အခန်း (၅၁၇-၅၁၈)
Vol. 52 Ch. 517-518
အခန်း (၅၁၇) - တိမ်ပြိုဂိုဏ်းမှ ပါရမီရှင် ဟန်ကျန့်၏ စိတ်ဝင်စားမှု
လော့ချန်နှင့် ချွီကျန့်ပေါင်တို့၏ တစ်ကွက်တည်းသော စိန်ခေါ်ပွဲမှာ အချိန် မကြာမြင့်ခဲ့ပေ။
ခန့်မှန်းခြေအားဖြင့် အသက်ရှူကြိမ် ဆယ်ကြိမ်ကျော်မျှသာ ကြာမြင့်ခဲ့သော်လည်း ထိုတိုက်ပွဲက ချန်ရစ်ခဲ့သော သက်ရောက်မှုမှာမူ လေးဂိုဏ်းမဟာမိတ်အဖွဲ့အတွင်း၌ အလွန်တရာ ကြီးမားကျယ်ပြန့်လှသည်။
၎င်းက တည်ငြိမ်နေသော ရေမျက်နှာပြင်အောက်တွင် ရေစီးကြောင်းများ ပြင်းထန်စွာ လှုပ်ခတ်နေသည့်အလား ထင်မှတ်ရသည်။ လော့ချန်၏ ဤတိုက်ပွဲမှာ ဧရာမ ကျောက်တုံးကြီးတစ်တုံးကို ရေထဲသို့ ပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီး နေရာအနှံ့အပြားရှိ ရေစီးကြောင်းများကို တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားစေခဲ့သည်။
အမှန်စင်စစ် ဤကဲ့သို့ နက်ရှိုင်းလှသော သက်ရောက်မှုရှိသည်ဟု ပြောခြင်းမှာ အနည်းငယ် ချဲ့ကားရာ ရောက်နိုင်သော်လည်း အနည်းဆုံးတော့ ယခုအချိန်တွင် ရွှေသဲကျွန်းမျောပေါ်ရှိ ကျင့်ကြံသူအမြောက်အမြားမှာ ထိုခဏတာ တိုက်ပွဲအကြောင်းကို တစ်တွတ်တွတ် ဆွေးနွေးနေကြပြီ ဖြစ်သည်။
အရှေ့ဘက် အရပ်မျက်နှာရှိ တိမ်ပြိုဂိုဏ်း၏ တပ်စခန်းတွင်မူ အခြေတည်အဆင့်လတ် ရှိသော လူငယ်ကျင့်ကြံသူတစ်ဦးက သူ၏ အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။
“ဒီလူက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ၊ စိတ်အာရုံ နှစ်မျိုးကို တစ်ပြိုင်နက်တည်း ဒီလောက်အထိ ကျွမ်းကျင်စွာ အသုံးချနိုင်ရုံတင်မကဘဲ.... ထုတ်လွှတ်လိုက်တဲ့ မှော်အတတ်ကလည်း အရမ်း ပြင်းထန်လှတယ်"
“ငါတို့ တိမ်ပြိုဂိုဏ်းရဲ့ ရုပ်သေးပညာရပ်တွေကို လေ့လာဖို့အတွက် တကယ်ကို သင့်တော်တဲ့သူပဲ”
သူ၏ ဘေးတွင် ရှိနေကြသော လူကြီးတစ်ဦးနှင့် လူငယ်လေးတစ်ဦးတို့မှာမူ အံ့သြတုန်လှုပ်သော မျက်ဝန်းများဖြင့် အချင်းချင်း ကြည့်ရှုလိုက်ကြ၏။ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူဖြင့် လူငယ်လေးအလား ထင်မှတ်ရသည့် ရှုကျီက စကားဆိုရန် ပြင်လိုက်သော်လည်း ဘေးရှိလူကြီး၏ အကြည့်တစ်ချက်ကြောင့် ပါးစပ်ကို ပြန်ပိတ်လိုက်ရတော့သည်။
လူငယ်ကျင့်ကြံသူက ထိုအခြင်းအရာကို သတိပြုမိသွားကာ ပြုံးလျက် မေးလိုက်သည်။
“အစ်ကိုကြီး ထျန်းရှင်းကျီ.... မင်းတို့တွေ ဒီလူကို သိနေကြတာလား”
အကယ်၍ လော့ချန်သာ ဤနေရာတွင် ရှိနေခဲ့ပါက ထိုလူငယ်ကျင့်ကြံသူ မေးမြန်းနေသော လူကြီးမှာ ယခင်က တာဟဲဈေးမြို့တော်ရှိ နဂါးရတနာမှောင်ခိုဈေးကွက်ကို ဦးစီးခဲ့သည့် အခြေတည်ကျင့်ကြံသူ ထျန်းရှင်းကျီ ဖြစ်နေသည်ကို တွေ့ရှိသွားပေလိမ့်မည်။ သို့သော် ယခင်က ဒေသတစ်ခုကို စိုးမိုးခဲ့သော သူသည် ယခုအခါတွင်မူ ဤလူငယ်ကျင့်ကြံသူ၏ ရှေ့မှောက်တွင် အလွန်တရာ ရိုသေကိုင်းညွတ်စွာ ပြုမူနေခဲ့သည်။
“ညီလေးဟန်ကျန့် ခန့်မှန်းတာ မှန်ပါတယ်၊ ငါ ဒီကောင်လေးကို သိပ်သိတာပေါ့”
“အို”
ဟန်ကျန့် စိတ်ဝင်စားသွားခဲ့သည်။
“ဒါဆိုရင်လည်း အားနေတာနဲ့ အတော်ပဲပေါ့၊ သူ့အကြောင်း နည်းနည်းလောက် ပြောပြပါဦး.... အပျင်းပြေတာပေါ့”
ဟန်ကျန့်ဟူသည် တိမ်ပြိုဂိုဏ်း၏ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သော ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူ ဂိုဏ်းဘိုးဘေး ဟန်ကျန်း၏ မြေးအရင်း ဖြစ်သည်။ ထိုမျှမက တိမ်ပြိုဂိုဏ်းတွင် တရွေ့ရွေ့ ထွက်ပေါ်လာခဲ့သော ကြယ်ပွင့်အသစ်တစ်ပွင့်လည်း ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားလှဘဲ အခြေတည်အဆင့်လတ်မျှသာ ရှိသော်လည်း နာမည်ဂုဏ်သတင်းမှာမူ သူ၏ မျိုးဆက်အတွင်းရှိ ဂိုဏ်းမျိုးဆက်များထက်ပင် သာလွန်လျက် ရှိသည်။ နောင်တစ်ချိန်တွင် လမ်းခုလတ်၌ ပျက်စီးမသွားခဲ့ပါက တိမ်ပြိုဂိုဏ်း၏ အနာဂတ် အရှင်သခင် အစစ်အမှန် ဖြစ်လာလိမ့်မည်ကို လူတိုင်း သိရှိထားကြသည်။
သူ၏ ရှေ့တွင် ထျန်းရှင်းကျီအနေဖြင့် မောက်မာမှုများ မပြုလုပ်ရဲဘဲ ချက်ချင်းပင် လော့ချန်၏ အတိတ်အကြောင်းအရာများကို စတင် ပြောပြလိုက်တော့၏။
“သူ့ရဲ့ ဇာတ်ကြောင်းကတော့.... အလှမ်းဝေးလှတဲ့ တာဟဲဈေးမြို့တော်လေးကနေ စတင်ခဲ့တာပါ....”
သူ စကားပြောနေစဉ်အတွင်းမှာပင် ဘေးမှ ရှုကျီ၏ မျက်နှာအမူအရာကမူ အဆက်မပြတ် ပြောင်းလဲလျက် ရှိနေခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင် ဆေးလုံးစိမ်းချိုင့်ဝှမ်း တပ်စခန်းအတွင်း၌မူ....။
“တန်ချန်ဇီမှာ ဒီလောက်တောင် ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိနေလိမ့်မယ်လို့ ငါတို့ တကယ်ပဲ မထင်ထားခဲ့ဘူး၊ အရင်တုန်းက ငါတို့ မျက်စိမှောက်ခဲ့ကြတာပဲ”
“သူ့ရဲ့ စွမ်းအားနဲ့ဆိုရင်.... ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းမျိုးဆက် ပထမပိုင်းပွဲစဉ်တွေ ဝင်ပြိုင်ရင်တောင်မှ အနည်းဆုံး ပွဲအချို့ကိုတော့ သေချာပေါက် အနိုင်ရနိုင်မှာပဲ”
“တကယ်တော့ မျက်စိမှောက်တယ်လို့လည်း ပြောလို့မရပါဘူး၊ အခုတင်ပဲ သူပြသခဲ့တဲ့ တိုက်ပွဲဝင်စွမ်းရည်တွေနဲ့ နှိုင်းယှဉ်ရင်.... သူ့ရဲ့ ဆေးဖော်စပ်မှု အတတ်ပညာက ပိုပြီးတော့တောင် ကြီးမားနက်ရှိုင်းပါသေးတယ်"
အခြေတည်အဆင့် ကျင့်ကြံသူများစွာမှာ စုဝေးနေကြပြီး ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြတော့သည်။
လေးဂိုဏ်းမဟာမိတ်အဖွဲ့အတွင်းတွင် လော့ချန်အကြောင်း အသိဆုံးအဖွဲ့မှာ မည်သူနည်းဟု မေးပါက အခြားသော ဂိုဏ်းနှစ်ခုမှာ အဝေးကြီးတွင် ပြတ်ကျန်ရစ်ခဲ့ပေလိမ့်မည်။ လော့ထျန်းအဖွဲ့ ခိုလှုံထားသော ရေခဲခံတပ်တွင်ပင်လျှင် လူအများစုမှာ လော့ချန်ကို မသိရှိကြသေးချေ။ သို့သော် ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင်မူ လော့ချန်ဟူသော နာမည်မှာ အမှန်ပင် ကျော်ကြားလှသော နာမည်တစ်ခု ဖြစ်ပေသည်။ လူတိုင်း သိရှိထားကြပြီး မသိသူ မရှိသလောက်ပင်။ ထို့ကြောင့်ပင် ဆေးလုံးစိမ်းချိုင့်ဝှမ်းဘက်တွင် သူ၏ အကြောင်းကို ဆွေးနွေးနေကြသော အရှိန်မှာ အမြင့်မားဆုံး ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။
လူတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြစဉ်မှာပင် ရုတ်တရက် အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးက မျက်မှောင်ကို အနည်းငယ် ကြုတ်ရင်း ဆိုလိုက်သည်။
“ညီအစ်ကိုတို့ မင်းတို့တွေ သတိထားမိလား၊ အခုတင်ပဲ တန်ချန်ဇီ အသုံးပြုခဲ့တဲ့ လက်နက်နဲ့ မှော်အတတ်ကို ပေါင်းစပ်ပြီး တိုက်ခိုက်တဲ့ နည်းလမ်းက.... တစ်နေရာရာမှာ မြင်ဖူးသလိုလို ရှိနေတယ်နော်"
သူ၏ စကားကြောင့် လူတိုင်း ဆွံ့အသွားခဲ့ကြရသည်။ သို့သော် မကြာမီမှာပင် တစ်စုံတစ်ဦးက ချက်ချင်း ရေရွတ်လိုက်တော့သည်။
“ဟာ.... ဒါက ငါတို့ရဲ့ အစ်ကိုကြီး အသုံးချနေကျ လက်နက်နဲ့ မှော်အတတ်ထိန်းချုပ်နည်း မဟုတ်ဘူးလား"
ကျန်ရှိသော သူများမှာလည်း ချက်ချင်းပင် သတိဝင်လာခဲ့ကြတော့သည်။
ထိုမျှလောက် ရင်းနှီးနေခဲ့ရခြင်းမှာ မဆန်းတော့ပေ။ ဂိုဏ်းမျိုးဆက် ပြိုင်ပွဲကြီးအတွင်း ဂိုဏ်းတူအစ်ကိုကြီးနှင့် အစ်မကြီးတို့ နောက်ဆုံး တိုက်ပွဲဝင်ခဲ့ကြစဉ်က တစ်ပုံစံတည်း တူညီသော နည်းလမ်းကို အသုံးပြုခဲ့ကြသည် မဟုတ်ပါလော။
“တန်ချန်ဇီက ဒါကို ဘယ်အချိန်တုန်းက ခိုးသင်လိုက်တာလဲ"
တစ်စုံတစ်ဦးက မကျေမနပ်ဖြင့် မေးမြန်းလိုက်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်းရှိ လူတိုင်းက လော့ချန်အား ကြည်ညိုလေးစားကြသည်တော့ မဟုတ်ချေ။ ထိုအထဲတွင် လော့ချန်သည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပါရမီရှင် ၇ ဦးကို အနိုင်ယူကာ သုံးကြိမ်တိုင်တိုင် ထိပ်ဆုံးနေရာကို ရယူသွားခဲ့ပြီး ဆေးဖော်ပြိုင်ပွဲကြီး၏ ဂုဏ်သတင်းများကို လုယူသွားခဲ့ခြင်းကြောင့် သူ့အပေါ် ရန်ငြိုးဖွဲ့ထားကြသူများစွာ ရှိနေခဲ့သည်။ ယခုအခါ အခွင့်အရေးတစ်ခု ရရှိလာခဲ့ပြီဖြစ်ရာ ထိုမကျေနပ်မှုများက ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် ‘ခိုးယူခြင်း’ ဟူသော တံဆိပ်ကို ရိုက်နှိပ်လိုက်တော့သည်။ သို့သော် သူ ထိုစကားကို ဆိုလိုက်သည့် ခဏမှာပင် ပတ်ဝန်းကျင်ရှိ လေထုက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။
သူ အံ့အားသင့်စွာ ဝေ့ဝိုက်ကြည့်လိုက်ရာ အခြေတည်အဆင့်နှောင်းပိုင်းရှိ ဂိုဏ်းတူအစ်ကိုကြီးနှင့် အစ်မကြီးများမှာ သူ့အား လူအ တစ်ဦးကို ကြည့်သည့်အလား စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရတော့သည်။ ယခင်က သူ၏ စကားကို ထောက်ခံရန် ပြင်ဆင်နေကြသော ကျင့်ကြံသူအချို့မှာလည်း မည်သို့ ဆက်လုပ်ရမည်ကို မသိဘဲ ပါးစပ်ကို ပြန်ပိတ်လိုက်ကြရတော့သည်။ နောက်ဆုံးတွင်မူ အတွေ့အကြုံရင့်ကျက်လှသော ဂိုဏ်းတူအစ်ကိုကြီးတစ်ဦးကသာ ရှင်းပြပေးလိုက်တော့သည်။
“မိတ်ဆွေတန်ချန်ဇီက လွန်ခဲ့တဲ့ သုံးနှစ်က ဂိုဏ်းမျိုးဆက် ပြိုင်ပွဲကြီးမှာ ခိုးသင်ခဲ့တာ မဟုတ်တာကတော့ သေချာပါတယ်”
“အစ်ကိုကြီး ဘာကို ဆိုလိုတာလဲ”
“မင်းက အဲဒီတုန်းက တိုက်ပွဲကို သေချာ မမြင်ခဲ့လို့ ဖြစ်လိမ့်မယ်၊ တန်ချန်ဇီရဲ့ လက်နက်နဲ့ မှော်အတတ် ပေါင်းစပ်ထိန်းချုပ်တဲ့ နည်းလမ်းက တကယ်ကို ကျွမ်းကျင်လွန်းလှပြီး.... အစ်ကိုကြီးထက်တောင် သာလွန်နေသေးတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် ဒါက တစ်ရက်၊ နှစ်ရက်အတွင်း တတ်မြောက်ခဲ့တာ မဟုတ်ဘဲ သူ ဒီနည်းလမ်းကို လေ့လာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဆိုတဲ့ သဘောပဲ”
“ဒါ.... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဂိုဏ်းတူအစ်ကိုကြီးက ပြုံးလိုက်ရင်း
“မဖြစ်နိုင်တာ ဘာမှမရှိပါဘူး၊ အခုတင်ပဲ တန်ချန်ဇီက လက်တစ်ဖက်နဲ့ ဓားကို ထိန်းချုပ်နေရင်း.... နောက်ထပ် လက်တစ်ဖက်နဲ့ ရေဓာတ် မှော်အတတ်ကို လှုံ့ဆော်ခဲ့တာလေ၊ နှစ်ခုစလုံးရဲ့ အရှိန်အဟုန်က သိပ်မြန်ဆန်လှတယ်၊ တကယ်လို့ သူက တစ်မျိုးတည်းကိုပဲ အာရုံစိုက်ပြီး ထုတ်သုံးမယ်ဆိုရင် ပိုပြီးတော့တောင် မြန်ဆန်ဦးမှာပဲ၊ ဒီလိုမျိုး ကျွမ်းကျင်မှုအဆင့်က တကယ်ပဲ အစ်ကိုကြီးထက် တစ်ဆင့် ပိုပြီး မြင့်မားနေခဲ့တယ်”
ထိုဂိုဏ်းတူညီလေး၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ပြည့်နှက်သွားခဲ့ရသည်။ အခြေအနေ အမှန်ကို သိရှိသွားခဲ့လျှင်ပင် သူ လက်ခံရန် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။
“အစ်ကိုကြီးတန်ရန်ဇီက ဆေးဖော်ပြိုင်ပွဲမှာ လော့ချန်ကို မယှဉ်နိုင်တာ ထားလိုက်ပါဦး.... အခု တိုက်ခိုက်ရေးစွမ်းရည်မှာပါ ဘာဖြစ်လို့....”
“လူဆိုတာ အရာအားလုံးမှာ အခြားလူထက် သာလွန်နေဖို့ မလိုပါဘူး၊ ပြီးတော့ ငါတို့အစ်ကိုကြီးရဲ့ စစ်မှန်တဲ့ စွမ်းအားတွေက ဓားသိုင်းနဲ့ ကောင်းကင်ခရမ်းမီးတောက် ပေါ်မှာ ရှိနေသေးတာပဲ၊ တကယ်လို့ ထိပ်တိုက်သာ တွေ့ကြမယ်ဆိုရင်.... တန်ချန်ဇီက အစ်ကိုကြီးကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ပါဘူး”
အတွေ့အကြုံရင့်ကျက်လှသော ဂိုဏ်းတူအစ်ကိုကြီးက ပြုံး၍ ပြောလိုက်သည်။
မကျေမနပ်ဖြစ်နေကြသော ဂိုဏ်းတူညီလေးများမှာလည်း ထိုအခါမှသာ စိတ်ထဲတွင် အနည်းငယ် နေသာထိုင်သာ ရှိသွားခဲ့ကြတော့သည်။ သို့သော် သူတို့ သတိမထားမိသည်မှာမူ အခြေတည်အဆင့်နှောင်းပိုင်းရှိ ကျင့်ကြံသူ အချို့၏ မျက်ဝန်းထဲမှ လေးနက်မှုများ ဖြစ်ပေသည်။ လော့ချန် ပြသခဲ့သော ကျင့်ကြံမှုအဆင့်မှာ ထင်ရှားလှစွာပင် အခြေတည်အဆင့် (၆) ဖြစ်သည်။ သို့သော် သူ ပြသသွားခဲ့သော နည်းလမ်းများမှာမူ သူတို့ကဲ့သို့သော အခြေတည်အဆင့်နှောင်းပိုင်းရှိ ကျင့်ကြံသူများကိုပင်လျှင် အလွန်တရာ အခက်တွေ့သွားစေနိုင်လောက်အောင် ပြင်းထန်လှပေသည်။
‘တစ်ကိုယ်တော် ကျင့်ကြံသူတွေထဲမှာ ဒီလို ပါရမီရှင်မျိုး ရှိနေနိုင်တယ် တဲ့လား’
‘ဆေးဖော်ပညာ ကြီးမားနက်ရှိုင်းတာက ထားလိုက်ပါဦး.... တိုက်ခိုက်ရေးစွမ်းရည်ကပါ ဒီလောက်အထိ ထူးခြားနေတာ တကယ်ကို မယုံနိုင်စရာပဲ’
....
ထိုလူများ၏ ဆွေးနွေးမှုများနှင့် နှိုင်းယှဉ်လျှင် တုံ့ပြန်မှု အကြီးမားဆုံး ဖြစ်နေခဲ့ကြသူများမှာ တွမ်ဖုန်းနှင့် ထန်ထိုက်ကျင်းတို့ နှစ်ဦး ဖြစ်ပေသည်။
သူတို့နှစ်ဦးမှာ ကုန်ပစ္စည်းများကို လွှဲပြောင်းလက်ခံနေကြဆဲဖြစ်ပြီး စာရင်းဇယားများကို တစ်ခုချင်းစီ သေချာစွာ စစ်ဆေးနေကြခြင်း ဖြစ်သည်။ ထိုအထဲတွင် ပါဝင်နေသော ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်အထိ ရှိနေခဲ့သည်။
ဤမျှလောက် ကြီးမားလှသော အရောင်းအဝယ်ကြီးမှာ လော့ထျန်းအဖွဲ့၏ ကိုယ်ပိုင် ထုတ်ကုန်သက်သက်ဖြင့်သာ ပြုလုပ်နိုင်ခြင်းမျိုး မဟုတ်ချေ။ ကုန်ပစ္စည်းအများအပြားမှာ လော့ထျန်းအဖွဲ့က အခြားသော အခြေတည်အဆင့် မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ စုဆောင်းထားခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် မည်သည့် အမှားအယွင်းမျှ ရှိ၍ မရချေ။
တိုက်ပွဲကြီး စတင်၍ ဖြစ်သွားသည့် ခဏမှာပင်....။
ထန်ထိုက်ကျင်း၏ ရေခဲတုံးကဲ့သို့ မျက်နှာအမူအရာက ပထမဆုံးအကြိမ်အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။ အထူးသဖြင့် လော့ချန်နှင့် တိုက်ပွဲဝင်နေသူမှာ ချွီကျန့်ပေါင် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူမ ဆဲရေးတိုင်းထွာလိုက်မိတော့သည်။
“တောက်.... သွားပြီ”
ထို့နောက် သူမ လွှဲပြောင်းရေး ကိစ္စရပ်များကို ရှီလန်ထံ ပျာပျာသလဲ လွှဲပြောင်းပေးလိုက်ပြီးနောက် သူမ၏ ဂိုဏ်းတူမောင်လေးတစ်ဦးကို ဆဋ္ဌမမြောက် တောင်တန်းသို့ စေလွှတ်ကာ ဆရာဖြစ်သူ ကရုဏာမဲ့နတ်သမီးထံသို့ သွားရောက် အကြောင်းကြားခိုင်းလိုက်တော့သည်။ သူမကိုယ်တိုင်ကမူ တောင်းပန်စကား ဆိုလိုက်ရင်း လော့ထျန်းအဖွဲ့၏ တပ်စခန်းရှိရာဆီသို့ ပျာပျာသလဲ ပြန်လည် ပြေးဝင်သွားခဲ့တော့သည်။
တွမ်ဖုန်းနှင့် ကျန်ရှိသော သူများမှာမူ လော့ချန်က လူအများအပြား၏ စိုက်ကြည့်နေမှုအောက်တွင် ချွီကျန့်ပေါင်ကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းအတွက် စိတ်ထဲမှ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သော်လည်း လက်ရှိတွင်မူ မိမိတို့၏ တာဝန်ကိုသာ အာရုံစိုက်၍ စာရင်းများကို သေချာစွာ ဆက်လက် စစ်ဆေးနေကြရတော့သည်။
သို့သော် သူတို့၏ လုပ်ဆောင်မှု အရှိန်အဟုန်မှာမူ သိသိသာသာပင် ပိုမို၍ မြန်ဆန်လာခဲ့ချေပြီ။
....
ကျယ်ဝန်းလှသော ကျောက်အိမ်ငယ်လေး၏ အတွင်း၌....။
လော့ချန် ပတ်ဝန်းကျင်ကို အချိန်အတော်ကြာအောင် စစ်ဆေးကြည့်လိုက်ပြီးနောက် ကျေနပ်သော အမူအရာ ပြသလိုက်မိသည်။
ဤနေရာတွင် အမှန်တကယ်ပင် ဒုတိယအဆင့် အဆင့်နိမ့်ရှိသော ချီစွမ်းအား သိပ်သည်းမှုမျိုး ရှိနေခဲ့သည်။ သူ ယခင်က ထျန်းလန်တောင်ထက်တွင် ငှားရမ်းခဲ့ဖူးသော အမှတ် (၁၇) ဂူဗိမာန် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှသာ ကွာခြားလှပေသည်။ ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက သူ၏ ကျင့်ကြံမှု အရှိန်အဟုန်ကို နောက်ဆွဲသွားလိမ့်မည် မဟုတ်ချေ။
ရုတ်တရက် သူ၏ နားစည်များ လှုပ်ခတ်သွားခဲ့ရသည်။
“ဝင်ခဲ့ပါ”
တံခါးဝသို့ ရောက်ရှိလာခဲ့သော ချီသန့်စင်အဆင့် (၉) ရှိ ကျင့်ကြံသူပုကျွင်းကျယ်က ဆွံ့အသွားခဲ့ရပြီးနောက် ရိုသေစွာဖြင့် လှမ်းဝင်လာခဲ့သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... အကြီးအကဲ ထန်ထိုက်ကျင်းက တွေ့ခွင့်တောင်းနေပါတယ်”
“ငါထင်ထားတာထက်တောင် ပိုပြီး မြန်မြန် ရောက်လာခဲ့တာပဲ"
လော့ချန်၏ နှုတ်ခမ်းဖျားတွင် ဆန်းပြားလှသော လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝင်ခွင့်ပေးလိုက်ပါ"
မကြာမီမှာပင် အေးစက်လှသော မျက်နှာထားနှင့် အမျိုးသမီးတစ်ဦး လှမ်းဝင်လာခဲ့သည်။ လော့ချန် သူမကို အကဲခတ်ကြည့်လိုက်မိသည်။ ဤမျှလောက် ရင်းနှီးနေခဲ့ရသော အေးစက်လှသည့် အငွေ့အသက်များမှာ ကြည့်ရသည်မှာ သဘာဝကျနေသော်လည်း အမှန်စင်စစ် အနည်းငယ် ဟန်ဆောင်ထားခြင်းမျိုး ဖြစ်ပေသည်။ ၎င်းက သူမ၏ ပင်ကိုယ်စရိုက်သက်သက်ကြောင့် မဟုတ်ဘဲ ကရုဏာမဲ့နတ်သမီး၏ နေ့စဉ်ပြုမူပုံများကို အတုယူထားခြင်းမျိုး ဖြစ်ပုံရသည်။ ထန်ထိုက်ကျင်းဟူသော ဤတပည့်မလေးမှာ သိစိတ် သို့မဟုတ် မသိစိတ်ထဲမှနေ၍ သူမ ဆရာကို အတုယူနေခဲ့ခြင်း ဖြစ်ပေသည်။
သူမ လော့ချန်ကို အကဲခတ်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်း ဘာလို့ ဒီရောက်လာတာလဲ”
လော့ချန် ရယ်မောလိုက်မိသည်။
“ကျွန်တော် ဘာဖြစ်လို့ မလာရမှာလဲ၊ ကျွန်တော့်ရဲ့ လော့ထျန်းအဖွဲ့က ကျင့်ကြံသူတွေ အားလုံး သေသွားတဲ့အထိ စောင့်နေပြီးမှ အလောင်းလာကောက်ရမှာလား”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၅၁၈) - လော့ချန်.... မင်း ငါ့ရဲ့ ယင်ယွဲ့အနွယ်ထဲကို ဝင်မလား
လော့ချန် ခပ်ပေါ့ပေါ့ ရယ်မောလျက် ပြောဆိုလိုက်သော်လည်း ထန်ထိုက်ကျင်း၏ နားထဲတွင်မူ အလွန်တရာ ရွဲ့စောင်းလှသည်ဟု ခံစားလိုက်ရသည်။ ၎င်းက သူမတို့ ချန်ချင်အနွယ်ကို ရွဲ့ပြောနေခြင်းလော သို့မဟုတ် သူမကိုပင် လှောင်ပြောင်နေခြင်းလော ဆိုသည်ကို သူမ မကွဲပြားတော့ချေ။ အကယ်၍ ပထမတစ်ခုသာ ဆိုပါက သူမ မည်သို့ ပြန်လည် စကားဆိုရမည်ကို မသိဘဲ ဖြစ်သွားခဲ့ရပေလိမ့်မည်။
ဆရာဖြစ်သူသည် လော့ချန်ထံမှနေ၍ အလွန် ကြီးမားလှသော အကျိုးကျေးဇူးများကို ရရှိခဲ့ဖူးသည်။ ထိုမျှတင်မကသေးဘဲ သူမ ထန်ထိုက်ကျင်းကိုယ်တိုင်ပင်လျှင် ဤစစ်မြေပြင်သို့ ရောက်ရှိနေသည့်တိုင်အောင် ကျင့်ကြံမှု အရှိန်အဟုန်မှာ နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိဘဲ အဆင့်မြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးများ၏ အကူအညီကြောင့် အခြားသော ဂိုဏ်းတူ ကျင့်ကြံသူများထက်ပင် ခြေလှမ်းအနည်းငယ် ပို၍ မြန်ဆန်နေခဲ့သေးသည်။ သို့သော် လော့ထျန်းအဖွဲ့အပေါ် ထားရှိခဲ့သော ချန်ချင်အနွယ်၏ ကတိကဝတ်များမှာမူ အမှန်တကယ်ပင် ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ချေ။ ဘေးကင်းလုံခြုံလှသည်ဟု ထင်ရသော တပ်စခန်း စောင့်ရှောက်ရေး တာဝန်ကပင်လျှင် လော့ထျန်းအဖွဲ့ကို အကြီးအကျယ် ထိခိုက်ပျက်စီးသွားစေခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့်ပင် သူမ သက်ပြင်းချလိုက်ရင်းသာ ဆိုနိုင်တော့သည်။
“မင်း ငါတို့ကို အပြစ်တင်နေဖို့ မလိုပါဘူး"
လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။
ထန်ထိုက်ကျင်းက သူ၏ မျက်နှာထားကို မမြင်သည့်အလား ဆက်လက်၍ ဆိုလိုက်သည်။
“အဲဒီတိုက်ပွဲတုန်းက.... ဓူဝံတောင်တန်းရဲ့ လက်အောက်ခံ အဖွဲ့အစည်း အားလုံး အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ကြတာချည်းပဲ၊ လော့ထျန်းအဖွဲ့အနေနဲ့ လူအင်အား အများစုကို အသက်ရှင်လျက် ဆက်ပြီး ထိန်းသိမ်းထားနိုင်ခဲ့တာကပဲ.... တကယ်ကို ကံကောင်းလွန်းလှပြီလို့ ပြောလို့ရတယ်"
လော့ချန် မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်တော့ပေ။ ဤကဲ့သို့သော ကံကောင်းခြင်းမျိုးကိုမူ သူ နောင်နောင်တွင် ဘယ်သောအခါမျှ ထပ်မံ၍ မကြုံတွေ့ချင်တော့ချေ။
“ထားလိုက်ပါတော့.... အဲဒီကိစ္စက ပြီးသွားခဲ့ပြီမို့လို့ ထပ်ပြောနေလည်း အပိုပဲ၊ ငါ မင်းကို တစ်ခုပဲ မေးချင်တယ်.... မင်း ရောက်ရောက်ချင်း ဘာဖြစ်လို့ ချွီမျိုးနွယ်စုနဲ့ ပြဿနာတက်အောင် လုပ်ရတာလဲ"
“နေပါဦး၊ ဘယ်သူက ပြဿနာစရှာတာလဲ ပြန်စဉ်းစားပါဦး၊ သူတို့က ကျွန်တော့်အိမ်တံခါးဝအထိ လာပြီး အနိုင်ကျင့်နေကြတာလေ၊ ကျွန်တော်က အရိုက်ခံရရင်လည်း ပြန်မချဘဲ၊ အဆဲခံရရင်လည်း ပြန်မပြောဘဲနဲ့ ဒီတပ်စခန်းကို သူတို့လက်ထဲ ရိုရိုသေသေလေး ပေးလိုက်ရမှာလား”
“ငါ ရှိနေသေးလေ၊ ဆရာလည်း ရှိနေသေးတယ်.... အဲ့ကောင် ဘာပြဿနာမှ အကြီးအကျယ် ရှာရဲမှာ မဟုတ်ပါဘူး”
“တကယ်လို့ ပြဿနာအကြီးအကျယ်ရှာမယ်ဆိုရင်ရော.... ခင်ဗျားတို့တွေ ကျွန်တော့်ရဲ့ လော့ထျန်းအဖွဲ့ကို ဘယ်လိုမျိုး ပြန်ပြီး တာဝန်ယူပေးမှာလဲ"
“ငါတို့တွေက လော့ထျန်းအဖွဲ့ကို ဘာမှ ပြန်ပြီး တာဝန်ယူပေးစရာ မလိုဘူး”
ထိုစကားလုံး ထွက်ပေါ်လာခဲ့သည့် ခဏမှာပင် အခန်းတွင်းရှိ လေထုမှာ ခဏချင်းပင် ရေခဲမှတ်အောက်သို့ ကျဆင်းသွားခဲ့ရတော့သည်။
လော့ချန် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိတော့သည်။ ဂိုဏ်းကြီးများက လက်အောက်ခံ အဖွဲ့အစည်းများကို မျက်စိထဲ မထည့်ကြသည်ကို သူ သိရှိထားသော်လည်း ဤမျှလောက်အထိ အရှက်မရှိ ပြောင်ပြောင်တင်းတင်း ပြုမူလာလိမ့်မည်ဟုတော့ မထင်ထားခဲ့မိချေ။
ထန်ထိုက်ကျင်းကိုယ်တိုင်လည်း မိမိ စကားလွန်သွားခဲ့သည်ကို သတိထားမိသွားခဲ့သည်။ သို့သော် ဂိုဏ်းသားတစ်ဦး၏ မာနတရားကြောင့် သူမ တောင်းပန်စကား ဆိုရန် မျက်နှာပူနေခဲ့သဖြင့် စကားလမ်းကြောင်းကိုသာ ချက်ချင်း ပြောင်းလဲလိုက်တော့သည်။
“ချွီမျိုးနွယ်စုက သခင််မယင်ယွဲ့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းပဲ၊ အခု မင်းက သူ့ကို သေလုနီးပါး လုပ်လိုက်တာက.... သူတို့အတွက် အပြစ်ရှာဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပြီ"
“သူတို့ကို အခွင့်အရေး ပေးလိုက်တော့ကော သူတို့ ဘာလုပ်နိုင်မှာလဲ၊ လာသတ်မှာလား" လော့ချန် အေးစက်စွာ လှောင်ပြောင်လိုက်သည်။
ထန်ထိုက်ကျင်းက ခေါင်းခါလိုက်ရင်း
“အဲလောက်အထိတော့ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ စစ်မြေပြင်ရဲ့ အစီအစဉ် အများစုကို သခင််မယင်ယွဲ့ကပဲ ဦးစီးနေတာလေ.... တကယ်လို့ သူမ တမင်သက်သက်...."
သူမ စကားမဆုံးခင်မှာပင် လော့ချန် သူမ၏ စကားကို ပြတ်သားစွာ ဖြတ်ပြောလိုက်တော့သည်။
“တပ်စခန်းလုပွဲက သခင််မယင်ယွဲ့ကိုယ်တိုင် မသိမသာ ခွင့်ပြုပေးထားခဲ့တာပဲ၊ ကျွန်တော်တို့အချင်းချင်းပဲ ဆွေးနွေးပြီး ဖြေရှင်းဖို့ ခွင့်ပြုထားခဲ့တာ"
“ကျွန်တော် အနိုင်ရခဲ့တယ်၊ ဒါတင်မကသေးဘဲ လူအများကြီးရဲ့ ရှေ့မှာ တရားမျှတစွာနဲ့ အနိုင်ရခဲ့တာ၊ တကယ်လို့ ဒီလောက် ဖြစ်နေတာကိုမှ သူမက တမင်သက်သက် ကလဲ့စားချေဖို့ ကြိုးစားမယ်ဆိုရင်.... ရေခဲခံတပ်ရဲ့ ကျင့်ကြံသူတွေနဲ့ ကျန်တဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက သူမအပေါ် ဆက်ပြီး ကြည်ညိုလေးစားကြဦးမယ်တဲ့လား”
ထန်ထိုက်ကျင်းတစ်ယောက် ထပ်မံ၍ ဆွံ့အသွားခဲ့ရပြန်သည်။ လာသည့် လမ်းခုလတ်တွင် သူမ ယခုလေးတင် ဖြစ်ပွားခဲ့သော ကိစ္စရပ် အားလုံးကို အစအဆုံး သေချာစွာ စုံစမ်းလာခဲ့ပြီး ဖြစ်ပေသည်။ ယခု ပြန်လည် စဉ်းစားကြည့်လိုက်သည့်အခါ လော့ချန်၏ လုပ်ဆောင်ချက်တိုင်းမှာ အမှန်တကယ်ပင် မည်သည့် အပြစ်အနာအဆာမျှ ရှာမရလောက်အောင်အထိ စနစ်ကျလွန်းလှသည်။
သို့သော်လည်း သခင််မယင်ယွဲ့ ဘက်ကမူ....။
သူမ အတွေးနက်နေစဉ်မှာပင် တံခါးအပြင်ဘက်မှနေ၍ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့တော့သည်။
“လော့ထျန်းအဖွဲ့ အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန်.... သခင််မယင်ယွဲ့က မင်းကို ဆင့်ခေါ်လိုက်ပြီ၊ အခု ချက်ချင်း လာပြီး ဂါရဝပြုပါ”
“ငါ အခု လာခဲ့မယ်”
လော့ချန် ပြန်လည် ထူးလိုက်ပြီးနောက် ဆွံ့အလျက် ရှိနေသော ထန်ထိုက်ကျင်းကို တစ်ချက်ကြည့်ကာ ဝတ်ရုံကို ခါယမ်းလျက် လှမ်းထွက်သွားခဲ့တော့သည်။
သူ ထွက်ခွာသွားပြီးနောက်တွင်မှ ထန်ထိုက်ကျင်းတစ်ယောက် တစ်စုံတစ်ခုကို သတိထားမိသွားခဲ့ပြီး မျက်နှာတစ်ခုလုံး အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရတော့သည်။
သူမ ကျောက်အိမ်ထဲမှ ပြေးထွက်လာခဲ့သည့်အခါ လော့ချန်သည် ရေခဲခံတပ်မှ ကျင့်ကြံသူတစ်ဦး၏ လမ်းပြမှုနှင့်အတူ ဂိုဏ်းသားများ တပ်စွဲထားရာ ဧရာမ ရေခဲနန်းတော်ကြီးဆီသို့ ပျံသန်းသွားခဲ့ပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦး၏ လမ်းခုလတ်တွင် မည်သည့် တင်းမာမှုများမှ ရှိမနေခဲ့ချေ။ သို့သော် ဤကဲ့သို့သော အခြေအနေမျိုးကပင်လျှင် ထန်ထိုက်ကျင်း၏ နှလုံးသားကို တရွေ့ရွေ့ လေးလံသွားစေခဲ့တော့သည်။
“ဆရာ.... ဘာဖြစ်လို့ ဒီလိုအချိန်မျိုးကျမှ တိုက်တိုက်ဆိုင်ဆိုင် ရှိမနေရတာလဲရှင်”
....
ကျယ်ဝန်းလှသော ရေခဲနန်းတော်ကြီး အတွင်း၌မူ....။
နူးညံ့သိမ်မွေ့လှသော အမျိုးသမီး အသံတစ်သံက တရွေ့ရွေ့ ပဲ့တင်ထပ်နေခဲ့သည်။
“တစ်ကိုယ်တော် ကျင့်ကြံသူ လော့ချန်လား....”
“မှန်ပါတယ်.... ကျွန်တော် ပါပဲ"
“အောက်ခြေလူတန်းစားကနေပြီးတော့ လော့ထျန်းအဖွဲ့ကို တည်ထောင်နိုင်ခဲ့တယ်၊ အခြေတည်အဆင့်ကိုလည်း အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး တစ်ကိုယ်တည်းနဲ့ ဘွဲ့နာမတော် နှစ်ခုကိုတောင် ပိုင်ဆိုင်ထားနိုင်ခဲ့တယ် တဲ့လား၊ ကျောက်စိမ်းအိုးကျင့်ကြံခြင်းလောကရဲ့ နှစ်ပေါင်းသုံးရာအတွင်းမှာ.... မင်းက တကယ့်ကို ပါရမီထူးချွန်ပြီး အနှိုင်းမဲ့လှတဲ့ ပါရမီရှင်တစ်ဦးလို့ ပြောလို့ရတာပေါ့၊ ငါတို့ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ရဲ့ ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်ရင်တောင်မှ ဘာမှ လျော့တွက်လို့မရဘူးပဲ"
“အကြီးအကဲ ချီးမွမ်းလွန်းရာ ကျနေပါပြီ၊ ကျွန်တော် ဒီလို ချီးမွမ်းမှုကို မခံယူဝံ့ပါဘူး"
“ဒီလောက်အထိ နှိမ့်ချနေတာက.... အခုတင်ပဲ မင်းပြသခဲ့တဲ့ မောက်မာတဲ့စရိုက်၊ စွမ်းဆောင်ရည်တွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသလိုပဲနော်၊ ခေါင်းကို မော့လိုက်စမ်းပါ"
ပြင်းထန်လှသော အအေးဓာတ်များ ဖုံးလွှမ်းနေသည့် ရေခဲနန်းတော်ကြီး အတွင်း၌ လော့ချန် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရင်း အထက်တွင် ထိုင်နေသော အမျိုးသမီးကို စိုက်ကြည့်လိုက်မိသည်။
အဖြူရောင် ဝတ်စုံများကိုသာ ဝတ်ဆင်လေ့ရှိကြသော အခြားသော ရေခဲခံတပ် ကျင့်ကြံသူများနှင့် မတူဘဲ ဤ သခင််မယင်ယွဲ့မှာမူ အလွန်တရာ လှပဆန်းပြားလှသော နန်းတွင်းဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး ၎င်းတွင် ဆန်းပြားလှသော ပန်းပွင့်ပုံစံများကို ပန်းထိုးထားကာ အဖိုးတန် ကျောက်မျက်ရတနာများကိုလည်း ဆင်မြန်းထားသေးသည်။ သူမ၏ အလှအပက လုံးဝ ညို့ယူနိုင်စွမ်းရှိလှပြီး သာမန်အချိန်တွင် တိမ်တိုက်များကြား၌ မသိမသာ ပုန်းကွယ်နေသော လမင်းတစ်စင်းအလား ထင်မှတ်ရသည်။ သူမ၏ မျက်နှာပြင်ထက်တွင် ရှက်သွေးဖြာရိပ်များ ရှိနေသော်လည်း တစ်ပြိုင်နက်တည်းမှာပင် လမင်း၏ တောက်ပလှသော အလင်းရောင်ကိုလည်း အချိန်မရွေး ထုတ်ဖော်ပြသနိုင်စွမ်း ရှိနေခဲ့သည်။
“ချောလိုက်တာ”
ဤစကားမှာ လော့ချန်ထံမှ မဟုတ်ဘဲ သခင််မယင်ယွဲ့က သူ့အား အကဲခတ်ရင်း ရေရွတ်လိုက်ခြင်း ဖြစ်ပေသည်။
သူမ ခပ်ဖွဖွ ရယ်မောလိုက်သော်လည်း နောက်ဆက်တွဲ ထွက်ပေါ်လာသော စကားလုံးများကမူ အခြားသော အခြေတည်အဆင့် ကျင့်ကြံသူများကို တုန်လှုပ်သွားစေနိုင်လောက်အောင် ပြင်းထန်လှသည်။
“ချွီမျိုးနွယ်စုက ငါ့ရဲ့ လက်အောက်ခံအဖွဲ့အစည်း ဖြစ်တာကို မင်း မသိဘူးလား"
ထိုစကားလုံးများအတွင်း၌ ပြင်းထန်လှသော သတိပေးချက်များ ပါဝင်နေခဲ့သည်။ လော့ချန်သည် ထိုမပြောဘဲ ချန်ထားခဲ့သော ဆိုလိုရင်းကို ချက်ချင်း သိလိုက်ရသည်။ ခွေးကို ရိုက်နှက်တော့မည်ဆိုလျှင် ထိုခွေး၏ အရှင်သခင် မည်သူဖြစ်ကြောင်းကို အရင်ဆုံး စုံးစမ်းသင့်သည် မဟုတ်ပါလော။
လော့ချန်၏ မျက်နှာထားမှာ တည်ငြိမ်လျက် ရှိနေဆဲဖြစ်ပြီး မည်သည့် လှုပ်ခတ်မှုမျှ ရှိမနေခဲ့ချေ။
သူ တည်ငြိမ်စွာဖြင့်သာ ဆိုလိုက်သည်။
“ချွီကျန့်ပေါင်က တိုက်ပွဲမစခင်ကတည်းက ပြောခဲ့ပါတယ်၊ အကြီးအကဲအနေနဲ့ ကျွန်တော်တို့ရဲ့ ပြဿနာကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ အချင်းချင်းပဲ ဆွေးနွေးဖြေရှင်းခွင့် ပေးထားတယ် လို့ပေါ့.... ကျွန်တော်က အကြီးအကဲရဲ့ အလိုဆန္ဒအတိုင်းပဲ လုပ်ဆောင်ခဲ့တာပါ"
“ငါက မင်းတို့ကို ဆွေးနွေးခိုင်းတာလေ.... သေအောင်အထိ တိုက်ခိုင်းတာ မဟုတ်ဘူး”
သခင််မယင်ယွဲ့၏ လေသံက အနည်းငယ် ကလေးဆန်လှသည်။
လော့ချန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။ သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့ရိပ်များ ပြည့်နှက်သွားခဲ့ရသည်။
သခင််မယင်ယွဲ့က ပါးစပ်ကို ပိတ်၍ ခပ်ဖွဖွ ရယ်မောလိုက်ပြန်သည်။
“မင်းကြည့်ရတာ တကယ့်ကို ကြောက်သွားပုံပဲ၊ အသုံးမကျတဲ့ ခွေးအိုကြီးတစ်ကောင်ပဲလေ.... အိမ်စောင့်ဖို့လောက်ပဲ အသုံးဝင်တာမျိုးပါ၊ မင်းက သူ့ကို နည်းနည်းလောက် ဆုံးမပေးလိုက်တာလည်း ကောင်းပါတယ်.... ငါ့ရဲ့ ဩဇာအာဏာကို အလွဲသုံးစားလုပ်ပြီး နေရာအနှံ့ လျှောက်ဟောင်နေတာမျိုး မဖြစ်တော့ဘူးပေါ့”
လော့ချန်၏ မျက်နှာထားမှာ ထိုအခါမှသာ အနည်းငယ် ပြန်လည် ပြေလျော့သွားခဲ့ရသည်။
သူ ကျေးဇူးတင်သော လေသံဖြင့် ဆိုလိုက်သည်။
“လော့ချန်အနေနဲ့ အကြီးအကဲရဲ့ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ရှိပါတယ်”
သခင််မယင်ယွဲ့က ခေါင်းခါလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။ “ကြားမိသလောက်ဆိုရင်.... မင်းက ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေကို အဆင့်မြင့်အထိ ဖော်စပ်နိုင်တယ် ဆိုတာ ဟုတ်လား”
၎င်းက မေးခွန်းပုံစံမျိုး ဖြစ်သော်လည်း သူမ၏ လေသံမှာမူ သေချာရေရာမှုများ ပြည့်နှက်နေခဲ့သည်။
လော့ချန် သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
“ကရုဏာမဲ့နတ်သမီးက အကြီးအကဲကို အဲဒီအကြောင်း မပြောပြဖူးဘူးလား"
“ငါ့ရဲ့ အဲ့ဂိုဏ်းတူအစ်မကတော့လေ.... ကောင်းတဲ့ အရာတွေရှိရင် အမြဲသူတစ်ယောက်တည်း သိမ်းထားတတ်တာ"
သခင််မယင်ယွဲ့က ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“အထူးသဖြင့် ယောက်ျားတွေပေါ့.... ဟုတ်တယ်၊ မင်းလိုမျိုး ဆေးဖော်စပ်တတ်တဲ့ ယောက်ျားကောင်းမျိုးကိုဆို ပိုပြီးတော့တောင် သိမ်းထားချင်တာပေါ့”
လော့ချန်၏ မျက်နှာထက်တွင် ရှက်သွေးဖြာရိပ်များ ထွက်ပေါ်လာခဲ့သည်။
သူ အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ဆိုလိုက်သည်။
“အကြီးအကဲက ချီးမွမ်းလွန်းနေပါပြီ.... ကျွန်တော့်ရဲ့ သာမန် ဆေးဖော်စပ်မှု အတတ်ပညာက ပြောပလောက်စရာ မရှိပါဘူး"
“ဒါက ချီးမွမ်းလွန်းတာ မဟုတ်ပါဘူး”
သခင််မယင်ယွဲ့က ခေါင်းခါလိုက်ရင်း သာယာလှသော လေသံဖြင့် ဆိုလိုက်သည်။
“မင်းရဲ့ အတတ်ပညာက ရွှေအမြုတေ ဂိုဏ်းကြီးတစ်ခုလုံးကို တိုးတက်စည်ပင်အောင် လုပ်ပေးနိုင်တယ်”
“လော့ချန်.... မင်း ငါ့ရဲ့ ယင်ယွဲ့အနွယ်ထဲကို ဝင်မလား”
လော့ချန် တုံ့ဆိုင်းသွားခဲ့ရသည်။ ထိုတုံ့ဆိုင်းမှုက ဆန့်ကျင်ဘက်မှ အမျိုးသမီး၏ မျက်ဝန်းထဲသို့ ရောက်ရှိသွားခဲ့သည့်အခါ သူမ၏ စိတ်ဝင်စားမှုကို ပိုမို၍ ကြီးမားသွားစေခဲ့တော့သည်။
“မင်းကို သိအောင် ပြောပြရမယ်ဆိုရင်.... ချန်ချင်အနွယ်က လွန်ခဲ့တဲ့ အချိန်ကတည်းက ဆုတ်ယုတ်ပျက်စီးနေခဲ့ပြီ၊ ငါ့ရဲ့ ယင်ယွဲ့အနွယ်မှာတော့ ငါ့အပြင် နောက်ထပ် ရွှေအမြုတေအစောပိုင်းအဆင့် ရှိတဲ့ ဂိုဏ်းတူ မောင်လေးတစ်ယောက်လည်း ရှိသေးတယ်၊ ဒါတင်မကသေးဘူး.... ဂိုဏ်းချုပ်အစ်မကိုယ်တိုင်ကလည်း ငါ့ဘက်မှာ ရှိနေတာလေ”
“တကယ်လို့ မင်းသာ ငါတို့အုပ်စုထဲကို ဝင်လာမယ်ဆိုရင်.... ငါတို့ ခုနစ်ဂိုဏ်းအတွင်းမှာ ဂိုဏ်းမျိုးဆက်အောက်က ရာထူးအကြီးဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်လာစေရမယ်၊ ဘယ်လိုမျိုး အရင်းအမြစ်ပဲဖြစ်ဖြစ် မင်းကို ဘယ်တော့မှ လျော့ပေးထားမှာ မဟုတ်ဘူး”
“ဒါတင်မကသေးဘူး.... ငါ့ရဲ့ အကြီးဆုံး တပည့်မလေးနဲ့ပါ လက်ထပ်ပေးပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို အတူတူ သွားခွင့်ပေးမယ်”
“ဟုတ်သားပဲ.... ရွှေအမြုတေအဆင့် တက်လှမ်းဖို့အတွက်တောင်မှ ငါကိုယ်တိုင် ဂိုဏ်းချုပ်အစ်မဆီမှာ သွားပြီး တောင်းဆိုပေးမယ်၊ သူမကို မင်းအတွက် အလုံးစုံ ကူညီပေးခိုင်းမယ်”
ဤကဲ့သို့သော အခွင့်အရေးများကို ကြားလိုက်ရသည့်အခါ လော့ချန်၏ မျက်ဝန်းထဲတွင် ကြီးမားလှသော တောင့်တရိပ်များ ထွက်ပေါ်လာခဲ့တော့သည်။
သူ တံတွေးတစ်ချက် မျိုချလိုက်မိရင်း ခြောက်ကပ်လှသော လေသံဖြင့် ဆိုလိုက်သည်။
“အကြီးအကဲ.... ဒါက နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်နော်"
“မသင့်တော်စရာ ဘာရှိလို့လဲ"
“ကရုဏာမဲ့နတ်သမီးက ကျွန်တော့်အပေါ် သိပ်ကောင်းမွန်ခဲ့တာပါ၊ လမ်းခုလတ်မှာလည်း ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ဖူးတယ်၊ တကယ်လို့ ကျွန်တော်သာ အခုလိုမျိုး ဘက်ပြောင်းလိုက်မယ်ဆိုရင်....”
“ဟယ်.... အားလုံးက တစ်ဂိုဏ်းတည်းသားတွေပဲဥစ္စာ၊ ဘက်ပြောင်းတယ်ဆိုတာ ဘယ်မှာ ရှိမှာလဲ”
‘အားလုံးက တစ်ဂိုဏ်းတည်းသားတွေပဲဥစ္စာ’
ထိုစကား ထွက်ပေါ်လာခဲ့သည့် ခဏတွင် လော့ချန်၏ မျက်ဝန်းထဲမှ တုန်လှုပ်ရိပ်များက ပိုမို၍ ပြင်းထန်လာခဲ့သည်။
သခင််မယင်ယွဲ့သည်လည်း စိတ်မလောဘဲ တစ်ဖက်လူအနေဖြင့် သေချာပေါက် သဘောတူလိမ့်မည်ကို စိတ်ထဲမှ အပိုင်တွက်ထားခဲ့သည်။ ကနဦးတွင် အပြစ်ရှာ၍ ဖိအားပေးခဲ့သည်။ ထို့နောက် ဆန်းပြားလှသော ညို့ယူမှု အတတ်ပညာကို အသုံးပြု၍ စိတ်ဓာတ်ကို လှုပ်ခတ်စေခဲ့သည်။ နောက်ဆုံးတွင်မူ ကြီးမားလှသော အကျိုးကျေးဇူးများကို အသုံးပြု၍ တစ်ဖက်လူ၏ နာမည်ဂုဏ်သတင်း ထိခိုက်မှုအပေါ် စိုးရိမ်ပူပန်မှုများကိုပါ ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော နည်းလမ်းမျိုးစုံအောက်တွင် မည်သည့် အခြေတည်အဆင့် ကျင့်ကြံသူမျှ သူမကို ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။
‘ငါ သခင််မယင်ယွဲ့ ပေးထားတဲ့ အခွင့်အရေးတွေက.... ကရုဏာမဲ့နတ်သမီးလိုမျိုး တွန့်တိုလွန်းတာမျိုး မဟုတ်ဘူး၊ လော့ချန်တစ်ယောက် ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး’
သူမ စိတ်ထဲမှ မျှော်လင့်နေစဉ်မှာပင် လော့ချန်၏ အသံထွက်ပေါ်လာသည်။ သူ၏ မျက်နှာထက်၌ ရုန်းကန်နေရပုံ ပေါ်သော်လည်း သူ၏ စကားလုံးများကမူ ပြတ်သားလွန်းလှသည်။
“အကြီးအကဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင် မဆုံးဖြတ်ရဲပါဘူး.... ကရုဏာမဲ့နတ်သမီးဆီမှာ အရင်ဆုံး ခွင့်ပြုချက် တောင်းခံပြီးမှပဲ ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်"
“ဟင်...."
ယင်ယွဲ့ ဆွံ့အသွားခဲ့ရသည်။ သူမ မိမိ နားကြားမှားသွားခဲ့သည်ဟုပင် ထင်မှတ်လိုက်မိတော့သည်။
“မင်းက.... အခု...."
သူမ ထပ်မံ၍ စကားဆိုရန် ပြင်လိုက်သည့် ခဏမှာပင် နန်းတော်တံခါးကြီးက ဝုန်းကနဲ ပွင့်ထွက်သွားခဲ့ပြီး ပြင်းထန်လှသော လေလှိုင်းကြီးတစ်ခုက ရွှေသဲများနှင့်အတူ အလုံးအရင်းဖြင့် ပြေးဝင်လာခဲ့တော့သည်။
သခင််မယင်ယွဲ့၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး လက်ဝါးတစ်ချက် ချက်ချင်း ရိုက်ထုတ်လိုက်ရတော့သည်။
ရွှေသဲများမှာ ခဏချင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။
ရေခဲနန်းတော်ကြီး၏ တံခါးဝတွင်မူ အထက်တန်းဆန်လှသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးတစ်ဦး၏ အရိပ်အယောင် ထွက်ပေါ်လာခဲ့ချေပြီ။ ကမ္ဘာလောကကြီးတစ်ခုလုံး၏ သံယောဇဉ် အားလုံးကို ဖြတ်တောက်ထားသည့်အလား အေးစက်လှသော မျက်ဝန်းအစုံက ယင်ယွဲ့အား ပြင်းထန်စွာ စိုက်ကြည့်လာခဲ့တော့သည်။
“ဂိုဏ်းတူညီမ.... နင် စည်းကျော်နေပြီ”