← Chapters

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း (၃၄၅) မထွက်ခွာမီ အမြတ်ထုတ်ခြင်း

​ချက်ချင်းပင် အဝေးဆီမှ အရောင်အသွေးစုံလင်လှသော အလင်းတန်းများ အရူးအမူး ပေါက်ကွဲထွက်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။

မျက်စိကျိန်းမတတ် လင်းလက်သွားသော အလင်းတန်းများက ကောင်းကင်ယံတစ်ခုလုံးကိုပင် လင်းထိန်သွားစေ၏။ ဧရာမကျောက်တုံးကြီးများက အပိုင်းပိုင်းအစစ ကျိုးကြေသွားပြီး အစအနများက နေရာအနှံ့ လွင့်စင်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ အလွှာလိုက် အလွှာလိုက် ပြန့်ကားထွက်ပေါ်လာချေသည်။

​တောအုပ်အတွင်းရှိ အသိဉာဏ်မဲ့သော ငှက်များနှင့် သားရဲများမှာ အလွန်တရာ ထိတ်လန့်သွားကြပြီး ကြောက်လန့်တကြား ထွက်ပြေးကြရာ သားရဲလှိုင်းငယ်လေးတစ်ခုသဖွယ် ဖြစ်ပေါ်လာလေသည်။

​ကြမ်းတမ်းလှသည့် စွမ်းအင်များ အပြည့်အဝပါဝင်နေသော ထိုချီစွမ်းအင်လှိုင်းများက ကျန်းယဲ့နှင့် သူ၏အဖွဲ့ရှိရာ နေရာသို့ ရောက်ရှိလာသောအခါ မျက်စိဖြင့် မမြင်နိုင်သော တံတိုင်းကြီးတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားကာ ခိုင်မာစွာ ပိတ်ဆို့ခံလိုက်ရပြီး အနည်းငယ်မျှပင် ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိတော့ချေ။

​သို့တိုင်အောင် အဝေးဆီမှ ထွက်ပေါ်လာသည့် ထိုကြောက်မက်ဖွယ် အငွေ့အသက်က လူတိုင်း၏ ရင်ကို တဒိတ်ဒိတ် ခုန်သွားစေဆဲပင်။

​ကျန်းယဲ့က ရုတ်တရက် ရပ်တန့်လိုက်ရာ သူ၏အနောက်ရှိ လူများကလည်း ရပ်တန့်သွားကြပြီး ပေါက်ကွဲမှုဖြစ်ပေါ်ရာ အရပ်ဆီသို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်ကြ၏။

​ထိုစဉ် ရုတ်တရက်ဆိုသလို ဖရိုဖရဲဖြစ်နေသော တိုက်ပွဲထဲမှ အမည်းရောင်ပုံရိပ်နှစ်ခုက အမြောက်ဆံများကဲ့သို့ ပစ်လွှတ်ခံလိုက်ရကာ သူတို့ဆီသို့ အလွန်မြန်ဆန်လှသော အရှိန်ဖြင့် လွင့်စင်လာခဲ့သည်။

​"ဗုန်း... ဗုန်း..."

​လေးလံကာ တုံးတိတိနိုင်လှသော ပြုတ်ကျသံနှစ်ခု ထွက်ပေါ်လာ၏။

​အမည်းရောင်ပုံရိပ်နှစ်ခုအနက် တစ်ခုမှာ လူနှစ်ယောက်ဖက်စာမျှရှိသော သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ ဖုန်တလုံးလုံး ထသွားခဲ့သည်။ အခြားအမည်းရောင်ပုံရိပ်တစ်ခုမှာမူ အနည်းငယ် ပိုနီးသော ကွင်းပြင်တစ်ခုဆီသို့ ကျလာလေသည်။

​ထိုသို့ဝင်တိုက်မိသည့် အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များက တရှဲရှဲ မြည်သွားပြီး သစ်ရွက်များလည်း နေရာအနှံ့ လွင့်စင်သွားကြရ၏။

​အနီးကပ် သေချာကြည့်လိုက်သောအခါ စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး သွေးများပေကျံကာ အသက်ရှူသံများ လုံးဝရပ်တန့်လုနီးပါး ဖြစ်နေသော ကျင့်ကြံသူနှစ်ဦးကို လူတိုင်း တွေ့လိုက်ကြရသည်။

​သစ်ပင်ကို ဝင်တိုက်မိသွားသူမှာမူ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။

​အနီးအနားသို့ ကျလာသူမှာမူ နောက်ဆုံးထွက်သက်သာ ကျန်ရှိတော့ပြီး သူ၏ရင်ဘတ်က အားပျော့စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ မကြာမီ ဇီဝိန်ချုပ်တော့မည့်အခြေအနေပင်။

​သေခါနီးဖြစ်နေသော ထိုကျင့်ကြံသူက သူ၏ နောက်ဆုံးလက်ကျန် ခွန်အားလေးကို အသုံးပြုကာ ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်ပုံရသည်။ ထို့နောက် တန်းစီရပ်နေပြီး အစွန်းအထင်းလေးတစ်ခုမျှပင် မရှိသည့် ကျန်းယဲ့တို့၏ လူငါးဆယ်ပါအဖွဲ့အား သူ၏ မှုန်ဝါးဝါးမျက်လုံးများဖြင့် ဝေ့ကြည့်လိုက်၏။

​ထိုမြင်ကွင်းကြောင့် သူ၏ မျက်ဝန်းများထဲတွင် အလွန်အမင်း အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် အလွန်လျင်မြန်စွာပင် ရက်စက်မှု၊ နာကြည်းမှုတို့ အပြည့်ပါဝင်နေသည့် ရူးသွပ်လုမတတ် ထူးဆန်းသော အမူအရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

​ထို့နောက် သူက သွေးတစ်လုပ်ကို အန်ချလိုက်ပြီး သူ၏ နောက်ဆုံးခွန်အားဖြင့် ကျန်းယဲ့နှင့် အခြားသူများကို အက်ကွဲနေသော အသံကြီးဖြင့် အော်ဟစ်လိုက်၏.....

​"ရှေ့မှာ... ငါတို့ရှာတွေ့ထားတယ်... ဝိညာဥ်သန္ဓေအဆင့်..... အင်မော်တယ်စံအိမ်..... တာအိုရောင်းရင်းတို့..... ကြီးမားလှတဲ့ အခွင့်အရေးကြီးပဲ..... လက်လွတ်မခံကြနဲ့....."

​ဤပြတ်တောင်းတောင်း စကားလုံးများကို ပြောဆိုပြီးနောက် သူ၏ ခေါင်းက ဘေးသို့ စောင်းကျသွားကာ သူ၏ နောက်ဆုံးအသက်ငွေ့လေးလည်း ပြတ်တောက်သွားပြီး အသက်ရှူရပ်ကာ သေဆုံးသွားလေတော့သည်။

​တိတ်ဆိတ်မှု.....

​စက္ကန့်အနည်းငယ် ကြာပြီးနောက် မော့ဟွာက မနေနိုင်တော့ဘဲ စကားစလိုက်၏။ "ဒီကောင် သေခါနီး ပြောသွားတဲ့ စကားတွေက စေတနာနဲ့မှ ဟုတ်ရဲ့လား.... ငါတို့ကို သေတွင်းထဲ သွားအောင် မြှူဆွယ်သွားတာ မဟုတ်ဘူးလား..."

​လင်းဝမ်က လှောင်ပြုံးတစ်ခု ပြုံးလိုက်ပြီး "သံသယဖြစ်စရာတောင် မလိုဘူး..... သူ တမင်လုပ်သွားတာပဲ.... သူကိုယ်တိုင်လည်း အသက်မရှင်ရတော့တဲ့အတူတူ တခြားသူတွေကိုလည်း သက်တောင့်သက်သာ မဖြစ်စေချင်လို့လေ..."

​လီတောက်ချင်းက သူ၏ မေးစေ့ကို ပွတ်သပ်ကာ သုံးသပ်လိုက်လေသည်။ "သူ့အတွက် ကလဲ့စားချေပေးဖို့လား.... အို... မဟုတ်ဘူး... ပိုပြီး တိတိကျကျ ပြောရရင် သူများလက်ငှားပြီး ဓားနဲ့ခုတ်ခိုင်းတာပဲ..... သူတို့က ငါတို့လို အင်အားသစ်တွေ ဝင်ရှုပ်တာကို လိုချင်တာ.... ဒါမှမဟုတ် သူ့အနောက်က အင်အားစုတွေအတွက် ရန်သူတွေကို အင်အားချည့်နဲ့သွားစေချင်တာလေ..."

​ရှုံးရှောင်ရှီက ပို၍ ရှင်းလင်းပြတ်သားစွာ အနှစ်ချုပ်လိုက်၏။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ငါမရရင် မင်းတို့လည်း မရစေရဘူး.... ငါ ဒုက္ခရောက်ရင် မင်းတို့လည်း ဒုက္ခရောက်ရမယ်ပေါ့.... ဒါက ကိုယ့်အတွက် အကျိုးမရှိဘဲ သူများဒုက္ခရောက်အောင် လုပ်သွားတဲ့ ဂန္ထဝင်မြောက် ပုံစံမျိုးပဲ..."

​လူတိုင်းက သူတို့အချင်းချင်း ပြောဆိုဆွေးနွေးနေကြပြီး သူတို့၏ စိတ်အစဉ်က အလွန်ကြည်လင်နေကာ ဝိညာဥ်သန္ဓေအဆင့် အင်မော်တယ်စံအိမ်ဆိုသည့် ကြီးမားလှသော သွေးဆောင်မှုအောက်တွင် လုံးဝ သွေးဆူသွားခြင်း မရှိခဲ့ကြချေ။

​ဤကဲ့သို့ စုပေါင်းတည်ငြိမ်မှုနှင့် ရှင်းလင်းသော အသိဉာဏ်တို့က ဘေးတွင် ရပ်နေသည့် ကျန်းယဲ့အား အထင်ကြီးလေးစားစွာ ခေါင်းညိတ်သွားစေခဲ့သည်။

​ဤအဖွဲ့ထဲရှိ ခရီးသွားများက တကယ်ကို စိတ်နေစိတ်ထား ကောင်းမွန်ကြချေသည်။

​သူက ထိုဆွေးနွေးမှုတွင် ဝင်မပါတော့ဘဲ စနစ်မှ ပေးအပ်ထားသည့် လျှို့ဝှက်နယ်မြေမြေပုံအား တိတ်ဆိတ်စွာ ဖွင့်လိုက်၏။

​ထိုမြေပုံအရ သူတို့က ယခုအခါ စနစ်မှ အနီရောင်အစက်ဖြင့် ထင်ရှားစွာ အမှတ်အသား ပြုလုပ်ထားသည့် လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ပြသနေလေသည်။

​ဟိန်းဟောက်သံများနှင့် အလင်းတန်းများ ဆက်တိုက် ထွက်ပေါ်နေဆဲဖြစ်သည့် လားရာနှင့် မြေပုံပေါ်ရှိ အနီရောင်အစက်ကလေးအား သူက နှိုင်းယှဉ်ကြည့်လိုက်ပြီး.....

​"ကြည့်ရတာ တစ်နေရာတည်းပဲ ဖြစ်မယ်..." ကျန်းယဲ့က တိုးညင်းစွာ ရေရွတ်လိုက်ပြီး သူ၏ အကြည့်များက နက်ရှိုင်းသွားရသည်။

​ထိုကံဆိုးလှသည့် ကျင့်ကြံသူနှစ်ယောက်၏ သိုလှောင်အိတ်များနှင့် တန်ဖိုးအနည်းငယ်ရှိနိုင်မည့် သူတို့ဝတ်ဆင်ထားသော မှော်ပစ္စည်း လက်ဝတ်ရတနာများအားလုံးကို ကျွမ်းကျင်စွာ သိမ်းကျုံးယူပြီးနောက် ကျန်းယဲ့က သူ့အား မျှော်လင့်တကြီး စိုက်ကြည့်နေကြသည့် ခရီးသွားများဘက်သို့ လှည့်လိုက်လေသည်။

​ထို့နောက် သူက မေးလိုက်၏။ "လူကြီးမင်းတို့.... မထွက်ခွာခင် ဝိညာဉ်ကျောက်တုံးတွေ.... ဆေးလုံးတွေ ဒါမှမဟုတ် သိုင်းကျင့်စဉ်တွေ ထပ်ရချင်သေးလား..... လျှို့ဝှက်ကျမ်းစာ အစရှိတာတွေရော ပြန်ယူသွားချင်ကြလား..."

​ထိုစကားများက ဆူပွက်နေသော ဆီအိုးထဲသို့ ရေအေးများ လောင်းထည့်လိုက်သကဲ့သို့ ဖြစ်သွားကာ တစ်ဖွဲ့လုံးကို ချက်ချင်းပင် ဆူညံသွားစေခဲ့သည်။

​"လိုချင်တာပေါ့.... သေချာပေါက် လိုချင်တာပေါ့..."

​"ဒါရိုက်တာကျန်း.... ဒါက တကယ်ရော ဖြစ်နိုင်လို့လား..."

​"ဘုရားရေ.... ကျွန်တော် ဆေးလုံးတစ်လုံးကို လိုချင်နေတာ ကြာလှပြီ..."

​"သိုင်းကျင့်စဉ်... ကျွန်တော် သိုင်းကျင့်စဉ်လိုချင်တယ်...."

​လူတိုင်းက စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ မျက်ဝန်းများက အရောင်တောက်သွားကာ အားလုံးက သူတို့၏ ဆန္ဒများကို တစ်ပြိုင်နက်တည်း ဖွင့်ဟလိုက်ကြ၏။

​ဤကာလအတွင်း သူတို့၏ ကျောပိုးအိတ်များထဲတွင် ခက်ခက်ခဲခဲ စုဆောင်းထားသည့် ဝိညာဉ်ဆေးပင်များနှင့် သူတို့တူးဖော်ထားသော တွင်းထွက်သတ္တုများမှလွဲ၍ အခြားဘာမှ မရှိခဲ့ချေ။

​ထို့ကြောင့် ကျန်းယဲ့က ဖောက်သည်များထံမှ ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများကို မကြာခဏ ရရှိနေသည်ကို မြင်ရသောအခါ မည်သူကများ အားမကျဘဲ နေမည်နည်း။

​ကံမကောင်းစွာဖြင့် သူတို့ကိုယ်တိုင်က စွမ်းအားချို့တဲ့နေသဖြင့် အမှိုက်ကောက်သကဲ့သို့ ဒေသထွက်ကုန်အချို့ကိုသာ လိုက်လံကောက်ယူနေရခြင်းပင်။

​ယခု ကျန်းယဲ့၏ စကားကို ကြားလိုက်ရချိန်တွင် ကောင်းကင်မှ ကျလာသော ထီပေါက်စဉ်ကြီးက သူတို့ပါးစပ်ထဲ အံဝင်ခွင်ကျ ပြုတ်ကျလာသကဲ့သို့ ခံစားလိုက်ရပြီး အိပ်မက်ဆန်ကာ အလွန်တရာ အံ့ဩဝမ်းသာဖွယ် ကောင်းနေတော့သည်။

​ဤနေ့က လျှို့ဝှက်နယ်မြေသို့ လာရောက်သည့် ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်၏။ ထို့ကြောင့် သူတို့က ဝိညာဉ်ဆေးပင်များနှင့် သတ္တုရိုင်းများကိုသာ ယူဆောင်ပြီး ပြန်ရတော့မည်ဟု တွေးကာ မျှော်လင့်ချက် စွန့်လွှတ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့ အိပ်မက်မက်နေသည့် ဆေးလုံးများနှင့် သိုင်းကျင့်စဉ်များကို ရွေးချယ်ခွင့် မရှိတော့ဟုပင် ထင်မှတ်ထားခဲ့ကြ၏။

​မည်သို့ပင်ဖြစ်စေ ခရီးသွားခွင့်နေရာများက အလွန်ရှားပါးလှပြီး နောက်တစ်ကြိမ်တွင် ရနိုင်မရနိုင်ဆိုသည်ကို မသေချာချေ။ သူတို့၏ တစ်သက်တာတွင် တစ်ကြိမ်သာ အခွင့်အရေး ရရှိနိုင်ခြေက အလွန်များပြားလှသည်။

​ယခု ကျန်းယဲ့ပြောလိုက်သည့် စကားက သူတို့၏ အကြီးမားဆုံး နောင်တကို ကုစားပေးလိုက်သကဲ့သို့ပင်။

​လူတိုင်း၏ စိတ်လှုပ်ရှား ဝမ်းသာနေကြသော အမူအရာများကို မြင်လိုက်ရသဖြင့် ကျန်းယဲ့က ပြုံးလိုက်ပြီး ပြောလိုက်၏။ "ရှေ့မှာ အခွင့်အရေးကြီး ရှိနေတယ် မဟုတ်လား..... ကျွန်တော့်အထင် အဲ့ဒီမှာ ကျင့်ကြံသူတွေ အများဆုံးရှိနေပြီး တိုက်ပွဲကလည်း အပြင်းထန်ဆုံး ဖြစ်နေလောက်တယ်..... အဲ့ဒီကို သွားပြီး..... သူတို့နဲ့ စီးပွားရေးနည်းနည်းလောက် လုပ်ကြတာပေါ့..."

​"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... စီးပွားရေး လုပ်ကြတာပေါ့.... သူတို့ရဲ့ အခွင့်အရေးကို သွားလုတာမှ မဟုတ်တာ..." ရှန်ကျီအန်းက စီးပွားရေးလုပ်သည်ဆိုသော စကားလုံးကို အလေးအနက်ထားကာ ချက်ချင်းပင် ပြုံး၍ သဘောတူလိုက်လေသည်။

​သူတို့ ကြုံတွေ့ခဲ့ရသော ကျင့်ကြံသူများကို ပြန်စဉ်းစားမိသည့်အခါ ကျင်းရှင်းက မနေနိုင်ဘဲ ညည်းတွားလိုက်၏။ "လမ်းတစ်လျှောက်မှာ ကျင့်ကြံသူအဖွဲ့ပေါင်း ဒါဇင်နဲ့ချီပြီး ကျွန်တော်တို့ တွေ့ခဲ့ရတာပဲ... ဒါပေမဲ့ ဒီလူတွေက ကျွန်တော်တို့ကို မြင်တာနဲ့ ထွက်ပြေးကြတာချည်းပဲ.... ကျွန်တော်တို့ကို စကားပြောဖို့ အခွင့်အရေးတောင် မပေးကြဘူး... တကယ်ပါပဲ..."

​ထိုအကြောင်းကို ပြောလိုက်သောအခါ လူတိုင်းက ရယ်ချင်သလိုလို၊ စိတ်ပျက်သလိုလို ဖြစ်သွားကြရသည်။

​တကယ်တော့ သူတို့က ကြုံတွေ့ရသည့် ဂိုဏ်းများမှ တပည့်များနှင့် စကားပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်။ ဝိညာဉ်ဆေးပင်များ သို့မဟုတ် သတ္တုရိုင်းများကို အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ရန် ကြိုးစားခဲ့ကြသော်လည်း အခြေအနေက ထင်သလောက် ခရီးမရောက်ခဲ့ချေ။

တစ်ဖက်လူများက ဝတ်စုံဆင်တူဝတ်ဆင်ထားသည့် သူတို့၏ ကြီးမားလှသော လူအုပ်ကြီးကို အဝေးမှ မြင်လိုက်သည်နှင့် သူတို့၏ ပထမဆုံး တုံ့ပြန်မှုက သတိထားပြီး ကာကွယ်ရန် ပြင်ဆင်ကြသည်... ထို့နောက်တွင်တော့..... ထွက်ပြေးကြတော့သည်သာ....

​သူတို့သာ နှေးကွေးသွားပါက အသက်ပါ ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့နေကြသဖြင့် ဆက်သွယ်ပြောဆိုရန် အခွင့်အရေးလေးပင် မရခဲ့ကြချေ။

​ဝမ်ဟွာချမ်းက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး ရယ်မောလိုက်၏။ "ဒီတစ်ကြိမ်ကတော့ ကွာသွားပြီ..... ရှေ့မှာ ကြီးမားတဲ့ အခွင့်အရေးကြီး ရှိနေတာဆိုတော့ အဲ့ဒီဂိုဏ်းတွေက..... ကျင့်ကြံသူတွေ ငါတို့ကို မြင်ရင်တောင် ပြေးချင်မှာ မဟုတ်တော့ဘူး..... ဘာပဲဖြစ်ဖြစ် အခွင့်အရေးက ပိုအရေးကြီးတယ် မဟုတ်လား..."

​ဤစကားများက လူတိုင်းထံမှ သဘောပေါက်နားလည်သည့် ရယ်မောသံများကို ချက်ချင်း ထွက်ပေါ်လာစေခဲ့သည်။

​လေထုက ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။

​ကျန်းယဲ့၏ ဦးဆောင်မှုအောက်တွင် ပစ္စည်းများ ဝယ်ယူရန် စိတ်လှုပ်ရှားတက်ကြွနေကြသည့် ဤထူးခြားလှသော စတိုင်လ်ဖြင့် စျေးဝယ်ခရီးသွားအဖွဲ့ကြီးက လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်ဆီသို့ ခမ်းနားကြီးကျယ်စွာ ချီတက်သွားကြလေတော့သည်။

ထိုနေရာက လက်ရှိအချိန်၌ အရှုပ်ထွေးဆုံးနှင့် အန္တရာယ်အများဆုံး ဧရိယာလည်း ဖြစ်ချေသည်။

အခန်း ၃၄၅ပြီး၏။

All Chapters