ်ခုတည်း ဖြစ်သွားကြပြီ။ ပိုပြီး တောက်ပတဲ့ အနာဂတ်နဲ့ သာယာတဲ့ ဘဝသစ်တွေကို ပိုင်ဆိုင်ကြရအောင်ဗျာ…"