← Chapters

အခန်း (၅၁၃-၅၁၄)

Vol. 52 Ch. 513-514

အခန်း (၅၁၃-၅၁၄)

Vol. 52 Ch. 513-514

အခန်း (၅၁၃) - ချင်လျန်ချန်း၏ ရက်စက်လှသော ရွှေရောင်စစ်တူရွင်း

အစ်ကိုကြီးဟူက နှာခေါင်းရှုံ့လျက် အထင်အမြင်သေးစွာဖြင့် ဆိုလာ၏။

“စိတ်အေးအေးထားစမ်းပါကွာ၊ ငါက လူမိုက် မဟုတ်ပါဘူး.... ငါတို့ ခေါ်လာတဲ့ အဲဒီကောင်တွေကို အရင်ဆုံး တိုက်ခိုက်ခိုင်းပြီး အခြေအနေကို စမ်းသပ်ခိုင်းမယ်၊ တကယ်လို့သာ အခြေတည်ကျင့်ကြံသူ တစ်ယောက်ယောက် ရုတ်တရက် ထွက်လာရင် ငါတို့ ချက်ချင်း နောက်ဆုတ်ကြတာပေါ့"

ထို့နောက် သူတို့နှစ်ဦးစလုံး တောင်ကြားအပြင်ဘက်တွင် စုဝေးကာ လှုပ်ရှားရန် ပြင်ဆင်နေကြသော ချီသန့်စင်ကျင့်ကြံသူတစ်စုဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုလူများသည် အခြေတည်ကျင့်ကြံသူနှစ်ဦး၏ ဦးဆောင်မှုအောက်တွင် ရတနာများကို လုယက်တိုက်ခိုက်ရတော့မည်ဟူသော အတွေးဖြင့် မျက်ဝန်းများတွင် လောဘရိပ်များ ယှက်သန်းလျက် ရင်ခုန်စိတ်လှုပ်ရှားနေကြ၏။

ခုန်းကျိက ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲ၌ အနည်းငယ် တည်ငြိမ်သွားခဲ့ရသည်။ သို့သော် ပိုမိုသေချာစေရန်အတွက် သူ နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မံမေးမြန်းလိုက်ပြန်၏။

“ဒါပေမဲ့ လော့ထျန်းအဖွဲ့ရဲ့ ဒီပစ္စည်းတွေက ရေခဲခံတပ်ဆီ ပို့မယ့် ပစ္စည်းတွေလား.... ဒါတွေကို ယူလိုက်ရင် ရွှေအမြုတေဂိုဏ်းကြီးတစ်ခုကို ပြစ်မှားမိသလို ဖြစ်မနေဘူးလား"

အစ်ကိုကြီးဟူက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“ညီလေးရာ.... မင်းကတော့ သိပ်ပြီး စိုးရိမ်ပူပန်လွန်းတာပဲ၊ ငါတို့ သူတို့ကို ပြစ်မှားမိတယ်ပဲ ထားဦးတော့.... ငါတို့နဲ့သူတို့က အစတည်းက ဘက်မှမတူတာ၊ သူတို့ ငါတို့ကို အပြစ်တင်တော့ကော ဘာဖြစ်မှာလဲ"

သူ ပြုံးစိစိဖြင့် ဆက်ပြောလိုက်ပြန်သည်။

“ငါတို့သာ ဒီပစ္စည်းတွေကို လုယူနိုင်ခဲ့ရင် အဖိုးတန်ရတနာတွေကို ရရှိရုံတင်မကဘူး၊ ကျောက်စိမ်းအိုးဓားဂိုဏ်းဆီကနေလည်း ဆုလာဘ်တွေ အများကြီး ရဦးမှာကွ၊ ငါ မင်းကို ပြောပြရဦးမယ်.... စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာဟာ စစ်မှုထမ်းကောင်းတံဆိပ်ရဖို့အတွက် အလွယ်ကူဆုံးနဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းပဲကွ"

ခုန်းကျိ ခေတ္တမျှ မှင်တက်သွားမိပြီးမှ ယုတ္တိရှိကြောင်း လက်ခံလိုက်တော့သည်။ အစ်ကိုကြီးဟူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရစွာဖြင့် ဝင့်ကြွားနေသည်ကို ကြည့်ရင်း သူ စိတ်ထဲ၌ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်မိ၏။

‘ကျွန်တော့်ကို သတိကြီးတယ်လို့ ပြောနေပေမဲ့ ခင်ဗျားကြီးလည်း အကွက်ကျကျ ပြင်ဆင်ထားတာပဲ မဟုတ်လား၊ မဖြစ်ဘူး…. အခြေအနေမဟန်ရင် သူ့ထားခဲ့ပြီး ထွက်ပြေးဖို့ ပြင်ထားရမယ်’

“ကဲ.... သူတို့တွေ ကောင်းကင်တိုင်လုံးတောင်ထိပ်ကို ဖြတ်သန်းတော့မယ်၊ အဲဒီနေရာက မြေမျက်နှာသွင်ပြင် မြင့်တယ်၊ တကယ်လို့ သူတို့ လမ်းလွှဲပြီး မသွားချင်ဘူးဆိုရင် သူတို့ရဲ့ လှေကြီး အထက်ကို ပျံတက်ရလိမ့်မယ်.... အဲဒီအချိန်က ငါတို့ တိုက်ခိုက်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ"

အစ်ကိုကြီးဟူက လက်ကို ခန့်ညားစွာ ဝှေ့ယမ်းရင်း လှုပ်ရှားရန် အမိန့်ပေးလိုက်တော့သည်။ သူ ဆွဲဆောင်စည်းရုံးထားခဲ့သော ချီသန့်စင်ကျင့်ကြံသူ အုပ်စုမှာ စိတ်လှုပ်ရှားစွာဖြင့် တောင်ကြားထဲမှ ပြေးထွက်သွားကြတော့သည်။

....

“ဒီလို ခေတ်ကာလကြီးထဲမှာတော့.... ရွှေအမြုတေစီရင်စုသခင်တွေက ကိုယ့်ဂုဏ်သိက္ခာကိုယ် မငဲ့ကြတော့ဘူး၊ အခြေတည်ကျင့်ကြံသူတွေက လူပြတ်တွေလို ဆက်ဆံခံနေရပြီး တစ်ကိုယ်တော်ကျင့်ကြံသူတွေကလည်း အချိန်မရွေး ဓားပြတွေအဖြစ် အသွင်ပြောင်းလဲသွားကြတာပဲ"

အနီရောင် ဝတ်စုံဟောင်းကို လဲလှယ်ဝတ်ဆင်ထားပြီးဖြစ်သော လော့ချန်သည် လှေပျံ၏ ကုန်းပတ်ထက်တွင် ရပ်ရင်း တီးတိုး ရေရွတ်လိုက်မိသည်။

“ဒါက ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ စစ်မှန်တဲ့ အနှစ်သာရကို မျက်ကွယ်ပြုနေကြတာပဲ....”

“အဖွဲ့ချုပ်ခေါင်းဆောင်.... ဘာဖြစ်လို့ အပြင်ကို ထွက်လာရတာလဲ"

ချင်လျန်ချန်းက စပ်စုလိုစိတ်များဖြင့် အနီးသို့ တိုးကပ်လာကာ မေးမြန်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး.... လေကောင်းလေသန့်လေး ထွက်ရှူတာပါဗျာ"

လော့ချန်က အနည်းငယ် ပြုံးရင်း ပြန်ဖြေလိုက်သည်။ လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လိပ်အသက်ရှူအတတ်နှင့် ချီဖုံးကွယ်မှော်အတတ်တို့ကို အသုံးပြုကာ မိမိကိုယ်ကိုယ် သာမန် ချီသန့်စင်အဆင့် ၉ အဖြစ်သာ ဟန်ဆောင်ထားခြင်း ဖြစ်သည်။

လေနှင့် တိမ်တိုက်များကို တိုးဝှေ့လျက် အထက်သို့ ပျံတက်နေသော လှေပျံကို ကြည့်ရင်း လော့ချန် ရုတ်တရက် မေးမြန်းလိုက်သည်။

“တကယ်လို့ လမ်းခရီးမှာ ချီသန့်စင်အဆင့်ရှိတဲ့ ဓားပြအုပ်စုငယ်လေးတစ်ခုနဲ့ တွေ့ရင် ဦးလေးချင် ဘာလုပ်မလဲ"

‘ချီသန့်စင်အဆင့်လား....’

ချင်လျန်ချန်းက မျက်ခုံးပင့်လိုက်ပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“အဲလိုဆိုရင်တော့ ငါ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ပြောနေဖို့တောင် မလိုတော့ပါဘူး၊ သူတို့တွေ ဦးနှောက်မရှိလို့ လာသေတာလို့ပဲ ပြောရမှာပေါ့"

သူသည် လှေပျံပေါ်ရှိ ရာဂဏန်းမျှရှိသော ကျင့်ကြံသူများနှင့် ကောင်းကင်ယံထက်တွင် ကင်းလှည့်နေကြသော လင်းယုန်စီးနင်းသူများကို လက်ညှိုးညွှန်ပြလျက် ဆိုလာ၏။

“ဒီလူတွေအားလုံးက လင်းယုန်စီးရင်း တိုက်ခိုက်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးနန်းဆောင်က ကျင့်ကြံသူတွေ၊ အားနည်းတဲ့သူ တစ်ယောက်မှ မပါဘူး၊ ငါ အပြင်စည်းခန်းမက ခေါ်လာတဲ့ ကျင့်ကြံသူတွေကလည်း ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူတွေချည်းပဲ၊ တကယ်လို့ သာမန်ဓားပြတွေသာ ငါတို့နဲ့ လာတိုးရင် ကျောက်တုံးကို ကြက်ဥနဲ့ ထုသလိုပဲ ဖြစ်သွားမှာပေါ့"

သူ ပြုံးလိုက်ရင်း သူ၏ လက်နက်ကို ပုတ်ကာ ဆိုလိုက်ပြန်သည်။

“ပြီးတော့.... ငါ ချင်လျန်ချန်းဟာ အခြေတည်အဆင့်တက်ဖို့ ကျရှုံးခဲ့တယ်ဆိုပေမယ့် ချီသန့်စင်အထွတ်အထိပ်မှာ ရှိနေတုန်းပဲလေ၊ တော်ရုံကောင်တွေကိုတော့ ငါ လုံးဝ မကြောက်ပါဘူး"

သူ၏ လေသံထဲတွင် ယုံကြည်ချက်များ ပြည့်နှက်နေသည်။

လော့ချန်၏ မျက်ဝန်းများ လင်းလက်သွားခဲ့ပြီး စိတ်ထဲ၌ ကျေနပ်စွာ ခေါင်းညိတ်မိလိုက်၏။ ချင်လျန်ချန်းသည် အခြေတည်အဆင့် တက်လှမ်းရန် ကျရှုံးခဲ့သော်လည်း သူ၏ ဇနီးမုရုံ အောင်မြင်ပြီးနောက် ပြန်လည် တက်ကြွရွှင်လန်းလာခဲ့သည်။ ထိုမျှသာမက အပြည်စည်းအဖွဲ့ကို အချိန်အတော်ကြာ ကြီးကြပ်ကွပ်ကဲခဲ့ပြီးနောက် ပိုမို၍ ယုံကြည်မှု ရှိလာခဲ့သည်။ အကယ်၍ သူ၏ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များသာ မရှိခဲ့လျှင် ထိုကဲ့သို့သော စိတ်နေသဘောထားမျိုးသည် အခြေတည်အဆင့် တက်လှမ်းရန်အတွက် အကောင်းဆုံး အားသာချက်တစ်ခု ဖြစ်ပေလိမ့်မည်။

ချင်လျန်ချန်း စကားထပ်မံ ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။ နောက်တစ်ခဏတွင် ဝေးကွာသောအရပ်မှ ချီသန့်စင်အဆင့်ရှိ ကျင့်ကြံသူ ဆယ်ယောက်ကျော် အလုအယက် ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ လော့ချန်ကို အံ့အားသင့်စွာ ကြည့်လိုက်မိတော့သည်။

“မင်း.... ကြိုသိနေတာလား"

လော့ချန် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“သွားပါ.... ကျွန်တော် နောက်ကနေ စောင့်ရှောက်ပေးထားမယ်.... သူတို့နဲ့ စကားအများကြီးပြောမနေနဲ့.... တွေ့တာနဲ့ သတ်ပစ်လိုက်"

“အင်း”

ချင်လျန်ချန်းက ခေါင်းညိတ်လိုက်ပြီးနောက် ရွှေရောင်စစ်တူရွင်းကြီးကို ထုတ်ယူကာ ကောင်းကင်ယံထက်သို့ ပျံတက်သွားတော့သည်။

“လော့ထျန်းအဖွဲ့သားတွေ.... တိုက်ပွဲအတွက် ပြင်ဆင်ကြစမ်း"

ရှေ့တွင် ရှိနေသော ဓားပြအုပ်စုမှာ လော့ထျန်းအဖွဲ့သားများ အလုံးအရင်းဖြင့် ထွက်ပေါ်လာသည်ကို မြင်သည့်အခါ အနည်းငယ် ထိတ်လန့်သွားကြသော်လည်း နောက်တွင် အခြေတည်အဆင့် ခေါင်းဆောင်နှစ်ဦး ရှိနေသောကြောင့် ဇွဲမလျှော့ဘဲ ရှေ့သို့ ဆက်တက်လာခဲ့ကြသည်။ ချီသန့်စင်အဆင့် ၉ ရှိသော ခေါင်းဆောင်တစ်ဦးက အစ်ကိုကြီးဟူ၏ အမိန့်ကို သတိရလိုက်မိသည်။ ရန်သူ၏ လှေပေါ်တွင် အခြေတည်အဆင့် ကျင့်ကြံသူ ပါမပါကို သိရှိရန် လိုအပ်ပေသည်။

“ငါတို့က မီးလျှံမဟာမိတ်အဖွဲ့က ကျင့်ကြံသူတွေပါ.... အခြေတည်အကြီးအကဲကို တလေးတစား ပန်ကြားချင်တာက....”

သို့သော်လည်း စကားမဆုံးခင်မှာပင် သူ၏ မျက်နှာက သွေးဆုတ်ဖြူလျော်သွားခဲ့ရသည်။ အကြောင်းမှာ လော့ထျန်းအဖွဲ့ကို ဦးဆောင်လာသူသည် သူ၏စကားကို နားထောင်ရန် စိတ်ကူး လုံးဝမရှိသောကြောင့်ပင်။

ချင်လျန်ချန်းသည် မြင်မြင်သမျှ သတ်ပစ်ရန် အမိန့်ရရှိထားခဲ့သဖြင့် စကားတစ်ခွန်းမျှ မဆိုဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ၏ အမိန့်အောက်တွင် လော့ထျန်းအဖွဲ့ ကျင့်ကြံသူများသည် ဝံပုလွေများနှင့် ကျားသစ်များကဲ့သို့ ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်သွားကြတော့၏။ မှော်လက်နက်များနှင့် မှော်စာရွက် စွမ်းအားများက မိုးသက်မုန်တိုင်းကဲ့သို့ အဆက်မပြတ် ကျရောက်လာခဲ့သည်။

“နေဦး.... မဟုတ်ဘူး.... စကားပြောကြရအောင်လေ၊ ဘာဖြစ်လို့ ဒီလောက်တောင် တိုက်ချင်ခိုက်ချင်နေရတာလဲ…."

ထိုဓားပြအုပ်စုမှာ လော့ထျန်းအဖွဲ့သားများ၏ ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် ကြက်ကလေး၊ ငှက်ကလေးများပမာ ဝရုန်းသုန်းကား ထွက်ပြေးကြရပြီး အော်ဟစ်အသနားခံနေကြရာ အဝေးက ကြည့်လျှင် လော့ထျန်းအဖွဲ့ကပင် ဗိုလ်ကျစိုးမိုးနေသော ဓားပြများပမာ ဖြစ်နေခဲ့သည်။ သို့သော် ချင်လျန်ချန်းကမူ အနည်းငယ်မျှ သနားညှာတာခြင်း မရှိဘဲ သံတူကြီးဖြင့် ရိုက်ချလိုက်တိုင်း လေထုထဲတွင် သွေးမြူတိမ်တိုက်များ မှုန်ဝါးစွာ ထွက်ပေါ်လာခဲ့သည်။

ဘုန်းး....

ချီသန့်စင် အဆင့် (၉) ဓားပြတစ်ဦးသည် ဝိုင်းရံပိတ်ဆို့မှုအတွင်းမှ ခက်ခက်ခဲခဲ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်မိသည်။

“အစ်ကိုကြီးဟူ.... ဘာဖြစ်လို့ ငြိမ်နေသေးတာလဲ…."

အနီးနားရှိ တောင်ကြားထဲမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာပြီးနောက် အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦးက တိမ်တိုက်များကို စီးနင်းလျက် တစ်ဟုန်ထိုး ပျံတက်လာခဲ့ကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သေလုမြောပါး ဖြစ်နေသော ဓားပြခေါင်းဆောင်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်ကြီး တစ်ခုလုံး တောင့်တင်းသွားခဲ့ရသည်။

လခြမ်းသဏ္ဌာန် အလင်းတန်းတစ်ခုက သူ၏ လည်ပင်းကို သရဲတစ္ဆေပမာ ဖြတ်သန်းသွားခဲ့ပြီးနောက် လူဦးခေါင်းကြီးက လေထဲသို့ လွင့်ပျံသွားခဲ့တော့သည်။

လှေပျံ၏ ကုန်းပတ်ထက်တွင် ရပ်နေသော လော့ချန်က မျက်ခုံးကို ပင့်လိုက်ရင်း ဘေးနားရှိ မျက်နှာအနည်းငယ် ဖြူလျော်နေသော ယွမ်ရှောင်ယွဲ့ကို ကြည့်ကာ ဆိုလိုက်သည်။

“မဆိုးဘူး.... မဆိုးဘူး၊ ဒါ ချိုင်ယီ မင်းကို သင်ပေးထားတာလား"

ထိုကဲ့သို့ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် သတ်ကွက်သည် လော့ချန် ချီသန့်စင်အဆင့်တွင် ရှိစဉ်က သူ၏ အမှတ်သညာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် ရက်စက်လှသော်လည်း အလွန်ပင် ထိရောက်လှ၏။ သူ၏ ထိုတိုက်ကွက်ကို သိသူ အနည်းငယ်သာ ရှိပြီး ကူချိုင်ယီသည် ထိုလူများထဲမှ တစ်ဦးပင် ဖြစ်တော့သည်။

ယွမ်ရှောင်ယွဲ့က လခြမ်းပုံစံ ဝိညာဉ်ဓားမြှောင်ကို ပြန်လည်သိမ်းဆည်းလိုက်ရင်း ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။

“မမချိုင်ယီက ကျွန်မကို အများကြီး သင်ပေးထားတာပါ.... ဒါပေမဲ့ ခုနတိုက်ကွက်ကတော့ ကျွန်မ သူ သတိမထားမိတဲ့အချိန်ကို ချောင်းပြီး တိုက်လိုက်တာပါ"

လော့ချန် သဘောကျစွာ ရယ်မောရင်း ခေါင်းခါယမ်းလိုက်သည်။

“ချီသန့်စင်အဆင့် ၈ က ချီသန့်စင်အဆင့် ၉ ကို သတ်နိုင်တာက ခိုးတိုက်တာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် သိပ်တော်လှပါပြီ”

လှေပျံပေါ်ရှိ ပတ်ဝန်းကျင်က တည်ငြိမ်အေးချမ်းနေပြီး ရယ်မောသံများ ပျံ့လွင့်နေဆဲ ဖြစ်၏။ သို့သော် အခြားတစ်ဖက်ရှိ တောင်ကြားအတွင်း၌ အစ်ကိုကြီးဟူနှင့် ခုန်းကျိတို့၏ မျက်နှာများကမူ အလွန်တရာ အကျည်းတန်သွားခဲ့ရသည်။ အမှန်အတိုင်း ပြောရလျှင် သူတို့သည် ထိုအောက်ခြေအဆင့်လူစုများ သေဆုံးသွားခြင်းကို ဂရုစိုက်နေခြင်း မဟုတ်ချေ။ အကယ်၍ ကိစ္စဝိစ္စများ အောင်မြင်သွားခဲ့လျှင်ပင် ဝေစုခွဲမပေးချင်သဖြင့် ထိုလူများကို သူတို့ကိုယ်တိုင် သတ်ပစ်ရန် ကြံစည်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့ကိုယ်တိုင် သတ်ခြင်းနှင့် အခြားသူက သတ်ခြင်းမှာ လုံးဝ ကွဲပြားခြားနားလှပေသည်။ ချီသန့်စင် အဆင့် (၈) သာ ရှိသော မိန်းကလေးတစ်ဦးက သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလော။

“အဲဒီ မျိုးမစစ်မလေး.... ငါ့လက်ထဲမိရင်တော့ ကောင်းကောင်းကြီး နှိပ်စက်ပစ်မယ်"

အစ်ကိုကြီးဟူက ယွမ်ရှောင်ယွဲ့ကို စူးစိုက်ကြည့်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။ ထို့နောက် ချင်လျန်ချန်းဆီသို့ အကြည့်ကို လွှဲပြောင်းလိုက်ရာ မျက်ခုံးများက တင်းကျပ်စွာ တွန့်ချိုးသွားခဲ့ရ၏။

‘ဒီလူကလည်း သောက်ကျိုးနည်းပဲ.... အခြေတည်ကျင့်ကြံသူနှစ်ယောက်ကို မြင်နေရတာတောင် ဘာဖြစ်လို့ နည်းနည်းလေးမှ မကြောက်ရတာလဲ’

ချင်လျန်ချန်းသည် ကျန်ရှိနေသော ဓားပြများကို အပြီးသတ် သုတ်သင်လိုက်ပြီးနောက် သူတို့နှစ်ဦးထံသို့ လှည့်ကြည့်လျက် တည်ငြိမ်စွာ ဆိုလာ၏။

“မင်းတို့ နာမည်ကို ငါ မသိရသေးဘူးနော်၊ ဒီလိုနည်းလမ်းနဲ့ တားဆီးရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

အစ်ကိုကြီးဟူက နှာခေါင်းရှုံ့လိုက်ရင်း

“ကောင်စုတ်.... မင်းက ငါ့ရဲ့ အဖိုးတန်လူတွေကို သတ်ပစ်ခဲ့တာပဲ၊ မင်းတို့ရဲ့ အသက်တွေနဲ့ ကုန်စည်တွေအားလုံးကို လျော်ကြေးအဖြစ် ပေးရလိမ့်မယ်.... နေရာမှာပဲ ရပ်နေစမ်း"

စကားဆုံးသည်နှင့် သူ ဓားကို ထုတ်ယူကာ သတ်ဖြတ်ရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ အတိုင်းအထက်အလွန် ပြင်းထန်သော စွမ်းအားအရှိန်အဝါကြီးတစ်ခုက အဝေးရှိ လှေပျံပေါ်မှနေ၍ ကောင်းကင်ယံထက်သို့ တစ်ဟုန်ထိုး ထိုးတက်လာခဲ့သည်။

အစ်ကိုကြီးဟူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိတော့သည်။

“အခြေတည်နှောင်းပိုင်းကျင့်ကြံသူ....”

သူ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ဘေးနားရှိ ခုန်းကျိမှာ သူ့ထက်ပင် မြန်ဆန်စွာဖြင့် ဝေးကွာလှသော နေရာသို့ ထွက်ပြေး လွတ်မြောက်နေပြီ ဖြစ်သည်ကို မြင်လိုက်ရသည်။

“တောက်.... ခွေးမသား....”

အစ်ကိုကြီးဟူက ကျိန်ဆဲလိုက်ရင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် နောက်သို့ လှည့်၍ အသက်လု ထွက်ပြေးတော့သည်။

‘လော့ထျန်းအဖွဲ့ဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကမှ ပေါ်ပေါက်လာခဲ့တဲ့ အင်အားစုအသစ်လေး မဟုတ်ဘူးလား၊ သူတို့ထဲမှာ အခြေတည်နှောင်းပိုင်း ကျွမ်းကျင်သူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ၊ အဲဒီလို လူမျိုးတွေက ငါတို့နဲ့ လုံးဝ အဆင့်အတန်း မတူဘူး၊ ငါတို့တွေ သူတို့ရဲ့ လူတစ်ယောက်ကိုမှ မတိုက်ခိုက်ရသေးဘူးပဲ.... လိုက်ပြီး မချေမှုန်းလောက်ပါဘူး.... ဟုတ်တယ်မလား’

သူ စိတ်ထဲ၌ တွေးတောနေစဉ်မှာပင် ရှေ့ဘက် ကောင်းကင်ယံထက်တွင် အတိုင်းအဆမရှိသော ဧရာမ ဓားအလင်းတန်းကြီးတစ်ခုက ဘုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

“အား....”

အရင်ဆုံး ထွက်ပြေးသွားခဲ့သော ခုန်းကျိသည် စူးစူးဝါးဝါး အော်ဟစ်သံတစ်သံသာ ပြုလုပ်နိုင်ခဲ့ပြီး ဓားအလင်းတန်းအတွင်းသို့ ပျောက်ကွယ်သွားခဲ့ရတော့သည်။ သွေးစက်များနှင့် အသားစများသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့ရပြီး အချို့သော သွေးစက်များသည် အစ်ကိုကြီးဟူ၏ မှင်တက်နေသော မျက်နှာထက်သို့ တိုက်ရိုက် လာရောက်စင်ပွားခဲ့၏။

ထို့နောက် တည်ငြိမ်လှသော စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“မင်းတို့ ခရီးဝေးကြီး လာခဲ့ကြတာပဲ.... ဘာဖြစ်လို့ ဒီလောက်တောင် အလျင်စလို ပြန်ချင်နေရတာလဲ”

“ခဏလောက် ရပ်လိုက်ပါ....”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၅၁၄) - ရန်သူ့ဦးခေါင်းကို အလံထက်တွင် ချိတ်ဆွဲခြင်း

“ရပ်ရမယ် ဟုတ်လား.... မင်းအမေလင်မို့လို့ ရပ်ရမှာလားကွ"

အစ်ကိုကြီးဟူက ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်ရင်း အခြားတစ်ဖက်သို့ လမ်းကြောင်းပြောင်းကာ အသက်လု ထွက်ပြေးတော့သည်။ သူ့နောက်တွင်မူ ခုန်းကျိကို အသားစများဖြစ်အောင် ချေမှုန်းပစ်ခဲ့သော ဝဲပျံနေသည့် ဓားအလင်းတန်း မုန်တိုင်းကြီးသည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့ပြီး နီမြန်းသော ဓားအမြုတေ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝူးးး....

ဓားအမြုတေသည် အနည်းငယ် တုန်ခါသွားပြီးနောက် ကောင်းကင်ယံထက်တွင် ကြယ်ပျံတစ်စင်းပမာ အရှိန်အဟုန်ပြင်းစွာဖြင့် နောက်မှ ထပ်ချပ်မကွာ လိုက်လံ တိုက်ခိုက်တော့သည်။ ၎င်း၏ အရှိန်က မြန်ဆန်လွန်းလှရာ သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် မည်သို့မျှ ရှောင်တိမ်းနိုင်စွမ်း မရှိချေ။

အစ်ကိုကြီးဟူ၏ နှလုံးသားတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဝိညာဉ်ဓားကို ထုတ်ယူကာ ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် ဓားအမြုတေ၏ လျင်မြန်ဖြတ်လတ်မှုမှာ သူ၏ ဓားပျံထိန်းကျောင်းမှုအတတ်ထက် များစွာ သာလွန်နေသဖြင့် ဝိညာဉ်ဓားကို အလွယ်တကူ ဝေ့ဝိုက်ရှောင်ကွင်းသွားခဲ့သည်။

“တောက်.... ခွေးမသား....”

အစ်ကိုကြီးဟူက ပျာပျာသလဲဖြင့် မှော်စာရွက်တစ်ရွက်ကို ထုတ်ယူ၍ အသက်သွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝါကျင်ကျင် အရောင်ရှိသော ကာကွယ်ရေး အလင်းအကာအရံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤအရာမှာ ဒုတိယအဆင့် ဝရဇိန်အကာအကွယ်မှော်စာရွက်ဖြစ်ပြီး ခံစစ်ပိုင်းတွင် အလွန် နာမည်ကြီးလှသည်။ ထို့အပြင် သူ အားမရသေးဘဲ အရှေ့တွင် မြေကမ္ဘာသံမဏိဒိုင်းကိုပါ ထုတ်ကာ ပိတ်ဆို့လိုက်သေးသည်။

‘ဒီလောက်ဆိုရင်တော့.... လုံလောက်ပါပြီ.... ဟုတ်တယ်မလား....’

အစ်ကိုကြီးဟူ စိတ်ထဲ၌ တိုးညင်းစွာ ရေရွတ်မိလိုက်၏။

အဖြစ်အပျက်များမှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။

ဂျွတ်....

ဟူအကြီးအကဲ၏ ကြောက်လန့်တကြား ကြည့်နေသည့် မျက်ဝန်းများအောက်တွင် သူ အားကိုးထားသော ဒုတိယအဆင့် အကာအကွယ်မှော်စာရွက်မှာ တစ်ဖက်လူ၏ တိုက်ခိုက်မှုအောက်တွင် အလွယ်တကူပင် ဖျက်ဆီးခံလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ဓားအမြုတေသည် မြေကမ္ဘာသံမဏိဒိုင်းကြီးဆီသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့တော့သည်။

ကျွိ.... ကျွိ....

နားစည်ကို ကွဲအက်မတတ် ဖြစ်စေသော သတ္တုချင်း ပွတ်တိုက်သံကြီးက လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး မီးပွားများမှာလည်း လှပဆန်းပြားစွာဖြင့် အရပ်မျက်နှာအနှံ့ ဖွာထွက်သွားခဲ့သည်။ သို့သော် အဆုံးသတ်တွင်မူ ၎င်းက တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

အစ်ကိုကြီးဟူသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရပြီး ချွေးစေးများကြောင့် သူ၏ ဆံပင်များသည် ဦးရေပြားတွင် ကပ်ငြိနေခဲ့သည်။

“ဒါ.... ဒါက ကျင့်ကြံသူအကျော်အမော်ကြီး တစ်ယောက်ရဲ့ စွမ်းအားလား....”

ဓားအမြုတေသည် အနောက်သို့ အနည်းငယ် ဆုတ်ခွာသွားခဲ့ပြီး နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန်အတွက် စူးရှသော အလင်းတန်းများကို စုစည်းလိုက်ပြန်သည်။ အစ်ကိုကြီးဟူသည် တုန်တုန်ရင်ရင်ဖြင့် အသက်လုကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ထိုခဏ၌ပင် သူ၏ စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးပိုင်းမှနေ၍ အလွန်အမင်း သွေးပျက်ဖွယ်ကောင်းသော သေမင်း၏ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ မျှော်လင့်ချက်မဲ့စွာဖြင့် အထက်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြီးမားလှသော အရာတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော ကြီးမားလှသည့် တောင်ကြီးတစ်လုံးသည် ကောင်းကင်ယံထက်တွင် ဝဲပျံနေပြီး အောက်သို့ တဖြည်းဖြည်းချင်း ဖိနှိပ်ကျရောက်လာသည်။ အတိုင်းအဆမရှိလှသော ဝိညာဉ်အရှိန်အဝါ ဖိအားကြီးက တိမ်တိုက်များကို အလိပ်လိုက် လွင့်စင်သွားစေခဲ့သည်။ ဟူအကြီးအကဲသည် ထိုကြောက်မက်ဖွယ် ဖိအားအောက်တွင် မိမိ၏ ပျံသန်းမှုကိုပင် မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဗုန်းခနဲ ပြုတ်ကျသွားခဲ့ရတော့သည်။

သူသည် ဖျော့တော့ဖြူလျော်နေသော မျက်နှာဖြင့် ခေါင်းကို ခက်ခဲစွာ မော့ကြည့်လိုက်ရင်း စူးစူးဝါးဝါး အော်ဟစ်လိုက်မိသည်။

“မလုပ်ပါနဲ့....”

ကမ္ဘာမြေတံဆိပ်တော်သည် ဟူအကြီးအကဲအား အသားမှုန့်အဖြစ် ကြိတ်ခြေပစ်တော့မည့်အလား ပြုတ်ကျလာခဲ့သော်လည်း သူ၏ ဦးခေါင်းထက် သုံးပေအကွာအဝေးသို့ ရောက်ရှိသည့်အခါ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ဝုန်းးး....

ထိုဆန်းကြယ်လှသော ရတနာသည် ရပ်တန့်သွားခဲ့သော်လည်း ၎င်း၏ လက်ကျန်အရှိန်အဝါ ဖိအားကတင် မြေပြင်ကြီးကို သုံးမီတာခန့်အထိ နက်ရှိုင်းစွာ နိမ့်ဆင်းသွားစေခဲ့ပြီး ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ ဟူအကြီးအကဲမှာမူ ခန္ဓာကိုယ်တစ်ခုလုံး အင်အားချည့်နဲ့စွာဖြင့် ထိုချိုင့်ခွက်ကြီးထဲတွင် ခွေခွေလေး လဲလျောင်းနေခဲ့ရသည်။ သေမင်း၏ ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုကြီးက ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။

ရှူးးး....

လူရိပ်တစ်ခုက သူ့အရှေ့တွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် လွန်ခဲ့သော မိနစ်ပိုင်းက အစ်ကိုကြီးဟူ၏ လက်အောက်ငယ်သားများကို ရက်ရက်စက်စက် သုတ်သင်ပစ်ခဲ့သော လူပင် ဖြစ်တော့၏။ သူ တည်ငြိမ်အေးစက်စွာဖြင့် ဆိုလာသည်။

“ထစမ်း.... မင်း ငါနဲ့ လိုက်ခဲ့ရမယ်၊ ငါတို့ အဖွဲ့ချုပ်ခေါင်းဆောင်က မင်းနဲ့ တွေ့ချင်နေတယ်"

သူ စကားပြောနေစဉ်အတွင်း ကောင်းကင်ထက်ရှိ တောင်ကြီးက သေးငယ်သော ကမ္ဘာဦးတံဆိပ်တုံးငယ်လေးတစ်ခုအဖြစ် ပြောင်းလဲကာ နောက်သို့ ပျံသန်းသွားခဲ့သည်။ ထိုအခါမှသာ ဟူအကြီးအကဲ၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားသော ဖိအားကြီးက သက်သာသွားခဲ့ရသည်။ အစ်ကိုကြီးဟူသည် သေမင်းနှင့် ကိုယ်တိုင်တွေ့ဆုံခဲ့ရသူတစ်ဦးကဲ့သို့ တုန်တုန်ရင်ရင်ဖြင့် ခက်ခဲစွာ ထရပ်လိုက်ရ၏။

“မင်းတို့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်ဆိုတာ.... ဘယ်သူလဲ"

သူ တုန်ရီခြောက်ကပ်နေသော အသံဖြင့် မေးမြန်းလိုက်သည်။

“ရောက်ရင် သိလိမ့်မယ်"

ချင်လျန်ချန်းက လှောင်ပြုံးပြုံးလိုက်ရင်း ရှေ့မှနေ၍ ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။

ဟူအကြီးအကဲက နောက်မှနေ၍ ယိမ်းယိုင်စွာ လိုက်ပါလာခဲ့သော်လည်း သူ၏ မျက်ဝန်းများကမူ ဘေးဘီသို့ အဆက်မပြတ် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ သူ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် တစ်ဖက်လူကို ခိုးတိုက်ပြီး ထွက်ပြေးရန် စိတ်ကူးနေခြင်း ဖြစ်သည်။ သို့သော်လည်း သူ စိတ်ကူးယဉ်နေစဉ်အတွင်း နားထဲတွင် သတ္တုချင်း ပွတ်တိုက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သူ ခေါင်းကို တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ သူ၏ ဘေးနားတွင် အေးဆေးစွာ ဝဲပျံနေသည့် ဓားအမြုတေကို မြင်တွေ့လိုက်ရတော့သည်။ တစ်ချက်တစ်ချက်တွင် ထွက်ပေါ်လာသော ဓားအလင်းတန်းများကြောင့် သူ၏ မွေးညင်းနုများပင် ထောင်ထသွားခဲ့ရ၏။ အစ်ကိုကြီးဟူသည် ခုန်းကျိ၏ ရက်စက်လှသော သေဆုံးမှုကို စိတ်ထဲ၌ ပြန်လည်မြင်ယောင်လာခဲ့သဖြင့် ဗီဇအရ အနောက်သို့ ဆုတ်သွားခဲ့ရသည်။

‘ဒါက ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်တာ မဟုတ်ဘူး.... ကြိုတင်စီစဉ်ထားတာပဲ၊ အဲဒီလို မဟုတ်ရင် အခြေတည်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်တောင် အစောပိုင်းအဆင့်ရှိတဲ့ ပြိုင်ဘက်ကို ဒီလောက်မြန်မြန်နဲ့ တိတ်တဆိတ် မသတ်နိုင်ဘူး၊ ပြီးတော့ အဲဒီ တောင်ပုံသဏ္ဌာန် ရတနာကလည်း ငါတို့ ထွက်ပြေးမယ့် လမ်းကြောင်းပေါ်မှာ ကြိုတင်ပြင်ဆင်ထားတာ သေချာတယ်၊ မဖြစ်နိုင်တာ.... သူတို့က ချောင်းမြောင်းတိုက်ခိုက်ခံရမှာကို ကြိုသိနေတာများလား’

အစ်ကိုကြီးဟူသည် လှည့်ဖြားလိုသော အတွေးများကို ထပ်မံ၍ မတွေးရဲတော့ချေ။ ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ ရှေ့မှောက်တွင် သူ၏ လှည့်ကွက်ငယ်များက အသုံးဝင်မည် မဟုတ်သည်ကို သေချာ သိရှိသွားခဲ့သည်။

‘တစ်ဖက်လူက ငါ့ကို ခုန်းကျိလို ချက်ချင်း မသတ်ဘဲ အသက်ချန်ထားပေးတယ်ဆိုတော့ ငါ့ဆီကနေ တစ်ခုခု လိုချင်လို့ ဖြစ်ရမယ်၊ မျှော်လင့်ချက်တော့ ရှိပါသေးတယ်.... ဒါနဲ့ သူက ငါတို့ရဲ့ အစီအစဉ်ကို ဘယ်လိုလုပ် ကြိုသိနေရတာလဲ'

....

“အဖွဲ့ချုပ်ခေါင်းဆောင်.... လူကို ခေါ်လာခဲ့ပါပြီ"

လှေပျံ၏ ကုန်းပတ်ထက်တွင် အစ်ကိုကြီးဟူ ခေါင်းကို မော့ကြည့်လိုက်ရာ ကျင့်ကြံသူများစွာ ခြံရံထားသော နေရာ၌ ထိုင်နေသည့် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။

ထိုလူငယ်သည် တိမ်တိုက်ပုံစံများထိုးထားသည့် နီမြန်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ အသားအရေက ပတ္တမြားကဲ့သို့ စင်ကြယ်ကာ မျက်ခုံးများက ဓားသွားကဲ့သို့ ထက်မြက်လှပြီး ရုပ်ရည်မှာ အလွန်တရာမျှ ချောမောလှသည်။ ထိုခဏ၌ အစ်ကိုကြီးဟူ၏ စိတ်ထဲ၌ အနည်းငယ် သက်သာရာရသွားခဲ့မိ၏။ ဤမျှ ငယ်ရွယ်သောလူတစ်ဦးသည် ရက်စက်ကြမ်းကြုတ်လှသူတစ်ဦး မဖြစ်နိုင်ဟု သူ ယူဆလိုက်သောကြောင့်ပင်။ သို့သော် မျက်ဝန်းချင်း ဆုံမိလိုက်သောအခါတွင်မူ သူ၏ ကျောရိုးတစ်ခုလုံး အေးစိမ့်သွားခဲ့ရတော့သည်။ ထိုလူငယ်၏ အကြည့်သည် ရှေးဟောင်းချောက်နက်ကြီးတစ်ခုကဲ့သို့ အေးစက်လှပြီး အဆုံးအစမရှိဘဲ သူ၏ စိတ်ဝိညာဉ်အထိ တိုက်ရိုက် ထိုးဖောက်ကြည့်ရှုနေသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။

“စစ်မြေပြင်ကို ရှင်းလင်းလိုက်ကြစမ်း"

ထိုလူက တည်ငြိမ်သော်လည်း ငြင်းဆန်ရန်မလိုသော အာဏာစက်ဖြင့် အမိန့်ပေးလိုက်၏။

“အချိန်တွေ ဖြုန်းမနေနဲ့.... ငါတို့ ဆက်ပြီး ချီတက်မယ်"

ထို့နောက် သူ အစ်ကိုကြီးဟူကို စူးစိုက်ကြည့်ရင်း

“မင်း.... ငါ့နောက်ကို လိုက်ခဲ့"

အစ်ကိုကြီးဟူသည် ဝေဝေဝါးဝါးဖြင့်ပင် လန်ချီလှေပျံ၏ အလယ်ဗဟို အဆောင်ခန်းအတွင်းသို့ လိုက်ပါလာခဲ့ရသည်။

ဝုန်းးး....

သူ အဆောင်ခန်းအတွင်းသို့ ခြေချလိုက်သည်နှင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ သိက္ခာကိုပင် မငဲ့ကွက်နိုင်တော့ဘဲ ဒူးထောက်၍ အသနားခံတော့သည်။

“အကြီးအကဲ.... ကျွန်တော့်ရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော် လောဘဇော တက်မိလို့ ခဏ လမ်းမှားသွားခဲ့တာပါ၊ အကြီးအကဲတို့ဘက်ကလည်း ဘာအထိအခိုက်မှ မရှိခဲ့တာမို့လို့....”

“ခေါင်းမော့စမ်း"

ထိုအမိန့်သည် လေထုထဲ၌ ဓားတစ်စင်းကဲ့သို့ ပြတ်သားစွာ ထွက်ပေါ်လာခဲ့၏။ အစ်ကိုကြီးဟူသည် ဗီဇအရပင် ခေါင်းကို မော့လိုက်ရပေသည်။ လော့ချန်နှင့် ဆုံမိလိုက်သော ခဏ၌ပင် ထိုအေးစက်လှသော ချောက်နက်ကဲ့သို့ မျက်ဝန်းများသည် သူ၏ စိတ်အာရုံကမ္ဘာအတွင်းသို့ တိုက်ရိုက် တိုးဝင်လာသလို ဖြစ်သွားခဲ့ရ၏။ ချက်ချင်းပင် ပြင်းထန်လှသော ဖိအားကြီး ကျရောက်လာခဲ့ပြီး သူ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့တော့သည်။ ကြောက်ရွံ့မှု၊ ဝေခွဲမရမှုနှင့် ခုခံလိုသော ပြင်းထန်သည့် စိတ်ဆန္ဒများသည် သူ၏ ရင်ထဲ၌ ဒွန်တွဲလျက် ထွက်ပေါ်လာခဲ့၏။

စွမ်းအားဒီရေလှိုင်းကြီးသည် သူ၏ စိတ်အာရုံကို လွှမ်းမိုးသွားခဲ့ပြီး သူ့အား နစ်မြုပ်သွားစေခဲ့သည်။ သူ၏ စိတ်အာရုံအနက်ရှိုင်းဆုံးပိုင်းတွင်မူ အဆုံးအစမရှိဘဲ အေးစက်လှသော မျက်ဝန်းတစ်စုံကသာ သူ့အား ကရုဏာကင်းမဲ့စွာဖြင့် စူးစိုက်ကြည့်ရှုနေတော့သည်။

“မင်းနာမည် ဘယ်သူလဲ”

“ဟူဝေ.... ပါခင်ဗျာ”

“ဘယ်ကလာတာလဲ.... ဘယ်သူ ခိုင်းစေတာလဲ”

“တာကွမ်းနတ်ဘုရားမြို့တော်က လာတာပါ၊ ဘယ်သူမှ မခိုင်းပါဘူး၊ ပစ္စည်းတွေကို လိုချင်လို့ ကိုယ့်သဘောနဲ့ကိုယ် လာတာပါ”

“မင်း မိုးကြိုးတောင်တန်း စစ်မြေပြင်အကြောင်း ဘာတွေ သိထားလဲ၊ အကုန်လုံးကို အသေးစိတ် ပြောပြစမ်း"

“မိုးကြိုးတောင်တန်းစစ်မြေပြင်ရဲ့ ခေါင်းဆောင်က ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ရွှေအမြုတေစီရင်စုသခင် ယောင်ရှင်းပါ၊ သူ့နောက်မှာ ဓားဂိုဏ်းရဲ့ တခြား ရွှေအမြုတေစီရင်စုသခင် ၅ ယောက်နဲ့ အခြေတည် ဓားကျင့်ကြံသူ ၃၀၀ ရှိပါတယ်၊ အဓိက တိုက်ခိုက်ရေးသမားတွေကတော့ မီးလျှံမဟာမိတ်က ကျင့်ကြံသူတွေနဲ့ ဓားဂိုဏ်းရဲ့ လက်အောက်ခံဖြစ်တဲ့ ကောင်းကင်ဓားခံတပ်၊ လဆန်းဘုရားကျောင်း၊ သဲသောင်ပြင်ဓားဂိုဏ်း တို့ပါ....”

တိတ်ဆိတ်ငြိမ်သက်နေသော အဆောင်ခန်းအတွင်း၌ ဟူဝေ၏ စကားသံများသာ တစ်တွတ်တွတ် ထွက်ပေါ်နေခဲ့သည်။ ကနဦးတွင် သူ ရှင်းလင်းပြတ်သားစွာနှင့် လျင်မြန်စွာ ပြောဆိုနေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ စကားသံက ထုံထိုင်းနှေးကွေးလာခဲ့ရသည်။ သူ၏ အချက်အလက်များသည် တဖြည်းဖြည်းနှင့် ဝေဝါးလာခဲ့ရပြီး ခန့်မှန်းချက်များနှင့် ယူဆချက်များသာ ပိုမိုများပြားလာခဲ့၏။ ခံတပ်များ တည်ဆောက်ပုံ သို့မဟုတ် စစ်တပ်များ လှုပ်ရှားမှုအကြောင်းကို မေးမြန်းလိုက်သောအခါတွင်မူ သူ လုံးဝ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိတော့ချေ။

နောက်ဆုံးတွင်မူ ဟူဝေ အားအင်ကုန်ခမ်းလျက် အရှေ့သို့ ယိမ်းထိုးသွားခဲ့ရပြီး တိုးညင်းစွာ ရေရွတ်လိုက်မိတော့သည်။

“ကျွန်တော် သိတာ ဒါအကုန်ပါပဲ ခင်ဗျာ"

သူ့ထံသို့ ပြန်လည်ထွက်ပေါ်လာသော အသံမှာ တစ်လုံးတည်းသာ ဖြစ်၏။

“အင်း"

ထိုစကားသံနှင့်အတူ ဟူဝေသည် အိပ်မက်မှ နိုးထလာသကဲ့သို့ အသိစိတ် ပြန်လည်ဝင်ရောက်လာခဲ့သည်။ သူ၏ ဝိညာဉ်အာရုံထဲရှိ ဧရာမ မျက်ဝန်းကြီးများ ပျောက်ကွယ်သွားခဲ့ချေပြီ။ သူ အခန်းကျယ်ကြီးကို မူးဝေစွာ ကြည့်လိုက်မိပြီး စောစောက မိမိပြောခဲ့သော စကားများကို ပြန်လည် တွေးတောမိသည့်အခါ မျက်နှာက ချက်ချင်း သွေးဆုတ်ဖြူလျော်သွားခဲ့ရတော့သည်။

သူသည် မချိုးဖျက်နိုင်သော သံမဏိတံတိုင်းကြီးတစ်ခုကို တိုက်ရိုက်တိုးမိခဲ့သည်။

သူ့အရှေ့တွင်ရှိသော လူသည် သာမန်ကာလျှံကာ စွမ်းအားကြီးမားလှရုံ မဟုတ်ပေ။ သူ၏ ချီစွမ်းအား တစ်ခုတည်းကပင် လူကို အသက်ရှူကျပ်စေလောက်သည်အထိ ပြင်းထန်လှပြီး ၎င်းကို အလွန်ပင် တိကျပြတ်သားစွာ အသုံးပြုနိုင်စွမ်း ရှိပေသည်။ ချောင်းမြောင်းတိုက်ခိုက်မှု ပျက်စီးသွားခဲ့သည်မှာ အံ့သြစရာ မရှိတော့ချေ။ ထိုကဲ့သို့သော ချီစွမ်းအားမျိုးနှင့်ဆိုလျှင် ထိုလူ၏ စိတ်အာရုံစွမ်းအားသည် မိုင်ပေါင်းများစွာအထိ လွယ်ကူစွာ ဖြန့်ကြက်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့်ပင် သူတို့အုပ်စု မိုင်တစ်ဆယ်ကျော် အကွာအဝေးတွင် ရှိနေစဉ်ကတည်းက တစ်ဖက်လူက အလွယ်တကူ သိရှိနေခဲ့ခြင်း ဖြစ်သည်။

ဟူဝေ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း ထပ်မံ ဒူးထောက်လိုက်ပြန်သည်။ သူ၏ စကားသံက ကြောက်ရွံ့မှုများကြောင့် အက်ကွဲတုန်ရီနေခဲ့သည်။

“အစ်ကိုကြီး.... ကျွန်တော် သိသမျှ အကုန်ပြောပြပြီးပါပြီ၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ....”

“ငါ မင်းကို နောက်ဆုံး မေးခွန်းတစ်ခု မေးမယ်"

လော့ချန်က ညင်သာသော လေသံဖြင့် ပြုံး၍ ဆိုလိုက်သည်။ ဟူဝေ ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်မိသည်။

“မေးပါ အကြီးအကဲ ကျွန်တော် သိတာမှန်သမျှကို တစ်လုံးမကျန် ဖြေပါ့မယ်”

“ဒါက ရိုးရှင်းတဲ့ မေးခွန်းလေးတစ်ခုပါ.... မကြောက်ပါနဲ့"

ဟူဝေ သက်ပြင်းချလိုက်မိပြီး စိတ်ထဲ၌ အနည်းငယ် သက်သာရာရသွားခဲ့သည်။ ထို့နောက်သူ၏ အသက်ရှင်သန်ခွင့်က ဤမေးခွန်းအပေါ်တွင် မူတည်နေသကဲ့သို့ အလေးအနက် အာရုံစိုက်လိုက်တော့သည်။

လော့ချန်သည် သူ၏ လက်ချောင်းများအကြားတွင် ဓားအမြုတေကို အသာအယာ ကစားနေရင်း သာမန်ကာလျှံကာ မေးမြန်းလိုက်၏။

“တကယ်လို့ ငါသာ ဒီလှေပေါ်မှာ ရှိမနေခဲ့ရင်.... မင်းတို့တွေ ဒီလှေပေါ်က ကျင့်ကြံသူတွေကို ဘယ်လို ဖြေရှင်းပစ်ဖို့ ရည်ရွယ်ထားကြလဲ"

ဟူဝေ ထိုမေးခွန်းကြောင့် ဆွံ့အသွားခဲ့ရသည်။ သူ ခေါင်းမော့၍ တစ်ခုခုကို ဖြေရှင်းရန် ပြင်လိုက်စဉ်မှာပင် လော့ချန်၏ လက်ထဲမှ ဓားအလင်းတန်းတစ်ခုက သရဲတစ္ဆေပမာ သူ့ထံဦးတည်လာခဲ့သည်။

“ကျွန်တော်....”

ဟူဝေ၏ အမြင်အာရုံများ ဝေဝါးသွားခဲ့ရသည်။ နောက်တစ်စက္ကန့်တွင်မူ သူသည် အဆောင်ခန်းအတွင်းရှိ မြေပြင်ပေါ်၌ ဒူးထောက်နေဆဲဖြစ်သော ခေါင်းမရှိသည့် ခန္ဓာကိုယ်ကြီးကို သွေးပျက်ဖွယ်ရာ နောက်ဆုံး မြင်တွေ့လိုက်ရတော့သည်။

လော့ချန် ခေါင်းခါယမ်းလိုက်မိသည်။

“မင်း.... တုံ့ဆိုင်းမနေခဲ့သင့်ဘူး"

ဟူဝေသည် မျက်လုံး အပြူးသားနှင့်ပင် သေဆုံးသွားခဲ့ရသည်။

သူ့အား သတ်ဖြတ်ပြီးနောက် လော့ချန် အတန်ကြာ စဉ်းစားခန်း ဝင်နေခဲ့သည်။

စောစောက သူသည် ချီစွမ်းအားကို အသုံးပြု၍ လှည့်စားခြင်းမှော်အတတ်နှင့် စိတ်ညှို့မှော်အတတ်တို့ကို ပေါင်းစပ်အသုံးချခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂိုဏ်းကြီးများ၏ ရက်စက်လှသော နည်းလမ်းများလောက် မပြင်းထန်သော်လည်း သူလိုချင်သော သတင်းအချက်အလက်များကိုမူ အလွယ်တကူ ရရှိစေခဲ့သည်။

ဤဓားပြအုပ်စုသည် အမှန်စင်စစ် ထူးခြားထက်မြက်ခြင်း မရှိချေ။ အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူ နှစ်ဦးသာ ပါဝင်ပြီး စစ်မျက်နှာပြင်တွင် စွမ်းဆောင်ရည် မပြနိုင်သဖြင့် ရန်သူ့နောက်တန်း ရိက္ခာလမ်းကြောင်းကို လာရောက် လုယက်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် ဓားဂိုဏ်း၏ ဆုလာဘ်စာရင်းမှနေ၍ ဝိညာဉ်ကျောက်တုံးများနှင့် စွမ်းဆောင်ရည်မှတ်တမ်းများကို ရရှိနိုင်မည် ဖြစ်၏။ လော့ချန်အတွက်မူ ထိုလူများသည် ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင် သူ၏ သုံးကွက်ထက်ပို၍ တောင့်ခံနိုင်မည် မဟုတ်ချေ။

သို့သော် လော့ချန်အား စိတ်ဝင်စားစေသည်မှ ဓားဂိုဏ်း၏ မဟာမိတ်များက အလွန်တရာ အင်အားတောင့်တင်းလှခြင်း ဖြစ်သည်။ သူတို့၏ လက်အောက်ခံများဖြစ်သော ကောင်းကင်ဓားခံတပ်၊ လဆန်းဘုရားကျောင်း၊ သဲသောင်ပြင်ဓားဂိုဏ်း စသည့် ဂိုဏ်းအဖွဲ့ (၇) ခု သို့မဟုတ် (၈) ခုခန့်မှာ ကျောက်စိမ်းအိုးနယ်မြေအတွင်း အလွန် ထင်ရှားလှသော ပထမတန်းစား ဂိုဏ်းကြီးများ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် အနည်းဆုံး ရွှေအမြုတေအဆင့် စီရင်စုသခင်တစ်ဦးစီ ရှိနေကြ၏။

ထိုကဲ့သို့သော မဟာမိတ်များက ဓားဂိုဏ်းအား အခြားသောအင်အားစုများထက် ပိုမို၍ မြင့်မားသွားစေခဲ့ခြင်း ဖြစ်သည်။ ရေခဲခံတပ် သို့မဟုတ် အိုက်လောင်တောင်ကဲ့သို့သော ဂိုဏ်းကြီး အများစုသည်ပင် အကောင်းဆုံးအနေဖြင့် အခြေတည်အဆင့်ရှိသော မဟာမိတ်များကိုသာ စုစည်းနိုင်ကြသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း တစ်ခုတည်းသာလျှင် သူတို့၏ ကြွယ်ဝချမ်းသာမှုနှင့် သြဇာအာဏာကြောင့် ရွှေအမြုတေအဆင့်ရှိသော လက်အောက်ခံ အင်အားစု တစ်ခု သို့မဟုတ် နှစ်ခုကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်ပေသည်။

‘ဒါကြောင့်မို့လို့လည်း ဓားဂိုဏ်းက ဂိုဏ်းနှစ်ခုရဲ့ အင်အားနဲ့တင် တိမ်ပြိုဂိုဏ်းရဲ့ လေးဂိုဏ်းမဟာမိတ်အဖွဲ့ကို အသာစီး ရယူထားနိုင်တာပဲ၊ တိမ်ပြိုဂိုဏ်းဘက်က စိတ်ဝမ်းကွဲပြားနေတာ ပါသလို.... ဓားဂိုဏ်းရဲ့ နှစ်ပေါင်း ၃၀၀ ကျော် အုတ်မြစ်ကလည်း သေးသေးမွှားမွှား မဟုတ်ဘူးပဲ'

ထိုသို့ တွေးတောလိုက်ပြီးနောက် လော့ချန် သက်ပြင်းချလိုက်မိသည်။ ဟူဝေ၏ အချက်အလက်များကြောင့် သူ နောက်ဆုံးတွင် မိုးကြိုးတောင်တန်း ပတ်ဝန်းကျင်တွင် လှုပ်ရှားနေသော အင်အားစုများ၏ ပုံရိပ်ကို ပိုမို၍ ရှင်းလင်းစွာ မြင်တွေ့ခွင့် ရရှိခဲ့ပြီ ဖြစ်၏။ သူ ထိုနေရာသို့ ရောက်ရှိသောအခါတွင်မူ လမ်းပျောက်နေမည် မဟုတ်တော့ချေ။ အနည်းဆုံးတော့ သူ ရင်ဆိုင်ရမည့် ရန်သူများ၏ နောက်ခံအင်အားစုများကို ခွဲခြားသိမြင်နိုင်မည် ဖြစ်သည်။

သူ စိတ်အာရုံဖြင့် သတင်းစကားတစ်ခု ပေးပို့လိုက်ရာ ခေတ္တမျှအကြာတွင် ချင်လျန်ချန်း အဆောင်ခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူ၏ အကြည့်သည် မြေပြင်ပေါ်တွင် လဲကျနေပြီး မျက်လုံးများကို အကျယ်သား ဖွင့်ထားဆဲဖြစ်သော ဟူဝေ၏ ရုပ်အလောင်းထံသို့ ချက်ချင်း ကျရောက်သွားခဲ့၏။

“ဒါကို အပြင်က အလံတိုင်ပေါ်မှာ သွားပြီး ချိတ်ဆွဲထားလိုက်ပါ”

လော့ချန် အမိန့်ပေးလိုက်သည်။

ချင်လျန်ချန်းက အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်ရင်း

“ဒါက နည်းနည်းလေးတော့ အမြင်ရိုင်းလွန်းမနေဘူးလားခင်ဗျာ"

အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဦးခေါင်းကို အများပြည်သူရှေ့တွင် ချိတ်ဆွဲပြသခြင်းမှာ ကျင့်ကြံခြင်းလောကတွင် အလွန် ပြင်းထန်သော လုပ်ရပ်တစ်ခု ဖြစ်သည်။

သို့သော် လော့ချန်ကမူ ဂရုမစိုက်ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်ရင်း

“ဒီလမ်းခရီးမှာ ပြဿနာတွေ ဘယ်လောက် ထပ်ကြုံရဦးမလဲ မသိဘူး၊ ကျွန်တော် ပြဿနာတွေကို မကြောက်ပေမဲ့ မလိုအပ်တဲ့ ပြဿနာလေးတွေ ကြုံနေရတာကိုတော့ စိတ်ရှုပ်ဖို့ကောင်းတယ်လို့ ထင်တယ်"

ထိုစကားလုံးများသည် အနည်းငယ် ရှုပ်ထွေးနေသကဲ့သို့ ရှိသော်လည်း ချင်လျန်ချန်းကမူ သူဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားခဲ့ပေသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ပြတ်တောက်နေသော ဦးခေါင်းကို ဗြောင်ကျကျ ပြသထားခြင်းသည် ပြင်းထန်လှသော သတိပေးချက်တစ်ခု ဖြစ်ပေလိမ့်မည်။ လမ်းခရီးတစ်လျှောက်တွင် မကောင်းသော ရည်ရွယ်ချက်ရှိသည့် မည်သည့်ကျင့်ကြံသူမဆို ထိုကဲ့သို့သော ပြိုင်ဘက်ကို အလွယ်တကူ သတ်ပစ်နိုင်ရုံတင်မကဘဲ ဦးခေါင်းကိုပါ ချိတ်ဆွဲရဲသည့် သတ္တိရှိသော အုပ်စုကို မပြစ်မှားဝံ့အောင် ကြိုတင် သတိပေးလိုက်ခြင်း ဖြစ်ပေသည်။

“ဟုတ်ကဲ့ပါ.... အဖွဲ့ချုပ်ခေါင်းဆောင် ပြောတာ တကယ့်ကို မှန်ပါတယ်၊ တစ်ခါတလေကျရင် လူသိရှင်ကြား လုပ်တာကလည်း အကျိုးကျေးဇူး ရှိတာပဲ”

ချင်းလျန်ချန်က ပြုံးလိုက်ရင်း ဟူဝေ၏ အလောင်းနှင့် ဦးခေါင်းကို သယ်ဆောင်ကာ ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။

မကြာမီအချိန်အတွင်းမှာပင် အပြင်ဘက်ရှိ လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူများအကြား၌ ဆူညံသံများ ဝုန်းခနဲ ထွက်ပေါ်လာခဲ့သည်။ ချီသန့်စင်အဆင့်ရှိသော ကျင့်ကြံသူများအတွက်မူ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဦးခေါင်းကို အလံတိုင်ထက်တွင် ချိတ်ဆွဲခြင်းသည် အလွန်ပင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလှပေသည်။

ထိုဆူညံသံများ ပြီးနောက်တွင်မူ လော့ချန်အကြောင်းကို တိုးညင်းစွာ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာခဲ့၏။ သူသည် နှစ်ပေါင်းများစွာကြာအောင် မလှုပ်ရှားခဲ့သော်လည်း သူ၏ စွမ်းအားသည် အမှန်တကယ်ပင် တိုးတက်လာခဲ့သည်။ မိုင်ပေါင်းများစွာ အကွာအဝေးမှနေ၍ပင် ပုန်းအောင်းနေသော နဂါးတစ်ကောင်ကဲ့သို့ တိုက်ခိုက်နိုင်စွမ်းရှိပြီး သူ၏ အစွမ်းအစများကို အနည်းငယ်မျှ ပြသရုံမျှဖြင့် အဆင့်တူ ပြိုင်ဘက်များကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

တစ်စက္ကန့်အတွင်း သတ်ဖြတ်နိုင်ပြီး တစ်ချက်တည်းနှင့် ဖိနှိပ်နိုင်စွမ်း ရှိပေသည်။ ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုးသည် လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူများကို အလွန်ပင် မှင်တက်သွားစေခဲ့ရ၏။ သို့သော် ထိုမျှမကဘဲ ၎င်းက သူတို့အား နောင်လာမည့် တိုက်ပွဲများအတွက် ယုံကြည်မှုများကို ပြန်လည်၍ မြှင့်တင်ပေးနိုင်ခဲ့ပေသည်။ မည်သို့ပင်ဆိုစေ အဖွဲ့ချုပ်ခေါင်းဆောင်သည် ဘယ်သောအခါမှ ရှုံးနိမ့်ခဲ့ခြင်း မရှိချေ။ လော့ချန်၏ ဦးဆောင်မှုအောက်တွင်မူ တိုက်ပွဲတိုင်းသည် အောင်ပွဲခံ ချီတက်မှုများနှင့် ကြီးမားလှသော အောင်မြင်မှုများသာ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

ထိုအချိန်တွင် လော့ချန်၏ အကြည့်သည် သူ့အရှေ့တွင် သပ်ရပ်စွာ ချထားသော သိုလှောင်အိတ် နှစ်အိတ်ထံသို့ ကျရောက်သွားခဲ့၏။ တစ်အိတ်က ဟူဝေ၏ အိတ်ဖြစ်ပြီး အခြားတစ်အိတ်ကမူ ခုန်းကျိ၏ အိတ်ဖြစ်သည်။ သူ စိတ်အာရုံစွမ်းအားကို စူးစိုက်လိုက်ပြီး အတွင်းသို့ ကြည့်ရှုလိုက်ရာ မျက်နှာတွင် ပြုံးယောင်သန်းသွားခဲ့ရ၏။ သူတို့နှစ်ဦးစလုံးသည် အထူးတလည် ကျွမ်းကျင်သူများ မဟုတ်ကြသဖြင့် သူတို့၏ ဝိညာဉ်အမှတ်အသားများမှာ အလွန်ပင် အားနည်းလှပေသည်။ လော့ချန်၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် ၎င်းတို့ကို ချိုးဖျက်ရန်မှာ အလွန် လွယ်ကူလှ၏။ သူ လက်ညှိုးကို အသာအယာ ဝှေ့ယမ်းကာ အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ ယခင်ကဆိုလျှင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အိတ်ကို ဖွင့်ရန်အတွက် လပေါင်းများစွာ အချိန်ယူရသော်လည်း ယခုမူ စက္ကန့်ပိုင်းအတွင်း ပြီးမြောက်သွားခဲ့ရသည်။

‘ချီစွမ်းအား အားကောင်းတာက တကယ်ကို အသုံးဝင်တာပဲ'

သူ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။ ထို့နောက် ပြုံးလိုက်ရင်း အတွင်းရှိ ပစ္စည်းများကို စတင်စစ်ဆေးလိုက်တော့၏။

“ဟင်....”

သူ အထူးတလည် အဖိုးတန်ရတနာမျိုးကို မျှော်လင့်ထားခြင်း မရှိသော်လည်း အမြန်စစ်ဆေးလိုက်သောအခါတွင်မူ ဝမ်းမြောက်ဖွယ်ရာ အရာတစ်ခုကို မြင်တွေ့လိုက်ရပေသည်။

အတွင်း၌ အဖိုးတန်လှသော သတ္တုရိုင်းကြီးတစ်ခု ရှိနေခြင်း ဖြစ်သည်။ သူ စိတ်အာရုံဖြင့် ထိုအရာကို ထုတ်ယူလိုက်ရာ အခန်းကြမ်းပြင်ပေါ်သို့ တစ်ကိုက်ခန့် မြင့်မားသော သတ္တုရိုင်းတုံးကြီးတစ်ခု ကျရောက်လာခဲ့သည်။

“ဒါ.... မိုးကြိုးသဲသတ္တုရိုင်းပဲ၊ တကယ်လို့ ကောင်းကောင်း သန့်စင်နိုင်ရင် အနည်းဆုံး နှစ်ကျပ်သားလောက် ထွက်လာနိုင်တယ်”

မိုးကြိုးသဲမှာ မှော်ရတနာများ သွန်းလုပ်ရာတွင် အသုံးပြုသော တတိယအဆင့် အဖိုးတန်ပစ္စည်း ဖြစ်ပြီး စျေးကွက်တွင် ဝယ်ယူရန် အလွန် ခက်ခဲလှသည်။ ဤမျှလောက်သော ပမာဏမှာ ဝိညာဉ်ကျောက်တုံးအနည်းဆုံး သောင်းဂဏန်းခန့် တန်ကြေးရှိပေသည်။

‘ဒါက သတ္တုရိုင်းတုံးတစ်တုံးတည်းတင် ရှိသေးတာ.... မိုးကြိုးတောင်တန်းထဲမှာ ဒီလိုမျိုး ရတနာတွေ ဘယ်လောက်တောင် မြုပ်နေမလဲ မသိဘူး၊ ကျောက်စိမ်းအိုးဓားဂိုဏ်းက ဒီနေရာကနေ နှစ်စဉ် နှစ်တိုင်း ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် အမြတ်ထုတ်နေမလဲ၊ တိမ်ပြိုဂိုဏ်းအနေနဲ့ အဲ့နေရာကို မျက်စိကျပြီး အသက်လု တိုက်ခိုက်နေရတာ မဆန်းပါဘူး’

လော့ချန် ရယ်မောလိုက်ရင်း ထိုသတ္တုရိုင်းတုံးကို အိတ်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့နောက် သိုလှောင်အိတ် နှစ်အိတ်အတွင်းမှ စုစုပေါင်း ဝိညာဉ်ကျောက်တုံး လေးသောင်းကျော်ကို သူ၏ ကိုယ်ပိုင်အိတ်အတွင်းသို့ ပြောင်းရွှေ့လိုက်တော့သည်။ ကျန်ရှိနေသော အခြားပစ္စည်းအများစုကိုမူ သူ စိတ်ဝင်စားခြင်း မရှိချေ။ ထိပ်တန်းအဆင့် မှော်လက်နက်များ ရှိသော်လည်း သူ့လက်ထဲတွင် ဓားအမြုတေနှင့် တံဆိပ်တော် ရှိနေသဖြင့် စွမ်းအားကြီးမားသော ရတနာများကို လိုအပ်နေခြင်း မရှိတော့ချေ။

သို့သော် ဟူဝေ၏ ဒိုင်းကာကြီးကမူ သူ၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။ ၎င်းက ရှားပါးလှသော ထိပ်တန်းအဆင့်ရှိသည့် ခံစစ်လက်နက်တစ်ခု ဖြစ်ပေသည်။ ကိုယ်တိုင် အသုံးပြုရန် မလိုသော်လည်း နောင် အနာဂတ်တွင် အခြားသူတစ်ဦးဦးကို ဆုလာဘ်အဖြစ် ပေးအပ်ရန်အတွက်မူ အလွန်ပင် သင့်တော်လှ၏။ အခြေတည်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့သော ထိပ်တန်းအဆင့်ရှိသည့် ခံစစ်လက်နက်မျိုးကို မြင်တွေ့ရလျှင် မက်မောကြပေလိမ့်မည်။ ကျန်ရှိနေသော အခြားသော သာမန်ပစ္စည်းများကိုမူ သူ ပြန်လည်ယူဆောင်သွားပြီး လော့ထျန်းအဖွဲ့၏ ဘဏ္ဍာတိုက်အတွင်းသို့ ထည့်သွင်းရန် ကြံစည်ထား၏။ ၎င်းတို့သည် အနှေးနဲ့အမြန် တစ်နေရာရာတွင် အသုံးဝင်လာမည် ဖြစ်ပေသည်။

အရာအားလုံးကို စီစဉ်ပြီးနောက် သူ တံခါးပိတ်ကျင့်ကြံခြင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့၏။

လန်ချီလှေပျံကြီးသည် တရွေ့ရွေ့ဖြင့် ရှေ့သို့ ဆက်လက် ချီတက်နေခဲ့သည်။ ၎င်း၏ အလံတိုင်ထက်တွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဦးခေါင်းကို ချိတ်ဆွဲထားသဖြင့် လမ်းခရီးတစ်လျှောက်တွင် ရှိနေသော အခြားသော ဓားပြအုပ်စုများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဝေးကွာလှသော နေရာသို့ ကြိုတင် ရှောင်တိမ်းသွားကြတော့သည်။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မူ လန်ချီလှေပျံသည် ဝါကျင်ကျင် အရောင်ရှိသော ရွှေရောင်လွင်ပြင်ကြီးတစ်ခုထက်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော်တို့ စစ်မြေပြင်ကို ရောက်ပါပြီခင်ဗျာ"

အပြင်ဘက်မှနေ၍ သတင်းပို့သံတစ်သံ ထွက်ပေါ်လာခဲ့၏။

လော့ချန် သူ၏ မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရင်း ခန့်ညားစွာဖြင့် ထရပ်လိုက်တော့သည်။

All Chapters