အခန်း ၈၅၂
Vol. 57 Ch. 852
အခန်း (၈၅၂) : နောက်ပြန်လှည့်ခြင်း
ဟာဖ်လီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးပိတ်ကာ လက်ဝါးရိုက်ချက် ကျလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။ သို့သော် အချိန်အတော်ကြာသွားသည်အထိ လက်ဝါးရိုက်ချက်က သူ့မျက်နှာပေါ်သို့ ကျမလာခဲ့ပေ။
အံ့အားသင့်စွာ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့တွင် ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာပြီး သူ့အ ပေါ်သို့ကျလာသည့်လက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရလေသည်။
“ဂျွတ်.."
အရိုးကွဲသံတစ်ချက် ကြားလိုက်ရလေသည်။
သူ၏ မျက်လုံးများ ပြူးသွားခဲ့ပြီး ဟားဗတ်မိသားစု၏ သခင်လေးက ဒီလိုနေရာမှာ ဘာကြောင့် ပေါ်လာရသနည်းဆိုသည်ကို လုံးဝ မနားလည်နိုင်ခဲ့ပေ။
သူတို့က အမြဲတမ်းပင် ဟဗ်ဂန်ကို အောက်တန်းကျသူလို သဘောထားခဲ့ကြပြီး သူ့ကို သူတို့၏ အစ်ကိုကြီးဖြစ်ဖို့ မသင့်တော်သူဟု ထင်မြင်ခဲ့ကြလေသည်။ မိသားစုထဲမှာလည်း အချစ်မခံရဘဲ ဘယ်အရာမဆို ဟာဗီအား အမြဲအလျှော့ပေးရသူ ဖြစ်နေခဲ့ရလေသည်။
အချိန်ကြာလာသည့်နောက်တွင် တခြားမိသားစုကြီးများထံမှပါ အထင်သေးခံရလာခဲ့ရပြီး အင်အား ဘယ်လောက်ပဲ ကြီးမားနေပါစေ ဟာဗီ စီစဉ်သမျှကို နားထောင်ရသူ ဖြစ်နေရလေသည်။
“ဘယ်… ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ"
သူသည် အလွန်အမင်း တုန်လှုပ်သွားခဲ့လေသည်။ သူ့ကို ကယ်တင်သူက သူ အမြဲအထင်သေးနေခဲ့သော လူဖြစ်လာမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
“အခုဒီကနေ သွားလိုက်တော့။ မင်းက ဟားဗတ်မိသားစုကိုအရှက်ရစေတယ်"
ဟဗ်ဂန်က လုံးဝ အရေးမထားသည့်အမူအရာဖြင့် ပြောလိုက်လေသည်။ သူ သေတော့မယ့်အခြေအနေကို မြင်ရသော်လည်း စိတ်မပူသည့်အသံမျိုး မရှိခဲ့ပေ။
ဒီစကားကြားလိုက်ရသောအခါ သူ့စိတ်ထဲတွင် ဒေါသအခိုးများ ပို၍ တက်လာခဲ့လေသည်။ လူအများရှေ့တွင် ယခုလို အပြစ်တင်ခံရခြင်းအား မခံနိုင်ဖြစ်နေခဲ့ပေ။
ဘာပဲဖြစ်ဖြစ် ဟဗ်ဂန်သည် ဟားဗတ်မိသားစုထဲတွင် အနာဂတ်အလွန်ကောင်းသူတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်လေသည်။ ဒေါသပြင်းထန်နေသော်လည်း ထုတ်ဖော်ပြောဆိုရဲခြင်း မရှိခဲ့ပေ။
မျက်လုံးထဲက မုန်းတီးမှုကို မဖုံးကွယ်နိုင်သော်လည်း ဟယ်လင်ကိုင် ကြည့်နေသေးသောကြောင့် ခေါင်းငုံ့ကာ ဘေးဘက်သို့ ဆုတ်သွားခဲ့လေသည်။
“မင်း ဒီမှာ ဘယ်လိုဖြစ်ပြီး ပေါ်လာရပြန်တာလဲ။ ဟဗ်ဂန်သခင်လေးရဲ့ သည်းခံနိုင်စွမ်းက တကယ်ကောင်းတယ်နော်။ ကိုယ့်မိန်းကလေးကို တခြားလူက ယူသွားတာတောင် မစိုးရိမ်ဘူးလာ.."
ဒီစကားက သူနှင့်ဟာဗီအကြား ဖြစ်ပျက်ခဲ့သမျှကို ဟယ်လင်ကိုင် သိနေကြောင်း ပြသနေခဲ့လေသည်။
ဟယ်လင်ကိုင်၏ လက်တစ်ဖက်သည် အရိုးကွဲအက်သွားခဲ့သော်လည်း နာကျင်သည့်အသံတောင် မထွက်ခဲ့ပေ။ ဒီလို သည်းခံနိုင်စွမ်းမျိုးသည် သာမန်လူများ၌မရှိနိုင်သည့်အရာဖြစ်ပေသည်။
“ဒီစကားကို နောက်တစ်ခါ ထပ်ပြောရင် မင်းကို သတ်ပစ်မယ်"
ဟဗ်ဂန်၏ စိတ်ထဲရှိ မုန်းတီးမှုက ပေါက်ကွဲတော့မည့်အဆင့်အထိ ရောက်ရှိနေခဲ့လေသည်။ ဒီအကြောင်းကို တွေးလိုက်တိုင်း လူသတ်ချင်စိတ်ကို မတားနိုင်တော့ပေ။
ဒီနေ့တစ်နေ့တည်းမှာပင် အကြိမ်ကြိမ် ထပ်မံ ပြောခံရခြင်းကြောင့် သူ အလွန်အမင်း ရွံရှာသွားခဲ့လေသည်။ ဒီအချိန်မှာတော့ သူသည် မည်သူ့ကိုမဆို ကိုက်ဖြတ်မည့် တိရစ္ဆာန်တစ်ကောင်လို ဖြစ်နေခဲ့လေသည်။
“ငါတစ်ယောက်တည်း သိတာ မဟုတ်ဘူး…”
ဟဗ်ဂန်၏ ဒေါသပြင်းထန်သော အခြေအနေကို မြင်ပြီး ဟယ်လင်ကိုင်မှာ အနည်းငယ် ကြောက်ရွံ့သွားခဲ့လေသည်။ သူသည် အင်အားကြီးမားသော်လည်း ဒီလို ရူးသွပ်နေသူတစ်ယောက်ကိုတော့ မယှဉ်နိုင်ကြောင်း သိနေခဲ့ပေသည်။
အမြန်နှုန်းနှင့် အင်အား နှစ်ခုစလုံးတွင် ဟဗ်ဂန်မှာသူ ထက် သာလွန်ကြောင်း သိသွားပြီး ဆုတ်ခွာချင်စိတ်များ ပေါ်လာခဲ့လေသည်။
“ငါ ချက်ချင်း ထွက်သွားပေးမယ်။ ဒီကိစ္စက ငါနဲ့ လည်းဆိုင်တာမှမဟုတ်တာ"
ဟယ်လင်ကိုင်သည် ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက် ဖြစ်ပြီး စိတ်ထဲဆုံးဖြတ်လိုက်သည်နှင့် ချက်ချင်း လုပ်ဆောင်တတ်လေသည်။ သူက အစကတော့ လှောင်ပြောင်ဖို့သာ လာခဲ့ခြင်း ဖြစ်သော်လည်း တစ်ဖက်လူက မျက်နှာပေးမလာသောကြောင့် အခြေအနေမှာယခုလိုကြီးမားသွားခဲ့ခြင်း ဖြစ်လေသည်။
မိသားစုကြီးများကြားတွင် အငြင်းပွားမှုများ ရှိသော်လည်း ယခင်ကတော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်များရှိလေသည်။
“ဒီနေရာက တကယ်ပဲ စည်ကားနေပါလား..."
ရုတ်တရက် အေးစက်သော အသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။
ကျိယောင်ယွဲ့၏ မျက်နှာအမူအရာမှာ လုံး၀ပြောင်းလဲသွားခဲ့လေသည်။ ရန်သူအားလုံး ဒီနေရာသို့ စုပေါင်းရောက်လာမည်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။
ကျိုးဟောင်နှင့် အခြားသူများ ဒဏ်ရာရနေကြောင်း သိသဖြင့် အခွင့်အရေးယူရန်လာကြခြင်း ဖြစ်မည်ဟု တွေးမိကာ စိတ်ပူပန်လာခဲ့လေသည်။
“ချာလီ ကူရို… ဘာလို့မင်းကိုနေရာတိုင်းမှာတွေ့နေရတာလဲ"
ဟဗ်ဂန်က ချာလီ ကူရိုကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားခဲ့လေသည်။
ဟဗ်ဂန်တစ်ယောက် ဒီကို လာခဲ့ခြင်းမှာ ကျိုးဟောင်အား စည်းရုံးဖို့ ဖြစ်လေသည်။ အကြိမ်ကြိမ် စဉ်းစားပြီးနောက် ဒီလူငယ်မှာ အလွန် အနာဂတ်ကောင်းမွန်ကြောင်း ခံစားမိခဲ့လေသည်။
ကျိုးဟောင်၏ အမြန်နှုန်းသည် ဘယ်လိုကြောင့် ဒီလောက် မြန်ဆန်နေရသနည်းဆိုသည်ကို သေချာ သိချင်နေခဲ့လေသည်။ သူကိုယ်တိုင်တောင်မှ မယှဉ်နိုင်ခဲ့ပေ။
ဒီလို ထူးချွန်တဲ့ လူတစ်ယောက်ကို ကိုယ့်ဘက်မပါလာစေခဲ့ရင် အနာဂတ်မှာ ပြဿနာကြီး ဖြစ်လာနိုင်သည်ဟု ခံစားမိခဲ့လေသည်။
“ဟီးဟီး… မင်းက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငါလည်း မင်းနဲ့အကြံအတူတူပဲလေ။ ပြီးတော့ ငါ ဒီကို မလာရဘူးလို့ ဘယ်သူက ပြောထားလို့လဲ”
ချာလီ ကူရိုက အငြင်းပြိုင်ရာတွင် ဘယ်သူ့ကိုမှမရှုံးဖူးပေ။ ဟားဗတ်မိသားစုက ဒီကို အကြောင်းကိစ္စတစ်ခုခုကြောင့် လာခဲ့ကြောင်း သူ သိနေခဲ့လေသည်။
သူတို့နှစ်ယောက်၏ အင်အားမှာ အတူတူလောက်သာ ရှိပြီး ဟဖ်ဂန်၏ အမြန်နှုန်းကသာ သူ့ထက် ပိုမိုသာလွန်နေခဲ့လေသည်။ ဟဗ်ဂန်၏လှုပ်ရှားမှုများကို ခန့်မှန်းရန်မှာ တကယ့်ကိုခက်ခဲလေသည်။
အကယ်၍ နှစ်ဖက်လုံး အားကုန် ထုတ်သုံးခဲ့ကြပါက အနိုင်အရှုံးကို ခန့်မှန်းရန် အလွန်ခက်ခဲသွားမည် ဖြစ်လေသည်။
ချာလီ ကူရိုနှင့် ဟဗ်ဂန်တို့ စကားအပြန်အလှန် ပြန်စပြောလာကြသောအခါ ကျိယောင်ယွဲ့အနေနဲ့ အနည်းငယ် စိတ်အေးသွားခဲ့လေသည်။အနည်းဆုံးတော့ ယခုအချိန်တွင် ရန်သူနှစ်ယောက်ကို တပြိုင်နက်တည်း မရင်ဆိုင်ရသေးပေ။
“ငါက ကိုယ့်ညီလေးအသစ်တစ်ယောက်ကို လာတွေ့တာပါ။ မင်း မသိဘူးလား။ ကျိုးဟောင်က အခု ငါတို့ဟားဗတ်မိသားစုဘက်ကို ပူးပေါင်းခဲ့ပြီးပြီ"
ဟဗ်ဂန်က အားလုံးကြားအောင် ကြေညာလိုက်လေသည်။ ကျိုးဟောင်က သူ့ဘက်ကို ဝင်ပြီးသားဖြစ်ကြောင်း အားလုံး သိထားစေချင်နေခဲ့လေသည်။
“ငါ့ညီက မင်းကို တစ်ခါတည်း ကြောက်လန့်သွားအောင် လုပ်လိုက်တယ်လို့ ကြားတယ်။ မင်းက တော်တော် ကြောက်တတ်တာပဲနော်”
ဟဗ်ဂန်၏ မျက်လုံးများထဲတွင် အထင်သေးမှုများ ပြည့်နှက်နေခဲ့လေသည်။
အမှန်တကယ်တော့ ချာလီ ကူရိုကို ကျိုးဟောင်က ကြောက်အောင် လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ကြေးစားစစ်သားများက ဒီအကြောင်းကို မပြောရဲကြပေ။
“ဟီးဟီး… ဟားဗတ်မိသားစုက မင်းလို အရှက်မဲ့သူကို ဘယ်လိုများမွေးခဲ့တာလဲ။ မင်းရဲ့ ညီလေးက အခု အိပ်ရာပေါ်မှာ သေမလိုဖြစ်နေတာလေ"
ချာလီ ကူရိုက စူးရှသော မျက်လုံးများဖြင့် ဟဗ်ဂန်ကို ကြည့်လိုက်လေသည်။သူ့ရည်ရွယ်ချက်သည် ဘာပဲဖြစ်ဖြစ် ဟဗ်ဂန်ကို အနိုင်ပိုင်းခွင့် မပေးနိုင်ချေ။
ထို့အပြင် ကျိုးဟောင်မှာ ပြင်းထန်စွာ ဒဏ်ရာရထားကြောင်းကိုလည်း သူ ခန့်မှန်းမိနေခဲ့လေသည်။ သူ့လက်သီးတစ်ချက်ကို ခံနိုင်သူ များများစားစားမရှိပေ။ ဒါ့အပြင်သူ့ထက် အဆင့်အများကြီး နိမ့်သူတစ်ယောက်ဆိုပါက ပို၍ပင် မဖြစ်နိုင်ပေ။
ကျိုးဟောင်နှင့် အခြားနှစ်ယောက်၏ အနာဂတ်စွမ်းရည်မှာ အကန့်အသတ်မရှိကြောင်းကိုလည်း မြင်နိုင်ခဲ့လေသည်။ အရင်က ရန်ဖြစ်ခဲ့သော်လည်း အတိတ်ကို မေ့ပြီး ကိုယ့်ဘက်ကို ဆွဲခေါ်ဖို့ စိတ်ကူးတောင် ရှိလာခဲ့လေသည်။
“ကျိုးဟောင်က ငါ့ညီလေးပဲ။ ယောင်ယွဲ့… လင်းထျန်အခြေအနေ ဘယ်လိုရှိလဲ"
ဟဗ်ဂန်က ရင်းနှီးသော လူတစ်ယောက်ကဲ့သို့ပင် ကျိယောင်ယွဲ့ကို မေးမြန်းလိုက်လေသည်။
....................................................................................
အခန်း (၈၅၂) ပြီးပါပြီ။
--