အခန်း ၃၄၂
Vol. 35 Ch. 342
အခန်း (၃၄၂) ခြိမ်းခြောက်မှု
အရောင်းအဝယ် လုပ်မယ်... ဟုတ်လား။ မင်းတို့ကို ယုံရင်တော့ ငါတို့က အရူးပဲ ဖြစ်ရမယ်။
ခရီးသွားများက စိတ်ထဲမှ လှောင်ပြောင်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်သည့် အမူအရာများ အပြည့်ရှိနေခဲ့သည်။
ကျန်းယဲ့က လက်မြှောက်လိုက်ကာ သူ၏ အနောက်တွင် ဂနာမငြိမ်ဖြစ်နေသော လူအုပ်ကြီးအား တည်ငြိမ်စေရန် အချက်ပြလိုက်၏။
နဂါးပြာက ဆက်လက် ကျိန်ဆဲရန် ပြင်နေသော ရှားလင်းယွမ်အား အတင်းအဓမ္မ ဖိချလိုက်ပြီး တိုးတိုးလေး ဆိုလိုက်သည်။ "စိတ်လိုက်မာန်ပါ မလုပ်စမ်းပါနဲ့... ဒါရိုက်တာကျန်း အစီအစဉ်ချတဲ့အတိုင်းပဲ လိုက်လုပ်ကြရအောင်"
ကျန်းယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လူအုပ်၏ အရှေ့ဆုံးသို့ လျှောက်သွားလိုက်ပြီး ခပ်လှမ်းလှမ်းရှိ လူခြောက်ယောက်အား တည်ငြိမ်စွာ ကြည့်ကာ ရှင်းလင်းပြတ်သားစွာ ဆိုလိုက်လေသည်။ "မင်းတို့က ဒီကို အရောင်းအဝယ်လုပ်ဖို့ လာခဲ့မှတော့ ငါတို့ အနီးကပ် မျက်နှာချင်းဆိုင် စကားပြောကြရင် ပိုမကောင်းဘူးလား"
သို့သော် ယိုချွမ်နှင့် အခြားလူခြောက်ယောက်ကမူ နေရာတွင် မလှုပ်မယှက် ရပ်နေကြ၏။
ကွေ့ရှို့က ရယ်မောလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ "မလိုအပ်ပါဘူး... ဒါရိုက်တာကျန်း... မင်း အဲဒီနေရာမှာပဲ မလှုပ်ဘဲ ရပ်နေပါ။ ငါတို့ ဒီအကွာအဝေးကနေ စကားပြောလို့ ရပါတယ်"
ကျန်းယဲ့မှာ သာမန်လူတစ်ယောက်သာ ဖြစ်သော်လည်း ၎င်းက နှစ်ဖက်အကြား အဝေးမှ ဆက်သွယ်စကားပြောဆိုခြင်းကို တားဆီးနိုင်ခြင်း မရှိချေ။
အကြောင်းရင်းမှာ ရှင်းလင်းလှချေသည်။ ကျင့်ကြံသူများက အလွန်ကောင်းမွန်သော အကြားအာရုံရှိကြပြီး ကျန်းယဲ့နှင့် အခြားသူများ၏ စကားပြောသံကို မီတာရာပေါင်းများစွာ အကွာအဝေးမှပင် အလွယ်တကူ ကြားနိုင်ကြသည်။
ကျင့်ကြံသူများဖြစ်ကြသည့် ယိုချွမ်နှင့် သူ၏အဖွဲ့မှာမူ သူတို့၏အသံများကို ကျန်းယဲ့ဆီ ရှင်းလင်းစွာ ရောက်ရှိစေရန် ဝိညာဉ်စွမ်းအင်အနည်းငယ်မျှ အသုံးပြုရုံဖြင့် အတားအဆီးမရှိ ဆက်သွယ်နိုင်မည် ဖြစ်၏။
သူတို့နှင့် ကစားနေရန် ပျင်းရိနေသော ကျန်းယဲ့က လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။ "ပြောစမ်း... မင်းတို့ ဘာလိုချင်တာလဲ"
သူ၏ ပွင့်လင်းပြတ်သားမှုကို မြင်သောအခါ ယိုချွမ်က စကားကို လှည့်ပတ်မနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။ "ဒါရိုက်တာကျန်းဆီက အကူအညီလေးတစ်ခုလောက် တောင်းချင်လို့ပါ။ ရှေ့မှာ အန္တရာယ်များတဲ့ နေရာတစ်ခုရှိပြီး အတော်လေး ဒုက္ခပေးနိုင်တဲ့ မိစ္ဆာသားရဲတစ်ကောင် ပုန်းအောင်းနေတယ်။ ဒါရိုက်တာကျန်းအနေနဲ့ ခင်ဗျားရဲ့ ရတနာကို သုံးပြီး အဲဒီမိစ္ဆာသားရဲကို ခဏလောက် ဖိနှိပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မိစ္ဆာသားရဲကို သတ်တာနဲ့ သားရဲအစိတ်အပိုင်းတွေ စုဆောင်းတာလိုမျိုး ကြမ်းတမ်းတဲ့ အလုပ်တွေကိုတော့ ကျွန်တော်တို့ပဲ တာဝန်ယူပါ့မယ်"
ကျန်းယဲ့က တုံ့ဆိုင်းနေခြင်းမရှိဘဲ ငြင်းပယ်လိုက်၏။ "ငါက သာမန်လူတစ်ယောက်ပဲ။ ဒီကိစ္စအတွက် မင်းတို့ကို မကူညီနိုင်ဘူး"
ထိုစကားကြောင့် ယိုချွမ်က လှောင်ပြောင်လိုက်လေသည်။ "တာအိုမိတ်ဆွေ... ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီပဲ ဘာလို့ ဖုံးကွယ်ထားချင်ရတာလဲ။ မင်း ကိုယ်တိုင် ဝင်ပါစရာမလိုဘဲ အဲဒီ ရတနာကို သုံးရုံနဲ့တင် ရတယ်ဆိုတာ ငါတို့ သေချာသိတယ်။ မင်းသာ ကူညီဖို့ သဘောတူမယ်ဆိုရင် မင်းရဲ့အဖော်ကို ချက်ချင်း လွှတ်ပေးမယ်။ မင်းရဲ့ အကူအညီသေးသေးလေးနဲ့ သူ့အသက်ကို လဲလှယ်တာက တော်တော်လေးတန်တဲ့ အရောင်းအဝယ်တစ်ခု မဟုတ်ဘူးလား"
ဤစကားကို ကြားလိုက်ရချိန်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော ခါမဲဒါအီချီရိုက နောက်ဆုံး မျှော်လင့်ချက်ကို ဆုပ်ကိုင်လိုက်သလို အသည်းအသန် အော်ဟစ်လိုက်၏။ "ဒါရိုက်တာကျန်း... ကျွန်တော့်ကို ကယ်ပါဦး... ကျေးဇူးပြုပြီး ကယ်ပါဦးဗျာ။ ကျွန်တော် မှားမှန်း သိပါပြီ။ နောက်ဆိုရင် စကားနားထောင်ပါ့မယ်ဗျာ..."
ကျန်းယဲ့၏ အကြည့်များက ခါမဲဒါအီချီရိုကို ကျော်လွန်သွားကာ ယိုချွမ်နှင့် အခြားလူခြောက်ယောက်အပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး သူ၏ လေသံမှာ တည်ငြိမ်၍ ဂရုမစိုက်ဟန် ရှိနေခဲ့သည်။ "ငါက... သဘောမတူဘူးလို့ ပြောရင်ရော... မင်းတို့ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ယိုချွမ်၏ မျက်လုံးများက အေးစက်သွားပြီး နောက်တစ်စက္ကန့်တွင် မမြင်ရသော အင်အားတစ်ခုက ခါမဲဒါအီချီရိုအား မတင်လိုက်ကာ လေထဲတွင် တွဲလောင်းချိတ်ဆွဲထားလိုက်သောကြောင့် သူက ထိတ်လန့်တကြား စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
"အား... ဒါရိုက်တာကျန်း... ကယ်ပါ... ကယ်ပါဦး..." ခါမဲဒါအီချီရိုမှာ အလွန်အမင်း ထိတ်လန့်သွားကာ ဝိညာဉ်လွင့်ထွက်မတတ်ဖြစ်သွားပြီး လေထဲတွင် ခြေပစ်လက်ပစ် ယက်ကန်ယက်ကန် ဖြစ်နေချေသည်။
ယိုချွမ်၏ အေးစက်စက်အသံက ခရီးသွားတစ်ဦးစီ၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာခဲ့ပြီး နှေးကွေးကာ ရက်စက်သော လေသံ ပါဝင်နေခဲ့၏။ "မင်းသာ သဘောမတူဘူးဆိုရင် မင်းရဲ့အဖော်က မကြာခင်မှာ မြေမြှုပ်စရာ နေရာတောင် မရှိဘဲ သေဆုံးသွားလိမ့်မယ်...."
ဤသို့ ဗြောင်ကျကျ ခြိမ်းခြောက်ခံရသော်လည်း ကျန်းယဲ့၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ စကားတစ်ခွန်းသာ ဆိုလိုက်သည်။
"သဘောရှိ လုပ်နိုင်ပါတယ်..."
ယိုချွမ်က မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်၏။ "ငါတို့ သူ့ကို တကယ်သတ်ပစ်မှာ မကြောက်ဘူးလား...."
ကျန်းယဲ့က ဂရုမစိုက်သလို ပခုံးတွန့်လိုက်သည်။ "မင်းတို့ သဘောပဲလေ။ သူ့အသက်ရှင်တာ သေတာက ငါနဲ့ ဘာဆိုင်လို့လဲ..."
ကွေ့ရှို့က မျက်မှောင်ကြုတ်သွားပြီး အော်မပြောဘဲ မနေနိုင်တော့ချေ။ "ကျန်းယဲ့... ဆက်ပြီး ခေါင်းမာမနေနဲ့... လိမ္မာစမ်းပါ။ မင်းအကြောင်းကို ငါတို့ အကုန်သိတယ်။ မင်း သူ့ကို ဒီတိုင်း လွှတ်ထားလို့ မရဘူးလေ။ မင်းရဲ့ ခရီးသွားအေဂျင်စီမှာ လူတိုင်းကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာရမယ်ဆိုတဲ့ စည်းမျဉ်းရှိတယ် မဟုတ်ဘူးလား။ သူ သေသွားရင် မင်း ဘယ်လို ရှင်းပြမလဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ခရီးသွားများက ဗီဇအလျောက်ပင် ကျန်းယဲ့ကို လှမ်းကြည့်လိုက်ကြ၏။
ကျန်းယဲ့က မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ လေထဲတွင် တွဲလောင်းဖြစ်နေသော ခါမဲဒါအီချီရိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယိုချွမ်နှင့် အခြားလူခြောက်ယောက်ဆီသို့ အကြည့်ပြန်ရွှေ့လိုက်ကာ သူ၏လေသံတွင် ဖုံးကွယ်ထားခြင်းမရှိသော သရော်လှောင်ပြောင်မှုများ အပြည့်ပါဝင်နေခဲ့သည်။ "ဒီငတုံးက မင်းတို့ကို အဲဒီလို ပြောလိုက်တာလား..."
ယိုချွမ်နှင့် အခြားလူခြောက်ယောက်က ကျန်းယဲ့၏ လုံးဝ ဂရုမစိုက်သော၊ ဟာသတစ်ခု ကြားလိုက်ရသလိုမျိုး အမူအရာကို သတိပြုမိသွားချိန်တွင် သူတို့၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကြရသည်။
သွားပြီ....
ထိုအသုံးမကျသောကောင် အရင်က ပြောခဲ့သမျှ အရာအားလုံး အမှန်ဖြစ်နိုင်သော်လည်း လူတိုင်းကို ပြန်ခေါ်လာရမည်ဆိုသည့် ကိစ္စကတော့ သူ့အသက်ကို ကယ်တင်ရန်အတွက် လိမ်ဆင်ဖန်တီးထားခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့က လက်မလျှော့သေးဘဲ ကျန်းယဲ့အား လက်ခံလာစေရန် ဆက်လက် ဖိအားပေး ကြိုးစားနေကြဆဲပင်။
မော့ချန်က ချဉ်းကပ်ပုံကို ပြောင်းလဲလိုက်ပြီး စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာများကို စတင် အသုံးပြုလာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သာမန်လူများဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာအရ အလွယ်တကူ ခြယ်လှယ်နိုင်သည် မဟုတ်လော။
"ဒါရိုက်တာကျန်း... ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ အသက်တစ်ချောင်းကို ကယ်ဖို့အတွက် အကူအညီ သေးသေးလေးတစ်ခု ပေးရုံတင်လေ... တန်တယ် မဟုတ်ဘူးလား။ ခင်ဗျားကြောင့် ခင်ဗျားရဲ့ အဖော် သေဆုံးသွားရတာကို တကယ်ပဲ မျက်မြင်ကိုယ်တွေ့ ကြည့်ရက်လို့လား။ သူ တကယ်သေသွားရင် ခင်ဗျားကြောင့် သေရတာပဲလေ။ ခင်ဗျားမှာ အပြစ်ရှိတယ်လို့ မခံစားရဘူးလား...."
ဤစကားများကို ကြားသောအခါ ကျန်းယဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်၏။
အို...
ဒါက ငါ့ကို ကိုယ်ကျင့်တရားနဲ့ ဖိအားပေးပြီး ဓားစာခံ လုပ်နေတာလား...
ခါမဲဒါအီချီရို သေသွားခဲ့ရင် ငါ့မှာ တာဝန်ရှိတယ်လို့ မင်းတို့ ထင်နေတာလား....
ငါက သွေးထွက်သံယိုမှုတွေကို မမြင်ဖူးဘူးလို့ ထင်နေတာလား....
သစ္စာဖောက်တစ်ယောက်ရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို ငါက ဂရုစိုက်နေမယ်လို့ မင်းတို့ ထင်နေတုန်းပဲလား...
ကျန်းယဲ့၏ နှုတ်ခမ်းထောင့်များက သရော်လှောင်ပြောင်သည့် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားရသည်။ "ဆောရီးပဲ... ငါက ကိုယ်ကျင့်တရား အရမ်းကောင်းတဲ့သူ မဟုတ်ဘူး။ ငါ့ကို ကိုယ်ကျင့်တရားနဲ့ အကျပ်ကိုင်လို့ရမယ် ထင်နေတာလား... မင်းတို့က တုံးအလွန်းသေးတယ်"
သူက အနည်းငယ် ရပ်တန့်လိုက်ပြီး သူ၏ လေသံမှာ အလွန်အမင်း စိတ်မရှည်တော့ဟန် ပေါက်သွားခဲ့သည်။ "သတ်မယ်ဆိုရင်လည်း သတ်လိုက်စမ်းပါ။ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ဒီလို ပွစိပွစိ လုပ်နေတာက ပွင့်လင်းပြတ်သားတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ လုံးဝ မတူဘူး။ တကယ် နားငြီးစရာ ကောင်းတယ်..."
ထိုသို့ပြောပြီးနောက် ကျန်းယဲ့မှာ တစ်ဖက်ရှိ လူများကို အမှန်တကယ်ပင် လျစ်လျူရှုလိုက်ပြီး တိုက်ရိုက် လှည့်ထွက်သွားလိုက်သည်။
ကျန်းယဲ့က သူ့ကို တကယ်ပင် စွန့်ပစ်သွားတော့မည်ကို မြင်သောအခါ ခါမဲဒါအီချီရိုမှာ လုံးဝ ပြာယာခတ်သွားပြီး ရင်ကွဲမတတ် အသံဖြင့် အော်ဟစ်လိုက်လေသည်။ "ဒါရိုက်တာကျန်း... ကျွန်တော် မှားမှန်းသိပါပြီ... ကျွန်တော် တကယ် မှားမှန်း သိပါပြီ။ ဒီတစ်ကြိမ်လေးပဲ ကယ်ပါဦး... ဒီတစ်ခါလေးပါပဲ။ နောက်ဆိုရင် ခင်ဗျားအတွက် ဘာမဆို လုပ်ပေးပါ့မယ်ဗျာ... ကျေးဇူးပြုပြီး..."
ကျန်းယဲ့က သူ၏ အကူအညီတောင်းခံမှုများကို လျစ်လျူရှုထားလိုက်၏။
နဂါးပြာက ခါမဲဒါအီချီရိုအား အေးစက်စွာ ဆိုလေသည်။ "မင်း ကိုယ်တိုင် စည်းကမ်းဖောက်ခဲ့တာပဲလေ။ ဒါကြောင့် အကျိုးဆက်ကိုတော့ မင်း ကိုယ်တိုင် ခံစားရမှာပေါ့..."
ရှားလင်းယွမ်က ထိုနေရာဘက်သို့ တံတွေးထွေးချလိုက်၏။ "ထွီ... အဲဒါမှ မှတ်မှာ..."
အခြားခရီးသွားများကလည်း ထိုအတိုင်း လိုက်လုပ်ကြပြီး သူတို့၏ မျက်နှာအမူအရာများတွင် ရွံရှာစက်ဆုပ်မှုများ အထင်အရှား ပေါ်လွင်နေခဲ့ကြသည်။
ကလေးလေးဟမ်ဒန်ပင်လျှင် ထိုဘက်သို့ လှမ်းကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ခေါင်းလှည့်ကာ ကျန်းယဲ့ အနောက်သို့ လိုက်ပါသွားခဲ့လေသည်။
လုံးဝ မထင်မှတ်ထားသော မြင်ကွင်းကြောင့် ယိုချွမ်တို့ ခြောက်ယောက်မှာ အံ့အားသင့်သွားကြပြီးနောက် ရယ်မောလုနီးပါးပင် ဖြစ်သွားကြရသည်။
နောက်ခဏ၌ ယိုချွမ်၏ အေးစက်သော အကြည့်များက လေထဲတွင် တွဲလောင်းချိတ်ဆွဲခံထားရကာ အဆုံးစွန်သော မျှော်လင့်ချက် ကင်းမဲ့နေသည့် ခါမဲဒါအီချီရိုအပေါ်သို့ ရောက်ရှိသွားပြီး သူ၏ စကားလုံးများတွင် အထင်အမြင်သေးမှုများ ပါဝင်နေခဲ့သည်။ "မင်းက တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ..."
သူ၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွား၏။ "မင်းက ငါ့အတွက် ဘာမှ အသုံးမဝင်တော့မှတော့... သေလိုက်တော့..."
သူ၏ အေးစက်စက် စကားလုံးများအဆုံးတွင် လေထဲ၌ တွဲလောင်းဖြစ်နေသော ခါမဲဒါအီချီရိုက ရုတ်တရက် အလွန်စူးရှသော အော်ဟစ်သံကြီးကို ပြုလုပ်လိုက်သည်။
လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများ ရှေ့တွင်ပင် သူ၏ ခန္ဓာကိုယ်က လေထိုးလွန်နေသော ပူဖောင်းတစ်လုံးကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာပြီး ပုံပျက်ပန်းပျက် ဖြစ်သွားကာ ထို့နောက်.......
"ဗုန်း..... "
တုံးတိတိ ပေါက်ကွဲသံတစ်သံနှင့်အတူ သွေးမှုန်များ နေရာအနှံ့ ပန်းထွက်သွားချေသည်။
ခြေလက်အင်္ဂါများ၊ ပြတ်တောက်နေသော လက်မောင်းများနှင့် ကလီစာ အပိုင်းအစများက မိုးရွာချသကဲ့သို့ ကျဆင်းလာ၏။
မသိစိတ်၏ စေ့ဆော်မှုကြောင့် အနောက်သို့ ရုတ်တရက် လှည့်ကြည့်မိသွားကြသော နဂါးပြာ၊ လင်းဝမ်၊ ထန်ချီချီနှင့် အခြားသူများက ဤသွေးထွက်သံယိုနှင့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေသည်။
အခန်း ၃၄၂ပြီး၏။