အခန်း ၃၄၃
Vol. 35 Ch. 343
အခန်း (၃၄၃) လမ်းစထွက်ရမည့်အချိန်
ထိုမြင်ကွင်းကြောင့် လူတိုင်း၏ ဗိုက်ထဲတွင် ကယောက်ကယက် ဖြစ်သွားပြီး မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားကာ အားလုံးက နောက်သို့လှည့်၍ အပြင်းအထန် ပျို့အန်ကြတော့သည်။ အများစုမှာ တကယ်ပင် အန်ချလိုက်ကြ၏။
မုန်တိုင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော နဂါးပြာနှင့် အခြားသူများကတော့ တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သော်လည်း သူတို့၏ မျက်မှောင်များမှာ တွန့်ကွေးနေပြီး ယိုချွမ်နှင့် သူ၏ ခြောက်ယောက်အဖွဲ့ကို ကြည့်သည့် အကြည့်များမှာ အေးစက်နေခဲ့သည်။
ကျန်းယဲ့က သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အဝေးရှိ ယိုချွမ်အား ရက်စက်သော အပြုံးဖြင့် ကြည့်ကာ ပါးစပ်ဟ၍ စကားတစ်ခွန်းတည်းကိုသာ အေးစက်စွာ ဆိုလိုက်၏။
"ထွက်သွားစမ်း"
ယိုချွမ်နှင့် အခြားလူခြောက်ယောက်က ကျန်းယဲ့၏ ရိုင်းစိုင်းပြီး အထင်အမြင်သေးမှုများပါ ပါဝင်နေသော "ထွက်သွားစမ်း"ဆိုသည့် စကားကို ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ အိုးမဲသုတ်ထားသကဲ့သို့ ချက်ချင်း မည်းမှောင်သွားရသည်။ အထူးသဖြင့် ဒေါသအကြီးဆုံးဖြစ်သည့် တုစုံပင်။
တုစုံက သူတို့၏ နေရာကို အားကိုးကာ ကျန်းယဲ့၏ ထူးဆန်းသော မှော်ရတနာအကွာအဝေးပြင်ပတွင် ရှိနေဆဲဟု ယုံကြည်ထားသောကြောင့် သူ၏ ဒေါသနှင့် စိတ်ပျက်မှုများက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ချေသည်။
သူက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး အေးစက်စက် အပြာရောင်အလင်းများ တောက်ပနေသော ဓားတိုတစ်လက်ကို ရုတ်တရက် ဆင့်ခေါ်လိုက်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ အခြေတည်အဆင့် ဝိညာဉ်စွမ်းအင်များအားလုံးကို ၎င်းထဲသို့ သွန်းလောင်းထည့်လိုက်၏။
"မောက်မာတဲ့ကောင်... သေစမ်း"
သူက ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားတိုဖြင့် ခုတ်ချလိုက်သည်။
ရက်စက်ပြီး အေးစက်လှသော အပြာရောင် ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဆုတ်ဖြဲလာသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကျန်းယဲ့နှင့် သူ၏အဖွဲ့ဆီသို့ အလွန်ပြင်းထန်သော အင်အားများဖြင့် တိုက်ရိုက် ပြေးဝင်လာလေသည်။
ဓားသွား ဖြတ်သန်းသွားသော နေရာတိုင်းရှိ ပတ်ဝန်းကျင်မှ သစ်ပင်များမှာ စက္ကူများကဲ့သို့ ကျိုးပဲ့ကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး မာကျောသော မြေပြင်တွင်လည်း နက်ရှိုင်းသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
စခန်းထဲရှိ ခရီးသွားများက ထိုထိတ်လန့်ဖွယ်ရာ အငွေ့အသက်နှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ခံစားမိလိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားကြ၏။
သို့သော် အရှေ့ဆုံးတွင် ရပ်နေသော ကျန်းယဲ့က ဤထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ချောမောသော မျက်နှာပေါ်၌ မည်သည့်အကြောက်တရားမျှ မပြသခဲ့ချေ။ ယင်းအစား သူက သရော်လှောင်ပြောင်မှု အနည်းငယ် ပါဝင်နေသည့် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကိုသာ ပေါ်လာခဲ့သည်။
ကျန်းယဲ့၏ မျက်နှာအမူအရာကို အနီးကပ် ဂရုတစိုက် ကြည့်နေခဲ့သော နဂါးပြာက သူ၏ နှုတ်ခမ်းထက်မှ ခဏတာ ဖြတ်ပြေးသွားသော အပြုံးကို လျင်မြန်စွာ ဖမ်းမိလိုက်၏။
အရင်က ပခုံးချင်းယှဉ်ကာ တိုက်ပွဲဝင်ခဲ့ဖူးသောကြောင့် နဂါးပြာသည် ကျန်းယဲ့၏ စိတ်နေသဘောထားကို အနည်းငယ် နားလည်ထားပြီး သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ချက်ချင်း ပေါ်လာခဲ့လေသည်။
'ဟိုကောင် ခြောက်ကောင်တော့ ဒုက္ခလှလှ တွေ့ပြီ...'
ဘာတွေ ဖြစ်လာမလဲဆိုတာကို သူ မသိသော်လည်း နဂါးပြာ၌ ခိုင်မာသော ကြိုတင်ခံစားမှုတစ်ခု ရှိနေခဲ့သည်။ သူတို့တော့ ဇာတ်သိမ်းပြီပဲ....
သေချာသည်မှာ သူ၏ ကြိုတင်ခံစားမှုက နောက်တစ်စက္ကန့်တွင် အတည်ပြုချက် ရရှိသွားချေသည်။
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်မည့်ပုံပေါ်သော ရက်စက်သည့် အပြာရင့်ရောင် ဓားအလင်းတန်းက ကျန်းယဲ့ကို ဗဟိုပြုကာ အချင်းဝက် မီတာငါးရာရှိသော သတ်ဖြတ်မှုကင်းစင်ခြင်းနယ်မြေအထဲသို့ ဝင်ရောက်လာချိန်တွင် လင်းလက်သွားပြီး....
ပူပြင်းသော နေရောင်အောက်ရှိ နှင်းများကဲ့သို့ သို့မဟုတ် ရေကန်နက်ကြီးထဲသို့ ပစ်ချလိုက်သော ကျောက်စရစ်ခဲလေးတစ်ခုကဲ့သို့ မည်သည့် လှိုင်းဂယက်မျှ မရှိဘဲ တိတ်ဆိတ်စွာ ထူးဆန်းစွာ ပျောက်ကွယ်သွားတော့သည်။
ယိုချွမ်နှင့် သူ၏ ခြောက်ယောက်အဖွဲ့မှာ ဤရလဒ်ကြောင့် လုံးဝ အံ့အားသင့်သွားခြင်း မရှိခဲ့ချေ။
တုစုံက သူ၏ ဒေါသကို ဖြေဖျောက်နေခြင်းသာဖြစ်ပြီး သူ၏ တိုက်ခိုက်မှုက သူတို့ကို အမှန်တကယ် ဒဏ်ရာရစေလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
တုစုံက ကျန်းယဲ့ရှိရာဘက်သို့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
ထို့နောက် သူတို့က လှည့်ထွက်ကာ ကောင်းကင်သို့ပျံသန်းပြီး ထွက်ခွာရန် ပြင်လိုက်ချိန်တွင်.....
သူတို့ခြောက်ယောက်၏ ခန္ဓာကိုယ်များမှာ... လှုပ်ရှား၍ မရနိုင်တော့ကြောင်းကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ကြရသည်။
သူတို့ကို တစ်စုံတစ်ခုဖြင့် ချည်နှောင်ထားခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က အမာကျောဆုံး ပယင်းကျောက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူတို့က အထဲတွင် အေးခဲနေသော အင်းဆက်များကဲ့သို့ ဖြစ်နေပြီး လက်ချောင်းတစ်ချောင်းပင် လှုပ်မရနိုင်တော့ချေ။
သူတို့၏ မျက်လုံးများကို လှုပ်ရှားရန်ပင် အလွန်ခက်ခဲနေခဲ့သည်။
ဤတွေ့ရှိချက်ကြောင့် လူခြောက်ယောက်၏ မျက်နှာများမှ သွေးရောင်များက ချက်ချင်း ဆုတ်ယုတ်သွားပြီး အေးစက်သော ဒီရေလုံးကြီးကဲ့သို့ အဆုံးအစမဲ့သော အကြောက်တရားက သူတို့၏ စိတ်များကို ချက်ချင်း လွှမ်းမိုးသွားသည်။
ယိုချွမ်က မမြင်ရသော ချုပ်နှောင်မှုကို ချိုးဖျက်ရန်အတွက် သူ၏ ဝိညာဉ်စွမ်းအင်များကို လည်ပတ်ရန် ရူးသွပ်စွာ ကြိုးစားလိုက်သော်လည်း သူ၏ ဝိညာဉ်စွမ်းအင်များမှာ ငြိမ်သက်နေသော ရေသေကဲ့သို့ ရပ်တန့်နေကြောင်း တွေ့လိုက်ရ၏။
ကွေ့ရှို့က ဝိညာဉ်အာရုံကို အသုံးပြုကာ မှော်ရတနာနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း သူ၏ အာရုံများမှာ ရွှံ့နွံထဲတွင် နစ်ဝင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။ မော့ချန်... လူတိုင်းက နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြသော်လည်း အားလုံး အချည်းနှီးသာ ဖြစ်ခဲ့လေသည်။
ထိုစဉ် ကျန်းယဲ့က သူ၏နေရာမှ ခွာကာ ရှေ့သို့ ခြေနှစ်လှမ်း တိုးလိုက်၏။
ဤသည်ကို မြင်သောအခါ စခန်းထဲရှိ အခြားသူများက သူတို့၏ အကြည့်များကို ကျန်းယဲ့ထံသို့ လှည့်လိုက်ကြပြီး သူ၏ အကြည့်အတိုင်း လိုက်ကြည့်ကာ နေရာတွင် အေးခဲနေပုံပေါ်သော အဝေးမှ ကျင့်ကြံသူ ခြောက်ယောက်ကို အံ့သြတကြီး ကြည့်လိုက်ကြ၏။
ထိုလူခြောက်ယောက်မှာ ရုန်းကန်နေသည့် ထူးဆန်းသော ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့် ရှိနေကြပြီး မမြင်ရသော ကြိုးများဖြင့် ဆွဲငင်ခံနေရသည့် ရုပ်သေးရုပ်များကဲ့သို့ ကူကယ်ရာမဲ့စွာ... တောင့်တင်းစွာဖြင့် စခန်းဆီသို့ တစ်လှမ်းချင်းစီ ပါလာနေသည်ကို မြင်လိုက်ကြရသည်။
သူတို့၏ မျက်နှာများမှာ အလွန်အမင်း ကြောက်ရွံ့မှုနှင့် ရုန်းကန်မှုများကြောင့် ပုံပျက်နေသော်လည်း အသံတစ်သံမျှ မထွက်နိုင်ဘဲ ကျန်းယဲ့ နှင့် ပိုပိုနီးကပ်လာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ရုံသာ တတ်နိုင်ကြလေသည်။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ" ထန်ချီချီက ပါးစပ်ကို အုပ်ထားရင်း ထိုထူးဆန်းလှသော မြင်ကွင်းကို အံ့သြတကြီး စိုက်ကြည့်ကာ မေးလိုက်၏။
"သူတို့... သူတို့ လှုပ်လို့ မရတော့ဘူး ထင်တယ်" လီထင်၏ မျက်လုံးများကလည်း ပြူးကျယ်သွားရသည်။
"ဒါရိုက်တာကျန်းပဲ။ ဒါရိုက်တာကျန်း လက်စွမ်းပြလိုက်တာ ဖြစ်ရမယ်" စုနျန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
သတ်ကွင်းသို့ အပို့ခံရမည့် သိုးသူငယ်များကဲ့သို့ မမြင်ရသော အင်အားတစ်ခု၏ ဆွဲငင်ခြင်းကို ခံနေရသည့် ထိုလူခြောက်ယောက်ကို ကြည့်ရင်း နဂါးပြာက သူ၏ စိတ်ထဲတွင် တွေးလိုက်လေသည်။ 'ငါ ထင်တဲ့အတိုင်းပဲ...'
ထိုခုခံ၍မရနိုင်သော အင်အားဖြင့် အတင်းအဓမ္မ ဆွဲခေါ်ခံနေရသည့် ယိုချွမ်တို့ ခြောက်ယောက်အဖွဲ့မှာမူ အဆုံးအစမဲ့သော နောင်တနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့ချေပြီ။
ယခုမှသာ သူတို့က မည်မျှ ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုကို ရန်စမိခဲ့ကြောင်း အမှန်တကယ် နားလည်သဘောပေါက်သွားကြရသည်။
ထို ရတနာ၏ စွမ်းအားက သူတို့၏ စိတ်ကူးထက် အဆပေါင်းများစွာ သာလွန်နေခဲ့၏။
သူတို့ခေါ်ဆိုသော ဘေးကင်းသည့် အကွာအဝေးဆိုသည်မှာ တစ်ဖက်လူ၏ အမြင်တွင် အစကတည်းက ဟာသတစ်ခုသာ ဖြစ်နေနိုင်ပေသည်။
ကျန်းယဲ့ စိတ်ထဲတွင် ရယ်မောလိုက်၏။
ဒီငတုံးတွေက ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို သူတို့ ဖော်ထုတ်နိုင်ပြီလို့ တကယ် ထင်နေကြတာလား။
သတ်ဖြတ်မှုကင်းစင်ခြင်းနယ်မြေ၏ အချင်းဝက်မှာ အမှန်တကယ်ပင် မီတာ ၅၀၀ ဖြစ်သော်လည်း ဤအကွာအဝေးဆိုသည်မှာ တိုက်ခိုက်မှုအားလုံးကို သူ တားမြစ်နိုင်သည့် သူ၏ နယ်မြေအတွင်းရှိ ဧရိယာကို ရည်ညွှန်းခြင်းသာ ဖြစ်၏။
သို့သော် ပြိုင်ဘက်က တိုက်ခိုက်မှုကို မစတင်ပါက သူ၏ နယ်မြေကို အသုံးပြု၍ အဝေးမှနေ၍ အပြစ်ပေးသတ်ဖြတ်ခြင်းမျိုး ပြုလုပ်၍ မရနိုင်ချေ။ ဤသည်က ရန်မစရဆိုသည့် စည်းမျဉ်းနှင့် ကိုက်ညီလေသည်။
သို့သော် ပြိုင်ဘက်က ပထမဆုံး တိုက်ခိုက်မှုကို စတင်လိုက်သည်နှင့်... ၎င်းက အဝေးပစ် တိုက်ခိုက်မှုတစ်ခုသာ ဖြစ်နေလျှင်တောင်... ဓားချီဆိုသည်မှာတော့ သဘာဝအရ လုံးဝ ကွာခြားသွားချေပြီ။
ဤသည်က တစ်ဖက်လူက သူတို့၏ ရန်လိုမှု နှင့် ကျူးကျော်တိုက်ခိုက်လိုမှု အပြုအမူကို နယ်မြေအပြင်ဘက်မှနေ၍ တက်ကြွစွာ တိုးချဲ့လိုက်ခြင်းနှင့် ညီမျှပေသည်။
ထို့ကြောင့် နယ်မြေ၏ တန်ပြန်တိုက်ခိုက်မှု အာဏာနှင့် အတိုင်းအတာက ထိုမီတာ ၅၀၀ ဖြင့် အကန့်အသတ် ရှိနေတော့မည် မဟုတ်ချေ။
စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်နိုင်ပြီး မြင်ကွင်းအကွာအဝေးကို ကျော်လွန်ကာ တိကျသော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သည်။
ဤသည်က ကျင့်ကြံခြင်းကမ္ဘာနှင့် ဇွန်ဘီမြို့တော် အပြိုင်ကမ္ဘာတို့၏ စည်းမျဉ်းများအကြား ကွာခြားချက်ပင်။ ၎င်းက ပိုမို ပြောင်းလွယ်ပြင်လွယ်ရှိလာပြီး လူသားဆန်လာကာ စည်းမျဉ်းအခြေခံ ဆုံးဖြတ်ချက်များအပေါ် အခြေခံသည့် တက်ကြွသော ကာကွယ်ရေးနှင့် တန်ပြန်တိုက်ခိုက်မှု စနစ်နှင့် ပိုတူလာခဲ့သည်။
သေချာသည်မှာ ဤအချက်က ကျင့်ကြံခြင်းကမ္ဘာကိုယ်တိုင်တွင် ပိုမိုမြင့်မားသော စွမ်းအားအဆင့်နှင့် ပိုမိုကြီးမားသော အလားအလာရှိသည့် အန္တရာယ်များ ရှိနေခြင်းနှင့်လည်း သက်ဆိုင်လောက်ပေမည်။
ဤအချိန်တွင် ယိုချွမ်နှင့် သူ၏ ခြောက်ယောက်အဖွဲ့မှာ မမြင်ရသော လက်တစ်ဖက်ဖြင့် ညှစ်ထားခံရသည့် အင်းဆက်များကဲ့သို့ ဖြစ်နေပြီး ကျန်းယဲ့ဆီသို့ မည်သည့် ခုခံမှုမျှ မလုပ်နိုင်ဘဲ ဆွဲခေါ်ခံလာရကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချခံလိုက်ရသည်။
သူတို့၏ မျက်နှာပေါ်တွင် ရှိနေခဲ့သော မောက်မာမှုများမှာ ပျောက်ကွယ်သွားပြီး အဆုံးအစမဲ့သော အကြောက်တရားများဖြင့် အစားထိုးဝင်ရောက်လာခဲ့၏။
"ကျွန်တော်တို့ကို ချမ်းသာပေးပါ... မသတ်ပါနဲ့... ကျွန်တော်တို့က မြင့်မြတ်ဓားဂိုဏ်းရဲ့ တပည့်တွေပါ" ရွှမ်ကူက အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရရှိစေရန် သူ၏ ဂိုဏ်းနောက်ခံကို အသုံးပြုကာ ပထမဆုံး အသက်ချမ်းသာပေးရန် တောင်းပန်လာလိုက်သည်။
ရွှမ်ကူ၏ လုံးဝပြိုလဲသွားမှုနှင့် နှိုင်းယှဉ်ပါက မော့ချန်၊ ရွှယ်ကျိုးနှင့် အခြားငါးယောက်မှာ ကြောက်ရွံ့နေကြသော်လည်း အနည်းဆုံးတော့ ထိန်းထားနိုင်ပြီး ချက်ချင်း ဒူးထောက်ကာ အသက်ချမ်းသာပေးရန် မတောင်းပန်ခဲ့ကြချေ။
ယိုချွမ်က ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးများတွင် နားမလည်နိုင်သော နာကြည်းမှုများ ပြည့်နှက်နေကာ လေတိုးသံကဲ့သို့ အသံဖြင့် မေးလိုက်၏။ "ဘာလို့လဲ... မင်းရဲ့ ရတနာက အကွာအဝေး အကန့်အသတ် ရှိတာ ရှင်းနေတာပဲလေ။ ငါတို့က သူ့ရဲ့ အကွာအဝေး အပြင်ဘက်မှာ ရပ်နေတာ ရှင်းနေတာကို ဘာလို့ ငါတို့ကို ထိန်းချုပ်နိုင်သေးတာလဲ"
ဤသည်က သူ အများဆုံး နားမလည်နိုင်သည့် အရာဖြစ်ပြီး အများဆုံး လက်မခံချင်ဆုံး အရာလည်း ဖြစ်သည်။
ကျန်းယဲ့က သူ၏ မျက်နှာပေါ်ရှိ အေးစက်စက် ညင်သာသော အပြုံးဖြင့် သူတို့ကို ငုံ့ကြည့်လိုက်၏။ "သိချင်လို့လား.."
ယိုချွမ်နှင့် အခြားလူခြောက်ယောက်က ဗီဇအလျောက်ပင် ခေါင်းညိတ်လိုက်ကြပြီး တုစုံကပင် ရုန်းကန်ကာ ပြောလိုက်လေသည်။ "ငါတို့ သေရမယ်ဆိုရင်တောင် ဘာကြောင့်လဲဆိုတာကို သိပြီးမှ သေချင်တယ်"
ကျန်းယဲ့က ရယ်မောလိုက်ပြီး စကားတစ်ခွန်းကို ပေါ့ပေါ့ပါးပါး ဆိုလိုက်၏။ "မျိုသိပ်ထားလိုက်..."
လူခြောက်ယောက် : "......"
ကျန်းယဲ့၏ လှောင်ပြောင်မှုက ပိုမိုနက်ရှိုင်းသွား၏။ "မင်းတို့ရဲ့ ဆန္ဒကို ငါက ဘာလို့ ဖြည့်ဆည်းပေးရမှာလဲ။ ငါ မင်းတို့ကို မပြောပြနိုင်ဘူး။ ဟမ့်... မင်းတို့ မေးတာနဲ့ ငါက ဖြေပေးရမှာလား... တော်တော် ရိုးအတာပဲ...."
ယိုချွမ်တို့ ခြောက်ယောက်မှာ ချက်ချင်းပင် ဒေါသထွက်သွားပြီး သူတို့၏ သွေးများ ဆူပွက်လာခဲ့သော်လည်း ကူကယ်ရာမဲ့ ဖြစ်နေကာ သွေးအန်မတတ် စိတ်ပျက်ဝမ်းနည်းသွားကြရသည်။
ကျန်းယဲ့က ရန်သူကို သူ၏ အကောင်းဆုံး လျှို့ဝှက်ချက်၏ လုပ်ဆောင်ပုံ ယန္တရားအား ဖွင့်ဟပြလောက်အောင်အထိ အရူးတစ်ယောက် မဟုတ်ချေ။
သူက အပြုံးကို ဖုံးကွယ်လိုက်ပြီး တိုးတိတ်သော အသံဖြင့် ဆိုလိုက်ပြန်သည်။ "မင်းတို့ ငါတို့လူကို သတ်ခဲ့တယ်။ အခုတော့ မင်းတို့ အလှည့်ပဲ... သွားရမယ့်လမ်းကို ဆက်သွားကြတော့.... နှုတ်ဆက်ပါတယ်....."
အခန်း ၃၄၃ပြီး၏။