အခန်း ၈၅၅
Vol. 57 Ch. 855
အခန်း (၈၅၅) : အခုလက်ငင်းပဲ စမ်းသပ်ကြည့်လိုက်
ကျိုးဟောင်နှင့် သူ့လူများသည် ပြင်ဆင်မှုအားလုံး ပြီးဆုံးသွားပြီးနောက် ခန္ဓာကိုယ်ပုံသွင်းရည် တစ်ရာကို ယူဆောင်လာကာ ဆိုင်ခန်းကို စတင် ဖွင့်လှစ်လိုက်ကြလေသည်။
တံခါးရှေ့တွင်လည်း စာတန်းတစ်ခုကို ထင်ရှားစွာ ချိတ်ဆွဲထားကြလေသည်။
“အံ့ဖွယ် ခန္ဓာကိုယ်ပုံသွင်းရည် လက်မလွတ်စေနဲ့"
ဒါ့အပြင်အောက်တွင်လည်း စာကြောင်းသေးသေးလေးများ ထပ်ရေးထားသေးလေသည်။
“ကိုယ်ခန္ဓာကို အားကောင်းစေချင်လား..
တောင်တွေ မြစ်တွေကိုတောင် ဆွဲလှန်နိုင်ချင်လား..
ကာကွယ်ရေးစွမ်းအား တွေအံမခန်းဖြစ်ချင်လား...
ဒါဆိုရင် ဒီမှာသင့် အခွင့်အရေး ရှိတယ်"
“ငွေရောင်ဘုရင်ဂိုဏ်း၏ အထူးခန္ဓာကိုယ်ပုံသွင်းရည်က သင့်ကို မမျှော်လင့်ထားတဲ့ ရလဒ်တွေ ပေးစွမ်းနိုင်ပါတယ်"
ဒီလို ကြော်ငြာစာတန်းများ ပေါ်လာသည်နှင့်အမျှ ကြေးစားစစ်သား လေ့ကျင့်ရေးစခန်း တစ်ခုလုံးမှာ ချက်ချင်း ဆူညံသွားခဲ့လေသည်။
“ခန္ဓာကိုယ်ပုံသွင်းရည်ဟုတ်လား ဒီနေရာမှာတောင်အဲ့လိုပစ္စည်းမျိုး ရောင်းရဲတယ်လား"
“သာမန် ခန္ဓာကိုယ်ပုံသွင်းရည်တွေက သူတော်စင်ဘုံအဆင့်တွေ အတွက် အကျိုးမရှိဘူး။ အကျိုးရှိရင်တောင် အဲ့လိုဆေးရည်မျိုးအလွန်ရှားတယ်။ ငွေရောင်ဘုရင်ဂိုဏ်း ခေါင်းဆောင်က ခေါင်းများထိခိုက်သွားတာလား"
“ဟုတ်တယ်… အရူးတွေပဲနေမယ်"
လူအများအပြားက ငွေရောင်ဘုရင်ဂိုဏ်း ဆိုင်ရှေ့တွင်စုဝေးလာပြီး လက်ညှိုးတထိုးထိုးနှင့် ဆွေးနွေးနေကြလေသည်။
“ကျိုးဟောင်… တကယ်ပဲ လူတိုင်းက၀ယ်ကြပါ့မလား"
လင်းထျန်နှင့် အခြားသူများက စိုးရိမ်စိတ်ဖြင့် မေးလိုက်ကြလေသည်။ ပစ္စည်းကောင်းမှန်း သူတို့ သိကြသော်လည်း လူတွေ မယုံကြည်ကြမည်ကို စိတ်ပူနေကြလေသည်။
“မဝယ်ကြတာက အကျိုးသက်ရောက်မှုကို မသိကြ သေးလို့ပဲ။ စောင့်ကြည့်ကြတာပေါ့"
ကျိုးဟောင်က ပြုံးကာ ပြောလိုက်ပြီး လူအုပ်ရှေ့သို့ တန်းထွက်သွားလေသည်။
သူ့လက်ထဲတွင် ခန္ဓာကိုယ်ပုံသွင်းရည် တစ်ပုလင်းကို ကိုင်ထားပြီး အသံကျယ်ကျယ်ဖြင့် စတင်ပြောလိုက် လေသည်။
“လူကြီးမင်းတို့အားလုံး၊ ဒီနေ့ဟာ ငွေရောင်ဘုရင်ဂိုဏ်းရဲ့ဆိုင်ဖွင့်ပွဲနေ့ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပုံသွင်းရည်တွေကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးပါ့မယ်။ဈေးနှုန်းကတော့ တစ်ပုလင်းကိုအမှတ် တစ်သောင်း ပါ”
ကျိုးဟောင်းစကားဆုံးသွားချိန်တွင် လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။
ထိုအချိန်မှာပင် ချာလီကူရိုနဲ့ ဟဗ်ဂန် အပါအဝင် အခြားအဖွဲ့အစည်းများစွာလည်း ဒီနေရာသို့ အာရုံစိုက်လာခဲ့ကြသည်။
“ဟမ့်… အမှတ် တစ်သောင်းဟုတ်လား။ ကျိုးဟောင် မင်းရူးသွားပြီလား။ ဒီလို အမှိုက်တစ်ခုကို အမှတ် တစ်သောင်းနဲ့ ရောင်းမယ်ဟုတ်လား”
ချာလီကူရိုက ဒေါသတကြီး ပြောလိုက်လေသည်။
သို့သော် သူက အလွန်အကျွံမပြုမူရဲပေ။ ဒီနေရာသည် မီးခိုးဝံပုလွေအဖွဲ့၏ တပတ်ရစ်ဈေးကွက် ဖြစ်ပြီး ဆိုင်ခန်းငှားပြီး ကာကွယ်ခ ပေးထားရင် ဘယ်သူမှ အကြမ်းဖက်တာမျိုးမလုပ်ရဲကြပေ။
“အမှတ် တစ်သောင်းပဲဆိုတာကဖွင့်ပွဲနေ့မို့ ဈေး လျော့ပေးထားတာပဲ။ နှစ်ရက်ကြာရင်တစ်ပုလင်းကို အမှတ် နှစ်သောင်းအထိ ဖြစ်သွားမယ်”
ကျိုးဟောင်က ပြုံးကာ ပြောလိုက်လေသည်။
ထိုစကားကြောင့် လူအများက သူ့အား အရူးတစ်ယောက်လို ကြည့်လိုက်ကြလေသည်။
“ဟားဟား… အမှတ် နှစ်သောင်းဟုတ်လား။ အဲဒီအမှတ်နဲ့ဆို သတ်ဖြတ်ရေးနယ်မြေမှာ သုံးရက် သုံးည နေလို့ရတယ်။ ဒီဟာကို ဝယ်တဲ့ကောင်က ရူးနေလို့ပဲ”
“ငွေရောင်ဘုရင်ဂိုဏ်းတစ်ခုလုံးက အရူးတွေထင်တယ်”
“အလကားပေးရင်တောင် မယူဘူး..."
လူအများက လက်လွှတ်စပယ် ပြောဆိုနေကြသဖြင့် ငွေရောင်ဘုရင်ဂိုဏ်းဘက်က လူများနှင့် လင်းထျန်တို့ မျက်နှာများ မကောင်းတော့ပေ။သို့သော် ကျိုးဟောင်၏အမူအရာကတော့အေးဆေးပင်ဖြစ်နေလေသည်။
“ဒီလိုဆိုရင် ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ခန္ဓာကိုယ်ပုံသွင်းရည် သုံးပုလင်းကို လူသုံးယောက်အပေါ် စမ်းသပ်ပြပေးမယ်။ ကဲ..စမ်းချင်တဲ့သူ ရှိလား"
အကျိုးသက်ရောက်မှု မမြင်ရသေးသရွေ့ ဘယ်သူမှ ဝယ်မည်မဟုတ်ကြောင်းကို ကျိုးဟောင် သိနေခဲ့သည်။ ထိုကြောင့် ချက်ချင်းလက်ငင်းပင် စမ်းပြရမည် ဖြစ်လေသည်။
ထိုစကားကြောင့် လူအများမှာ ခဏတာ တိတ်ဆိတ်သွားကြပြီး စိတ်ဝင်စားလာကြလေသည်။ဟဗ်ဂန်ကလည်း ခဏစဉ်းစားပြီး ပြောလိုက်သည်။
“ကျိုးဟောင်… ငါ စမ်းကြည့်ချင်တယ်”
ဟဗ်ဂန်မှာ ထိုဆေးရည်ကိုမယုံကြည်သော်လည်း ကျိုးဟောင်တို့ကကိုယ့်ကိုယ်ကို အရှက်ရအောင်လူမည့်သူမျိုးမဟုတ်ကြောင်းသူသိလေသည်။ ထို့ကြောင့် စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်လေသည်။
“ရပါတယ် အစ်ကို ဟဗ်ဂန်။ အရင်တုန်းက ဆေး၀ါး တွေပေးခဲ့တာအတွက်လည်း မကျေးဇူးတင်ရသေးဘူး။ ဒီတကြိမ် စမ်းသပ်ကြည့်ပါ။ သဘောကျတယ်ဆိုရင် နောက်တစ်ပုလင်း ထပ်ပေးမယ်”
ကျိုးဟောင်က ရယ်မောရင်း ပြောလိုက်သည်။ ဟဗ်ဂန်က မစဉ်းစားတော့ဘဲ ကျိုးဟောင်ရှိရာစင်လေးပေါ်သို့ တက်လာခဲ့လေသည်။
“နောက်တစ်ယောက် ရှိသေးလား.."
ကျိုးဟောင်က ဆက်မေးလိုက်သည်။
“ငါလည်း စမ်းမယ်။ ဒီဟာက ဘယ်လိုအမှိုက်သရိုက်လဲ ဆိုတာ စမ်းကြည့်ဦးမယ်”
ချာလီ ကူရိုက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
ကျိုးဟောင်က ဂရုမစိုက်ဘဲ သူ့ကိုလည်း ခွင့်ပြု ပေးလိုက်လေသည်။
“ကဲ ...နောက်ဆုံး တစ်ယောက်ပဲ ကျန်တော့တယ်”
“ကျွန်တော်…”
“ငါလုပ်မယ်...”
“ငါလည်း စမ်းချင်တယ်”
လူအများ ပြိုင်တူ ပြောနေစဉ် အေးစက်တဲ့ အသံတစ်ခု ကြားလာခဲ့သည်။
“ဟမ့်… ငါ ဖရစ်ဂ် စမ်းကြည့်မယ်"
ဒီစကားနဲ့အတူ လူအုပ်ကြီးကလမ်းဖယ်ပေးလိုက်ကြ လေသည်။
“မီးခိုးဝံပုလွေအဖွဲ့ရဲ့ ပဉ္စမတပ်မှူးပဲ ”
“သူက ၆ဆင့်မြောက်သူတော်စင်ဘုံ ပညာရှင်မှတ်လား”
“သူက ကိုယ်ခန္ဓာသိုင်းကိုလေ့ကျင့်သူမို့ ခန္ဓာကိုယ်ပုံသွင်းရည်ကို စိတ်ဝင်စားတာမထူးဆန်းဘူး"
လူအများ အံ့အားသင့်စွာ ပြောဆိုနေကြသည်။ကျိုးဟောင်ကထိုအသံကြောင့် လူအုပ်ထဲသို့လှမ်းကြည့်လိုက်လေသည်။
ထိုအချိန်တွင် အပေါ်ပိုင်းတွင် အ၀တ်အစားမပါဘဲ ခန္ဓာကိုယ်တုတ်ခိုင်ပြီး အရေပြားပေါ်တွင် ကြမ်းတမ်းသောအကြေးခွံများဖုံးအုပ်ထားသည့်လူတစ်ယောက်ထွက်လာလေသည်။ ထိုလူသည် ရေထဲတွင်နေထိုင်သည့်မျိုးနွယ်မှ ပညာရှင်တစ်ယောက်ဖြစ်ကြောင်းသိသာလှပေသည်။
ကျိုးဟောင်မှာ လူအုပ်ထဲမှ တီးတိုးစကားများကြောင့်အနည်းငယ်တုန်လှုပ်သွားခဲ့လေသည်။ မီးခိုးဝံပုလွေအဖွဲ့တွင် ၆ဆင့်မြောက်သူတော်စင်ဘုံအဆင့်တပ်မှူး၆ယောက်ရှိပြီး သူတို့၏ခေါင်းဆောင်မှာ တာအိုဘုံအဆင့်ဖြစ်လေသည်။ ဒီလူသည်ထိုဒိတ်ဒိတ်ကြဲတပ်မှူးများထဲမှ တစ်ယောက်ဖြစ်လေသည်။
“ကျေးဇူးပြု၍ ကြွပါခင်ဗျ"
ကျိုးဟောင်က ပြုံးကာ ပြောလိုက်သည်။
ဖရစ်ဂ်၊ ဟဗ်ဂန်နှင့် ချာလီကူရိုတို့ သုံးယောက် စင်ပေါ်တွင် နေရာယူလိုက်ကြသည်။ကျိုးဟောင်က သူတို့အား ခန္ဓာကိုယ်ပုံသွင်းရည် တစ်ပုလင်းစီ ပေးလိုက်သည်။
“စတင်နိုင်ပါပြီ”
သုံးယောက်စလုံး ခန္ဓာကိုယ်ပုံသွင်းရည်ကို ပါးစပ်ထဲ သောက်သွင်းလိုက်ပြီး မျက်လုံးပိတ်ကာ စုပ်ယူလိုက်ကြသည်။
ချက်ချင်းပင် ပြင်းထန်သော အပူစွမ်းအင်တစ်ခု ကိုယ်အတွင်း၌ ပေါက်ကွဲလာသလို ခံစားရပြီး လက်မောင်းနှင့် ခြေထောက်ရှိ စွမ်းအင်သွေးကြောငယ်များကို မီးလောင်သကဲ့သို့ ပူပြင်းစွာလှုပ်ရှားလာလေသည်။
အစပိုင်းတွင် သုံးယောက်စလုံး ထိတ်လန့်သွားကြသော်လည်း နောက်တစ်စက္ကန့်တွင် မျက်လုံးများပြူးသွားကြလေသည်။
စွမ်းအင်သွေးကြောငယ်လေးများအတွင်းရှိ အညစ်အကြေးများသည် အပူစွမ်းအင်ကြောင့် ချက်ချင်း ပျောက်ကွယ်သွားသည်ကို ထင်ရှားစွာ ခံစားမိကြလေသည်။
“မဖြစ်နိုင်ဘူး… ငါက စကြာဝဠာ ဒုတိယအသက်အဆင့်ပဲ။ ခန္ဓာကိုယ်သိုင်းလေ့ကျင့်တာကိုလည်း နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီးတာကြောင့်သာမန် ခန္ဓာကိုယ်ပုံသွင်းပစ္စည်းတွေနဲ့ အလုပ်မဖြစ်တော့ဘူး။ဒါပေမဲ့ ဒီ..ဒီ ပစ္စည်းက ပမာဏနည်းနည်းလေးနဲ့တောင် အညစ်အကြေးတွေကို လောင်ကျွမ်းသန့်စင်နိုင်တယ်"
ဖရစ်ဂ်က အံ့အားသင့်စွာ တွေးမိလိုက်သည်။
ဟဗ်ဂန်ကလည်း မျက်လုံးများတောက်ပလာခဲ့လေသည်။
“အရမ်းကောင်းတယ်။ အမှတ် နှစ်သောင်းဆိုတာတောင် နည်းလွန်းတယ်။ အမှတ်ဈေးကွက်ထဲက ကောင်းကင်ရေကန် သွေးအနှစ်သာရက အမှတ် ငါးသောင်းတောင် ကျသေးတယ်။ ဒါပေမယ့် ဒီပစ္စည်းစ္စည်းလောက် မကောင်းဘူး"
ချာလီကူရိုကလည်း အစပိုင်းမှာ မရေမရာဖြစ်ခဲ့သော်လည်း အခုချိန်မှာတော့ အံ့အားသင့်သွားခဲ့လေသည်။
“ချီးပဲ… ဒီဟာက တကယ် အစွမ်းထက်တယ်။ ကျိုးဟောင်မှာ ဒီလိုအရာကို ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ မထင်ခဲ့မိဘူး”
သုံးယောက်စလုံး မျက်လုံးများဖွင့်ပြီး လူအုပ်ကို ကြည့်လိုက်ကြသော်လည်း အနည်းငယ် မူးဝေနေသလို ဖြစ်နေကြသေးသည်။
ကျိုးဟောင်ကတော့ ရယ်မောကာ မေးလိုက်သည်။
“ကဲ...သုံးယောက်လုံး ဒီဆေးရည်အပေါ် ဘယ်လို ထင်ပါသလဲ”
....................................................................................
အခန်း (၈၅၅) ပြီးပါပြီ။
--