← Chapters

အခန်း ၁၉၉၄

Vol. 133 Ch. 1994

အခန်း ၁၉၉၄

Vol. 133 Ch. 1994

အခန်း(၁၉၉၄) ထိပ်တန်းပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်သော စွမ်းအား

“မြန်တယ်၊ မြန်တယ်၊ အရမ်းမြန်လွန်းတယ်”

ကျားပျံ၏ အရှိန်မှာ လွန်စွာ မြန်ဆန်လှသည်။ သူ၏ ကျောပြင်မှ လေစွမ်းအင်အားပြုသော အတောင်ပံတစ်စုံမှာ ထက်မြက်လှသော ဓားသွားကြီးနှစ်စင်းကဲ့သို့ ဝှေ့ယမ်းထွက်ပေါ်လာပြီး၊ ကောင်းကင်ကြီးကို နှစ်ခြမ်းခွဲကာ ချူးယွင်ဖန်းအထက်သို့ ပြင်းထန်စွာ ကျရောက်လာတော့သည်။ ဤကဲ့သို့သော အသက်လုရမည့် အရေးကြီးသော အချိန်တွင် ချူးယွင်ဖန်းသည် သူ၏ လက်သီးကို မြှောက်ကာ ကျဆင်းလာသော ဓားသွားအတောင်ပံနှစ်စင်းကို ထိပ်တိုက် ရိုက်နှက်ပစ်လိုက်သည်။

ဒုန်း၊ ဒုန်း

ဧရာမ ခေါင်းလောင်းကြီး တစ်လုံး ပေါက်ကွဲသွားသည့်အလား အလွန်ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှစ်သံ မြည်ဟည်းသွားခဲ့သည်။ ချူးယွင်ဖန်းက သူ၏ လက်သီးသက်သက်ဖြင့် ထိုကျားပျံ၏ ပညာရှင်၏ အတောင်ပံများကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။ ထိုတောင်ပံများအားလုံး ထိုနေရာတွင်ပင် ကြေမွသွားခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ လေလှိုင်းများအဖြစ် ပျံ့လွင့်သွားတော့သည်။

"ဘာ ဖြစ်နိုင်လဲ"

ကျားပျံက မျက်လုံးပြူးသွားရသည်။ သူသည် ဖန်ဆင်းရှင်သတ္တမအဆင့် ပညာရှင်တစ်ဦး ဖြစ်ကာ ပြိုင်ဘက်မျိုးစုံနှင့် ဆုံတွေ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းကဲ့သို့သော လူမျိုးကိုမူ ယခုမှ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏ နတ်စွမ်းအင်အားလုံးကို ကျိန်းသေ ကုန်ခမ်းအောင် အသုံးပြုထားခဲ့ခြင်း ဖြစ်သော်လည်း၊ မည်သည့်အတွက်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ထပ်မံထုတ်ဖော်နိုင်ရသနည်း။

ကျားပျံက ဤအရာ မည်သို့ ဖြစ်နိုင်ကြောင်းကို လုံးဝ စဉ်းစား၍မရဘဲ ဖြစ်နေသည်။

'ခန္ဓာကိုယ်ကျင့်ကြံသူ… ချူးယွင်ဖန်းက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ပဲ’

ကျားပျံသည် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း တွေးမိသွားသည်။ လူတိုင်းသည် ချူးယွင်ဖန်းကို လျှော့တွက်ခဲ့မိကြသည်။ ချူးယွင်ဖန်းက 'နဂါးတစ်သောင်း အသိုက်သို့ပြန်ခြင်း' ကို ထုတ်သုံးသည်ကို မြင်ပြီးနောက်တွင် လူတိုင်းက ချူးယွင်ဖန်း၌ ထူးခြားသော မိုးကြိုးဓာတ်ပြု ခန္ဓာကိုယ်တစ်ခု ရှိနေသည်ဟု ထင်မှတ်ခဲ့ကြသည်။ ၎င်းမှာ အလွန်အစွမ်းထက်သည်ဆိုသော်လည်း မှော် ဆန်သော ထူးခြားသည့် ခန္ဓာကိုယ်မျိုး ဖြစ်သည်။

သူ၏ နတ်စွမ်းရည်များ ကုန်ခမ်းသွားပါက သူ၏ အစွမ်းသည် မူလအစွမ်း၏ သုံးပုံတစ်ပုံအောက် သို့မဟုတ် ဆယ်ပုံတစ်ပုံအထိပင် အသည်းအသန် လျော့ကျသွားရမည် ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းက မိုးကြိုးစွမ်းအင်ကဲ့သို့ ထူးခြားသော ခန္ဓာကိုယ်ရှိရုံတင်မကဘဲ၊ ကြောက်စရာကောင်းသော 'ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်ကြံသူ' တစ်ဦးလည်း ဖြစ်နေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

ကျားပျံ၏ တောင်ပံများသည် လေထုထဲမှ စုစည်းထားခြင်းဟု ထင်ရသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ချေ။ သူ၏ အတောင်ပံများသည် မွေးရာပါ အတောင်ပံများ ဖြစ်ကြကာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ကို အစဉ်တစိုက် သန့်စင်မွမ်းမံလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် လွန်စွာ မြင့်မားသောအဆင့်ရှိသည့် ရတနာလက်နက်များနှင့် အလားတူလှသည်။

သို့သော် ယခုမူ ချူးယွင်ဖန်းက ၎င်းတို့ထဲမှ တစ်ခုကို လက်သီးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်လိုက်သည်။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်လေ့ကျင့်သူတစ်ဦး ဖြစ်မှန်း ထင်ရှားလှပေသည်။ ဤအချက်မှလွဲ၍ သူ့တွင် ဤမျှ ကြောက်စရာကောင်းသော ခန္ဓာကိုယ်မျိုး မည်သို့ ရှိနေနိုင်ကြောင်းကို ၎င်းတို့ လုံးဝ စိတ်ကူးပင် မယဉ်ရဲကြတော့ချေ။ နတ်စွမ်းရည်များ ထပ်ဆင့်ပေါင်းစပ်ပေးခြင်း မရှိသည့်တိုင်အောင်၊ သူသည် ဤမျှ ထိတ်လန့်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်ဆဲ ဖြစ်သည်။

သို့သော်လည်း အခြေအနေက ထိုကျားပျံကို များများစားစား တွေးတောခွင့် မပေးခဲ့ချေ။ ချူးယွင်ဖန်းက လက်သီးတစ်ချက်ဖြင့် အတောင်ပံတစ်ခုကို စုတ်ဖြဲပစ်ပြီးနောက် ကျားပျံ၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ သူ၏ လက်ထဲတွင် ဧရာမ ပေတံအမည်းကြီးနှင့် တူသော သမုဒ္ဒရာလှန်ဓားမှာ စတင်၍ ဝှေ့ယမ်းကခုန်လာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်းသည် ၎င်းတို့၏ တစ်သက်တာလုံး မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရသည်။ ချူးယွင်ဖန်းက မည်သည့် နတ်စွမ်းအင်ကိုမျှ အသုံးမပြုဘဲ သူ၏ ကိုယ်ခန္ဓာခွန်အားကိုသာ အခြေခံလျက်၊ လက်ထဲမှ သမုဒ္ဒရာလှန်ဓားကို ဝှေ့ယမ်းကာ ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလျက် ကျားပျံကို ခုတ်ပိုင်းလိုက်သည်။

ကျားပျံက ဤကြောက်စရာကောင်းလှသော ဓားချက်ကို ရှောင်တိမ်းရန် အသည်းအသန် နောက်သို့ ဆုတ်ခွာခဲ့သည်။ သို့သော်လည်း ချူးယွင်ဖန်း၏ ဓားချက်မှာ မျက်စိပါနေသည့်အတိုင်းပင် ဖြစ်သည်။ တောင်ပံပါကျားမျိုးနွယ်သည် လေစွမ်းအင်ပါသော နတ်အစွမ်းများကို အသုံးပြုရာတွင် ကျွမ်းကျင်သဖြင့် ၎င်းတို့၏ အရှိန်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။ သို့သော်လည်း ချူးယွင်ဖန်း၏ အရှိန်မှာ ထိုထက်ပင် ပိုမိုမြန်ဆန်နေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကျားပျံ၏ အနောက်သို့ ထပ်ချပ်မကွာ လိုက်မီသွားခဲ့ပြီး ဓားဦးကို သူ၏ထံသို့ ချိန်ရွယ်လိုက်သည်။

ရွှပ်

ဓားချက်အောက်တွင် ကျားပျံက သွေးပျက်စရာကောင်းသော အော်ဟစ်သံကြီးတစ်ချက် အော်လိုက်သည်။ သူ၏ အစွမ်းထက်လှသော ခံစစ်စွမ်းရည်သည် သမုဒ္ဒရာလှန်ဓား၏ ရှေ့တွင် ဘာမှမဟုတ်တော့ချေ။ ၎င်းမှာ တို့ဟူးကို ဖြတ်တောက်လိုက်ရသကဲ့သို့ အလွန်တရာ လွယ်ကူလှသည်။

လတ်ဆတ်သော သွေးနီနီများ ပန်းထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ သွေးမိုးများအဖြစ် ပျံ့လွင့်သွားတော့သည်။ ဧရာမ တောင်ပံပါကျားကြီးသည် ခန္ဓာကိုယ် နှစ်ခြမ်းပြတ်ကာ ထိုနေရာတွင်ပင် ချက်ချင်း သေဆုံးသွားခဲ့ရသည်။ သူ၏ အလောင်းမှာ ပင်လယ်ရေပြင်ပေါ်သို့ ကျဆင်းမသွားမီမှာပင် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် တောင်မြစ်ပန်းချီကား အတွင်းသို့ သိမ်းဆည်းခြင်း ခံလိုက်ရသည်။

ခဏချင်းမှာပင် ထိုနေရာတစ်ခုလုံးတွင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုမျိုး ထပ်မံစိုးမိုးသွားခဲ့ပြန်သည်။ မူလက ပြန်လည်တိုက်ခိုက်ရန် ကြံရွယ်နေကြသော လူများသည် ယခုအခါတွင်မူ လုံးဝ ထိတ်လန့်တုန်လှုပ်သွားကြရပြီ ဖြစ်သည်။ ချူးယွင်ဖန်းမှာ သိသိသာသာပင် အင်အားကုန်ခမ်းနေသည့် အခြေအနေသို့ ရောက်ရှိနေသော်လည်း ဤမျှ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နိုင်ဆဲ ဖြစ်သည်။ ထိုကျားပျံက ဖန်ဆင်းရှင်သတ္တမအဆင့် ပညာရှင်တစ်ဦးဖြစ်သော်လည်း ချူယွင်ဖန်၏ ဓားတစ်ချက်ကိုပင် မခံနိုင်ခဲ့ချေ။

နတ်ဓားဂိုဏ်းနှင့် တောင်ပံပါကျားမျိုးနွယ်မှ ကျန်ရှိနေသော ပညာရှင်များသည် တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လိုက်ကြသည်။ ၎င်းတို့က ကောင်းကင်ယံတွင် နတ်တစ်ပါးကဲ့သို့ မတ်မတ်ရပ်နေသော ချူးယွင်ဖန်းကိုသာ ငေးကြည့်နေနိုင်ကြတော့သည်။

"သေစမ်း သူက သူ့ရဲ့ နတ်စွမ်းအင်တွေကို ပြန်ဖြည့်နေတာပဲ" နတ်ဓားဂိုဏ်းမှ ပညာရှင်တစ်ဦးက အော်ဟစ်လိုက်သည်။

ဤခဏတွင်မှ ချူးယွင်ဖန်း၏ နတ်စွမ်းအင်များသည် ထိတ်လန့်စရာကောင်းသော အရှိန်နှုန်းဖြင့် ပြန်လည်ပြည့်တင်းနေကြောင်း လူတိုင်း သတိပြုမိလိုက်ကြသည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင် သူသည် မူလစွမ်းအင်၏ ထက်ဝက်ခန့်ကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။

ရှေးဖီးနစ်နက်မှ ချူးယွင်ဖန်းကို အံ့ဩစရာကောင်းသော ပြန်လည်ထူထောင်မှုအရှိန်ကို ပေးစွမ်းထားခြင်း ဖြစ်သည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင် သူ ဤမျှအထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။

"တိုက်ကြ အားလုံး စုပေါင်းပြီး တိုက်ခိုက်ကြ၊ သူ့ရဲ့ ပြန်လည်ထူထောင်မှုကို ကြားကနေ ဖြတ်ပစ်ကြမယ်။ မဟုတ်ရင် ဒီနေ့ ငါတို့အားလုံး ဒီမှာ သေကြရလိမ့်မယ်”

ဤအချိန်တွင် နတ်ဓားဂိုဏ်းမှ အကြီးအကဲနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မိမိတို့အနေဖြင့် ဤအတိုင်း ရပ်ကြည့်နေ၍ မဖြစ်တော့သည်ကို ချက်ချင်း သိလိုက်ကြသည်။ အကယ်၍ ချူးယွင်ဖန်းကို ဆက်လက်၍ အားကောင်းလာအောင် လွှတ်ထားပေးမည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်မှာ စိတ်ကူးကြည့်၍ပင် ရနိုင်မည်မဟုတ်ချေ။

တောင်ပံပါကျားမျိုးနွယ်မှ နောက်ဆုံးကျန်ရှိနေသော ပညာရှင်သည် နာကျည်းဒေါသများဖြင့် ပြည့်နှက်နေသည်။ သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး ချက်ချင်းပင် သူ၏ မူလ သားရဲအသွင်သဏ္ဌာန်သို့ ပြောင်းလဲလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်မှာ တောင်ငယ်တစ်ခုကဲ့သို့ ဧရာမ ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျွမ်းကျင်သူ သုံးဦးစလုံးသည် ချူးယွင်ဖန်းထံသို့ တစ်ပြိုင်နက်တည်း ပျံသန်းတိုက်ခိုက်လိုက်ကြသည်။ နတ်ဓားဂိုဏ်းက ဦးဆောင်လာသော ပညာရှင်မှာ ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ကာ ကျန်ရှိနေသော လူများမှာမူ ဖန်ဆင်းရှင်သတ္တမအဆင့်၌ ရှိနေကြသည်။ တောင်ပံပါကျားမျိုးနွယ်မှ ပညာရှင်မှာလည်း ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်သည်။

အဝေးတွင်မူ လီဝေယွမ် သည် နောက်ဆုံး၌ စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။ သူက ချူးယွင်ဖန်းကို ဤအတိုင်း ဆက်လက်၍ သန်မာလာမည်ကို ရပ်ကြည့်မနေနိုင်တော့ချေ။ မဟုတ်ပါက နောက်ဆက်တွဲ အကျိုးဆက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော်လည်း ဤခဏတွင် ချူးယွင်ဖန်းက သူရပ်နေသော နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူသည် နတ်ဓားဂိုဏ်းမှ ဖန်ဆင်းရှင်သတ္တမအဆင့် ပညာရှင်၏

အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။

"မရဏကန်ချက်ကိုးချက်”

သူ၏ ခြေလှမ်းသည် မြေအောက်ငရဲပြည်မှ ဆင်းသက်လာသည့်အလား နတ်ဓားဂိုဏ်းမှ ဖန်ဆင်းရှင်သတ္တမအဆင့်ပညာရှင်အပေါ် အပေါ်သို့ ပြင်းထန်စွာ နင်းခြေချလိုက်တော့သည်။

ဒုန်း

နတ်ဓားဂိုဏ်းမှ ဖန်ဆင်းရှင် သတ္တမအဆင့် ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လွင့်ထွက်သွားခဲ့ပြီး လေထုထဲတွင် ပေါက်ကွဲသွားခဲ့ရသည်။ သွေးစက်များ နေရာအနှံ့သို့ ပျံ့လွင့်သွားခဲ့သည်။ အလောင်းမှာ အောက်သို့ မကျဆင်းသွားမီမှာပင် ချူးယွင်ဖန်းက သူ၏ စွမ်းအင်ဖြင့် ဖမ်းဆွဲကာ တောင်မြစ်ပန်းချီကား အတွင်းသို့ သိမ်းဆည်းလိုက်ပြန်သည်။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ။ အခု မင်းတို့ သုံးယောက်ပဲ ကျန်တော့တယ်”

ချူးယွင်ဖန်း၏ အသံမှာ အလွန်တရာ အေးစက်လှသည်။ ကျန်ရှိနေသော လူသုံးဦးစလုံး၏ မျက်နှာထားများ ချက်ချင်း အေးစက်သွားကြရသည်။ ချူးယွင်ဖန်း၏ အစွမ်းသည် နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံ၍ ဝင်ရောက်သွားပြီဖြစ်ကြောင်း ၎င်းတို့ အထင်အရှားခံစားလိုက်ကြရ၏။

ဖန်ဆင်းရှင် အထွတ်အထိပ်အဆင့်

၎င်းတို့က ဤအရာကို မယုံမကြည်နိုင်ဖြစ်နေကြသည်။ ချူးယွင်ဖန်းအတွက် အဆင့်တက်ခြင်းဆိုသည်မှာ ထမင်းစား ရေသောက်ကဲ့သို့ အလွန်တရာ လွယ်ကူလွန်းလှသည်။

၎င်းတို့က “ ဒါ ဘာကောင်လဲဟ ရူးနေတာလား” ဟုပင် အော်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေကြတော့သည်။

--

All Chapters