← Chapters

အခန်း ၁၉၉၅

Vol. 133 Ch. 1995

အခန်း ၁၉၉၅

Vol. 133 Ch. 1995

အခန်း(၁၉၉၅) ချူးယွင်ဖန်းက ဆေးဆရာတစ်ယောက်လား

စစ်တလင်းတစ်ခုလုံးမှာ ထူးဆန်းစွာ ငြိမ်သက်သွားခဲ့သည်။ အဝေးမှ လှမ်းမျှော်ကြည့်ရှုနေကြသော တစ်ကိုယ်တော်သိုင်းပညာရှင်များမှာလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြရသည်။ လူတိုင်း၏ မျက်စိရှေ့မှောက်တွင်ပင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်သို့ ချဉ်းနင်းဝင်ရောက်သွားခဲ့သည်။

အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းပင် ဖြစ်သည်။

ချူးယွင်ဖန်း ယခုလေးတင် မျိုချလိုက်သော ဆေးလုံးနှင့် ကျိန်းသေ သက်ဆိုင်လိမ့်မည်ဟု လူတိုင်း ရိပ်မိနိုင်ကြသော်လည်း၊ သိနေသည့်တိုင်အောင် ၎င်းမှာ သူတို့ လက်လှမ်းမီနိုင်သော အရာမျိုး မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဆေးလုံးမျိုးမှာ ဧကန်မုချ အလွန်တရာ အဖိုးထိုက်တန်လှကာ ၎င်းတို့ကဲ့သို့လူများ ရရှိနိုင်မည့် အရာမျိုး လုံးဝ မဟုတ်သောကြောင့် ဖြစ်သည်။

တရှအင်ပါယာအတွင်း၌ပင်လျှင် ထိပ်တန်းဆေးဖော်စပ်သူများဟူသည်မှာ အလွန် ရှားပါးလှသည်။ ၎င်းတို့ထဲမှ တစ်ဦးချင်းစီမှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး၊ ထိုထိပ်တန်း သိုင်းပညာရှင်ကြီးများနှင့်ပင် ရင်ဘောင်တန်းကာ တာအိုတရားကို ဆွေးနွေးနိုင်ကြသူများ ဖြစ်သည်။ ဆေးပညာလောကတွင် အစွမ်းထက်သော ပညာရှင်ကြီးများ မနည်းလှချေ။

"သူ့ရဲ့ ဆေးဖော်စပ်မှုစွမ်းရည်ကပဲ သူ့ရဲ့ တကယ့်ဝှက်ဖဲ ဖြစ်နေတာလား မသိဘူး" မင်းသမီး ယွင်ယန်က နတ်အင်မော်တယ်တောင်တန်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေရင်းဖြင့် အရှေ့ဘက်ပင်လယ်ပြင် မှ တိုက်ပွဲကြီးကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

အခြားလူများနှင့်မတူဘဲ မင်းသမီးယွင်ယန် ချူးယွင်ဖန်း ယခုလေးတင် မျိုချလိုက်သော ဆေးလုံးသည် သူမအား ဝယ်ယူခိုင်းခဲ့သော ဆေးဘက်ဝင်အပင်များမှတစ်ဆင့် ဖော်စပ်ထားခြင်းဖြစ်ကြောင်း ခပ်ရေးရေး ခန့်မှန်းမိနေသည်။ ထိုဆေးဖော်စပ်သည့် အမယ်စာရင်းမှာ သူမ၏ လက်ထဲတွင် ရှိနေဆဲပင် ဖြစ်သည်။ သို့သော်လည်း ဆေးဘက်ဝင်အမယ်စာရင်း ရှိရုံမျှဖြင့် မည်သို့မျှ အသုံးမဝင်ချေ။ အဘယ်ကြောင့်ဆိုသော် ဆေးဘက်ဝင်အပင်များကို ဆေးလုံးများအဖြစ် သန့်စင်ဖော်စပ်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသော အကန့်အသတ်များမှာ လွန်စွာ များပြားလှသောကြောင့် ဖြစ်သည်။

သူမအနေဖြင့် အချို့သော ဆေးဘက်ဝင်အမယ်များ၏ အာနိသင်ကို ကြည့်ပြီး ထွက်ပေါ်လာမည့် ဆေးလုံး၏ အကျိုးသက်ရောက်မှုကို ဝိုးတဝါးသာ သိနိုင်သည်။ အမှန်တရားမှာ သူမ ခန့်မှန်းထားသည်နှင့် ဆင်တူသော်လည်း ဆေးအာနိသင်၏ ပြင်းထန်မှုမှာမူ ခန့်မှန်းထားသည်ထက်ပင် ပိုမိုထိတ်လန့်စရာ ကောင်းနေသည်။ ချူးယွင်ဖန်း မည်မျှ သန်မာကြောင်းကို သူမ အထင်အရှား မြင်တွေ့ခဲ့ရသည်။ ရက်အနည်းငယ်အတွင်းမှာပင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပိုမိုတိုးတက်လာခဲ့ပြီး အခြားနယ်ပယ်တစ်ခုသို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။ ဤကဲ့သို့သော တိုးတက်မှုနှုန်းမှာ အံ့ဩစရာ ကောင်းလှသည်။

ထိုသို့ တိုးတက်လာသည့်တိုင်အောင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ ဖန်ဆင်းရှင် ဆဠမအဆင့်နှင့်သာ ယှဉ်နိုင်သေးသည်။ သို့သော် ဤဆေးလုံး၏ အကူအညီကြောင့် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ ဖန်ဆင်းရှင် သတ္တမအဆင့်ကို ကျော်ဖြတ်ကာ၊ ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

တိုတောင်းသော အချိန်အတွင်း ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးမျိုးကို သူမ မမြင်ဖူးသည်တော့ မဟုတ်ချေ။ သူမ ကိုယ်တိုင်၌ပင် ဤကဲ့သို့သော ဆေးလုံးမျိုး ရှိသော်လည်း ၎င်းမှာ ကျင့်ကြံမှုကို (၁၀%) မှ (၂၀%) ခန့်သာ အများဆုံး မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ ၎င်းကပင် အလွန် ထိတ်လန့်စရာ ကောင်းနေပြီ ဖြစ်သည်။

ဤ (၁၀%) မှ (၂၀%) ကို လျှော့မတွက်သင့်ချေ။ ပညာရှင်အချင်းချင်း တိုက်ခိုက်ရာတွင် တိုက်ခိုက်ရေးစွမ်းရည် (၁၀%) ခန့် ကွာဟရုံမျှဖြင့်ပင် နိုင်ရှုံးရလဒ်ကို အဆုံးအဖြတ် ပေးသွားနိုင်သည်။

သူမထံတွင် အစွမ်းကို နှစ်ဆအထိ တိုးပွားစေနိုင်သော ဆေးလုံးမျိုးလည်း ရှိသည်။ သို့သော် ၎င်းမှာ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ခံစားရစေမည်ဖြစ်ပြီး မိမိ၏ ကျင့်ကြံမှုအခြေခံကိုပါ ထိခိုက်ပျက်စီးစေနိုင်ကာ အနာဂတ်ကျင့်ကြံမှုကို ပြင်းထန်စွာ အဟန့်အတား ဖြစ်စေလိမ့်မည်။ အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့် အရေးကြုံချိန်မှလွဲ၍ ဤကဲ့သို့သော ဆေးလုံးမျိုးကို သောက်သုံးရန် သူမ ဘယ်သောအခါမှ ရွေးချယ်မည်မဟုတ်ချေ။

သို့သော်လည်း ချူးယွင်ဖန်းသောက်လိုက်သည့် ဆေးလုံးမှာမူ သိသိသာသာပင် ဤကဲ့သို့သော ပြဿနာများစွာ ရှိပုံမပေါ်ချေ။ ယခုအခါ ချူယွင်ဖန်သည် ဖန်ဆင်းရှင်ဆဠမအဆင့်မှ ဖန်ဆင်းရှင် အထွတ်အထိပ်သို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့ရာ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ဆယ်ဆထက်မက တိုးပွားသွားခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သော တိုးပွားမှုမျိုးမှာ လုံးဝ မယုံနိုင်လောက်အောင်ပင် ဖြစ်သည်။ ထို့ကြောင့် မင်းသမီး ယွင်ယန်က ချူးယွင်ဖန်း၏ အံ့အားသင့်ဖွယ်ရာ ဆေးဖော်စပ်မှုစွမ်းရည်မှာ သူ၏ တကယ့်ဝှက်ဖဲ ဖြစ်နိုင်သည်ဟု ခံစားလိုက်ရခြင်း ဖြစ်သည်။ ထို့အပြင် မင်းသမီးက ထောက်လှမ်းရေးသတင်းပို့ချက်များထဲတွင် ချူးယွင်ဖန်းက ဆေးဘက်ဝင်အပင်များကို ဝယ်ယူကာ ဆေးလုံးများ ဖော်စပ်နေကြောင်း ခပ်ရေးရေး ဖော်ပြထားခဲ့သည်ကို ပြန်လည်သတိရသွားခဲ့သည်။ သို့သော် ထိုအချိန်တုန်းက လူတိုင်း၏ အာရုံမှာ ချူးယွင်ဖန်း၏ ထိတ်လန့်စရာကောင်းသော ခွန်အားတိုးတက်မှုအပေါ်၌သာ ရောက်ရှိနေခဲ့ကြသဖြင့် ဤသတင်းအစအနများကို လျစ်လျူရှုခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုမူ သူမ ယခင်က ဂရုမထားခဲ့မိသော သတင်းအချက်အလက်မှာ အရေးကြီးဆုံး သတင်းအချက်အလက် ဖြစ်နိုင်ကြောင်း သူမ သဘောပေါက်လိုက်ရပြီ ဖြစ်သည်။ မင်းသမီး အတွက်မူ ချူးယွင်ဖန်း၏ ဆေးဖော်စပ်နိုင်စွမ်းမှာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ထက်ပင် ပိုမိုအရေးကြီးလှသည်။ ဤလောကတွင် ထိပ်တန်းသိုင်းပညာရှင်များမှာ အမြောက်အမြား ရှိနေသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့် ထိပ်တန်းပညာရှင်များပင်လျှင် အနည်းစု မဟုတ်ကြချေ။ သို့သော်လည်း ၎င်းတို့နှင့် ယှဉ်နိုင်သော ဆေးပညာရှင်များမှာမူ ဖီးနစ်ငှက်၏ အမွေးအတောင်များနှင့် ချီလင်ဦးချိုများကဲ့သို့ လွန်စွာ ရှားပါးလှသည်။ ထီးနန်းကို လုယူရန် စိတ်ဝင်စားနေသော သူမအတွက်မူ သိုင်းပညာရှင်တစ်ဦးကို စည်းရုံးခြင်းထက် ဆေးပညာရှင်တစ်ဦးကို ထောက်ခံမှုကို ရရှိခြင်းက ပိုမို၍ အဆမတန် အရေးကြီးလှပေသည်။

မူလက သူမသည် ထိပ်တန်း ဘုရင်အဆင့် လှုပ်ရှားမှု ခြေကွက်သိုင်းပညာတစ်ခုကို ရရှိခဲ့သဖြင့် ဝမ်းသာနေခဲ့သော်လည်း၊ ယခုမူ မိမိဘက်က နစ်နာသွားခဲ့ပြီဟု ခံစားလိုက်ရသည်။ အတိုင်းအဆမရှိသော အနာဂတ်ရှိသည့် ဆေးပညာရှင်တစ်ဦးကို ကျေးဇူးကြွေးတစ်ခု တင်ကျန်ရစ်မည့် တန်ဖိုးမှာ ထိုထိပ်တန်း ဘုရင်အဆင့် ခြေကွက်သိုင်းပညာထက် အဆပေါင်းများစွာ ပိုမိုအရေးကြီးလှပေသည်။

ဤအချိန်တွင် စစ်တလင်းပေါ်ရှိ ပညာရှင် သုံးဦးသည် ချူးယွင်ဖန်းကို ဝိုင်းရံထားကြပြီ ဖြစ်သည်။ နတ်ဓားဂိုဏ်းနှင့် တောင်ပံပါကျားမျိုးနွယ်မှ ပညာရှင်များသည် ချူးယွင်ဖန်းကို အံကြိတ်လုမတက် မုန်းတီးနေကြသည်။ မိမိတို့၏ ဆုံးရှုံးမှုများကို ကာမိစေရန်အတွက် ချူးယွင်ဖန်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်စိတ်များသာ ရှိနေကြတော့သည်။

လီဝေယွမ်၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် အလွန်တရာ အေးစက်နေသည်။ ထိုသတ်ဖြတ်လိုစိတ်များ၏ ကြားတွင်မူ လောဘရိပ် အနည်းငယ်လည်း ရောယှက်နေခဲ့သည်။

ချူးယွင်ဖန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအင်များ အမြင့်ဆုံးအဆင့်ထိ ပြန့်ကားလာသည်ကို ခံစားလိုက်ရသည်။

'နဂါးတစ်သောင်း အသိုက်သို့ပြန်ခြင်း' ကြောင့် သူ၏ နတ်စွမ်းအင်အားလုံး ခန်းခြောက်သွားခဲ့ရသော်လည်း၊ ယခုမူ အစွမ်းထက်လှသော ဆေးလုံး၏ အကူအညီဖြင့် အံ့ဩစရာကောင်းသော အရှိန်နှုန်းဖြင့် ပြန်လည်ပြည့်တင်းလာခဲ့ပြီ ဖြစ်သည်။

"မင်းတို့အလှည့် ရောက်ပြီ။" ချူးယွင်ဖန်းက ၎င်းတို့သုံးဦးကို အေးစက်တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

"မင်း သေချင်နေတာပဲကွ”

နတ်ဓားဂိုဏ်းမှ ပညာရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကမ္ဘာကြီးကို နှစ်ခြမ်းခွဲပစ်နိုင်စွမ်းရှိသော ရှေးဟောင်း နတ်ဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးအနှစ်သာရများသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ဓားအလင်းတန်းသည် အရာအားလုံးကို လွှမ်းခြုံသွားပြီး တောက်ပလှသော အလင်းရောင်များနှင့်အတူ ချူးယွင်ဖန်းထံ ပြင်းထန်စွာ ခုတ်ပိုင်းကျရောက်လာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းမှာ လေထုကို ဖိနှိပ်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးတော့မည့်အတိုင်းပင် ဖြစ်နေသည်။

"ဖန်ဆင်းရှင်အဆင့် အထွတ်အထိပ်ပဲ။ ဒါဟာ တကယ့် ထိပ်တန်းပညာရှင်တစ်ယောက်ပဲ။ သူက စောစောက ဖန်ဆင်းရှင် သတ္တမအဆင့် ပညာရှင်ထက် အနည်းဆုံး နှစ်ဆလောက် ပိုသန်မာတယ်”

"ဟုတ်တယ်၊ တကယ့် တိုက်ပွဲအစစ်က အခုမှ စတာ”

"ချူးယွင်ဖန်းအနေနဲ့ စောစောကလိုမျိုး ဆက်ပြီး မောက်မာနေဖို့ မဖြစ်နိုင်တော့ဘူး"

လူအုပ်ကြီးက တအုန်းအုန်း ဆွေးနွေးနေကြသည်။ သူတို့အားလုံးသည် နတ်ဓားဂိုဏ်းမှ နောက်ဆုံးကျန်ရှိနေသော ပညာရှင်၏ အရှိန်အဝါကြောင့် ထိတ်လန့်နေကြရသည်။ ရုတ်တရက် ဤခဏတွင် ချူးယွင်ဖန်း လှုပ်ရှားလိုက်သည်။ သူသည် လက်ကို ဝှေ့ယမ်းကာ ကောင်းကင်ယံမှ ကျဆင်းလာသော ဓားချက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

ဒုန်း

ဤလက်ဝါးချက်သည် တောက်ပသော ဓားအလင်းတန်းများ တဖျပ်ဖျပ်လတ်နေသည့် ဧရာမ ဓားကြီးပေါ်သို့ တည့်တည့်ကျရောက်သွားသည်။

ထို့နောက်တွင်မူ လူတိုင်းသည် တုန်လှုပ်ခြောက်ခြားစရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရပြန်သည်။ ချူးယွင်ဖန်းက ထို နတ်ဓားကြီးကို လက်ဝါးတစ်ချက်တည်းဖြင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်ကို မြင်လိုက်ကြရခြင်း ဖြစ်သည်။ ဓားအလင်းတန်း၏ အစအနများသည် အရပ်မျက်နှာအနှံ့သို့ အလင်းမိုးပွင့်များအဖြစ် လွင့်စင်ပျံနှံ့သွားတော့သည်။

"ဘာ ဖြစ်နိုင်လဲ"

နတ်ဓားဂိုဏ်းမှ ပညာရှင်သည် မယုံကြည်နိုင်လောက်အောင် မျက်လုံးပြူးသွားရသည်။ သူက ချူးယွင်ဖန်းကို တိုက်ခိုက်ရန် သူ၏ ခွန်အားအားလုံးကို အသုံးချခဲ့ခြင်း ဖြစ်သော်လည်း၊ သူ၏ တိုက်ကွက်မှာ လွယ်ကူစွာပင် ချေမှုန်းခြင်း ခံလိုက်ရသည်။ ပြန်လည်ရိုက်ခတ်လာသော ကြောက်မက်ဖွယ် ခွန်အားကြောင့် သူ၏ လက်မောင်းများပင် တုန်ရင်သွားရသည်။ ထိုကြောက်စရာကောင်းသော ခွန်အားသည် ကောင်းကင်ကြီးကိုပင် ရိုက်ခွဲပစ်နိုင်စွမ်း ရှိသည်။

ဤအချိန်တွင် ချူးယွင်ဖန်းသည် မြေပြင်မှ ထိုးတက်သွားသော ဒုံးပျံတစ်စင်းကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်သွားပြီး၊ ဧရာမ မီးငှက်ကြီးတစ်ကောင်ကဲ့သို့ အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ နဂါးတစ်ကောင် ပျံတက်၍ ဖီးနစ်ငှက်တစ်ကောင် ဆင်းသက်လာသည့်အလား၊ နတ်ဓားဂိုဏ်းမှ ကျွမ်းကျင်သူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

--

All Chapters