← Chapters

အခန်း ၈၄၅

Vol. 57 Ch. 845

အခန်း ၈၄၅

Vol. 57 Ch. 845

အခန်း (၈၄၅) : ရေလှိုင်းတစ်ခုမကျသေးခင် နောက်တစ်လှိုင်းထပ်တက်လာခြင်း

ဟားဗတ်မိသားစု၏ သခင်လေး ဟဗ်ဂန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့် ကြေးစားစစ်သားများအားလုံးမှာ အခြေအနေက သူတို့ စိတ်ကူးထားသလို မဟုတ်တော့ကြောင်း ခံစားလိုက်ရလေသည်။

သုံးစက္ကန့်အတွင်း ကျိုးဟောင်က ဟားဗတ်မိသားစု၏ သခင်လေးထံမှ ပစ္စည်းတစ်ခုခုကို ယူနိုင်လိမ့်မည်ဟု သူတို့ မည်သို့မျှ မယုံကြည်နိုင်ခဲ့ကြပေ။ မဟုတ်လျှင် တဖက်က တမင် အရှုံးပေးလိုက်ခြင်း ဖြစ်ရမည်သာ ဖြစ်သည်။

“မင်းရဲ့ အမြန်နှုန်းက တကယ်ကို အံ့ဩစရာပဲ… ငါ လေးစားမိပါတယ်”

ဟားဗတ်မိသားစု၏ သခင်လေး ဟဗ်ဂန်က ချက်ချင်းပင် သူ့စိတ်ထဲရှိ အတွေးများကို ဖယ်ရှားလိုက်လေသည်။ ကိုယ့်ထက်စွမ်းအားကြီးသူတစ်ယောက်နှင့်ရင်ဆိုင်တွေ့ခဲ့ရသောကြောင့် သူ့အနေဖြင့်ပိုမိုကြိုးစားရမည်ကိုသဘောပေါက်သွားခဲ့လေသည်။

“အစ်ကိုကြီး… မဖြစ်နိုင်တာ... ဒီ... ဒီဟာက…”

အနားရှိ ကြေးစားစစ်သားများအားလုံးမှာ စိုးရိမ်ထိတ်လန့်သွားကြပြီး ကြားလိုက်ရသည့် အရာကို မယုံကြည်နိုင်ကြသေးပေ။

ထိုအချိန်တွင် ကျိုးဟောင်က လက်ပတ်တစ်ခုလို ထင်ရသည့် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်လေသည်။ တစ်ချက်ကြည့်ရုံနဲ့တင် အလွန်တန်ဖိုးကြီးကြောင်း သိသာနေပြီး မိသားစုကြီးများထဲမှ လူများသာ ပိုင်ဆိုင်နိုင်သည့် ပစ္စည်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဟားဗတ်မိသားစု၏ သခင်လေးအနားရှိ လူအားလုံး၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။ ဒီပစ္စည်းကို သူတို့သခင်က အမြဲတမ်း ကိုယ်နဲ့မခွာ ဆောင်ထားတတ်ပြီး အမြတ်တနိုးထုတ်ကြည့်တတ်သည့်ပစ္စည်းဖြစ်ကြောင်း သူတို့ သိကြလေသည်။ သူတို့တောင်မှရံဖန်ရံခါသာ သူတို့ မြင်ဖူးခဲ့ကြခြင်း ဖြစ်လေသည်။

လူတိုင်းမှာ မသိမသာ မျက်မှောင်ကကြုံ့သွားခဲ့ကြလေသည်။ ဒီတစ်ခါတော့ အမှန်တကယ် ရှုံးနိမ့်ခဲ့ပြီဆိုတာကို လက်ခံရတော့မည် ဖြစ်လေသည်။ ဟားဗတ်မိသားစု၏ သခင်လေးက နေရာတစ်နေရာမှာ မလှုပ်မယှက် ရပ်နေရင်တောင်မှ သုံးစက္ကန့်အတွင်း ဒီလို ပုဂ္ဂိုလ်ရေးပစ္စည်းတစ်ခုကို ရယူနိုင်ဖို့မှာမလွယ်ကူပေ။

“ဒီတစ်ခါတော့ ငါ ရှုံးသွားပြီ။ ရော့...ဒီကတ်ထဲမှာ အမှတ် ၁ထောင်ရှိတယ်”

ဟားဗတ်မိသားစု၏ သခင်လေး ဟဗ်ဂန်က အနက်ရောင် ကတ်တစ်ခုကို အိတ်ထဲမှ ထုတ်ယူကာ မလှမ်းမကမ်းမှာ ရပ်နေသည့် ကျိုးဟောင်ထံ လှမ်းပေးလိုက်လေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရတော့မှသာ ကြေးစားစစ်သားများသည် ဒါဟာ အိပ်မက်မဟုတ်ကြောင်း နားလည်လာခဲ့ကြလေသည်။ ဟားဗတ်မိသားစု၏ အမြန်နှုန်းက ထိုဂြိုဟ်ပေါ်တွင် ဘယ်သူမှမယှဉ်နိုင်လောက်အောင် လျင်မြန်ခဲ့သော်လည်း ယခုအချိန်တွင် မကြာသေးမီကမှ ပေါ်ထွက်လာသည့် လူငယ်တစ်ယောက်က အသာအယာအနိုင်ယူသွားခဲ့လေသည်။

ချက်ချင်းပင် ကြေးစားစစ်သားများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့လေသည်။

မြေပြင်ပေါ်မှာ လဲနေသော ဟားဗတ်မိသားစု၏ ညီငယ်လေးကတော့ ခေါင်းကိုက်နေပြီး သူ့မျက်လုံးများကိုမယုံကြည်နိုင်ဖြစ်နေလေသည်။

“ဟဗ်ဂန်… မင်းက တမင်လုပ်တာပဲ… ငါ့ကို မင်းထက် မိသားစုက ချစ်ပေးနေတာကို မနာလိုတာမလား။အစ်မ ဟာရုကို ကို ငါ အကြာကြီး အပိုင်သိမ်းထားလို့ မင်း မုန်းတီးနေတာပဲ။ စိတ်မပူနဲ့… ဒီကိစ္စပြီးရင် ငါ သူမကို ပိုပြီး ကောင်းကောင်း ဆက်ဆံပေးပါ့မယ်ကွာ”

လောင်းကြေးရှုံးသွားခြင်းက လူငယ်လေးဟာဗီကို ပိုပြီး စိတ်မထိန်းနိုင်ဖြစ်စေခဲ့ပြီး လူမသိသူမသိ လျှို့ဝှက်ထားခဲ့သည့် စကားများကိုတောင် ထုတ်ပြောမိလိုက်လေသည်။

“သူမက မင်းရဲ့ မိန်းမ ဖြစ်နေပြီးသားပဲ… ငါနဲ့မသက်ဆိုင်တော့ပါဘူး”

ဟဗ်ဂန်က ပြောပြီးနောက် ဟာဗီ အားပြန်လှည့်ကြည့်ခြင်း မရှိဘဲ ချက်ချင်း ထွက်ခွာသွားခဲ့လေသည်။

လူတစ်ယောက်တွင် လောဘရမ္မက်မရှိတော့သည့်အခါ ပိုပြီး အင်အားကြီးလာတတ်လေသည်။ ဟဗ်ဂန်မှာ သူ့နှလုံးသားထဲက အချစ်ကို မစွန့်လွှတ်နိုင်ခဲ့ခြင်းကြောင့်သာ ညီလေး၏ ထိန်းချုပ်မှုအောက် ကျရောက်နေခဲ့ခြင်း ဖြစ်လေသည်။

ကျိုးဟောင်ကို မြင်လိုက်ရတဲ့အခါ သူ ရုတ်တရက် နားလည်သွားခဲ့လေသည်။ ကိုယ်မလုပ်ချင်တဲ့ အရာကို အာဏာရှင်ဖြစ်နေရင်တောင် အပြင်းအထန် ဆန့်ကျင်နိုင်သည်ဆိုသည့်အချက်ကိုပင် ဖြစ်လေသည်။

နှစ်ပေါင်းများစွာ စွဲလမ်းနေခဲ့သည့် အရာကသာ သူ့ကို ချည်နှောင်ထားခဲ့ခြင်း ဖြစ်လေသည်။ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားမိလိုက်လေသည်။

ဟားဗတ်မိသားစု၏ညီလေးက မျက်လုံးပြူးသွားပြီး ထွက်ခွာသွားသည့် အစ်ကိုကြီး၏ နောက်ကျောကို ငေးကြည့်နေရင်း ပိုပိုပြီး ဝေးကွာသွားသလို ခံစားမိလိုက်လေသည်။

“အစ်ကိုကြီး… တကယ်အဲ့ဒီလို လုပ်ရက်တယ်လား”

ကလေးဘဝကလို မျက်နှာထားနဲ့ ချွဲချွဲနွဲ့နွဲ့ အသံဖြင့် ခေါ်လိုက်သော်လည်း သူ့အစ်ကိုကြီး၏ပုံရိပ်မှာ တခဏ ရပ်တန့်သွားခဲ့သော်လည်း နောက်သို့ပြန်မလှည့်ကြည့်ခဲ့ပေ။

“ကျိုးဟောင်… ကျေးဇူးပြုပြီး သက်ညှာပေးပါ။ သူ့ကို သင်ခန်းစာပေးရုံလောက်ပဲ လုပ်ပါ”

ဟဗ်ဂန်ကိုယ်တိုင် ဘာကြောင့် ဒီလို ပြောလိုက်မိသည်ဆိုတာကိုတောင် မသိခဲ့ပေ။

“ရွှီး..."

ကြေးစားစစ်သားများအားလုံး အသံမထွက်ရဲတော့ဘဲထိုနေရာမှ အမြန်ဆုံး ထွက်ပြေးသွားကြလေသည်။ ကျိုးဟောင်ကို ကြောက်သလို ဟားဗတ်မိသားစုကိုလည်း ကြောက်ကြခြင်း ဖြစ်လေသည်။

“မင်း… မင်းက သေချင်နေတာပဲ… ငါ့မိဘတွေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

ဟာဗီမှာလုံးဝ ထိတ်လန့်သွားခဲ့လေသည်။ အရင်က အစ်ကိုကြီးကို အားကိုးပြီး မင်းမဲ့အာဏာရှင်လို နေလာခဲ့သော်လည်း ယခုတော့ အစ်ကိုကြီးကမျက်ကွယ်ပြုသွားသလို လက်တစ်ဖက်ကလည်း မရှိတော့ပေ။

ကျိုးဟောင်နဲ့ ကျိယောင်ယွဲ့တို့၏ အေးစက်သည့် မျက်လုံးများကို မြင်လိုက်ရသည့်အခါ သူ့ခန္ဓာကိုယ်မှာ မလှုပ်ရှားနိုင်တော့သည်အထိ ထိတ်လန့်နေခဲ့လေသည်။

“ရှင့်မိသားစုက ဘယ်လောက်ထိ အင်အားကြီးမားသလဲဆိုတာကြည့်ချင်မိတယ်။ ဒါပေမဲ့ ငါ့အပေါ် ယုတ်မာတဲ့အကြံဆိုးတွေ ထားရဲတာကြောင့် အပြစ် တော့ပေးခံရမှာပဲ”

ကျိယောင်ယွဲ့က သူ့ခေါင်းပြောင်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ ဒီလို အောက်တန်းကျတဲ့ လူတစ်ယောက်က သူမကို ထိပါးရဲလေသလား။

သူမ ခြေလှမ်းတစ်လှမ်းချင်း တိုးလာတိုင်း ဟာဗီမှာသူ၏ နှလုံးသားပေါ်ကို တက်နင်းနေသလို ခံစားနေရလေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်မှာလည်း လူအားလုံးက အလျှိလျှိထွက်သွားကြပြီး သူ့ဘက်ကို ထောက်ခံမည့်သူ တစ်ယောက်မှ မရှိတော့ပေ။ သူကပဲ ဒီကိစ္စရဲ့ အဆုံးသတ်ကို ခံရမည့်သူ ဖြစ်လာခဲ့ရလေသည်။

“ယောင်ယွဲ့ ဒီကိစ္စကို မင်းအပေါ် ပဲလွှဲပေးလိုက်တော့မယ်”

ကျိုးဟောင်မှာ ကျိယောင်ယွဲ့အကြောင်းကောင်းစွာနားလည်သူဖြစ်ပြီး သူမ၏ဒေါသကိုမဖြေလျော့နိုင်ပါက စိတ်အေးလက်အေးဖြင့် နေမည့်သူမျိုးမဟုတ်ပေ။

မကြာခင်မှာပင် ဟာဗီ၏အော်သံများက တံခါးရှေ့တွင် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့လေသည်။ ဒီလို အသည်းခိုက်စေသည့် နာကျင်မှုမျိုးကို သူ ဘယ်တုန်းကမှ မကြုံဖူးခဲ့ပေ။ အရင်က အမြဲတမ်း သူပင် လူတွေကို အနိုင်ကျင့်ခဲ့သူ ဖြစ်လေသည်။

အရင်က မဝံ့မရဲ နေခဲ့သော ကြေးစားစစ်သားများမှာ ခေါင်းပဲပြူထွက်လာပြီး တိတ်တိတ်လေး ခိုးကြည့်နေကြပြန်လေသည်။ ကျိယောင်ယွဲ့ရဲ့ လှုပ်ရှားမှုတိုင်းက အားမရှိသလို ထင်ရပေမယ့် ဟာဗီ၏ အော်သံကတော့ အဝေးကပါ ကြားရလောက်အောင် ပြင်းထန်လှပေသည်။

“ဒီအလှလေးက တကယ့်ကို နူးညံ့တာပဲ…ဒီလိုသာရိုက်မယ်ဆိုရင် ငါလည်း ခံချင်မိတယ်”

“ရုတ်တရက် ဟားဗတ်မိသားစုက သခင်လေးကို မနာလို တောင်ဖြစ်လာပြီ”

“ဒီလို ရိုက်တဲ့နည်းကတော့…ခိခိ”

“ဒါတွေက တကယ်တော့ အချစ်စမ်းနေကြတာပဲ”

ကြေးစားစစ်သားများမှာ တီးတိုးပြောဆိုနေကြလေသည်။ သူတို့ မသိကြတာက ဟာဗီမှာ တကယ့်ကို သေချင်လောက်အောင် နာကျင်နေခဲ့ခြင်းပင် ဖြစ် လေသည်။

ဧည့်ကြိုဝန်ထမ်းများက ဟားဗတ်မိသားစု သခင်လေးဟာဗီကို ဘယ်သူက ဒီလောက် ရိုက်နှက်နေလဲဆိုတာကို ကြည့်ချင်ခဲ့ကြသော်လည်း ကြေးစားစစ်သားများ၏ စကားသံများကို ကြားလိုက်ရပြီးနြော် နောက်ပြန်ဆုတ်သွားခဲ့လေသည်။ အကြီးဆုံးသားကတောင် လျစ်လျူရှုပြီးထွက်သွားပြီဆိုကတည်းက ဒါသည်ကိစ္စကြီး မဟုတ်တော့ကြောင်းတွေးမိလိုက်ကြလေသည်။

ဒီလိုနဲ့ ဟားဗတ်မိသားစု၏သခင်လေးဟာဗီမှာ သေလုနီးပါး နာကျင်နေခဲ့သော်လည်း သူ့အား ဂရုစိုက်မည့်သူ တစ်ယောက်မှ မရှိခဲ့ပေ။

“နောက်တစ်ခါ အဲ့လိုမျက်လုံးတွေ‌နဲ့ထပ်ကြည့်ရင် အဲ့မျက်လုံးတွေကို ငါကိုယ်တိုင် ဖောက်ထုတ်ပစ်မယ်”

ကျိယောင်ယွဲ့က လုံးဝ သနားညှာတာမှု မရှိသော လူတစ်ယောက် ဖြစ်ပေသည်။ဟာဗီမှာ မြေပြင်ပေါ်တွင် အသက်ရှူကျပ်ကာလဲကျနေခဲ့လေသည်။

“သွားရအောင်… ဒုတိယအထပ် ပုံရိပ်‌ယောင်လေ့ကျင့်ရေးအခန်းမှာစိတ်ဝင်စားစရာ တစ်ခုခု ထပ်ရှိ‌သေးသလိုပဲ”

“ဟုတ်တယ်ငါလည်း ကြားထားတယ်။ စည်းကမ်း တွေကိုနားမလည်တဲ့ လူသစ်တစ်ယောက်က စိန်ခေါ်မှု တစ်ခုလုပ်ထားတယ်တဲ့”

ထိုစကားများကို ကျိုးဟောင်က မတော်တဆ ကြားလိုက်ရလေသည်။

....................................................................................

အခန်း (၈၄၅) ပြီးပါပြီ။

--

All Chapters