အခန်း ၁၉၉၀
Vol. 133 Ch. 1990
အခန်း(၁၉၉၀) အရမ်းနောက်ကျသွားပြီ
ချူးယွင်ဖန်းသည် ရာနှင့်ချီသော တိုက်ပွဲများကို ဖြတ်သန်းခဲ့သည့် ဤထိပ်တန်းပညာရှင်ကြီးများကို သူ၏ခွန်အားဖြင့် မုန်လာထုပ်များကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်ပစ်ခဲ့သည်။ အကယ်၍ ထိုသူတို့သည် ပြင်းထန်သော တိုက်ပွဲအပြီးမှ ရှုံးနိမ့်ကာ သေဆုံးသွားခဲ့ခြင်းဆိုပါက ၎င်းတို့ကို ယခုမျှ ကြောက်ရွံ့ထိတ်လန့်စေလိမ့်မည် မဟုတ်ချေ။ သို့သော် ချူးယွင်ဖန်းက ၎င်းတို့ကို သတ်ဖြတ်သည့်အခါတွင်မူ ပုရွက်ဆိတ်များကို နင်းခြေလိုက်သကဲ့သို့ လွယ်ကူလွန်းလှသည်။ ချူးယွင်ဖန်း၏ ရှေ့တွင် ၎င်းတို့က သာမန်လူသားများနှင့် ဘာမှမထူးခြားဘဲ အားလုံးမှာ ဓားတစ်ချက်တည်းဖြင့်သာ အသက်ပျောက်သွားကြရသည်။
"ချူးယွင်ဖန်းက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ? သူက နတ်ဆိုးကောင်ကြီးအတိုင်းပဲ"
"သူ့မှာ ဘာအားနည်းချက်မှ မရှိသလိုပဲ"
"ဒါကြောင့်မို့လို့လည်း သူ့ကို ဒီနေရာမှာတင် အပြတ်ရှင်းပစ်ရမယ်။ အကယ်၍ သူ့ကို ဒီထက်မက ဆက်ပြီး ကြီးထွားခွင့်ပေးလိုက်ရင် ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်"
ဤပညာရှင်များသည် ချူးယွင်ဖန်းကို ပို၍ ကြောက်ရွံ့လေလေ၊ သူ့ကို မဖြစ်ဖြစ်အောင် သတ်ရမည်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ မဟုတ်ပါက ချူးယွင်ဖန်း အရွယ်ရောက်ရင့်ကျက်လာသည်နှင့် သူတို့အတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်လာပေလိမ့်မည်။ ၎င်းတို့က ချူးယွင်ဖန်းကို အငြိုးဖွဲ့မိပြီးသားဖြစ်ရာ မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်၍ သတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။
အဝေးတစ်နေရာတွင်မူ တိုက်ပွဲကို ဝင်ရောက်မစွက်ဖက်ဘဲ စောင့်ကြည့်နေခဲ့သည့် လီဝေယွမ်၏ မျက်နှာပျက်သွားခဲ့ရသည်။ သူ၏ အမူအရာမှာ တဖြည်းဖြည်း လေးနက်တည်ကြည်လာသည်။ သူသည် အစောပိုင်းက ချူးယွင်ဖန်းကို အရေးတယူ မလုပ်ခဲ့ချေ။ ချူးယွင်ဖန်းမှာ ကံကောင်းလွန်းသည့် မျိုးဆက်သစ်လူငယ်တစ်ဦးမျှသာ ဖြစ်သည်။ လီချန်းယွမ်ကို သတ်၍ ပါရမီရှင်စာရင်း၏ ပထမနေရာကို လုယူနိုင်ခဲ့လျှင်ပင် ဤမျိုးဆက်မှ ပါရမီရှင်များအနေဖြင့် သူနှင့် အဆင့်အတန်းတူ ရင်ဘောင်တန်းနိုင်ရန်မှာ လိုပါသေးသည်။
သို့သော်လည်း ချူးယွင်ဖန်းက ဤထိပ်တန်းပညာရှင်ကြီးများကို ပုရွက်ဆိတ်များကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်ကို မြင်လိုက်ရသောအခါ သူ ကြီးမားသော ခြိမ်းခြောက်မှုကြီးကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤမျိုးဆက်မှ ပါရမီရှင်များ ရင့်ကျက်လာရန်အတွက် အချိန်အမြောက်အမြားမကျန်တော့ကြောင်း ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကိုကြည့်ရုံဖြင့် သိနိုင်သည်။ အခြားလူများ၏ အစွမ်းမှာ ချူးယွင်ဖန်းထက် မသာလွန်သော်လည်း၊ ဆယ်နှစ်အတွင်း၌ သူနှင့် ရင်ဘောင်တန်းနိုင်ခြင်း သို့မဟုတ် သူ့ကို ကျော်ဖြတ်သွားနိုင်ခြင်းတို့မှာ လုံးဝ ပြဿနာမရှိနိုင်ချေ။
ဤအချက်ကို တွေးမိလိုက်သောအခါ လီဝေယွမ်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ မျိုးဆက်သစ်လူငယ်တစ်ဦး၏ ကျော်ဖြတ်ခြင်းကို ခံရမည့် ဤခံစားချက်မှာ လုံးဝ မကောင်းလှပေ။ ထိုသို့တွေးမိသည်နှင့် သူ၏ ကြည်လင်နေသော မျက်ဝန်းအစုံမှ သတ်ဖြတ်လိုသော အငွေ့အသက်လှိုင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းသည်လည်း မိမိအနေဖြင့် ထပ်မံ၍ ရှောင်တိမ်း၍ မရနိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။ သူ အစောပိုင်းက မိမိ၏ အရှိန်နှုန်းကို အသုံးချကာ အခြားလူများကို ကျော်ဖြတ်နိုင်ခဲ့သည်။ အစွမ်းချင်း ကွာဟချက် သိပ်မရှိသော အခြေအနေမျိုးတွင် ၎င်းတို့အနေဖြင့် သူ့ကို လိုက်မီရန် မဖြစ်နိုင်ချေ။ သို့သော် ယခုမူ သူ၏ ဤအကြီးမားဆုံး အားသာချက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ကြည့်ရတာ ဒါဟာ တကယ့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်တော့မယ် ထင်တယ်" ချူးယွင်ဖန်းက အနည်းငယ် ပြုံးလိုက်သည်။ လူတိုင်းက သူ့ကို ချောင်ပိတ်မိစေရန် ဖိအားပေးထားကြသော်လည်း သူသည် လုံးဝ တုန်လှုပ်ခြောက်ခြားခြင်း မရှိချေ။
"ဒီနေ့ဟာ မင်းသေရမယ့်နေ့ပဲ၊ ချူးယွင်ဖန်း" တောင်ပံပါကျားမျိုးနွယ် ခေါင်းဆောင်က ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်သည်။ သူ၏ ဘေးတွင်မူ တောင်ပံပါကျားတစ်ကောင်သာ ကျန်ရှိတော့သည်။ ကျန်ရှိနေသော တောင်ပံပါကျားမျိုးနွယ်ဝင်များ အားလုံးမှာ ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ဖန်ဆင်းရှင် ပဥ္စမအဆင့်နှင့် ဆဠမအဆင့်ရှိ တောင်ပံပါကျား ၁၀ ကောင်ကျော် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးမှာ ခေါင်းဆောင်ဖြစ်သူအား ရင်ဘတ်ကို ဓားနှင့်မွှေနေသကဲ့သို့ ခံစားရစေသည်။
တောင်ပံပါကျားမျိုးနွယ်သည် နာမည်ကျော် နတ်မျိုးနွယ်စု တစ်ခုဖြစ်သော်လည်း ပျံသန်းနိုင်သော တောင်ပံပါကျား အရေအတွက်မှာ မည်သည့်အခါမျှ အများအပြား မရှိခဲ့ချေ။ တစ်ကောင် သေဆုံးခြင်းမှာပင် ကိစ္စကြီးတစ်ခုဖြစ်ရာ၊ ယခုကဲ့သို့ အများအပြား သေဆုံးသွားခြင်းမှာ သူတို့၏ အခြေအမြစ်ကိုပင် ပြင်းထန်စွာ ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ယခုအခါ သူတို့ထဲတွင် ဖန်ဆင်းရှင် သတ္တမအဆင့်ရှိသော ပညာရှင် နှစ်ဦးသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ချူးယွင်ဖန်းက သတိထားနေပြီး ထိုနှစ်ဦးကို ဝင်ရောက်မတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤအချက်ကြောင့်ပင် ထိုနှစ်ဦးမှာ ချူးယွင်ဖန်းကို ပို၍ အံကြိတ်မတတ် မုန်းတီးနေကြရသည်။
ကျန်ရှိနေသော အခြားအဖွဲ့များလည်း အခြေအနေချင်း တူညီကြသည်။ နတ်ဓားဂိုဏ်း၊ ပင်လယ်မျိုးနွယ်စုနှင့် မီးတောက်နီနတ်ဆိုးဂိုဏ်းတို့၌ သတ္တမအဆင့် ပညာ ရှင်များသာ ကျန်တော့သည်။ အချို့မှာမူ ချူးယွင်ဖန်း မသတ်နိုင်ခဲ့သည့် ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ် ကျွမ်းကျင်သူများဖြစ်ကြသ်ည။
ကျန်ရှိသော လူများအားလုံးမှာမူ အသတ်ခံလိုက်ရပြီ ဖြစ်စေ သို့မဟုတ် စစ်တလင်းအတွင်းမှ ဝေးရာသို့ ထွက်ပြေးသွားကြပြီ ဖြစ်စေ ထွက်ပြေးကုန်ကြပြီဖြစ်၍ အစောပိုင်းက လူပေါင်း ဒါဇင်နှင့်ချီ၍ မောက်မာဝင့်ကြွားစွာ ရောက်လာခဲ့ကြသော်လည်း၊ နောက်ဆုံးတွင်မူ စုစုပေါင်း ကိုးယောက်ပင် မပြည့်တော့ချေ။
ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
"မင်း လွတ်နိုင်မယ်လို့ ထင်နေတာလား? ငါ မင်းကို အကြိမ်တစ်ရာ သတ်ရင်တောင် ငါ့ရဲ့ အငြိုးအတေးက ပြေပျောက်မှာ မဟုတ်ဘူး။ ငါ အကြိမ်တစ်ရာ သေရပါစေဦးတော့၊ ငါ့ရဲ့ အပြစ်တွေကို ဆေးကြောနိုင်မှာ မဟုတ်ဘူး" တောင်ပံပါကျား အကြီးအကဲက သွားကြိတ်လျက် မုန်းတီးစွာ အော်ဟစ်လိုက်သည်။ သူ၏ လက်ထဲမှ ဓားမှာ အပြင်းအထန် ပူပြင်းတောက်လောင်နေပြီး၊ ပေါက်ကွဲထွက်လာသော ဓားအလင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။
"ရှောင်လို့မရမှတော့လည်း မင်းတို့နဲ့ ပုန်းတမ်းကစားမနေတော့ဘူး။ အားလုံးကို တူတူပဲ အပြတ်ရှင်းပစ်မယ်" ချူးယွင်ဖန်းက မောက်မာစွာ ကြေညာလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် တောင်မြစ်ပန်းချီကားအတွင်းမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။ ရုတ်တရက်ဆိုသလို လှိုင်းတံပိုးကဲ့သို့ ပြင်းထန်လှသော ဖိအားလှိုင်းတစ်ခုမှာ ပေါက်ကွဲထွက်လာပြီး ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်သွားတော့သည်။
"သူ့ကို သတ်ကြ"
ထိုခဏ၌ မီးတောက်နီနတ်ဆိုးဂိုဏ်း အကြီးအကဲတစ်ဦးက စတင်၍ ခုန်အုပ်လိုက်ပြီး၊ ကျန်ရှိသော အကြီးအကဲ နှစ်ဦးကလည်း သူ၏ ဝဲ၊ ယာမှ လိုက်ပါလာကြသည်။ ထို အကြီးအကဲ သုံးဦးစလုံးမှာ ဖန်ဆင်းရှင် သတ္တမအဆင့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့ သုံးဦးသည် စွမ်းရည်သုံးပါး အစီအရင် ကို ဖော်ဆောင်ကာ ချူးယွင်ဖန်းထံသို့ ခုန်အုပ်လိုက်ကြခြင်း ဖြစ်သည်။
အကြီးအကဲများ၏ လက်ထဲမှ နတ်ဆိုးဓားများက ကောင်းကင်တစ်ခုလုံးကို လောင်မြိုက်ပစ်နိုင်မည့် ကြောက်မက်ဖွယ် မီးလျှံများအသွင်ပြောင်းလဲသွားသည်။ ခဏတာအတွင်း၌ပင် ၎င်းသည် ချူးယွင်ဖန်းထံသို့ ဝှေ့ယမ်းလာခဲ့သည်။ နတ်ဆိုးဓားသုံးစင်းလုံးက ကောင်းကင်ယံမှနေ၍ လွှဲရိုက်ချလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်း၏ ရှောင်ကွင်းနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ပစ်လိုက်တော့သည်။
၎င်းတို့ သုံးဦးစလုံးသည် ချူးယွင်ဖန်းကို အရိုးထဲမှ မုန်းတီးနေကြသည်။ တိုက်ပွဲစတင်ချိန်နှင့် နှိုင်းယှဉ်ပါက ယခုအခါ ၎င်းတို၏ မုန်းတီးမှုမှာ ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ နတ်ဆိုးဓားများ၏ စွမ်းအားမှာလည်း ဆတိုး၍ မြင့်မားလာခဲ့သည်။
ချွင် ေ
နတ်ဆိုးဓားများ ကျရောက်လာသောအခါ လူတိုင်းက ချူးယွင်ဖန်းအနေဖြင့် ကိုယ်တစ်ပိုင်း ပြတ်သွားလိမ့်မည်ဟု ထင်မှတ်ထားကြသည်။ သို့သော်လည်း သူတို့ မြင်လိုက်ရသည်မှာ ပေတံနှင့်တူသော ဧရာမ ဓားကြီးတစ်လက်က ထိုနတ်ဆိုးဓား သုံးစင်းကို တားဆီးထားနိုင်ခဲ့ခြင်း ဖြစ်သည်။
"မဖြစ်နိုင်တာ"
လူတိုင်း မှင်တက်သွားကြရသည်။ ချူးယွင်ဖန်း တစ်ဦးတည်းက နတ်ဆိုးကျင့်ကြံသူ သုံးဦး၏ ပူးတွဲတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့လိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြချေ။ ဤသုံးဦးထဲမှ မည်သူမဆို အရှေ့ပင်လယ်ပြင်တွင် လျှမ်းလျှမ်းတောက် နာမည်ကြီးသူများ ဖြစ်ကြသည်။ သူတို့သည် သက်ရှိပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးပြီး ကလေးငိုရပ်စေနိုင်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားကြသည်။ ဖန်ဆင်းရှင်သတ္တမအဆင့် ပညာရှင်ဟူသည်မှာ အရှေ့ပင်လယ်ပြင်တွင် ထိပ်တန်းပညာရှင်ကြီးများအဖြစ် သတ်မှတ်ခံရသူများ ဖြစ်သည်။ သို့သော် ယခုမူ သူတို့ သုံးဦးစလုံး ပူးပေါင်းပါဝင်သော်လည်း ချူးယွင်ဖန်းကို မသတ်နိုင်ကြချေ။
ချူးယွင်ဖန်းသည် လက်တစ်ဖက်တည်းဖြင့်သာ ထိုနတ်ဆိုးဓား သုံးစင်း၏ တိုက်ခိုက်မှုကို တားဆီးထားခြင်း ဖြစ်သည်။ အဆုံးမဲ့ မီးလျှံများသည် သူ့ထံသို့ တစ်လက်မမျှပင် တိုးမလာနိုင်ကြသကဲ့သို့ သူ့ကို လောင်ကျွမ်းစေနိုင်ခြင်းလည်း မရှိချေ။ ဘေးမှလူများကို မဆိုနှင့် နတ်ဆိုးကြီးသုံးဦးစလုံးပင်လျှင် ဆွံ့အသွားကြရသည်။ သူတို့သည် အငြိုးအတေးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အရှိန်လျှော့ထားခြင်း လုံးဝမရှိချေ။ သူတို့သည် မိမိတို့၏ ခွန်အား ၁၂၀ ရာခိုင်နှုန်းကိုပင် ထုတ်သုံးခဲ့ကြခြင်း ဖြစ်သည်။ ဖန်ဆင်းရှင် သတ္တမအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်နေစေကာမူ သတိမမူပါက ဤဓားချက်အောက်တွင် ကိုယ်တစ်ပိုင်း ပြတ်သွားနိုင်ပေသည်။
ဝုန်း
လူတိုင်း အံ့သြဇဝေဇဝါ ဖြစ်နေကြစဉ်မှာပင် ချူးယွင်ဖန်း၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ မြင့်တက်သွားခဲ့သည်။ သူသည် ထပ်မံ၍ အဆင့်တက်လှမ်းသွားခဲ့ပြန်ပြီ ဖြစ်သည်။ အစောပိုင်းက ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဖန်ဆင်းရှင် ဆဠမအဆင့် ထိပ်ဆုံးနှင့်သာ နှိုင်းယှဉ်နိုင်ခဲ့သော်လည်း၊ ယခုမူ သူသည် ဖန်ဆင်းရှင် သတ္တမအဆင့်သို့ ချဉ်းနင်းဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး ထူးခြားဆန်းပြားသော အရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။ စစ်တလင်းပေါ်ရှိ ပညာရှင်အများအပြားမှာ သရဲသဘက်တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အသက်ရှူသံများပင် ရပ်တန့်လုနီးပါး ဖြစ်သွားကြရသည်။
"မကောင်းတော့ဘူး သူ ခုနက မျိုချလိုက်တဲ့ ဆေးလုံးက သူ့ရဲ့ ခွန်အားကို မြင့်တက်စေတာပဲ။ ငါတို့ ဒါကို ဒီအတိုင်း ဆက်လွှတ်ထားလို့မရဘူး။ မဟုတ်ရင် ငါတို့အားလုံး သေကြရလိမ့်မယ်" နတ်ဓားဂိုဏ်းမှ ပညာရှင်တစ်ဦးက အော်ဟစ်လိုက်သည်။
"မင်းတို့က အခုမှ ဒါကို သတိထားမိတာဆိုတော့… အရမ်းနောက်ကျသွားပြီကွ"
--