အခန်း ၁၉၈၉
Vol. 133 Ch. 1989
အခန်း(၁၉၈၉) တစ်ဦးတည်း၏ လက်ချက်ဖြင့် သုတ်သင်ခံရခြင်း
ချူးယွင်ဖန်း၏ ကိစ္စကြောင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းအတွင်း၌ ဆူညံပွက်လောရိုက်နေကြစဥ် နတ်အင်မော်တယ်တောင်ကြား ပတ်လည်ရှိ အရှေ့ပင်လယ်ပြင်၌မူ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုကြီးမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
ချူးယွင်ဖန်းက လူအုပ်ကြီး၏ တိုက်ခိုက်မှုများကြားထဲသို့ အလွယ်တကူ တိုးဝင်လိုက်၊ ထွက်လိုက်ဖြင့် မွှေနှောက်နေသည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင် ကမ္ဘာတစ်ဝန်းလုံးမှ ရောက်လာကြသော ဖန်ဆင်းရှင်အဆင့် ပညာရှင် ၂၀ နီးပါးမှာ ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးမှာ မည်သည့်အင်အားစုအတွက်မဆို အပြင်းအထန် ထိခိုက်နာကျင်စေသော ဒဏ်ရာကြီးတစ်ခု ဖြစ်သည်ဟု ပြောနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤသူများအားလုံးမှာ ထိပ်တန်း ဖန်ဆင်းရှင်အဆင့် ပညာရှင်များ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့် ပညာရှင် ၁၀ ယောက်ရှိလျှင်ပင် ဖန်ဆင်းရှင် ပဥ္စမအဆင့် သို့မဟုတ် ဆဠမအဆင့်သို့ ရောက်ရှိနိုင်သူ တစ်ယောက်ပင် ရှိချင်မှ ရှိလိမ့်မည်။ ၎င်းတို့အနက်မှ တစ်ဦးစီသည် မိမိတို့အဖွဲ့အစည်း၏ ထောက်တိုင်ကဲ့သို့သော တည်ရှိမှုများ ဖြစ်ကြသည်။ အကယ်၍ သာမန်အင်အားစုငယ်လေးတစ်ခုသာဆိုပါက ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးသည် ဂိုဏ်းပျက်စီးခြင်းကိုပင် ကြေညာနိုင်ပေသည်။
အင်အားစုအသီးသီးက ဆုံးရှုံးမှုကို မျှဝေခံစားခဲ့ကြရသည်ဆိုသော်လည်း ၎င်းက သူတို့ကို ရင်ကွဲမတတ် ခံစားရစေဆဲ ဖြစ်သည်။ ဤအင်အားစုများ၏ ခေါင်းဆောင်များသည် ဒေါသတကြီးဖြင့် ခြေဆောင့်နေကြသော်လည်း ချူးယွင်ဖန်း၏ လျှပ်စီးကဲ့သို့ မြန်ဆန်လှသောအရှိန်ကိုမူ မတားဆီးနိုင်ခဲ့ကြချေ။
ဤကျွမ်းကျင်သူများထဲတွင် ဖန်ဆင်းရှင် သတ္တမအဆင့် ပညာရှင်များလည်း အနည်းငယ် ပါဝင်နေသည်။ အင်အားစုအသီးသီး၏ ခေါင်းဆောင်များသည် ဖန်ဆင်းရှင်အထွတ်အထိပ်အဆင့်သို့ပင်
ရောက်ရှိနေကြသူများ ဖြစ်သည်။ လက်ရှိတွင် ချူးယွင်ဖန်းအနေဖြင့် ထိုကဲ့သို့သော တည်ရှိမှုမျိုးကို ရင်ဆိုင်ရန် မပြိုင်နိုင်သေးဘဲ အားနည်းချက် ဖြစ်နေပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းက ချောမွတ်နေသော ငါးရှဥ့်တစ်ကောင်ကဲ့သို့ ၎င်းတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက် လုံးဝမရှိချေ။ သူသည် ၎င်းတို၏ အားနည်းချက်များကိုသာ သီးသန့်ရွေးချယ်၍ ကိုင်တွယ်နေခြင်း ဖြစ်သည်။
မည်သူကပင် ကြည့်ပါစေ၊ ဖန်ဆင်းရှင် ပဥ္စမအဆင့် ပညာရှင်တစ်ဦးသည် အားနည်းချက်တစ်ခု လုံးဝမဟုတ်ပေ။ ဤလောကတွင် ဖန်ဆင်းရှင် ပဥ္စမအဆင့် ပညာရှင်ဟူသည်မှာ ပညာရှင်များထဲမှ ပညာရှင်များ ဖြစ်ကြသည်။ သို့သော် ယခုမူ ချူးယွင်ဖန်း ရှေ့တွင် ထိုထိပ်တန်းပညာရှင်များသည် သူတို့၏ အားနည်းချက် ဖြစ်လာခဲ့ရသည်။
မကြာမီမှာပင် ပဥ္စမအဆင့် ပညာရှင်များသာမက ဆဠ မအဆင့် ပညာရှင်များပင် ချူးယွင်ဖန်း၏ ပြိုင်ဘက်မဟုတ်ကြောင်း ၎င်းတို့သိလိုက်ရသည်။
၎င်းမှာ လုံးဝကို အပြတ်အသတ် အနိုင်ယူနေခြင်း ဖြစ်သည်။ ပဥ္စမအဆင့်ပညာရှင်တစ်ဦးသည် ချူးယွင်ဖန်း၏ ဓားတစ်ချက်ကိုပင် မခုခံနိုင်သကဲ့သို့ ဆဠမအဆင့် ပညာရှင်တစ်ဦးအတွက်လည်း အတူတူပင် ဖြစ်သည်။ သူတို့သည် ချူးယွင်ဖန်း၏ ပြိုင်ဘက် လုံးဝမဟုတ်ကြချေ။
သမုဒ္ဒရာလှန်ဓား၏ ပံ့ပိုးမှုကြောင့် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ ပိုမိုမြင့်မားလာခဲ့သည်။ သူ့ကို ခဏမျှ တားဆီးနိုင်သော သတ္တမအဆင့် ပညာရှင်မှလွဲ၍ ကျန်လူများမှာ သူ၏ပြိုင်ဘက် မဟုတ်ကြချေ။ သူသည် တစ်ကိုယ်တော်တည်းဖြင့် လူတိုင်းကို ဆုတ်ခွာသွားအောင် ဖိအားပေးနေခြင်း ဖြစ်သည်။
"တောက်… ချူးယွင်ဖန်း မင်းမှာ ငါတို့ကို ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ သတ္တိမရှိဘူးလား" တောင်ပံပါကျားမျိုးနွယ် ၏ ခေါင်းဆောင်က ဒေါသအမျက်ချောင်းချောင်းထွက်လျက် အော်ဟစ်လိုက်သည်။
သူတို့ တောင်ပံပါကျားမျိုးနွယ်မှ ပညာရှင်အများအပြားမှာ ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးသည် တောင်ပံပါကျားမျိုးနွယ်အနေဖြင့် လူသားများနှင့် နတ်ဆိုးများကြား ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်းမှာပင် တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ သူသည် ချူးယွင်ဖန်းကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသူ ဖြစ်သည်။ ချူးယွင်ဖန်းသာ ခဏမျှ ရပ်တန့်သွားပါက သေဆုံးသွားပေလိမ့်မည်။ ချူးယွင်ဖန်းသာ ခဏမျှ တုံ့ဆိုင်းသွားပါက ဘက်ပေါင်းစုံမှ ပညာရှင်များ အချိန်မီ ရောက်ရှိလာကြလိမ့်မည်။ သို့သော် သူက သူတို့၏ အစီအစဉ်များကို ကြိုတင်သိနေသကဲ့သို့ တစ်စက္ကန့်မျှပင် ရပ်တန့်ခြင်းမရှိချေ။ ကျန်ရှိနေသော အဆင့်မြင့် ပညာရှင်များသည် သူ့ကို မတားဆီးနိုင်ကြချေ။ အစွမ်းချင်း ကွာဟချက်က ကြီးမားလွန်းလှသည်။
ချူးယွင်ဖန်း၏ လက်ထဲမှ သမုဒ္ဒရာလှန်ဓားသည် လွန်စွာ ထက်မြက်လှသည်။ ဤ ပဥ္စမအဆင့်နှင့် ဆဠမအဆင့် ပညာရှင်များတွင် မည်မျှပင် နည်းဗျူဟာများ ရှိနေစေကာမူ ချူးယွင်ဖန်း၏ ပြိုင်ဘက် မဖြစ်နိုင်ကြချေ။ ဓားတစ်ချက်တည်းဖြင့် လူတစ်ယောက်ကို သတ်ဖြတ်ခြင်းဟူသည်မှာ သူတို့ တစ်ခါမျှ မတွေးဝံ့ခဲ့ဖူးသော အရာမျိုး ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့်ထက် ကျော်လွန်သွားသော ကျွမ်းကျင်သူကြီးတစ်ဦးသာလျှင် ဤကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်သည်။
သို့သော် ချူးယွင်ဖန်းသည် အထူးခြားဆုံး တစ်ယောက် ဖြစ်နေသည်။ သူသည် ဖန်ဆင်းရှင်အဆင့်ကို မကျော်လွန်သေးသော်လည်း၊ သူ၏ သေစေနိုင်စွမ်းမှာ အဆင့်တူ ပညာရှင်များထက် များစွာ သာလွန်နေသည်။ ထို့အပြင် ချူးယွင်ဖန်း၏ အရှိန်မှာလည်း လွန်စွာ ထိတ်လန့်စရာ ကောင်းလှသည်။ အရှိန်နှုန်းကြောင့် နာမည်ကြီးလှသော တောင်ပံပါကျားမျိုးနွယ်ပင်လျှင် သူ့ကို လိုက်မမီနိုင်ကြချေ။
၎င်းတို့၏ အစွမ်းမှာ ချူးယွင်ဖန်းထက် သိသိသာသာ သာလွန်နေသော်လည်း၊ သူတို့၏ အရှိန်မှာမူ ပို၍ နှေးကွေးနေသည်။
၎င်းတို့က လူအင်အားနှင့် ခွန်ာအးပိုင်းတွင် အသာစီးရနေသည်မှာ ထင်ရှားသော်လည်း ယခုအချိန်ထိ ချူးယွင်ဖန်းကို မည်သို့မျှ မထိခိုက်စေနိုင်ကြသေးပေ။ ထို့အပြင် ချူးယွင်ဖန်း၏ ရိုက်နှက်မောင်းထုတ်ခြင်းကို ခံလိုက်ရပြီးနောက် ဝိုင်းရံမှုအတွင်းမှ လွတ်မြောက်လုနီးပါးဖြစ်နေသည်။ ၎င်းတို့က ဤမျှ သိက္ခာကျစရာကောင်းသော တိုက်ပွဲမျိုးကို တစ်ခါမျှ မတိုက်ခိုက်ခဲ့ဖူးကြပေ။ ထိပ်တန်းပညာရှင်များဖြစ်သည့် ၎င်းတို့ကို ဤကဲ့သို့သော အခြေအနေမျိုးအထိ မည်သူမျှ ဖိအားမပေးနိုင်ခဲ့ကြဖူးချေ။ ၎င်းမှာ ချူးယွင်ဖန်းက သူတို့ကို လက်ဖဝါးထဲတွင် ထည့်၍ ကစားနေသကဲ့သို့ပင် ဖြစ်နေသည်။
သို့သော်လည်း စည်းမျဉ်းစည်းကမ်းအတိုင်း မကစားသော ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ သူတို့တွင် ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိချေ။ စိတ်တိုဒေါသထွက်၍ စိုးရိမ်တကြီး ဖြစ်နေရသူများသာ ထပ်ခါတလဲလဲ အော်ဟစ်နေကြရသည်။
"ဟားဟားဟားဟား” ချူးယွင်ဖန်းက ထိုအရာများကို လုံးဝ ဂရုမစိုက်ချေ။ သူသည် ကောင်းကင်ယံသို့ ကြည့်ကာ ရယ်မောလိုက်ပြီး စစ်တလင်းပေါ်တွင် ဆက်လက်၍ ခုန်ပျံလှုပ်ရှားနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် တောင်ပံပါကျားတစ်ကောင်ကို ကိုယ်တစ်ပိုင်း ဖြတ်တောက်ပစ်လိုက်ပြန်သည်။
ထိုသို့ သတ်ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုပေါင်းစုံမှာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။ သူ၏ ဦးခေါင်းထက်မှ တောင်မြစ်ဆေးအိုးကြီးမှာ ပြင်းထန်စွာ လည်ပတ်သွားပြီး လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ချူးယွင်ဖန်းက အခြေအနေတစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ သူသည် အစောပိုင်းကလည်း တိုက်ခိုက်ခံခဲ့ရဖူးသော်လည်း၊ ၎င်းတို့မှာ အခြေခံအားဖြင့် တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုမျှသာ ဖြစ်၏။ သူ့တွင် မိမိကိုယ်မိမိ ကာကွယ်ရန် ဆေးအိုးကြီး ရှိနေသဖြင့် သဘာဝအတိုင်း စိုးရိမ်စရာ မရှိခဲ့ချေ။ ၎င်းမှာ သူ အကြိမ်တိုင်း အောင်မြင်ရခြင်း၏ အဓိက သော့ချက်ပင် ဖြစ်သည်။ သူသည် ခံစစ်တွင် အနှိုင်းမဲ့ရုံတင်မက၊ တိုက်စစ်တွင်လည်း အနှိုင်းမဲ့ပြီး အရှိန်နှုန်းတွင်လည်း ယှဉ်ပြိုင်နိုင်သူ မရှိချေ။
သို့သော် ယခုမူ သူသည် တိုက်ခိုက်မှုပေါင်းစုံ၏ အောက်တွင် လုံးဝ ပိတ်မိနေခဲ့ပြီ ဖြစ်သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ နာမည်ကျော် ပဥ္စမအဆင့်နှင့် ဆဠမအဆင့် ကျွမ်းကျင်သူ ၃၀ ကျော်မှာ သူ၏လက်ချက်ဖြင့် အသတ်ခံခဲ့ရသော်လည်း၊ တစ်ချိန်တည်းမှာပင် အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ပညာရှင်များသည် သူတို့၏ ဝိုင်းရံမှုကို ပိုမိုကျပ်တည်းအောင် ပြုလုပ်လိုက်ကြပြီဖြစ်ကြောင်း ချူးယွင်ဖန်း ရုတ်တရက် သဘောပေါက်လိုက်သည်။ ယခုအခါ သူ လှုပ်ရှားနိုင်သော ဧရိယာမှာ အစောပိုင်းကထက် သုံးပုံတစ်ပုံမျှပင် မရှိတော့ချေ။ ဤပညာရှင်များသည် သူ့ကို မည်သို့မျှ မထိခိုက်စေကြနိုင်သေးသော်လည်း ၎င်းတို့က ချူးယွင်ဖန်း၏ အားနည်းချက်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားကာ သူ့ကို စက်ဝိုင်းအသေးလေးတစ်ခုအတွင်းသို့ တဖြည်းဖြည်း သွင်းလာကြသည်။ ဤအခြေအနေမျိုးတွင် ၎င်းတို့လက်ထဲ၌ ချောင်ပိတ်ခံရမည်မှာ အချိန်အပိုင်းအခြားတစ်ခုသာဖြစ်သည်။
မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးပေါင်းများစွာမှာ လေဆာအလင်းတန်းများကဲ့သို့ သူ့ထံသို့ ကျရောက်လာကြသည်။
"ချူးယွင်ဖန်း မင်း သေရမယ့်အချိန် ရောက်ပြီ" တောင်ပံပါကျားခေါင်းဆောင်က အံကြိတ်လျက် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။
"နောက်ထပ်လာမယ့် တိုက်ခိုက်မှုကို မင်း ဘယ်လိုရှောင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ထိုအချိန်တွင် ချူးယွင်ဖန်း သတိပြုမိလိုက်သည်မှာ သူ ဆက်တိုက် တိုက်ခိုက်နေစဉ်အတွင်း ကျန်ရှိနေသော ပဥ္စမအဆင့်နှင့် ဆဠမအဆင့် ပညာရှင်များသည် သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြပြီ သို့မဟုတ်ပါက အခွင့်အရေးကို အသုံးပြု၍ စစ်တလင်းအတွင်းမှ ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ ၎င်းတို့က ချူးယွင်ဖန်းကို အံကြိတ်လျက် စိုက်ကြည့်နေကြသည်။
၎င်းတို့သည်လည်း ၎င်းတို့၏ ခွန်အားဖြင့် အခြားသူများ၏ ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ မည်သို့ပင်ဆိုစေကကာမူ ၎င်းတို့ အံကြိတ်လိုက်ကြသည့် အခိုက်အတန့်၌ပင် အားလုံး၏ မျက်နှာကိုယ်စီထက်၌ စိတ်သက်သာရာရသွားသော အမူအရာများပေါ်လာသည်။ ၎င်းတို့က ဖန်ဆင်းရှင် ပဥ္စမအဆင့်နှင့် ဆဠမအဆင့် ကျွမ်းကျင်သူများကို ဂေါ်ဖီထုပ်များလှီးဖြတ်သကဲ့သို့ သတ်နိုင်သည့် ချူးယွင်ဖန်းကဲ့သို့သော လူတစ်ဦးကို တစ်ခါမျှမမြင်ခဲ့ဖူးကြပေ။
--