← Chapters

အခန်း (၅၁၅-၅၁၆)

Vol. 52 Ch. 515-516

အခန်း (၅၁၅-၅၁၆)

Vol. 52 Ch. 515-516

အခန်း (၅၁၅) - ရွှေသဲကျွန်းမျောနှင့် လေးဂိုဏ်းမဟာမိတ်တပ်ဖွဲ့

“ဒါ.... ဘယ်ဂိုဏ်းကြီးရဲ့ လှေပျံလဲဟ”

“မိတ်ဆွေ.... သူတို့က ဂိုဏ်းကြီးတစ်ဂိုဏ်းက လာတာလို့ မင်းက ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ"

အခြားကျင့်ကြံသူတစ်ဦးက မယုံကြည်နိုင်ဟန်ဖြင့် သံသယပွားကာ မေးမြန်းလိုက်၏။

“မင်း ဒီလှေရဲ့ ပုံစံကို မမြင်ဘူးလား၊ ဒါက တကယ့် မှော်ရတနာ လန်ချီရဲ့ ပုံစံအတိုင်းပဲ၊ ပုံတူပွားထားတဲ့ အဆင့်မြင့်ပစ္စည်းတစ်ခု ဖြစ်ရမယ်၊ ဒီလိုအဆင့်ရှိတဲ့ ဧရာမ လှေကြီးမျိုးကို ဂိုဏ်းကြီးတစ်ခု မဟုတ်ရင် ဝယ်ဖို့ နေနေသာသာ စိတ်တောင် ကူးရဲမှာ မဟုတ်ဘူး”

“အင်း.... ဟုတ်တော့လည်း ဟုတ်သားပဲ"

ထိုကျင့်ကြံသူက ဝန်ခံလိုက်ရ၏။

“ဒါပေမဲ့ အလံပေါ်က တံဆိပ်က တစ်နေရာရာမှာ မြင်ဖူးသလိုပဲ.... နေဦး၊ ငါ စဉ်းစားကြည့်ပါရစေဦး....”

လန်ချီလှေပျံသည် အောက်သို့ တဖြည်းဖြည်းချင်း ဆင်းသက်လာကာ ရပ်တန့်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး စူးစမ်းလိုသော အကြည့်များဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်ကြသဖြင့် လေထုထဲ၌ တီးတိုးပြောဆိုသံများ ဆူညံသွားခဲ့ရပေသည်။ သူတို့အား ဤမျှအထိ စိတ်ဝင်စားသွားစေသည်မှာ ထိုကဲ့သို့သော ဤထိပ်တန်း လှေကြီးကြောင့်သာ မဟုတ်ဘဲ ၎င်း၏ အလံတိုင်ထက်တွင် ချိတ်ဆွဲပြသထားသော အခြေတည်အဆင့်ကျင့်ကြံသူ တစ်ဦး၏ ဦးခေါင်းပြတ်ကြီးကြောင့်လည်း ဖြစ်ပေသည်။ ဤမျှလောက် လူသိရှင်ကြားဖြင့် ရန်သူ့ဦးခေါင်းကို အမြင့်တွင် ချိတ်ဆွဲပြရဲခြင်းမှာ နောက်ခံတောင့်တင်းလှသော ဂိုဏ်းကြီးများမှလွဲ၍ မည်သူမျှ မလုပ်ရဲကြချေ။

လူအများ ဝိုင်းဝန်းအတင်းတုပ်နေကြစဉ်မှာပင် နောက်မှနေ၍ လူရိပ်တစ်ခု ပျံသန်းလာခဲ့ပြီး လှေကြီးဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့သည်။

“နေဦး.... အဲဒါ လော့ထျန်းအဖွဲ့က အစ်ကိုကြီး တွမ်ဖုန်း မဟုတ်ဘူးလား"

“ဒါဆိုရင်.... ဒီလှေက ရေခဲခံတပ်က လူတွေ ရောက်လာတာပေါ့"

မျက်စိလျင်သောသူအချို့က တွမ်ဖုန်းကို ချက်ချင်းပင် မှတ်မိသွားကြသဖြင့် တိုးညင်းသော ဆွေးနွေးသံများ ထပ်မံ၍ လှိုင်းလုံးကဲ့သို့ ထွက်ပေါ်လာခဲ့ရပြန်၏။ လော့ထျန်းအဖွဲ့သည် ရေခဲခံတပ်၏ လက်အောက်တွင် အမှုထမ်းနေခြင်းဖြစ်ကြောင်း သူတို့အားလုံး သိရှိထားကြပြီးဖြစ်ရာ တွမ်ဖုန်းက ထိုကဲ့သို့ ကြီးစွာသော ရိုသေလေးစားမှုမျိုးဖြင့် ဆီးကြိုနှုတ်ဆက်နေသည်ကို မြင်တွေ့ရသောအခါ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

သို့သော် တွမ်ဖုန်း၏ ဘေးနားတွင် နီမြန်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သောအခါတွင်မူ လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့၏။ ရေခဲခံတပ်တွင် အမျိုးသားတပည့်များ ရှိသော်လည်း အရေအတွက် အလွန်နည်းပါးလှပြီး အများစုမှာလည်း ရေခဲ သို့မဟုတ် ရေဓာတ် ကျင့်စဉ်များကိုသာ အဓိက ကျင့်ကြံကြခြင်း ဖြစ်ပေသည်။ သို့သော် ဤလူငယ်မှာမူ ထိုသူမျိုးနှင့် လုံးဝ တူညီခြင်း မရှိချေ။

ရုတ်တရက်....။

ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ကျင့်ကြံသူတစ်ဦးက အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိတော့သည်။

“အဲဒါ.... ဆေးဖော်ဆရာကြီး တန်ချန်ဇီ မဟုတ်ဘူးလား"

ထိုစကားလုံးများ ထွက်ပေါ်လာခဲ့သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးအတွင်း၌ စိတ်လှုပ်ရှားမှုလှိုင်းလုံးများ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ရပေသည်။ တန်ချန်ဇီ၏ ကျော်ကြားမှုသည် မကြာသေးမီနှစ်များအတွင်း၌ သိသာထင်ရှားစွာ မြင့်တက်လာခဲ့သည်။ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအဖြစ် မွေးဖွားခဲ့သော်လည်း ရေခဲခံတပ်မှ ကရုဏာမဲ့နတ်သမီး၏ မြေတောင်မြှောက်ပေးခြင်းကို ခံခဲ့ရသူ ဖြစ်ပေသည်။ သူသည် ရေခဲခံတပ်၏ ဂိုဏ်းသားတစ်ဦး မဟုတ်သော်လည်း သူ၏ နာမည်ဂုဏ်သတင်းမှာ ဂိုဏ်းတွင်းတပည့်ရင်း အများစုထက်ပင် ကျော်လွန်နေခဲ့သည်။

တစ်ကိုယ်တော်ကျင့်ကြံသူများအကြားတွင်မူ တန်ချန်ဇီသည် ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်နေပြီး ကြီးမြတ်သော ဂိုဏ်းခုနစ်ဂိုဏ်း၏ ဂိုဏ်းမျိုးဆက်များနှင့်ပင် တစ်တန်းတည်း နှိုင်းယှဉ်၍ ပြောဆိုခြင်း ခံရသူ ဖြစ်ပေသည်။ သူကဲ့သို့သော ပါရမီရှင်တစ်ဦးသည် ရွှေအမြုတေအဆင့်ကို အောင်မြင်စွာ ရောက်ရှိပါက ကျောက်စိမ်းအိုးနယ်မြေအတွင်း သြဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ သေချာလှသည်။ ထိုအခါမျိုးတွင် ဝိညာဉ်သန္ဓေတည်အဆင့်ရှိသော ဂိုဏ်းကြီးများကပင် သူ့အား ရိုသေလေးစားရမည် ဖြစ်ပေသည်။

လော့ချန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း အခြေတည်အဆင့် တစ်ကိုယ်တော် ကျင့်ကြံသူအများအပြားမှာ စိတ်ထဲမှနေ၍ မိတ်ဆွေဖွဲ့ရန် စိတ်ကူးမိသွားကြသည်။ သူတို့အားလုံးမှာ လောကအလယ်တွင် အဖော်မဲ့စွာ ရုန်းကန်နေရသော တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြရာ ဤကဲ့သို့သော ဆက်နွှယ်မှုကို အသုံးချ၍ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ပါက အနာဂတ်တွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် မဟုတ်ပါလော။

ထိုသူများ၏ အတွေးအမြင်များကိုမူ လော့ချန် အနည်းငယ်မျှပင် စိတ်မဝင်စားချေ။ သူ ယခု စိတ်ဝင်စားနေသည်မှာ တစ်ခုတည်းသာ ရှိသည်။

“ကျွန်တော်တို့လူတွေ ဘယ်မှာလဲ”

“အရှေ့မှာပါ အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”

သူတို့နှစ်ဦး ရှေ့သို့ လျှောက်လှမ်းလာခဲ့ကြရာ မိုင်တစ်ရာခန့် ကျယ်ဝန်းလှသော တပ်စခန်းကြီး၏ မြင်ကွင်းက လော့ချန်၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့သည်။ ပတ်ဝန်းကျင်၌ သဘာဝတရား၏ အကြွင်းအကျန်အချို့ ကျန်ရှိနေသေးသော်လည်း အများစုမှာမူ အစီအစဉ်တကျ တည်ဆောက်ထားခြင်းဖြစ်ပြီး ပြင်းထန်လှသော မှော်အတတ်များနှင့် အစီအရင်များ၏ အမှတ်အသားများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤနေရာကို ရွှေသဲကျွန်းမျော ဟု ခေါ်ဆိုကြပေသည်။ မိုင်သောင်းချီ ကျယ်ဝန်းလှသော သဲကန္တာရပြင်ကြီး၏ အထက်တွင် တိမ်ပြိုဂိုဏ်း၏ အကြီးအကဲများက ကြီးမားလှသော အစီအရင်များကို အသုံးချ၍ တည်ဆောက်ထားသော ကျင့်ကြံခြင်း နယ်မြေကြီးတစ်ခု ဖြစ်သည်။ ချီစွမ်းအားများ ကင်းမဲ့ခြောက်သွေ့နေသော ဤကန္တာရပြင်ကြီးထဲတွင် ဝိညာဉ်ကြောများကို အဓမ္မ ဆွဲယူစုစည်းကာ ဒုတိယအဆင့်ရှိ ဝိညာဉ်နယ်မြေကြီးတစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း ဤနေရာမှာ လေးဂိုဏ်းမဟာမိတ်အဖွဲ့၏ ပင်မ အခြေစိုက်စခန်းကြီး ဖြစ်လာခဲ့သည်။ မိုးကြိုးတောင်တန်း စစ်မျက်နှာပြင်မှ တလှည့်စီ အနားယူရန် ဆုတ်ခွာလာကြသော ကျင့်ကြံသူများမှာလည်း ဤနေရာတွင် လာရောက် အနားယူခြင်း၊ ကုန်သွယ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ကို ပြုလုပ်ကြသည်။

လမ်းခရီးတစ်လျှောက်တွင် တွမ်ဖုန်းက လော့ချန်အား နေရာအသီးသီး၏ အခြေအနေများကို အကျဉ်းချုပ် ရှင်းပြခဲ့သည်။ အရပ်မျက်နှာ (၄) ခုအနက် အရှေ့ဘက်တွင် တိမ်ပြိုဂိုဏ်း၊ တောင်ဘက်တွင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၊ အနောက်ဘက်တွင် အိုက်လောင်တောင်တို့ တပ်စွဲထားကြပြီး လော့ထျန်းအဖွဲ့ ရှိနေသော နေရာမှာမူ ရေခဲခံတပ် ပိုင်ဆိုင်သော မြောက်ဘက် ကျွန်းမျောအရပ်တွင် ဖြစ်သည်။

လော့ချန် ထိုနေရာသို့ ခြေချလိုက်သည့်အခါ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့ရပြီး ဗဟိုချက်ရှိ ရေခဲကျောက်ဆောင်များဖြင့် တည်ဆောက်ထားသော နန်းတော်ကြီးဆီသို့ မသိမသာ ဝေ့ဝိုက်ကြည့်လိုက်မိသည်။ ၎င်းက စစ်ပွဲခံတပ်ကြီးတစ်ခုနှင့် တူသလို နန်းတော်အစုအဝေးကြီးတစ်ခုနှင့်လည်း ဆင်တူလှသည်။

‘ဒါက ရေခဲခံတပ်ရဲ့ ခံစစ် မှော်ရတနာလား....’

“ရေခဲခံတပ်ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက လေးဂိုဏ်းထဲမှာတင်မကဘဲ နယ်မြေတစ်ခုလုံးမှာ အနည်းဆုံးပဲလို့ ပြောလို့ရတယ်၊ အခုတော့ အားလုံး ဒီနေရာမှာပဲ စုစည်းနေကြတာပါ"

“အဲဒီထဲမှာ အဓိက မျိုးနွယ်စု (၃) စုက ဦးဆောင်ပြီးတော့ သူတို့တွေက ရေခဲခံတပ်ပြီးရင် ချီစွမ်းအား အသိပ်သည်းဆုံးနေရာတွေကို သိမ်းပိုက်ထားကြတယ်”

“ကျွန်တော်တို့ လော့ထျန်းအဖွဲ့ကတော့ ဒုတိယအဆင့်ဖြစ်ပြီး ကရုဏာမဲ့နတ်သမီးက ကျွန်တော်တို့အတွက် ဒုတိယအဆင့် အဆင့်မြင့် နေရာတစ်ခုကို တောင်းဆိုပေးထားပါတယ်"

“အဲဒီနေရာရဲ့ ချီစွမ်းအားက တကယ်ကို ကောင်းမွန်လွန်းတာမို့လို့ အခြား ရေခဲခံတပ်ရဲ့ လက်အောက်ခံတွေက မနာလို ဖြစ်နေကြတာပါ၊ အရင်တုန်းကတော့ ထန်ထိုက်ကျင်းက ဖိနှိပ်ထားပေးပေမဲ့.... အခု ဝမ်ယွမ်ပျောက်ဆုံးသွားပြီး၊ လီယင်ကျန်းကလည်း ဒဏ်ရာအပြင်းအထန်ရထားတယ်၊ မင်လုံယွီပါ ထွက်သွားတော့ ကျွန်တော်နဲ့ ရွှီဟွမ်ကျန်းတို့ တော်တော်လေး ဖိအားပေးခံနေရပါတယ်”

“ဒါက ရှေ့တန်းကနေ ပြန်လာတဲ့ ကျင့်ကြံသူတွေရဲ့ ချီစွမ်းအား ပြန်လည်ဖြည့်တင်းမှုနဲ့ သက်ဆိုင်နေတာမို့လို့ နေရာရဲ့ ချီစွမ်းအား ပိုကောင်းလေလေ ခန္ဓာကိုယ်က ပိုပြီး မြန်မြန် နာလန်ထူလေလေပဲ မဟုတ်လား၊ ဒါကြောင့် တခြား အဖွဲ့အစည်း နှစ်ခုက သူတို့ရဲ့ နေရာနဲ့ လဲလှယ်ပေးဖို့အတွက် ယင်ယွဲ့သခင်ဆီကို အကြိမ်ကြိမ် သွားပြီး တိုင်တန်းနေကြတာပါ"

လော့ချန် တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။ ကရုဏာမဲ့နတ်သမီးက လော့ထျန်းအဖွဲ့အတွက် ကောင်းမွန်သော နေရာတစ်ခု တောင်းဆိုပေးထားသည်ကို သိရသည့်အခါ သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားခဲ့သော်လည်း အခြားသော အဖွဲ့အစည်းများက ထိုနေရာကို လောဘတက်နေကြသည်ကို ကြားလိုက်ရသည့်အခါတွင်မူ သူ၏ နှုတ်ခမ်းဖျားတွင် အေးစက်လှသော လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

‘အားနည်းတဲ့သူဆို အနိုင်ကျင့်ပြီး အားကြီးတဲ့သူဆို ကြောက်တတ်တဲ့ ကောင်တွေ.... ဝမ်ယွမ်နဲ့ မင်လုံယွီ ရှိနေတုန်းကကျတော့ ဘာဖြစ်လို့ ဘာမှမလုပ်ရဲကြတာလဲ၊ အခု ငါ ရောက်လာပြီဆိုမှတော့.... လာချင်တဲ့ကောင်တွေ ငါ့မျက်စိထဲ တိုးမလာမိဖို့ပဲ ဆုတောင်းထားကြပေတော့’

‘မဟုတ်သေးပါဘူး.... တကယ်လို့ သူတို့တွေ ငါ့မျက်စိထဲ ရောက်လာရင် ငါ့အတွက် ပိုပြီးတော့တောင် အဆင်ပြေဦးမှာ မဟုတ်ဘူးလား'

ထိုအတွေးက လော့ချန်၏ ရင်ထဲ၌ ထွက်ပေါ်လာခဲ့ပြီး သူ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်သန်းသွားခဲ့ရပေသည်။

တွမ်ဖုန်း ရှင်းပြနေစဉ်အတွင်း သူတို့နှစ်ဦးမှာ မြောက်ဘက် ကျွန်းမျောပေါ်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ သူတို့၏ အရှိန်အဟုန်က မြန်ဆန်လွန်းလှရာ လမ်းခရီးတစ်လျှောက်ရှိ ကျင့်ကြံသူအများအပြားမှာ မော့ကြည့်လိုက်ကြပြီး လော့ထျန်းအဖွဲ့၏ တပ်စခန်းထဲသို့ ဆင်းသက်သွားသည်ကို မြင်လိုက်ရသည့်အခါတွင်မူ မျက်နှာအမူအရာများက အဓိပ္ပာယ်ပါပါဖြင့် ဆန်းပြားသွားခဲ့ရတော့သည်။

အရည်အချင်းနှင့် မထိုက်တန်သော နေရာကို ရရှိထားခြင်းဟူသည် ယခင်က လော့ထျန်းအဖွဲ့ကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် ယခုမူ လော့ထျန်းအဖွဲ့က နောက်ထပ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို စေလွှတ်လိုက်ပြီ ဖြစ်ရာ ထိုနေရာကို လောဘတက်နေသော အဖွဲ့အစည်း နှစ်ခုအနေဖြင့် ဆက်လက်၍ ငြိမ်သက်နေနိုင်ဦးမည်လော။

....

“အဖွဲ့ချုပ်ခေါင်းဆောင်....”

“အဖွဲ့ချုပ်ခေါင်းဆောင်ကြီး....”

“အဖွဲ့ချုပ်ခေါင်းဆောင် ရောက်လာပြီဟေ့....”

အသက်ရှင်ကျန်ရစ်ခဲ့ကြသော တိုက်ခိုက်ရေးနန်းဆောင် ကျင့်ကြံသူများ၏ နှုတ်ခမ်းဖျားမှနေ၍ ဝမ်းသာအားရ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်မှသာ လော့ချန်၏ လျင်မြန်သော ခြေလှမ်းများက တဖြည်းဖြည်းနှင့် နှေးကွေးသွားခဲ့ရသည်။ ချီသန့်စင်အဆင့်ရှိသော ကျင့်ကြံသူများသည် သူတို့၏ တဲနန်းများအတွင်းမှနေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသောအခါ သူ၏ မျက်ဝန်းများထဲရှိ အကြည့်မှာလည်း တဖြည်းဖြည်းချင်း နူးညံ့ပျော့ပြောင်းသွားခဲ့ရပေသည်။

“အားလုံးပဲ.... ဒီကာလအတွင်းမှာ တကယ်ကို ပင်ပန်းသွားကြပါပြီ”

အချို့သောသူများသည် ထိုစကားတစ်ခွန်းကြောင့်ပင် စိတ်ထဲတွင် များစွာ နှစ်သိမ့်မှုရရှိသွားခဲ့ကြပြီး ရှိုက်ကြီးတငင် ငိုကြွေးမိမတတ် ဖြစ်သွားခဲ့ရ၏။ အချို့ကမူ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

“လော့ထျန်းအဖွဲ့အတွက် တိုက်ခိုက်ရတာ ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ၊ ဘာမှ မပင်ပန်းပါဘူးခင်ဗျာ"

ဤကဲ့သို့သော သစ္စာရှိလှသည့် စကားသံများက ဆက်တိုက် ထွက်ပေါ်လာခဲ့တော့၏။

လော့ချန်၏ စိတ်ထဲ၌ အံ့အားသင့်မှုတစ်ခု ဖြတ်သန်းသွားခဲ့ရပေသည်။ သူသည် စစ်ရှုံးလာခဲ့သော တပ်ဖွဲ့တစ်ခုအနေဖြင့် စိတ်ဓာတ်များ ပြိုလဲပျက်စီးနေလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုအခါ သူ လှည့်ကြည့်လိုက်သည့် နေရာတိုင်းတွင် လူတိုင်း၏ စိတ်ဓာတ်က အလွန် တက်ကြွနေသည်ကို တွေ့လိုက်ရသည်။ ထိုကဲ့သို့သော စိတ်ဓာတ်မျိုးသည် သူ ရောက်ရှိလာခြင်းကြောင့်တင် မဟုတ်ချေ။ ၎င်းက သူ မရောက်ရှိလာခင်ကတည်းက တည်ရှိနေခဲ့ပုံရ၏။ သို့သော် ယခုအချိန်မှာ ထိုအရာကို အသေးစိတ် စူးစမ်းရမည့် အချိန်မဟုတ်သေးသဖြင့် သူ ညင်သာစွာဖြင့် ဆိုလိုက်သည်။

“ဒီကာလအတွင်းမှာ အားလုံးပဲ တကယ်ကို ပင်ပန်းခဲ့ကြပါပြီ၊ ငါ ထျန်းလန်ကနေပြီးတော့ မင်းတို့အတွက် အဖိုးတန်လှတဲ့ သေရည်တွေနဲ့ အစားအသောက်တွေ အများကြီး သယ်လာခဲ့တယ်၊ ဒါတင်မကသေးဘူး.... နောင်ကိုလည်း ငါကိုယ်တိုင် ဒီနေရာမှာ အခြေစိုက်ပြီးတော့ မင်းတို့နဲ့အတူ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်သွားမှာပါ”

ထိုစကားကြောင့် လူအုပ်ကြီးမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး စိတ်ဓာတ်များက ယခင်ကထက် များစွာ ပိုမို တက်ကြွသွားခဲ့ရတော့သည်။

“အစ်ကိုတွမ် လူတချို့ကို ခေါ်ပြီးတော့ ကျွန်းမျောအပြင်ဘက်က ရိက္ခာတွေကို သွားသယ်လိုက်ပါ၊ ပြီးတော့ ယွမ်ရှောင်ယွဲ့ကို ကူညီပြီး ရေခဲခံတပ်က ကျင့်ကြံသူတွေကို ပစ္စည်းတွေ လွှဲပြောင်းပေးလိုက်ပါ၊ အဲ့ဒါပြီးရင် လူတွေရော ပစ္စည်းတွေရော အကုန်လုံး ဒီကိုသာ ရွှေ့လာခဲ့တော့”

လော့ချန် တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

တွမ်ဖုန်းက ခေါင်းညိတ်လိုက်ရင်း ချက်ချင်းပင် လူအချို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ လော့ချန်ကမူ ကျောက်အိမ်ငယ်လေးတစ်ခု၏ အရှေ့တွင် စောင့်ဆိုင်းနေသော ရွှီဟွမ်ကျန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

“စိတ်မကောင်းပါဘူးဗျာ.... မင်းအတွက် ဒုတိယအဆင့် အဖိုးတန် ဝိညာဉ်သားရဲတစ်ကောင် ဆုံးရှုံးသွားရအောင် လုပ်မိသလို ဖြစ်သွားခဲ့တယ်"

ရွှီဟွမ်ကျန်း၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရပေသည်။

“သူတို့ပြောသလိုပါပဲ.... ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တစ်ခုပဲလေ၊ အဖွဲ့ချုပ်ခေါင်းဆောင် အထဲကို ဝင်ပြီးတော့ ညီလေးလီကို သွားကြည့်လိုက်ပါဦး"

လော့ချန်က အင်းဟု တစ်ချက်ဆိုလိုက်ရင်း ကျောက်အိမ်ငယ်ထဲသို့ လှမ်းဝင်လိုက်သည်။ သူ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်လှသော ဆေးနံ့ကြီးက နှာခေါင်းထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော်....”

ကုတင်ထက်တွင် လဲလျောင်းနေသော လီယင်ကျန်းက ခက်ခဲစွာဖြင့် ထရပ်ရန် ကြိုးစားလိုက်သည်။

“မထပါနဲ့.... ဒီတိုင်းပဲ လဲနေ”

လော့ချန်က မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း ဆိုလိုက်သည်။

သူ ခေါင်းကို မလှည့်ဘဲ နောက်ဘက်သို့ မေးမြန်းလိုက်၏။

“အခြေအနေ ဘယ်လိုရှိလဲ"

ရွှီဟွမ်ကျန်းက ချက်ချင်းပင် ပြန်လည် ဖြေကြားခဲ့သည်။

“ညီလေးလီက မီးလျှံမဟာမိတ်ရဲ့ တပည့်တစ်ဦး လက်ချက်နဲ့ ဒဏ်ရာရခဲ့တာပါ.... သူ့ကို တိုက်ခိုက်ခဲ့တဲ့ နည်းလမ်းက သာမန် မှော်လက်နက်တွေနဲ့ မတူဘဲ.... ခန္ဓာကိုယ်ထဲကို မီးသားရဲချီတွေ ရိုက်သွင်းထားတာဗျ”

မီးသားရဲချီ ဟူသော စကားလုံးကြောင့် လော့ချန်၏ နှလုံးသားတစ်ခုလုံး ဆတ်ကနဲ လှုပ်ခတ်သွားခဲ့ရသည်။ ထိုနာမည်က သူ့အတွက် အလွန်ပင် ရင်းနှီးလွန်းလှသည်။ အတိတ်ကာလက သွေးအဆီအနှစ်ဆေးလုံးများကို ဖော်စပ်သည်ဖြစ်စေ သို့မဟုတ် ခန္ဓာကိုယ်ကျင့်စဉ်များ ကျင့်ကြံသည်ဖြစ်စေ မီးသားရဲချီ အမြောက်အမြားကို အသုံးပြုခဲ့ဖူးသဖြင့် ၎င်း၏ အန္တရာယ်ရှိမှုကို အလွန်ပင် နက်နက်ရှိုင်းရှိုင်း နားလည်ထားပြီး ဖြစ်၏။ မီးသားရဲချီဟူသည် အတိအကျ ဆိုရလျှင် ပထမအဆင့် ပစ္စည်းတစ်ခုတည်း မဟုတ်ချေ။ ၎င်း၏ အဆင့်အတန်းမှာ မြေအောက်မီးလျှံ၏ အရည်အသွေးပေါ်တွင် မူတည်နေသည်။ မီးလျှံ၏ အရည်အသွေး မြင့်မားလေလေ ထွက်ပေါ်လာသော မီးသားရဲချီ၏ အဆင့်ကလည်း မြင့်မားလေလေ ဖြစ်သည်။

မီးလျှံမဟာမိတ်အဖွဲ့သည် ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးတွင် လက်နက်သွန်းလုပ်ခြင်းအပိုင်း၌ အလွန် ကျော်ကြားလှသော ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ဂိုဏ်းတွင်း၌ အဆင့်အသီးသီးရှိသော မြေအောက်မီးလျှံများ ရှိကြရုံသာမက ရိုးရာစဉ်ဆက်မပြတ် တည်ရှိနေသော ကမ္ဘာဦးမီးလျှံတစ်မျိုး ဖြစ်သည့် ကုရုန်မီးလျှံကိုပင် ပိုင်ဆိုင်ထားကြသေးသည်။ ထို့ကြောင့် ထိုဂိုဏ်း၏ တပည့်များမှာ မီးဓာတ်ကျင့်စဉ်များတွင် အလွန် ကျွမ်းကျင်ကြသည်။ ၎င်းတင်မကသေးဘဲ သူတို့ တိုက်ပွဲဝင်သည့်အခါတွင် အသုံးပြုသော မီးသားရဲချီများသည် ရန်သူ၏ မှော်လက်နက်များကို ပျက်စီးစေရုံသာမက ခန္ဓာကိုယ်ကိုပါ အပြင်းအထန် ဒဏ်ရာရရှိစေနိုင်သည်။

ယခင်က အဘိုးကြီးမီ ပြောခဲ့ဖူးသည်မှာ မီးသားရဲချီများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါက ကျင့်ကြံခြင်း အခြေခံအုတ်မြစ် တစ်ခုလုံးကို လုံးဝ ပျက်စီးသွားစေနိုင်သည်ဟူ၍ ဖြစ်သည်။ လော့ချန်ကိုယ်တိုင်ပင်လျှင် နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းကျင့်စဉ်ကို မကျင့်ကြံထားပါက သို့မဟုတ် ဝမ်ယွမ်၏ လမ်းပြမှု မရှိခဲ့ပါက ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ဤအရာကို မည်သည့်အခါမျှ အသုံးပြုရဲမည် မဟုတ်ချေ။ ယခု လီယင်ကျန်းတစ်ယောက် ထိုမီးသားရဲချီကြောင့် ဒဏ်ရာရထားသည်ဟု ကြားလိုက်ရသည့်အခါ သူ မည်သို့မျှ စိတ်မအေးနိုင်တော့ပေ။

“အဲဒီ တပည့်က မီးသားရဲချီကို အသုံးချတာ သိပ်ကျွမ်းကျင်လွန်းတယ်၊ ညီလေးလီနဲ့ ချီလုံဓားတို့ရဲ့ ဆက်နွှယ်မှုကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်ပြီး ဓားကို လုယူသွားရုံတင်မကဘဲ.... ညီလေးလီရဲ့ ခန္ဓာကိုယ်ထဲကိုပါ အဲဒီမီးသားရဲချီတွေကို ရိုက်သွင်းသွားခဲ့တာပါ၊ ဒီအရာကို ဖယ်ရှားဖို့ တကယ်ကို ခက်ခဲလွန်းလှပါတယ်၊ ကျွန်တော်တို့ ရွှေသဲကျွန်းမျောကို ဆုတ်ခွာလာပြီးတဲ့နောက်မှာ တွမ်ဖုန်းက အဖွဲ့ချုပ်ခေါင်းဆောင် နာမည်ကို အသုံးပြုပြီးတော့ ရေခဲခံတပ်နဲ့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက သမားတော်ကြီးနှစ်ဦးကို လာရောက် ကုသပေးဖို့ ဖိတ်ခဲ့ပါတယ်၊ တစ်ယောက်က ရေဓာတ်ကျင့်စဉ်နဲ့ မီးသားရဲချီတွေကို ပိတ်ဆို့ထားပြီး၊ နောက်တစ်ယောက်ကတော့ ဆေးလုံးတွေနဲ့ ကုသပေးနေတာပါ၊ ဒါပေမဲ့လည်း ညီလေးလီရဲ့ ဒဏ်ရာက တရွေ့ရွေ့နဲ့ပဲ သက်သာနေတာ ဖြစ်ပါတယ်”

လော့ချန် တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး သူ၏ အာရုံစိုက်မှုအားလုံးမှာ လီယင်ကျန်းထံသို့သာ လုံးဝ ကျရောက်နေခဲ့၏။ တစ်ဖက်လူက တည်ငြိမ်နေသကဲ့သို့ ဟန်ဆောင်နေသော်လည်း တစ်ချက်တစ်ချက်တွင် တုန်ခါသွားသော မျက်တောင်များက သူ၏ ခန္ဓာကိုယ်တွင်း အခြေအနေမှာ အလွန် ဆိုးရွားနေသည်ကို ပြသနေသည်။

အဆုံးသတ်တွင်မူ ရွှီဟွမ်ကျန်း သက်ပြင်းချလိုက်မိသည်။

“ညီလေးလီရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်က ကြောက်စရာကောင်းလောက်အောင် ခိုင်မာလွန်းလို့သာပေါ့.... မဟုတ်ရင် သမားတော်ကြီးတွေ ရောက်လာတဲ့အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး”

လော့ချန် ခေါင်းညိတ်လိုက်၏။ သူသည် လီယင်ကျန်း၏ အခြေခံအုတ်မြစ်အကြောင်း သိရှိထားပြီး ဖြစ်ပေသည်။ ထိုလူသည် အမြဲ တည်ငြိမ်ရင့်ကျက်သူဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ နက်ရှိုင်းပြီး တည်ငြိမ်လှသည်။

သူ ရှေ့သို့ လှမ်းလျှောက်သွားခဲ့ပြီး လီယင်ကျန်း၏ ကုတင်ဘေးတွင် ရပ်လိုက်ရင်း ညင်သာစွာ ဆိုလိုက်မိသည်။

“ခဏလောက် အောင့်ထား.... ငါ မင်းရဲ့ ခန္ဓာကိုယ်တွင်း အခြေအနေကို စစ်ဆေးကြည့်ရအောင်”

သူ၏ အနောက်တွင်ရှိသော ရွှီဟွမ်ကျန်းမှာ ခေတ္တမျှ ကြောင်အသွားခဲ့ရသည်။

‘အဖွဲ့ချုပ်ခေါင်းဆောင်က ဆေးကုတဲ့ နည်းလမ်းတွေကိုပါ နားလည်တာလား’

သို့သော်လည်း သူ ကူချိုင်ယီကို ချက်ချင်း သတိရသွားခဲ့သည်။ ကူချိုင်ယီသည် အဖွဲ့ချုပ်ခေါင်းဆောင်၏ ကုသပေးမှုကြောင့် ဒဏ်ရာများ သက်သာသွားခဲ့ရုံသာမက မကြာသေးမီကပင် အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ရှေးခေတ်ကတည်းက ဆေးလုံးနှင့် ကုသခြင်း ဟူသည် ခွဲခြား၍ မရနိုင်ရာ ထူးချွန်လှသော ဆေးဖော်ဆရာတစ်ဦးသည် အတွေ့အကြုံရင့်ကျက်သော သမားတော်တစ်ဦးလည်း ဖြစ်နိုင်ပေသည်။ အဖွဲ့ချုပ်ခေါင်းဆောင်မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း ပါရမီရှင် (၇) ဦးကိုပင် အနိုင်ယူထားနိုင်သော သူတစ်ဦးဖြစ်ရာ ဆေးပညာကို နားလည်နေခြင်းမှာ သဘာဝကျလှသည်။

လီယင်ကျန်းကလည်း ငြင်းဆန်ခြင်း မပြုခဲ့ချေ။ သူ စိတ်အေးအေးထားကာ မျက်လုံးများကို မှိတ်လျက် လော့ချန်အား သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးခွင့် ပြုလိုက်တော့သည်။

ကြီးမားလှသော စိတ်အာရုံစွမ်းအားလှိုင်းကြီးသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ညင်သာစွာ စိမ့်ဝင်လာခဲ့၏။ ၎င်းက အသားစများ၊ အရိုးများ၊ စွမ်းအင်လမ်းကြောင်းများနှင့် သူ၏ စိတ်ဝိညာဉ်ပင်လယ် အနက်ရှိုင်းဆုံးပိုင်းအထိ ဖြတ်သန်းသွားခဲ့ပြီး နေရာတိုင်းကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တိကျစွာ လိုက်လံရှာဖွေ စစ်ဆေးနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်မှသာ လော့ချန် သူ၏ စိတ်အာရုံစွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။ သူသည် ယခုမှသာ အဘိုးကြီးမီ ပြောခဲ့ဖူးသော မီးသားရဲချီများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပါက အခြေခံအုတ်မြစ် ပျက်စီးရသည်ဟူသော ဆိုလိုရင်းကို သေချာစွာ နားလည်သွားခဲ့ရသလို လီယင်ကျန်း၏ အခြေခံအုတ်မြစ် ခိုင်မာမှုကိုလည်း အံ့ဩမိသွားခဲ့ရသည်။ သူ၏ စစ်ဆေးမှုအရ လီယင်ကျန်း၏ သွေးကြောများမှာ အလွန် ကျယ်ဝန်းလှပြီး ချီပင်လယ်၏ နက်ရှိုင်းမှုမှာ သာမန် အခြေတည်အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်လှသည်။ လော့ချန်နှင့် ယှဉ်လျှင်ပင် အနည်းငယ်မျှသာ နိမ့်ကျနေခြင်း ဖြစ်သည်။ သူ၏ ကနဦး အခြေခံအုတ်မြစ်မှာ လော့ချန်ထက်ပင် မနိမ့်ကျလှချေ။

‘ကိုးဆင့် ခန္ဓာကိုယ်’

‘ကိုးဆင့်ဝိညာဉ်ပြန်လည်စုစည်းခြင်းကျင့်စဉ်’

ဤကဲ့သို့သော ခန္ဓာကိုယ်နှင့် အခြေခံအုတ်မြစ်ကို အသုံးပြု၍ ကျင့်ကြံထားခြင်း ဖြစ်ရာ အလွန်တရာ ကြောက်စရာကောင်းလှသည်။ လီကျင်ဟွမ်တစ်ယောက် မိမိ၏ သက်တမ်း ကုန်ဆုံးတော့မည်ကို သိနေခဲ့သော်လည်း လီယင်ကျန်းအား အခြေတည်အဆင့်သို့ အတင်းအကျပ် မတက်ခိုင်းခဲ့ခြင်းမှာ မဆန်းတော့ပေ။ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးမှာ ကျင့်ကြံခြင်းလောကတွင် ရှာမှရှားလှသော ရတနာတစ်ပါး ဖြစ်ပေသည်။ သို့သော် နှမြောစရာကောင်းသည်မှာ ဤမီးသားရဲချီကြောင့် သူ၏ အခြေခံအုတ်မြစ် ၁၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။ ထိုမျှတင်မက ၎င်းက ဆက်လက်၍ ဝါးမြိုရန် ကြိုးစားနေသဖြင့် သူ၏ ကျင့်ကြံခြင်း မျှော်လင့်ချက်ကြီးမှာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့ရသည်။

သို့သော် လော့ချန်၏ စစ်ဆေးမှုအရ ရေခဲချီစွမ်းအား အလင်းလုံးအချို့က လီယင်ကျန်း၏ ခန္ဓာကိုယ်တွင်းရှိ မီးသားရဲချီများကို ဝိုင်းရံပိတ်ဆို့ထားသဖြင့်သာ သူ၏ အခြေခံအုတ်မြစ် ဆက်လက်၍ ပြိုလဲမသွားခြင်း ဖြစ်သည်။ သို့သော် ဤနည်းလမ်းမှာ အပေါ်ယံသာ ဖြစ်ပြီး အခြေခံအုတ်မြစ်ကို အမြစ်ပြတ် မကုသနိုင်ချေ။ အကယ်၍ ထိုမီးသားရဲချီများကို အပြီးတိုင် မဖယ်ရှားနိုင်ပါက အဆုံးသတ်တွင် လီယင်ကျန်းကိုယ်တိုင် ပျက်စီးသွားရပေလိမ့်မည်။

‘ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဆေးလုံးတွေကတော့ တကယ်ကို ထူးခြားလှတယ်၊ ဒဏ်ရာတွေကို ကုသပေးရုံတင်မကဘဲ ရေခဲချီစွမ်းအားတွေနဲ့ ပေါင်းစပ်ပြီးတော့ မီးသားရဲချီတွေကို တဖြည်းဖြည်း တိုက်စားပစ်ဖို့ ကြိုးစားနေတာပဲ၊ ဒီနည်းလမ်းက တော်တော်လေး စနစ်တကျ ရှိလှတယ်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ကျင့်ကြံသူတွေက ဒီလိုမျိုး အခြေအနေတွေကို ဘယ်လို ကုသရမလဲဆိုတာကို အရင်ကတည်းက ကြိုတင် လေ့လာထားကြပုံပဲ’

လော့ချန် တိတ်ဆိတ်စွာ တွေးတောလိုက်မိရင်း သူ၏ မျက်နှာထက်တွင် အတွေးနက်နေသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။ ကုတင်ထက်တွင်မူ လီယင်ကျန်းက အားနည်းသော အသံဖြင့် မေးမြန်းလာခဲ့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော့်ရဲ့ အခြေအနေက.... ကုလို့ ရပါဦးမလား ခင်ဗျာ”

“ငါ စဉ်းစားကြည့်ပါရစေဦး"

လီယင်ကျန်းက စဉ်းစားနေသော လော့ချန်ကို ကြည့်ရင်း စိတ်ပျက်အားလျော့သော မျက်နှာအမူအရာ ထွက်ပေါ်လာခဲ့သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် ရေခဲခံတပ်က ထိပ်တန်း သမားတော် နှစ်ဦးပင်လျှင် အချိန်တိုအတွင်း မည်သို့မျှ မတတ်နိုင်ခဲ့ရာ အဖွဲ့ချုပ်ခေါင်းဆောင်မှာ ဆေးပညာကို အထူးပြု ကျင့်ကြံထားသူ မဟုတ်သဖြင့် မည်သို့ နည်းလမ်းရှိနိုင်ပါမည်နည်း။

သူ စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်။

“တကယ်လို့သာ ကုလို့မရနိုင်တော့ဘူးဆိုရင်.... ကျွန်တော့်ရဲ့ ချင်းဟွာမြစ် လီမျိုးနွယ်စုကို နောင်ကို အဖွဲ့ချုပ်ခေါင်းဆောင်လက်ထဲပဲ အပ်နှံပါရစေ....”

“ဟမ်…. မင်းကလည်း မင်းရဲ့ အဘိုးလိုပါပဲလား.... တစ်ခုခုဆိုရင် မျိုးနွယ်စုကို ငါ့ဆီပဲလာပြီး အပ်နေတယ်.... နောက်ပိုင်း မင်းမှာ မိန်းမနဲ့ ကလေး ရှိလာရင်ကော ငါ့လက်ထဲပဲ လာအပ်နေမှာလား”

လော့ချန် ရုတ်တရက် ငေါက်ငမ်းလိုက်မိသည်။

လီယင်ကျန်းသည် ခေတ္တမျှ ကြောင်အသွားခဲ့ရပြီးနောက် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရတော့သည်။

လော့ချန် သဘောကျစွာ ရယ်မောလိုက်မိ၏။

“မင်းက အတွေးများလွန်းနေတာပဲ၊ ငါ့မှာ နည်းလမ်းမရှိရင်တောင်မှ အဲဒီ သမားတော် နှစ်ယောက်ရဲ့ နည်းလမ်းအတိုင်း ဆက်ပြီး ကုသသွားရင် နောက်ထပ် (၅) နှစ် ဒါမှမဟုတ် (၁၀) နှစ် အတွင်းမှာ မင်းရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေ အကုန် သက်သာသွားမှာဖြစ်ပြီး ကျင့်ကြံခြင်းအပိုင်းမှာလည်း ဘာအနှောင့်အယှက်မှ ရှိမှာမဟုတ်ဘူး”

“အာ....”

လီယင်ကျန်း ပါးစပ်အဟောင်းသား ဖြစ်သွားကာ သူ၏ ပါးပြင်များက ပိုမို၍ နီမြန်းသွားခဲ့ရပေသည်။

ရွှီဟွမ်ကျန်းကလည်း ဘေးမှနေ၍ မရယ်ဘဲ မနေနိုင်တော့ချေ။

“ညီလေးလီ.... မင်း တစ်နေ့တစ်နေ့ အတွေးများလွန်းနေပါတယ်လို့ ငါ ပြောသားပဲ၊ အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်တိုင် ဒီလို ပြောပြီဆိုမှတော့ မင်း စိတ်အေးအေးထားပြီး ဒဏ်ရာကိုပဲ အာရုံစိုက်ပြီး ကုသစမ်းပါ"

“ဟုတ်ကဲ့ပါ ခင်ဗျာ"

လီယင်ကျန်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်မိသည်။

ထိုခဏ၌ပင် စခန်း၏ အပြင်ဘက်မှနေ၍ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။

လော့ချန်၏ မျက်နှာထက်တွင် အေးစက်လှသော အငွေ့အသက်တစ်ခု ဖြတ်သန်းသွားခဲ့ပြီး မဆိုင်းမတွ အပြင်ဘက်သို့ လှမ်းထွက်သွားခဲ့တော့၏။ ရွှီဟွမ်ကျန်းကလည်း တစ်ခုခုကို သတိပြုမိသွားပုံရပြီး သူ၏ မျက်နှာအမူအရာက ချက်ချင်း တည်တင်းသွားခဲ့ရပေသည်။

“ညီလေးလီ.... မင်း အပြင်ကို ထွက်မလာခဲ့နဲ့၊ ငါနဲ့ အဖွဲ့ချုပ်ခေါင်းဆောင် သွားပြီး ဖြေရှင်းလိုက်မယ်"

ထိုသို့ ဆိုလိုက်ပြီးနောက် သူ တံခါးအပြင်ဘက်သို့ အလျင်အစလို ပြေးထွက်သွားခဲ့တော့၏။ ကုတင်ထက်မှ လီယင်ကျန်းသည်လည်း အပြင်ဘက်တွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သိရှိထားပုံရရာ သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို အတင်းအကျပ် တွန်းအားပေး၍ ထရပ်ရန် ကြိုးစားလိုက်တော့သည်။

....

“အစ်ကိုကြီးချွီ.... ဘာကိစ္စ ရှိလို့လဲ"

“ကိစ္စ ဟုတ်လား.... အရင်က ကိစ္စဟောင်းကိုပဲ ပြန်ပြောမလို့ပါ၊ မင်းလို ငနဲက ငါ့ကို လာပြီး လမ်းမပိတ်စမ်းနဲ့၊ မင်းတို့အဖွဲ့ရဲ့ ခေါင်းဆောင်ကို ထွက်လာပြီး စကားပြောခိုင်းလိုက်"

“ဒီနေရာက လော့ထျန်းအဖွဲ့ရဲ့ တပ်စခန်း၊ အရေးကြီးတဲ့ အကြောင်းကြားစာ မရှိရင် ဘယ်သူမှ အထဲ ဝင်ခွင့်မရှိပါဘူး”

လူလတ်ပိုင်းအမျိုးသား၏ မျက်နှာအမူအရာက အေးစက်သွားခဲ့ရသည်။

“မင်း ငါ့ကို ထပ်ပြီး တားရဲမယ်ဆိုရင်.... ငါ အဆိုးမဆိုနဲ့"

ထိုသို့ ပြောဆိုလိုက်ရင်း ထိုလူလတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်ပတ်လည်မှနေ၍ ပြင်းထန်လှသော ဝိညာဉ်အရှိန်အဝါ ဖိအားကြီးတစ်ခု ဗုန်းခနဲ ထွက်ပေါ်လာခဲ့သည်။ ထိုဖိအားက ပြင်းထန်လွန်းလှရာ ပုကျွင်းကျယ်မှာ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာသွားခဲ့ရတော့သည်။

ဝုန်းး.... ဝုန်းး.... ဝုန်းး....

သူ ဆုတ်ခွာလိုက်ရသည့် ခြေလှမ်းတိုင်းသည် သူ၏ ခြေထောက်အောက်ရှိ ကျောက်ပြားများထက်တွင် နက်ရှိုင်းသော ခြေရာကြီးများကို ထင်ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ရုတ်တရက် ပုကျွင်းကျယ်၏ ခန္ဓာကိုယ်ကြီးက ရပ်တန့်သွားခဲ့ရသည်။ ညင်သာလှသော ချီစွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို နောက်မှနေ၍ ပွေ့ဖက်လိုက်ပြီး တစ်ဖက်လူ၏ ဖိအားအားလုံးကို အလွယ်တကူပင် ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်....”

ပုကျွင်းကျယ် အားကိုးတကြီး အော်ဟစ်လိုက်မိသည်။

သူ၏ အနောက်မှနေ၍ လူရိပ်တစ်ခု တဖြည်းဖြည်းချင်း ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

သူသည် မားမားမတ်မတ် တည်ရှိနေသော ထင်းရှူးပင်အလား တည်ငြိမ်လှပြီး ခန္ဓာကိုယ်ပတ်လည်မှ အငွေ့အသက်များက တောက်လောင်နေသော နေမင်းကြီးပမာ ပြင်းထန်လှသည်။ သို့သော် သူ၏ မျက်ဝန်းအစုံမှာမူ ချောက်နက်ကြီးတစ်ခုကဲ့သို့ အေးစက်နက်ရှိုင်းလှရာ မည်သူမျှ ၎င်း၏ အောက်ခြေကို မမြင်နိုင်ကြချေ။ သူ၏ အကြည့်များ ဖြတ်သန်းသွားသည့် အရပ်မျက်နှာတိုင်းတွင် ရှိနေသော ကျင့်ကြံသူအားလုံးမှာ နှလုံးသားတစ်ခုလုံး ဆတ်ကနဲ တုန်ခါသွားခဲ့ရတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၅၁၆) - နဝရတ်ဝိညာဉ်သခင်ဓားအား သိမ်းပိုက်ခြင်း

“မင်း တော်တယ်၊ ဘေးမှာပဲ သွားစောင့်နေလိုက်”

ထိုစကားကို ကြားလိုက်ရသောအခါ ပုကျွင်းကျယ်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့ရသည်။ သူ လျင်မြန်စွာပင် နာခံမှုရှိစွာဖြင့် ဘေးသို့ ကပ်နေလိုက်တော့သည်။

လော့ချန် စကားပြောနေစဉ်မှာပင် လော့ထျန်းအဖွဲ့၏ ချီသန့်စင်ကျင့်ကြံသူများမှာလည်း စခန်းအတွင်းမှနေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီဖြစ်သည်။ သူတို့အားလုံးသည် ရန်လိုသောအကြည့်များ၊ တိတ်ဆိတ်လှသော ဒေါသတရားများဖြင့် စည်းလုံးစွာ ရပ်နေကြပြီး သူတို့၏ စခန်းကို ဝိုင်းရံထားကြသော ကျင့်ကြံသူများအား စိုက်ကြည့်နေကြတော့သည်။

လော့ချန်က တည်ငြိမ်လှသော မျက်နှာအမူအရာဖြင့် ရှေ့သို့ ဝေ့ဝိုက်ကြည့်လိုက်ရာ ရန်သူ့အုပ်စုတွင် အဖွဲ့အစည်း နှစ်ခု ပါဝင်နေသည်ကို တွေ့လိုက်ရသည်။ အရှေ့ဆုံးတွင် ရှိနေသည်မှာ ချွီမျိုးနွယ်စု ဖြစ်ပြီး၊ နောက်ကွယ်မှနေ၍ ပြုံးစိစိဖြင့် ကြည့်ရှုနေကြသော အုပ်စုမှာမူ တွမ်ဖုန်း ပြောပြခဲ့သည့် ရှန်ရွှေဂိုဏ်းမှ လူများ ဖြစ်ပုံရသည်။ သူတို့အားလုံးမှာ ရေခဲခံတပ်၏ လက်အောက်ခံများ ဖြစ်ကြပြီး လော့ထျန်းအဖွဲ့၏ ဝိညာဉ်နယ်မြေကို လောဘတက်နေကြသူများ ဖြစ်သည်။ လော့ချန်၏ ထွက်ပေါ်လာမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ရသော်လည်း တင်းမာမှုများကမူ လေထုထဲတွင် လှိုင်းထနေခဲ့ချေပြီ။

“လူအင်အား လာပြပြီး အနိုင်ကျင့်ချင်တယ်ပေါ့.... ဒီက မိတ်ဆွေက နည်းနည်းတော့ မျက်နှာပြောင်တယ်နော်”

သူ အေးဆေးစွာ ပြောလိုက်သော်လည်း ချွီမျိုးနွယ်စု ကျင့်ကြံသူများကြားတွင်မူ ဝုန်းဒုန်းကြဲ ဆူညံသွားခဲ့ရတော့သည်။

ချွီကျန့်ပေါင်၏ မျက်နှာမှာလည်း တဆတ်ဆတ် တုန်ရင်သွားခဲ့သည်။ လူအများအပြား၏ ရှေ့တွင် ဤသို့ မျက်နှာပြောင်လှသည်ဟု အပြောခံရခြင်းမှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သူ ရင်ထဲရှိ ဒေါသတရားများကို အတင်းအဓမ္မ ဖိနှိပ်လိုက်ရင်း အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိ၏။ ထို့နောက် အေးစက်လှသော၊ လှောင်ပြောင်လိုသော အပြုံးတစ်ခုဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

“မျက်နှာပြောင်တယ်ဆိုတာလည်း အစွမ်းအစရှိဖို့ လိုသေးတယ်၊ မင်း ကြည့်ရတာ အသက်ငယ်သေးပုံရပြီး ကျင့်ကြံတာလည်း သိပ်မကြာသေးဘူး ထင်တယ်.... ဒီလောကရဲ့ စည်းမျဉ်းတွေကို သိပ်ပြီး နားမလည်သေးဘူးထင်ပါရဲ့”

လော့ချန် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိ၏။

“အို.... ဒါဆို မင်းက ငါ့ကို အသက်ငယ်လို့ အနိုင်ကျင့်ချင်တယ်ပေါ့"

ချွီကျန့်ပေါင်က နှာခေါင်းရှုံ့လိုက်သည်။

“ငယ်လို့ အနိုင်ကျင့်တာ မဟုတ်ပါဘူး၊ ဝိညာဉ်နယ်မြေဆိုတာ အရည်အချင်းရှိတဲ့သူပဲ ပိုင်ဆိုင်ထိုက်တာမျိုးလေ၊ အရင်တုန်းက လော့ထျန်းအဖွဲ့ ဒီနေရာကို သိမ်းပိုက်ထားတာ ပြဿနာမရှိပေမဲ့.... အခုတော့ မင်းတို့အဖွဲ့ရဲ့ အခြေတည် ကျင့်ကြံသူတွေက တစ်ယောက်က ထွက်ပြေး၊ တစ်ယောက်က ဒဏ်ရာရ၊ နောက်တစ်ယောက်က ပျောက်ဆုံးနေတာလေ.... ဒီလို အခြေအနေမျိုးမှာ ဒီနေရာကောင်းကြီးကို ဆက်ပြီး သိမ်းပိုက်ထားတာက ရတနာကို ဖြုန်းတီးပစ်ရာ ရောက်မနေဘူးလား”

လော့ချန် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်မိ၏။

“ဖြုန်းတီးတာ ဟုတ်မဟုတ်ဆိုတာ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး၊ ရေခဲခံတပ်က ပုဂ္ဂိုလ်တွေပဲ ဆုံးဖြတ်လိမ့်မယ်”

“တကယ်လို့ ရေခဲခံတပ်က ဝင်ပြီး မဆုံးဖြတ်ဘဲ ငါတို့အချင်းချင်းပဲ ဆွေးနွေးပြီး ဖြေရှင်းခွင့်ပေးထားတယ်ဆိုရင်ကော....”

ချွီကျန့်ပေါင်က ဆက်လက်၍ ဖိအားပေးလာခဲ့သည်။

ထိုစကားကြောင့် လူအုပ်ကြီးတစ်ခုလုံး ဆူညံသွားခဲ့ရပြန်သည်။ ဤစကား၏ ဆိုလိုရင်းမှာ ချွီမျိုးနွယ်စု၏ လော့ထျန်းအဖွဲ့ နယ်မြေကို လုယူရန် ကြိုးပမ်းမှုသည် အထက်လူကြီးများ၏ ခွင့်ပြုမှုကို ရရှိထားပြီးဖြစ်ကြောင်း သက်ရောက်နေခဲ့ခြင်း ဖြစ်ပေသည်။ ထိုခဏ၌ လော့ချန် တိတ်ဆိတ်သွားခဲ့ရသည်။ သူသည် အဝေးရှိ ဧရာမ ရေခဲနန်းတော်ကြီးဆီသို့ မျှော်ကြည့်လိုက်မိသည်။ သူ၏ ရှေ့ရှိ ချွီကျန့်ပေါင်ကမူ အောင်နိုင်သူအလား လှောင်ပြုံးကြီးဖြင့် စိုက်ကြည့်နေခဲ့သည်။

နောက်ဘက်ရှိ ရှန်ရွှေဂိုဏ်းမှ ကျင့်ကြံသူများမှာမူ မျက်နှာအမူအရာများ အနည်းငယ် ပျက်ယွင်းသွားခဲ့ကြပြီး အချင်းချင်း တီးတိုး စကားဆိုလိုက်ကြသည်။ ချွီမျိုးနွယ်စုက သူတို့ထက် ခြေလှမ်းတစ်လှမ်း ပိုမြန်နေခဲ့ပုံရသည်။ သို့သော် ဤကဲ့သို့သော ဖိအားမျိုးအောက်တွင် လော့ထျန်းအဖွဲ့မှ အသစ်ရောက်ရှိလာသော အခြေတည်အဆင့် ကျင့်ကြံသူက မည်သို့ တုံ့ပြန်လာမည်နည်း။

လူအများ၏ စိုက်ကြည့်နေမှုများအောက်တွင် လော့ချန် ရုတ်တရက် ရယ်မောလိုက်တော့သည်။

“ငါက မဆွေးနွေးချင်ဘူးဆိုရင်ကော.... မင်း ဘာလုပ်ချင်လဲ၊ အတင်းအဓမ္မ လုယူမလား.... ဒါမှမဟုတ် အသက်နဲ့လဲပြီး တိုက်ပွဲဝင်မလား"

ချွီကျန့်ပေါင် တစ်ယောက် ဆွံ့အသွားခဲ့ရသည်။ သူ ကိုယ့်နားကိုယ် မယုံကြည်နိုင်သည့်အလား မသိမသာ ပြန်မေးလိုက်မိသည်။

“မင်း.... မင်း ဘာပြောလိုက်တယ်”

လော့ချန် ပြန်ဖြေခြင်း မပြုတော့ပေ။

ချွီမျိုးနွယ်စုဘက်မှ ကျင့်ကြံသူများကမူ တစ်တွတ်တွတ် ဆွေးနွေးနေကြတော့သည်။

“လော့ထျန်းအဖွဲ့က အသစ်ရောက်လာတဲ့ သူက သိပ်မျက်နှာပြောင်လွန်းတာပဲ"

“အရည်အချင်းမရှိဘဲနဲ့ ဒီနေရာမှာ ဆက်ပြီး နေချင်နေသေးတယ်၊ တခြားလူတွေက သူ့ကို ဘာမှမလုပ်နိုင်ဘူး ထင်နေတာလား"

“အရည်အချင်းနဲ့ မထိုက်တန်ရင် ဒီဝိညာဉ်နယ်မြေကို ဖယ်ပေးရမှာပဲ”

နောက်ဘက်မှ စကားသံများကို ကြားလိုက်ရသည့်အခါမှသာ ချွီကျန့်ပေါင်တစ်ယောက် သတိပြန်ဝင်လာခဲ့သည်။ သူ နှာခေါင်းရှုံ့လိုက်ရင်း ဆိုလိုက်သည်။

“ကြည့်ရတာ မင်းလည်း တော်တော် မျက်နှာပြောင်တာပဲနော်”

“ချီးကျူးလွန်းနေပါပြီ၊ မင်းကိုတော့ မမီသေးပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါက လူအများအလယ်မှာ အားနည်းတဲ့သူကို လိုက်ပြီး အနိုင်မကျင့်ရက်သလို လူယုတ်မာတစ်ယောက်လိုမျိုး စကားကြီးစကားကျယ်လည်း လျှောက်ပြီး မပြောတတ်ဘူး"

“မင်း....”

ဤသည်မှာ ဒုတိယအကြိမ်မြောက် အရှက်ခွဲခံလိုက်ရခြင်းပင်။ ချွီကျန့်ပေါင်တစ်ယောက် ဤကဲ့သို့သော နည်းလမ်းကို အသုံးပြု၍ မိမိ၏ ဩဇာအာဏာကို ပြသမိခဲ့ခြင်းအတွက် စတင်၍ နောင်တရလာခဲ့သည်။ သူ စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင်လုပ်ရင်း ဆိုလိုက်သည်။

“မင်း နာမည်ကို ပြောစမ်း"

“ငါ့နာမည်က လော့ချန် ပဲ”

“ကောင်းပြီ.... မိတ်ဆွေလော့.... ငါ ဒီနေ့ မင်းကို အပြတ်ပဲ မေးလိုက်မယ်၊ ဒီနေရာကို ဖယ်ပေးမလား.... မဖယ်ပေးဘူးလား”

သူသည် အပိုင်တွက်ထားသည့်အလား ပြတ်သားစွာ မေးလိုက်သည်။

သို့သော် သူ့နောက်ရှိ ရှန်ရွှေဂိုဏ်းမှ အခြေတည်အဆင့်လတ် ကျင့်ကြံသူ နှစ်ဦး၏ မျက်နှာအမူအရာများကမူ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။

“လော့ချန်....”

တစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်ပြီး မျက်မှောင်များကြုတ်သွားရသည်။

“ဒါဆိုရင်.... သူက.... ဟုတ်တယ်၊ ဟို ချီသန့်စင်အဆင့် တပည့်က သူ့ကို အဖွဲ့ချုပ်ခေါင်းဆောင်လို့ ခေါ်ခဲ့တာပဲ”

“ကိုယ့်လူတို့ ဘာမှမလုပ်နဲ့ဦး.... အခြေအနေကိုပဲ အသာစောင့်ကြည့်ရအောင်”

လော့ချန် ထိုလူနှစ်ဦးကို မသိမသာ ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် ချွီကျန့်ပေါင်ဆီသို့ အကြည့်ကို ပြန်ပို့လိုက်သည်။

“ငါက မဖယ်ပေးရင်ကော.... မင်း ဘာလုပ်ချင်လဲ၊ တကယ်လို့ မင်းက အသက်နဲ့လဲပြီးတိုက်ချင်တယ်ဆိုရင် ဒီနေရာကို ငါတို့အတွက် ချီးမြှင့်ပေးထားတဲ့ ကရုဏာမဲ့နတ်သမီးကို မကြောက်ဘူးလား"

ထိုစကားလုံးများက အလွန်တရာ မြန်ဆန်လှသော်လည်း စကားလုံးတိုင်းက ချွီကျန့်ပေါင်၏ ရင်ထဲသို့ ဓားတစ်စင်းအလား ထိုးစိုက်ဝင်ရောက်သွားခဲ့ရပေသည်။ သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် အေးခဲသွားခဲ့ရ၏။ သူ သိရှိထားသည်မှာ ကရုဏာမဲ့နတ်သမီးသည် ယခုအချိန်၌ ရွှေသဲကျွန်းမျောတွင် ရှိမနေခဲ့ပေ။ မီးလျှံမဟာမိတ်အဖွဲ့မှ ရွှေအမြုတေစီရင်စုသခင်က ဓူဝံတောင်အစီအရင်ကြီးကို ဖျက်ဆီးပစ်လိုက်သည့် အကျိုးဆက်ကြောင့် ယခုအခါ လေးဂိုဏ်းမဟာမိတ်အဖွဲ့မှ ရွှေအမြုတေ အကြီးအကဲ တစ်ဦးစီကို ပဉ္စမနှင့် ဆဋ္ဌမမြောက် တောင်တန်းများတွင် သွားရောက် တပ်စွဲ စောင့်ရှောက်ခိုင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ ဤနေရာသို့ လာရောက်၍ ပြဿနာရှာရဲခြင်း ဖြစ်ပြီး ကိစ္စများကို အပြီးသတ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူက အသက်နှင့်လဲ၍ ခုခံလာခဲ့ပါက သူ ဤနေရာကို အတင်းအဓမ္မ လုယူနိုင်ခဲ့လျှင်ပင် ကရုဏာမဲ့နတ်သမီး ပြန်လည် ရောက်ရှိလာသည့်အခါ သူ အပြစ်ပေးခံရမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ လော့ထျန်းအဖွဲ့နှင့် ကရုဏာမဲ့နတ်သမီးတို့၏ ဆက်နွှယ်မှုက သာမန်ထက် ထူးခြားသည်ကို လူတိုင်း သိရှိထားကြသည်။ လော့ထျန်းအဖွဲ့မှာ ယခုအချိန်တွင် ကရုဏာမဲ့နတ်သမီး၏ တစ်ဦးတည်းသော လက်အောက်ခံအဖွဲ့အစည်း ဖြစ်သည်ဟုပင် ပြော၍ရသည်။ အတိုချုပ်ဆိုရလျှင် သူ ပြဿနာရှာရဲသော်လည်း တစ်ဖက်လူကို အသေသတ်ရန်အထိတော့ မလုပ်ရဲချေ။

‘ဒီကောင်က ဘာဖြစ်လို့ ဒီလောက်အထိ မျက်နှာပြောင်နေရတာလဲဟာ၊ လူအများကြီး ကြည့်နေတဲ့ ကြားထဲကနေပြီးတော့ ဒီနေရာကို မဖယ်ပေးနိုင်ဘူးလို့ ဘာဖြစ်လို့ ဒီလောက်အထိ ရဲရဲကြီး ပြောရဲနေရတာလဲ’

ချွီကျန့်ပေါင်က စိတ်ထဲမှ ကျိန်ဆဲနေခဲ့သော်လည်း အချိန်အတန်ကြာသည့်တိုင်အောင် မည်သို့ ဆက်လုပ်ရမည်ကို မသိဘဲ ဖြစ်နေခဲ့ရသည်။

သူ ဝေခွဲမရဖြစ်နေစဉ်မှာပင် လော့ချန် ရုတ်တရက် ရယ်မောလိုက်၏။

“ဒါပေမဲ့ ငါက မင်းလောက် မျက်နှာမပြောင်ဘူးဆိုတော့.... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်လေ"

“မင်းအမေလင်ကမှ မျက်နှာပြောင်တာကွ”

ချွီကျန့်ပေါင်တစ်ယောက် စိတ်ကို မထိန်းနိုင်တော့ဘဲ ဆဲရေးတိုင်းထွာလိုက်တော့သည်။

လော့ချန်၏ မျက်နှာထား အေးစက်သွားခဲ့သည်။

“တစ်ကွက်ပဲ…. မင်းနဲ့ငါ တစ်ကွက်တည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်မယ်…. သေလား၊ ရှင်လား ကောင်းကင်ဘုံကပဲ ဆုံးဖြတ်လိမ့်မယ်…. ရှုံးတဲ့သူက ဒီနေရာကနေ ထွက်သွားရမယ်…. ငါနိုင်ရင် မင်းနောက်နောင် ငါ့မျက်စိရှေ့ကို တစ်သက်လုံး ပေါ်မလာနဲ့”

“ကောင်းပြီလေ.... ကောင်လေး.... မင်းက တကယ့်ကို မောက်မာလွန်းတာပဲ”

ချွီကျန့်ပေါင် ဒေါသအလိပ်လိပ် ထွက်သွားခဲ့ရသည်။

လော့ချန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ဝေဟင်သို့ ပျံသန်းကာ တိမ်တိုက်များဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ သူ၏ ရည်ရွယ်ချက်က အလွန် ရှင်းလင်းလှသည်။ ကောင်းကင်ထက်တွင် တိုက်ပွဲဝင်ရန် ဖြစ်သည်။

လူအများ စောင့်ကြည့်နေကြသဖြင့် ချွီကျန့်ပေါင် နောက်ဆုတ်ရန် လမ်းစမရှိတော့ချေ။ သူ မဆိုင်းမတွပင် အထက်သို့ ပျံသန်းလိုက်တော့၏။ ကောင်းကင်ထက်သို့ ရောက်ရှိသွားသည့်အခါ သူ ကြုံးဝါးစကားအချို့ ဆိုရန် ပြင်လိုက်သော်လည်း တစ်ဖက်လူ၏ လက်ထဲတွင် အနီနှင့် အနက်ရောင် ရောယှက်နေသော ဧရာမ ဝိညာဉ်ဓားရှည်ကြီးတစ်လက် ရောက်ရှိနေသည်ကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ မျက်ဝန်းအိမ်များ ဆတ်ကနဲ ကျုံ့ဝင်သွားခဲ့ရတော့သည်။

“မှော်ရတနာ”

သူ အံ့အားသင့်သွားရခြင်းမှာ တစ်ဖက်လူတွင် မှော်ရတနာ ရှိနေခြင်းကြောင့် မဟုတ်ဘဲ တစ်ဖက်လူက မည်သို့မျှ မတွန့်ဆုတ်ဘဲ မှော်ရတနာကို ထုတ်ယူလိုက်ခြင်းက သူ့အား အမှန်တကယ် သတ်ဖြတ်ရန် ကြံစည်ထားခြင်းကြောင့် ဖြစ်ပေသည်။

ယခုအချိန်တွင် သူ စိတ်ထဲမှ ဒေါသအားလုံးကို ရုပ်သိမ်းလိုက်ပြီး တိုက်ပွဲဝင်ရန် အာရုံစိုက်လိုက်တော့သည်။ သူသည်လည်း အပြာရောင် တောက်ပလှသော ရေခဲဝိညာဉ်ဓားရှည်ကြီးတစ်လက်ကို ထုတ်ယူလိုက်သည်။

“ဒါဆိုရင်လည်း.... တိုက်ပွဲဝင်ကြတာပေါ့”

သူသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအားများကို ဓားရှည်ကြီးထဲသို့ အလုံးအရင်းဖြင့် ရိုက်သွင်းလိုက်သည်။ သူတို့နှစ်ဦးက တစ်ကွက်တည်းဖြင့် အနိုင်အရှုံးကို ဆုံးဖြတ်ရန် သဘောတူထားကြခြင်း ဖြစ်ရာ ကနဦး အစမ်းသပ်ခံ တိုက်ခိုက်မှုများ ပြုလုပ်နေရန် မလိုသလို မှော်အတတ်မျိုးစုံ အသုံးချ၍ အချိန်ဆွဲနေရန်လည်း မလိုချေ။ သူတို့ ယှဉ်ပြိုင်ရမည်မှာ သန့်စင်လှသော စွမ်းအားသက်သက်သာ ဖြစ်ပေသည်။

သူ၏ အရှေ့မှ အမျိုးသားကမူ ဓားရှည်ကြီးကို ကိုင်ဆောင်ထားရင်း ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအားများကို လှုံ့ဆော်ခြင်း မပြုဘဲ ဆန်းပြားလှသော ကွက်တိကွက်ကြား လှုပ်ရှားမှုများ ပြုလုပ်နေခဲ့သည်။ ၎င်းက စာလုံးများ ရေးသားနေသည့်အလား၊ သို့မဟုတ် ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေသည့်အလား ပေါ့ပါးလွတ်လပ်လွန်းလှရာ အနုပညာရှင်တစ်ဦးက ဆေးစက်ချနေသည့်အလား ထင်မှတ်ရသည်။

သူတို့နှစ်ဦး၏ ကြီးမားလှသော အရှိန်အဝါ လှုပ်ခတ်မှုကြီးကမူ အခြားသူများ၏ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်သွားခဲ့ရသည်။ ရွှေသဲကျွန်းမျောပေါ်တွင် တစ်ပြိုင်နက်တည်း ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး ကျင့်ကြံသူများစွာမှာ မိမိတို့၏ အဆောက်အအုံများမှ ထွက်ပေါ်လာကြကာ ဤကောင်းကင်ထက်မှ တိုက်ပွဲကြီးကို မော့ကြည့်လိုက်ကြတော့သည်။ အထူးသဖြင့် ယခင်က လှေဆိပ်တွင် တန်ချန်ဇီကို မြင်တွေ့ခဲ့ဖူးသော ကျင့်ကြံသူများမှာ ပိုမို၍ အံ့အားသင့်သွားခဲ့ရသည်။

လူအုပ်ကြီးအတွင်း၌ ဆွေးနွေးသံများနှင့် ထင်ကြေးပေးမှုများက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ရပေသည်။ အချို့က သူ၏ ဆေးဖော်ဆရာတစ်ဦးအဖြစ် ကျော်ကြားမှုကို ပြောဆိုနေကြပြီး အချို့ကမူ သူ၏ စိတ်နေစိတ်ထားကို သံသယပွားနေကြ၏။

“တန်ချန်ဇီ.... တန်ချန်ဇီ.... ရောက်တာတောင် တစ်ရက်မပြည့်သေးဘူး ချက်ချင်း ပွဲရှာနေပြီ၊ သူ သိပ်စိတ်ကြီးတာပဲ"

လော့ထျန်းအဖွဲ့၏ တပ်စခန်းအရှေ့တွင်မူ အဖွဲ့သုံးဖွဲ့လုံးမှ လူများက အထက်သို့ တိတ်ဆိတ်စွာ မော့ကြည့်နေခဲ့ကြပြီး မည်သူမျှ အသက်ပြင်းပြင်းပင် မရှူရဲကြချေ။ ရှန်ရွှေဂိုဏ်းမှ အခြေတည်အဆင့်လတ် ကျင့်ကြံသူ နှစ်ဦးသာလျှင် သီးသန့် ဝိညာဉ်အာရုံဖြင့် စကားဆိုနေကြသည်။

“တန်ချန်ဇီက တကယ်ပဲ မောက်မာလွန်းမနေဘူးလား.... သူက ဆေးဖော်ဆရာလေ၊ ဘာဖြစ်လို့ အခြေတည်အဆင့် (၆) ဆင့်ရှိတဲ့ ချွီကျန့်ပေါင်ကို ဒီလောက်အထိ ရဲရဲကြီး စိန်ခေါ်ရဲရတာလဲ"

“ဒီမယ် ညီလေး.... ချွီမျိုးနွယ်စုက ထျန်းလန်နတ်ဘုရားမြို့တော်နဲ့ ဝေးလွန်းတာမို့လို့ လော့ချန်ရဲ့ စွမ်းအားကို မသိတာ ထားလိုက်ပါဦး.... မင်းကော ဘာဖြစ်လို့ ဒီလောက်အထိ အမြင်ကျဉ်းနေရတာလဲ"

“ဟင်.... ဘာကို ပြောချင်တာလဲ"

“မင်း မေ့သွားပြီလား.... သူ တန်ချန်ဇီအဖြစ် မကျော်ကြားခင်တုန်းက နောက်ထပ် နာမည်တစ်ခုနဲ့ ကျော်ကြားခဲ့ဖူးတယ်လေ"

“ဟင်.... မီးနတ်ဘုရားလော့”

အတိတ်ကာလက ချင်းဟွာမြစ်ကမ်းပါးဘေးတွင် သူ၏ မီးဓာတ်မှော်အတတ်များသည် တစ်လောကလုံးကို လွှမ်းမိုးထားခဲ့ဖူးသည်။ ထိုတိုက်ပွဲအတွင်း၌ မီးနတ်ဘုရားလော့သည် မည်သည့် မှော်လက်နက် သို့မဟုတ် မှော်ရတနာကိုမျှ ထုတ်သုံးခြင်း မပြုဘဲ တစ်ကိုယ်တည်းဖြင့် အခြေတည်အစောပိုင်း ကျင့်ကြံသူ သုံးဦးနှင့် အခြေတည်အလယ်ပိုင်းကျင့်ကြံသူ တစ်ဦးကို ဖိနှိပ်သတ်ဖြတ်နိုင်ခဲ့သည်။ သူ၏ စွမ်းဆောင်ရည်သည် မြစ်ကမ်းနှစ်ဖက်လုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး မိတ်ဆွေဖြစ်သူ၏ မျိုးနွယ်စုကို ပျက်စီးခြင်းမှ ကယ်တင်ပေးနိုင်ခဲ့ဖူး၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တိုက်ခိုက်ရေးစွမ်းရည်အားနည်းသော ဆေးဖော်ဆရာတစ်ဦးအဖြစ် မည်သို့ သတ်မှတ်နိုင်ပါမည်နည်း။

ယခုအခါ ရှန်ရွှေဂိုဏ်းမှ ကျင့်ကြံသူများသည် လော့ချန်၏ လက်ထဲတွင်ရှိသော အနက်ရောင်နှင့် အနီရောင် ရောယှက်နေသည့် ဓားဆီသို့ ထိတ်လန့်တုန်လှုပ်သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ရှုလိုက်ကြတော့၏။ မီးနတ်ဘုရားသည် သူ၏ ဆန်းကြယ်ရတနာကို ထုတ်ယူလိုက်ပြီဖြစ်ရာ တစ်ဖက်လူကို အမှန်တကယ် သတ်ဖြတ်ရန် ဆုံးဖြတ်ထားပုံရသည်။

ချွီကျန့်ပေါင်တစ်ယောက် မြွေတွင်းထဲ လက်နှိုက်မိချေပြီ။

....

အထက်ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ချွီကျန့်ပေါင်က လော့ချန်ကို ကြည့်ကာ ဆိုလိုက်၏။

“မင်းက တကယ်ပဲ ရိုးအလွန်းတာပဲ ညီလေး၊ တစ်ယောက်နဲ့တစ်ယောက် အပြင်းထန်ဆုံး စွမ်းအားတွေကိုပဲ အပြန်အလှန် ထုတ်သုံးရအောင်.... ဒါက ဂိုဏ်းတွင်း ယှဉ်ပြိုင်ပွဲလို့ ထင်နေတာလား”

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း ဓားပျံကို ဝေဟင်သို့ ပစ်လွှတ်လိုက်သည်။ ဓားအလင်းတန်းက ဟိန်းဟောက်သွားခဲ့ပြီး ၎င်းတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။ သို့သော် ၎င်း၏ တိုက်ခိုက်မှုစွမ်းအားမှာ အလွန်အမင်း ပြင်းထန်ခြင်း မရှိချေ။ သူသည် သတ်ကွက်အတွက် စွမ်းအား စုစည်းခဲ့ခြင်း မဟုတ်ဘဲ လော့ချန်၏ မှော်ရတနာစွမ်းအား စုဆောင်းမှုကို နှောင့်ယှက်ဖျက်ဆီးရန် ကြံစည်ထားခြင်း ဖြစ်သည်။ အကယ်၍ သူ၏ လှုပ်ရှားမှု အောင်မြင်ခဲ့မည်ဆိုလျှင် လော့ချန်တစ်ယောက် တန်ပြန်ရိုက်ခတ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။ သူ အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ ရလဒ်ကမူ အရှုံးတစ်ခုအဖြစ်သာ သတ်မှတ်ခြင်း ခံရမည် ဖြစ်သည်။

သူ၏ အောင်နိုင်သူအလား စိုက်ကြည့်နေမှုအောက်တွင် ဝိညာဉ်ဓားရှည်ကြီးက လော့ချန်၏ ခန္ဓာကိုယ်အရှေ့ (၁) ကိုက်ခန့်အကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤမျှလောက် နီးကပ်လှသော အကွာအဝေးသို့ ရောက်ရှိနေသည့်တိုင်အောင် တစ်ဖက်လူက ငြိမ်လျက်သား ရှိနေဆဲဖြစ်ပြီး ခံစစ်လက်နက် တစ်ခုမျှပင် ထုတ်ယူခြင်း မပြုရသေးချေ။

“မင်း ရှုံးသွားပြီ"

ချွီကျန့်ပေါင်က အောင်နိုင်သူတစ်ဦးအလား ကြွေးကြော်လိုက်မိတော့သည်။

ထိုစကားလုံးများ ထွက်ပေါ်လာခဲ့သည်နှင့် တစ်ပြိုင်နက် တောက်ပလှသော အပြာရောင်ဝိညာဉ်အလင်းကာရံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။ ၎င်းတွင် မည်သည့် ပေါက်ကွဲသံ သို့မဟုတ် ဆူညံသံမျှ မရှိပေ။ တားဆီး၍မရနိုင်လောက်အောင် ပြေးဝင်လာခဲ့သော ဓားပျံသည် ရုတ်တရက်ဆိုသလို ရွှံ့နွံတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့ရသကဲ့သို့ နှေးကွေးသွားခဲ့ရပေသည်။ ၎င်း၏ အရှိန်အဟုန်က သိသိသာသာ ကျဆင်းသွားခဲ့ရပြီး ထိုအလင်းကာရံကြီးထဲတွင် ခရုတစ်ကောင်အလား တရွေ့ရွေ့သာ ရှေ့သို့ တိုးနိုင်တော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချွီကျန့်ပေါင်၏ မျက်နှာထားမှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရတော့သည်။

‘ဒါက ဘာခုခံရေး မှော်အတတ်လဲဟ.... ဘာဖြစ်လို့ ဒီလောက်အထိ ကြောက်စရာကောင်းနေရတာလဲ၊ မှော်ရတနာ ဓားရှည်ကြီးကိုတောင်မှ တိုက်ရိုက် ပိတ်ဆို့ထားနိုင်တယ် တဲ့လား၊ ဒါတင်မကသေးဘူး.... သူက ဒါကို ဘယ်အချိန်ကတည်းက ပြင်ဆင်ထားတာလဲ၊ သူ ဂါထာရွတ်တာ ဒါမှမဟုတ် လက်ကွက်ဖော်တာကို ငါ မမြင်လိုက်ပါဘူး’

‘မှော်စာရွက်လား ဒါမှမဟုတ် သခင်ကို အလိုအလျောက် ကာကွယ်ပေးတဲ့ မှော်ရတနာလား’

သူ အံ့အားသင့်နေစဉ်မှာပင် အနီရောင် တောက်ပလှသော နေမင်းကြီးတစ်စင်းက အဝေး ကန္တာရပြင်အထက်တွင် တရွေ့ရွေ့ ထွက်ပေါ်လာခဲ့သည်။ ၎င်းနှင့်အတူ ထွက်ပေါ်လာသည်မှာ လော့ချန်၏ အေးစက်လှသော မျက်ဝန်းအစုံ ဖြစ်ပေသည်။

“မင်းလို လူပြက်တစ်ယောက်က.... ငါ့ရှေ့ လာပြီး ကပြနေတာပဲ”

စကား ဆုံးသည်နှင့် နေမင်းကြီးက အောက်သို့ ဆင်းသက်လာခဲ့သည်။ ထိုတောက်လောင်နေသော နေမင်းကြီးမှာ ဓားဖျားထက်မှ ထွက်ပေါ်လာခဲ့ပြီး ချွီကျန့်ပေါင်၏ ဦးခေါင်းထက်တွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့တော့သည်။

ဝုန်းး....

အလွန်တရာ ပြင်းထန်လှသော ချီစွမ်းအား လှိုင်းလုံးကြီးက ပတ်ဝန်းကျင်တစ်ခုလုံးသို့ အလုံးအရင်းဖြင့် ပြန့်နှံ့သွားခဲ့သည်။ ပြင်းထန်လှသော အပူရှိန်ကြီးက လောကအလယ်ရှိ အရာအားလုံးကို ပြာချပစ်ရန် ကြိုးစားနေသည့်အလား ထင်မှတ်ရသည်။ လေထုတစ်ခုလုံးပင်လျှင် အပူရှိန်ကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရသည်။

ချွီကျန့်ပေါင် ပျာပျာသလဲ ထုတ်ယူလိုက်သော ခံစစ် မှော်လက်နက်မှာ တစ်စက္ကန့်မျှပင် တောင့်မခံနိုင်ဘဲ ချက်ချင်း အရည်ပျော်သွားခဲ့ရတော့သည်။

“အားးး....”

နာကျင်စွာ အော်ဟစ်လိုက်သည့် အသံနက်ကြီး ထွက်ပေါ်လာသည်။ ထိုကြောက်စရာကောင်းလှသော ပေါက်ကွဲမှု စွမ်းအားကြီးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။

“တော်လောက်ပြီ"

ရုတ်တရက် အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဧရာမ ရေခဲနန်းတော်ကြီး အထက်မှနေ၍ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ကောင်းကင်ထက်မှ တောက်လောင်နေသော မီးတောက်အားလုံးမှာ ခဏချင်းပင် ပျောက်ကွယ်သွားခဲ့ရတော့သည်။

ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်လာခဲ့သော ချွီကျန့်ပေါင်၏ အခြေအနေမှာမူ အလွန် ဆိုးရွားလှသည်။ သူ၏ ခန္ဓာကိုယ်ကြီးက ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား အောက်ဘက်သို့ ကျဆင်းသွားခဲ့ရသည်။ ပြင်းထန်လှသော သွေးအန်မှုများနှင့်အတူ သွေးများထဲတွင် မီးစလေးများပင် ပါဝင်နေခဲ့သည်။

အထက်ကောင်းကင်ယံတွင်မူ လော့ချန် လက်ကို ဆန့်ထုတ်လိုက်ပြီး ချွီကျန့်ပေါင်၏ ဓားပျံကို လှမ်း၍ ဖမ်းယူလိုက်၏။ သူ၏ မျက်နှာအမူအရာမှာ အစကတည်းက ဤရလဒ်ကို ကြိုတင်သိရှိထားခဲ့သကဲ့သို့ လုံးဝ တည်ငြိမ်နေခဲ့ပေသည်။

သူသည် လက်တစ်ဖက်တွင် ရေဓာတ်ဓားပျံကို ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ မီးဓာတ်ဓားရှည်ကို ကိုင်ဆောင်ထားရင်း၊ အနက်ရောင် ဆံပင်ရှည်များက လေထဲတွင် ဝဲလွင့်နေခဲ့ကာ အေးစက်လှသော မျက်ဝန်းများဖြင့် ရွှေသဲကျွန်းမျောတစ်ခုလုံးကို ငုံ့ကြည့်လိုက်မိသည်။ လူတိုင်း၏ ကြောက်ရွံ့နေသော မျက်နှာအမူအရာများကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

“ဟွန့်....”

သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း အသက်ရှင်လျက် ရှိနေသေးသော ချွီကျန့်ပေါင်ကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ လော့ထျန်းအဖွဲ့၏ တပ်စခန်းထဲသို့ တိုက်ရိုက် ဆင်းသက်သွားခဲ့တော့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ....”

“အဖွဲ့ချုပ်ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ....”

“အဖွဲ့ချုပ်ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ....”

လူနည်းစုမျှသာ ရှိသော်လည်း လော့ထျန်းအဖွဲ့သားများ၏ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံများသည် ကမ်းပြိုသံကဲ့သို့ ကျယ်လောင်လှပေသည်။ လော့ချန် လက်ကို မြှောက်၍ အချက်ပြလိုက်သည့်အခါ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများမှာ ချက်ချင်းပင် ငြိမ်သက်သွားခဲ့ကြပြီး သူ့အား ကြည်ညိုလေးစားလှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။

လော့ချန် နောက်သို့လှည့်ကာ ချွီမျိုးနွယ်စုမှ ကျင့်ကြံသူများကို စိုက်ကြည့်လိုက်သည်။ ထိုအထဲတွင် အခြေတည်အဆင့် ကျင့်ကြံသူအချို့လည်း ပါဝင်နေသည်။

“မသွားကြသေးဘူးလား.... ဒါမှမဟုတ် ငါကိုယ်တိုင် မောင်းထုတ်ပေးရမလား”

ချွီမျိုးနွယ်စု ကျင့်ကြံသူများမှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ကြရပြီး မသိမသာ နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ သို့သော် ထိုအထဲမှ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကမူ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်ပြီးနောက် ပြန်လည် ရပ်တန့်လိုက်ရင်း အံကိုတင်းတင်း ကြိတ်ကာ ဆိုလိုက်သည်။

“မိတ်ဆွေလော့.... ငါ ချွီမျိုးနွယ်စုရဲ့ နဝရတ်ဝိညာဉ်သခင်ဓားကို ပြန်ပေးဖို့ တောင်းဆိုချင်ပါတယ်"

သူ၏ လေသံမှာ တည်ငြိမ်နေရန် ကြိုးစားနေသော်လည်း လူတိုင်း၏ နားထဲတွင်မူ တောင်းပန်တိုးလျှိုးနေသည့်အလား ထင်မှတ်ရသည်။

လော့ချန် မိမိ၏ လက်ထဲတွင်ရှိသော ဓားကို သဘောကျစွာဖြင့် လှည့်ပတ်ကစားလိုက်၏။ တောက်ပလှသော အပြာရောင် ဓားသွားကြီးက သူ၏ ရှေ့တွင် အရောင်အဝါများ ဖြာထွက်နေခဲ့သည်။

“ဒါဆိုရင် ဒီဓားရဲ့ နာမည်က နဝရတ်ဝိညာဉ်သခင်ဓားပေါ့.... နာမည်ကောင်းပဲ၊ ဓားကောင်းတစ်လက်လည်း ဟုတ်တယ်”

“ဒါပေမဲ့ နှမြောစရာကောင်းတာက.... ရတနာက လူမှားပြီး ရောက်ရှိနေခဲ့တာပဲ၊ မင်းတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်က ဒီဓားကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး”

“အခု ချက်ချင်း ထွက်သွားကြစမ်း.... ငါကိုယ်တိုင် လိုက်မပို့တော့ဘူး”

ထိုစကားကြောင့် ချွီမျိုးနွယ်စုမှ ကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူဖျော့ရာမှနေ၍ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ပြာနှမ်းသွားခဲ့ရတော့၏။ လူတိုင်းသည် ကောင်းကင်ယံထက်မှ တိုက်ပွဲကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပေသည်။ ၎င်းက တစ်ကွက်တည်းဖြင့် အနိုင်အရှုံးကို ဆုံးဖြတ်ရန် သဘောတူထားခဲ့ကြသော်လည်း သူတို့မျိုးနွယ်စုခေါင်းဆောင်က ဉာဏ်ဆင်ရန် ကြိုးစားရင်း တစ်ဖက်လူ၏ စွမ်းအားစုဆောင်းမှုကို နှောင့်ယှက်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဤကဲ့သို့သော လှည့်ကွက်မျိုးကို မသုံးဘဲ အပြင်းထန်ဆုံး တိုက်ကွက်ကိုသာ အပြန်အလှန် ထုတ်သုံးခဲ့ကြမည်ဆိုပါက အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင်အောင် ဤမျှလောက်အထိ အကျည်းတန်စွာ ရှုံးနိမ့်ခဲ့မည် မဟုတ်ချေ။ အကယ်၍ ရေခဲခံတပ်မှ ရွှေအမြုတေစီရင်စုသခင်သာ ကြားဝင်မကူညီခဲ့လျှင် သူ အသက်ပါ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရတနာက လူမှားပြီး ရောက်ရှိနေခဲ့သည်ဟူသော စကားမှာ အမှန်တကယ်ပင် သရော်စာတစ်ခု မဟုတ်ချေ။ သို့သော် မျိုးနွယ်စု၏ အဖိုးတန် ဝိညာဉ်ဓားကြီးက သူစိမ်းတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားခြင်းကိုမူ သူတို့ မည်သို့မျှ လက်မခံနိုင်ကြပေ။ သူတို့ ဆက်လက်၍ စကားဆိုရန် ပြင်လိုက်သော်လည်း လော့ချန်၏ အေးစက်လှသော အကြည့်ကို မြင်လိုက်ရသည့်အခါတွင်မူ အခြေတည်အဆင့် ကျင့်ကြံသူပင်လျှင် မည်သည့် စကားမျှ မဆိုရဲတော့ဘဲ ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့ရတော့သည်။

ချွီမျိုးနွယ်စု ကျင့်ကြံသူများ ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ လော့ချန်သည် ရှန်ရွှေဂိုဏ်းရှိရာဆီသို့ အကြည့်ကို ပို့ဆောင်လိုက်သည်။ သူ ဘာမှမပြောရသေးခင်မှာပင် ရှန်ရွှေဂိုဏ်းမှ အခြေတည်အဆင့်လတ် ကျင့်ကြံသူ နှစ်ဦးမှာ ချက်ချင်းပင် လက်သီးနှစ်ဖက် ဆုပ်၍ ဂါရဝ ပြုလိုက်ကြသည်။

“အကြီးအကဲ တန်ချန်ဇီကို နှုတ်ခွန်းဆက်ပါတယ်၊ ရှုရှန်း ဂါရဝပြုတာကို လက်ခံပေးပါခင်ဗျာ”

တစ်ယောက်က နွေးထွေးသော အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။

“မီးနတ်ဘုရားလော့ရဲ့ နာမည်ဂုဏ်သတင်းက တကယ်ကို အံ့ဩစရာကောင်းလှပါတယ်၊ ကျွန်တော် ရှန်ရွှေဂိုဏ်းရဲ့ ဂိုဏ်းချုပ် လော့ကျန်းနန် ကနေပြီးတော့ ဂါရဝပြုပါတယ်”

လော့ချန်၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်မျှ ကွေးညွတ်သွားခဲ့ရ၏။ ထိုသူများမှာ ကနဦးက မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ကို သူ သိရှိထားသော်လည်း လက်ရှိတွင်မူ တစ်ဖက်လူက ပြုံးရွှင်စွာဖြင့် ဂါရဝပြုနေခဲ့ပြီ ဖြစ်ရာ သူ ဆက်လက်၍ ပြဿနာရှာရန် မသင့်တော်တော့ချေ။ သူ လက်ထဲတွင် ဓားနှစ်လက်ကို ကိုင်ဆောင်ထားသဖြင့် ပြန်လည် ဂါရဝပြုရန် အဆင်မပြေလှရာ နှုတ်ဖြင့်သာ ဆိုလိုက်သည်။

“နောင်ကို အချိန်အားရင်တော့.... ခင်ဗျားတို့ နှစ်ဦးနဲ့အတူ စကားစမြည် ပြောချင်ပါသေးတယ်”

ဤစကား၏ ဆိုလိုရင်းမှာ ယခုအချိန်တွင် စကားပြောနေရန် အချိန်မရှိသေးဟူ၍ ဖြစ်သည်။ ရှန်ရွှေဂိုဏ်းမှ လူနှစ်ဦးကလည်း စိတ်မဆိုးကြဘဲ ပြုံးရွှင်စွာဖြင့်ပင် မိမိတို့၏ တပည့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့ကြတော့သည်။

ထိုအချိန်ကျမှသာ လော့ထျန်းအဖွဲ့၏ တပ်စခန်းတစ်ခုလုံးမှာ လုံးဝ ငြိမ်သက်သွားခဲ့ရတော့သည်။

လော့ချန်က မိမိ၏ ခန္ဓာကိုယ်ပတ်လည်မှ အေးစက်လှသော အငွေ့အသက်များကို ရုပ်သိမ်းလိုက်ပြီး နွေဦးလေပြေအလား နူးညံ့လှသော အပြုံးတစ်ခုကို မျက်နှာထက်တွင် ပြန်လည် ဆင်မြန်းလိုက်ရင်း ဆိုလိုက်သည်။

“အားလုံးပဲ.... ကိုယ့်အခန်းကို​ယ် ပြန်ပြီး အနားယူကြပါတော့”

“ရွှီဟွမ်ကျန်း.... ဒဏ်ရာရထားတဲ့ လူတွေရဲ့ စာရင်းကို သေချာ ပြုစုထားပေးပါဦး၊ ငါ အချိန်ရရင် လာပြီး ကုသပေးမယ်”

စကားဆုံးသည်နှင့် သူ ကျောက်အိမ်ငယ်ထဲသို့ လှမ်းဝင်သွားခဲ့သည်။

အပြင်ဘက်တွင်မူ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများကို ဖိနှိပ်ထားခဲ့သော တင်းမာမှုများအားလုံး ချက်ချင်းပင် အရည်ပျော်ပျက်စီးသွားခဲ့ရချေပြီ။ သူတို့သည် စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ကြတော့ဘဲ စုဝေးလိုက်ကြပြီး စိတ်အားထက်သန်စွာဖြင့် အတင်းတုပ်ကာ ဆွေးနွေးလိုက်ကြတော့၏။ အချို့သော စိတ်လှုပ်ရှားတတ်သူများကမူ မိမိတို့ သူငယ်ချင်းများကို အရက်သောက်ရန်နှင့် အတူတူ အောင်ပွဲခံရန်အတွက်ပင် ဖိတ်ခေါ်လိုက်ကြပေသည်။

ယနေ့တိုက်ပွဲမှာ အမှန်ပင် စိတ်ကျေနပ်စရာ ကောင်းလှပေသည်။ ၎င်းက မကြာသေးမီက လော့ထျန်းအဖွဲ့ကို လွှမ်းမိုးထားခဲ့သော မှောင်မိုက်လှသော တိမ်တိုက်များအားလုံးကို ပြည့်ပြည့်ဝဝ မောင်းထုတ်ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ကျောက်အိမ်ငယ်လေး၏ အတွင်း၌မူ....။

လော့ချန် ဓားတစ်စင်းကို ထုတ်ယူလိုက်သောအခါ ကြည်လင်ပြတ်သားလှသော အသံတစ်သံ ထွက်ပေါ်လာရသည်။

“ချီလုံဓား မရှိတော့ပေမဲ့.... အခု နဝရတ်ဝိညာဉ်သခင်ဓား ရှိလာခဲ့ပြီပဲ၊ လီယင်ကျန်း မင်း ဒီဓားကို သဘောကျရဲ့လား”

All Chapters