← Chapters

အခန်း (၅၁၁-၅၁၂)

Vol. 52 Ch. 511-512

အခန်း (၅၁၁-၅၁၂)

Vol. 52 Ch. 511-512

အခန်း (၅၁၁) - မိုးကြိုးတောင်တန်း.... ငါ လော့ချန် လာခဲ့ပြီ

“ကျွန်တော် အစီအရင်အတတ်ပညာအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိခဲ့ပါတယ်....”

မင်လုံယွီ၏ အသံတွင် အပြစ်ရှိစိတ်နှင့် နောင်တတရားတို့ အလိပ်လိပ် ရောယှက်နေတော့သည်။

“မိုးကြိုးတောင်တန်းရဲ့ မြေပြင်အနေအထားက ပြင်းထန်တဲ့ တွန်းကန်အား ရှိနေတာမို့ ပြီးပြည့်စုံတဲ့ အစီအရင်တစ်ခုချဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး.... တိမ်ပြိုဂိုဏ်းက ရွှေအမြုတေအဆင့် စီရင်စုသခင်တစ်ယောက် ချထားတဲ့ တတိယအဆင့် ခံစစ်အစီအရင်တောင်မှ အဆင့်တူပြိုင်ဘက်ရှေ့မှာ ထင်းအစည်းပြေသလို ပြေသွားခဲ့ပါတယ်"

“ဒါကြောင့် ကျွန်တော် ငါးလလောက် အချိန်ယူ ခေါင်းအေးအေးထားပြီး ဒေသန္တရအခြေအနေနဲ့ ကိုက်ညီမယ့် တိုက်စစ်အစီအရင်တစ်ခုဖြစ်တဲ့ မိုးကြိုးငါးချက်အစီအရင်ကို ဖန်တီးခဲ့တယ်”

“မိုးကြိုးတောင်တန်းမှာ နေရာအနှံ့ ရှိနေတဲ့ မိုးကြိုးစွမ်းအားတွေကို အသုံးချပြီး ဒီတိုက်စစ်အစီအရင်က အခြေတည်အဆင့်နှောင်းပိုင်းက ကျင့်ကြံသူကြီးတွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိတယ် အဖွဲ့ချုပ်ခေါင်းဆောင်”

“ဒါပေမဲ့ အဲဒီတိုက်ပွဲက ဒီလောက်အထိ ဗြုန်းစားကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ထဲက ဘယ်သူမှ မျှော်လင့်မထားခဲ့ကြဘူး.... အရင်တုန်းက တိုက်ပွဲတွေက ချီသန့်စင်နဲ့ အခြေတည်အဆင့်အတွင်းမှာပဲ ကန့်သတ်ထားတာမို့လို့ ရွှေအမြုတေစီရင်စုသခင်ကိုယ်တိုင် လက်ဦးမှုယူပြီး ဝင်တိုက်လိမ့်မယ်လို့ ဘယ်သူမှ မတွေးမိခဲ့ကြဘူး”

“တိုက်ပွဲစဖြစ်ပွားချိန်မှာ ကျွန်တော် အစီအရင်ကို အသက်သွင်းပြီး ရန်သူ့ဘက်က အခြေတည်ကျင့်ကြံသူ ငါးယောက်ကို တစ်ချက်တည်းနဲ့ အမှုန့်ခြေပစ်ခဲ့တယ်.... ဒီလိုတိုက်ပွဲရလဒ်နဲ့ တစ်ဖက်လူကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ ကျန်နေတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေက လုံးဝ နောက်မဆုတ်ဘဲ ဇွတ်အတင်း တိုးဝင်လာခဲ့ကြတယ်....”

“အဲဒီအချိန်မှာ ဝမ်ယွမ်က ကျွန်တော့်ကို လူတွေခေါ်ပြီး ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တယ်၊ သူတို့သုံးယောက်ကတော့ လမ်းပိတ်ပြီး ခုခံဖို့ ကျန်ရစ်ခဲ့တယ်၊ နောက်ဆုံးမှာတော့ လီယင်ကျန်း ဒဏ်ရာအပြင်းအထန်ရပြီး ချီလုံဓားက ရန်သူ့လက်ထဲ ရောက်သွားခဲ့ရတယ်၊ ရွှီဟွမ်ကျန်းက သူ့ကို ကယ်တင်ဖို့ ဒုတိယအဆင့် နှင်းဗျိုင်းဖြူကို စွန့်လွှတ်ခဲ့ရတယ်၊ ဝမ်ယွမ်ကတော့ သူ့ရဲ့ သက်စောင့်လက်ညှိုးကို အကြိမ်ကြိမ် ဆက်တိုက်ထုတ်သုံးပြီး သူတို့နှစ်ယောက် ထွက်ပြေးနိုင်အောင် အကာအကွယ်ပေးခဲ့တယ်၊ နောက်ဆုံးမှာတော့ ရန်သူတွေရဲ့ လိုက်လံတိုက်ခိုက်ခြင်းကို ခံရပြီး ညမှောင်မှောင်ထဲမှာ ပျောက်ဆုံးသွားခဲ့ရပါတယ် အဖွဲ့ချုပ်ခေါင်းဆောင်"

သူ ခေတ္တရပ်လိုက်ပြီး တုန်ရင်နေသော အသံဖြင့် ဆက်ပြော၏။

“ကျွန်တော်တို့ အဋ္ဌမမြောက်တောင်တန်းဆီ ပြန်ဆုတ်လာပြီးတဲ့နောက်မှာတော့ တွမ်ဖုန်း ရောက်လာပြီး စောင့်ရှောက်ပေးခဲ့တယ်၊ အဲ့လိုနဲ့ ကျွန်တော်လည်း အခုမှ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်ပြီး ဒီပြန်လာခွင့်ရခဲ့တာ"

စကားအဆုံးတွင် မင်လုံယွီ ရှိုက်ကြီးတငင် ဖြစ်သွားပြီး မျက်ဝန်းအစုံမှာလည်း နီရဲလာခဲ့သည်။ ထိုတိုက်ပွဲကား အမှန်တကယ်ပင် အော့နှလုံးနာဖွယ်ရာ ကောင်းလှပေသည်။ အခြားစခန်းများ၏ ထိခိုက်ဒဏ်ရာရမှုကို သူ မသိသော်လည်း လော့ထျန်းအဖွဲ့ဘက်တွင်မူ ထက်ဝက်နီးပါး သေကျေပျက်စီးခဲ့ရသည်။ အခြေတည်ကျင့်ကြံသူ လေးဦးအနက် တစ်ဦးက ဒဏ်ရာအပြင်းအထန်ရကာ၊ တစ်ဦးက ပျောက်ဆုံးနေပြီး ကျင့်ကြံမှုအမြင့်ဆုံးဖြစ်သည့် ရွှီဟွမ်ကျန်းပင်လျှင် အားကိုးရသော ဒုတိယအဆင့် သားရဲတစ်ကောင် ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ သူ တစ်ဦးတည်းသာလျှင် မည်သည့်ဒဏ်ရာမျှမရဘဲ ပြန်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော် အဖွဲ့ကို မျက်နှာပျက်အောင် လုပ်မိပါပြီ၊ ကျွန်တော် သေထိုက်ပါတယ်ဗျာ"

လော့ချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာအမူအရာက တည်တံ့လျက် ရှိသည်။ နောင်တရလျက် အပြစ်မကင်းစိတ်ဖြင့် နာကျင်နေသော ထိုအမျိုးသားကို ကြည့်ရင်း ခေတ္တမျှ မည်သို့နှစ်သိမ့်ရမည်ကိုပင် မသိတော့ပေ။ မထွက်ခွာမီက မင်လုံယွီသည် ထိုနေရာတွင် အစီအရင်ကြီးတစ်ခု ချထားပြီး လော့ထျန်းအဖွဲ့ ညီအစ်ကိုများ၏ အသက်ကို ကာကွယ်ပေးမည်ဟု အမှန်ပင် ပြောခဲ့ဖူးသည်။ ယခုရလဒ်မှာမူ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခါးသီးလွန်းလှပေသည်။ စစ်မြေပြင်ထက်တွင် အခြေတည်အဆင့် အစောပိုင်းမျှသာ ရှိသေးသော ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုမျှ အပြောကြီးခဲ့မိသည် မဟုတ်ပါလော။

သို့သော်လည်း ပြောသင့်ပြောထိုက်သည်များကိုမူ သူ ပြောရပေမည်။

“ဒီကိစ္စနဲ့ပက်သက်ပြီး မင်းမှာ ဘာအပြစ်မှမရှိဘူး၊ မင်း အကောင်းဆုံး လုပ်ခဲ့ပြီးပြီ၊ တကယ်လို့ မင်းသာ အစီအရင်ကြီးကို မချထားခဲ့ဘူးဆိုရင် ထက်ဝက်တောင် အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး၊ အခုတော့ သွားပြီး အနားယူလိုက်ပါဦး၊ နောက်နှစ်ရက်နေရင် တိုက်ပွဲအစီရင်ခံစာအပြည့်အစုံကို ပြင်ဆင်ပြီး မုရုံချင်းလျန်ဆီ ပေးလိုက်ပါ"

မင်လုံယွီ တစ်ခုခု ဆက်ပြောချင်သေးသော်လည်း လော့ချန် လှည့်ထွက်သွားပြီး ဖြစ်ကာ ဟွေ့ရှင်းခန်းမဆောင်၏ တံခါးမကြီးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။

ခန်းမကြီးအတွင်း၌မူ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိသည်။

မင်လုံယွီသည် စကားတစ်ခွန်း ပြောရန် ထပ်မံကြိုးစားမိသော်လည်း နောက်ဆုံးတွင်မူ အပြစ်မကင်းသော စိတ်အစုံဖြင့် ထွက်ခွာသွားခဲ့ရလေသည်။

....

သစ်သားနက်ခေါင်းတလားရှေ့တွင်....။

လော့ချန်သည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ရုပ်အလောင်းပေါ်သို့ သူ၏လက်နှစ်ဖက်ကို ညင်သာစွာ တင်လိုက်သည်။ သန့်စင်လှသော သစ်သားဓာတ် ချီစွမ်းအားများသည် သူ၏လက်ဖဝါးများမှတစ်ဆင့် အလောင်းပေါ်သို့ လွှမ်းခြုံသွားခဲ့သည်။ ပုပ်ပွနေသော အသားစများက ပုံမှန်အတိုင်း ဖြစ်လာပြီး ကျိုးပဲ့နေသော အရိုးများကလည်း ပြန်စေ့သွားကာ ဆိုးရွားလှသော ဒဏ်ရာကြီးများလည်း ပိတ်သွားခဲ့သည်။ ထို့နောက်တွင်မူ နီမြန်းစိုပြည်သော မျက်နှာတစ်ခုက ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ကြမ်းတမ်းပြီး ရင့်ကျက်ကာ လောကဓံကို အလူးအလဲ ခံထားရသော မျက်နှာ ဖြစ်သည်။ ထိုမျက်နှာကား လော့ချန်၏ စိတ်ထဲတွင် အမြဲမှတ်မိနေသော စီမာရှန့်၏ မျက်နှာပင် ဖြစ်တော့သည်။

စိတ်ကို အတန်ငယ် ထိန်းချုပ်နိုင်ကာစ ရှိသေးသော စီမာဟွေ့နန်သည် ဤမျက်နှာကို မြင်လိုက်ရသည့်အခါတွင်မူ မအောင့်နိုင်တော့ဘဲ ထပ်မံ၍ ရှိုက်ကြီးတငင် ငိုကြွေးမိပြန်သည်။ ယခုအချိန်တွင် သူမ၌ ပုံမှန်လို ခိုင်မာထက်မြက်သော အမျိုးသမီးခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါမျိုး မရှိတော့ပေ။ လေတိုက်လျှင် လဲပြိုတော့မည့် မြက်ပင်ငယ်လေးတစ်ပင်ကဲ့သို့ နုနယ်ပျော့ပြောင်းနေခဲ့သည်။

“ကျွန်မတို့ မောင်နှမသုံးယောက်က လူသားမြို့တော်ကြီးတစ်ခုကနေ လာခဲ့ကြတာ၊ မိသားစုအခြေအနေက အစပိုင်းမှာ တော်တော်လေး ပြည့်စုံပေမဲ့ နောက်ပိုင်းမှာ စီးပွားပျက်ပြီး ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်၊ အစ်ကိုကြီးက ကျွန်မနဲ့ ဝမ်ကျဲကို တစ်ဖက်တစ်လမ်းကနေ ရှာဖွေကျွေးမွေးပြီး အရွယ်ရောက်တဲ့အထိ ပျိုးထောင်ပေးခဲ့တာ”

“နောက်ပိုင်းမှာ ကံကောင်းထောက်မစွာနဲ့ ကျင့်ကြံခြင်းလမ်းစဉ်နဲ့ ဆုံစည်းခွင့်ရခဲ့ပြီး ကျွန်မတို့မောင်နှမသုံးယောက်စလုံးမှာ ဝိညာဉ်အမြစ် ရှိနေတာကြောင့် ကျင့်ကြံခြင်းလောကထဲကို ခြေစုံပစ် ဝင်ခဲ့ကြတယ်”

သူမ ခေါင်းတလားအတွင်းရှိ ရုပ်အလောင်းကို စိုက်ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိ၏။

“အပြင်လူတွေကတော့ ကျွန်မကို စီမာမောင်နှမ သုံးယောက်ရဲ့ ခေါင်းဆောင်လို့ အမြဲမြင်ကြတယ်၊ ကျွန်မပဲ အရာရာကို စီစဉ်ခဲ့ပြီး ကျွန်မပဲ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်၊ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကိုလည်း ကျွန်မပဲ ဦးဆောင်ခေါ်ခဲ့တယ်ပေါ့”

“ဒါပေမဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံရတိုင်း အမြဲအရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပြီး ခုခံကာကွယ်ပေးခဲ့တာကတော့ အစ်ကိုကြီးပဲ၊ အမြဲတမ်းလည်း သူကိုယ်တိုင်ပဲ အသက်စွန့်ခုခံဖို့ ရွေးချယ်ခဲ့တာ"

“ကျွန်မက အစ်ကိုကြီးကို အဖော်တစ်ယောက်လောက် ရှာစေချင်ပြီး အေးအေးချမ်းချမ်းနဲ့ သာမန်ဘဝမျိုး ဖြတ်သန်းစေချင်ခဲ့တာ၊ ဒါပေမဲ့ သူကတော့ ‘ညီမလေးက အများအမြင်မှာ ကြည့်ကောင်းပြီး အရှိန်အဝါရှိနေပေမဲ့ ဘယ်နှစ်ယောက်က နောက်ကျောဓားနဲ့ထိုးဖို့ ချောင်းမြောင်းနေလဲဆိုတာ မသိဘူး၊ ငါ ပိုပြီး ကြိုးစားကျင့်ကြံမှသာ ညီမလေးအတွက် အခိုင်မာဆုံး နောက်ခံတံတိုင်းကြီး ဖြစ်ပေးနိုင်မှာ’ တဲ့၊ ဟုတ်ပါတယ်.... သူ ဒီစကားကို ကျွန်မကို တိုက်ရိုက်ပြောခဲ့တာ မဟုတ်ပါဘူး၊ သူက အမြဲတမ်း စကားနည်းတဲ့သူမို့လို့ တစ်ခါက အရက်မူးနေတုန်း ဝမ်ကျဲကို သီးသန့် ပြောပြခဲ့တာ"

“အခြေတည်အဆင့်ကို ကျရှုံးသွားတာက သူ့အတွက် အနာကျင်ရဆုံး အရာပဲ ဖြစ်လိမ့်မယ်၊ အဲ့ဒီအချိန်ကစပြီး သူ ပိုလို့တောင် စကားနည်းသွားခဲ့ပြီး တိုက်ခိုက်ရေးနန်းဆောင်အတွက်ပဲ အင်အားအကုန် စိုက်ထုတ်ခဲ့တာ၊ ဒါပေမဲ့ သူ မိုးကြိုးတောင်တန်းမှာ သေဆုံးသွားလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးမိခဲ့ဘူး”

“မဟုတ်ဘူး.... အမှန်အတိုင်း ပြောရရင် ကျွန်မ ဒါကို စောစောစီးစီး သိထားသင့်တာ၊ လူဆိုတာ ဘယ်လိုလုပ် မသေဘဲ နေမှာလဲ၊ အခြေတည်အဆင့် ကျင့်ကြံသူတွေတောင် သေနိုင်တာပဲဥစ္စာ”

“ဒါပေမဲ့လည်း....”

လော့ချန် ထိုအမျိုးသမီးကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ဖက်ထားလိုက်သည်။ အမြဲ နှုတ်မှုစွမ်းရည် ထက်မြက်လှပြီး အဆင့်မြင့်ကျင့်ကြံသူများရှေ့တွင်ပင် စကားကို ရေပက်မဝင် ပြောနိုင်သော သူသည် ယခုကဲ့သို့ နုနယ်နေသော မိန်းမသားတစ်ဦး၏ ရှေ့တွင်မူ မည်သည့်နှစ်သိမ့်စကားက အသင့်တော်ဆုံး ဖြစ်မည်ကို မတွေးတောနိုင်တော့ပေ။ သူ ပြုလုပ်နိုင်သည်မှာ သူမအား တင်းကျပ်စွာ ပွေ့ဖက်ထားပေးရုံမျှသာ ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ ခန်းမအတွင်းရှိ ဖယောင်းတိုင်မီးများသည် လေထဲတွင် တဖျတ်ဖျတ် တုန်ခါနေကြပြီး ၎င်းတို့ထံမှ ထွက်ပေါ်လာသော အခိုးအလျှံများသည် အမိုးမျက်နှာကြက်ဆီသို့ လိပ်တက်သွားကြ၏။

ရုတ်တရက် ခေါင်းတလားအဖုံး ပိတ်သွားသည့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် နုနယ်နေသော မိန်းမသားသည် သူမ၏ မျက်ရည်များကို သုတ်ကာ လော့ချန်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိလိုက်သည့် ခဏ၌ လော့ချန် သိလိုက်ရသည်မှာ ပျော့ညံ့မှုများ အားလုံး ကွယ်ပျောက်သွားခဲ့သည်ကိုပင်။ သူ ရင်းနှီးခဲ့သော စီမာဟွေ့နန် ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

“အဆင်ပြေရဲ့လား....” ဟု သူ တိုးညင်းစွာ မေးလိုက်၏။

“ကျွန်မ အဆင်ပြေပါတယ်"

သူမ ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ သူမ၏ နှာခေါင်းသည် ရှိုက်သံကြောင့် အနည်းငယ် ပိတ်နေသေးသော်လည်း သူမ၏ အမူအရာမှာမူ အလွန်ပင် ခိုင်မာပြတ်သားလျက် ရှိနေချေပြီ။

“လူ ဆိုတာ တစ်နေ့နေ့ကျရင် သေရမှာချည်းပဲ၊ ကျန်းဝမ်လည်း သေပြီ၊ အဘွားယွမ်လည်း သေပြီ၊ လော့ထျန်းအဖွဲ့က ကျင့်ကြံသူတွေ အများကြီးလည်း သေခဲ့ပြီ၊ ကျွန်မရဲ့ အစ်ကိုကြီးကရော ဘာလို့ ကင်းလွတ်ခွင့် ရရမှာလဲ"

သူမ ခေါင်းတလားကို စိုက်ကြည့်ရင်း မတုန်မလှုပ်သော လေသံဖြင့် ဆက်ပြော၏။

“သူ မိုးကြိုးတောင်တန်း စစ်မြေပြင်ကို ခြေချခဲ့တဲ့ အချိန်ကတည်းက ဒါကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်မှာပါ၊ အသက်ရှင်နေတဲ့သူတွေကတော့ ဆက်ပြီး ရှေ့ဆက်လျှောက်ရဦးမှာပဲ"

လော့ချန် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း တွေဝေသွားမိပြီး ခေတ္တမျှ ဘာပြောရမှန်း မသိဖြစ်သွားရပြန်သည်။ ဤသည်မှာ သူ မှတ်မိထားသော စီမာဟွေ့နန် အမှန်ပင် ဖြစ်၏။ စိတ်ဓာတ်သန်မာပြီး ဆုံးဖြတ်ချက် ပြတ်သားကာ မည်သည့်အရာကိုမျှ ကြောက်ရွံ့တုံ့ဆိုင်းခြင်း မရှိသူ ဖြစ်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... တိုက်ခိုက်ရေးနန်းဆောင်ဟာ တစ်ရက်ကလေးတောင် ခေါင်းဆောင်မရှိဘဲ ရှိနေလို့ မရပါဘူး"

“အင်း"

“ကျွန်မ ဆုံးဖြတ်ပြီးပြီ၊ ဘီယန်ကျန်းကို တိုက်ခိုက်ရေးနန်းဆောင်သခင်အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်မယ်၊ ဆေးဝါးနန်းဆောင်ဘက်ကိုတော့ ရှို့ကုကို အစားထိုး တာဝန်ယူခိုင်းမယ်၊ သူမက အစတည်းက....”

လော့ချန် သူမ၏ စကားကို ဖြတ်ပြောလိုက်၏။

“ငါ ကိုယ်တိုင် လုပ်မယ်"

စီမာဟွေ့နန် ရုတ်တရက် ခေါင်းမော့လာပြီး သူမ အရှေ့ရှိ အမျိုးသားကို စိုက်ကြည့်လိုက်တော့သည်။

မှောင်ရိပ်သန်းနေသော ခန်းမကျယ်ကြီးအတွင်း မားမားမတ်မတ် ရပ်တည်နေသော ထိုအမျိုးသားက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“တိုက်ခိုက်ရေးနန်းဆောင်ဆိုတာ လော့ထျန်းအဖွဲ့ရဲ့ ဓားတစ်လက်ပဲ၊ ဓားတစ်လက်က ဘယ်လိုလုပ် တုံးနေလို့ရမှာလဲ၊ အစ်ကိုဝမ်က သန်မာပေမဲ့ သူက သူ့ရဲ့ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံရှိတာ၊ အဲဒီတုန်းက တခြားနည်းလမ်းမရှိလို့သာ မင်းရဲ့အစ်ကိုကြီးကို အစားထိုး တာဝန်ယူခိုင်းခဲ့ရတာ၊ သူ အတော်လေး ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ငါ အခြေအနေတွေကို လျှော့တွက်မိခဲ့တယ်၊ ဒါတွေဟာ ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက် ပုခုံးထမ်းနိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူး၊ ဒီနေ့ လော့ထျန်းအဖွဲ့ကို ကြည့်လိုက်ရင် ဒီတုံးနေတဲ့ ဓားကို ပြန်ပြီး သွေးနိုင်မယ့်သူဆိုလို့ ငါ တစ်ယောက်တည်းပဲ ရှိတော့တယ်"

စီမာဟွေ့နန် မနေနိုင်ဘဲ တားဆီးရန် ကြိုးစားမိသည်။

“ဒါပေမဲ့....”

“ဒါပေမဲ့ ဆိုတာ မရှိဘူး"

“ကျဆုံးသွားတဲ့ ကျင့်ကြံသူတွေကို သင်္ဂြိုဟ်ပြီးတာနဲ့ ငါ ကိုယ်တိုင် မိုးကြိုးတောင်တန်း စစ်မြေပြင်ဆီသွားပြီး လော့ထျန်းအဖွဲ့ရဲ့ ကျင့်ကြံသူတွေကို ဦးဆောင်မယ်"

“အဲဒီနေရာက အရမ်းအန္တရာယ်များပါတယ်....”

အမျိုးသမီးက လေသံတိုးတိုးဖြင့် တောင်းပန်တိုးလျှိုးသည့်အလား ဆိုရှာသည်။

လော့ချန် ခေါင်းခါယမ်းလိုက်၏။

“ကျင့်ကြံခြင်းလမ်းစဉ်မှာ အစတည်းက အေးချမ်းသာယာပြီး ချောမွေ့လှပတယ်ဆိုတာ မရှိဘူး၊ ဒီနှစ်တွေတစ်လျှောက်လုံး လော့ထျန်းအဖွဲ့ရဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်မှန်သမျှဟာ ငါ့ရဲ့ ကွပ်ကဲမှုအောက်မှာပဲ ရှိခဲ့တာ၊ အခု မင်းတို့အားလုံး အရည်အချင်း ရှိနေကြပြီဆိုပေမဲ့ အဲဒီဘက်က အခြေအနေက လုံးဝ မတူဘူး”

“အစ်ကိုဝမ်က ပျောက်ဆုံးနေတယ်၊ လီယင်ကျန်းက ဒဏ်ရာအပြင်းအထန် ရထားတယ်၊ ရွှီဟွမ်ကျန်းရဲ့ အဓိကတိုက်ခိုက်ရေးသားရဲကလည်း မရှိတော့ဘူး၊ ငါသာမသွားရင် လော့ထျန်းအဖွဲ့ရဲ့ ကျန်ရှိနေတဲ့ ကျင့်ကြံသူတွေဟာ စစ်မြေပြင်မှာ မြေစာပင်အဖြစ်ပဲ အသုံးချခံရလိမ့်မယ်”

“ဟွေ့နန်.... ဒန်ရှားတောင်ပေါ်မှာရှိတဲ့ လူတွေထဲကနေ ငါ့ထက်ပိုပြီး ဒါကို ကောင်းကောင်းလုပ်နိုင်မယ့်သူတစ်ယောက်ကို မင်း အမည်တပ်ပြနိုင်မလား"

စီမာဟွေ့နန် စကားပြန်မပြောနိုင်ဘဲ ဆွံ့အသွားရပြန်သည်။

လော့ချန်သည် သူမ မည်သည့်အရာကို စိုးရိမ်နေမှန်း သိသည်။ သို့သော် ဘေးကျပ်နံကျပ် အခြေအနေမျိုးတွင် တာဝန်ကသာ အဓိက ဖြစ်သည်။ သူသည် လော့ထျန်းအဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့သူဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုးတွင် ထျန်းလန်၌သာ ပုန်းအောင်းလျက် လက်ပိုက်ကြည့်မနေနိုင်ချေ။

သူ အမျိုးသမီး၏ အေးစက်နေသော ပါးပြင်လေးကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“စိတ်မပူပါနဲ့၊ ရွှေအမြုတေအဆင့် စီရင်စုသခင်တစ်ယောက်နဲ့ ထိပ်တိုက်မတွေ့သရွေ့တော့ ဘယ်သူကမှ ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

ဤစကားသည် နှစ်သိမ့်မှုဖြစ်သလို အတိုင်းအထက်အလွန် ခိုင်မာလှသော ယုံကြည်ချက်လည်း ဖြစ်ပေသည်။ အမျိုးသမီး၏ စိတ်သည် အနည်းငယ် တည်ငြိမ်သွားခဲ့ရသည်။ သူမ ထိုသစ်သားနက်ခေါင်းတလားကြီးကို စိုက်ကြည့်ကာ မေးလိုက်သည်။

“အစ်ကိုကြီးနဲ့ တခြားသူတွေရဲ့ အလောင်းကို ဘယ်နေရာမှာ သင်္ဂြိုဟ်ရင် အကောင်းဆုံးဖြစ်မလဲ”

“တောင်နောက်ဘက်မှာပေါ့၊ သူတို့ရဲ့ အနောက်မှာ ပိုးစာသစ်တောကြီးရှိပြီး သူတို့ရဲ့ အရှေ့မှာ ချင်းဟွာမြစ် ရှိနေတဲ့နေရာမှာ အေးအေးချမ်းချမ်း အနားယူပါစေ၊ သူတို့ကို ခမ်းခမ်းနားနား ဂုဏ်ပြု သင်္ဂြိုဟ်ပေးလိုက်ပါ၊ ရုပ်အလောင်း ပြန်မရခဲ့တဲ့သူတွေအတွက်ကတော့ အထိမ်းအမှတ် ဂူဗိမာန် ဆောက်လုပ်ပေးပြီး မျိုးနွယ်စုဝင်တွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးလိုက်ပါ"

....

သုံးရက်လွန်မြောက်ပြီးနောက်....။

နာရေးစက္ကူများသည် လေထဲတွင် ပန်းပွင့်များပမာ ဝဲပျံနေကြပြီး ငိုကြွေးမြည်တမ်းသံများသည်လည်း လေထုထဲတွင် အဆုံးမရှိ ပဲ့တင်ထပ်နေတော့သည်။ တောင်စောင်းတစ်ခုလုံးတွင် ရှိုက်ကြီးတငင် ငိုကြွေးသံများနှင့် ညည်းတွားသံများသည် ရှေးဟောင်း ဝမ်းနည်းခြင်းတေးတစ်ပုဒ်ကဲ့သို့ လေပြင်းနှင့်အတူ လွင့်မျောနေ၏။

အဝေးတစ်နေရာတွင်....။

လော့ချန်သည် စီမာရှန့်၏ ဂူဗိမာန်ရှေ့တွင် ဒူးထောက်လျက်ရှိပြီး အတန်ကြာသည်အထိ ငြိမ်သက်နေသည့် စီမာဝမ်ကျဲကို ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။

ရုတ်တရက် အနောက်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။ ထိုသူကား မင်လုံယွီ ပင် ဖြစ်သည်။

လော့ချန် အနောက်သို့ လှည့်မကြည့်ဘဲ မေးလိုက်၏။

“ဘာကိစ္စရှိလို့လဲ"

ဘုန်းးး….

မင်လုံယွီ ဒူးတစ်ဖက် ထောက်လိုက်ပြီး အံတင်းတင်းကြိတ်ကာ ဆိုလိုက်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော့်ကိုလည်း အတူတူ ခေါ်သွားပေးပါဗျာ"

လော့ချန်ကိုယ်တိုင် မိုးကြိုးတောင်တန်း စစ်မြေပြင်သို့ ချီတက်မည့် သတင်းသည် လွန်ခဲ့သော သုံးရက်အတွင်း ဒန်ရှားတောင်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။

နန်းဆောင်အသီးသီးသည် အားသွန်ခွန်စိုက် လှုပ်ရှားနေကြပြီး သက်ဆိုင်ရာ လူအင်အားနှင့် အရင်းအမြစ်များကို အပြည့်အစုံ ပြင်ဆင်နေကြပြီ ဖြစ်သည်။ သို့သော် စစ်ချီမည့် အမည်စာရင်းထဲတွင်မူ မင်လုံယွီ မပါဝင်ခဲ့ပေ။

မင်လုံယွီ၏ ယခုကဲ့သို့ ပြုမူပုံသည် လော့ချန်၏ အတွေးများကို အမှန်ပင် ကျော်လွန်နေခဲ့သည်။ မင်လုံယွီသည် မူလက လော့ထျန်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး မဟုတ်ခဲ့ချေ။ တစ်ချိန်က ရန်သူတစ်ဦးအဖြစ်ပင် သတ်မှတ်နိုင်ခဲ့သည်။ သို့သော်လည်း ဤစစ်ပွဲအပြီးတွင် သူပြသခဲ့သော စိတ်ခံစားချက်များသည် အဖွဲ့ရှိ ဝါရင့်ကျင့်ကြံသူ အများအပြားထက်ပင် ပိုမိုနက်ရှိုင်းနေသကဲ့သို့ ရှိ၏။ မဟုတ်လျှင်လည်း သူသည် လော့ချန်၏ ရှေ့၌ ဤမျှတိုတောင်းသော အချိန်အတွင်း နှစ်ကြိမ်တိုင်တိုင် ဒူးထောက်လိမ့်မည်မဟုတ်ပေ။

လော့ချန်သည် ထိုအပြုအမူကို ထူးဆန်းသည်ဟု ထင်မှတ်မိသော်လည်း မည်သည့်မေးခွန်းမျှ မမေးမြန်းခဲ့ပေ။ မင်လုံယွီ၏ စိတ်ရင်းအမှန်က မည်သို့ပင်ဖြစ်စေ သူ၏ လုပ်ဆောင်မှုများက အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလှသည်။

လော့ချန် ခပ်အေးအေးပင် ငြင်းပယ်လိုက်သည်။

“မင်း ဒီတစ်ခေါက် သွားစရာမလိုဘူး"

“ဘာဖြစ်လို့လဲခင်ဗျာ....”

မင်လုံယွီက မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ခေါင်းမော့ကာ မေးမြန်းလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတာ မင်း ကောင်းကောင်းသိပါတယ်....”

လော့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့နှစ်ယောက်စလုံး ထွက်သွားရင် ဒန်ရှားတောင်ကို ဘယ်သူက စောင့်ရှောက်မှာလဲ"

“ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်.... လောလောဆယ်မှာ လော့ထျန်းအဖွဲ့ကို ဘယ်သူမှ လာပြီး ရန်စရဲမှာ မဟုတ်ပါဘူး၊ ပြီးတော့ စီမံခန့်ခွဲရေးမှူးနဲ့ တခြားအခြေတည် ကျင့်ကြံသူနှစ်ယောက်လည်း ကျန်ခဲ့မှာပဲ မဟုတ်လားခင်ဗျာ”

မင်လုံယွီက အကျိုးအကြောင်းပြကာ ငြင်းခုံလေသည်။

လော့ချန် ဆက်လက်၍ ခေါင်းခါယမ်းလိုက်၏။

“အကောင်းရှိရင် အဆိုးရှိတတ်တာပဲ၊ သတိဆိုတာ ပိုတယ် မရှိဘူး၊ မင်းသာ ဒန်ရှားတောင်မှာ ရှိနေရင် ဘယ်သူမှ လာပြီး ပြဿနာရှာရဲမှာ မဟုတ်ဘူး၊ မင်း ဒီမှာရှိနေမှသာ ငါလည်း နောက်ဆံတင်းစရာမလိုဘဲ စိတ်အေးလက်အေး သွားနိုင်မှာ"

ထိုစကားကို ကြားလိုက်ရသည့်အခါ မင်လုံယွီ ခေါင်းငုံ့သွားသော်လည်း သူ၏မျက်ဝန်းများထဲတွင်မူ မကျေနပ်မှုများ ကျန်ရှိနေဆဲ ဖြစ်၏။

လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူများအပေါ်တွင် ထားရှိသော သူ၏ စိတ်ခံစားချက်များသည် တဖြည်းဖြည်းနှင့် ရှုပ်ထွေးလာခဲ့သည်။ အဖွဲ့ထဲစတင်ဝင်ရောက်လာစဉ်က လမ်းသွားလမ်းလာ သူစိမ်းများကဲ့သို့ သဘောထားကာ အပြန်အလှန် အကျိုးအမြတ်အတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လော့ထျန်းအဖွဲ့က သူ၏ မင်မျိုးနွယ်စု ရှေးဟောင်းနယ်မြေဖြစ်သော ဒန်ရှားတောင်ကြီးပေါ်တွင် အခြေစိုက်ပြီးသည့်နောက်မှစ၍ ထိုစိတ်ခံစားချက်အချို့က စတင်ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ပျက်စီးယိုယွင်းနေခဲ့သော ထိုမြေရိုင်းကြီးသည် လော့ထျန်းအဖွဲ့ ကျင့်ကြံသူများ၏ ကြိုးစားအားထုတ်မှုကြောင့် တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာသည်ကို ကြည့်ရင်း အမည်မဖော်နိုင်သော ခံစားချက်တစ်ခုက နှလုံးသားထဲတွင် စွဲထင်သွားခဲ့တော့သည်။ သူတို့သည် အတူတူ အလုပ်လုပ်ခဲ့ကြပြီး အတူတူ တိုက်ပွဲဝင်ခဲ့ကြကာ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင်များကိုလည်း နှီးနှောဖလှယ်ခဲ့ကြသည်။ သွေးသားမတော်စပ်ကြသော်လည်း သူ၏နှလုံးသားထဲတွင်မူ လော့ထျန်းအဖွဲ့ ဟူသည် မိသားစု ဟု အဓိပ္ပာယ်ရလာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က မင်မျိုးနွယ်စု ပျက်စီးခြင်းကို သူ ဘာမှမတတ်နိုင်ခဲ့ဘဲ ကြည့်နေခဲ့ရသည်။ ယခု နှစ်ပေါင်းတစ်ရာအကြာတွင် လော့ထျန်းအဖွဲ့၏ ဆုတ်ယုတ်မှုကို သူ အဘယ်မှာ လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။ အထူးသဖြင့် ယခုအခါ သူ့တွင် အားကောင်းသော စွမ်းဆောင်ရည်များ ရှိနေပြီ ဖြစ်သည်။

ဤတစ်ကြိမ် စစ်ပွဲသည် လော့ထျန်းအဖွဲ့ သမိုင်းတစ်လျှောက်တွင် ထိခိုက်ဆုံးရှုံးမှု အများဆုံး တိုက်ပွဲများထဲမှ တစ်ခုဟု ဆိုနိုင်သည်။ လူဦးရေအရဆိုလျှင် ကောင်းလင်တိုက်ပွဲကို မမှီသော်လည်း သေကျေပျက်စီးသွားသော ကျင့်ကြံသူများမှာမူ အားလုံးက အထူးချွန်ဆုံး သူများ ဖြစ်ကြသည်။ ထိုအထဲတွင် မင်လုံယွီသည် မိမိကိုယ်ကိုယ် အထင်ကြီးမိခဲ့သော အပြစ်ရှိစိတ်ကို ထမ်းပိုးထားရ၏။ ထို့ကြောင့် သူ ပြန်လည်ပေးဆပ်လိုသော်လည်း လော့ချန်ကမူ ထိုအခွင့်အရေး မပေးခဲ့ချေ။

“ထတော့"

လော့ချန် ချီစွမ်းအားတစ်ခု ထုတ်လွှတ်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေသော မင်လုံယွီအား သူ အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတင်းအကျပ် တွဲထူပေးလိုက်သည်။

ဝေးကွာလှသော ပိုးစာသစ်တောရိပ်ထဲမှ သင်္ချိုင်းမြေကို ကြည့်လျက် လော့ချန် ညင်သာစွာ ဆိုလိုက်သည်။

“လောကမှာ ရှင်ကွဲကွဲတာ၊ သေကွဲကွဲတာ ဆိုတာ အမြဲရှိတတ်တာပဲ…. မင်း အကောင်းဆုံး လုပ်ခဲ့ပြီးပါပြီ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့တော့၊ စစ်မြေပြင်ကိုသွားပြီး ရန်သူကို သတ်ဖြတ်ကလဲ့စားချေတာထက်စာရင် ဒီမှာ ကျန်ရစ်ပြီး လော့ထျန်းအဖွဲ့ကို စောင့်ရှောက်တာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်”

မင်လုံယွီ လက်မခံချင်သေးသော်လည်း နောက်ဆုံးတွင်မူ ခေါင်းညိတ်ကာ လော့ချန်၏ စီစဉ်မှုကို လက်ခံလိုက်ရတော့သည်။ သို့သော်လည်း သူ၏ ကိစ္စက မပြီးသေးချေ။

လော့ချန်၏ ရှေ့တွင် သူ မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ကို ရိုရိုသေသေ ထုတ်ယူလိုက်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျေးဇူးပြုပြီး ဒါကို ယူသွားပေးပါ"

လော့ချန်သည် မိမိ တစ်ချိန်က ပေးအပ်ခဲ့သော ရတနာကို ကြည့်လိုက်သည်။ ယခင်က ပျက်စီးနေခဲ့သော်လည်း ဤနှစ်များတစ်လျှောက် မင်လုံယွီနှင့် တွမ်ဖုန်းတို့ နှစ်ဦးပူးပေါင်းကာ ပြန်လည်ပြုပြင်ခဲ့ကြသဖြင့် အသစ်စက်စက်အတိုင်း ဖြစ်နေကာ မည်သည့်ပျက်စီးခြင်းအရိပ်အယောင်မျှ မရှိတော့ပေ။

“ဟင်.... ဒါက ခုနစ်ရောင်ခြယ် ဒန်ရှားအစီအရင်ရဲ့ ဗဟိုချက်မ မဟုတ်ဘူးလား၊ ဒါကို ငါ့ကိုပေးလိုက်ရင် ဒန်ရှားတောင်က ဘယ်လိုလုပ်မလဲ"

မင်လုံယွီ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

“မဟုတ်ပါဘူး.... ဒန်ရှားအစီအရင်ရဲ့ ဗဟိုချက်မဟာ ဒန်ရှားတောင်ထွတ်နှင့် ကျွန်တော်ကိုယ်တိုင်ပါပဲ၊ ဒီမှော်ရတနာ မဟုတ်ပါဘူး၊ ကျွန်တော် အသက်ရှင်နေသရွေ့ တောင်က တည်ရှိနေမှာ ဖြစ်ပြီး ကျွန်တော် ကျဆုံးသွားရင်တော့ တောင်လည်း ပျက်စီးသွားမှာပါ"

လော့ချန် မျက်မှောင်ကြုတ်သွားကာ တစ်ဖက်လူကို သေသေချာချာ စိုက်ကြည့်လိုက်သည်။

မင်လုံယွီက အသက်ကို ပြင်းပြင်းရှူကာ ဆက်ပြောသည်။

“လက်ရှိ အဲ့နေရာက အခြေအနေတွေက ပိုပြီးတော့ ထူးဆန်းလာပြီ၊ ရွှေအမြုတေအဆင့် စီရင်စုသခင်တွေတောင် မျက်နှာ အိုးမည်းသုတ်ပြီး ဝင်တိုက်နေကြပြီ၊ အဖွဲ့ချုပ်ခေါင်းဆောင်က သန်မာတယ်ဆိုပေမဲ့ အဲဒီလို ပြိုင်ဘက်မျိုးနဲ့ ကြုံတွေ့ရရင်.... အဖွဲ့ချုပ်ခေါင်းဆောင်က လော့ထျန်းအဖွဲ့ရဲ့ စိတ်ဝိညာဉ်ပဲ၊ ကျွန်တော်တို့ အဆုံးရှုံးမခံနိုင်ပါဘူး"

လော့ချန်၏ အကြည့်များက အစီအရင်အိမ်မြှောင်ပေါ်သို့ ကျရောက်သွားပြီး မေးမြန်းလိုက်သည်။

“ဒါက ရွှေအမြုတေစီရင်စုသခင်ကို တိုက်ခိုက်နိုင်လို့လား"

“အခြေအနေသာ ပေးမယ်ဆိုရင် ယှဉ်နိုင်ပါတယ်" ဟု မင်လုံယွီက ပြန်ဖြေလိုက်သည်။

မင်လုံယွီ၏ မျှော်လင့်တကြီး စိုက်ကြည့်နေသော အကြည့်အောက်တွင် လော့ချန် နောက်ဆုံး၌ ထိုရတနာကို လက်ခံလိုက်တော့သည်။ မင်လုံယွီ ပြောခဲ့သလိုပင် လော့ထျန်းအဖွဲ့အတွင်းရှိ သူ၏ အခန်းကဏ္ဍကို မည်သူကမှ အစားထိုးနိုင်ခြင်း မရှိချေ။ ဥပမာအားဖြင့် လက်ရှိအချိန်ကဲ့သို့ပင်။ ဒန်ရှားတောင်သည် ဝမ်းနည်းပူဆွေးမှုများဖြင့် ဖုံးလွှမ်းနေသော်လည်း တည်ငြိမ်နေဆဲ ဖြစ်၏။ အကယ်၍ လော့ချန်သာ မရှိခဲ့ပါက ပြိုလဲပျက်စီးသွားခဲ့ပြီမှာ ကြာလှချေပြီ။ စီမာဟွေ့နန်သည် အရည်အချင်း ရှိသော်လည်း တစ်ခုခု လိုအပ်နေဆဲ ဖြစ်သည်။ သူမ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး လော့ချန်အား အမှီလိုက်နိုင်မလားဆိုသည်ကိုမူ အချိန်ကသာ သက်သေပြပေလိမ့်မည်။

အစီအရင်အိမ်မြှောင်ကို ပွတ်သပ်ရင်း လော့ချန်သည် မင်လုံယွီတစ်ယောက် သူ ကြိုးစားအားထုတ်ထားသော တိုက်စစ်အစီအရင်ကြောင်းကို အသေးစိတ် ရှင်းပြနေသည်ကို နားထောင်နေခဲ့သည်။

ရှင်းလင်းချက် ပြီးဆုံးသွားသည့်အခါ လော့ချန် ရုတ်တရက် မေးမြန်းလိုက်သည်။

“မင်း အဲဒီညက တိုက်ပွဲအခြေအနေကို ငါ့ကို နောက်တစ်ခေါက် ပြန်ပြောပြပါဦး၊ မင်းတို့ တပ်ဖွဲ့တွေ တကွဲတပြား ဖြစ်သွားပြီးတဲ့နောက်မှာတောင် မင်းတို့ကို မလျှော့တမ်း လိုက်တိုက်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာ ငါ သိချင်လို့"

ထိုညက အကြောင်းကို ပြောလိုက်သည့်ခဏ၌ မင်လုံယွီ၏ မျက်နှာက ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ ဒေါသရိပ်များ သန်းသွားခဲ့တော့သည်။

....

“လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေအားလုံး အဆင်သင့် ဖြစ်ပါပြီ”

“အသေးစားပစ္စည်းတွေကိုတော့ သိုလှောင်အိတ်ထဲမှာ ထည့်ထားပြီး ချင်လျန်ချန်းနဲ့ ယွမ်ရှောင်ယွဲ့တို့က ထိန်းသိမ်းထားပါတယ်၊ အကြီးစားပစ္စည်းတွေကိုတော့ ကုန်းပတ်ပေါ်မှာ တင်ဆောင်ထားပါတယ်”

“အဲ့ကို ရောက်တာနဲ့ ရေခဲခံတပ်က ကျင့်ကြံသူတွေဆီ လွှဲပေးလိုက်ရုံပါပဲ၊ ဈေးနှုန်းကိုတော့ အရင်တုန်းက ထန်ထိုက်ကျင်းကတစ်ဆင့် ညှိနှိုင်းထားပြီးသားပါ

ဒန်ရှားတောင်၏ အထက် မိုးကောင်းကင်ယံတွင်....။

လန်ချီလှေပျံကြီးသည် လေထဲ၌ တရွေ့ရွေ့ ပျံဝဲနေ၏။ ပေ ၁၅၀ ကျော် ရှည်လျားသော လှေကိုယ်ထည်ကြီးက ပထမတန်းစား အကြီးစားလှေပျံတစ်စင်း၏ ခန့်ညားထည်ဝါမှုကို ပြသနေခဲ့သည်။ ၎င်း၏ ကုန်းပတ်ပေါ်တွင် သေတ္တာများနှင့် အထုပ်အပိုးများ၊ သစ်လုံးများ၊ ဝိညာဉ်သတ္တုရိုင်းများနှင့် အမျိုးမျိုးသော ရိက္ခာပစ္စည်းများ ပြည့်နှက်နေ၏။ ဤပစ္စည်းများသည် ထိုနေရာသို့ ရောက်ရှိပါက စစ်ပွဲအတွင်း ကြီးမားသော အသုံးဝင်မှုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ဤတစ်ခေါက် ခရီးစဉ်တစ်ခုတည်းဖြင့် လော့ထျန်းအဖွဲ့သည် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်အထိ အမြတ်ရရှိနိုင်မည် ဖြစ်သည်။ ကုန်စည်များအပြင် လှေပေါ်တွင် တိုက်ခိုက်ရေးနန်းဆောင်နှင့် ရောင်နီနန်းဆောင်(အပြင်စည်းအဖွဲ့) မှ ကျင့်ကြံသူ အမြောက်အမြားလည်း လိုက်ပါလာကြ၏။ ရွှေနန်းဆောင်ဘက်မှလည်း ဒုတိယနန်းဆောင်သခင် ယွမ်ရှောင်ယွဲ့ကိုပါ စေလွှတ်ထားပြီး ထိုနေရာသို့ ရောက်ရှိပါက ကုန်ပစ္စည်း အရောင်းအဝယ် ကိစ္စရပ်များကို သူမက တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

စီမာဟွေ့နန်က လော့ချန်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။

“ဒီရိက္ခာပစ္စည်းတွေက ဘာမှအရေးမကြီးပါဘူး၊ အရေးကြီးဆုံးက အဖွဲ့ချုပ်ခေါင်းဆောင်ပါ”

လော့ချန် ရယ်မောလိုက်သည်။

“ဒီလောက် စိတ်နုနေတာ မင်းနဲ့တောင် မတူဘူး”

စီမာဟွေ့နန် ဘာမှဆက်မပြောတော့ပေ။ ပြောသင့်သည့်စကားများကို ဤရက်ပိုင်းအတွင်း အကုန်အစင် ပြောပြီးသား ဖြစ်သည်။ ယခုမူကား ခွဲခွာရမည့်အချိန်တွင် ခံစားချက် ဝင်လာခြင်းမျှသာ ဖြစ်သည်။ သူမ လှေပေါ်မှ ဆင်းလာခဲ့ပြီး ကူချိုင်ယီ၊ မုရုံချင်းလျန်တို့နှင့်အတူ ရပ်နေလိုက်သည်။

“စိတ်မပူကြပါနဲ့.... စစ်ပွဲပြီးသွားရင် ငါ သူတို့အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့မယ်"

လော့ချန် သူတို့အား လက်ဝှေ့ယမ်းပြရင်း အော်ပြောလိုက်ကာ လန်ချီလှေပေါ်တက်လိုက်သည်။

“ချီတက်စို့"

သူ၏ အမိန့်တစ်ခွန်းအောက်တွင် လန်ချီလှေကြီးသည် ဟိန်းဟောက်သံနှင့်အတူ အဝေးဆီသို့ ပျံသန်းသွားခဲ့တော့သည်။

စီမာဟွေ့နန်နှင့် အခြားသူနှစ်ဦးမှာမူ ထွက်ခွာသွားသော နောက်ကျောပြင်ကို ငေးမောကြည့်ရှုကျန်ရစ်ခဲ့သည်။

ဒန်ရှားတောင်ထိပ်တွင်လည်း ကျင့်ကြံသူအမြောက်အမြား စုဝေးလာကြပြီး ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ မည်သူက စတင်အော်ဟစ်လိုက်သည်မသိ၊ နောက်တစ်ခဏ၌ လူတိုင်းက တညီတညွတ်တည်း အော်ဟစ်လိုက်ကြတော့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်ကြီး.... ကျိန်းသေ ပြန်လာခဲ့ပါဗျာ"

လှေပေါ်မှ မည်သည့်အဖြေစကားမျှ ပြန်လည်ထွက်ပေါ်မလာခဲ့ပေ။

ဆင်စွယ်ရောင် ဝတ်ရုံအား ဝတ်ဆင်ထားသော အမျိုးသားသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လေပြင်းများကို အန်တုကာ အဝေးတစ်နေရာသို့ စိုက်ကြည့်နေခဲ့သည်။

“မိုးကြိုးတောင်တန်း.... ငါ လော့ချန် လာခဲ့ပြီ”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၅၁၂) - တောင်ကြားမှ ဝိသမလောဘသား ဓားပြအုပ်စု

မိုးကြိုးတောင်တန်းသည် ကျောက်စိမ်းအိုးနယ်မြေအတွင်း၌ အလွန့်အလွန်ရှားပါးသော စတုတ္ထအဆင့် ဝိညာဉ်သတ္တုတွင်းကြီးများ တည်ရှိရာ နေရာတစ်ခု ဖြစ်သည်။ ထိုဒေသသည် တစ်နှစ်ပတ်လုံး မိုးကြိုးမုန်တိုင်းများ အဆက်မပြတ် ကျရောက်နေတတ်သည့် ထူးခြားဆန်းပြားသော သဘာဝပတ်ဝန်းကျင် ရှိနေသဖြင့် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အခြားမည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်သော ထူးခြားသည့် သတ္တုရိုင်းများနှင့် တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ် အများအပြား ထွက်ရှိရာ သဲကန္တာရကြီးတစ်ခု ဖြစ်လာခဲ့သည်။

ထိုအရင်းအမြစ်များထဲတွင် မိုးကြိုးသဲသည် မှော်ရတနာများ သွန်းလုပ်ရာတွင် မရှိမဖြစ် လိုအပ်သော တတိယအဆင့် အဓိကကုန်ကြမ်းပစ္စည်းတစ်ခုအဖြစ် ထင်ရှားကျော်ကြားလှသော်လည်း ၎င်းတစ်ခုတည်းသာလျှင် ရတနာဖြစ်သည်တော့ မဟုတ်ချေ။ အခြားသော တတိယအဆင့် နာမည်ကျော် သတ္တုရိုင်းများဖြစ်ကြသည့် ခဲနက်နှင့် ငွေဖြူသတ္တုတို့ကိုလည်း ထိုနေရာတွင် ရှာဖွေတွေ့ရှိနိုင်သေးသည်။ ထို့အပြင် ရွှေမှုန်၊ မိုးကြိုးသစ်သားနှင့် မိုးကြိုးနီသံရိုင်း ကဲ့သို့သော အရန်ပစ္စည်းများလည်း မြောက်မြားစွာ ထွက်ရှိရာ နေရာ ဖြစ်သည်။

သို့သော် အကျော်ကြားဆုံးနှင့် အဖိုးအတန်ဆုံး ရတနာမှာမူ ၁၀နှစ်လျှင် ကိုးတုံးသာထွက်ရှိသော စတုတ္ထအဆင့် မိုးကြိုးအမြုတေကျောက်ဖြစ်သည်။ ထိုအမြုတေကျောက်သည် နှစ်ပေါင်းများစွာ စုစည်းလာခဲ့သော မိုးကြိုးစွမ်းအားများနှင့် ဆန်းပြားသော သတ္တုရိုင်းများ ပေါင်းစပ်လျက် သဘာဝအတိုင်း ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲနိုင်စွမ်း ရှိကြသည်။ ၎င်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ အသက်သခင်ပမာ အရေးပါလှသော သက်စောင့်မှော်ရတနာများ သွန်းလုပ်ရာတွင် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။

သက်စောင့် မှော်ရတနာများကို သွန်းလုပ်ရာတွင် မိုးကြိုးအမြုတေကျောက်အား အဘယ်ကြောင့် လိုအပ်ရသည်ကို လက်နက်ပညာရှင်ကြီးများ သေချာမသိကြသော်လည်း တွမ်ဖုန်းကမူ ၎င်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ အဆင့်တက်လှမ်းရာတွင် ရင်ဆိုင်ရမည့် မိုးကြိုးကပ်ဘေးနှင့် ဆက်စပ်သည်ဟု လော့ချန်အား ပြောပြဖူးသည်။

မိုးကြိုးတောင်တန်းသည် အရင်းအမြစ်များ ပေါကြွယ်ဝရုံမျှသာမကဘဲ စစ်ဗျူဟာအရလည်း အလွန်ပင် အရေးပါလှသော နေရာတစ်ခု ဖြစ်ပေသည်။ မိုးကြိုးကျောက်များ ပုံမှန်ထွက်ရှိခြင်းနှင့်အတူ ပထမအဆင့်မှ တတိယအဆင့်အထိ ရှားပါးလှသော ကုန်ကြမ်းပစ္စည်းများစွာကို ပိုင်ဆိုင်ထားသဖြင့် ထိုဒေသ၏ အရေးပါမှုကိုမူ စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရတော့ချေ။ ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ကျောက်စိမ်းအိုးနယ်မြေကို သိမ်းပိုက်နိုင်ခဲ့သည့် အချိန်ကတည်းက မိုးကြိုးတောင်တန်းကို ၎င်းတို့၏ လက်အောက်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့သည်။ မိုးကြိုးတောင်တန်းသည် ဂိုဏ်း၏ အဓိကနယ်မြေနှင့် အလွန်ပင် ဝေးကွာလှသော်လည်း ဓားဂိုဏ်းသည် အခြားမည်သည့် အင်အားစုကိုမျှ ဝင်ရောက်စွက်ဖက်ခွင့် မပြုခဲ့ချေ။

ထိုကဲ့သို့ အဖိုးတန်လှသော သတ္ထုတွင်းနယ်မြေကို ဤတစ်ကြိမ်တွင် တိမ်ပြိုဂိုဏ်းက စစ်မြေပြင်အဖြစ် ရွေးချယ်လိုက်ခြင်းမှာ ကျောက်စိမ်းအိုးဂိုဏ်းခုနစ်ဂိုဏ်းကို အကွက်ကျကျ စိန်ခေါ်လိုက်ခြင်းပင်။ လက်ရှိတွင် သိန်းငှက်လျှို့ဝှက်နယ်မြေစစ်မြေပြင်လည်း ပိတ်သွားခဲ့ပြီဖြစ်ရာ ဤမိုးကြိုးတောင်တန်းစစ်မြေပြင်၏ အနိုင်အရှုံးကသာ ဤစစ်ပွဲကြီးတစ်ခုလုံး၏ ရလဒ်ကို အဆုံးအဖြတ်ပေးသွားမည်ဟု လူတိုင်းက ယူဆထားကြသည်။

လော့ချန်အဖို့မူ မည်သူနိုင်နိုင်၊ ရှုံးရှုံး သူ စိတ်မဝင်စားချေ။ ဤနှစ်များတစ်လျှောက် ဂိုဏ်းနှစ်ခုစလုံး၏ သတင်းအချက်အလက်များကို သူ မပြတ်လေ့လာ ဆန်းစစ်နေခဲ့သည်။ တိမ်ပြိုဂိုဏ်းဘိုးဘေး ဟန်ကျန်းနှင့် ကျောက်စိမ်းအိုးသခင်တို့ တွေ့ဆုံမှုအပြီးတွင် သူ ကောက်ချက်ချနိုင်ခဲ့သည်။ ဤသည်မှာ အပြန်အလှန် အမြစ်ပြတ်ချေမှုန်းမည့် စစ်ပွဲမျိုး မဟုတ်ချေ။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက နှစ်ဖက်စလုံးသည် မိမိတို့၏ ထိပ်သီးဂိုဏ်းသားများကို စေလွှတ်၍ တစ်ဖက်ဂိုဏ်း၏ တံခါးဝအထိ တိုက်ရိုက် သွားရောက်ချေမှုန်းခဲ့ကြမည် ဖြစ်သည်။ တာကျန်းဂိုဏ်းမှ ဖိုရှန်းဂိုဏ်းအား ချေမှုန်းခဲ့စဉ်ကကဲ့သို့၊ သို့မဟုတ် လော့ထျန်းအဖွဲ့က ဖူမျိုးနွယ်စုကို အမြစ်ပြတ်သုတ်သင်ပြီး ရှောင်ဟွမ်တောင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကကဲ့သို့ အခြေစိုက်စခန်းကို တိုက်ရိုက်ဝင်ရောက် စီးနင်းခြင်းသည်သာလျှင် စစ်ပွဲအစစ်အမှန် ဖြစ်ပေသည်။

အခြားတစ်ဖက်တွင်မူ ယခုစစ်ပွဲမှာ မတူညီသော နေရာအနှံ့အပြားတွင် အစိတ်စိတ်အမွှာမွှာ ကွဲပြားနေ၏။ တိုက်ပွဲများသည် ဂိုဏ်းနှစ်ခုစလုံး၏ အင်အားကို မောပန်းနွမ်းနယ်စေနိုင်သော်လည်း လုံးဝဥဿုံ ပျက်စီးသွားစေသည်အထိတော့ မဟုတ်ချေ၊ နှစ်ဖက်စလုံးက ကိုယ်စီ ဝှက်ဖဲများချန်ထားကြသည်။ ထို့ကြောင့်ပင် လော့ချန်သည် ဟွေ့နန်နှင့် ချိုင်ယီတို့၏ စစ်အတွင်း ကုန်သွယ်မှုပြုလုပ်ခြင်းကို သဘောတူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

‘မင်းတို့တွေက အသေအလဲ တိုက်ခိုက်နေကြတာမှ မဟုတ်တာ.... အဲ့တော့ ငါလည်း အမြတ်အစွန်းလေး နည်းနည်းပါးပါး ဝင်ရှာရမှာပေါ့....’

မည်သို့ပင်ဆိုစေကာမူ လော့ချန်သည် တပ်ဖွဲ့ကို စစ်မြေပြင်သို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။ သူ အမှန်တကယ် စိုးရိမ်ပူပန်သည်မှာ အဖွဲ့သားများ၏ ဘေးကင်းလုံခြုံရေးသာ ဖြစ်၏။ ရေခဲခံတပ်၏ ကာကွယ်မှုအောက်တွင် အဖွဲ့အနေဖြင့် ဆုံးရှုံးမှုအချို့ ရှိနိုင်သော်လည်း ကြီးကြီးမားမား ဖြစ်လိမ့်မည်မဟုတ်ဟု သူ ထင်မှတ်ခဲ့မိသည်။ သို့သော် ရေခဲခံတပ်အတွင်း ကရုဏာမဲ့နတ်သမီး၏ ဩဇာကို အထင်ကြီးမိခဲ့သည်ထက် စစ်ပွဲ၏ ပြင်းထန်မှုနှုန်း ရုတ်တရက်ကြီး ထိုးတက်သွားခဲ့ခြင်းက သူ၏ မျှော်လင့်ချက်များကို လုံးဝကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ဝမ်ယွမ်နှင့် အခြားသူများ၏ အင်အားမျှဖြင့် စစ်မြေပြင်ကို ထိန်းထားနိုင်ရန် မစွမ်းသာတော့ချေ။ ထို့ကြောင့်ပင် စစ်ပွဲကြီး၏ အရှိန်အဟုန်က သူထင်ထားသည်ထက် ပိုမိုပြင်းထန်လာပြီး ဝမ်ယွမ်ပါ ပျောက်ဆုံးသွားသည့်အခါ သူကိုယ်တိုင် စစ်မြေပြင်သို့ ချီတက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကြီးမားလှသော လှေကြီးသည် တိမ်တိုက်များကိုဖြတ်သန်းလျက် မိုးကြိုးတောင်တန်းဆီသို့ ဦးတည်ပျံသန်းလျက်ရှိသည်။ လှေဦးပိုင်းတွင် တိုက်ခိုက်ရေးနန်းဆောင်မှ ကျင့်ကြံသူများသည် သားရဲနန်းဆောင်မှ မွေးမြူထားသော လင်းယုန်များကို စီးနင်းလျက် အရပ်မျက်နှာအနှံ့အပြားသို့ စိုးရိမ်တကြီးဖြင့် ကင်းလှည့်နေကြ၏။

လှေကြီး၏ အတွင်းပိုင်းတွင်မူ လော့ချန်သည် အခန်းကျယ်ကြီးထဲ၌ တိတ်ဆိတ်စွာ ထိုင်ကာ ဟင်္သာအသွင်ပြောင်းကျမ်းစာအုပ်ကို အာရုံစိုက် ဖတ်ရှုနေခဲ့သည်။ ဤသည်မှာ တတိယအဆင့် ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ ချီကျင့်စဉ်အပိုင်းက ပြည့်စုံခြင်းမရှိသော်လည်း ခန္ဓာကျင့်စဉ်အပိုင်းမှာမူ အမှန်တကယ်ပင် ပြည့်စုံလှသည်။ သူ ကြည့်လိုက်သည်နှင့် ချက်ချင်းပင် မှတ်မိသွားခဲ့၏။ ဝမ်ယွမ်၏ သက်စောင့်လက်ညှိုးမှာလည်း ဤကျင့်စဉ်မှ ဟင်္သာလက်သည်းကို အခြေခံထားခြင်းဖြစ်ပြီး မိုင်ကိုးသောင်းမှော်အတတ်မှာလည်း ဤနေရာမှလာခြင်းဖြစ်သည်။

“ဒီခန္ဓာကျင့်စဉ်က လူသားတွေရဲ့ ချဉ်းကပ်ပုံနဲ့ သိသိသာသာ ကွဲပြားနေတာပဲ၊ အရှိန်အဟုန် ၄ မျိုးနဲ့ သွေးစွမ်းအင်တွေကို ပြောင်းလဲဖို့ ရည်ရွယ်တာမဟုတ်ဘဲ ရှေးဟောင်းမိစ္ဆာမျိုးနွယ်စုတွေရဲ့ နည်းလမ်းတွေနဲ့ ပိုပြီးတူညီနေတယ်၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသက်သက်ကိုပဲ အဓိကထားတာပဲ" ဟု သူ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

“တကယ်လို့ ငါသာ ခန္ဓာကျင့်စဉ်အတိုင်း လေ့ကျင့်မယ်ဆိုရင် သွေးစွမ်းအင်အသွင်ပြောင်းလဲခြင်း အဆင့်တွေကို ကျော်ဖြတ်ပြီး ငါ့ရဲ့ ရုပ်ခန္ဓာကိုပဲ သီးသန့် မြှင့်တင်လို့ ရနိုင်မလား"

ခန္ဓာလမ်းစဉ်တွင် မည်သည့်တိုးတက်မှုမျိုးမဆို ရရှိရန် သွေးစွမ်းအင်များ၏ အသွင်ပြောင်းလဲခြင်းကို နားလည်သဘောပေါက်ရန် လိုအပ်ပြီး လင်းစွမ်းအား၊ မှောင်စွမ်းအား၊ အသွင်ပြောင်းစွမ်းအားနှင့် အမြုတေစွမ်းအားတို့ကို ကျွမ်းကျင်ပြီးမှသာ နောက်ဆုံးတွင် တတိယအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်ပေသည်။ ထိုလုပ်ငန်းစဉ်သည် ကြီးမားလှသော ကြိုးပမ်းအားထုတ်မှုနှင့် စိတ်ဆန္ဒ လိုအပ်လှသည်။ လော့ချန်အနေဖြင့် သူ၏ ချီကျင့်စဉ်အတွက် ပေးထားသော အချိန်နှင့် စွမ်းအင်များကို ခွဲပေးရန် ဆန္ဒမရှိချေ။ အကယ်၍ သူသာ သွေးစွမ်းအင်အသွင်ပြောင်းလဲခြင်း လမ်းစဉ်တစ်ခုလုံးကို ဘေးဖယ်ထားပြီး သူ၏ ရုပ်ခန္ဓာကို တောင့်တင်းခိုင်မာအောင်သာ သီးသန့်အာရုံစိုက်မည်ဆိုပါက သူ၏ ချီကျင့်စဉ်နှင့်အတူ ပူးတွဲလေ့ကျင့်ရန် ထိုက်တန်လှပေသည်။ ဤသည်မှာလည်း သူ၏ အစီအစဉ်ပင် ဖြစ်တော့သည်။

နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးနောက် ဟင်္သာအသွင်ပြောင်းကျင့်စဉ်အပေါ် နားလည်မှုသည် အလွန်ပင် နက်ရှိုင်းလာခဲ့ပြီဖြစ်ရာ ဝမ်ယွမ်၏ အဆင့်နှင့်ပင် တူညီလုနီးပါး ရှိနေချေပြီ။ သို့သော် ဝမ်ယွမ်သည် မပြည့်စုံသော ကျင့်စဉ်စာအုပ်ဖြင့်သာ တင်းတိမ်ခဲ့ရပြီး သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုကို အားကောင်းစေမည့် အပိုင်းများကိုသာ ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လော့ချန်၌ ၎င်းကို အပြည့်အဝ ပြန်လည်ပြုပြင်နိုင်စွမ်းရှိသော စနစ် ရှိနေသည်။

ထို့ကြောင့် သူ၏ စိတ်ကူးများကို အခြားနေရာသို့ မပို့ဆောင်တော့ဘဲ ကျင့်စဉ်တွင် ပြဋ္ဌာန်းထားသော လမ်းစဉ်အတိုင်းသာ အပြည့်အဝ လျှောက်လှမ်းနေခဲ့သည်။ အကယ်၍ သူသာ ဤကျင့်စဉ်ထဲမှ ထိုက်တန်သောအရာတစ်ခုခုကို အမှန်တကယ် ဖော်ထုတ်နိုင်ခဲ့လျှင် တုံ့ဆိုင်းနေသော သူ၏ ခန္ဓာကျင့်ကြံမှုသည်လည်း အဆင့်တစ်ခု သို့မဟုတ် နှစ်ခုခန့်အထိ တက်လှမ်းသွားနိုင်မည် ဖြစ်၏။ နှစ်ပေါင်းများစွာအတွင်း နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ပြီးနောက် သူရရှိခဲ့သော နားလည်မှုများအရ ၎င်းကို စနစ်ဖြင့် အပြီးသတ်ရန်အတွက် အောင်မြင်မှုမှတ်အချို့ကိုသာ အသုံးပြုရန် လိုအပ်တော့မည် ဖြစ်သည်။

လော့ချန်တစ်ယောက် ကျင့်စဉ်လေ့လာခြင်းထဲတွင် အာရုံနစ်မြုပ်နေစဉ်မှာပင် သူ၏ မျက်ခွံများက အနည်းငယ် ပွင့်ဟလာခဲ့သည်။ သူ၏ ထိုးဖောက်နိုင်စွမ်းရှိပြီး ထက်မြက်လှသော အကြည့်များသည် ထူထဲလှသော သစ်သားပျဉ်ပြားများကို ဖြတ်ကျော်လျက် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။

“တကယ့်ကို အကြောက်အလန့်မရှိဘူးပဲ....”

....

“အစ်ကိုကြီးဟူ.... အစ်ကို သေချာလို့လားဗျာ”

“ဘာကို မသေချာရမှာလဲကွ....”

အစ်ကိုကြီးဟူ ဆိုသူက လက်ကို ဝှေ့ယမ်းရင်း ဆိုလိုက်သည်။

“ဒီရက်ပိုင်း စစ်ပွဲကြား ကုန်သွယ်မှုတွေက ဒီပုံစံအတိုင်းပဲ သွားနေတာ၊ လော့ထျန်းအဖွဲ့က မနှစ်ကတည်းက ဒီနေရာကို ဖြတ်သန်းသွားခဲ့တာပဲ၊ အဲဒီတုန်းကတော့ အသေးအဖွဲလေးပေါ့၊ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ သူတို့မှာ အများကြီး တန်ဖိုးရှိတဲ့ ရတနာတွေ ပါလာတာ သေချာတယ်၊ ငါတို့သာ သူတို့ကို ဓားပြတိုက်ပြီး ညီတူညီမျှ ခွဲဝေယူနိုင်ရင် ဝိညာဉ်ကျောက်တုံးတွေ တောင်လိုပုံသွားမှာကွ....”

မိုင်အနည်းငယ် ဝေးကွာသော နေရာရှိ ကျဉ်းမြောင်းလှသော တောင်ကြားတစ်ခုအတွင်း ကျင့်ကြံသူအုပ်စုငယ်လေးတစ်ခု စုဝေးနေကြ၏။ ဆယ်ယောက်ကျော်မျှရှိသော ထိုလူများသည် လူစုခွဲလျက် ရပ်တန့်နေကြသည်။ သူတို့၏ အရှေ့ဆုံးတွင်မူ တစ်ကိုယ်တော်ကျင့်ကြံသူ နှစ်ဦး ရှိနေပြီး နှစ်ဦးစလုံးမှာ အခြေတည် ကျင့်ကြံသူများ ဖြစ်ကြပေသည်။

အစ်ကိုကြီးဟူ ဆိုသူက စကားကို တရစပ် ပြောဆိုနေစဉ် သူ၏ဘေးတွင်ရှိသော မျက်နှာဖြူဖြူနှင့် လူငယ်တစ်ဦးက နောက်ဆုံးတွင် သက်ပြင်းချရင်း မတတ်သာသလို ဆိုလာ၏။

“ကျွန်တော် မေးတာ အဲဒါ မဟုတ်ပါဘူး အစ်ကိုကြီးရဲ့"

အစ်ကိုကြီးဟူက အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“ငါ သဘောပေါက်ပြီ၊ ခုန်းကျိ.... မင်းက လော့ထျန်းအဖွဲ့ရဲ့ အစောင့်အရှောက် တပ်ဖွဲ့တွေရဲ့ စွမ်းအားကို စိုးရိမ်နေတာ မဟုတ်လား"

ဖြူဖျော့နေသော မျက်နှာနှင့် လူက ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေဆဲ ဖြစ်၏။ အစ်ကိုကြီးဟူက သူ၏ ပုခုံးကို ပုတ်ပေးရင်း “မင်း အဲဒါကို စိုးရိမ်နေဖို့ လုံးဝမလိုဘူးကွ" ဟု ဆိုလာသည်။

“ဟင်.... ဘာဖြစ်လို့လဲခင်ဗျာ"

“ငါ အားလုံးကို စုံစမ်းပြီးသားပါ.... လော့ထျန်းအဖွဲ့ဆိုတာ ထျန်းလန်မှာ ဒုတိယတန်းစား အင်အားစုလေးပဲ၊ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က စတင်တည်ထောင်ခဲ့တာ၊ အရင်ကတော့ အဆင်ပြေခဲ့ပေမဲ့ မကြာသေးခင်ကတင် သူတို့တွေ အကြီးအကျယ် အထိနာထားကြတာလေ"

သူ အနီးသို့ တိုးကပ်လာပြီး အသံ ခပ်တိုးတိုးဖြင့် ပြောလိုက်ပြန်သည်။

“ပုံမှန်ဆိုရင် ဒီလို ထောက်ပို့အဖွဲ့မှာ အနည်းဆုံး အခြေတည်ကျင့်ကြံသူ တစ်ယောက်တော့ ပါရမှာ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူတို့တွေ လူအင်အား ထုတ်ပေးနိုင်စွမ်း မရှိတော့တာ သေချာတယ်"

ထိုအကြောင်းကို ကြားလိုက်ရသော်လည်း ခုန်းကျိ၏ မျက်နှာတွင် သံသယများ ရှိနေဆဲ ဖြစ်၏။

“သူတို့ရဲ့ အဓိက အခြေစိုက်စခန်းကနေ အခြေတည်ကျင့်ကြံသူတစ်ယောက်ယောက်ကို မစေလွှတ်နိုင်ဘူးလားဟင်"

“လွှတ်နိုင်တာပေါ့၊ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံသူ အများစုက မိုးကြိုးတောင်တန်း စစ်မြေပြင်မှာ ပိတ်မိနေကြတာလေ၊ အိမ်မှာတော့ မိန်းမအနည်းငယ်ပဲ ကျန်တော့မှာပေါ့၊ ဘယ်သူကများ လာနိုင်ဦးမှာလဲ" ဟု အစ်ကိုကြီးဟူက မထူမပါး ပြောဆိုလိုက်သည်။

ခုန်းကျိက ခေါင်းခါယမ်းလိုက်သည်။

“မိန်းမတွေ လွှတ်လိုက်ရင်တော့ သေပြီဗျာ၊ သူတို့တွေက အရမ်း လက်ပေါက်ကတ်တာဗျ”

All Chapters