အခန်း ၈၅၃
Vol. 57 Ch. 853
အခန်း (၈၅၃) : အကြံတစ်ခု
ဟဗ်ဂန်က ကျိယောင်ယွဲ့ကို ရင်နှီးသောအမူအရာဖြင့် ပြောလိုက်သောကြောင့် ကျိယောင်ယွဲ့မှာ မျက်မှောင်ကြုတ်ပြီးကြည့်လိုက်လေသည်။ သူမလို ဉာဏ်မြင့်မားသူတစ်ယောက်အနေနှင့် ဒီလိုအရာကို ဘယ်လိုလုပ် မရိပ်မိဘဲနေမည်နည်း။
ဟဗ်ဂန်နှင့် ဟာဗီတို့ကြားရှိ အခြေအနေအချို့ကို ကျိယောင်ယွဲ့က ရှင်းရှင်းလင်းလင်း မြင်ထားပြီးသားဖြစ်လေသည်။ မည်သည့်အမျိုးသားမဆို ကိုယ့်အစ်ကို သို့မဟုတ် ကိုယ့်ညီက ကိုယ်ချစ်ရသော မိန်းကလေးကို လုယူသွားခြင်းကို သည်းခံနိုင်မည် မဟုတ်ပေ။ သို့သော် ဒီဟဗ်ဂန်ကတော့ သည်းခံနိုင်ခဲ့လေသည်။
ဒါကပင် ကျိယောင်ယွဲ့ကို သတိထားမိစေသော အချက်ဖြစ်လေသည်။ ဒီလိုအရာတောင် သည်းခံနိုင်သော လူတစ်ယောက်ဆိုလျှင် အလွန်အမင်း အားနည်းသူတစ်ယောက် ဖြစ်နိုင်သလို ဒါမှမဟုတ်လည်း ကိုယ့်စိတ်ကို ဖုံးကွယ်ထားတတ်သော လူတစ်ယောက် ဖြစ်နိုင်ပေသည်။
သိသာထင်ရှားစွာပင် ဟဗ်ဂန်မှာ ဒုတိယအမျိုးအစားထဲမှ ဖြစ်နေခဲ့လေသည်။ချာလီ ကူရိုက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ဟဗ်ဂန်ကို အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
“ဟဗ်ဂန်… သူတို့က မင်းကို ဂရုစိုက်ပေးမယ်လို့ ထင်နေတာလား။ မင်းတို့နှစ်ယောက်ကြားက အငြိုးအတေးတွေကို ငါမသိဘူးလို့ မထင်နဲ့။ မင်း ဘယ်လောက်ပဲ ချော့ပြောနေပါစေ ကျိုးဟောင်နဲ့ သူတို့က မင်းကို ဂရုမစိုက်ပါဘူး။”
ချာလီကူရိုက ကျိယောင်ယွဲ့လို မိန်းကလေးက ဟဗ်ဂန်ကို လုံးဝ လျစ်လျူရှုသွားမည်လို့ အပြည့်အဝ ယုံကြည်ထားခဲ့လေသည်။
သို့သော် အမှန်တရားကတော့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ကျိယောင်ယွဲ့က အပြုံးပါးပါးလေးဖြင့် အေးဆေးစွာ ပြောလိုက်လေသည်။
“ဟဗ်ဂန် သခင်လေး.. သင့်စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ဒဏ်ရာတွေက ပြင်းထန်တဲ့အဆင့် မဟုတ်ပါဘူး။ ဒါကြောင့်မို့ စိတ်မပူပါနဲ့။ ဒီနေ့မှာ ကျွန်မတို့မှာ လုပ်စရာတွေ ရှိသေးလို့ နောက်တစ်နေ့မှ ပြန်ဆုံကြတာကောင်းမယ်ထင်ပါတယ်။”
ကျိုးဟောင်နဲ့ လင်းထျန်တို့ နှစ်ယောက်စလုံး သတိလစ်နေသေးပြီး သူမအနေနဲ့ ဘာလုပ်ရမလဲ မသိဖြစ်နေခဲ့လေသည်။ ဟဗ်ဂန်ကို တိုက်ရိုက် ငြင်းပယ်လိုက်သင့်သလားဆိုတာကိုလည်း စဉ်းစားနေခဲ့ရလေသည်။ ဒီကြေးစားစစ်သား လေ့ကျင့်ရေးစခန်းထဲမှာတော့ အင်အားစုမျိုးစုံ ရှိနေခဲ့သည်။
အကယ်၍ သူတို့ သုံးယောက်သာ သီးခြားနေခဲ့လျှင် မုချ အနိုင်ကျင့်ခံရမည်ဖြစ်ပေသည်။ ဟာဖီဂန်နဲ့ အငြိုးအတေးရှိတာမှန်သော်လည်း အသက်အန္တရာယ်ရှိသည်အထိ တိုက်ခိုက်ရမည့် အဆင့်တော့ မရောက်သေးပေ။
ဟာဖီဂန်က ကိုယ့်ညီအတွက်သာ ဒီလိုလုပ်ခဲ့ခြင်းဖြစ်ပြီး ချာလီကူရိုလို မကောင်းဆိုးဝါးမျိုး မဟုတ်ပေ။ ချာလီ ကူရိုကတော့ အမှန်တကယ့်ပင် လူ့အမှိုက်ဖြစ်လေသည်။
ဒီစကားတွေ ကြားလိုက်ရတဲ့အခါ ချာလီကူရိုရဲ့ မျက်လုံးများ ပြူးသွားခဲ့လေသည်။ယခုအပြုအမူသည် ကျိယောင်ယွဲ့နဲ့ လုံးဝ မကိုက်ညီဘူးလို့ ခံစားလိုက်ရလေသည်။
အခြားတဖက်တွင် ဟဗ်ဂန်က ကျိယောင်ယွဲ့အား အံ့အားသင့်စွာ ကြည့်နေခဲ့သော်လည်း အတွင်းစိတ်ထဲမှာတော့ အလွန်ပင် ပျော်ရွှင်နေခဲ့လေသည်။
“ငါတို့ကြားမှာ ရန်စတွေရှိပေမယ့် ဒီမိန်းကလေးက ငါ့ကို မမုန်းဘူးဆိုတာ ခံစားမိတယ်။ အခွင့်အရေး ရှိနေသေးတာပဲ"
“ဒီသုံးယောက်ရဲ့ အင်အားက သာမန်မဟုတ်ဘူး။ သူတို့ကို ငါ့ဘက်ကို ဆွဲခေါ်နိုင်ရင် ပထမအဆင့် ကြေးစားအဖွဲ့ထဲ ဝင်နိုင်ဖို့ အခွင့်အရေး ရှိလာမယ်"
စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့သော ဟဗ်ဂန်က အိတ်တစ်လုံး ထုတ်ယူပြီး ကျိယောင်ယွဲ့ကို ပေးလိုက်လေသည်။
“ဒီထဲမှာ ဆေး၀ါးတွေ ပါတယ်။ ငြင်းဖို့ မကြိုးစားပါနဲ့။ မင်းတို့ ငါ့အဖွဲ့ကို ပူးပေါင်းတာ မပူးပေါင်းတာနဲ့မဆိုင်ပါဘူး။ ဒီဆေးတွေကို ငါပေးချင်လို့ ပေးတာပါ။”
စကားဆုံးသည်နှင့် ဟာဖီဂန်က ထွက်သွားခဲ့လေသည်။
ကျိယောင်ယွဲ့က အံ့အားသင့်နေခဲ့လေသည်။ ဟဗ်ဂန်ဟာ ယုတ်မာသည့်ညီမျိုး ရှိနေသော်လည်း သူကိုယ်တိုင်ကတော့ ဖြောင့်မတ်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း သေချာသွားခဲ့လေသည်။ အနည်းဆုံးတော့ သူဟာ သူ့ညီနှင့် ချာလီကူရိုထက် လူသားဆန်နေသေးပေသည်။
ချာလီကူရိုကတော့ အပြင်းအထန် ဒေါသထွက်နေခဲ့လေသည်။ ဟဗ်ဂန်ကလည်း သူနှင့်ရည်ရွယ်ချက်တူပြီး ကျိုးဟောင်တို့အား ရှင်းလင်းဖို့ လာခြင်းဖြစ်သည်လို့ ထင်ထားခဲ့သော်လည်း ဒီလူကတော့ လူကောင်းဟန်ဆောင်နေခဲ့လေသည်။
“ဘာလဲ ချာလီကူရို… ရှင်လည်း ဆေးလာပေးတာလား။ ပေးမယ်ဆိုရင် ပေးခဲ့၊ မပေးဘူးဆိုရင်တော့ ထွက်သွားပါ။ ငါ ကိုယ်တိုင် မောင်းထုတ်ရအောင် မလုပ်နဲ့"
ကျိယောင်ယွဲ့က ချာလီကူရိုအား စူးစိုက်ကြည့်လိုက်လေသည်။
ဒီစကားကြောင့် ချာလီကူရို၏မျက်နှာမှာ မည်းမှောင်သွားခဲ့လေသည်။ သူက ဒေါသတကြီးဖြင့် ချက်ချင်းလှည့်ကာ ထွက်သွားခဲ့လေသည်။
သူတို့အားလုံး ထွက်သွားပြီးနောက် ကျိယောင်ယွဲ့က အိမ်ထဲကို အမြန်ပြန်ဝင်ကာ ဆေးတွေကို ကျိုးဟောင်နဲ့ လင်းထျန်တို့အား တိုက်ကျွေးလိုက်လေသည်။
ဆေးသောက်ပြီး မကြာခင်မှာပင် သူတို့ရဲ့ အခြေအနေက သိသိသာသာ ကောင်းမွန်လာခဲ့လေသည်။ အသက်ရှူသံများ တည်ငြိမ်လာပြီး ယွမ်ချီစွမ်းအင်ကို အသုံးပြုကာ ကိုယ်တိုင် ကုသနေကြသောကြောင့် မကြာခင် ပြန်ကောင်းလာနိုင်မည် ဖြစ်လေသည်။
“ဒီဟဗ်ဂန်က တကယ်ပဲ ရက်ရက်ရောရော ပေးလိုက်တာပဲ။ ဒီဆေးတွေ အားလုံးပေါင်းရင် အမှတ် သုံးထောင်၊ လေးထောင်လောက် တန်တယ်။ သူ တကယ်ပဲ ငါတို့ကို သူ့အဖွဲ့ထဲ ဝင်စေချင်နေတာပဲ။”
ကျိယောင်ယွဲ့က အရင်က ဆေးလဲလှယ်ခဲ့ဖူးသောကြောင့် ဈေးနှုန်းများကို ကောင်းကောင်း သိနေခဲ့လေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ကျိုးဟောင်နှင့် လင်းထျန်တို့ သတိပြန်လည်လာခဲ့သောကြောင့် ကျိယောင်ယွဲ့မှာ အလွန်ပင် ဝမ်းသာသွားခဲ့လေသည်။ အရင်တိုက်ပွဲများကြောင့် ဒဏ်ရာများစွာ ရခဲ့သော်လည်း ဟဗ်ဂန်၏ ဆေးကြောင့် အခြေအနေ အများကြီး ကောင်းလာခဲ့လေသည်။
ကျိယောင်ယွဲ့က အကြောင်းအရာအားလုံးကို ရှင်းပြပြီးနောက် ကျိုးဟောင်နဲ့ လင်းထျန်တို့ နှစ်ယောက်မှာ အချင်းချင်း ကြည့်လိုက်ကြပြီး မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နေခဲ့လေသည်။
“ဒီလိုဆိုရင် ဟဗ်ဂန်ကို လူကြီးလူကောင်းလို့ သတ်မှတ်လို့ ရပါတယ်။ စဉ်းစားကြည့်ရင်လည်း ငါတို့နဲ့ သူ့ကြားမှာ နက်ရှိုင်းတဲ့ အငြိုးအတေးမျိုး မရှိဘူး။ အားလုံးက သူ့ညီ ဟာဗီ၀ုဒ်ကြောင့်ပဲ ဖြစ်တာပါ။”
ကျိုးဟောင်က အတိတ်ကို ပြန်တွေးရင်း ပြောလိုက်လေသည်။ကျိယောင်ယွဲ့ကလည်း ခေါင်းညိတ်ပြလိုက်လေသည်။
“ဟဗ်ဂန်ရဲ့ အဖွဲ့က ဒုတိယအဆင့် အဖွဲ့ထဲမှာ ပါတယ်။ ဒီကြေးစားစစ်သား လေ့ကျင့်ရေးစခန်းထဲမှာ မစ်ရှင်အပြင် အခြားအရာအားလုံးအတွက် အမှတ်တွေ လိုအပ်တယ်။ ဒါကြောင့် အဖွဲ့ကြီးတွေက ကောင်းတဲ့ စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ထားကြတာပဲ။”
“ပထမဆုံးကတော့ တပတ်ရစ်ဈေးကွက်ပဲ။ အမှတ်အလုံအလောက်မရှိတဲ့လူတွေက ပစ္စည်း တွေပြန်ရောင်းကြရတယ်။ စခန်းတစ်ခုလုံးမှာ ဒီဈေးကွက်ကို ဖွင့်နိုင်တာက ပထမအဆင့်အဖွဲ့ မီးခိုး၀ံပုလွေ တစ်ဖွဲ့တည်းပဲ။ အခြားအဖွဲ့တွေ မဖွင့်ရဲကြဘူး"
ကျိယောင်ယွဲ့ရဲ့ ရှင်းပြချက်ကြောင့် ကျိုးဟောင်က စခန်းထဲတွင် စုစုပေါင်း အဆင့်သုံးဆင့်ရှိကြောင်း နားလည်သွားခဲ့လေသည်။ ပထမအဆင့်အဖွဲ့က သုံးဖွဲ့သာ ရှိပြီး သူတို့ရဲ့ ခေါင်းဆောင်တွေက အမှန်တကယ် ကြေးစားစစ်သားတွေ ဖြစ်ပြီးသား ဖြစ်လေသည်။ ဒါပေမယ့် သူတို့ရဲ့ အင်အားကတော့ လေ့ကျင့်ရေးစခန်းထဲမှာ ဆက်လက် ရှိနေဆဲပင် ဖြစ်လေသည်။
ပထမအဆင့် အဖွဲ့ကြီး သုံးဖွဲ့မှာ မီးခိုးဝံပုလွေအဖွဲ့၊ အမျိုးသမီး ကြယ်တာရာစစ်တပ်၊ နဲ့ ဖောက်ခွဲရေးအဖွဲ့တို့ ဖြစ်ကြသည်။ မီးခိုးဝံပုလွေအဖွဲ့က အချမ်းသာဆုံးနဲ့ အင်အားအကြီးဆုံးဖြစ်ပြီး ခေါင်းဆောင်က ဝါအိုဘုံအဆင့် ကြယ်သုံးပွင့် ကြေးစားစစ်သားတစ်ယောက် ဖြစ်လေသည်။
အမျိုးသမီး ကြယ်တာရာစစ်တပ်ကတော့ အမျိုးသမီးများသာ ပါဝင်သည့်မဟာမိတ်အဖွဲ့ဖြစ်လေသည်။ လှပသောမိန်းကလေးများအနေဖြင့် ဒီလိုကြမ်းတမ်းသော လေ့ကျင့်ရေးစခန်းထဲတွင် တစ်ဦးတစ်ယောက်တည်းမရပ်တည်နိုင်ပေ။ ဒါ့ကြောင့် ယခုလိုအဖွဲ့အစည်းထူထောင်ပြီး အချင်းချင်းအပြန်အလှန်ကာကွယ်ကြရလေသည်။
ဖောက်ခွဲရေးအဖွဲ့ကတော့ ဒီနှစ်ဖွဲ့နဲ့ ယှဉ်နိုင်သည့် အင်အားရှိခြင်းကြောင့်ပထမအဆင့်အဖွဲ့စာရင်းထဲ ဝင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ဒုတိယအဆင့်မှာတော့ အဖွဲ့ ခုနှစ်ဖွဲ့၊ ရှစ်ဖွဲ့လောက် ရှိပြီး ဟဗ်ဂန်၏ အဖွဲ့ဖြစ်သော ‘ဟာဖာအဖွဲ့’ လည်း အဲဒီထဲတွင်ပါဝင်နေခဲ့လေသည်။
တတိယအဆင့်အဖွဲ့တွေကတော့ လူအရေအတွက် နည်းပြီး အများအားဖြင့် လူ ငါးဆယ်မပြည့်ကြပေ။သူတို့အနေဖြင့် ဒုတိယအဆင့်အဖွဲ့များကို မှီခိုနေကြရလေသည်။
“ဒီလေ့ကျင့်ရေးစခန်းထဲမှာ ကောင်းကောင်း နေချင်ရင် အဖွဲ့ဝင် ဖြစ်မှရမယ်။ မဟုတ်ရင် ပြဿနာတွေ အဆုံးမရှိ လာလိမ့်မယ်"
ကျိယောင်ယွဲ့က ရုတ်တရက် အကြုံပြုလိုက်လေသည်။
“ဒါဆိုရင်… ဟဗ်ဂန်ရဲ့ အဖွဲ့ထဲဝင်ကြမလား"
ကျိုးဟောင်က ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် အကြံတစ်ခု ပေါ်လာခဲ့လေသည်။
သူများတွေတောင် အဖွဲ့တွေတည်ထောင်နိုင်ရင်သူတို့လည်းဘာကြောင့်မတည်ထောင်နိုင်ရမည်နည်း။ ထို့အပြင် လေ့ကျင့်ရေးစခန်းထဲ၌ ကျိုးဟောင်၏ အင်အားမှာ တခြားသူများထက်အရမ်းနိမ့်မနေပေ။
တိတိကျကျပြောရလျှင် ကျိုးဟောင်အနေဖြင့် သူတော်စင်ဘုံအဆင့် ပညာရှင် လေး၊ငါးယောက်လောက်ကို အလွယ်တကူ တိုက်ခိုက်ရှင်းလင်းနိုင်လေသည်။
....................................................................................
အခန်း (၈၅၃) ပြီးပါပြီ။
--