အခန်း ၃၄၄
Vol. 35 Ch. 344
အခန်း (၃၄၄) ငါ ဂရုမစိုက်ဘူး
သူ အမှန်တကယ် သေရတော့မည်ကို ကြားလိုက်ရသောအခါ ရွှမ်ကူမှာ ဝိညာဉ်လွင့်ထွက်မတတ် ထိတ်လန့်သွားရသည်။ သူက ကမန်းကတန်း အော်ဟစ်လိုက်၏။ "မလုပ်ပါနဲ့... ကျွန်တော့်ကို မသတ်ပါနဲ့... တာအိုမိတ်ဆွေကျန်း... အကြီးအကဲကျန်း... ကျွန်တော်တို့က အသုံးဝင်ပါတယ်။ ကျွန်တော်တို့က လူအဖြစ် ပြောင်းလဲလုနီးပါးဖြစ်နေတဲ့ နှစ်တစ်သောင်းသက်တမ်းရှိ ဝိညာဉ်ဝါးပင်ကို တွေ့ထားတာပါ။ အဲဒါက ဝိညာဉ်ကို အားဖြည့်ပေးနိုင်ပြီး ကျင့်ကြံခြင်းကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံး ဝိညာဉ်ပစ္စည်းတစ်ခုပါ။ ခင်ဗျား ကျွန်တော်တို့ကို အသက်ချမ်းသာပေးမယ်ဆိုရင် အဲဒီနေရာကို ပြောပြပါ့မယ်"
"ငါ့ကို စည်းကမ်းချက်တွေနဲ့ လာညှိနှိုင်းနေတာလား" ကျန်းယဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်၏။ "မင်းတို့က အခု အဲဒီလို အခြေအနေမျိုးမှာ ရှိနေလို့လား"
ကျန်းယဲ့က နှစ်တစ်သောင်း ဝိညာဉ်ဝါးပင်ကို စိတ်ဝင်စားဟန်ရှိကြောင်း မြင်လိုက်ရသောအခါ သူတို့ ခြောက်ယောက်၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ထွက်ပေါ်လာခဲ့၏။
မော့ချန်က ဝင်ပြောလိုက်သည်။ "ဟုတ်တယ်... ဟုတ်တယ်... အဲဒီဝိညာဉ်ဝါးပင်က တန်ဖိုးဖြတ်လို့ မရဘူး။ ခင်ဗျားသာ ကျွန်တော်တို့ကို မလွှတ်ပေးဘူးဆိုရင် အဲဒီနေရာကို ပြောပြမယ့်အစား အသေပဲ ခံလိုက်မယ်..."
သူတို့က ထိုကြီးမားလှသော သွေးဆောင်ဖြားယောင်းမှုကြီးကို အသုံးပြုကာ သူတို့၏ အသက်ကို ကယ်တင်ရန် ကြိုးစားနေကြခြင်းပင်။
ကျန်းယဲ့က သူတို့၏ အပြုအမူကို အလွန် ရယ်စရာကောင်းသည်ဟု ထင်လိုက်မိ၏။
သူတို့က သေရတော့မည့် အခြေအနေမှာတောင် သူ့ကို ထိန်းချုပ်နိုင်သေးသည်ဟု ထင်နေကြသေးသည်လော။
သူက ဂရုမစိုက်သလို လက်ယမ်းလိုက်ပြီး သူ၏ လေသံမှာ အေးတိအေးစက် ဖြစ်နေခဲ့၏။ "အို... ဟုတ်လား.... ဒါဆိုလည်း မင်းတို့ အဲဒီ လျှို့ဝှက်ချက်ကို ယူပြီးတော့သာ သေလိုက်ကြတော့"
ဤစကားကို ကြားလိုက်ရသောအခါ ယိုချွမ်နှင့် အခြားလူခြောက်ယောက်၏ မျက်နှာအမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားကြရသည်။
ရွှယ်ကျိုးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။ "မင်း... မင်းက နှစ်တစ်သောင်း ဝိညာဉ်ဝါးပင်ကို မလိုချင်ဘူးလား။ အဲဒါက နှစ်တစ်သောင်း ဝိညာဉ်ဝါးပင်ကွ.."
ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ "မလိုချင်ဘူး..."
ကျန်းယဲ့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။
ယိုချွမ်နှင့် အခြားလူခြောက်ယောက်ကို ချည်နှောင်ထားသော မမြင်ရသည့် အင်အားက ရုတ်တရက် တင်းကြပ်သွားလေသည်။
နောက်ခဏ၌ တစ်စုံတစ်ခုကို ချက်ချင်း ချိုးဖြတ်လိုက်သကဲ့သို့ အလွန် တိုးညင်းသော တောက်ဟူသည့် အသံခြောက်သံက တစ်ပြိုင်နက်နီးပါး ထွက်ပေါ်လာခဲ့သည်။
လူခြောက်ယောက်၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများမှာ ချက်ချင်း အေးခဲသွားချေသည်။ ရေမရှိဘဲ သေလုမျောပါးဖြစ်နေသော ငါးများကဲ့သို့ သူတို့၏ မျက်လုံးများက ပြူးထွက်နေခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များက ခဏတာ တောင့်တင်းစွာ ယိမ်းယိုင်သွားပြီးနောက် နောက်သို့ ဖြောင့်တန်းစွာ လဲကျသွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသံအနည်းငယ်နှင့်အတူ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားကြလေတော့သည်။
ထိုလူခြောက်ယောက်ကို ရှင်းလင်းပြီးနောက် ကျန်းယဲ့က နောက်ထပ်အတွေးတစ်ခု တွေးလိုက်ရာ မတူညီသော သိုလှောင်အိတ်ခြောက်လုံးမှာ အလောင်းများဆီမှ အလိုအလျောက် ကျွတ်ထွက်လာပြီး သူ၏ လက်ထဲသို့ ပျံသန်းလာခဲ့သည်။
တဖြည်းဖြည်း အေးစက်လာနေသော အလောင်းခြောက်လောင်းကိုမူ မမြင်ရသော အင်အားတစ်ခုက အဝေးရှိ တောအုပ်နက်ကြီးထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေါက်လိုက်ရာ မကြာမီတွင် သွေးနံ့ကြောင့် ဆွဲဆောင်ခံရပြီး ရောက်ရှိလာမည့် မိစ္ဆာသားရဲများ၏ ရှင်းလင်းမှုကို ခံရတော့မည် ဖြစ်၏။
ဤဖြစ်စဉ်တစ်ခုလုံး တစ်လျှောက်တွင် စခန်းထဲရှိ ခရီးသွားများက အသံတစ်သံမျှ မထွက်ဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြပြီး မည်သူကမျှ နေရခက်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ရှိပုံမပေါ်ကြချေ။
သူတို့က တုံးအသူများ မဟုတ်ကြ။ ဆန့်ကျင်ဘက်အနေဖြင့် ဤခရီးစဉ်အတွက် နေရာတစ်နေရာ ရရှိအောင် ယူနိုင်ခဲ့သူများ အားလုံးတွင် ထူးခြားသော အရည်အချင်းအချို့ ရှိနေကြသည်သာ ဖြစ်၏။
ထို့အပြင် သူတို့ရှေ့မှ မြင်ကွင်းက ကျန်းယဲ့တွင် သူတို့၏ စိတ်ကူးထက် အဆပေါင်းများစွာ သာလွန်သော အခွင့်ထူးများရှိနေကြောင်း ရှင်းလင်းစွာ ပြသနေခဲ့သည်။
ဤအခွင့်ထူးက သူတို့၏ ကာကွယ်ရေးသက်သက်သာဖြစ်သော ကိုယ်ပျောက်ဝါးခမောက်ထက် များစွာ ပိုမို အစွမ်းထက်ပြီး လိုအပ်သလို အသုံးပြုနိုင်စွမ်း ရှိပေသည်။
ကျီပေါ်ချန်က ပထမဆုံး အသံထွက်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ကာ ကျန်းယဲ့အား လက်မထောင်ပြ၍ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။ "မိုက်တယ်ဗျာ..."
သူ၏ စကားက ခလုတ်တစ်ခုကို နှိပ်လိုက်သကဲ့သို့ ဖြစ်သွားပြီး အခြားသူများကလည်း ဝင်ရောက်ရယ်မောလိုက်ကြရာ ယခင်က တင်းမာနေခဲ့သော လေထုမှာ ချက်ချင်းပင် ပေါ့ပါးသွားခဲ့ရသည်။
လောလောဆယ် သေဆုံးသွားခဲ့သည်မှာ လူခြောက်ယောက်မဟုတ်ဘဲ မျက်စိနောက်စရာ ယင်ကောင် ခြောက်ကောင်မျှသာ ဖြစ်ခဲ့သည့်အလားပင်။
လူတိုင်း၏ တုံ့ပြန်မှုကြောင့် ကျန်းယဲ့မှာ အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာ မေးလိုက်သည်။ "ခင်ဗျားတို့ မကြောက်ကြဘူးလား..."
ထိုစကားကို ကြားသောအခါ လင်းဝမ်က ရယ်မောလိုက်ပြီး ဂရုမစိုက်သည့် လေသံဖြင့် ပြန်ဖြေလိုက်၏။ "အမှိုက်ကောင် အနည်းငယ်လောက်ကို သတ်တာကို ကြောက်နေရမယ်ဆိုရင် အရမ်းကို သူရဲဘောကြောင်လွန်းရာ ကျသွားမှာပေါ့။ ခုနက သူတို့က ငါတို့အားလုံးကို သတ်ဖို့ ကြိုးစားနေခဲ့တာလေ။ ဒါရိုက်တာကျန်းသာ မရှိရင် ငါတို့ အကုန်လုံး သေနေလောက်ပြီ"
သူမ၏ စကားကို လူတိုင်းက ချက်ချင်း သဘောတူလိုက်ကြပြီး ကလေးလေးဟမ်ဒန်ပင်လျှင် လုံးဝ ယုံကြည်သွားသည့်ပုံစံဖြင့် ခေါင်းကို အပြင်းအထန် ညိတ်ပြလေသည်။
ပိုပိုပြီး အပြုသဘောဆောင်သည့် သဘောထားများ ရှိလာနေသော ဤခရီးသွားအဖွဲ့ကို ကြည့်ရင်း ကျန်းယဲ့က မပြုံးဘဲ မနေနိုင်တော့ချေ။ "ငါ ခင်ဗျားတို့ကို ရွေးချယ်ခဲ့တာ တကယ်မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ခဲ့ပုံပဲ။ ခင်ဗျားတို့ အားလုံးက ကျင့်ကြံခြင်းကမ္ဘာမှာ ခရီးသွားဖို့ တော်တော်လေး သင့်တော်တယ်"
နောက်ပြောင်ပြီးနောက် သူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားခဲ့သည်။ ထို့နောက် သူ၏ အကြည့်များက လူတိုင်းအပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် အသံဩဩဖြင့် ဆိုလိုက်၏။ "နောက်တာတွေ အသာထားပြီး... ကျွန်တော် အားလုံးကို ထပ်ပြီး အလေးအနက် သတိပေးရမယ့် အရာတစ်ခု ရှိပါတယ်။ ခရီးသွားအေဂျင်စီက ခင်ဗျားတို့ရဲ့ ဘေးကင်းမှုကို ဒီကမ္ဘာမှာ အာမခံပေးမှာပါ။ ဒါပေမဲ့ ဒါက ခင်ဗျားတို့ စည်းကမ်းတွေကို လိုက်နာမယ်ဆိုတဲ့ အခြေအနေအောက်မှာပါပဲ..."
"ဒီလုံခြုံရေး အာမခံချက်ဆိုတာက ခင်ဗျားတို့ ဒီကမ္ဘာမှာ လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ဆိုလိုတာ မဟုတ်သလို တခြားသူတွေကို ရန်စဖို့ နဲ့ အတားအဆီးမဲ့ လောဘတက်ဖို့အတွက် အကာအကွယ်တစ်ခုလည်း မဟုတ်ပါဘူး။ ခါမဲဒါအီချီရိုက ဆန့်ကျင်ဘက် အကောင်းဆုံး ဥပမာတစ်ခုပါပဲ.... "
"သူ့ရဲ့ လောဘနဲ့ မိုက်မဲမှုကြောင့် သူ အသက်ဆုံးရှုံးခဲ့ရတယ်"
"ရှေ့ဆက်ရမယ့် နေ့ရက်တွေမှာ အားလုံးက ဒါကို စိတ်ထဲမှာ မှတ်ထားပြီး အချိန်တိုင်း လေးလေးစားစားနဲ့ သတိထားနေထိုင်ကြဖို့.... သူ့ရဲ့ အမှားမျိုးကို ဘယ်တော့မှ ထပ်မလုပ်ကြဖို့ မျှော်လင့်ပါတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ ကျောရိုးထဲတွင် စိမ့်တက်သွားသလို ခံစားလိုက်ရပြီး သူတို့၏ အပြုံးများ ပျောက်ကွယ်သွားကာ အလေးအနက် သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။
"စိတ်မပူပါနဲ့ ဒါရိုက်တာကျန်း... ကျွန်တော်တို့ သေချာပေါက် လိမ္မာပါ့မယ်...."
"ကျွန်တော် လုံးဝကို မဆင်မခြင် အလုပ်မျိုး မလုပ်ပါဘူး..."
"ကျွန်တော်တို့က ခါမဲဒါအီချီရိုလောက် မတုံးအပါဘူး...."
ဝမ်ဟွာချမ်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။ "ဒီတစ်ခါ ကျွန်တော်တို့ရဲ့ ရိတ်သိမ်းမှုက တော်တော်လေး များပြားနေပါပြီ။ တစ်ခါတလေကျရင် လောဘကြီးလွန်းတာက ကိုယ့်အသက်ကိုတောင် ပေးလိုက်ရနိုင်လို့ မတန်ပါဘူး"
ရှုံးရှောင်ရှီက သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။ "အစ်ကိုဝမ် ပြောတာ မှန်တယ်။ တကယ်တော့ ကျင့်ကြံခြင်းကမ္ဘာက ကျွန်တော်တို့ မြင်နေရတာထက် အများကြီး ပိုပြီး ရက်စက်တယ်။ ဒါရိုက်တာကျန်းနဲ့ ကျွန်တော်တို့ကို ကာကွယ်ပေးနေတဲ့ စည်းကမ်းတွေ ရှိနေလို့သာ ကျွန်တော်တို့က ဒီလောက် ပေါ့ပေါ့ပါးပါး နေနိုင်တာပါ။ တကယ့် ကျင့်ကြံခြင်းကမ္ဘာ အစစ်အမှန်မှာဆိုရင် ဒီလူတွေက..."
သူက အလောင်းများကို စွန့်ပစ်ထားသည့် ဦးတည်ချက်သို့ လက်ညှိုးထိုးပြလိုက်ပြီး "သူတို့ထဲက ဘယ်သူကမှ သဘောကောင်းတဲ့ ယောက်ျား မိန်းမတွေ မဟုတ်ကြဘူး"
စုနျန်ကလည်း အာမခံချက်ပေးလိုက်သည်။ "ဒါရိုက်တာကျန်း... စိတ်မပူပါနဲ့။ ကျွန်မက ကျွန်မအသက်ကို တန်ဖိုးထားပါတယ်။ ရှင့်ကို သေချာပေါက် ဘာပြဿနာမှ မပေးပါဘူး"
ယန်နင်က စုနျန်၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး ပြုံးဖြီးဖြီးဖြင့် ဆိုလိုက်၏။ "ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော်တို့ အားလုံးက ကိုယ့်အသက်ကို တန်ဖိုးထားကြပါတယ်"
လင်းဝမ်၊ လင်းချင်း၊ ထန်ချီချီ၊ လီထင်၊ ရွှယ်ရို့၊ လျိုကျင်ယင်း၊ စုန့်ဇီဟန်နှင့် အခြားမိန်းကလေးများကလည်း သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြပြီး "ကျွန်မတို့ မိန်းကလေးတွေက တိုက်ခိုက်သတ်ဖြတ်တာကို မကြိုက်ပါဘူး။ ဒါရိုက်တာကျန်း အနောက်ကိုပဲ လိုက်ပြီး အေးအေးချမ်းချမ်းနဲ့ ရှုခင်းတွေကိုပဲ ခံစားကြမှာပါ" ဟု ပြောလိုက်ကြလေသည်။
ခါမဲဒါအီချီရို၏ သွေးထွက်သံယိုဖြစ်ရပ် ဥပမာတစ်ခု ရှိနေသောကြောင့် နောက်ရက်များတွင် အဖွဲ့၏ လေထုမှာ ပိုမိုအလေးအနက်ဖြစ်လာခဲ့ပြီး မည်သူကမျှ အလွယ်တကူ ဆရာကြီးမလုပ်ရဲကြသလို အဖွဲ့နှင့်လည်း မခွဲထွက်ရဲကြတော့ချေ။
ကျန်းယဲ့၏ နောက်သို့ လိုက်ပါရင်း အဖွဲ့က လျှို့ဝှက်နယ်မြေအား ဘေးကင်းစွာ စူးစမ်းလေ့လာခဲ့ကြပြီး ဝိညာဉ်ဆေးပင်များကို စုဆောင်းကာ သတ္တုရိုင်းများကို တူးဖော်ခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ကျင့်ကြံသူအချို့နှင့် ကြုံတွေ့ရသော်လည်း ထိုကျင့်ကြံသူများမှာ သူတို့ကို မြင်သည်နှင့် တစ်ပြိုင်နက် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ ထွက်ပြေးသွားတတ်ကြ၏။
ထိုနေ့တွင် အားလုံးက သူတို့အနောက်ဘက်ရှိ တောအုပ်နက်ကြီးထဲမှ ထွက်ပေါ်လာချိန်၌ ပုံမှန်မဟုတ်သော အရာတစ်ခုကို တဖြည်းဖြည်း ခံစားလာရသည်။
လမ်းတစ်လျှောက်တွင် သူတို့က ကျင့်ကြံသူ အလောင်းများနှင့် မိစ္ဆာသားရဲ အကြွင်းအကျန်များကို ပိုမို တွေ့ရှိလာရ၏။
အချို့နေရာများတွင် အသေးစားတိုက်ပွဲများပင် ဖြစ်ပွားခဲ့ပြီး ထင်ရှားသော သဲလွန်စများကို ချန်ထားခဲ့သည်။ လေထုထဲတွင် သွေးနံ့သင်းသင်းနှင့် ကျန်ရစ်နေသော ဝိညာဉ်စွမ်းအင် အတက်အကျများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ချုံပုတ်ထဲတွင် မျက်လုံးပြူးကာ သေဆုံးနေသော နောက်ထပ် ကျင့်ကြံသူတစ်ဦး၏ အလောင်းကို ကြည့်ရင်း ကျီပေါ်ချန်က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ "ဒီဂိုဏ်းတွေနဲ့... တစ်ကိုယ်တော် ကျင့်ကြံသူတွေကြားထဲက ယှဉ်ပြိုင်မှုက ပိုပိုပြီး ပြင်းထန်လာပုံပဲ"
သူ တစ်ယောက်တည်း မဟုတ်ဘဲ အခြားသူများအားလုံးကလည်း ထိုအချက်ကို သဘောပေါက်ထားကြ၏။
လျှို့ဝှက်နယ်မြေထဲရှိ လေထုမှာ သူတို့ ပထမဆုံး ဝင်ရောက်လာချိန်ကထက် ပိုမို တင်းမာလာပြီး သေရေးရှင်ရေးဆန်လာကြောင်း သိသိသာသာ ခံစားရလေသည်။ ကြီးမားလှသော သွေးဆောင်ဖြားယောင်းမှု တစ်ခုခုက ဤကျင့်ကြံသူများကို မဆင်မခြင် တိုက်ခိုက်သတ်ဖြတ်ကြရန် တွန်းအားပေးနေသကဲ့သို့ပင်။
ထိုစဉ် နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခုက အဝေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ထိုအသံက အလွန်ကျယ်လောင်ပြီး ဘီလူးကြီးတစ်ကောင်က မြေကြီးကို ထုနှက်နေသကဲ့သို့ပင်။
အခန်း ၃၄၄ပြီး၏။