အခန်း ၈၄၆
Vol. 57 Ch. 846
အခန်း (၈၄၆) : ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း
ယနေ့တွင် လင်းထျန်က ဒုတိယအထပ်ရှိ ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်း သို့ တက်သွားခဲ့ပြီး သူသည်လည်း ကျိုးဟောင်တို့ကဲ့သို့ လူသစ်တစ်ယောက်ပင်ဖြစ်လေသည်။
“ယောင်ယွဲ့… လင်းထျန်ဘက်မှာ တစ်ခုခုဖြစ်နေသလိုပဲ။ မြန်မြန် သွားကြည့်ရအောင်"
ထိုကြေးစားစစ်သားများ၏စကားကြောင့်ကျိုးဟောင်စိတ်ထဲတွင် မသက်မသာ ဖြစ်လာခဲ့လေသည်။
ကျိယောင်ယွဲ့လည်း သူမကိုယ်တိုင်သာမက လင်းထျန်လည်း အခြားသူများ၏ အနိုင်ကျင့်ခြင်း ခံနေရမည်လို့ မထင်ထားခဲ့သဖြင့် နှလုံးသားထဲရှိ ဒေါသမီးများ ပို၍ တောက်လောင်လာခဲ့လေသည်။
“ဒါဆို သွားကြစို့.."
သူမ၏ ဒေါသကို လုံလောက်အောင် ထုတ်ဖော်ပြီးသားဖြစ်သဖြင့် ဒီလို အောက်တန်းကျတဲ့ လူတစ်ယောက်အတွက် အချိန်ဆက်မဖြုန်းလိုတော့ပေ။
သူတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် အသေကောင်လို လဲကျနေသည့် ဟာဗီအား အရေးမထားဘဲ အလျင်အမြန် ထွက်ခွာသွားကြလေသည်။
“ကြားလိုက်လား… လူသစ်တစ်ယောက်က အရမ်းမိုက်လွန်းပြီး ဘော့စ်ကိုတောင် စိန်ခေါ်ရဲတယ်တဲ့”
“ဟုတ်တယ်… လေ့ကျင့်ရေးအခန်းတစ်ခန်းအတွက်တောင် တိုက်ခိုက်နေတယ်ဆိုပဲ။ ကိုယ့်အခြေအနေက အမှိုက်သာသာပဲရှိတာကိုတောင် မသိဘူးထင်တယ်”
“အမှန်ပဲ… ဘော့စ်က သူ့အချိန်ကို ယူသုံးပေးနေတာ ကို တောင်ဂုဏ်ယူရဦးမှာ"
ကျိုးဟောင်နဲ့ ကျိယောင်ယွဲ့တို့ အပြင်ထွက်လာချိန်တွင် ထိုစကားများကိုကြားလိုက်ရပြီး ဓားပြတစ်အုပ်ဝိုင်းဖွဲ့စကားပြောနေသည်လို့တောင်ထင်သွားမိလေသည်။
ကိုယ့်အချိန်ကို အခြားသူက လုယူသုံးနေခြင်းကိုတောင် မျက်နှာပေးတာ လို့ ပြောနိုင်ကြတဲ့အထိ မသိနားမလည်ကြသူများ ဖြစ်ကြလေသည်။
ကျိုးဟောင်က ကျိယောင်ယွဲ့၏ လက်ကို ဆွဲကာ လေပြင်းတစ်ခုကဲ့သို့ အမြန်ဆုံး ပြေးသွားခဲ့လေသည်။လင်းထျန်၏ အခြေအနေမှာ အလွန်အန္တရာယ်များနေပြီး အချိန်ပိုမိုနှောင့်နှေးလေ အန္တရာယ်ပိုကြီးလေ ဖြစ်လာမည် ဖြစ်ပေသည်။
……
“ကောင်စုတ်လေး… ငါ့လိုလူက မင်းရဲ့အချိန်ကို ယူသုံးပေးနေတာကို မင်းကဂုဏ်ယူသင့်တာမဟုတ်ဘူးလား။ ကျေးဇူးမသိတတ်လိုက်တာ။ ပြီးတော့အမှတ်နည်းနည်းပဲကုန်သွားတာ မဟုတ်လား။ ငါ ပြန်မပေးနိုင်ဘူးလို့ မင်းထင်နေတာလား"
မဲနက်နေသောအသားအရေရှိသည့် လူလတ်ပိုင်းတစ်ယောက်က လင်းထျန်အား အေးစက်စက် ကြည့်ကာ ပြောလိုက်လေသည်။
အနားပတ်ဝန်းကျင်ရှိ ကြေးစားစစ်သားများကတော့ ဆူညံစွာ အားပေးနေကြဆဲ ဖြစ်သည်။ဒီလူလတ်ပိုင်းက ဒီလေ့ကျင့်ရေးအခန်းထဲရှိလူတိုင်း အသိအမှတ်ပြုထားသည့် ဘော့စ်ဆိုသူဖြစ်လေသည်။
ဒီလို မိုက်မဲတဲ့ လူသစ်တစ်ယောက်က ဘယ်ကနေ ပေါ်လာလဲဆိုတာ မသိကြသော်လည်းသူတို့ဘော့စ်နှင့် လေ့ကျင့်ရေးအခန်းအတွက် ယှဉ်ပြိုင်ရဲခြင်းကတော့ အလွန် မသိနားမလည်လွန်းခြင်းပင် ဖြစ်ပေသည်။
ဒီလူလတ်ပိုင်း၏ ကြွက်သားများမှာ အလွန် ဖွံ့ဖြိုးနေပြီး တောင်တစ်လုံးကိုတောင် ဆွဲလှန်နိုင်မလားထင်ရလောက်အောင် သန်မာလှပေသည်။
လင်းထျန်၏ အားသာချက်က အနီးကပ်တိုက်ခိုက်မှု မဟုတ်ဘဲ လှံရှည်တိုက်ရေးနည်းလမ်းများဖြစ်လေသည်။ လက်ရှိအခြေအနေတွင်တော့ သူ့အတွက်လှုပ်ရှားဖို့ အခွင့်အရေးတောင် မရှိခဲ့ပေ။
“ဟမ့်… တကယ့်ကို ယုတ်မာလိုက်တာ… မင်းတို့က ဓားပြအဖွဲ့တစ်ခုလား"
လင်းထျန်၏ ပါးစပ်ထောင့်မှ သွေးစက်များ စီးကျ နေခဲ့ပြီး သူ အလွန် ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း ထင်ရှားလှသည်။
အရှက်မကွဲစေရန်အတွက်သာ ဒီလူလတ်ပိုင်းအရွယ်လူနှင့် ဆက်လက်ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး အခြေအနေတော့သိပ်မကောင်းလှပေ။
“ဓားပြဖြစ်တော့ရော ဘာဖြစ်လဲ။ မင်းငါ့ကို တောင်းပန်မလား မဟုတ်ရင် ဒီနေ့ မင်းကို မသန်မစွမ်း ဖြစ်အောင်လုပ် ပေးမယ်”
လူလတ်ပိုင်းအရွယ်လူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေခဲ့လေသည်။နှစ်ပေါင်းများစွာ ကြေးစားစခန်းအတွင်း မင်းမဲ့အာဏာသုံးလာခဲ့ပြီး သူ့အာဏာကို လူရှေ့သူရှေ့ စိန်ခေါ်ရဲတဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။
လင်းထျန်နဲ့ တိုက်ခိုက်ရတာက သူ့အတွက် အိမ်မွေးတိရစ္ဆာန်တစ်ကောင်နဲ့ ကစားနေရသလိုသာ ဖြစ်လေသည်။ပတ်ဝန်းကျင်ရှိ ကြေးစားစစ်သားများအားလုံးက လင်းထျန်ကို အထင်သေးသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။ဒီလူငယ်က မိုက်မဲလွန်းပြီး အခုထိ မာန်မလျှော့သေးပေ။
ထောင့်တစ်နေရာမှာ ရပ်နေကြသည့် ကြေးစားစစ်သားအချို့၏ မျက်လုံးများတွင်တော့ အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။သူတို့လည်း အမြဲ အနိုင်ကျင့်ခံခဲ့ရသော်လည်း ဒေါသကိုသာ မျိုသိပ်ထားခဲ့ကြပြီး ဆန့်ကျင်ရဲခြင်း မရှိခဲ့ကြပေ။
“မင်းကို တောင်းပန်စေချင်လား။ အိပ်မက်မက်မနေနဲ့..."
လင်းထျန်က သံမဏိလို စိတ်ဓာတ်ရှိသူ ဖြစ်ပြီး ကမ္ဘာဂြိုဟ်ပေါ်တွင်ရှိစဥ်က လူအများ၏ ချီးကျူးအားကျခြင်းကိုခံခဲ့ရသူ ဖြစ်လေသည်။
ယခုအချိန်တွင် ခြောက်သွေ့သော ကန်ရေတစ်ခုထဲ၌ ပိတ်မိနေသောကြာပန်းကဲ့သို့သလို အရှုံးပေါ်နေခဲ့သော်လည်း သူ့မာန်မာနကိုတော့ မချိုးနှိမ်နိုင်ခဲ့ပေ။အချိန်နည်းနည်းသာ ထပ်ရခဲ့ပါက ဒီလူများမှာ သူ့ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။
လင်းထျန်၏ အခြေအနေကို ဝမ်းသာအားရ ကြည့်နေခဲ့ကြသော ကြေးစားစစ်သားများအားလုံး၏စိတ်မှာရုတ်တရက် လှုပ်ရှားသွားခဲ့ကြသည်။အကြောင်းမှာ
သူတို့သာ လင်းထျန်နေရာသို့ရောက်သွားပါက သူ့လို လုပ်ရဲကြမလားဆိုတာကို မေးခွန်းထုတ်လာမိခဲ့ကြလေသည်။
သူတို့သည်လည်း အနိုင်ကျင့်ခံခဲ့ရသော်လည်းလူသစ်များ အနိုင်ကျင့်ခံရသည်ကို မြင်တွေ့ရသောအခါ ဝမ်းသာနေကြခြင်းက အကျင့်ဆိုးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။လူသစ်များကို ဘော့စ်တွေက အနိုင်ကျင့်ခြင်းက အလေ့အထတသ်ခုလို ဖြစ်သွားခဲ့ပြီး ဘယ်သူမှ မတားဆီးရဲတော့ပေ။
“ဟဲဟဲ… မာနအစွယ်လေးတော့ ရှိသေးတာပဲ။ ဒီနေ့ ငါမင်းရဲ့မာန်စွယ် ချိုးပစ်မယ်”
လူလတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးကာ ပြောလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ တောင်ငယ်တွေလို ဖောင်းထလာခဲ့လေသည်။
“ဘော့စ်… ဒီလို အားနည်းတဲ့သူနဲ့ စကားများနေရင် ဘော့စ်ရဲ့ အဆင့်ကျသလို ဖြစ်မနေဘူးလား"
ခန္ဓာကိုယ်ပိန်ပိန်ပါးပါးရှိသည့် ကြေးစားစစ်သားတစ်ယောက်က အသံနိမ့်နိမ့်နှင့် ပြောလိုက်လေသည်။ သူလည်း တစ်ချိန်က အနိုင်ကျင့်ခံခဲ့ရသည့် လူသစ်တစ်ယောက် ဖြစ်ခဲ့သော်လည်း လင်းထျန်ကတော့ တခြားသူတွေနဲ့ မတူဘူးလို့ ခံစားမိလေသည်။ပြင်းထန်စွာ ဒဏ်ရာရထားခဲ့တာတောင်မှ ဒီလို ပြောရဲခြင်းကို သူ လေးစားမိခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် လေကို ချိုးဖောက်သွားသလို အလွန်အားကြီးသည့် လက်သီးတစ်ချက်က သူ့ဆီသို့ ပြင်းထန်စွာ ဝင်လာခဲ့လေသည်။
“ငါက ဒီလို အားနည်းတဲ့သူနဲ့ ရန်ဖြစ်ရတာကို ကြိုက်တယ်။ မယုံရင် သူ့အစား မင်းပဲ အထိုးခံကြည့်လိုက်"
လူလတ်ပိုင်းလူကြီး၏ လက်သီးသည် ပိန်ပါးသော ကြေးစားစစ်သား၏ ရင်ဘတ်ပေါ်ကို တိုက်ရိုက် ကျရောက်သွားခဲ့လေသည်။ချက်ချင်းပင် ထိုစစ်သားမှာသည် ဆယ်မီတာကျော် အဝေးသို့ လွင့်ထွက်သွားခဲ့လေသည်။
လူအားလုံး ကြောက်လန့်ကာ တိတ်ဆိတ်သွားကြပြီး နောက်ထပ် စကားတစ်ခွန်းတောင်မှ မပြောရဲကြတော့ပေ။ ထိုသူကဲ့သို့ ဖြစ်သွားမည်ကို ကြောက်နေကြခြင်း ဖြစ်ပေသည်။
“ဖွီးးး...."
ပိန်ပါးသော ကြေးစားစစ်သားက သွေးတစ်ပွက်အန်လိုက်ပြီး မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားခဲ့လေသည်။
“ကဲ.. အခု မင်းအလှည့်ပဲ"
လူလတ်ပိုင်းလူကြီး၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး သူ့အရှိန်အဝါမှာ ရက်စက်သည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ဖြစ်နေခဲ့သည်။
အခြား ကြေးစားစစ်သားများက လင်းထျန်၏ အဆုံးသတ်ကို မကြည့်ရဲသဖြင့် မျက်လုံးများပိတ်ထားမိကြလေသည်။
“ချာလီကူရို… မင်းကြေးစားစစ်တပ်စခန်းရဲ့ အပြစ်ပေးမှုကို မကြောက်ဘူးလား။ မင်း အပြစ်မဲ့သူကို သတ်နေတာပဲ"
ပြင်းထန်စွာ ဒဏ်ရာရထားသည့် ပိန်ပါးသော ကြေးစားစစ်သားက ရုတ်တရက် အော်ဟစ်လိုက်လေသည်။
ဘာကြောင့် ဒီလို သတ္တိတွေ ပေါ်လာတယ်ဆိုတာ သူကိုယ်တိုင်တောင် မသိခဲ့ပေ။ နှစ်ပေါင်းများစွာ ဆန့်ကျင်ရဲခြင်း မရှိခဲ့ပေမယ့် ဒီအတွေးက ရုတ်တရက် ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။
ကြေးစားစစ်သားအားလုံးက သူ့အတွက် တွေးပူပြီးချွေးစီးများကျနေလေသည်။ဒီလူကို ဒေါသထွက်စေခဲ့ရင် သေသွားရင်တောင်မှ တရားမျှတမှု ရနိုင်မည် မဟုတ်ကြောင်း သူတို့ သိကြလေသည်။
“မင်းရဲ့ ခွေးလိုမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ထား။ တကယ်လို့ငါ သူ့ကို သတ်ပြီးရင် အပြစ်ပေးခံရမလား မခံရဘူးလားဆိုတာ မင်းစောင့်ကြည့်နေလိုက်"
ချာလီကူရိုက ပြောပြီးနောက် လင်းထျန်၏ ခေါင်းဆီသို့ဦးတည်ကာ သူ့လက်သီးကို လွှဲချလိုက်လေသည်။လင်းထျန်မှာ သူ့ဆီ နီးကပ်လာနေသည့် လက်သီးကို ကြည့်ရင်း ထိုလက်သီးဆီမှသတ်ဖြတ်လိုစိတ်နှင့် လေခွင်းသံကို အထင်အရှား ခံစားနေမိလေသည်။
ဒီလို သတ်ဖြတ်လိုစိတ်မျိုးက စမ်းသပ်မှုများစွာကို ကျော်ဖြတ်လာသူများသာ ပိုင်ဆိုင်နိုင်သည့်အရာဖြစ်ပေသည်။
လင်းထျန်မှာ ဒီနေရာတွင် သေဆုံးတော့မည်ဟု ခံစားလာရပြီး ဘယ်သူမှ ကယ်နိုင်မည် မဟုတ်ကြောင်း စဉ်းစားမိလိုက်လေသည်။ ချာလီကူရိုကို ကျိုးဟောင်တောင်မှ အနိုင်ရနိုင်မည် မဟုတ်ကြောင်း သူတွေးမိလေသည်။
လက်သီးမှ ထွက်လာသော ဖိအားကြီးကို ခံစားရင်း လင်းထျန်မှာ မျက်လုံးများကိုပိတ်လိုက်မိလေသည်။ သူမသန်မစွမ်း ဖြစ်သွားရင်တောင်မှ ကျိုးဟောင်တို့အတွက် ၀န်ထုပ်၀န်ပိုး မဖြစ်စေချင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သုံးယောက် ဒီနေရာကို အရေးကြီးတဲ့ အလုပ်တစ်ခုအတွက် လာခဲ့ကြခြင်း ဖြစ်လေသည်။
“မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခါ ထပ်ပေးမယ်"
ချာလီ ကူရို၏ အေးစက်သည့် အသံက လင်းထျန်၏ ခေါင်းအထက်မှထွက်လာခဲ့လေသည်။
တခြားသူများ ပြောသလိုပင် ချာလီကူရိုမှာ သူ့အား စိန်ခေါ်နိုင်စွမ်း မရှိသူများအပေါ်အနိုင်ကျင့်ရခြင်းကို သူ မနှစ်သက်ပေ။ အဆုံးထိ လက်မလျှော့သောလူမျိုးများကိုသာ သူအလိုရှိလေသည်။
....................................................................................
အခန်း (၈၄၆) ပြီးပါပြီ။
--