← Chapters

အခန်း (၅၁၉-၅၂၀)

Vol. 52 Ch. 519-520

အခန်း (၅၁၉-၅၂၀)

Vol. 52 Ch. 519-520

အခန်း (၅၁၉) - လီယင်ကျန်း၏ ခန္ဓာကိုယ်တွင်းမှ မီးသားရဲချီကို အောင်မြင်စွာ ဖယ်ရှားခြင်း

“ဂိုဏ်းတူအစ်မ.... ဂိုဏ်းက သူ့ကို အလိုရှိနေတာ၊ နင်တစ်ယောက်တည်း သူ့ကို အပိုင်းသိမ်းထားလို့ မရဘူး....”

အေးစက်စက်နှင့် တုန်လှုပ်ချောက်ချားဖွယ် စကားသံက နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။

သို့သော်လည်း လော့ချန်မှာမူ အရိုးထိအောင် အေးစိမ့်လှသည့် ထိုနန်းတော်ထဲမှ ထွက်ခွာလာခဲ့ပြီး ဖြစ်သည်။

အထက်ကောင်းကင်ယံမှ ဖြာကျလာသော နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ ကျရောက်နေသည်။ သူရှေ့တွင် အမျိုးသမီးတစ်ဦးသည် ဓားသွားတစ်လက်ကဲ့သို့ မတ်မတ်ရပ်နေပြီး နေရောင်ခြည်အောက်တွင် ထင်ရှားလှပနေခဲ့၏။

တစ်ခဏအတွင်းမှာပင် လော့ချန်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့ရတော့သည်။ ထိုအမျိုးသမီးက ကိုယ်ကိုဆတ်ခနဲ လှည့်၍ သူ့ဘက်သို့ မျက်နှာမူလိုက်ရာ သူမ၏ အကြည့်များက စူးရှထက်မြက်လျက် အေးစက်လွန်းလှပေသည်။

“မင်း တော်တော်လေး သတ္တိကောင်းတာပဲ....”

သူမ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

လော့ချန်ကမူ နှုတ်ခမ်းကို အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်ရုံမျှသာ ပြုလုပ်လိုက်ပြီး မည်သည့်စကားကိုမျှ ပြန်လည်ပြောဆိုခြင်း မရှိခဲ့ချေ။

“အခုလိုကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်တာကို ငါ လုံးဝ မမြင်ချင်ဘူး....”

သူမ အေးစက်စွာ သတိပေးလိုက်ပြန်သည်။

“ကျွန်တော်လည်း နောက်ထပ် မဖြစ်စေချင်ပါဘူး....”

လော့ချန်က တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်၏။

“ဟွန့်....”

ကရုဏာမဲ့နတ်သမီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သူမ၏ ဝတ်ရုံစကို ခါယမ်းကာ လှည့်ထွက်သွားခဲ့တော့သည်။

လော့ချန်ကမူ အဆုံးမရှိကျယ်ပြောလှသော သဲကန္တာရကြီး၏ အထက်တွင် မြင့်မားစွာ တောက်ပနေသည့် နေမင်းကြီး၏ အောက်၌ပင် ဆက်လက်၍ မတ်တတ်ရပ်ကာ ကျန်ရစ်ခဲ့၏။ ပူပြင်းလှသော အပူရှိန်က သူ့အပေါ် ဖိနှိပ်နေခဲ့သော်လည်း ထူးဆန်းစွာပင် ၎င်းက ရင်ထဲ၌ သက်တောင့်သက်သာ ရှိလှပေသည်။ ထိုအပူရှိန်သည် အားကောင်းလှသော အမျိုးသမီးကြီးနှစ်ဦး၏ ဖိအားများကြောင့် သူ၏ ကိုယ်ပေါ်တွင် ကပ်ငြိကျန်ရစ်နေခဲ့သော အေးစက်လှသည့် တင်းမာမှုများကို အကုန်အစင် လောင်ကျွမ်းဖယ်ရှားပေးလိုက်သကဲ့သို့ ရှိတော့၏။

တဖြည်းဖြည်းနှင့် သူ၏ နှုတ်ခမ်းတွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ရေခဲနန်းတော်အတွင်း၌ သူ့အား ခြောက်လှန့်နေခဲ့သော မရေရာမှုများနှင့် တင်းမာမှုများအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ၎င်းတို့၏ နေရာတွင်မူ တည်ငြိမ်အေးဆေးမှုများသာ အစားထိုး ဝင်ရောက်လာခဲ့တော့၏။ သူသည် ရင်ထဲ၌ ကျန်ရှိနေသေးသော စိုးရိမ်ပူပန်မှု အကြွင်းအကျန်အားလုံးကို သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ရင်း ဖယ်ရှားလိုက်တော့သည်။

‘ပထမဆုံး ခြေလှမ်းက အန္တရာယ်များခဲ့ပေမဲ့.... အောင်အောင်မြင်မြင် လှမ်းနိုင်ခဲ့ပြီပဲ၊ ပြီးတော့ ခိုင်မာပြီး တိကျတဲ့ ရလဒ်ကိုလည်း ရရှိခဲ့ပြီ....’

ထို့နောက်တွင်မူ သူ ရှေ့သို့ ဆက်လက်၍ အားယူလှမ်းလိုက်ရင်း လော့ထျန်းအဖွဲ့၏ စခန်းချရာ နယ်မြေဆီသို့ လှည့်ပြန်လာခဲ့တော့သည်။ လမ်းခရီးတစ်လျှောက်တွင် သူသည် စိမ်းသက်လှသော ကျင့်ကြံသူ အများအပြားကို တွေ့ခဲ့ရသည်။ ထိုသူများထဲတွင် အချို့က ချီသန့်စင်အဆင့်တွင် ရှိနေကြပြီး အချို့ကမူ အခြေတည်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ပေသည်။ အချို့က လက်အောက်ခံ အင်အားစုများမှ ဖြစ်ကြပြီး အချို့မှာမူ ရေခဲခံတပ်၏ ဂိုဏ်းသား သို့မဟုတ် တပည့်ရင်းများ ဖြစ်ကြ၏။

သို့သော် ထိုသူအားလုံးက သူ့အား မှတ်မိနေကြသည်။ အချို့က အေးစက်စွာ ကြည့်ရှုနေကြပြီး အချို့က နွေးထွေးစွာ နှုတ်ဆက်ကြကာ အချို့ကမူ သူနှင့် မိတ်ဆွေဖြစ်ရန်အတွက် တက်ကြွစွာ ကြိုးပမ်းနေကြပေသည်။ ၎င်းက လော့ချန်အနေဖြင့် ဤနေရာ၌ သူ၏ ဂုဏ်သတင်းကို နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေတော့၏။ ထိုအရာအားလုံးသည် သူ ပြတ်ပြတ်သားသား လှမ်းလိုက်သော ပထမဆုံး ခြေလှမ်း၏ နောက်ဆက်တွဲ ရလဒ်များ ဖြစ်ပေသည်။

သူ၏ ပုံစံက အလွန် တည်ငြိမ်နေခဲ့၏။ မိုးကြိုးတောင်ကြား စစ်မြေပြင်သို့ မရောက်မီကပင်၊ ရွှေသဲကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် အကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းကို အမြဲ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ အခြားသူများ၏ အမြင်တွင်မူ သူ သို့မဟုတ် လော့ထျန်းအဖွဲ့သည် မည်သည့် ဘေးဒုက္ခနှင့်မျှ ရင်ဆိုင်နေရခြင်း မရှိဟု ထင်မှတ်ရနိုင်သော်လည်း စင်စစ်အားဖြင့်မူ အစကတည်းက သူတို့အပေါ်၌ ကြီးမားလှသော အကျပ်အတည်းတစ်ခုက အရိပ်မည်းကြီးကဲ့သို့ လွှမ်းမိုးထားခဲ့ခြင်း ဖြစ်၏။

ထိုအရာမှာ အလေးထားမှုပင် ဖြစ်သည်။

ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ မာနတရားကြောင့်ပင် ဖြစ်စေ၊ အသားကျနေခဲ့သော အခြေအနေများကြောင့်ပင် ဖြစ်စေ ချန်ချင်အနွယ်သည် လော့ချန် သို့မဟုတ် လော့ထျန်းအဖွဲ့အား ထိုက်တန်သလောက် အလေးထားခြင်း လုံးဝ မရှိခဲ့ချေ။

သူ ဆေးလုံးစိမ်းချိုင့်ဝှမ်း၌ ထင်ရှားကျော်ကြားလာခဲ့သည့်တိုင်အောင် သို့မဟုတ် ဂိုဏ်းအသီးသီးမှ ရွှေအမြုတေစီရင်စုသခင်များ တက်ကြွစွာ စည်းရုံးသိမ်းသွင်းခဲ့ကြသည့်တိုင်အောင် ကရုဏာမဲ့နတ်သမီးကမူ မျှော်စင်ထက်မှနေ၍ တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည့်အလား မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ အေးစက်နေခဲ့ခြင်း ဖြစ်ပေသည်။ အကြောင်းပြချက်ကမူ ရှင်းလင်းလှ၏။ ထိုစဉ်က သူမသည် ရေခဲခံတပ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုထားခဲ့ခြင်း ဖြစ်ပြီး မည်သည့် မဟာမိတ်ဂိုဏ်းကမျှ သာမန် ဒုတိယအဆင့်ရှိ ဆေးဖော်ဆရာတစ်ဦးအတွက်နှင့် ဂိုဏ်းကြီးတစ်ခုကို လာရောက်၍ ရန်စလိမ့်မည် မဟုတ်ချေ။ သို့သော် အခြားတစ်ဖက်မှ ပြောင်းလဲကြည့်လိုက်မည်ဆိုပါက အခြားသော ဂိုဏ်းများက လှုပ်ရှား၍ မရနိုင်သော်လည်း ရေခဲခံတပ်ကိုယ်တိုင်ကမူ လှုပ်ရှားနိုင်စွမ်း မရှိမည်လော။

ဆိုရလျှင် လော့ချန်သည် ရေခဲခံတပ်အတွက် အလုပ်လုပ်နေခြင်း မဟုတ်ဘဲ ကရုဏာမဲ့နတ်သမီးနှင့် အပြန်အလှန် အကျိုးစီးပွားချင်း ဖလှယ်နေခြင်းသာဖြစ်သည်။ အကယ်၍ ရေခဲခံတပ်အတွင်းရှိ ရွှေအမြုတေစီရင်စုသခင်တစ်ဦးကသာ စိတ်ဝင်စားမှု ပြသလာခဲ့မည်ဆိုလျှင် ကရုဏာမဲ့နတ်သမီးအနေဖြင့် ယခုကဲ့သို့ တည်ငြိမ်စွာ နေနိုင်ပါဦးမည်လော။

သူ မျှော်လင့်ထားခဲ့သည့် အဖြေကမူ ‘မနေနိုင်’ ဟူ၍ပင် ဖြစ်၏။ အစောပိုင်းက ထွက်ပေါ်ခဲ့သော ရလဒ်များကို ကြည့်ခြင်းအားဖြင့် ထိုအဖြေက မှန်ကန်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်ပေသည်။ အရာအားလုံးက လော့ချန် တွေးတောမြော်မြင်ထားခဲ့သည့်အတိုင်း ကွက်တိ ဖြစ်ပျက်သွားခဲ့ရသည်။ ရွှေသဲကျွန်းပေါ်သို့ ခြေချလိုက်သည့်အချိန်မှစ၍ သူသည် တွမ်ဖုန်းထံမှ ချွီမျိုးနွယ်စုနှင့် ရှန်ရွှေဂိုဏ်းတို့က လော့ထျန်းအဖွဲ့၏ ပိုင်နက်နယ်မြေကို လိုချင်တပ်မက်စွာ ဖိနှိပ်နေကြောင်း ကြားသိခဲ့ရသည်။ ထို့ကြောင့် သူ ကြက်ကိုသတ်၍ ကြက်ခြံပိုင်ရှင်ကို ခြောက်လှန့်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

အခြားသော လက်အောက်ခံ အင်အားစုများကို ခြောက်လှန့်ခြင်းနှင့်အတူ၊ ဤနေရာ၏ တာဝန်ခံ ယင်ယွဲ့ထံသို့ အခွင့်အရေးကို လက်လွှဲပေးလိုက်ခြင်းဖြစ်သည်။ သူမအား ဝင်ရောက်စွက်ဖက်ရန် အကြောင်းပြချက်တစ်ခု ပေးအပ်ခြင်းအားဖြင့် သူမ သူ့အား စည်းရုံးသိမ်းသွင်းလာစေရန် တံခါးတစ်ခုကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပေသည်။

အခြားသောသူများသည် အစွမ်းထက်လှသော ဆေးဖော်ဆရာတစ်ဦး၏ တန်ဖိုးကို နားလည်နိုင်စွမ်း မရှိကြသော်လည်း ထို ရွှေအမြုတေအဆင့်ရှိသူများမှာမူ သေချာပေါက် သိရှိကြပေသည်။ လော့ချန်ကိုယ်တိုင်ကလည်း မိမိ၏ တန်ဖိုးကို ကောင်းမွန်စွာ သိရှိထားခဲ့၏။ သူသည် သေးငယ်သော သို့မဟုတ် အလယ်အလတ်အဆင့်ရှိသော အဖွဲ့အစည်းတစ်ခုကို သူ၏ ပုခုံးပေါ်တွင် ထမ်းတင်လျက် မြှင့်တင်ပေးနိုင်စွမ်း ရှိရုံမျှမက ဂိုဏ်းကြီးတစ်ခုအတွင်း၌ပင် အနွယ်စုတစ်ခုလုံးကို မြင့်မားသော အဆင့်အတန်းတစ်ခုသို့ ပို့ဆောင်ပေးနိုင်စွမ်း ရှိပေသည်။ ထို့ကြောင့်ပင် ရေခဲနန်းတော်သို့ သွားရောက်ခြင်းနှင့် ယင်ယွဲ့နှင့် တွေ့ဆုံခြင်းတို့ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်၏။ ၎င်းက သူ ကိုယ်တိုင် ဖန်တီးခဲ့သော အခြေအနေတစ်ခုပင် ဖြစ်တော့သည်။

သူသည် အစကတည်းကပင် အခြားသော အနွယ်စုဆီသို့ ပြောင်းလဲခိုလှုံရန် စိတ်ကူး လုံးဝမရှိခဲ့ချေ။ ကရုဏာမဲ့နတ်သမီးက လော့ထျန်းအဖွဲ့ကို မည်မျှပင် အလေးမထားပါစေ၊ အနည်းဆုံးတော့ ခရီးတစ်လျှောက်တွင် သူမ သူ့အပေါ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးခဲ့သည်။ အကယ်၍ သူသာ ဤအခြေအနေမျိုးတွင် သူမကို စွန့်ပစ်လိုက်မည်ဆိုပါက ယင်ယွဲ့အနွယ် သို့မဟုတ် ဂိုဏ်းချုပ်ထံမှနေ၍ မျက်နှာသာပေးမှုများကို ရရှိနိုင်မည် ဖြစ်သော်လည်း ရေခဲခံတပ်အတွင်း သူသွားလေရာ၌ အခက်အခဲများနှင့်သာ ကြုံတွေ့ရမည်ဖြစ်သည်။ သူတို့အနေဖြင့် သူ့အား မည်သည့်အခါမျှ ယုံကြည်ကြမည် မဟုတ်တော့ချေ။ အကောင်းဆုံး ဖြစ်လာလျှင်ပင် သူသည် ဂုဏ်တင်ခံထားရသော အသုံးချခံ ကိရိယာတစ်ခုမျှသာ ဖြစ်လာပေလိမ့်မည်။

အကျိုးအမြတ်အတွက် ဘက်ပြောင်းတတ်သော သူများမှာ ဘယ်သောအခါမျှ ကောင်းမွန်သော အဆုံးသတ် မရှိတတ်ကြပေ။ အထူးသဖြင့် မိမိအပေါ်တွင် မည်သည့် အမှားအယွင်းမျှ ပြုလုပ်ထားခြင်း မရှိသောသူကို သစ္စာဖောက်ခြင်းက ပို၍ ဆိုးဝါးလှပေသည်။

သို့သော် လော့ချန်က သူတစ်ဦးတည်းအတွက်သာ စဉ်းစားသည်မဟုတ်ဘဲ၊ သူ့လက်အောက်ရှိ လော့ထျန်းအဖွဲ့အတွက်ပါ စဉ်းစားခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ကရုဏာမဲ့နတ်သမီး၏ အလေးထားမှုကို ရရှိစေပြီး၊ ထိုအလေးထားမှုကို လော့ထျန်းအဖွဲ့အထိပါ သက်ရောက်စေရန် ဖြစ်သည်။ ထို့ကြောင့်ပင် ယင်ယွဲ့၏ သြဇာအာဏာကို အသုံးချကာ ကရုဏာမဲ့နတ်သမီးအား ရပ်တည်ချက်တစ်ခု ပြတ်ပြတ်သားသား ဖော်ထုတ်လာအောင် ဖိအားပေးခဲ့ခြင်း ဖြစ်၏။ ရလဒ်အရ သူ၏ ဤအန္တရာယ်များသည့် ခြေလှမ်းမှာ မှန်ကန်သွားခဲ့သည်။

သေချာသည်မှာ ထိုအရာများက ကြီးမားလှသော မဟာဗျူဟာများ ဖြစ်ကြသည်။ သို့သော် သေးငယ်သော အသေးစိတ် အချက်အလက်များတွင်လည်း လော့ချန်သည် မည်သည့် အမှားအယွင်းမျှမရှိဘဲ ပြီးပြည့်စုံစွာ လုပ်ဆောင်သွားခဲ့၏။ ချွီကျန့်ပေါင်၏ သိက္ခာကို ချပစ်ခြင်း ဖြစ်စေ၊ သူ့အား အပြတ်အသတ် အနိုင်ယူခဲ့ခြင်း ဖြစ်စေ သို့မဟုတ် ရေခဲနန်းတော်အတွင်း၌ စိတ်ခံစားမှုများကို သိမ်မွေ့စွာ ကစားသွားခဲ့ခြင်း ဖြစ်စေ သူ ထောင့်ပေါင်းစုံမှနေ၍ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။ နောင်တွင် အခြားသူများက ထိုအကြောင်းကို မည်သို့ပင် ပြောဆိုကြပါစေ၊ ၎င်းက လော့ထျန်းအဖွဲ့အတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများကိုသာ သယ်ဆောင်လာပေလိမ့်မည်။ လော့ချန်အား အံ့အားသင့်သွားစေခဲ့သော တစ်ခုတည်းသော အရာကမူ ရွှေအမြုတေအဆင့်ရှိသူ၏ နည်းဗျူဟာများပင် ဖြစ်တော့၏။

“ဒီမိန်းမ.... သူမရဲ့ လှည့်စားခြင်း ကျင့်စဉ်တွေက သိမ်မွေ့လွန်းလှတယ်၊ ငါတောင် သူမရဲ့ ထောင်ချောက်ထဲက မနည်းလွတ်အောင် ရုန်းခဲ့ရတယ်....”

လော့ချန် မျက်ခုံးကို ပွတ်သပ်လိုက်ပြီး မျက်လုံးတွင် ကြောက်လန့်မှု အနည်းငယ် ဖြတ်ပြေးသွားသည်။ ရေခဲနန်းတော်အတွင်း ယင်ယွဲ့၏ အပြုအမှုများ၊ စကားလုံးများနှင့် မျက်နှာအမူအရာတို့မှာ လူ့စိတ်ကို ညှို့ယူနိုင်စွမ်းရှိသည်။ သူ ၎င်းကို သိမြင်နိုင်ခဲ့ခြင်းမှာ သူ၏ စိတ်ဝိညာဉ်အခြေခံက အလွန်အမင်း အားကောင်းလှသောကြောင့် ဖြစ်ပြီး စိတ်ဝိညာဉ်ခြောက်ခြားခြင်း၊ စိတ်ညှို့ခြင်းနှင့် တတိယအဆင့်ရှိ လှည့်စားခြင်းမှော်အတတ် ဖြစ်သော လရိပ်ကို တတ်မြောက်ထားသောကြောင့်သာ ဖြစ်ပေသည်။

ထိုမျှသာမက နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်ကို ပါရမီရှင်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံပြီးနောက်တွင်မူ အခြေခံ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးအတားအဆီးတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်၏။ ထိုအရာတင်မကသေးဘဲ သူ၏ လက်ထဲတွင်ရှိသော အမည်းရောင်နယ်ရုပ်သည်လည်း စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်စွမ်းရှိသော ရတနာတစ်ခု ဖြစ်ပေသည်။ ထိုကဲ့သို့သော အလွှာပေါင်းစုံမှ ကာကွယ်ရေး နည်းလမ်းများစွာကို အသုံးပြုလိုက်ပြီးနောက်မှသာ ယင်ယွဲ့၏ ဆွဲဆောင်မှုများကို မနည်းကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်တော့၏။ သို့မဟုတ်ပါက သူသည် ရေခဲနန်းတော်အတွင်း၌ သူမ၏ ကမ်းလှမ်းချက်များကို အမှန်ပင် လက်ခံမိသွားခဲ့ပြီး ယင်ယွဲ့အနွယ်ဆီသို့ ပြောင်းလဲခိုလှုံသွားခဲ့မိရပေလိမ့်မည်။ သို့မဟုတ် ယင်ယွဲ့အနွယ်သာမက ဂိုဏ်းချုပ်ကိုယ်တိုင်၏ နောက်တွင် ရှိနေသော အင်အားစုတစ်ခုလုံးဆီသို့ပင် ရောက်ရှိသွားခဲ့ရပေလိမ့်မည်။

ယခုလေးတင် ကရုဏာမဲ့နတ်သမီး ပြောခဲ့သည့် “မင်း တော်တော်လေး သတ္တိကောင်းတာပဲ” ဆိုသည့် အဓိပ္ပာယ်မှာလည်း ဤသည်ကို ဆိုလိုခြင်းဖြစ်သည်။ သူမ အရာအားလုံးကို ထိုးထွင်းသိမြင်ထားခဲ့ခြင်း ဖြစ်၏။ လော့ချန်သည် ယင်ယွဲ့၏ သြဇာအာဏာကို အသုံးပြု၍ သူမကို ဖိအားပေးခဲ့ကြောင်းကို သူမ သိရှိထားခဲ့သလို၊ ထိုထက်မကဘဲ လော့ချန်သည် ကိုယ်ပိုင်လမ်းစဉ်အတိုင်း လျှောက်လှမ်းရန်အတွက် ယင်ယွဲ့နှင့် ရင်ဆိုင်ဝံ့ခဲ့သည့် သတ္တိကိုလည်း သူမ သိမြင်ထားခဲ့သည်။

“ငါ ရင်ဆိုင်နေရတဲ့သူတွေက ပေါ့သေးသေးမှမဟုတ်တာ၊ သတ္တိမရှိလို့ ရပါ့မလာ”

လော့ချန် ရယ်မောလိုက်ရင်း စခန်းသို့ ပြန်ရောက်လာသည်။

....

ခဏမျှ အနားယူပြီးနောက်တွင်မူ သူ ချက်ချင်းပင် လုပ်ငန်းစတော့သည်။ သူ၏ အဓိက ဦးစားပေးမှာ ဒဏ်ရာရရှိထားသော သူများကို ကုသပေးရန်ပင် ဖြစ်ပေသည်။ လီယင်ကျန်း၏ အခြေအနေက တည်ငြိမ်ခြင်း မရှိသေးလေရာ ထိုသတ်မှတ်ထားသော ကုသမှုပုံစံကို အပြီးသတ် မလုပ်ဆောင်နိုင်သေးချေ။ သူ အမှန်တကယ် မကြိုးစားမီမှာပင် စမ်းသပ်မှုအချို့ကို လုပ်ဆောင်ရန် လိုအပ်ပေသည်။ ထိုကဲ့သို့သော စမ်းသပ်မှုများအတွက် စမ်းသပ်ခံရသူများမှာမူ လော့ထျန်းအဖွဲ့မှ ဒဏ်ရာရထားသော အခြားကျင့်ကြံသူများ ဖြစ်သည်။ သူ ရွှီဟွမ်ကျန်းအား အစောပိုင်းကတည်းကပင် ဒဏ်ရာရသူ အရေအတွက်ကို စာရင်းကောက်ခိုင်းထားခဲ့သည်။ ယခုအခါတွင်မူ ယွမ်ရှောင်ယွဲ့၏ ကူညီပေးမှုနှင့်အတူ ဒဏ်ရာရကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး သူ့အခန်းထဲသို့ တန်းစီဝင်ရောက်လာကြသည်။

“ဒဏ်ရာအနည်းငယ်ပဲ၊ ငါ ကုပေးမယ်၊ ပြီးရင် ယွမ်ရှောင်ယွဲ့ဆီသွားပြီး အားဖြည့်ဆေးဝါး တစ်ထုပ်တောင်းပြီး နှစ်ရက်လောက် ပြုတ်သောက်လိုက်ပါ”

ရှေ့မှ စိတ်လှုပ်ရှားနေသော ကျင့်ကြံသူကို ကြည့်ကာ လော့ချန် တည်ငြိမ်စွာ ဆိုသည်။

စကားပြောနေစဉ်မှာပင် သူ၏ လက်ချောင်းများက သိမ်မွေ့လှသော လက်ကွက်များကို ဖန်တီးလိုက်ရင်း နွေဦးလေပြေ မိုးရေစက်မှော်အတတ်ကို ထုတ်ဖော်လိုက်တော့၏။ ဒုတိယအဆင့်ရှိ ကုသခြင်းမှော်အတတ်တစ်ခု ဖြစ်သည့်အတွက်ကြောင့် ၎င်းက အထွတ်အထိပ် သာမန်ကုသခြင်းမှော်အတတ်ထက်ပင် အဆပေါင်းများစွာ ပိုမိုသာလွန်လှပြီး လုပ်ဆောင်ပုံချင်းလည်း လုံးဝ ကွဲပြားခြားနားလှပေသည်။

သာမန်ကုသခြင်းမှော်အတတ်ကမူ အဓိကအားဖြင့် ပြင်ပဒဏ်ရာများကိုသာ ကုသပေးနိုင်ခြင်း ဖြစ်ပြီး အဆင့်မြင့် ရောက်ရှိပြီး နောက်တွင်ပင် အပေါ်ယံရှိ သွေးကြောမျှင်များ၏ ပျက်စီးမှုများကိုသာ ကုသပေးနိုင်ခြင်း ဖြစ်၏။ အခြားတစ်ဖက်တွင်မူ နွေဦးလေပြေမိုးရေစက်မှော်အတတ်က ရေနှင့်သစ်သား ဓာတ်နှစ်ပါး ပေါင်းစပ်ထားသော မှော်အတတ်တစ်ခု ဖြစ်ပေသည်။ ၎င်းက လူနာကိုယ်တိုင်ပင် သတိမပြုမိဘဲ ရှိနေသည့် အတွင်းဒဏ်ရာများကို ကုသပေးနိုင်စွမ်း ရှိရုံမျှမက အာရုံခံပေါက်များ၏ ပျက်စီးဆုံးရှုံးမှုများကိုပါ ပြန်လည်ပြုပြင်ပေးနိုင်စွမ်း ရှိပေသည်။

လော့ချန် နှစ်ကြိမ်ဆက်တိုက် အသုံးပြုပြီးနောက် ရှေ့မှ ကျင့်ကြံသူက စိတ်ကြည်လင်လန်းဆန်းသွားသည်ကို ခံစားလိုက်ရသည်။ ထိုကျင့်ကြံသူက ကျေးဇူးတင်စကားဆိုကာ ဦးညွှတ်၍ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင် လော့ချန်က သူ၏ ဝတ်ရုံစကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။ ညင်သာသော လေပြေတစ်ခုက အခန်းအတွင်းသို့ ဖြတ်သန်းသွားခဲ့ပြီး ထိုကျင့်ကြံသူသည် သူ၏ ကိုယ်ပေါ်ရှိ နာကျင်မှုများနှင့် ရောဂါဝေဒနာအားလုံး အကုန်အစင် ကင်းစင်သွားခဲ့သည့်အလား ပေါ့ပါးလန်းဆန်းသော ခြေလှမ်းများဖြင့် အပြင်ဘက်သို့ လှမ်းထွက်သွားခဲ့တော့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ကုသခြင်း အတတ်ပညာက တကယ့်ကို အံ့မခန်းပဲ၊ သူ ငါ့ကို တစ်ချက်ပဲ ကြည့်လိုက်တာ.... ငါ နာကျင်နေတာတွေ ချက်ချင်း ယူပစ်သလို ပျောက်သွားတာပဲ"

“အေးဟ.... မင်း ပုံစံက တကယ့်ကို ပြန်ပြီး လန်းဆန်းသွားတာပဲ....”

အခြားတစ်ယောက်က ရယ်မောလိုက်၏။

“မင်း ဒဏ်ရာတွေလည်း ပျောက်သွားပြီဆိုတော့ ဒီည ငါတို့အတူတူ သောက်ကြတာပေါ့"

တိတ်ဆိတ်လှသော အခန်းငယ်လေးအတွင်း၌မူ လော့ချန်သည် နောက်ထပ် လူနာတစ်ဦး မဝင်ရောက်လာခင် စပ်ကြား တစ်ခဏတာ အနားယူချိန်အတွင်း၌ သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။ ဒုတိယအဆင့် နွေဦးလေပြေမိုးရေစက်မှော်အတတ်မှာ ပါရမီရှင်အဆင့်ရောက်ရန် မဝေးတော့ပေ။

ထိုတိုးတက်မှုက တစ်ရက်တည်းဖြင့် ရရှိလာခဲ့ခြင်း မဟုတ်ချေ။ ထျန်းလန်တောင်တွင် ကူချိုင်ယီ၏ ဒဏ်ရာကို ကုသပေးခဲ့သည့် တစ်နှစ်တာအတွင်း သူသည် နေ့စဉ် ဤမှော်အတတ်ကို နှစ်ကြိမ် အသုံးပြုခဲ့ရသည်။ ယခုအခါတွင်မူ ဒဏ်ရာရကျင့်ကြံသူများ အဆက်မပြတ် ဝင်ရောက်လာနေသည့်အတွက်ကြောင့် သူ ထိုလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်အောင် ပြုလုပ်နေရုံမျှသာ ဖြစ်၏။ အမှန်စင်စစ် သူလေ့ကျင့်နေသည်မှာ နွေဦးလေပြေမိုးရေစက် မှော်အတတ် တစ်ခုတည်း မဟုတ်ပေ။ သူ၏ အဆင့်မြင့် သန့်စင်ခြင်းမှော်အတတ်ကိုပါ စမ်းသပ်နေခြင်း ဖြစ်သည်။ သူသည် ဤမှော်အတတ်အား ဒဏ်ရာ ကုသရာတွင် အသုံးပြုနိုင်၊ မပြုနိုင် စမ်းသပ်နေခြင်း ဖြစ်သည်။

“ပြောရမယ်ဆိုရင်.... မီးသားရဲချီကလည်း စွမ်းအင် အမျိုးအစားတစ်ခုပဲ၊ သန့်စင်ခြင်းမှော်အတတ်က စိတ်ချီစွမ်းအင်တွေ၊ ယင်ချီတွေနဲ့ ဆေးဘက်ဝင်စွမ်းအင်တွေကို ဖယ်ရှားပေးနိုင်တယ်ဆိုရင်.... မီးသားရဲချီကိုလည်း သေချာပေါက် ဖယ်ရှားပေးနိုင်ရမယ်၊ ဒုတိယအဆင့် မီးသားရဲချီက သိပ်ပြင်းထန်ပြီး သတိပြုမိဖို့ လွယ်ကူလှပေမဲ့.... လော့ထျန်းအဖွဲ့က ကျင့်ကြံသူတွေဟာလည်း နှစ်ပေါင်းများစွာ တိုက်ပွဲတွေအတွင်းမှာ သူတို့ကိုယ်တိုင်တောင် သတိမထားမိဘဲ မီးသားရဲချီတွေကို စုဆောင်းမိထားခဲ့ကြမှာပဲ”

သူ၏ အတွေးများကို စမ်းသပ်ကြည့်လိုက်သောအခါ သန့်စင်ခြင်းမှော်အတတ်သည် မီးသားရဲချီအချို့ကို အမှန်ပင် ဖယ်ရှားပေးနိုင်ကြောင်း သူ သုံးသပ်မိလိုက်၏။ သို့သော် ၎င်းက ကိုယ်တိုင် ထွက်ပေါ်လာသော အရာဖြစ်သည့်အတွက်ကြောင့် လုံးဝဥဿုံ ဖယ်ရှားပစ်ရန်အတွက်မူ မဖြစ်နိုင်ချေ။ သို့သော် လီယင်ကျန်း၏ ခန္ဓာကိုယ်အတွင်းရှိ မီးသားရဲချီကမူ ပြင်ပမှ ဝင်ရောက်လာသော အရာတစ်ခု ဖြစ်ပေသည်။ အကယ်၍ သူသာ ထိုအရာကို သေချာပေါက် ထိန်းချုပ်နိုင်မည် ဆိုပါက....။

ထိုစဉ်မှာပင် ကျင့်ကြံသူ နောက်တစ်ယောက် ဝင်လာသည်။

စိတ်လှုပ်ရှားစွာ အရိုအသေပေးနေသူကို ကြည့်ကာ လော့ချန် အနည်းငယ် ပြုံးပြလိုက်သည်။ ရင်းနှီးပြီးသား လုပ်ငန်းစဉ်အတိုင်း သူ၏ စိတ်ဝိညာဉ်အာရုံ အမျှင်တန်းတစ်ခုကို ထိုသူ၏ ခန္ဓာကိုယ်အတွင်းသို့ စေလွှတ်လိုက်ပြီး အတွင်းပိုင်း အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်၏။ ထို့နောက်တွင်မူ ပိုမိုနက်ရှိုင်းသော ဒဏ်ရာများကို ကုသပေးရန်အတွက် သာမန်ကုသခြင်းမှော်အတတ်နှင့် နွေဦးလေပြေမိုးရေစက်မှော်အတတ်တို့ကို အသုံးပြုလိုက်တော့သည်။ အဆုံးသတ်တွင်မူ သူ သန့်စင်ခြင်းမှော်အတတ်ကို ထုတ်ဖော်လိုက်ရင်း ကျင့်ကြံသူ၏ သွေးကြောများအတွင်း၌ ကပ်ငြိကျန်ရစ်နေသော ပြင်ပစွမ်းအင် အကြွင်းအကျန်များကို ဖယ်ရှားပေးလိုက်၏။

သေချာသည်မှာ သူ၏ ဆေးပညာဖြင့် ရောဂါတိုင်းကို မကုနိုင်ပေ။ ဒဏ်ရာအများစုအတွက်မူ သက်ဆိုင်ရာ ဆေးလုံးများနှင့် ဆေးဘက်ဝင်အပင်များ လိုအပ်နေဆဲ ဖြစ်သည်။ သူ လုပ်ဆောင်ပေးနိုင်သည်ကမူ လူနာ၏ ဒဏ်ရာကို တတ်နိုင်သမျှ လျှော့ချပေးခြင်းသာ ဖြစ်သည်။

သုံးရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

လီယင်ကျန်း၏ ကျောက်တဲအိမ်အတွင်း၌....။

လော့ချန်သည် သူ့ဘေးတွင် တည်ငြိမ်စွာ ထိုင်နေပြီး၊ မကြာသေးမီကမှ အဆင့်မြှင့်တင်ထားသည့် ပါရမီရှင်အဆင့် နွေဦးလေပြေမိုးရေစက်မှော်အတတ်ဖြင့် သူ၏ ကိုယ်ထဲရှိ မီးသားရဲချီအစုအဝေးကို ဖယ်ရှားနေသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ထိုရေခဲများမှာ နွေဦးလေပြေ၏ အောက်တွင် တဖြည်းဖြည်း ပျော်ကျသွားသည်။

“အား....”

လီယင်ကျန်း၏ နှုတ်ခမ်းဖျားမှ အသံတစ်ချက် ထွက်ပေါ်လာသည်။

“သည်းခံထား”

လော့ချန် အသံတိုးတိုးလေး ဆိုလိုက်ပြီး သန့်စင်ခြင်းမှော်အတတ်ကို ဂရုတစိုက် ထုတ်လွှတ်လိုက်သည်။

နောက်တစ်ခဏတွင် အသစ်ပြန်နိုးထလာသော မီးသားရဲချီ တစ်စကို သူ သန့်စင်လိုက်နိုင်ခဲ့သည်။ မြေပြင်တွင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်စေသည့် မီးသားရဲချီကို ကြည့်ကာ လော့ချန် အတွေးထဲ နစ်မြုပ်သွားသည်။

ကုတင်ပေါ်ရှိ လီယင်ကျန်းမှာမူ ယခုအခါ အံ့ဩတုန်လှုပ်နေသည်။

‘ပျောက်သွားပြီ.... တကယ်ပဲ ပျောက်သွားပြီ....’

ခန္ဓာကိုယ်ပေါ်မှ ဝန်ထုပ်ဝန်ပိုး တစ်ခု လျော့နည်းသွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ဒါက....”

“အနားယူလိုက်ဦး၊ ငါ မင်းအတွက် တစ်နေ့ကို သုံးကြိမ် မီးသားရဲချီတွေကို ဖယ်ရှားပေးမယ်၊ မင်း မကြာခင် ပြန်ပြီး ကောင်းမွန်လာလိမ့်မယ်....”

လော့ချန် ဆိုလိုက်၏။ ထို့နောက် မည်သည့်စကားကိုမျှ ထပ်မံ မဆိုတော့ဘဲ လှည့်ထွက်သွားခဲ့တော့သည်။ သူ၏ အတွေးများကမူ အခြားသော နေရာတစ်ခုဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ လီယင်ကျန်း၏ ကျေးဇူးတင်စကားများကိုပင် သူ သတိပြုမိခြင်း မရှိတော့ချေ။ အပြင်ဘက်တွင် ရွှီဟွမ်ကျန်းနှင့် ဖြတ်တိုက်မိသော်လည်း သူ မည်သည့်စကားမျှ မဆိုခဲ့ပေ။ ထိုမျှသာမက ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမျှ အာရုံစိုက်နေခြင်း မရှိဘဲ စိတ်အာရုံ အလင်းပွင့်လုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။

“အဖွဲ့ချုပ်ခေါင်းဆောင် ဘာဖြစ်တာလဲ....”

ရွှီဟွမ်ကျန်းက လော့ချန်၏ နောက်ကျောကို ကြည့်ကာ မေးလိုက်သည်။

အမှန်ပင် စိတ်အာရုံ အလင်းပွင့်ခြင်းလော။

သေချာသည်မှာ မဟုတ်ချေ။ ဤအဆင့်နှင့် ဘာမှ နားလည်နိုင်မည် မဟုတ်ချေ။

အမှန်စင်စစ် အစောပိုင်းက မီးသားရဲချီကို ဆွဲထုတ်နေသည့် အချိန်၌ စိတ်ကူးစိတ်သန်းအချို့ ရရှိခဲ့ခြင်းသာ ဖြစ်၏။ သူ၏ အတွေ့အကြုံများနှင့် လေ့လာသိရှိထားခဲ့သော အရာများအပေါ် အခြေခံ၍ ရုတ်တရက် အတွေးတစ်ခုက သူ၏ ခေါင်းထဲသို့ လျှပ်စီးလက်သကဲ့သို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

‘ဒါကို အာရုံခံပေါက်တွေဖွင့်ဖို့ သုံးနိုင်မလား....’

သူသည် မကြာသေးမီက တတိယအဆင့်ရှိ ခန္ဓာကျင့်စဉ်ဖြစ်သော ဟင်္သာအသွင်ပြောင်းကျင့်စဉ်ကို လေ့လာရန်အတွက် အချိန်အတော်များများ ပေးထားခဲ့ရသည်ဖြစ်ရာ ထိုကျင့်စဉ်၏ ဖြစ်နိုင်ခြေများကို အမြဲတစေ စူးစမ်းရှာဖွေနေခဲ့ခြင်းက သဘာဝကျလှပေသည်။ မီးသားရဲချီဆိုသည်မှာ စင်စစ်အားဖြင့် ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အသုံးပြုလေ့ရှိကြသော အရာတစ်ခု ဖြစ်သည်။ အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ သူသည် ရှောင်ဟွမ်တောင်အောက်၌ ဝမ်ယွမ်၏ ကူညီပေးမှုနှင့်အတူ မီးသားရဲချီကို ကိုယ်တိုင် သန့်စင်ခဲ့ဖူးပြီး သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်း အဆင့်ကို သွေးမြစ်အဆင့်သို့ ရောက်ရှိအောင် တွန်းပို့နိုင်ခဲ့ဖူးသည်။

သွေးမြစ် အဆင့်ကို ကျင့်ကြံရမည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များက အလွန်အမင်း စေ့စပ်သေချာလှပေသည်။ အဓိကအားဖြင့် ချီစွမ်းအင်များကိုသာ စုဆောင်းရန် လိုအပ်သော အခြေတည်ကျင့်ကြံသူများနှင့် မတူဘဲ သွေးမြစ်အဆင့်ရှိ ခန္ဓာကိုယ်ကျင့်ကြံသူများသည် အဆင့်ကိုးဆင့်ကို ဖြတ်သန်းရလေ့ရှိကြ၏။ ထိုအဆင့်များမှာ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း၊ အကြောပြောင်းလဲခြင်း၊ ခြင်ဆီဆေးကြောခြင်း၊ သွေးကြောဖွင့်ခြင်း၊ အာရုံခံပေါက် ဖွင့်ခြင်း၊ လင်းစွမ်းအား၊ မှောင်စွမ်းအား၊ အသွင်ပြောင်းစွမ်းအားနှင့် အမြုတေစွမ်းအားတို့ ဖြစ်ကြသည်။

ထိုအဆင့်အားလုံးကို အောင်မြင်စွာ ပြီးဆုံးမှသာ ခန္ဓာကိုယ်ကို အံ့အားသင့်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ မြှင့်တင်နိုင်ကြပေလိမ့်မည်။ ထိုအချိန်၌ ကျင့်ကြံသူ၏ သွေးများသည် မြစ်တစ်စင်းကဲ့သို့ ဟုန်းဟုန်းတောက် စီးဆင်းနေမည်ဖြစ်ပြီး သူတို့၏ မီးသားရဲချီများသည် ကောင်းကင်ယံကို ဖောက်ထွင်းနိုင်ကာ စွမ်းအားလေးရပ်ကလည်း ကြီးမားလှသော ခွန်အားကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားရပေလိမ့်မည်။ ၎င်းက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး၏ သက်တမ်းကိုပင် ပြောင်းလဲသွားစေနိုင်စွမ်း ရှိပြီး တတိယမြောက် အဆင့်သို့ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်စွမ်း ရှိပေသည်။ ထိုသို့ သက်တမ်းပြောင်းလဲသွားခြင်းကြောင့်ပင် အသက်ရှည်ခြင်း ပြဿနာကလည်း ပြေလည်သွားရလေ့ရှိ၏။

လော့ချန်သည် ရိုးရာခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းလမ်းများကို မည်သည့်အခါမျှ အထူးတလည် စိတ်ဝင်စားခဲ့ခြင်း မရှိချေ။ အဓိက အကြောင်းပြချက်ကမူ နောက်ပိုင်းအဆင့်များ၊ အထူးသဖြင့် အရှိန်အဟုန်လေးမျိုး အဆင့်သည် အချိန်နှင့် စွမ်းအင်များကို အလွန်အမင်း ကုန်ဆုံးစေသောကြောင့် ဖြစ်ပေသည်။ ထို့အပြင် ၎င်းတို့က ထူးခြားလှသော ပါရမီလည်း လိုအပ်ပေသေး၏။ ခန္ဓာကိုယ်ကျင့်ကြံခြင်း အပိုင်း၌ ထူးခြားလှသော ပါရမီရှိသည့် ဝမ်ယွမ်ကဲ့သို့သော သူမျိုးသာလျှင် လင်းစွမ်းအားကို စောစီးစွာ နားလည်နိုင်ခဲ့ခြင်း ဖြစ်ပြီး လတ်တလော နှစ်များအတွင်း၌လည်း မှောင်စွမ်းအားကို စတင်၍ ဆုပ်ကိုင်နိုင်နေပြီ ဖြစ်ပေသည်။

သို့သော်ငြားလည်း လော့ချန်သည် မိမိ၏ လက်ထဲတွင်ရှိသော ပေါများလှသော အရင်းအမြစ်များကို အသုံးပြု၍ ပထမဆုံးသော အဆင့်ငါးဆင့်ထဲမှ လေးဆင့်ကို ပြီးမြောက်အောင် လုပ်ဆောင်ထားခဲ့ပြီး ဖြစ်ပေသည်။ သူသည် အကြောများကို သန့်စင်ပြီးဖြစ်ကာ၊ ခြင်ဆီများကို ဆေးကြောပြီးဖြစ်ပြီး၊ ကလီစာများကို သန်မာအောင် ပြုလုပ်ထားခဲ့ပြီးဖြစ်သည့်အပြင် သွေးကြောများကိုလည်း အပြည့်အဝ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်၏။ မပြီးဆုံးသေးဘဲ ကျန်ရှိနေသော တစ်ခုတည်းသော အဆင့်မှာမူ ပဉ္စမမြောက်အဆင့် ဖြစ်သည့် အာရုံခံပေါက် ဖွင့်ခြင်း ပင် ဖြစ်တော့သည်။ သို့သော် စင်စစ်အားဖြင့် လော့ချန်သည် ထိုအဆင့်နှင့် ပတ်သက်၍ စိမ်းသက်နေခဲ့ခြင်း မရှိချေ။ နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်၏ အစောပိုင်းအဆင့်များသည် သူ၏ စိတ်ဆန္ဒကို သန်မာအောင် ပြုလုပ်ပေးရုံမျှမကဘဲ အပ်စိုက်မှတ်များကို လှုံ့ဆော်ပေးခြင်းနှင့်လည်း သက်ဆိုင်နေခဲ့ခြင်း ဖြစ်ပေသည်။ သာမန် အပ်စိုက်မှတ်များအပြင် သူသည် နှစ်ပေါင်းများစွာ ထိုကျင့်စဉ်ကို ကျင့်ကြံခြင်းအားဖြင့် သူကိုယ်တိုင်ပင် သတိမထားမိဘဲ အာရုံခံပေါက် ၃၆ ပေါက်လုံးကို ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်၏။

‘အဲဒီတုန်းက ငါက အာရုံခံပေါက်တွေကို ဖွင့်ဖို့အတွက် ချီစွမ်းအင်တွေကို သုံးခဲ့တာ၊ အဲ့ဒါက ပိုပြီးတော့ ညင်သာပေမဲ့ ထိရောက်မှုအပိုင်းမှာတော့ နည်းနည်းလေး အားနည်းခဲ့တယ်၊ ဒါပေမဲ့ ငါသာ အဲ့နေရာမှာ မီးသားရဲချီကို အစားထိုးပြီး သုံးလိုက်မယ်ဆိုရင် ရလဒ်တွေက ပိုပြီးတော့ ကောင်းမွန်မလာနိုင်ဘူးလား၊ သေချာတာကတော့ ပထမအဆင့် မီးသားရဲချီက အလုပ်ဖြစ်မှာ မဟုတ်ပေမဲ့.... ဒုတိယအဆင့်ရှိရင် ဘာဖြစ်လို့ မရနိုင်ရမှာလဲ....’

သူ ထိုအကြောင်းကို ပိုမို၍ တွေးတောလေလေ၊ ထိုစိတ်ကူးက ပိုမို၍ ဖြစ်နိုင်ခြေရှိပုံရလေလေ ဖြစ်တော့၏။ ထို့အပြင် ယခုအချိန်၌ သူ့တွင် အားလပ်ချိန်များစွာ ရှိနေခဲ့ပေသည်။ ရွှေသဲပျံကျွန်းပေါ်သို့ ရောက်ရှိလာခဲ့သည့် အချိန်မှစ၍ လော့ထျန်းအဖွဲ့သည် တောင်စောင့်တာဝန်ကို မရရှိသေးဘဲ သူ၏ တာဝန်ဝတ္တရားများကလည်း အနည်းငယ်မျှသာ ရှိပေသည်။ သူသည် နေ့စဉ် ဆေးလုံးများကို ဖော်စပ်နေရန် မလိုအပ်တော့ဘဲ သူ၏ အချိန်အများစုကို အဆင့်မြင့် နဂါးပျံဆေးလုံးများဖြင့် ကျင့်ကြံခြင်း သို့မဟုတ် ဒဏ်ရာရကျင့်ကြံသူများကို ကုသပေးခြင်းဖြင့်သာ ကုန်ဆုံးစေခြင်း ဖြစ်၏။ ပျောက်ဆုံးနေသော ဝမ်ယွမ်နှင့် ပတ်သက်၍လည်း တွမ်ဖုန်းက လူအမြောက်အမြား စေလွှတ်၍ အဆက်မပြတ် စုံစမ်းခိုင်းထားခဲ့ပြီး ဖြစ်ပေသည်။

စင်စစ်အားဖြင့် ရှေ့တန်းစစ်မျက်နှာပြင်ပေါ်ရှိ အန္တရာယ်ရှိသော နေရာတစ်ခုဟု ထင်မှတ်ရသည့်တိုင်အောင် ၎င်းက လော့ချန်အတွက် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း မကြုံဖူးလောက်အောင် ရှားပါးလှသော အေးချမ်းသာယာသည့် အချိန်ကာလတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်တော့၏။ တစ်နည်းအားဖြင့် ပြောရလျှင် သူ ကိုယ်ပိုင်အချိန်များစွာကို ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်ပေသည်။

‘တကယ်လို့ ငါသာ အာရုံခံပေါက်ဖွင့်တာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင်.... အဲ့ဒါက ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံကိုပါ ပိုမိုပြီးတော့ အားကောင်းလာစေမှာ မဟုတ်ဘူးလား၊ သွေးကြောအားလုံးကို ဖွင့်လှစ်ပြီးတဲ့ အချိန်တုန်းက ရရှိခဲ့တဲ့ ကြီးမားလှတဲ့ တိုးတက်မှုမျိုးလိုပေါ့....’

ထိုအတွေးက သူ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေခဲ့၏။ သို့သော် သူ ထိုစိတ်ကူးကို အကောင်အထည်ဖော်ရန် ပြင်ဆင်လိုက်စဉ်မှာပင် တွမ်ဖုန်းက အလောတကြီးဖြင့် အနားသို့ ချဉ်းကပ်လာခဲ့သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... လူတစ်ယောက်က စာတစ်စောင်လာပို့ပါတယ်"

“ဘယ်သူလဲ အစ်ကိုတွမ်....”

“သူ့ကိုယ်သူ တိမ်ပြိုဂိုဏ်းက ထျန်းရှင်းကျီ လို့ ပြောတယ်"

လော့ချန်၏ ရင်ထဲ၌ လှုပ်ခတ်သွားခဲ့ရတော့၏။ သူသည် ကျွန်းထက်တွင် တိုက်ပွဲပြီးဆုံးပြီးနောက် အခြားသူများ လာရောက်တွေ့ဆုံကြလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ပထမဆုံး ရောက်ရှိလာမည့်သူက မိတ်ဆွေဟောင်းတစ်ဦး ဖြစ်လိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ချေ။ သူတို့၏ ယခင်က ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသော အတိတ်ပုံရိပ်များက သူ၏ အာရုံထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး သူ၏ နှုတ်ခမ်းထက်၌ ညင်သာသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရတော့၏။

“အဲ့စာ ကျွန်တော့်ကို ပေးပါ....”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၅၂၀) - ထျန်းရှင်းကျီ လာရောက်လည်ပတ်ခြင်းနှင့် သွေးမိစ္ဆာ၏ ကောလာဟလများ

နောက်တစ်နေ့တွင်....။

အသက်ကြီးကြီးလူတစ်ဦးသည် တပ်စခန်းအချို့ကို ဖြတ်ကျော်ပြီးနောက် ရေခဲခံတပ်မှ ကျင့်ကြံသူ အများအပြား၏ အကြည့်အောက်တွင် လော့ထျန်းအဖွဲ့၏ တပ်စခန်းအတွင်းသို့ ခြေချလိုက်သည်။

“ဟေ့ကောင်…. အဲ့ဒါ တိမ်ပြိုဂိုဏ်းက ထျန်းရှင်းကျီ မဟုတ်ဘူးလား....”

တစ်စုံတစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်၏။

အနီးအနားရှိ ကျင့်ကြံသူတစ်ဦးက ထိုလူ၏ ပုံရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်တယ်လေ.... သူ့ကို အခြေတည်နှောင်းပိုင်းအဆင့်နဲ့တင် တိမ်ပြိုဂိုဏ်းရဲ့ အကြီးအကဲနေရာကို အထူးခွင့်ပြုချက်နဲ့ ခန့်အပ်ထားတာလေ၊ အဆင့်အနိမ့်ဆုံးဖြစ်ပေမဲ့ လျှော့တွက်လို့တော့ မရဘူး”

ထျန်းရှင်းကျီ၏ နာမည်ဂုဏ်သတင်းမှာ လွန်ခဲ့သောနှစ်များက ထင်ရှားလှသည်မဟုတ်ပေ။ ဂိုဏ်း၏ တပည့်ရင်း ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်၊ တိုက်ခိုက်မှုနည်းလမ်း၊ သို့မဟုတ် တိမ်ပြိုဂိုဏ်း၏ ဂုဏ်ယူရဆုံးသော အတတ်ပညာဖြစ်သည့် ရုပ်သေးအတတ်တွင်ပင် ထူးခြားလှသော တိုးတက်မှုမျိုးကို ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ဤသူသည် နှစ်ရှည်လများ အပြင်ဘက်တွင် လှည့်လည်ကာ တိမ်ပြိုဂိုဏ်း၏ လုပ်ငန်းကိစ္စမျိုးစုံကို ဖြေရှင်းပေးခဲ့သူ ဖြစ်သည်။ မည်သို့သော ကြီးကျယ်လှသည့် အကျိုးကျေးဇူး ပြုခဲ့သည်မသိသော်လည်း တိမ်ပြိုဂိုဏ်း၏ သမိုင်းတစ်လျှောက် တစ်ဦးတည်းသော အခြေတည်အဆင့် အကြီးအကဲ ဖြစ်လာခဲ့သည်။

ယခုအခါတွင် သူ လော့ထျန်းအဖွဲ့ တပ်စခန်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ရေခဲခံတပ် လက်အောက်ခံ အင်အားစုများမှာ အလွန်အံ့ဩသွားကြသည်။ လော့ထျန်းအဖွဲ့ချုပ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံမည့်သူ ရှိနိုင်ကြောင်း သူတို့ တွေးထားခဲ့ကြသည်။ သို့သော် ဤကဲ့သို့ အဆင့်ရှိသော ပုဂ္ဂိုလ်ကြီးက ပထမဦးဆုံး လာရောက်လိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ပေ။

လော့ထျန်းအဖွဲ့၏ အခန်းကျယ်ကြီးအတွင်း၌မူ....။

လော့ချန်သည် မိမိ ရှေ့ရှိ ရင်းနှီးလှသော လူကို ကြည့်ရင်း ဝမ်းမြောက်စွာ ပြုံးလိုက်မိတော့သည်။ ထျန်းရှင်းကျီသည် တာဟဲဈေးမြို့တော်တွင် အမြဲတစေ တပ်ဆင်လေ့ရှိသော ရွှေရောင်မျက်နှာဖုံးကို တပ်ဆင်ထားခြင်း မရှိသော်လည်း လော့ချန် သူ့အား တစ်ချက်တည်းဖြင့် မှတ်မိလိုက်၏။

“အစ်ကိုကြီးထျန်းရှင်းကျီ ကြွရောက်လာတာ ကျွန်တော်တို့ လော့ထျန်းအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ”

ထျန်းရှင်းကျီက အသာအယာ ရယ်မောလိုက်ရင်း ဆိုလိုက်သည်။

“ညီလေး.... အလုပ်ရှုပ်နေတဲ့ကြားက အချိန်ပေးပြီး တွေ့ဆုံပေးတဲ့အတွက် ငါလည်း အရမ်း ကျေးဇူးတင်ပါတယ်”

“ကျေးဇူးပြုပြီး ထိုင်ပါဦး....”

လော့ချန်က ယဉ်ကျေးပျူငှာသော လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်၏။ စကားပလ္လင်ခံလိမ့်ဦးမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ထျန်းရှင်းကျီကမူ လိုရင်းကိုသာ တိုက်ရိုက် စကားဆိုလာသည်။

“မုရုံယွမ်လား....”

လော့ချန် တိုးညင်းစွာ ရယ်မောလိုက်၏။

“ဟဲဟဲ.... နာမည်အတုတစ်ခုပါ၊ ဖုံးကွယ်ထားမိလို့ တောင်းပန်ပါတယ် အစ်ကိုကြီး....”

အတိတ်ကာလက နဂါးရတနာမှောင်ခိုစျေးကွက်တွင် သုံးခဲ့သော နာမည်အတုကို အခြားသူများ မသိနိုင်စေရန် ဖုံးကွယ်၍ မရနိုင်ကြောင်း သူသိသည်။ အစပိုင်းတွင် အဆင်ပြေကောင်း ပြေနိုင်သော်လည်း နောက်ပိုင်းတွင် ထျန်းရှင်းကျီထံမှ ဆေးမြစ်များ အမြောက်အမြား ဝယ်ယူခဲ့သဖြင့် ပေါက်ကြားသွားခဲ့မည်မှာ အသေအချာပင်။ မည်သို့ဆိုစေ တာဟဲဈေးမြို့တော်တွင် ထိုစဉ်က အင်အားစုအနည်းငယ်သာ ရှိသည်။ ဆေးမြစ်အမြောက်အမြားကို သုံးဖြုန်းနိုင်သည့် အင်အားစုမှာ ဆေးဖော်လုပ်ငန်းကို အဓိကထားသည့် လော့ထျန်းအဖွဲ့သာ ရှိသည်။

လော့ချန်၏ တန်ချန်ဇီ ဆိုသည့် နာမည်မှာလည်း ထိုစဉ်ကပင် ပျံ့နှံ့နေခဲ့သည်။ သူ၏ နောက်ကြောင်းကို ခန့်မှန်းရသည်မှာ အလွန်ပင် လွယ်ကူလှသည်။ ထျန်းရှင်းကျီအနေဖြင့် ထိုစဉ်က မသေချာဘဲ ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသော အသေးစိတ် အချက်အလက်မျှသာ ဖြစ်၏။ ယခုအခါ လော့ချန် ငြင်းဆိုခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ ထျန်းရှင်းကျီက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ရင်း သူ နှစ်ပေါင်းများစွာ သံသယဝင်နေခဲ့သော အရာကို အတည်ပြုလိုက်တော့သည်။

“ဒါဆို ညီလေးပြောတဲ့ အခြေတည်အဆင့် သူငယ်ချင်းကကော....”

“ကျွန်တော်ပါပဲ”

လော့ချန် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ထျန်းရှင်းကျီက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ သူ အလွန်အမင်း အံ့အားသင့်သွားခြင်း မရှိချေ။ သူသည် တစ်ချိန်က ထိုကဲ့သို့ သံသယဝင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ထိုအတွေးကို စွန့်ပယ်ခဲ့ဖူးခြင်း ဖြစ်၏။ သို့သော် တန်ချန်ဇီဟူသော တာအိုဘွဲ့အမည်သည် ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးတွင် ပိုမို၍ ထင်ရှားကျော်ကြားလာခဲ့သည်နှင့်အမျှ သူ စွန့်ပယ်ထားခဲ့သော ထိုတွေးဆချက်ကသာ တစ်ခုတည်းသော ယုတ္တိရှိလှသည့် အဖြေ ဖြစ်လာခဲ့ရတော့သည်။

သူ လော့ချန်အား စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်ရင်း သူ၏ မျက်နှာထက်တွင် ချီးမွမ်းအံ့သြသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့၏။

“ဆယ်နှစ်ကျော်အတွင်း ညီလေးရဲ့ တိုးတက်မှုက တကယ်ကို ချီးကျူးစရာပါပဲ”

လော့ချန် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ကျွန်တော် ဒီနေ့ဒီအချိန်ထိ ရောက်လာနိုင်တာကလည်း အစ်ကိုကြီး ပို့ပေးခဲ့တဲ့ အခြေတည်ဆေးလုံးတွေရဲ့ ကျေးဇူးကြောင့်ပါ”

“အခြေတည်ဆေးလုံး သုံးလုံးလောက်ကတော့ အဲ့လောက် ကျေးဇူတင်နေဖို့မလိုပါဘူး ငါ့ညီရာ” တျန်းရှင်းကျီက ရယ်မောရင်း ပြောလိုက်သည်။

လော့ချန်၏ အပြုံးက တစ်ခဏမျှ အေးခဲသွားခဲ့ရတော့သည်။

‘သုံးလုံး ဟုတ်လား.... ဒါပေမဲ့ ငါက နှစ်လုံးပဲ ရခဲ့တာလေ....’

ထျန်းရှင်းကျီကမူ လော့ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းကို သတိပြုမိခြင်း မရှိခဲ့ချေ။ ၎င်းက နှလုံးခုန်သံတစ်ချက်စာမျှသာ ကြာမြင့်ခဲ့ပြီး လော့ချန်၏ မျက်နှာထက်တွင် နွေးထွေးပြီး တက်ကြွလှသော အပြုံးက ချက်ချင်းပင် ပြန်လည်အစားထိုး ဝင်ရောက်လာခဲ့သည်။

ပတ်ဝန်းကျင်၏ အငွေ့အသက်က ကောင်းမွန်နေပြီး လော့ချန်အနေဖြင့်လည်း သူတို့၏ အတိတ်က အကြောင်းအရာများကို မေ့ပျောက်ထားရန် ရည်ရွယ်ချက်မရှိကြောင်း မြင်လိုက်ရသောအခါ ထျန်းရှင်းကျီက လိုရင်းကိုသာ တိုက်ရိုက်ပြောဆိုရင်း အတိတ်က ကိစ္စရပ်များကို ပြန်လည်၍ စကားစလိုက်တော့သည်။

“ငါ တာဟဲဈေးမြို့တော်မှာကတည်းက မင်းရဲ့ ဆေးဖော်ပညာကို လေးစားခဲ့တာ၊ အခုဆိုရင် တန်ချန်ဇီဆိုတဲ့ အမည်က ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးမှာ ပဲ့တင်ထပ်နေပြီပဲ၊ တကယ်ပါပဲ.... မင်း ဆေးလုံးစိမ်းချိုင့်ဝှမ်းကို သွားခဲ့တာက နဂါးတစ်ကောင် သမုဒ္ဒရာထဲကို ဆင်းသွားခဲ့သလိုပါပဲ....”

“အစ်ကိုကြီးက အမွှမ်းတင်လွန်းနေပါပြီ....”

လော့ချန်က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ရင်း ဆိုလိုက်၏။

“အမှန်အတိုင်း ပြောတာပါ၊ ညီလေး ဖော်စပ်ခဲ့တဲ့ သွေးအဆီအနှစ်ဆေးလုံးကို ကြည့်ပါဦး၊ ပထမအဆင့်ဖြစ်ပေမဲ့ ထိပ်တန်းအရည်အသွေး ရအောင် ဖန်တီးနိုင်ခဲ့တယ်၊ အခြေတည်အဆင့် ကျင့်ကြံသူတွေတောင် သုံးလို့ရတဲ့အထိပဲ၊ ဒါဟာ သာမန် ဒုတိယအဆင့် ဆေးဖော်ဆရာတွေ မလုပ်နိုင်တဲ့အရာပါ”

‘ကိစ္စကတော့ လာပြီပဲ....’

လော့ချန် စိတ်ထဲ၌ တွေးတောလိုက်မိသော်လည်း သူ၏ တည်ငြိမ်လှသော အပြုံးကိုမူ ဆက်လက်၍ ထိန်းသိမ်းထားခဲ့၏။

ထျန်းရှင်းကျီသည် သူ၏ ရင်ထဲ၌ အနည်းငယ်မျှသော ဖိအားကို ခံစားလိုက်ရသော်လည်း ဆက်လက်၍ပင် မေးမြန်းလိုက်တော့သည်။

“ညီလေး မင်း လက်ထဲမှာ ထိပ်တန်း သွေးအဆီအနှစ်ဆေးလုံးတွေ ကျန်သေးလား.... ငါ ဒုတိယအဆင့် ဆေးလုံးတစ်လုံးရဲ့ တန်ဖိုးအတိုင်း ဝယ်ချင်တယ်ကွာ....”

“တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော့်အခြေအနေကို အစ်ကိုကြီးလည်း သိမှာပါ”

ပြောရင်းဆိုရင်း လော့ချန် အပြင်ဘက်ရှိ ရေခဲနန်းတော်ကို တစ်ချက်ကြည့်လိုက်သည်။

တျန်းရှင်းကျီသည် ကြိုသိထားသော်လည်း စိတ်ထဲတွင် အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။ သူ ထင်မှတ်ထားခဲ့သည့်အတိုင်း လော့ချန်တွင် ထိုဆေးလုံးများကို ဖော်စပ်နိုင်စွမ်း ရှိသည့်တိုင်အောင် အရေအတွက်ကမူ သေချာပေါက် အကန့်အသတ် ရှိနေပေလိမ့်မည်။ ရေခဲခံတပ်ကို ပေးပြီးနောက်တွင်မူ သူ့အတွက် အပိုမရှိတော့သည်မှာ သေချာသည်။

‘ဟင်’

ထျန်းရှင်းကျီသည် လော့ချန် စားပွဲပေါ်သို့ တင်လိုက်သော ကျောက်စိမ်းပုလင်းငယ်လေးများကို ကြည့်ရင်း စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့ရတော့၏။

“ဒါက....”

သူ မေးမြန်းလိုက်သည်။

“ကျွန်တော့်လက်ထဲမှာလည်း ထိပ်တန်း သွေးအဆီအနှစ်ဆေးလုံးက အများကြီး မရှိတော့ဘူး၊ ဒီသုံးပုလင်းကို အစ်ကိုကြီးကို ပေးလိုက်ပါတယ်၊ အစ်ကို့လူတွေကို ပေးပြီး အသက်ကယ်ဆေးအဖြစ် သုံးခိုင်းလိုက်ပါ”

ထျန်းရှင်းကျီ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့ရပြီး သူ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ရတော့၏။

“ဒါ မကောင်းပါဘူး၊ ဒီအတိုင်းကြီး လက်ခံရတာ အားနာစရာပါ”

လော့ချန် ခပ်ဖွဖွ ပြုံးလိုက်၏။

“ဒါက အရောင်းအဝယ် မဟုတ်ပါဘူး၊ မိတ်ဆွေအချင်းချင်း ပေးတဲ့ လက်ဆောင်ပါပဲ…. ဘာလဲ၊ တိမ်ပြိုဂိုဏ်းရဲ့ အကြီးအကဲကြီး ဖြစ်သွားတော့ ဒီညီလေးကို မေ့ပစ်လိုက်ပြီလား”

တျန်းရှင်းကျီ တစ်ခဏ ငိုင်သွားပြီး ထို့နောက်တွင်မူ ကျယ်လောင်စွာဖြင့် ရယ်မောလိုက်တော့သည်။

“ငါက အဲ့ဒီလိုလူစားမျိုး မဟုတ်ပါဘူးကွာ”

ပြောရင်းဆိုရင်း သူ ဆေးပုလင်းများကို တွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံလိုက်သည်။

“ပြောရရင် ညီလေး မင်းရဲ့ အခြေတည်အဆင့်အတွက် ငါ ဂုဏ်ပြုလက်ဆောင်တောင် မပေးခဲ့ရဘူး၊ အခုတော့ မင်းကပဲ ပြန်ပေးနေရပြီ”

ထျန်းရှင်းကျီက ခေါင်းကို ခါယမ်းလိုက်ရင်း ရုတ်တရက် စကားဆိုလာသည်။

“ကြားရသလောက်တော့ ညီလေးရဲ့ လူတွေက ဝမ်ယွမ်ဆိုတဲ့ အခြေတည် ကျင့်ကြံသူကို လိုက်ရှာနေတယ်ဆို”

လော့ချန်၏ မျက်နှာထားမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားခဲ့ရတော့၏။

“အစ်ကိုကြီး တစ်ခုခု သိထားလို့လား.... ကျွန်တော့်ကို သိသမျှ အကုန် ပြောပြပေးပါ....”

“ငါလည်း အများကြီးတော့ မသိပါဘူး....”

ထျန်းရှင်းကျီက အားနာဟန်ဖြင့် ဆိုလိုက်သည်။

“ဒါပေမဲ့ ငါတို့ ဂိုဏ်းရဲ့ ကင်းထောက်တွေကနေတစ်ဆင့် သူနဲ့ပတ်သက်တဲ့ သတင်းအချို့တော့ ရထားပါတယ်”

“မိုးကြိုးတောင် ကိုးလုံးထဲမှာ နှစ်ဖက်စလုံးက မသိမ်းပိုက်သေးတဲ့ တောင်တစ်ခု ကျန်နေတာ သိလား”

လော့ချန် တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့၏။

“နဝမတောင်လား”

ထျန်းရှင်းကျီ ခေါင်းညိတ်လိုက်တော့သည်။

“ဟုတ်တယ်....”

....

ထျန်းရှင်းကျီ ထွက်ခွာသွားလေပြီ။

သူ၏ အကြီးမားဆုံးသော ရည်ရွယ်ချက်က ပြီးမြောက်ခဲ့ခြင်း မရှိသော်လည်း ယခုတွေ့ဆုံမှုကမူ အလွန်အမင်း ပြေလည်ခဲ့ပေသည်။ အရေးမပါလှသည့် သတင်းအချက်အလက်တစ်ခုမျှဖြင့် သူသည် လော့ချန်ထံမှနေ၍ ထိပ်တန်း သွေးအဆီအနှစ်ဆေးလုံးများ ရရှိခဲ့သည်။ အရေးကြီးဆုံးမှာ သူတို့၏ ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ခြင်းပင်။ သူ တစ်ချိန်က ခေါ်ဆိုခဲ့ဖူးသော ညီလေး ဟူသော စကားလုံးက အချည်းနှီး မဖြစ်ခဲ့ချေ။

သို့သော် ထျန်းရှင်းကျီ၏ အမြင်တွင် အရေးမပါလှသော ထိုသတင်းမှာ လော့ချန်အတွက်မူ အသက်ကယ်သတင်း ဖြစ်နေသည်။

“အဖွဲ့ချုပ်ခေါင်းဆောင်…. နန်းဆောင်သခင်ဝမ်ယွမ်ရဲ့ သတင်းရပြီဆိုတာ ဟုတ်လား”

အခန်းငယ်လေးအတွင်း၌ ရွှီဟွမ်ကျန်း၊ တွမ်ဖုန်းနှင့် ယခုအခါ လှုပ်ရှားသွားလာနိုင်စွမ်း ရှိနေပြီဖြစ်သော လီယင်ကျန်းတို့သည် လော့ချန်အား မျှော်လင့်ချက် ကြီးစွာဖြင့် စိုက်ကြည့်နေကြပေသည်။ သူတို့၏ အကြည့်များအောက်တွင် လော့ချန် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်၏။

“ဟုတ်တယ်၊ သတင်းရပြီ”

သုံးဦးစလုံး ဝမ်းသာသွားကြသည်။ ဝမ်ယွမ်၏ စွမ်းဆောင်ရည်မှာ နှစ်ပေါင်းများစွာအတွင်း အကြိမ်ကြိမ် သက်သေပြခဲ့ပြီး ဖြစ်ပေသည်။ သူ့အား လော့ထျန်းအဖွဲ့တွင် လော့ချန်ပြီးလျှင် အကြီးမားဆုံးသော အားကိုးရာကြီးဟု သတ်မှတ်ထားခြင်းမှာ အဆန်းမဟုတ်ချေ။ လွန်ခဲ့သော ဓူဝံတောင်ထက်မှ ညဥ့်နက်သန်းခေါင် တိုက်ပွဲတွင် မင်လုံယွီသည် အစီအရင်ဖြင့် အခြေတည်အစောပိုင်း ကျင့်ကြံသူ ငါးဦးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။ ထို့နောက်တွင်မူ ဝမ်ယွမ်က နောက်တန်းမှနေ၍ တစ်ယောက်တည်းဖြင့် အခြေတည်အလယ်ပိုင်း ကျင့်ကြံသူ သုံးဦးနှင့် နှောင်းပိုင်း တစ်ဦးကိုပါ တစ်ပြိုင်တည်း ကြံ့ကြံ့ခံ ရင်ဆိုင်ပေးခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားက အံ့မခန်း ဖြစ်ရုံမျှမက အံ့အားသင့်ဖွယ်ရာ ကောင်းလှပေသည်။ အဖွဲ့ချုပ်ခေါင်းဆောင်လည်း ရှိနေပြီဖြစ်ရာ အကယ်၍သာ ဝမ်ယွမ်ကို ပြန်ရှာတွေ့နိုင်ပါက လော့ထျန်းအဖွဲ့သည် နောက်လာမည့် စစ်ပွဲကြီးအတွင်း၌ ကျင့်ကြံသူကြီးများ ဦးဆောင်လာမည့် ရန်သူ့တပ်ဖွဲ့များကိုပင် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိတော့မည်ဖြစ်၏။

သို့သော် သူတို့၏ မျက်နှာထက်တွင် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း လော့ချန်၏ မျက်နှာအမူအရာကမူ ဆက်လက်၍ လေးနက်နေဆဲ ဖြစ်ပေသည်။

‘မဟုတ်မှလွဲ....’

သူတို့၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ စတင် လှုပ်ခတ်လာခဲ့စဉ်မှာပင် လော့ချန် ခေါင်းကို ခါယမ်းလိုက်၏။

“သူ မသေပါဘူး”

သူတို့ သက်ပြင်းတစ်ချက် မချနိုင်ခင်မှာပင် လော့ချန် ဆက်၍ ဆိုလိုက်ပြန်သည်။

“ဒါပေမဲ့ သူ့သတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ငါတို့ လော့ထျန်းအဖွဲ့အတွက် အဆင်မပြေနိုင်ဘူး”

“ဗျာ....”

ရွှီဟွမ်ကျန်းက မျက်မှောင်ကြုတ်လိုက်၏။

“ဒါက ဘာအဓိပ္ပာယ်လဲဗျ....”

“သူ တစ်ယောက်ယောက်ကို ပြဿနာ ရှာမိတာလား”

တွမ်ဖုန်းက ဂရုတစိုက်ဖြင့် မေးမြန်းလိုက်သည်။

မေးခွန်းသုံးခုကို ရင်ဆိုင်ရင်း လော့ချန် တိုးညင်းစွာ သက်ပြင်းချလိုက်မိတော့၏။

“တကယ်လို့ သူသာ ကြီးမားတဲ့ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့မနေရဘူးဆိုရင်.... အခုအချိန်မှာ ပြန်ရောက်နေလောက်ပြီ မဟုတ်လား.... မင်းတို့ သိထားရမှာက.... စစ်ပွဲအတွင်းမှာ ရွှေအမြုတေ ကျင့်ကြံသူတွေရဲ့ မျိုးဆက်တွေကိုပဲဖြစ်ဖြစ်၊ ဓားဂိုဏ်းရဲ့ တပည့်ရင်း တွေကိုပဲဖြစ်ဖြစ် သတ်ဖြတ်ခဲ့မယ်ဆိုရင်တောင်မှ အဲဒါက စစ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေအတွင်းမှာပဲ ရှိနေသေးတာ၊ စစ်မြေပြင်ထက်က သေခြင်းရှင်ခြင်းဆိုတာ အဆန်းမဟုတ်ဘူး၊ ဒါပေမဲ့ အခုကိစ္စကတော့....”

သူ စကားစကို တစ်ချက် ဖြတ်လိုက်ပြီးနောက်တွင်မူ တိုးညင်းသောအသံဖြင့် ဆိုလိုက်တော့သည်။

“အဲဒီနေရာမှာ သွေးမိစ္ဆာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပြီ ဖြစ်လို့ပဲ....”

All Chapters