အခန်း ၈၅၁
Vol. 57 Ch. 851
အခန်း (၈၅၁) : အဖွဲ့ဝင်အသစ် ထပ်မံပေါင်းထည့်ခြင်း
အမြင်အရ အားနည်းသလို ထင်ရသော လက်ဖဝါးတစ်ချက်အတွင်း၌ လူကို အလွန်အမင်း မျှော်လင့်ချက်ကင်းမဲ့စေသော အင်အားတစ်ရပ် ပုန်းအောင်းနေခဲ့လေသည်။
ဟာဖ်လီသည် ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူ့နောက်ဘက်မှ ထွက်ပေါ်လာသော အင်အားမှာ အဆုံးမဲ့သလို ဖြစ်နေပြီး ခေါင်းကိုတောင် ပြန်လှည့်ကြည့်ဖို့မဝံ့ရဲခဲ့ပေ။
သူလုပ်နိုင်သည့် အရာတစ်ခုတည်းကတော့ ပြင်းထန်စွာ ဒဏ်ရာရထားသော ခန္ဓာကိုယ်ဖြင့် ထိုလက်ဖဝါးကို တားဆီးရန်သာ ဖြစ်လေသည်။ သူ့စိတ်ထဲ၌ အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ ပေါင်းစပ်ကာ ပြည့်နှက်နေခဲ့လေသည်။
အစဉ်အလာအရ သူတို့မိသားစုဝင်များထက် အမြန်နှုန်း၌ ပိုမိုသာလွန်သူ မည်သူမျှ မရှိခဲ့ဖူးပေ။ အရင်ကတော့ ကျိုးဟောင် ရှိခဲ့ပြီး ယခုတော့ ကျိယောင်ယွဲ့ ထပ်မံ ပေါ်ထွက်လာပြန်လေသည်။
ဒါကြောင့်ပင် လူသစ်တစ်ယောက်ဖြစ်သော်လည်း သူမအနေနဲ့ ဒီလောက် မာန်မာနကြီးမားနေရခြင်း ဖြစ်လေသည်။
“မင်း သေချင်နေတာပဲ..."
ဟာဖ်လီအပေါ် လက်ဖဝါးရိုက်ချက် ကျရောက်တော့မည်ကို မြင်လိုက်ရသဖြင့် အခြားကြေးစားစစ်သားများက ချက်ချင်းပင် တိုက်ခိုက်လာကြလေသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ကျိယောင်ယွဲ့၏ လက်ဖဝါးရိုက်ချက်ကို ပြန်ဆုတ်သွားစေရန် ဖြစ်လေသည်။ သို့သော် သူတို့၏ အင်အားသည် ကျိယောင်ယွဲ့ထက် အလွန်အမင်း နည်းပါးနေခဲ့လေသည်။
အစောပိုင်းကတော့ ဆေးဝါးကို အမြန်ပြန်ပို့ရန်လိုအပ်သဖြင့် ထွက်ပြေး ရှောင်တိမ်းခဲ့ခြင်းသာ ဖြစ်ပြီး ယခုအချိန်တွင်တော့ သူမအနေနဲ့ စိုးရိမ်စရာ ဘာမှ မရှိတော့ပေ။
ကျိုးဟောင်သည် ဟားဗတ်မိသားစု၀င်များကြောင့် တိုက်ပွဲများတစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် တိုက်ခိုက်ခဲ့ရပြီ နောက်ဆုံး၌ ယခုလို အိပ်ရာပေါ်တွင် သတိလစ်နေခဲ့ရလေပြီ။
ကျိယောင်ယွဲ့အတွက်တော့ အခြေစိုက်စခန်းအတွင်းရှိ ကြေးစားစစ်သားအားလုံးသည် ရန်သူများသာ ဖြစ်လေသည်။ သူမ၏ ရန်သူများအပေါ် မည်သည့်အခါမျှ သနားညှာတာမှု မရှိခဲ့ပေ။
“ရပ်လိုက်..."
အနောက်ဘက်ရှိ ကြေးစားစစ်သားအချို့က မကြည့်ရဲတော့သဖြင့် မျက်လုံးများကို ပိတ်လိုက်ကြလေသည်။ သို့သော် ကျိယောင်ယွဲ့သည် မရပ်တန့်သည့်အပြင် အရှိန်ကိုပင် ထပ်တိုးလိုက်လေသည်။ သူမ၏ အခြေအနေမှာ စိတ်ရူးဖောက်သွားသလိုပင် ဖြစ်နေခဲ့လေသည်။
“ဒီမိန်းမ တကယ့်ကို ရူးနေတာပဲ…”
“ဘုန်း..."
သူတို့၏စကားမဆုံးသေးခင်မှာပင် မြေပြင်သို့ ပြင်းထန်စွာ ကျသွားသည့် အသံတစ်ခု ကြားလိုက်ရလေသည်။ သူ မျက်လုံးကျယ်ကျယ် ဖွင့်ကြည့်လိုက်သောအခါ ဟာဖ်လီသည် ၁၀မီတာကျော် အကွာသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်လိုက်ရလေသည်။
ထိုပြင်းထန်လှသော အသံကြီးကြောင့် ကြည့်နေသူများ၏ ခန္ဓာကိုယ်တောင် နာကျင်သွားသကဲ့သို့ ခံစားရလေသည်။
“ဖွီးး..."
ဟာဖ်လီသည် သွေးတစ်ပွက် အန်သွားလေသည်။ သူ၏ အငွေ့အသက်မှာ အလွန်အမင်း အားနည်းသွားပြီး မျက်နှာအရောင်မှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့လေသည်။
အသက်ရှူထုတ်နိုင်သော်လည်း ပြန်လည် ရှူသွင်းရန်တောင် ခက်ခဲနေခဲ့လေသည်။ ဒီလိုအခြေအနေဟာ အလွန်ပြင်းထန်သော ဒဏ်ရာရရှိထားမှသာ ဖြစ်နိုင်လေသည်။
ကြေးစားစစ်သားများ မသိခဲ့သည့် အချက်ကတော့ ကျိယောင်ယွဲ့၏ လက်ဖဝါးရိုက်ချက်ထဲတွင် မီးစွမ်းအင်များ ပါဝင်နေခြင်း ဖြစ်လေသည်။ ထိတွေ့သည့် တခဏအတွင်းမှာပင် မီးစွမ်းအားသည် အတွင်းအင်္ဂါများနှင့် သွေးကြောငယ်လေးများကိုပြင်းထန်စွာ လောင်ကျွမ်းသွားစေခဲ့လေသည်။
မီးစွမ်းအင် အနှစ်သာရကို ထိန်းချုပ်နိုင်သူအတွက် မီးတောက်များတဟုန်းဟုန်း ထုတ်ဖော်ပြနေစရာ မလိုအပ်ခဲ့ပေ။
အပြင်ဘက်က ကြည့်လျှင် မိန်းမတစ်ယောက်၏ အားနည်းသော လက်ဖဝါးတစ်ချက်သာ ထိသွားသလို ထင်ရသော်လည်း အမှန်တကယ်တွင် ဘယ်လောက် ကြောက်မက်ဖွယ်ကောင်းကြောင်းကိုတော့ ထိခိုက်ခံရသူ တစ်ယောက်တည်းသာ သိနိုင်လေသည်။
“အစ်ကိုကြီး… အဆင်ပြေလား။ ဘယ်လိုနေလဲ..."
“ဒီမိန်းမက တကယ့်ကို ရက်စက်လွန်းတယ်"
ကြေးစားစစ်သားတစ်ယောက်က အမြန်ပြေးလာပြီး ဟာဖ်လီကို ထူပေးလိုက်လေသည်။ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်သောအခါ သွေးကြောငယ်လေး အများအပြား ထိခိုက်ထားပြီး အတွင်းအင်္ဂါများပါ ပျက်စီးမှုများ ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ဒီလို ထိခိုက်မှုမျိုးကို ဖြစ်စေနိုင်ဖို့ အင်အား ဘယ်လောက်အထိ လိုအပ်မလဲဆိုတာကို သူတို့ နားလည်မိသွားကြလေသည်။ သူတို့ မျက်စိရှေ့တွင် မြင်နေရသော ကျိယောင်ယွဲ့သည် ဟာဖ်လီထက် အင်အားနည်းသည်ဟု ထင်ရသော်လည်း ရလဒ်ကတော့ လုံးဝ သူတို့အထင်နဲ့မတူညီခဲ့ပေ။
“အားလုံးပေါင်းတိုက်မယ်။ ဒီမိန်းမကို အသက်ရှူခွင့်တောင် မပေးနဲ့..."
ကြေးစားစစ်သားများ၏ မျက်လုံးများမှာ နီရဲလာခဲ့လေသည်။ ကျိယောင်ယွဲ့လက်ထဲတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် သူတို့ အလွန်အမင်း အရှက်ရနေခဲ့လေသည်။ ထို့အပြင် သူတို့ မျက်စိရှေ့တွင်ပင် ကိုယ့်လူကို ဒီအဆင့်အထိ ဒဏ်ရာရအောင် လုပ်သွားခြင်းကို မခံမရပ်နိုင်ဖြစ်နေခဲ့ကြလေသည်။
အစောပိုင်းကတော့ ကျိယောင်ယွဲ့ကို အရှက်ခွဲဖို့သာ စိတ်ကူးထားခဲ့ကြခြင်း ဖြစ်သော်လည်း ယခုအချိန်တွက်တော့ အရှက်ခွဲခံရသူမှာ သူတို့ကိုယ်တိုင်ဖြစ်သွားခဲ့ရလေသည်။ ဒါ့အပြင် အဖွဲ့သားတစ်ယောက်မှာလည်းပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့လေသည်။
“မိန်းမလှလေးတစ်ယောက်ကို ဒီလိုဝိုင်းတိုက်ရလောက်တဲ့အထိ ဟားဗတ်မိသားစုက သိက္ခာကျဆင်းသွားပြီလား"
လူကောင်းတစ်ယောက်ပုံမပေါက်သော လူငယ်တစ်ယောက်သည် ကြေးစားစစ်သားအုပ်စုတစ်စုကို ဦးဆောင်ကာ လျှောက်လှမ်းလာနေလေသည်။ ပထမဆုံးကြည့်လိုက်ရုံနဲ့ပင် ထိုလူငယ်မှာလူကောင်းတစ်ယောက်မဟုတ်ကြောင်း သိသာနေခဲ့လေသည်။
သူ့မှာလည်း အပြာရောင်မျက်လုံး၊ အဝါရောင်ဆံပင်တို့ ရှိပြီး အရပ်ရှည်သော်လည်း မျက်နှာအမူအရာနှင့် လမ်းလျှောက်ပုံက သူ၏ ဥပဓိရုပ်ကို ပျက်ယွင်းစေနေခဲ့လေသည်။
အင်အားအရတော့ သူသည် ကျိယောင်ယွဲ့ထက် ပိုမို သာလွန်နေခဲ့လေသည်။ ဒီနေရာကို ၀င်ရောက်နိုင်သူတိုင်းမှာ ကိုယ်ပိုင် အထူးကျွမ်းကျင်မှုတစ်ခုစီ ရှိကြပြီး လွယ်လွယ်နဲ့ အထင်သေးလို့ မရနိုင်သူများ ဖြစ်ကြလေသည်။
"ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်းတို့ ဟယ်လင်မိသားစု ဘာတွေကြံစည်နေလဲဆိုတာ ငါ မသိဘူး ထင်နေတာလား”
“သူမကို အခွင့်အရေးယူချင်နေတာမလား။ ငါတို့သခင်လေးက မင်းကို အရှက်ရအောင် နှိပ်ကွပ်မှာကို မကြောက်ဘူးလား"
ဟာဖ်လီက တစ်ဖက်လူရဲ့ နောက်ခံကို သိနေကြောင်း ထင်ရှားနေခဲ့လေသည်။ ဒီမိသားစုနှစ်ခုမှာ အစဉ်အလာအရ မတည့်ကြသူများဖြစ်ကြလေသည်။
ကျိယောင်ယွဲ့တစ်ယောက်သက်ပြင်းချလိုက်မိလေသည်။ ရန်သူ၏ ရန်သူမှာသူမအတွက် မိတ်ဆွေ ဖြစ်နိုင်လေသည်။ ယခုလို အခြေအနေမှာတော့ တစ်ဆင့်ချင်း ဖြေရှင်းသွားရုံသာ ရှိလေသည်။
“မိန်းမလှလေးရဲ့ပြဿနာက ငါ့ပြဿနာပဲလေ။ ဘာလို့ဆို မိန်းမလှလေးတိုင်းက ငါနဲ့လိုက်ဖက်တယ်လေ"
ထိုလူငယ် ကောက်ကျစ်စွာပြုံးရင်းပြောလာလေသည်။ အမှန်တကယ်တော့ သူသည် မြင်မြင်ချင်းမှာပင် ကျိယောင်ယွဲ့၏ အလှကို စိတ်လှုပ်ရှားသွားခဲ့ခြင်း ဖြစ်လေသည်။
ဟားဗတ်မိသားစုက ဘာကြောင့် ဒီမိန်းကလေးကို အတင်းအကျပ်ဖိအားပေးနေသလဲဆိုသည့်အကြောင်းကို သူ နားလည်နေခဲ့လေသည်။ ဒီလို အတင်းအကျပ်ဖိအားပေးသည့်အလုပ်ကို ဦးနှောက်မရှိသည်ဘ လူ့အမှိုက်များသာလုပ်မည်ဖြစ်လေသည်။ မိန်းမလှလေးကို ပွေ့ဖက်ချင်လိုပါက နည်းလမ်းမှန်မှန်ကို အသုံးပြုရမည်ပင် ဖြစ်လေသည်။
တစ်ဖက်လူရဲ့ ရည်ရွယ်ချက် ဘာပဲဖြစ်ဖြစ် ကျိယောင်ယွဲ့ကတော့ ဘေးမှာပဲ ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့လေသည်။ ဒီလို ခွေးချင်းကိုက်နေသည့် မြင်ကွင်းက သူမအတွက်တော့ အကျိုးရှိတဲ့ အရာတစ်ခုပင် ဖြစ်လေသည်။
လူအုပ်နှစ်ဖွဲ့ကို တစ်ပြိုင်နက် တိုက်ခိုက်ဖို့ဆိုသည်မှာ သူမအတွက်တောင် မဖြစ်နိုင်သည့်အရာဖြစ်လေသည်။
“ဟယ်လင်ကိုင်က ဘယ်အချိန်ကစပြီး မိန်းမတွေကို သနားတတ်သွားတာလဲ။ ဘာလဲ မင်းရဲ့ အစ်မဝမ်းကွဲနဲ့ပျော်ပါးရတာ ငြီးငွေ့လာလို့လား"
ဟာဖ်လီက တစ်ဖက်လူ၏ လျှို့ဝှက်ချက်ကို လူအများရှေ့မှာပင် ထုတ်ပြောလိုက်လေသည်။ ဒီလို စကားမျိုးကို လူရှေ့မှာ ပြောထုတ်ရဲခြင်းက အံ့သြစရာပင် ဖြစ်လေသည်။
အရင်တုန်းကတော့ ဟယ်လင်ကိုင်သည် ဒီလို စကားမျိုးကို ဂုဏ်ယူစရာလို့ ခံစားမိလေသည်။ သူ့အစ်မဝမ်းကွဲသည် နာမည်ကြီး အလှပဂေးတစ်ယောက် ဖြစ်ပြီး ထိုကဲ့သို့အမျိုးသမီးက သူ့ဘေးတွင် ရှိနေခြင်းကို ဂုဏ်ယူနေခဲ့လေသည်။
ဒါပေမယ့် ဘာကြောင့်မှန်းမသိ ကျိယောင်ယွဲ့ရှေ့တွင်တော့ အဲ့ဒီအကြောင်းကို ထုတ်မပြောစေချင်တော့ပေ။ သူမ စိတ်ကွက်သွားမည်ကို စိုးရိမ်နေသလိုပင် ဖြစ်နေခဲ့လေသည်။
“မင်းရဲ့ ပါးစပ်က အညှီအဟောက်တွေ တော်တော်ထွက်တာပဲ။ ဘာလဲ ငါ့မှာ မိန်းမရှိတာကို မနာလိုဖြစ်နေတာလား။ ဟားဗတ်မိသားစုက တဖြည်းဖြည်းနဲ့ ပိုရိုင်းလာတာပဲ"
ဟယ်လင်ကိုင်က စကားဆုံးသည်နှင့် ဟာဖ်လီ၏ မျက်နှာကို လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်လိုက်လေသည်။
အရင်လိုဆိုရင်တော့ ဟာဖ်လီက ဒီလို လူမျိုး၏ တိုက်ခိုက်မှုကို လုံးဝ အရေးမထားပေ။ သို့သော် အခုအချိန်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့လေသည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရထားပြီး လျင်မြန်မှုကလည်း အရင်ရဲ့ တစ်ဝက်တောင် မရှိတော့ပေ။
ဒီလို အခြေအနေမှာတော့ ရှောင်တိမ်းနိုင်ဖို့ဆိုသည်မှာ အိပ်မက်တစ်ခုသာ ဖြစ်လေသည်။ သူလုပ်နိုင်တာ တစ်ခုတည်းကတော့ ထိုရိုက်ချက်ကို ခံယူရုံသာ ဖြစ်လေသည်။
သူ့မျက်လုံးထဲမှာ ဒေါသရိပ်များပြည့်နေခဲ့ပြီး ဒီလူတွေကို အပိုင်းပိုင်း ဖြတ်ပစ်ချင်လောက်အောင် မုန်းတီးနေခဲ့လေသည်။ အခုအချိန်တွင် သူ အမုန်းဆုံးလူကတော့ ကျိယောင်ယွဲ့ပင် ဖြစ်လေသည်။ ဒီမိန်းမကြောင့်သာ သူ ဒီလို အခြေအနေကို ရောက်ခဲ့ခြင်း ဖြစ်လေသည်။
သူ့မျက်စိရှေ့မှာပင် တစ်ဖက်လူရဲ့ လက်ဖဝါးက သူ့မျက်နှာပေါ် ကျလာသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
....................................................................................
အခန်း (၈၅၁) ပြီးပါပြီ။
--