အခန်း ၈၄၈
Vol. 57 Ch. 848
အခန်း (၈၄၈) : အံ့အားသင့်ဖွယ်
“ဘန်း..."
အသံကြီး ထွက်ပေါ်လာသည့်အခါ လူအားလုံးက ကျိုးဟောင်တစ်ယောက် မြေပြင်ပေါ် လဲကျသွားပြီလို့ ထင်မှတ်ခဲ့ကြလေသည်။ သို့သော်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်လွန်းလှသဖြင့် လူအချို့မှာ ထိုင်ကျသွားမိကြလေသည်။
သူတို့ မြင်လိုက်ရသည့်အရာမှာ မြေပြင်ပေါ် သို့လဲနေသူသည် ကျိုးဟောင် မဟုတ်ဘဲ အနိုင်ရမည်ဟု ယုံကြည်ထားခဲ့ကြသည့် ချာလီကူရို ဖြစ်နေခြင်းပင် ဖြစ်လေသည်။
ချာလီကူရို၏ လက်သီးသည် ကျိုးဟောင်ဆီသို့ ထိုးတိုး၀င်သွားခဲ့သော်လည်း ထိုအရာသည်ဖြတ်ခနဲမြင်လိုက်ရသည့်ပုံရိပ်သာဖြစ်လေသည်။ ချာလီကူရိုမှာ ရပ်တန့်မရသောအရှိန်ဖြင့်ကျိုးဟောင်ဆီသို့ တန်းတန်းမတ်မတ်၀င်ရောက်သွားခဲ့လေသည်။
သို့သော် မည်သူမျှ သတိမထားမိလိုက်ခင်မှာပင် ကျိုးဟောင်သည် ချာလီကူရို၏ အနောက်ဘက်သို့ ရောက်ရှိနေပြီး ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ထုတ်လိုက်ရာ ချာလီကူရိုသည် မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားခဲ့လေသည်။ဒီလိုပုံစံနဲ့ လဲကျရခြင်းမှာ အလွန်အမင်း အရှက်ရစရာကောင်းလှပေသည်။
“ဘော့စ်… ဘော့စ် အဆင်ပြေရဲ့လား"
သူ့လက်အောက်ငယ်သားများက အလျင်အမြန် ပြေးလာပြီး ချာလီကူရိုကို ထူပေးကြလေသည်။ ချာလီကူရိုက ကျိုးဟောင်ကို စူးရှသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။ ဒီရလဒ်ဟာ မမျှတဘူးလို့ သူထင်နေခဲ့လေသည်။တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိသောကြောင့်ဖြစ်လေသည်။
ကျိုးဟောင်ကတော့ ဘေးတွင် တည်ငြိမ်စွာ ရပ်နေခဲ့လေသည်။ ဒီအရာဟာ ကံကောင်းမှုတစ်ခုတည်း ကြောင့်မဟုတ်ပေ။ သူ့အင်အား၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။
သူသည် အာကာသနေရာကူးပြောင်းရေးစွမ်းအားကို လွယ်ကူစွာ ထိန်းချုပ်နိုင်သောကြောင့် သူ့ထက် ပိုမို လျင်မြန်နိုင်သူဆိုတာ အလွန်ရှားပါးလှပေသည်။
“မင်း…”
လက်အောက်ငယ်သား ကြေးစားစစ်သားတစ်ယောက်၏ မျက်နှာမှာ ဒေါသအပြည့်ဖြင့် ပြောင်းလဲသွားခဲ့လေသည်။ သို့သော် သူတို့ဘော့စ်သည် မြေပြင်ပေါ် လဲကျသွားခဲ့ခြင်းဆိုသည့် အမှန်တရားကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။ထိုအတွက်ကြောင့် သူသည် ပြန်လည်လက်တုံ့ပြန်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်။
သူ့ စကားဆုံးသည်နှင့် ကျိုးဟောင်ဆီသို့ ခြေထောက်ဖြင့် မညှာမတာ ကန်လိုက်လေသည်။ ကျိုးဟောင်ကတော့ ဒီလိုလူမျိုးကို မျက်စိထဲတောင် မထည့်ခဲ့ပေ။ ကိုယ့်ထက် အင်အားနည်းသူကို သင်ခန်းစာတစ်ခု ပေးရုံသာ ဖြစ်လေသည်။
ကျိုးဟောင်သည် သူရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။ လေခွင်းသံ တစ်ချက်သာ ကြားရပြီးနောက် လက်သီးတစ်ချက်သည် ထိုကြေးစားစစ်သား၏ မျက်နှာရှေ့သို့ ရောက်ရှိနေခဲ့လေသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ပြင်းထန်စွာ အထိုးခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။
“ဖွီ.."
တစ်ခဏအတွင်းမှာပင် သွေးတစ်ပွက် အန်ထွက်သွားခဲ့ပြီး မျက်နှာအရောင်မှာ ချက်ချင်း ဖြူဖပ်သွားခဲ့လေသည်။
ချာလီကူရိုကို ရင်ဆိုင်ရာတွင် သတိထားခဲ့ရသော်လည်း ဒီလိုသူနှင့် အဆင့်တူညီသောလူတွေကတော့ ကျိုးဟောင်အမြင်တွင် အမှိုက်သာသာ ဖြစ်လေသည်။
"ဟားဟား... မင်းကမဆိုးဘူးပဲ။ ဒီကိစ္စကို ငါသေချာမှတ်ထားလိုက်မယ်"
ကျိုးဟောင်၏ လှုပ်ရှားမှု နှစ်ကွက်ကိုကြည့်ပြီး ချာလီကူရိုသည် ဒီလူငယ်အား အနိုင်ယူရန် ခက်ခဲမည်ကို သဘောပေါက်သွားခဲ့လေသည်။ တကယ်လို့ရင်ဆိုင်တိုက်ခိုက်ပါက နှစ်ဖက်စလုံး ဒဏ်ရာအပြင်းအထန်ရသွားမည်ဖြစ်လေသည်။
ဒီလို လောင်းကြေးထပ်မှုမျိုးကိုတော့ သူ မလုပ်ရဲခဲ့ပေ။အကြောင်းမှာ သူ့တွင် ရန်သူများစွာ ရှိနေပြီး ဒဏ်ရာအပြင်းအထန်ရသွားပါက အခြားသူများက အခွင့်ကောင်းယူမည်ကို သိနေခဲ့လေသည်။
“သွားကြစို့... ကောင်စုတ်လေး ငါတို့နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့"
ချာလီကူရိုက သူ့လက်အောက်ငယ်သားများကို ခေါ်ကာ ထွက်ခွာသွားခဲ့လေသည်။
ဒီနေရာတွင် ဖြစ်ပွားခဲ့သမျှအရာအားလုံးဟာ သူ့ဘ၀တလျှောက် အရှက်ရဆုံးအဖြစ်အပျက် ဖြစ်သွားခဲ့လေသည်။ အခုချိန်တွင် သူ အလုပ်ချင်ဆုံးက ဒီနေရာမှ အမြန်ဆုံး ထွက်ခွာသွားခြင်းသာ ဖြစ်လေသည်။
ကြေးစားစစ်သားများအားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုနေခဲ့ကြလေသည်။ အခြေအနေက ဘယ်လိုအထိ ဖြစ်လာမလဲဆိုတာကို မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
အစကတော့ ဒီလူငယ်ဟာ မသေမချင်း အနိုင်ကျင့်ခံရမည်ဟု ထင်ခဲ့ကြသော်လည်း အမှောင်မိုက်ဆုံးအချိန်၌ အလင်းရောင်တစ်ခု ပေါ်လာသလို ဖြစ်သွားခဲ့လေသည်။အံ့အားသင့်မှုအပြင် အခြားခံစားချက်များလည်း သူတို့၏မျက်လုံးထဲတွင် တောက်ပလာခဲ့လေသည်။
“မင်းတို့ အမြဲတမ်း မတရားမှုကိုခေါင်းငုံ့ခံနေရင် သူတို့က ပိုပြီးအခွင့်ကောင်းယူလာကြလိမ့်မယ်။ ဒီနေရာကို ရောက်လာနိုင်တဲ့သူတိုင်းက အရည်အချင်းရှိပြီးကျော်ကြားသူတွေချည်းပဲ။ ငကြောက်တစ်ယောက်မှမပါဘူး။ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာကို လိုလားရင် ပိုပြီးအင်အားရှိအောင်ကြိုးစားရမယ်"
ကျိုးဟောင်က သူတို့အားလုံးကိုစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်လေသည်။လူနည်းစုဖြင့် ဒီလို အင်အားကြီးအာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ မလုံလောက်သေးပေ။ လူတိုင်းစည်းလုံးမှသာ အင်အားပိုမို ကြီးမားလာမည် ဖြစ်လေသည်။
လက်ရှိဘေးတွင် ရပ်ကြည့်နေကြသည့် ဒီလူတွေကပဲ အဲဒီ စည်းလုံးမှုအတွက် အရေးကြီးဆုံး ပစ်မှတ်များ ဖြစ်နေခဲ့လေသည်။
ကျိုးဟောင်၏ စကားများကြောင့် ထောင့်တစ်နေရာတွင် ရပ်နေကြသည့် ကြေးစားစစ်သားများ၏ မျက်လုံးများထဲတွင် စိတ်ဓာတ်အလင်းရောင်များ လင်းလက်လာခဲ့လေသည်။
သူတို့လည်း ဆန့်ကျင်ဖို့ စဉ်းစားခဲ့ဖူးသော်လည်း ခေါင်းဆောင်ကောင်း မရှိခဲ့ခြင်းသာ ဖြစ်လေသည်။
“အရင်ဆုံး ပြန်ကြစို့… နောက်မှ ဆက်ပြောကြတာပေါ့"
နောက်ဆုံး၌ ကျိုးဟောင်သည် ဒီကိစ္စကို ခဏနားထားရန်ဆုံးဖြတ်လိုက်လေသည်။ သူ လုပ်ချင်တာက ဒီလူများရဲ့ နှလုံးသားထဲတွင် ဆန့်ကျင်လိုစိတ်ရဲ့ အစေ့တစ်စေ့ကို စိုက်ပျိုးထားလိုခြင်းသာ ဖြစ်လေသည်။အချိန်ကြာလာပါက ထိုအစေ့သည် သစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲလာပေလိမ့်မည်။
ထိုအချိန်တွင် လင်းထျန်၏ ဒဏ်ရာများမှာ ပိုမိုဆိုးရွားလာနေခဲ့လေသည်။ ထို့ကြောင့်ကျိုးဟောင်တို့မှာလည်း ထိုနေရာမှအလျင်အမြန်ထွက်ခွာလာခဲ့ကြလေငည်။
ကြေးစားစစ်သားများအားလုံးသည် ကျိုးဟောင်တို့ထွက်သွားကြသည်ကို ရပ်ကြည့်နေခဲ့ကြပြီး တားဆီးခြင်းလည်း မရှိသလို လိုက်ပို့ခြင်းလည်း မရှိခဲ့ပေ။
ကျိုးဟောင်၏ စကားများကြောင့် သူတို့၏ စိတ်ထဲတွင် အတွေးများ နက်ရှိုင်းလာခဲ့လေသည်။ သူတို့သည်လည်း တစ်ချိန်က ဒီလို စိတ်ဓာတ်မြင့်မားသော လူငယ်မျာဖြစ်ခဲ့ကြလေသည်။
“ကျိယောင်ယွဲ့… အမှတ်တွေယူပြီး ဆေးသွားဝယ်လိုက်ပါ။ ကျွန်တော် လင်းထျန်ကို အနားယူဖို့ ပြန်ခေါ်သွားလိုက်မယ်”
လမ်းတစ်ဝက်ရောက်မှ ထိုကိစ္စကို သတိရသွားသဖြင့် ကျိုးဟောင်က ပြောလိုက်လေသည်။
ကျိယောင်ယွဲ့လည်း ကျိုးဟောင် ပေးလိုက်သော အမှတ်များကို ယူပြီး ဆေး၀ါးများလဲလှယ်နိုင်သည့် နေရာသို့ အလျင်အမြန် သွားခဲ့လေသည်။
“ငါ့ကို ချလိုက်ပါ။ ငါ ကိုယ်တိုင် လမ်းလျှောက်နိုင်တယ်"
အချိန်အနည်းငယ် အနားယူပြီးနောက် လင်းထျန်၏ အင်အားမှာ ပြန်လည် ကောင်းမွန်လာခဲ့လေသည်။ ထို့အပြင် ကျိုးဟောင်လည်း တိုက်ပွဲ နှစ်ကြိမ်ဆက်တိုက်တိုက်ခဲ့သောကြောင့် ဒဏ်ရာများ ရရှိထားကြောင်းကိုလည်း သူ ခံစားမိခဲ့လေသည်။
အစောပိုင်းက ချာလီကူရို၏ လက်သီးချက်ကို လက်ဗလာဖြင့် အတင်း၀င်ခံခဲ့သဖြင့် အတွင်းအင်္ဂါများ ထိခိုက်သွားခြင်းမှာ မလွဲဧကန် ဖြစ်လေသည်။
“ဖုခ်ျ..."
လင်းထျန်စကားမဆုံးခင်မှာပင် ကျိုးဟောင်မှာ သွေးတစ်ပွက် အန်လိုက်လေသည်။
ကျိုးဟောင်မှာ သူ့အားနည်းမှုကို မပြသမိအောင် အစောပိုင်းကတည်းက ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်လေသည်။ သူ အားနည်းသွားကြောင်းကို ပြိုင်ဘက်များ သိသွားပါက ဖြစ်လာမယ့် အကျိုးဆက်တွေကို သူ ကောင်းကောင်း သိနေခဲ့လေသည်။
“ကျိုးဟောင်… အဆင်ပြေရဲ့လား။ တောင့်ခံထားပါဦး"
လင်းထျန်နှင့်ကျိုးဟောင်တို့ နှစ်ဦးစလုံးမှာ အပြင်းအထန် ဒဏ်ရာရထားကြသော်လည်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီ နေကြလေသည်။ ကြေးစားစစ်သားများရှေ့တွင် သူတို့၏ အားနည်းမှုကို မမြင်စေချင်ကြပေ။
“စိတ်မပူပါနဲ့ အားလုံး အဆင်ပြေသွားမှာပါ။ လာပါ… ကျွန်တောိ့ကျောပေါ် တက်လိုက်"
ကျိုးဟောင်က အံကြိတ်ကာ သတိမလွတ်အောင်ထိန်းထားပြီး လင်းထျန်ကို ကျောပေါ်တင်ကာ ကိုယ်ပိုင်နေရာသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားခဲ့လေသည်။
လင်းထျန်၏ နှလုံးသားထဲတွင် အလွန်တရာမှ စိတ်မကောင်းဖြစ်နေခဲ့လေသည်။ သူတို့ဒဏ်ရာအပြင်းအထန်ရသွားခဲ့သောကြောင့် ကျိုးဟောင်မှာ ဒဏ်ရာအပြင်းအထန်ရနေခဲ့သော်လည်း ဟန်ဆောင်ပြီး သန်မာပြခဲ့ရလေသည်။
လေ့ကျင့်ချိန်သာ ပိုရခဲ့ပါက ဒီလူတွေကို သွေးနဲ့ ပြန်ပေးဆပ်စေမည်ဟု လင်းထျန် စိတ်ထဲမှာ ကျိန်ဆိုနေခဲ့လေသည်။
အခြားကြေးစားစစ်သားများက ကျိုးဟောင်တစ်ယောက် လင်းထျန်ကို ကျောပေါ်တင်ပြီး ပြန်သွားတာကို မြင်လိုက်ရသည့်အခါ ဒီလူငယ်လေးဟာ တကယ့်ကို ကြမ်းတမ်းမာကျောသူ ဖြစ်သည်လို့ ထင်မှတ်သွားကြလေသည်။
သူတို့အမြင်တွင် ကျိုးဟောင်မှာ တစ်နေ့တည်းဖြင့် ကြေးစားစစ်တပ်အခြေစိုက်စခန်းရှိ နာမည်ကြီး နှစ်ယောက်ကို ရင်ဆိုင်နိုင်ပြီးဒဏ်ရာတောင် မရသလိုဖြစ်နေလေသည်။
ဒါပေမယ့် မည်သူမျှ မသိခဲ့တဲ့ အရာတစ်ခု ရှိနေခဲ့လေသည်။ကျိုးဟောင်မှာ သူတို့ ကိုယ်ပိုင်နေရာသို့ ရောက်သည်နှင့် ချက်ချင်း သတိလစ်သွားခဲ့လေသည်။
ချာလီကူရိုက အင်အားကို ရှစ်ဆယ်ရာခိုင်နှုန်းသာ သုံးခဲ့သော်လည်း အဲ့ဒီအင်အားက သူ့အတွက်တော့ သေမင်းတံခါး၀ ရောက်လုနီးပါး ဖြစ်စေခဲ့လေသည်။
“ကျိုးဟောင်… တင်းခံထားပါဦး။ ကျိယောင်ယွဲ့ ဆေး၀ယ်ပြီး မကြာခင် ပြန်လာတော့မယ်။ ဒီတစ်ခါ ခံလိုက်ရတဲ့ သွေးကြွေးတွေကို ငါ သူတို့ဆီက နှစ်ဆ ပြန်ယူပေးပါ့မယ်"
လင်းထျန်သည် ပုံမှန်ဆို အေးဆေးနေတတ်သူဖြစ်သော်လည်း ဒီတကြိမ်တွင်တော့ လူငယ်လေးတစ်ယောက်လို ပျာယာခတ်နေခဲ့လေသည်။
ကျိုးဟောင်က သူ့ကို ကယ်တင်ဖို့ ကြိုးစားရင်း ဒဏ်ရာရခဲ့ခြင်း ဖြစ်သဖြင့် ဒီကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာကို သူ မစဉ်းစားတတ်တော့ပေ။
မိနစ်တိုင်း စက္ကန့်တိုင်းဟာ လင်းထျန်အတွက် ညှဉ်းပန်းမှုလို ဖြစ်နေခဲ့လေသည်။ ကျိယောင်ယွဲ့ ဆေးယူပြီး ပြန်လာပြီလားဆိုတာကို အပြင်ထွက်ကြည့်ချင်စိတ်များ မကြာခဏ ဖြစ်ပေါ်နေခဲ့လေသည်။
....................................................................................
အခန်း (၈၄၈) ပြီးပါပြီ။
--