အခန်း ၁၉၈၁
Vol. 133 Ch. 1981
အခန်း(၁၉၈၁) မင်းသမီးယွင်ယန်၏ အလည်ရောက်ရှိမှု
"ငါ ဒီလောက်အလွယ်တကူနဲ့ အဆင့်တက်သွားတာလား" ချူးယွင်ဖန်း မျက်လုံးဖွင့်လိုက်စဉ် သူ၏အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။ ၎င်းသည် သူ စတင်ကျင့်ကြံကတည်းက ကြုံဖူးသမျှတွင် အလွယ်ကူဆုံးသော အဆင့်တက်မှုပင် ဖြစ်သည်။
အတိတ်ကာလတွင်မူ သူ၏အဆင့်တက်မှုတိုင်းသည် ခက်ခဲကြမ်းတမ်းသော သွေးစွန်းသည့် သမိုင်းကြောင်းများဟုပင် ဆိုနိုင်သည်။ အဆင့်တက်တိုင်း လွယ်ကူသည်ဟူ၍ မရှိခဲ့ပေ။ ကျင့်ကြံခြင်းအတွက် အချိန်အကြာကြီး ပြင်ဆင်ထားခဲ့လျှင်ပင် အဆင့်တက်နိုင်ရန် အားအင်အမြောက်အမြား စိုက်ထုတ်ခဲ့ရစမြဲ ဖြစ်သည်။
သို့သော် ယခုမူ မတူတော့ပေ။ သူ မည်သည့်ခံစားချက်မျှပင် မရှိလိုက်ဘဲ သူ့ကို တားဆီးထားသည့် ဖန်ဆင်းရှင် ဒုတိယအဆင့် အတားအဆီးသည် အစအနပင်မကျန် ပျောက်ကွယ်သွားကာ အလွယ်တကူ အဆင့်တက်နိုင်ခဲ့သည်။
"သစ်သားဝိညာဥ်အနှစ်သာရ ဆိုတာ တကယ်ကို နာမည်နဲ့လိုက်ဖက်တာပဲ”
ချူးယွင်ဖန်းသည် သစ်သားဝိညာဉ်အနှစ်သာရ၏ အစွမ်းသတ္တိကို ကြိုတင်သိထားသော်လည်း ဤကဲ့သို့ ထိပ်တန်းကျင့်ကြံရေးပစ္စည်းကို အသုံးပြုဖူးသည်မှာ ယခုပင် ပထမဆုံး ဖြစ်သည်။ ၎င်း၏အာနိသင်မှာ အံ့မခန်းလှပေ။ သူသည် ဖန်ဆင်းရှင်အဆင့် ပထမအဆင့် အထွတ်အထိပ်မှ ဒုတိယအဆင့်သို့ မည်သည့်အခက်အခဲမျှမရှိဘဲ တက်လှမ်းနိုင်ခဲ့သည်။ အတားအဆီးတစ်ခုလေးနှင့်မျှပင် မဆုံတွေ့ခဲ့ချေ။ ၎င်းသည် မကြုံစဖူးသော အတွေ့အကြုံသစ်ဖြစ်ပြီး သစ်သားဝိညာဉ်အနှစ်သာရက မည်မျှအစွမ်းထက်ကြောင်း သက်သေပြနေသည်။
ဤပစ္စည်းသည် အလွန်အမင်း ထူးခြားသည့် ပတ်ဝန်းကျင်များတွင်သာ ထွက်ရှိနိုင်သည်။ သစ်သားစွမ်းအင် အဆမတန် ကြွယ်ဝကာ ကောင်းကင်နှင့် မြေကြီး၏ မမြင်နိုင်သော စွမ်းအားများဖြင့် ပိတ်လှောင်ခံထားရသည့် နေရာများတွင် နှစ်ပေါင်းကုဋေကုဋာကြာ ပြောင်းလဲဖြစ်ပေါ်လာပြီးမှသာ သစ်သားဝိညာဉ်အဆီအနှစ် ဖြစ်လာနိုင်ခြင်း ဖြစ်သည်။
သစ်သားဝိညာဉ်အဆီအနှစ် တစ်စက်တည်းကပင် တန်ဖိုးဖြတ်မရနိုင်ချေ။ သို့သော်လည်း ၎င်းကို ဗြဟ္မာသစ်ပင်နှင့်မူ နှိုင်းယှဉ်၍မရနိုင်ပေ။ အကြောင်းမှာ ဗြဟ္မာသစ်ပင်သည် ဗြဟ္မာသီး များကို အစဉ်တစိုက် ထုတ်ပေးနိုင်သောကြောင့် ၎င်း၏တန်ဖိုးမှာ အဆီအနှစ် တစ်စက်နှင့် နှိုင်းစာ၍မရနိုင်ခြင်း ဖြစ်သည်။
မင်းသမီးကြီးက ဤမျှကောင်းမွန်သော ပစ္စည်းကို တန်စီယုအတွက် ချန်ထားပေးခဲ့ခြင်းမှာ သူမအား နောက်ဆုံးတပည့်အရင်းအဖြစ် အမှန်တကယ် သဘောထားကြောင်း သက်သေပြနေသည်။ မင်းသမီးကြီးက အရင်းအမြစ်များ ထောက်ပံ့ပေးရာတွင် အနည်းငယ်မျှပင် လက်မနှေးခဲ့ပေ။ သူမကဲ့သို့သော ထိပ်တန်းပညာရှင်တစ်ယောက်အတွက်ပင် သစ်သားဝိညာဉ်အဆီအနှစ် တစ်စက်သည် အလွန်အသုံးဝင်လှသည်။
ဤအချက်ကြောင့် ချူးယွင်ဖန်းက မင်းသမီးကြီးအပေါ် မကျေနပ်မှုများမှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။ မင်းသမီးကြီးက သူ့ကို မနှစ်သက်သော်လည်း တန်စီယုအပေါ်တွင်မူ အလွန်ရက်ရောလှသည်။ သူမသည် တန်စီယုအတွက် အခမဲ့ရသကဲ့သို့သော အဖိုးတန်အရင်းအမြစ်များစွာ ပုံအောပေးသည့်အပြင် ကိုယ်တိုင်လည်း လမ်းညွှန်ပြသပေးခဲ့သည်။ မင်းသမီးကြီးက ချူးယွင်ဖန်းကို အထင်သေးသလောက် တန်စီယုကို တန်ဖိုးထားသည်ဟု ဆိုနိုင်သည်။ သူမ၏ တပည့်နှင့် ချူးယွင်ဖန်းတို့ မထိုက်တန်ဟု သူမ ယူဆထားခြင်းမှာလည်း နားလည်ပေးနိုင်စရာပင် ဖြစ်သည်။
သို့သော် ထိုအရာအားလုံးမှာ အတိတ်၌သာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ မင်းသမီးကြီးပင်လျှင် ချူးယွင်ဖန်းကို အမြင်သစ်ဖြင့် ကြည့်ရတော့မည် ဖြစ်သည်။ သူ့ကို အမည်မသိ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဆက်ဆံရန် သူမ မဝံ့ရဲတော့ပေ။
ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် ဖန်ဆင်းရှင် ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက်တွင် သစ်သားဝိညာဉ်အဆီအနှစ်၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ အသုံးပြုရသေးသည်။ မကြာမီပင် သူ၏ကျင့်ကြံမှုသည် ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ ဖန်ဆင်းရှင် တတိယအဆင့်သို့ ရောက်ရှိရန်မှာလည်း အချိန်တစ်ခုသာ လိုတော့သည်။
သူ လိုအပ်သည်မှာ အချိန်သာ ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက် အရှားပါးဆုံးမှာလည်း အချိန်ပင် ဖြစ်သည်။ သူ၏ကျင့်ကြံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း (သူ၏ စွမ်းအားတိုးတက်လာမှုကို သိသိသာသာ ခံစားနေရသော်လည်း) နောက်တစ်ဆင့်သို့ တက်လှမ်းရန် အနည်းဆုံး လဝက်ခန့် လိုအပ်ဦးမည် ဖြစ်သည်။
ဤအရှိန်မှာ အလွန်ပင် မြန်ဆန်လှသော်လည်း ချူးယွင်ဖန်း၏ လိုအပ်ချက်ကိုမူ မမီနိုင်သေးပေ။ အကြောင်းမှာ နောက်ထပ် သုံးရက်အတွင်း သူသည် နတ်အင်မော်တယ်တောင်တန်းမှနှင်ထုတ်ခံရတော့မည် ဖြစ်သောကြောင့်ပင်။ ဤတောင်မှာ မင်းသမီးကြီး၏ နယ်မြေဖြစ်သဖြင့် ပြင်ပလူတစ်ယောက် အချိန်ကြာကြာ နေထိုင်ရန် မသင့်တော်ပေ။
မဟုတ်သေး၊ တိတိကျကျ ပြောရလျှင် နှစ်ရက်သာ ကျန်တော့သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုမှာ ဖန်ဆင်းရှင် ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သော်လည်း တစ်ရက်ကျော် အချိန်ကုန်သွားခဲ့ပြီ ဖြစ်သည်။
သူ့တွင် အချိန်များများစားစား မကျန်တော့ပေ။
ဘာဖြစ်မလဲ ကြည့်ရသေးတာပေါ့ ချူးယွင်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။
သူ့အတွက်မူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စိုးရိမ်စရာမလိုပေ။ ထိုလူများ သူ့ကို သတ်ရန်မှာ မဖြစ်နိုင်ချေ။ ၎င်းတို့က တောင်မြစ်ပန်းချီကား၏ ခံစစ်ကို ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။ ထို့ပြင် ကျယ်ပြောလှသော ကမ္ဘာလောကကြီးထဲတွင် ထိုပန်းချီကားမှ ဖန်တီးထားသော အမှုန်အမွှားလေးကို ရှာဖွေတွေ့ရှိရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။
သို့သော် ၎င်းမှာ သူ၏ ပန်းတိုင်မဟုတ်ပေ။ ထိုလူများသည် သူ့ကို ဝိုင်းရံသတ်ဖြတ်ရန် ကြိုးစားနေကြသဖြင့် သူကလည်း ၎င်းတို့ကို ပြန်သတ်ရန် ဆန္ဒရှိနေသည်။ သူသတ်ခဲ့သော လူများကို နောက်ဆုတ်ရန် အခွင့်အရေး ပေးခဲ့သော်လည်း ၎င်းတို့က မင်းသမီးကြီးနှင့် ပတ်သက်မှုရှိခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများကြောင့် မျက်စိကွယ်နေခဲ့ကြသည်။ အထူးသဖြင့် သူ့ကို ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားရန် ကြိုးစားခဲ့သော လီချန်းယွမ် ကိုမူ သူ လွှတ်ပေးမည် မဟုတ်ပေ။ ၎င်းမှာ သူတို့ဘာသာ ရှာခဲ့သော အကျိုးဆက်သာ ဖြစ်သည်။
ချူးယွင်ဖန်း အလဟဿ စောင့်ဆိုင်းမနေခဲ့ပေ။ နာရီဝက်ခန့် ကြာပြီးနောက် မင်းသမီး ယွင်ယန်သည် ချူးယွင်ဖန်း၏ နေအိမ်သို့ရောက်ရှိလာသည်။
"ကျွန်တော် အကူအညီတောင်းထားတဲ့ ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီလား မင်းသမီး" သူ့ မျက်လုံးများ တောက်ပသွားသော်လည်း သူ၏ အမူအရာမှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။
"ရှင် စိတ်ပျက်အောင် ကျွန်မ မလုပ်ခဲ့ပါဘူး" မင်းသမီး ယွင်ယန်က ခေါင်းညိတ်ပြလိုက်၏။
"ရှင် လိုချင်တဲ့ ဆေးဖက်ဝင်အပင်တွေ အားလုံး ဒီမှာပါ"
ချူးယွင်ဖန်းက အိတ်ကို အမြန်ဖွင့်လိုက်ပြီးနောက် စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။ မင်းသမီး ယွင်ယန်က ကတိအတိုင်း အမှန်တကယ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းတို့သည် သူ အတိအကျ လိုအပ်နေသော ဆေးပင်များ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် မင်းသမီး" ချူးယွင်ဖန်းက လက်အုပ်ချီကာ ဂါရဝပြု နှုတ်ဆက်လိုက်သည်။
"ရပါတယ်၊ ဒါက အပြန်အလှန် အကျိုးရှိဖို့ပဲလေ။ ရှင်က လီချန်းယွမ်ကို ဖယ်ရှားပေးပြီး အိမ်ရှေ့မင်းသားရဲ့ လက်ရုံးတစ်ဖက်ကို ဖြတ်တောက်ပေးခဲ့တာပဲ။ ဒါက ကျွန်မအတွက်တော့ ကိစ္စအသေးအမွှားလေးပါ"
မင်းသမီး ယွင်ယန်က စကားကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ ဤဆေးပင်များသည် အဖိုးတန်သော်လည်း ချူးယွင်ဖန်းက အိမ်ရှေ့မင်းသား၏ လက်ရုံးကို ဖြတ်တောက်ပေးခဲ့ခြင်းကြောင့် သူမရရှိခဲ့သော အကျိုးအမြတ်များနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။ လီချန်းယွမ်၏ အစွမ်းသည် အိမ်ရှေ့မင်းသားအဖွဲ့တွင် အင်အားအကြီးဆုံး မဟုတ်သော်လည်း ပါရမီရှင်စာရင်း ၌ နံပါတ်တစ် ဖြစ်ခြင်းကပင် အိမ်ရှေ့မင်းသားအတွက် နောက်လိုက်ကောင်းများစွာ ဆွဲဆောင်နိုင်ရန် လုံလောက်နေခဲ့သည်။ ထို့ပြင် နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် လီချန်းယွမ်သည် ကမ္ဘာပေါ်တွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာမည်မှာလည်း သံသယဖြစ်ဖွယ် မရှိပေ။
မင်းသားနှင့် မင်းသမီး အများအပြားသည် လီချန်းယွမ်ကို သူတို့ဘက်ပါအောင် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ချေ။ သူမ တစ်ယောက်တည်းသာ ချူးယွင်ဖန်း၏ လက်မှတစ်ဆင့် အောင်မြင်ခဲ့ခြင်း ဖြစ်သဖြင့် သူမသည် အလွန်ပင် ပျော်ရွှင်နေမိသည်။
"ဟုတ်ပါတယ်၊ ကျွန်တော် လီချန်းယွမ်ကို သတ်ခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒါက မင်းသမီးနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက အငြိုးဟောင်းတွေကြောင့်ပါ" ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
မင်းသမီး ယွန်းယန်က သူ့ကို စည်းရုံး၍ သူမအတွက် အလုပ်လုပ်စေချင်နေသည်ကို သူ မည်သို့ မသိဘဲ နေမည်နည်း။ သို့သော် ချူးယွင်ဖန်းက ဤနန်းတွင်းရေးရာများတွင် ပါဝင်ပတ်သက်ရန် စိတ်မဝင်စားသဖြင့် ရောယှက်ခြင်း မခံလိုပေ။
"မင်းသမီးကို ဒုက္ခပေးလိုက်ရပြီ၊ ဒါပေမဲ့ ကျွန်တော့်မှာ ပြန်ပေးစရာ သိပ်မရှိဘူး။ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီကျမ်းစာအုပ်ကို လက်ခံပေးပါ" ချူးယွင်ဖန်းက လက်ဝှေ့ယမ်းလိုက်ရာ ရွှေရောင်စာအုပ်တစ်အုပ်သည် လေထဲတွင် ပေါ်လာပြီး မင်းသမီး၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။
--