အခန်း (၂၇၆၃-၂၇၆၄)
Vol. 277 Ch. 2763-2764
အခန်း (၂၇၆၃) - ဒါက ဘယ်လို စကားမျိုးလဲ
မူလက ထိုသက်တမ်းရင့် ပုဂ္ဂိုလ်ကြီး၏ စကားအပေါ် သူတော်စင် အများအပြားမှာ ပြန်လည် ချေပလိုစိတ် ရှိနေကြပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသည်။
သို့သော် ဖန့်ချန်၏ စကားကို ကြားလိုက်ရသောအခါ သူတို့မှာ ချက်ချင်းပင် ငြိမ်ကျသွားကြတော့သည်။
“ဖန့်သူတော်စင်ဘိုးဘေး၊ မင်းလည်း ဒီလိုမျိုးပဲ တွေးနေတာလား”
ထိုသက်တမ်းရင့် ပုဂ္ဂိုလ်ကြီး၏ အမူအရာမှာ တုန်လှုပ်သွားသည်။
“ခန့်မှန်းချက် သက်သက်ပါ”
ဖန့်ချန်က ဆိုသည်။
နောက်ထပ် သက်တမ်းရင့် ပုဂ္ဂိုလ်တစ်ဦးမှာ မသိစိတ်ဖြင့်ပင် ဝင်ပြောလိုက်သည်။
“အဲဒီ ဆန်းနယဲ့အဆင့် တံခါးကြီးကို ဖွင့်လိုက်ရင်ရော အသုံးဝင်တဲ့ အချက်အလက်တွေ အများကြီး သိရနိုင်မလား”
“တကယ်လို့ တံခါးရဲ့ ဟိုဘက်က အကြောင်းအရာတွေက ငါတို့အတွက် မကောင်းဘူးဆိုရင်ကော”
ဖန့်ချန်မှာ ခေတ္တမျှ စဉ်းစားဟန်ပြုပြီးမှ ပြောလိုက်သည်။
“ဒီတံခါးကို ဖွင့်သင့် မဖွင့်သင့်ဆိုတာ အထက်က အကြီးအကဲ ပုဂ္ဂိုလ်ကြီးတွေရဲ့ သဘောထားကို အရင် နားထောင်ရဦးမယ်။
အခု ငါတို့ ပိုင်ဆိုင်ထားတဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဒီကိစ္စကို ဆုံးဖြတ်ချက် ချဖို့ အဆင့်မမီသေးဘူး။”
“ဟူး……”
သက်တမ်းရင့် ပုဂ္ဂိုလ် အများအပြားမှာ သက်ပြင်းချလိုက်ကြပြီး ဖန့်ချန်ကို ပြုံးကာ ပြောလိုက်သည်။
“ဖန့်သူတော်စင်ဘိုးဘေးက ဒီအရည်အချင်းမျိုး ရထားတာ ကံကောင်းတာပဲ။ ငါတို့က ဒီအရည်အချင်းမျိုးသာ အတွေ့အကြုံမရှိတဲ့ လူငယ်ဆန်ဆန် လူတွေဆီ ရောက်သွားမှာကို စိုးရိမ်နေတာ၊ တစ်ခုခု မှားယွင်းသွားရင် အကြီးအကျယ် ကိစ္စဖြစ်ကုန်မှာလေ။”
“ဒီတံခါးကြီးက ဒီလောက်နဲ့တင် လွယ်လွယ် ဖွင့်လို့မရဘူးပေါ့……”
“ငါတို့ကတော့ ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း မတွေးမိခဲ့ဘူး။ ဖန့်သူတော်စင်ဘိုးဘေးနဲ့ သက်တမ်းရင့် ပုဂ္ဂိုလ်တွေကတော့ ဖြစ်နိုင်ခြေရှိတဲ့ ရန်သူတွေကိုတောင် ငါတို့ ကောင်းကင်ငါးပါးထက် ပိုသန်မာတယ်လို့ ကြိုပြီး သတ်မှတ်ထားနှင့်နေကြပြီလား”
သူတော်စင် အသီးသီးတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာမှာ ထူးဆန်းကာ ရှုပ်ထွေးနေကြသည်။
“မင်းတို့ အရမ်းတွေ မတွေးပါနဲ့တော့၊ လက်ရှိ စာမေးပွဲကိုပဲ အာရုံစိုက် ကြည့်ကြစမ်းပါ။”
ဖန့်ချန်က ပြောသည်။
ထိုအခါမှသာ သူတော်စင်များမှာ စာမေးပွဲစစ်ဆေးသူ အသစ် ရောက်ရှိလာသည်ကို သတိပြုမိသွားကြသည်။
သူတို့မှာ မလိုအပ်သော အတွေးများကို ဖယ်ရှားလိုက်ပြီး စိတ်ကို စုစည်းကာ မိမိတို့၏ ကိစ္စရပ်များအပေါ် အာရုံစိုက်လိုက်ကြသည်။
“အခုထိတော့ ငါ ပြုပြင်ထားတဲ့ သူတော်စင်ဧကရာဇ်ရဲ့ သွေး ပမာဏက ငါးရာကျော်သွားပြီ။”
“အခုထိတော့ ထူးခြားတဲ့ ပြောင်းလဲမှုမျိုး မရှိသေးသလို အတွင်းနယ်မြေ ကြယ်တာရာ ကိုးခုကို တစ်ပြိုင်နက် ပြုပြင်လိုက်ရင် အစာပြည့်အင်တဲ့ ခံစားချက်မျိုးလည်း မရှိဘူး။”
“ဒါဆိုရင် ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေးတွေက အရေအတွက်အားဖြင့် အဆုံးအစမရှိ ပေါင်းထည့်လို့ ရတာလား ဒါမှမဟုတ် ငါက အဲဒီ အမြင့်ဆုံး ကန့်သတ်ချက်ကို မရောက်သေးတာလား။”
“တကယ်လို့သာ အဆုံးအစမရှိ ပေါင်းထည့်လို့ ရတယ်ဆိုရင် သီအိုရီအရ ပါရမီ မပါ၊ အဆင့်အတန်း မမြင့်မားတဲ့သူတစ်ယောက်ကိုတောင် ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေးပေါင်း ထောင်ချီပြီး ထိုးသွင်းပေးလိုက်ရင် လူလုပ် အစွမ်းထက်သူတစ်ယောက် ဖြစ်လာနိုင်တာပေါ့။”
“အဲဒီလို သူတော်စင်မျိုးရဲ့ နတ်ဘုရားစွမ်းရည်က အလွန်ကို ကြောက်ခမန်းလိမ့်မယ်။”
“ဒါပေမဲ့…… ပါရမီ မပါတဲ့သူကို ဘယ်သူကများ ရူးရူးမိုက်မိုက်နဲ့ သူတော်စင်ဧကရာဇ်ရဲ့ သွေးတွေကို သုံးပြီး ပျိုးထောင်ပေးနေမှာလဲ။ ဒါကြောင့် နောက်ဆုံးတော့ သူတော်စင်တစ်ဦးရဲ့ စွမ်းရည်ကို အချက်သုံးချက်နဲ့ပဲ တိုင်းတာရမှာပဲ……”
“အတွင်းနယ်ကနယ်မြေ ကြယ်တာရာ ပမာဏ။”
“ကမ္ဘာတည်ဆောက်ခြင်း ပြီးနောက် အတွင်းနယ်မြေ ကြယ်တာရာ တိုးတက်လာတဲ့ ပမာဏ။”
“ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေး ပြုပြင်ထားတဲ့ ပမာဏ။”
“ဒီ အချက်သုံးချက်ကပဲ သူတော်စင်တစ်ဦးရဲ့ အခြေခံ အုတ်မြစ်ပဲ။”
“တကယ်လို့ လူတိုင်းသာ နတ်ဘုရားစွမ်းရည်ကို မသုံးကြဘူးဆိုရင်၊ ငါ့လိုမျိုး အတွင်း ကြယ်တာရာကိုးခုကို ပြုပြင်ထားပြီး ကမ္ဘာတည်ဆောက်ခြင်းပြီးနောက် အဆပေါင်းတစ်ရာ တိုးတက်သွားတဲ့ လူတစ်ယောက် ရှိနေရမယ်။
ပြီးရင် ရှေးဟောင်း သူတော်စင်ဧကရာဇ်ရဲ့ သွေးငါးရာကျော်ကို ထပ်ပြုပြင်လိုက်ရင် ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ ညီမျှသွားနိုင်တယ်။
အဲဒီနောက်မှသာ နှစ်ဖက်စလုံးရဲ့ နတ်ဘုရားစွမ်းရည် ကွာခြားချက်ကို ထည့်တွက်ရမှာပဲ။”
……
……
မည်မျှ ကြာမြင့်သွားမှန်း မသိရတော့ပေ။ စာမေးပွဲစစ်ဆေးသူများ ထပ်မံ ပေါ်မလာတော့သည့်အခါ သူတော်စင်များမှာ စာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။
စာမေးပွဲကို မဖြေဆိုလိုက်ရသည့် ကျောင်းသားများမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
သို့သော် စာမေးပွဲကို ဖြေဆိုပြီးမှ စာမေးပွဲစစ်ဆေးသူ၏ လက်ထဲတွင် ရှုံးနိမ့်ကာ အသက်််််စွမ်းအင် တစ်ခု ဆုံးရှုံးသွားရသည့် ကျောင်းသားများနှင့် ယှဉ်လျှင်မူ သူတို့၏ အခြေအနေမှာ ပို၍ ကောင်းမွန်သေးသည်။
“သွားကြစို့၊ ကျင့်စဉ်တွေကို သွားယူရအောင်။”
ဖန့်ချန်က ပြုံးလိုက်ပြီး မှောင်မည်းနေသော တံခါးပေါက်ဆီသို့ ဦးစွာ လျှောက်သွားလိုက်သည်။
စာမေးပွဲ အောင်မြင်သွားသော သူတော်စင်များမှာလည်း ဝမ်းသာအားရနှင့် နောက်မှ လိုက်ပါသွားကြသည်။
ဖန့်ချန်မှာ တံခါးပေါက် တစ်ချပ်ပြီး တစ်ချပ် လျင်မြန်စွာ ဖြတ်ကျော်သွားပြီး သူ၏ နောက်တွင်မူ သူတော်စင်များ မရှိတော့ပေ။
ဤတစ်ခါတွင် သူသည် ကျဲနယဲ့ အဆင့်မြင့် နယ်မြေသို့ ရောက်ရှိသွားသည်။
ယခင်နှင့် မတူဘဲ ဤနေရာတွင် ကျောက်တိုင် တစ်ခုသာ ရှိသည်။
ဒေသအချုပ် ကျင့်စဉ် - နိဗ္ဗာန် မပျက်သုဉ်းခြင်း ကျင့်စဉ်
“အရင်တုန်းက ကျဲနယဲ့ အစောပိုင်းအဆင့် နယ်မြေမှာတော့ ကျောက်တိုင် ၁၂ ခုတောင် ရှိသေးတယ်။ အခု ကျဲနယဲ့ အဆင့်မြင့် ရောက်လာတော့ ကျင့်စဉ် တစ်ခုပဲ ကျန်တော့တယ်ပေါ့ ”
“နိဗ္ဗာန် မပျက်သုဉ်းခြင်း ကျင့်စဉ်၊ နာမည်ကို ကြည့်ရတာ ဒီ နိဗ္ဗာန်တားမြစ်နယ်မြေနဲ့ အရင်းအမြစ် တစ်ခုတည်းကနေ လာတာများလား……”
“သံသရာ မသေမျိုး ကျင့်စဉ်နဲ့ ယှဉ်ရင်ရော ဘယ်လိုနေမလဲ။ လုကျိုးယွမ်မှာ အတွင်း ကြယ်တာရာ ၈၁ ခု ရှိတယ်ဆိုတော့ သူ ကျင့်တဲ့ ကျင့်စဉ်အဆင့်က ငါနဲ့ အများကြီး မကွာခြားဘူး။”
“ဒီကျင့်စဉ်ကလည်း အတူတူပဲ ဖြစ်နေမှာလား”
ဖန့်ချန်သည် ကျောက်တိုင်ရှေ့သို့ ရောက်လာပြီး အတွေးနက်နေသည်။
တကယ်လို့ ဒီကျင့်စဉ်က သံသရာ မသေမျိုး ကျင့်စဉ်နဲ့ အဆင့်တူတယ်ဆိုရင်ရော၊ သူကလည်း ကျင့်စဉ်ပေးသည့် ကျောက်တိုင် အသေးစားလေးအဖြစ် ပြောင်းသွားဦးမှာလား။
“စမ်းကြည့်မှပဲ သိမှာပေါ့။”
ဖန့်ချန် ရုတ်တရက် မိမိကိုယ်ကို လှောင်ရယ်လိုက်ပြီး လက်ဝါးဖြင့် ကျောက်တိုင်ကို ပွတ်လိုက်သည်။
ရွှေရောင် အလင်းတန်း တစ်စင်းမှာ ကျောက်တိုင်ပေါ်မှ ထွက်ပေါ်လာပြီး သူ၏ လက်ဝါးထဲသို့ စီးဝင်ကာ လက်မောင်းအတိုင်း အပေါ်သို့ တက်လာပြီး သူ၏ မျက်ခုံးကြား (အသိစိတ်) ဆီသို့ ဦးတည်သွားသည်။
ရလဒ်မှာ လည်ပင်းသို့ ရောက်သည်နှင့် အားတစ်ခုက ၎င်းကို အပြင်သို့ တွန်းထုတ်လိုက်ပြီး နောက်ဆုံးတွင် ကျင့်စဉ်ပေးသည့် ကျောက်တိုင် အသေးစားလေးအဖြစ် ပြောင်းလဲသွားကာ ဖန့်ချန်၏ လက်ထဲတွင် ပေါ်လာသည်။
“ကြည့်ရတာ သံသရာ မသေမျိုး ကျင့်စဉ်ထက်တော့ အားနည်းနေတာပဲ။”
ဖန့်ချန်၏ မျက်ဝန်းထဲတွင် ပြုံးရယ်ခြင်း အရိပ်အယောင်တစ်ခု ပေါ်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ဤနေရာမှ ပို့ဆောင်ခြင်း ခံလိုက်ရပြီး ပြင်ပရှိ ကျယ်ပြောလှသော ရင်ပြင်ပေါ်သို့ ပြန်ရောက်လာသည်။
ဖန့်ချန် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူထက် စောစော ပြန်ရောက်နှင့်နေသည့် အကြီးကဲငါးပါးတို့၏ အကြည့်များမှာ ဖန့်ချန်ပေါ်သို့ စုပြုံကျရောက်လာသည်။
အကြီးကဲ ငါးပါးတို့ စကားမပြောရသေးခင်မှာပင် ဖန့်ချန်က ဦးစွာ မေးလိုက်သည်။
“အခုတစ်ခါ ဘာတွေ များ ရလိုက်ကြလဲ”
“အင်း၊ ရတာတော့ ရလိုက်တာပေါ့။”
အကြီးကဲငါးပါး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဤတစ်ခါတွင် တစ်ဟုန်ထိုး ကြိုးပမ်းရင်း ရွှမ်နယဲ့ အဆင့်မြင့်သို့ ရောက်သွားကြောင်း အသီးသီး ပြောပြကြသည်။
“ထူးချွန်တယ်"
“အောင်မြင်တယ်……”
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။ အကြီးကဲ ငါးပါးမှာ သူတို့၏ ကျင့်စဉ်အဆင့်ကို အများကြီး မဖုံးကွယ်ထားဘဲ အတွင်း ကြယ်တာရာ တစ်ခုသာ ပြုပြင်ထားသည်မှာ အမှန်ပင် ဖြစ်ပုံရသည်။
အရင်တစ်ခေါက်တုန်းက သူတို့ငါးဦးမှာ အောင်မြင်မှု အနည်းငယ် ရရှိပြီး ရွှမ်နယဲ့ အလယ်ဆင့် ဘွဲ့ကို ရထားပြီးဖြစ်ကာ အောင်မြင်ခဲ့သည်။
အခု ရွှမ်နယဲ့ အလယ်ဆင့်မှ ရွှမ်နယဲ့ အဆင့်မြင့်သို့ တက်လှမ်းနိုင်သည်မှာ တိုးတက်မှု အတော်လေး များလှသည်။
သို့သော် သူ၏ အတွေ့အကြုံအရဆိုလျှင် သူတို့မှာ အချိန်အတော်ကြာသည့်အထိ ရွှမ်နယဲ့ အဆင့်မြင့် ဘွဲ့မှာပဲ ပိတ်မိနေဦးမည်ဟု ခန့်မှန်းရသည်။
တကယ်လို့ ကျဲနယဲ့ အစောပိုင်းအဆင့် စာမေးပွဲကို ဖြေဆိုခွင့် ရရင်တောင် တစ်နာရီကြာအောင် ခံနိုင်ရည်ရှိဖို့ဆိုတာ အလွန် ခက်ခဲလိမ့်မည်။
အသက်စွမ်းအင် အတော်များများ ဆုံးရှုံးရဖွယ် ရှိသည်။
“ဖန့်သူတော်စင်ဘိုးဘေး၊ မင်းကရော ဒီတစ်ခါ ဘာတွေ ရလိုက်လဲ”
ဆွေ့ဟွမ်ရွှီ မှာ မေးချင်စိတ်ကို မတားနိုင်တော့ဘဲ မေးလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
အကြည့်ပေါင်း များစွာမှာ ဖန့်ချန်ထံသို့ တညီတည်း ကျရောက်လာသည်။
“ကျဲနယဲ့ အဆင့်မြင့်။”
ဖန့်ချန်က ဆိုသည်။
“အို”
နေရာ၏ လေထုမှာ ငြိမ်သက်သွားသည်။
အကြီးကဲငါးပါးတို့မှာလည်း မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ကျဲနယဲ့ အစောပိုင်းကနေ ကျဲနယဲ့ အလယ်ဆင့်ကို တက်သွားနိုင်တာလည်း မလွယ်ပါဘူး၊ အောင်မြင်သွားတာပေါ့လေ။
ဆိုလိုတာက မင်းရဲ့ စွမ်းအားလည်း တိုးတက်လာတာပဲ။”
“ကျဲနယဲ့ အဆင့်မြင့်ပါ။”
ဖန့်ချန်က ထပ်ပြောသည်။
ဆွေ့ဟွမ်ရွှီ ခေါင်းညိတ်သည်။
“ငါသိပါတယ်၊ ကျဲနယဲ့ အလယ်ဆင့်ပဲ၊ ကြားလိုက်ပါတယ်၊ မင်း ထပ်ပြောနေစရာ မလိုပါဘူး။
ငါတို့ လည်း နောက်ကျရင် ကျဲနယဲ့ အလယ်ဆင့် ဘွဲ့ကို ရအောင် ယူမှာပါ။”
ဖန့်ချန် စကားမပြောတော့ပေ။
အချိန် ခဏကြာပြီးနောက် ဆွေ့ဟွမ်ရွှီမှာ ရုတ်တရက် မေးလိုက်သည်။
“ငါ ခုနက နည်းနည်းလေး ကြားလိုက်ရသလိုလိုပဲ၊ မင်း ပြောတာက……”
ဖန့်ချန်မှာ စိတ်ပျက်စွာဖြင့်
“ကျဲနယဲ့ အဆင့်မြင့်ပါကွာ”
“အံ့ဩစရာပဲ ”
အကြီးကဲငါးပါး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နှလုံးသားမှာ မထိန်းနိုင်အောင်ပင် ခုန်ပေါက်နေသည်။
ဘယ်လိုလုပ်ပြီး ကျဲနယဲ့ အဆင့်မြင့် ဖြစ်သွားရတာလဲ။
သူတို့သည် ဤတစ်ခါတွင် အတွင်းကြယ်တာရာ တစ်ခုလုံးကို ပြုပြင်ပြီးမှသာ ရွှမ်နယဲ့ အဆင့်မြင့် စာမေးပွဲစစ်ဆေးသူ၏ လက်ထဲတွင် တစ်နာရီကြာအောင် မနည်း ခံနိုင်ရည်ရှိခဲ့ပြီး အောင်မြင်သည့် ရလဒ်ဖြင့် ရွှမ်နယဲ့ အဆင့်မြင့် ဘွဲ့ကို ရခဲ့သည်။
တစ်ဖက်လူကမူ တစ်ခါတည်းနဲ့ အဆင့် နှစ်ဆင့် တက်သွားတာလား။
သူတော်စင်များမှာလည်း နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။
အံ့ဩတကြီး အသက်ရှူသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
“ရှူမနေကြနဲ့တော့၊ မင်းတို့တွေ ရှူနေတာနဲ့တောင် အေးကုန်ပြီ ”
စီကုကျိ မှာ စိတ်ပျက်စွာ ဆူပူလိုက်ပြီးနောက် ဖန့်ချန်ကို စကားမပြောနိုင်အောင် ကြည့်လိုက်သည်။
“တကယ်လား၊ ဒီလောက်နဲ့ ကျဲနယဲ့ အဆင့်မြင့် ဖြစ်သွားတာလား ”
“ဒါက သဘာဝအတိုင်း ဖြစ်ပျက်သွားတာ မဟုတ်ဘူးလား။”
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
“မင်း တကယ်ပြောစမ်းပါ၊ အတွင်း ကြယ်တာရာ ဘယ်နှစ်ခုကို ပြုပြင်ထားတာလဲ။”
အကြီးကဲငါးပါး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အသိချင်ဆုံး အရာကို မေးလိုက်သည်။
“နှစ်ခုပါ။”
“အို၊ သုံးခုပေါ့၊ ငါတို့ သိလိုက်ပါပြီ။”
အကြီးကဲငါးပါး ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်လိုက်ကြသည်။
“ငါ ပြောတာ နှစ်ခုလို့။”
ဖန့်ချန်မှာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆိုရင် သုံးခုပေါ့။”
အကြီးကဲငါးပါးတို့မှာ နားလည်သလိုဖြင့် ပြောသည်။
“တကယ်လို့ ဒီလိုဆိုရင်တော့ အဖြစ်နိုင်ဆုံးပဲ။”
“သုံးခုလား…… သူ့ရဲ့ အတွင်း ကြယ်တာရာ ပြုပြင်တဲ့ အရှိန်က အလွန်ကို မြန်လွန်းနေတာပဲ ”
“မဖြစ်တော့ဘူး၊ ငါတို့ နည်းလမ်းရှာမှပဲ၊ ဒီအတိုင်းသာ ဆက်သွားနေရင် ကျန်းထန်းဝမ် ခန်းမ ဆိုတာ နာမည်ပဲ ရှိပြီး တကယ်မရှိတော့လိမ့်မယ် ”
စိတ်ထဲတွင် ငြိမ်သက်နေသယောင် ရှိသော်လည်း အကြီူကဲငါးပါးမှာ အရူးအမူးပင် စကားများ ပေးပို့ကာ တိုင်ပင်နေကြသည်။
ထိုအချိန်တွင် သူတော်စင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြသည်။
ဖန့်ကျစ်ရွှယ် ပေါ်လာသည့်အခါ ဝမ်းသာအားရနှင့် လိုက်ရှာနေပြီး ဖန့်ချန်ကို မြင်သည်နှင့် အမြန်ပင် လှမ်းခေါ်လိုက်သည်။
“အစ်ကို၊ အာမန်ညီမလေးက ဒီတစ်ခါမှာ အံ့ဩစရာပဲ၊ တစ်ခါတည်းနဲ့ ရွှမ်နယဲ့ အဆင့်မြင့် ဘွဲ့ကို ရသွားတယ် ”
“ဒါဘာ ခွေးစကားလဲ”
“ဒါက ဘယ်လို စကားမျိုးလဲ ”
အကြီးကဲ ငါးပါးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ အံ့ဩတကြီး ဖြစ်သွားကြသည်။
အခန်း (၂၇၆၄) - အတည်ပြုပေးဖို့ အချိန်တန်ပြီ
ရှဲ့အာမန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကရုဏာတောင် မှ သူတော်စင်များ၏ အကြည့်များမှာ သူမထံသို့ စုပြုံကျရောက်သွားသည်။ ထို့နောက်တွင် ရွှေဟွေး ကျောင်းတော် မှ သူတော်စင်များ၊ တန်လင် ကျောင်းတော် မှ သူတော်စင်များနှင့် ကောင်းကင်ငါးပါးမှ သူတော်စင်အသီးသီးတို့၏ အကြည့်များမှာလည်း ရှဲ့အာမန်၏ ခန္ဓာကိုယ်အနှံ့ကို စူးစိုက်ကြည့်ရှုနေကြသည်။
“တကယ်လား၊ သူမက ရွှမ်နယဲ့ အဆင့်မြင့်တဲ့လား”
“သူမက ရွှေဟွေးကျောင်းတော် လူသားမျိုးနွယ်စု ကရုဏာတောင်ကမဟုတ်လား။ ဖန့်ချန်နဲ့ တစ်ကျောင်းတည်းသားပဲ မဟုတ်လား”
“အရင်ကတော့ ဘာမှ မထူးခြားပါဘူး၊ ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလောက်အထိ အစွမ်းထက်သွားတာလဲ”
“ကျန်းထန်းဝမ် ခန်းမက အကြီးအကဲငါးပါးတောင် နိဗ္ဗာန်တားမြစ်နယ်မြေကို ပထမဆုံးအကြိမ် လာတုန်းက ရွှမ်နယဲ့ အစောပိုင်းပဲ ရှိသေးတာ၊ အခုမှပဲ ရွှမ်နယဲ့ အဆင့်မြင့်ကို ရောက်ကြတာ……”
နေရာရှိ သူတော်စင်များမှာ တီးတိုးပြောဆိုကာ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်နေကြသည်။ ရှဲ့အာမန်ကို ကြည့်သည့် အကြည့်များမှာ အလွန်ပင် ဇဝေဇဝါဖြစ်နေကြပြီး တစ်ခါတစ်ရံတွင် စီကုကျိတို့ဘက်ကိုပါ လှည့်ကြည့်နေကြသည်။
မကြာမီပင် သူတို့သည် ရှဲ့အာမန်နှင့်အတူ စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သော သူတော်စင်များထံသို့ သွားရောက် စုံစမ်းတော့သည်။ ရရှိလာသော အဖြေမှာလည်း ဖန့်ကျစ်ရွှယ် ပြောပြသည့်အတိုင်းပင် ဖြစ်နေသည်။
“တစ်ခုခုတော့ ထူးခြားနေတယ်၊ လုံးဝကို ထူးခြားနေတာ။”
“သူလည်းပဲ အရမ်းကို ထူးဆန်းနေတယ်……”
ချန်အင်းရွှယ်မှာ ရှဲ့အာမန်ကို တစ်ချက်၊ ဝမ်ချုံစန်းကို တစ်ချက် ကြည့်လိုက်ရင်း စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားရသည်။
ဖန့်ချန်မှာ ရှဲ့အာမန်ထံသို့ လျှောက်သွားကာ စကားအနည်းငယ် ပြောဆိုပြီး အခြားသူများ၏ အခြေအနေကို မေးမြန်းလိုက်သည်။ ဤတစ်ခါတွင် ရှဲ့အာမန်က ရွှမ်နယဲ့ အဆင့်မြင့် ဘွဲ့ကို ရရှိခဲ့ရုံသာမက ဝမ်အိုကြီး ကလည်း လင်နယဲ့ အဆင့်မြင့် ဘွဲ့ကို တစ်ခါတည်းနဲ့ သိမ်းပိုက်လိုက်သည်။ ဖန့်ကျစ်ရွှယ်တို့မှာလည်း အနည်းငယ် တိုးတက်မှုရှိသော်လည်း ထင်သလောက်တော့ မကြီးမားလှပေ။
“သက်တမ်းရင့် ပုဂ္ဂိုလ်ကြီး တော်တော်များများက လင်နယဲ့ အလယ်ဆင့်မှာပဲ ပိတ်မိနေကြတာ၊ ဝမ်အိုကြီးရဲ့ ပါရမီကတော့ တကယ်ကို အံ့ဩစရာကောင်းတာပဲ။”
“ဒါပေမဲ့ အကြီးဆုံးအစ်မကြီး နဲ့ ယှဉ်ရင်တော့ နည်းနည်းတော့ လျော့နေဦးမှာပဲ။”
ဖန့်ချန်မှာ ထိုသို့ တွေးတောနေသည်။
ထိုအချိန်တွင် အကြီးအကဲငါးပါးမှာ ကျန်းထန်းဝမ် ခန်းမမှ အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ ရှဲ့အာမန်ထံသို့ ချဉ်းကပ်လာပြီး နှုတ်ဆက်ကြသည်။ သူတို့၏ စကားလုံးများတွင် စူးစမ်းလိုသည့် အရိပ်အယောင်များ ပါဝင်နေပြီး ဖန့်ချန်က ကျဲနယဲ့ အဆင့်မြင့် ဘွဲ့ကို ရရှိသွားသည့်အကြောင်းကိုလည်း မတော်တဆလိုလို ထုတ်ဖော် ပြောဆိုလိုက်မိသည်။ ရှဲ့အာမန်နှင့် ဝမ်အိုကြီးတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် အံ့ဩရွှင်လန်းမှုများ ပေါ်ပေါက်လာသည်။
အချိန်များ ကုန်ဆုံးသွားပြီးနောက် သူတော်စင်များအားလုံး စာမေးပွဲ ဖြေဆိုပြီးသွားသည့်အခါ ဖန့်ချန်မှာ လည်ချောင်းကို ရှင်းလိုက်ပြီး ဆန်းနယဲ့အဆင့် အကြောင်းကို ရှင်းပြလိုက်သည်။
အကြီးအကဲငါးပါးမှာ ဖန့်ချန်နှင့်အတူ စာမေးပွဲ ဝင်ဖြေခဲ့သော သက်တမ်းရင့် ပုဂ္ဂိုလ်များကို အလိုအလျောက် လှည့်ကြည့်လိုက်သည်။ သူတို့၏ မျက်ဝန်းထဲတွင် 'ဘာလို့ အရင်က ကြိုမပြောထားတာလဲ' ဟူသည့် အဓိပ္ပာယ်မှာ ရှင်းလင်းစွာ ပေါ်လွင်နေသည်။ ထိုသက်တမ်းရင့် ပုဂ္ဂိုလ်များမှာလည်း အားမလိုအားမရ ဖြစ်စွာဖြင့် ပြောလိုက်သည်။
“အကြီးအကဲငါးပါး၊ ဒါက အရေးကြီးတဲ့ ကိစ္စမို့လို့ အကုန်လုံး စုမိတဲ့အချိန်ကျမှ ဖန့်သူတော်စင်ဘိုးဘေး ကိုယ်တိုင်ပဲ ပြောစေချင်လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ တံခါးပေါက်က သူ့လက်ထဲမှာပဲ ရှိနေတာကိုး။”
အကြီးအကဲငါးပါးမှာ ထိုစကားကို မကျေနပ်သော်လည်း လက်ခံလိုက်ကြသည်။
“ဆန်းနယဲ့အဆင့် ဆိုတာ…… ဒါက ဆန်းနယဲ့အဆင့် ဘွဲ့နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ တကယ့် လျှို့ဝှက်ချက်ပဲ ဖြစ်ရမယ်။”
ဆွေ့ဟွမ်ရွှီမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ရှဲ့အာမန်နှင့် ဝမ်အိုကြီးတို့မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာမှာ အလွန်ပင် နားမလည်နိုင် ဖြစ်နေကြသည်။
“အကြီးဆုံးအစ်မ ဒါက ဘာကိစ္စလဲဆိုတာ အစ်မတို့လည်း မသိဘူးလား”
ဖန့်ချန် အံ့ဩသွားသည်။ သူက ရှဲ့အာမန်နှင့် ဝမ်အိုကြီးတို့အနည်းဆုံးတော့ ဒီကိစ္စကို သိထားလိမ့်မည်ဟု ထင်ထားခဲ့သည်။
ရှဲ့အာမန်မှာ ခေါင်းခါလိုက်သည်။
“မသိဘူး။”
ဝမ်ချုံစန်းက စိတ်ဖြင့် ပြောလိုက်သည်။
“ဒီကိစ္စက ငါတို့ ဖြစ်ပြီးတဲ့နောက်မှ ဖြစ်ပျက်ခဲ့တာ ဖြစ်နိုင်တယ်။”
“ဒါဆိုရင် အကြီးအကျယ် ထွက်ပြေးရတဲ့ ကာလ ပြီးတဲ့နောက်ပိုင်း ကိစ္စပေါ့။”
ဖန့်ချန်မှာ အတွေးနက်သွားသည်။
“ဖန့်သူတော်စင်ဘိုးဘေး၊ ဒီကိစ္စက အတော်လေး ကြီးကျယ်တဲ့ ကိစ္စမို့လို့ သတိထားပြီး ကိုင်တွယ်ဖို့ လိုလိမ့်မယ်။”
အကြီးအကဲငါးပါး၏ အမူအရာမှာ အလွန်ပင် လေးနက်သွားသည်။ သူတော်စင်အသီးသီးတို့မှာလည်း ထိုကိစ္စကို စဉ်းစားရင်း နားမလည်နိုင်မှုများသာ ပို၍ များပြားလာသည်။
“မှန်တယ်၊ မင်းက ကျဲနယဲ့ အဆင့်မြင့် စာမေးပွဲကို ဖြေတုန်းက စာမေးပွဲစစ်ဆေးသူက အရင်မျိုးဆက်က ကျဲနယဲ့ အဆင့်မြင့်ပဲလို့ ပြောခဲ့တယ်နော်။ ဒါဆိုရင် နောက်ပိုင်း ကျဲနယဲ့ အဆင့်မြင့် စာမေးပွဲစစ်ဆေးသူက……”
စီကုကျိမှာ စိုးရိမ်တကြီး မေးလိုက်သည်။
သူတော်စင်များအားလုံးမှာလည်း ထိုစကားကို ကြားလိုက်ရသော် မျက်နှာများ ပျက်ယွင်းသွားကြသည်။ ဖန့်ချန်နှင့်အတူ စာမေးပွဲ ဖြေခဲ့သူများ၏ မျက်ဝန်းထဲတွင်မူ သရော်သော အပြုံးများ ပေါ်ပေါက်လာသည်။
“ဟုတ်တယ်လေ။”
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
“နောက်ပိုင်း စာမေးပွဲစစ်ဆေးသူက ‘ငါ’ ပဲ ဖြစ်မှာ။ မင်းတို့သာ ကြိုးစားပြီး ‘ငါ့’ ကို အနိုင်ယူနိုင်ရင် ကျဲနယဲ့ အဆင့်မြင့် ဘွဲ့ကို ရသွားမှာ ဖြစ်ပြီး နောက်တစ်ယောက် စာမေးပွဲစစ်ဆေးသူလည်း ဖြစ်လာမှာပေါ့။”
“အမလေးကွာ”
အကြီးအကဲငါးပါးမှာ စိတ်ထဲမှ ကြိတ်ဆဲလိုက်မိသည်။ ဤသည်မှာ နိဗ္ဗာန်တားမြစ်နယ်မြေ၏ ကျဲနယဲ့ အဆင့်မြင့် ဘွဲ့အတွက် စံနှုန်းကို ရုတ်တရက်ဆိုသလို အမြင့်ကြီး မြှင့်တင်လိုက်သလို ဖြစ်သွားသည် မဟုတ်ပါလား။ ထိုလူက အမြင့်ဆုံး ရမှတ်ဖြင့် ကျဲနယဲ့ အဆင့်မြင့် ဘွဲ့ကို ရရှိသွားခြင်းမှာ သူ၏ စွမ်းအားမှာ ယခင် စာမေးပွဲစစ်ဆေးသူထက် အဆပေါင်းများစွာ သာလွန်ကြောင်း ပြသနေသည်။ နောင်တွင် ကျဲနယဲ့ အဆင့်မြင့် ဘွဲ့ကို ယှဉ်ပြိုင်လိုသူများအတွက် အခွင့်အရေးမှာ အလွန်ပင် နည်းပါးသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် လေဟာနယ်ထဲမှ အတွင်းကမ္ဘာနယ်မြေ ပုံရိပ်ယောင်ပေါင်း များစွာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
“ဖန့်ချန်၊ ဆန်းနယဲ့အဆင့် အကြောင်းကို အစကနေ အဆုံးထိ ပြန်ပြောပြပေးပါဦး။”
ရှူလုံ ကောင်းကင်အရှင် ၏ အသံမှာ ပေါ်ထွက်လာသည်။
“ခုနကပဲ မဟာမိတ်အဖွဲ့အသီးသီးက သမာဓိခုံရုံး က ကောင်းကင်အရှင်အဆင့် တွေ ရောက်လာကြတယ်။ သူတို့ ကိုယ်တိုင် ကြားချင်နေကြတာ။”
အလွန်မြန်သော အရှိန်ပင်။
ဖန့်ချန်မှာ စိတ်ထဲတွင် အံ့ဩရသည်။ ဒီလောက်ဝေးတဲ့ နေရာကနေ စကားပြောလိုက်တာနဲ့ ရောက်လာကြသည်။ ထိုအရာက သူ့ကို ဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်ခဲ့ရသည့် အချိန်များကို သတိရစေသည်။ ထိုအချိန်တုန်းက ယန်နတ်ဘုရား မှလွဲလျှင် သူ့ထက် မြန်သောသူ မရှိခဲ့ပေ။
ကျောင်းသားများမှာလည်း သမာဓိခုံရုံးမှ ကောင်ူကင်အရှင်များ ရောက်လာပြီဆိုသည်ကို ကြားလိုက်ရသော် ပို၍ပင် ရိုသေလေးစားသွားကြသည်။ ထိုအကြီးအကဲများမှာ တကယ့်ကို တန်ခိုးအာဏာနှင့် အရင်းအမြစ်များ၊ ဆက်သွယ်မှုများ ပြည့်စုံသော အစစ်အမှန် ခေါင်းဆောင်များ ဖြစ်ကြသည်။ မဟာမိတ်အဖွဲ့များ၏ မူဝါဒများကိုလည်း သူတို့ကပင် ချမှတ်ပေးကြရသည်။ သူတို့ နှစ်ပေါင်းများစွာအတွင်း ရရှိခဲ့သော ရှားပါးသည့် ရေများ၊ အသီးများ၊ သွေးများကိုလည်း ဤအကြီးအကဲများကသာ အတည်ပြုပေးခဲ့ကြခြင်း ဖြစ်သည်။
ဖန့်ချန်မှာ ကိစ္စရပ်များကို အစမှအဆုံး ရှင်းပြလိုက်သည်။ ထိုစဉ်အတွင်း အသံတစ်သံ ပေါ်လာသည်။
“အရင် စာမေးပွဲစစ်ဆေးသူက ဘာနဲ့တူလဲ။”
ဖန့်ချန်မှာ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် အသက်ဝင်နေသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။
“ဟုတ်တယ်၊ အဲဒီလို ပုံစံမျိုးပဲ။”
သူနှင့်အတူ စာမေးပွဲ ဖြေခဲ့သူများမှာ ခေါင်းညိတ်လိုက်ကြသည်။ ကောင်းကင်အရှင်များမှာလည်း လျှို့ဝှက်စွာ တိုင်ပင်နေကြပုံရပြီး ခဏအကြာတွင် အသံမှာ ထပ်ပေါ်လာသည်။
“ဆက်ပြောပါ။”
ဖန့်ချန်လည်း ဆက်လက် ပြောပြသည်။ ဆန်းနယဲ့အဆင့် တံခါးပေါက်အကြောင်း ပြောသည့်အခါ အနှောင့်အယှက် ပေးခံလိုက်ရသည်။
“ပြသပေးနိုင်မလား။”
ဤစကားမှာ နေရာရှိ ကျောင်းသားများ အားလုံး၏ စိတ်ထဲရှိ မေးခွန်းပင် ဖြစ်သည်။ ဖန့်ချန်နှင့် အတူဖြေခဲ့သူများမှလွဲလျှင် တံခါးပေါက်ကို မည်သူမျှ မမြင်ဖူးကြသေးပေ။
ဖန့်ချန်မှာ ထိုတံခါးပေါက်ကို စူးစိုက်ကြည့်လိုက်သည်။ ဤတံခါးမှာ သူ စတင်ပြောပြသည့်အချိန်ကတည်းက သူ၏ အမြင်အာရုံထဲတွင် ပျောက်ကွယ်မသွားဘဲ ရှိနေသည်။ သူ စူးစိုက်ကြည့်လိုက်မှသာ တဖြည်းဖြည်း ပုံရိပ် ထင်ရှားလာသည်။
တဖြည်းဖြည်းဖြင့် အနားသတ်များ ပေါ်လာပြီး လူအများ၏ အကြည့်အောက်တွင် ကြီးမားခမ်းနားလှသော တံခါးကြီး ပေါ်ပေါက်လာသည်။
“ဒါက ဆန်းနယဲ့အဆင့် တံခါးပေါက်လား။”
“တံခါးနောက်မှာ ဘာရှိမလဲ။”
“အားလုံးပဲ၊ အခြေအနေကတော့ ဒီအတိုင်းပါပဲ။ ဒီတံခါးကိုတော့ ကျွန်တော် မဖွင့်ကြည့်ရသေးဘူး၊ အထဲမှာ ဘာရှိမလဲဆိုတာလည်း မသိရသေးဘူး။”
ဖန့်ချန်က ဆိုသည်။
“မင်း ခုနက ပြောတယ်မလား၊ အဲဒီ စာမေးပွဲစစ်ဆေးသူက ဆန်းနယဲ့အဆင့် အကြောင်း ပြောပြတုန်းက အသိဉာဏ် ရှိနေတယ်လို့ ”
“ဟုတ်လိမ့်မယ်။”
“ကောင်းပြီ၊ ငါတို့ သိပြီ။ ဒီတံခါးကို အခုလောလောဆယ် မဖွင့်နဲ့ဦး၊ ငါတို့ဆီက သတင်းကို စောင့်နေ။”
“ဒီတစ်ခါ နိဗ္ဗာန်တားမြစ်နယ်မြေထဲမှာ ကျင့်စဉ်ပေးတဲ့ ကျောက်တိုင်ကို ရခဲ့လား။”
ဖန့်ချန် လက်ဝါးကို ဖွင့်ပြလိုက်ရာ ကျောက်တိုင် အသေးစားလေးမှာ လင်းလက်နေသည်။ သူတော်စင်များမှာ ထိုအရာကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ အကြီးအကဲငါးပါးတောင် တံတွေးမျိုချလိုက်ရသည်။ ဤကျောက်တိုင်မှာ ကျဲနယဲ့ အဆင့်မြင့် ဘွဲ့နှင့် ဆက်စပ်နေသဖြင့် နိဗ္ဗာန်တားမြစ်နယ်မြေထဲတွင် အားအကောင်းဆုံး ကျင့်စဉ် ဖြစ်နိုင်ချေရှိသည်။
တစ်ခဏအတွင်းမှာပင် ဖန့်ချန်လက်ထဲမှ ကျောက်တိုင်ကို လုယူရန် ကြိုးစားသည့် အားအချို့ ပေါ်လာသည်။ နောက်ဆုံးတွင် ရှူလုံ ကောင်းကင်အရှင်က ထိုစွမ်းအားများကို မောင်းထုတ်လိုက်သည်။
“အားလုံးပဲ၊ စည်းကမ်းအတိုင်း လုပ်ပါ။”
ခဏရပ်ပြီးနောက်
“ဖန့်ချန်ရဲ့ အတွင်းကမ္ဘာရတနာ လျှောက်ထားမှုကိုလည်း မင်းတို့ အတည်ပြုပေးဖို့ အချိန်တန်ပြီ။”
ဖန့်ချန်၏ အမူအရာမှာ ပြောင်းလဲသွားသည်။