← Chapters

အခန်း ၁၉၈၃

Vol. 133 Ch. 1983

အခန်း ၁၉၈၃

Vol. 133 Ch. 1983

အခန်း(၁၉၈၃) ယခင် ပါရမီရှင်ထွက်ပေါ်လာခြင်း

"သူပဲ"

"သုံးရက်ပြည့်ပြီ။ သူ တကယ်ထွက်လာတာပဲ"

"ကြယ်ကြွေကောင်းကင်ဂိုဏ်းက တခြားလူတွေရော ဘယ်မှာလဲ"

"ဟိုမှာတွေ့ပြီ သူတို့က တခြားဘက်ကနေ ဖောက်ထွက်သွားကြပြီ"

"သူတို့ကို ထားလိုက်စမ်းပါ။ သူတို့က အရေးမကြီးဘူး။ အခုသတင်းသွားပို့ရင်တောင် နောက်ကျသွားပြီ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက ပညာရှင်တွေ ရောက်လာတဲ့အချိန်ကျရင် အားလုံးပြီးသွားပြီ ဖြစ်လိမ့်မယ်"

"မှန်တယ်။ ဒါပေမဲ့ ငါတို့ ချူးယွင်ဖန်းကို အမြန်ဆုံး အပြတ်ရှင်းရမယ်။ ဒီနေရာက ကုန်းမကြီးနဲ့ အရမ်းနီးတယ်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက သတင်းရတာနဲ့ ချက်ချင်း ရောက်လာကြလိမ့်မယ်"

"ရပါတယ်။ အချိန်ကတော့ လုံလောက်မှာပါ"

ချူးယွင်ဖန်း ပေါ်လာခြင်းမှာ ယမ်းအိုးကြီးတစ်လုံးကို မီးရှို့လိုက်သကဲ့သို့ပင် လူတိုင်း စိတ်လှုပ်ရှားမှုဖြင့် ဆူညံပွက်လောရိုက်သွားကြသည်။ ပညာရှင်များစွာမှာ ဤသုံးရက်လုံးလုံး စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ချူးယွင်ဖန်း ပေါ်လာခဲ့ပြီဖြစ်၍ မလိုမုန်းထားသော အကြည့်များနှင့် ကြောက်မက်ဖွယ်ရာ ဖိအားများသည် သူ့ကို ဝန်းရံထားပြီး စကားတစ်ခွန်း ပြောလိုက်ရုံနှင့်ပင် သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မည့်အတိုင်း ဖြစ်နေသည်။

"မင်းတို့ ငါ့ကို သတ်ချင်နေတာ မဟုတ်လား ရောက်နေမှတော့ ဘာလို့ ပုန်းနေတာလဲ ထွက်လာခဲ့ကြလေ"

ချူးယွင်ဖန်းက ပြုံးလိုက်သည်။

"မင်းတို့ ထွက်မလာဘူးဆိုရင်တော့ ငါ သွားတော့မယ်" ဟု ဆိုကာ ထွက်ခွာတော့မည့်ဟန် ပြုလိုက်သည်။

ထိုစဉ် ရုတ်တရက် ကောင်းကင်ယံမှ နတ်ဆိုးအလင်းတန်းများ ကျဆင်းလာသည်။ ထိုအလင်းတန်းများ၏ နောက်ကွယ်တွင် လူသတ်ရန် ဝန်မလေးသော အစွမ်းထက် နတ်ဆိုးကျင့်ကြံသူများနှင့် နတ်ဆိုးများရှိနေကြသည်။

"မီးတောက်နီနတ်ဆိုးဂိုဏ်းပဲ"

ထိုအလင်းတန်းများကို မြင်သည်နှင့် ချူးယွင်ဖန်း မျက်မှောင်ကြုတ်သွားသည်။ အနည်းဆုံး ဖန်ဆင်းရှင်ပဥ္စမအဆင့်ရှိသော ပညာရှင် (၂၀) ကျော်ရှိနေပြီး၊ ၎င်းတို့ထဲတွင် ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်သို့ ရောက်နေသူများကိုပင် သူ မြင်လိုက်ရသည်။

"မင်းက ထွက်သွားချင်တာလား အဲ့ဒီလောက် မလွယ်ပါဘူး။ မင်း ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းတပည့်ကို သတ်ခဲ့တယ်။ ဒီနေ့တော့ မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်" မီးတောက်နီနတ်ဆိုးဂိုဏ်း အကြီးအကဲတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

"အဲ့ဒါကတော့ ခင်ဗျားတို့မှာ အဲ့ဒီလောက် အရည်အချင်း ရှိမရှိအပေါ်မှာပဲ မူတည်လိမ့်မယ်" ချူးယွင်ဖန်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။

မီးတောက်နီနတ်ဆိုးဂိုဏ်းမှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများ လေထဲသို့ ရောက်ရှိလာပြန်သည်။ ၎င်းတို့မှာ နတ်ဓားဂိုဏ်းမှ ပညာရှင်များ ဖြစ်ကြသည်။ ထိပ်တန်းပညာရှင် (၂၀) ကျော် ပါဝင်ပြီး သာမန် ဖန်ဆင်းရှင်အဆင့်ရှိသူ တစ်ယောက်မှ မပါချေ။ ချူးယွင်ဖန်းက လီချန်းယွမ်ကို သတ်ခဲ့သူဖြစ်သဖြင့် အလွန်အစွမ်းထက်ကြောင်း လူတိုင်းသိထားကြရာ သာမန်ပညာရှင်များမှာ သူ့အတွက် ပြိုင်ဘက်မဟုတ်ကြောင်း သူတို့ နားလည်ထားကြသည်။

ထိုပညာရှင် (၂၀) ခန့်သည် ကြောက်မက်ဖွယ်ကောင်းသော ဓားသိုင်းအငွေ့အသက်များကို ပိုင်ဆိုင်ထားကြပြီး၊ သူတို့တစ်ဦးချင်းစီ၏ ဓားနယ်ပယ် များမှာ ကောင်းကင်ယံကိုပင် ချေမှုန်းနိုင်မည့်အတိုင်း ရှိနေသည်။

၎င်းတို့၏နောက်တွင် ပင်လယ်ပြင်ထဲမှ လူရိပ်များ တက်လာကြသည်။ ထိုလူရိပ်များသည် တစ်ကိုယ်လုံး အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့မှာ လူသားများမဟုတ်ဘဲ ပင်လယ်မျိုးနွယ်စု များ ဖြစ်ကြသည်။

ချူးယွင်ဖန်း၏ ပထမဆုံးအတွေးမှာ ပင်လယ်မင်းသား ကို သတ်ခဲ့သည့်ကိစ္စ ပေါ်သွားပြီလားဟူ၍ ဖြစ်သည်။ သို့သော် ပြန်စဉ်းစားကြည့်သည့်အခါ ၎င်းမှာ မဖြစ်နိုင်ကြောင်း သူသိလိုက်သည်။ အကယ်၍ ထိုကိစ္စပေါ်သွားလျှင် ယခုထက် ပိုမိုများပြားသော အင်အားစုများ ရောက်လာမည် ဖြစ်သည်။ ဤသည်မှာ ပင်လယ်မျိုးနွယ်စုများက တရှပြည်ထောင်၏ လူငယ်ပါရမီရှင်များကို သတ်ဖြတ်ရန် အခွင့်အရေးယူခြင်းသာ ဖြစ်ပေလိမ့်မည်။ တရှသည်နတ်ဆိုးများနှင့်သာမက ပင်လယ်မျိုးနွယ်စုများနှင့်လည်း ရန်ငြိုးကြီးမားလှသည်။

အတိတ်ကာလတွင် ပါရမီရှင်စာရင်း ၌ ထိပ်ဆုံးမှရှိသူကို အမြဲတမ်း အထူးကာကွယ်ပေးထားတတ်သည်။ ပင်လယ်မျိုးနွယ်စုများက သတ်ဖြတ်ချင်လျှင်ပင် အခွင့်အရေးရရန် ခက်ခဲလှသဖြင့် ယခုကဲ့သို့ လူသိရှင်ကြား လာရောက်လုပ်ကြံခြင်းမျိုးမှာ တစ်ခါမျှ မရှိခဲ့ဖူးချေ။ သို့သော် ယခုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကိုမူ ပင်လယ်မျိုးနွယ်စုများက လက်လွတ်ခံမည် မဟုတ်ပေ။

၎င်းတို့နောက်ကွယ်တွင် အလွန်ကြမ်းတမ်းသော အငွေ့အသက်များရှိသည့် လူ (၁၀) ယောက်ကျော် အဝေးမှ ပေါ်လာပြန်သည်။ ထိုလူများသည် လူသားခန္ဓာကိုယ်ရှိသော်လည်း ဦးခေါင်းမှာ ကျားဖြူ ဦးခေါင်းများ ဖြစ်နေကြသည်။ သူတို့မှာ တောင်ပံပါကျားမျိုးနွယ် မှ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ချူးယွင်ဖန်းကို နာကျည်းမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ ချူးယွင်ဖန်းသာ မရှိလျှင် သူတို့မျိုးနွယ်စုသည် ဤမျှ ပညာရှင်များစွာ ဆုံးရှုံးရမည်မဟုတ်ပေ။ မျိုးနွယ်စု၏ မျှော်လင့်ချက်ဖြစ်သော လူငယ်ခေါင်းဆောင် ကျားပျံ သာမက မွေးနေ့ပွဲသို့ လာရောက်ခဲ့သော ထိပ်တန်းပညာရှင်များပါ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၎င်းတို့က မင်းသမီးကြီးကို ဒေါသပုံမချဝံ့သဖြင့် အားနည်းသည်ဟု ထင်ရသော ချူးယွင်ဖန်းကိုသာ ပစ်မှတ်ထားလာကြခြင်း ဖြစ်သည်။

"အင်အားက တော်တော်တောင့်တာပဲ။ ငါ့ကိုသတ်ဖို့ မင်းတို့ တကယ်ကို ဦးနှောက်သုံးခဲ့ကြတာပဲ" ရှေ့မှ ပညာရှင်များကို ကြည့်ရင်း ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

ရှေ့မှ ပညာရှင်အင်အားစုမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ ဤမျှအင်အားသည် ပထမတန်းစား အဖွဲ့အစည်းတစ်ခုကို ဖျက်ဆီးရန် လုံလောက်လှသည်။ ဤလောကတွင် ဂိုဏ်းကြီး (၁၀) ဂိုဏ်းကဲ့သို့ အင်အားကြီးအဖွဲ့အစည်းများမှလွဲ၍ မည်သူကမျှ ဤဝိုင်းရံမှုကို ခုခံနိုင်မည် မဟုတ်ပေ။

"ချူးယွင်ဖန်း မင်းနာမည်ကို ငါတောင် ကြားဖူးတယ်။ ကံဆိုးတာကတော့ မင်း ဒီနေ့ သေရတော့မှာပဲ"

ရုတ်တရက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ရှေ့သို့ လှမ်းထွက်လာသည်။ သူသည် ချူးယွင်ဖန်းကို မလိုတမာကြည့်ကြလျက် တစ်ချိန်တည်းမှာပင် မာနထောင်လွှားသော အမူအရာကို ပြသနေသည်။

"လောကမှာ နံပါတ်တစ်ဆိုတာက တောင်ပေါ်မှာ ကျားမရှိလို့ မျောက်မင်းလုပ်နေတာပါပဲ။ မင်းက ပါရမီရှိတယ်ဆိုပေမဲ့ မင်းရဲ့ဒဏ္ဍာရီက ဒီနေ့မှာပဲ အဆုံးသတ်သွားတော့မှာပါ"

လူအများက ထိုလူ မည်သူဖြစ်ကြောင်းကို အံ့သြတကြီး ဆွေးနွေးလာကြသည်။ ဤမျှ မာနကြီးစွာ ပြောဆိုဝံ့သူမှာ မည်သူနည်း။

"လီဝေယွမ်လား ဟုတ်တယ်၊ သူပဲ" တစ်စုံတစ်ယောက်က ထိုလူငယ်ကို မှတ်မိသွားသောအခါ လူအုပ်ကြီးမှာ ဟိုးဟိုးကျော် သွားတော့သည်။

"ဒါ အရင် ပါရမီရှင်စာရင်းက လီမျိုးနွယ်စုရဲ့ ပါရမီရှင် မဟုတ်လား သူက လောကအနှံ့ လှည့်လည်သွားနေတယ်လို့ ကြားထားတာ။ သူ ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ချူးယွင်ဖန်းကို သတ်ဖို့အတွက် လီဝေယွမ်ကိုတောင် ပြန်ခေါ်လိုက်တာလား။ လီမျိုးနွယ်စုကတော့ သူ့ကို သတ်ဖို့ တကယ်ကို ဆုံးဖြတ်ထားတာပဲ"

"ဟုတ်တယ်။ လီဝေယွမ်က အရင် ပါရမီရှင်စာရင်းမှာ နာမည်ကြီးခဲ့သူပဲ။ သူ့ရဲ့ကျော်ကြားမှုက လီချန်းယွမ်ကို မမီပေမဲ့၊ သူကျင့်ကြံခဲ့တဲ့ သက်တမ်းက ချူးယွင်ဖန်းနဲ့ အများကြီး ကွာတယ်။ ချူးယွင်ဖန်းတော့ သေဖို့သာ ပြင်ထားတော့"

"ဒါက တကယ်ကို လွတ်လမ်းမရှိတဲ့ ပိုက်ကွန်ကြီးပါပဲ။ ချူးယွင်ဖန်း ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်တော့ဘူး"

လူအများက ထိုလူ၏ နောက်ခံကို ဖော်ထုတ်ရင်း တတွတ်တွတ် ပြောဆိုနေကြသည်။

ချူးယွင်ဖန်းနှင့် လီချန်းယွမ်တို့ ပါဝင်သော ပါရမီရှင်စာရင်းမှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း မဟုတ်ပေ။ အမှန်စင်စစ် ယခင်ကလည်း စာရင်းများစွာ ရှိခဲ့ဖူးပြီး တစ်ခုချင်းစီတွင် လက်ရှိ လောကရှိ သူရဲကောင်းများ ပါဝင်ခဲ့ကြသည်။

လီချန်းယွမ်နှင့် ချူးယွင်ဖန်းတို့က ယခုနှစ် ပါရမီရှင်စာရင်းတွင် အကောင်းဆုံးများ ဖြစ်ကြသော်လည်း၊ သူတို့ မပေါ်လာခင်က လီဝေယွမ်တို့၏ လောက ဖြစ်ခဲ့သည်။ လီချန်းယွမ်တို့ ပေါ်လာသောအခါ လူအများက လူသစ်များကိုသာ အာရုံစိုက်လာကြပြီး သူတို့ကို မေ့လျော့သွားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ ထိုလူများ သေဆုံးသွားခြင်းကို ဆိုလိုသည်မဟုတ်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသူများသည် တစ်ဦးချင်း တိတ်တဆိတ် ကျင့်ကြံနေကြပြီး သူတို့၏ စွမ်းအားမှာ ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းလှသည်။

လီဝေယွမ်ကဲ့သို့ ယခင်စာရင်းတွင် ထိပ်တန်းမှ မဟုတ်ခဲ့သူပင်လျှင် လက်ရှိ ပါရမီရှင်စာရင်းမှ လူများထက် အဆမတန် သာလွန်သော အားသာချက်များကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

--

All Chapters