← Chapters

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း (၃၄၆) ခဏနေပါဦး၊ မတိုက်ကြပါနဲ့ဦး

​လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်ဒေသက မတ်စောက်သော တောင်ကမ်းပါးယံများ ဝန်းရံထားသည့် တောင်ကြားတစ်ခု ဖြစ်၏။

​တောင်ကြား၏ အလယ်ဗဟိုတွင် ငြိမ်သက်အေးချမ်းနေပုံရသော ရေကန်နက်ကြီးတစ်ခုရှိနေပြီး တောင်ပေါ်ရှိ သာမန်ရေအိုင်တစ်ခုကဲ့သို့ပင် ထူးခြားမှုမရှိလှချေ။

​သို့သော် ရေကန်ပတ်လည်ရှိ မြင်ကွင်းက ထိုငြိမ်သက်နေမှု နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားသည့်အလား ဖရိုဖရဲ ဖြစ်နေခဲ့သည်။

​ကမ်းစပ်တွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီစွမ်းအင်များကို ထုတ်လွှတ်နေသည့် ဧရာမ ရွှေအမြုတေအစောပိုင်းအဆင့် မိစ္ဆာသားရဲကြီးနှစ်ကောင်မှာ သေလုမျောပါး လဲလျောင်းနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာများ ပြည့်နှက်နေပြီး သွေးများက ရေကန်ဘေးရှိ မြေပြင်တစ်ခုလုံးကိုပင် နီရဲသွားစေလုမတတ် ဖြစ်နေ၏။

​သူတို့၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းများက အရှေ့ဘက်သို့သာ စူးစိုက်ကြည့်နေကြပြီး ခြိမ်းခြောက်ဟိန်းဟောက်သံများ ပြုလုပ်ကာ သူတို့နောက်ရှိ ရေကန်ကို တစ်လက်မမျှ အလျှော့မပေးဘဲ ကာကွယ်နေကြလေသည်။

​တစ်ကောင်မှာ ရွှေရောင်ရင့်ရင့် အမွေးအမျှင်များ ဖုံးလွှမ်းနေပြီး သံမဏိကဲ့သို့ မာကျောသော ကြွက်သားများရှိသည့် ဧရာမမျောက်ဝံကြီးတစ်ကောင်ဖြစ်ကာ အခြားတစ်ကောင်မှာမူ တစ်ကိုယ်လုံး အမည်းရောင်အဆင်းရှိပြီး တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားလာတတ်ကာ ချွန်ထက်လှသည့် လက်သည်းများမှ ကြောက်မက်ဖွယ် အလင်းရောင်များ တောက်ပနေသည့် တစ္ဆေကျားသစ်တစ်ကောင် ဖြစ်၏။

​ထိုအကြောက်အလန့်ကင်းလှသော မိစ္ဆာသားရဲကြီးနှစ်ကောင်၏ မျက်နှာချင်းဆိုင်တွင်တော့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ အထက်တန်းစား တပည့်များ ရှိနေခဲ့ကြသည်။

​သူတို့လည်း ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ထားရသည်။ များစွာသော သူတို့မှာ ဒဏ်ရာရရှိထားပြီး အသက်ရှူသံများ မတည်မငြိမ်ဖြစ်နေကာ အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေချေသည်။

အချို့ဆိုလျှင် လက် သို့မဟုတ် ခြေထောက်များပင် ကျိုးပဲ့နေကြပြီး ဂိုဏ်းတူညီအစ်ကိုများ၏ အကူအညီဖြင့်သာ ရပ်နေနိုင်ကြတော့သည်။

​သူတို့၏ ပတ်ဝန်းကျင်မြေပြင်ပေါ်တွင် ဂိုဏ်းခုနစ်ဂိုဏ်းမှ တပည့်များ၏ ရုပ်အလောင်းများ ပြန့်ကျဲနေပြီး ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို အသံတိတ် သက်သေပြနေကြသည်။

​လင်ရှကျောင်းတော်မှ တပည့်တစ်ယောက်က သွေးစွန်းနေသော တံတွေးတစ်လုပ်ကို ထွေးထုတ်လိုက်ပြီး သူ၏ လက်ထဲရှိ ကျိုးပဲ့နေသော ယင်မောင်းတံကို စိုက်ကြည့်ကာ သွားကြိတ်၍ အော်ဟစ်လိုက်၏။ "တောက်... ဒီသားရဲနှစ်ကောင်က တကယ်ကို ပြဿနာပဲ..."

​သူ၏ ဖြူလျော့နေသော ဂိုဏ်းတူညီလေးကလည်း စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်၏။ "ဂိုဏ်းတူအစ်ကို... ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး... အားလုံးရဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ..."

​အခြားတစ်ဖက်တွင်တော့ အစီရင်ထောင်ချီဂိုဏ်းမှ တပည့်များက စုရုံးနေခဲ့ကြသည်။ စုန့်ယွီက မျက်နှာတည်ထားသော ဝမ့်ကျန့်ရှင်းအား တိုးညင်းစွာ ပြောလိုက်၏။ "ဂိုဏ်းတူအစ်ကိုဝမ်... တံခါးစောင့်နေတဲ့ ဒီသားရဲနှစ်ကောင်ကို အသေအချာ မရှင်းလင်းနိုင်သရွေ့ ဘယ်သူမှ ဝင်ခွင့်ရမှာ မဟုတ်ဘူး..."

​ဝမ့်ကျန့်ရှင်းက ဤအကြောင်းရင်းကို ကောင်းကောင်းကြီး နားလည်ထားသော်လည်း မျက်မှောင်ကြုတ်ကာ အခြားဂိုဏ်းများကို တစ်ချက်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ငါသိတယ်... ဒါပေမဲ့ အားလုံးက လက်တွန့်နေကြပြီး အစွမ်းကုန် မတိုက်ထုတ်ရဲကြဘူးလေ... အပြန်အလှန် သေကြေပျက်စီးမယ့် တိုက်ပွဲမျိုးဖြစ်သွားရင် တခြားသူတွေအတွက် အကျိုးရှိသွားပြီး သူတို့ရဲ့ နင်းခုံဖြစ်သွားမှာကို ကြောက်နေကြတာ..."

​အခြေအနေက အကြိတ်အနယ်ဖြစ်ကာ အပြန်အလှန် သံသယများဖြင့် ပြည့်နှက်နေချိန်တွင် ဖန်ထျန်တောင်ကြားမှ ဟွမ်လွေ့ကျဲက ရုတ်တရက် စကားစလိုက်ရာ သူ၏ အသံက နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။

​"တာအိုရောင်းရင်းတို့... ကျွန်တော်တို့ ဆက်ပြီး လက်တွန့်မနေကြရအောင်... အားလုံး ပူးပေါင်းလိုက်မှသာ ဒီသားရဲနှစ်ကောင်ကို သတ်ပြီး ဝင်ပေါက်ကို ဖွင့်နိုင်မှာ... မဟုတ်ရင် ဘယ်သူမှ အကျိုးအမြတ်ရမှာ မဟုတ်ဘူး... ဒီထက်ပိုပြီး အချိန်ဆွဲနေရင် တခြားတစ်ခုခု ဖြစ်လာနိုင်ပြီး ကျွန်တော်တို့အားလုံး လက်ဗလာနဲ့ပဲ ပြန်ရလိမ့်မယ်..."

​လင်ရှောင်ဓားဂိုဏ်းမှ ဂိုဏ်းတူအစ်ကိုကြီး ဟွမ်ထျဲ့ကလည်း အသံသြသြဖြင့် ထောက်ခံလိုက်၏။ "တာအိုရောင်းရင်းဟွမ် ပြောတာ လုံးဝမှန်တယ်... အခွင့်အရေးကြီးက မျက်စိရှေ့မှာတင် ရှိနေတာကို အသေးအဖွဲကိစ္စလေးကြောင့်နဲ့ အကြီးကြီးကို ဘယ်လိုလုပ် ဆုံးရှုံးခံနိုင်မှာလဲ... အားလုံးပဲ အစွမ်းကုန်ထုတ်သုံးဖို့ တိုက်တွန်းချင်တယ်... ဒီအဟန့်အတား နှစ်ခုကို ရှင်းလင်းပြီး အင်မော်တယ်စံအိမ်ထဲ ဝင်ရောက်ပြီးမှ ကိုယ့်အရည်အချင်းနဲ့ကိုယ် အခွင့်အရေးကို လုယူကြတာပေါ့... ဘယ်လိုလဲ..."

​ရေနက်စံအိမ်မှ ရှန်းရှစ်ချင်းကလည်း ချက်ချင်း ထောက်ခံလိုက်၏။ "ငါတို့ ရေနက်စံအိမ်က သဘောတူတယ်..."

​"ငါတို့ လင်ရှကျောင်းတော်ကလည်း သဘောတူတယ်..."

​"မုရှီးတောင်ကြားကလည်း ကန့်ကွက်စရာ မရှိဘူး..."

​"မြင့်မြတ်ဓားဂိုဏ်းကလည်း အဆင်ပြေတယ်..."

​မကြာမီတွင် ဂိုဏ်းခုနစ်ဂိုဏ်းက ယာယီသဘောတူညီချက်တစ်ခု ရရှိသွားကြသည်။

​ထိုအခြေအနေကို မြင်သောအခါ ဟွမ်လွေ့ကျဲက အနည်းငယ် စိတ်သက်သာရာရသွားပြီး ထပ်မံအော်ဟစ်လိုက်၏။ "ကောင်းပြီလေ... အားလုံး သဘောတူညီချက် ရသွားပြီဆိုတော့ ကျေးဇူးပြုပြီး တာအိုရောင်းရင်းတို့... အစွမ်းကုန် တိုက်ကြရအောင်... စလိုက်ကြစို့"

​ထို့နောက် သူ၏ ခန္ဓာကိုယ်မှ မီးစွမ်းအင်များ တဟုန်းဟုန်း တောက်လောင်လာပြီး ဒေါသတကြီး ဟိန်းဟောက်နေသော မီးနဂါးကြီးတစ်ကောင်ကို ပစ်လွှတ်လိုက်သည်။

​အခြားဂိုဏ်းများမှ တပည့်များကလည်း သူတို့၏ အင်အားများကို စုစည်းကာ ဓားပျံများ၊ မှော်ရတနာများ၊ အဆောင်လက်ဖွဲ့များနှင့် အစီရင်များကို ပစ်လွှတ်လိုက်ကြ၏။

​ခဏအတွင်းမှာပင် အရောင်အသွေးစုံလင်သော အလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး သေလုမျောပါး ဖြစ်နေသော်လည်း ခေါင်းမာမာဖြင့် ကာကွယ်နေဆဲဖြစ်သော မိစ္ဆာသားရဲနှစ်ကောင်အား မုန်တိုင်းတစ်ခုကဲ့သို့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လေတော့သည်။

​ထိုရွှေအမြုတေအဆင့် မိစ္ဆာသားရဲနှစ်ကောင်က နောက်ဆုံးလက်ကျန် ခွန်အားလေးဖြင့် ခုခံရန် ကြိုးစားရင်း အသေအလဲ မကျေမချမ်း အော်ဟစ်လိုက်ကြသည်။

​တောင်ကြားတစ်ခုလုံး ဟိန်းဟောက်တုန်လှုပ်သွားပြီး မြေကြီးများလည်း တုန်ခါသွားကာ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများက နေရာအနှံ့ ရမ်းကားသွားပြီး အလွန်တရာ ဖရိုဖရဲဖြစ်နေသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ချေသည်။

​သို့သော် တိုက်ခိုက်မှုများ အပြင်းထန်ဆုံးနှင့် အရှုပ်ထွေးဆုံးဖြစ်နေသည့် ဤအချိန်လေးတွင်ပင်.....

​ချွန်ထက်လှသော ဓားအလင်းတန်းတစ်ခုသည် တပည့်တစ်ယောက်၏ ထိန်းချုပ်မှု လွဲချော်သွားခြင်းကြောင့်ဖြစ်စေ... တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်စေ... လမ်းကြောင်းလွဲသွားကာ ဖရိုဖရဲ လည်ပတ်နေသော မှော်အလင်းတန်းများနှင့် အရိပ်များကြားမှ လမ်းလွဲနေသော မြားတစ်စင်းကဲ့သို့ ကျန်းယဲ့နှင့် သူ၏အဖွဲ့ရှိရာဆီသို့ ရောက်ရှိလာခဲ့သည်။

​ထိုဓားသွားက ခရီးသွားအဖွဲ့၏ ဧရိယာထဲသို့ ဝင်ရောက်လာမည့် ဆဲဆဲအချိန်လေးမှာပင်.....

​ခဏအတွင်းမှာပင် အလွန်တရာဆန်းကြယ်ပြီး စိတ်မသက်မသာ ဖြစ်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

​၎င်းက မမြင်နိုင်သည့် လက်တစ်ဖက်မှ ရပ်တန့်ခလုတ်ကို ရုတ်တရက် နှိပ်လိုက်သကဲ့သို့ပင်။

​မှော်စွမ်းရည်များ၊ ခုတ်ပိုင်းနေသည့် ဓားပျံများ၊ အသက်သွင်းထားသော အဆောင်လက်ဖွဲ့များ၊ လည်ပတ်နေသည့် အစီရင်များ... မိစ္ဆာသားရဲနှစ်ကောင်၏ အသေအလဲ ဟိန်းဟောက်ရုန်းကန်မှုများ အပါအဝင်.....

​အားလုံး... အရာအားလုံးက....

​ထိုအချိန်လေးအတွင်းမှာပင် ရုတ်တရက်ဆိုသလို အပ်ကျသံကြားရလောက်အောင် ငြိမ်သက်သွားရသည်။

​သူတို့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များ စီးဆင်းမှုက အတင်းအဓမ္မ ဖြတ်တောက်ခံလိုက်ရပြီး အေးခဲသွားကြောင်း ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး ထိတ်လန့်တကြား ရှာဖွေတွေ့ရှိလိုက်ကြ၏။

​ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များက လုံးဝ လှုပ်ရှား၍မရတော့ချေ။

​သူတို့က ယခင်က ရှိနေခဲ့သော ကိုယ်နေဟန်ထားအတိုင်း ရွှံ့ရုပ် သို့မဟုတ် သစ်သားရုပ်များကဲ့သို့ တစ်နေရာတည်းတွင် အေးခဲနေရုံမှတစ်ပါး အခြားမတတ်နိုင်ကြတော့ပေ။

​ထိုမိစ္ဆာသားရဲနှစ်ကောင်လည်း အတူတူပင် ဖြစ်၏။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာများက အသေအလဲ ရုန်းကန်နေသည့် မျက်လုံးများနှင့် ကိုယ်နေဟန်ထားများက နေရာမှာပင် အေးခဲသွားရသည်။

​ဆူညံသံများဖြင့် ပြည့်နှက်နေခဲ့သော တောင်ကြားတစ်ခုလုံးက တစ္ဆေခြောက်သည့်အလား ကြောက်မက်ဖွယ်ကောင်းလောက်အောင် သေမင်းတမန် တိတ်ဆိတ်မှုကြီးထဲသို့ ကျဆင်းသွားချေသည်။

​ထို့ကြောင့် ကျင့်ကြံသူများအားလုံး၏ ရင်ထဲတွင် အတိုင်းအဆမသိနိုင်သော ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ချက်ချင်း ပြည့်နှက်သွားရတော့သည်။

​ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ...

​ဒါက ဘယ်လို မှော်ရတနာမျိုးလဲ...

​ကျင့်ကြံသူတွေနဲ့ မိစ္ဆာသားရဲတွေ အားလုံးကို တစ်ခဏအတွင်းမှာ နေရာမှာတင် အေးခဲသွားအောင် လုပ်နိုင်တယ်ပေါ့....

​ဒါက တကယ့်ကို ကြားတောင် မကြားဖူးတဲ့ ကိစ္စကြီးပဲ....

​လူတစ်ယောက်၏ ဝိညာဉ်စွမ်းအင်များကို ချက်ချင်း အေးခဲသွားစေသည့် ဤရင်းနှီးနေသော ကြောက်မက်ဖွယ် ခံစားချက်ကြီးက အစီရင်ထောင်ချီဂိုဏ်းမှ ဝမ့်ကျန့်ရှင်း၊ စုန့်ယွီနှင့် အခြားသူသုံးဦးတို့ကို တုန်လှုပ်သွားစေပြီး ဘာဖြစ်နေသလဲဆိုသည်ကို ချက်ချင်း သဘောပေါက်သွားစေခဲ့သည်။

​သူပဲ....

​ဒီနည်းဗျူဟာ ထပ်လာပြန်ပြီ...

​အခြားသူများ၏ လက်ခုပ်ထဲမှ ရေကဲ့သို့ အကြွင်းမဲ့ ထိန်းချုပ်ခံရသည့် ဤကဲ့သို့သော စိတ်ပျက်အားငယ်ဖွယ် အခြေအနေမျိုးကို သူတို့ ကြုံတွေ့ခဲ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။

​သို့သော် အခြားဂိုဏ်းခုနစ်ဂိုဏ်းမှ တပည့်များမှာမူ ဤမျှ ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရာမျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးကြပေ။

​သူတို့က တိုက်ခိုက်မည့် သို့မဟုတ် ကာကွယ်မည့် ကိုယ်နေဟန်ထားများဖြင့် နေရာမှာပင် အေးခဲနေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် လွန်ကဲသော ထိတ်လန့်မှု၊ နားမလည်နိုင်သော ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုချိတ်ဆွဲလျက် သူတို့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသည့် လူငယ်လေးကိုသာ စိုက်ကြည့်နေကြလေသည်။

​ကျန်းယဲ့က သူ၏ ခရီးသွားအဖွဲ့ကို ဦးဆောင်ကာ အေးခဲနေသော စစ်မြေပြင်၏ အလယ်ဗဟိုသို့ အေးအေးလူလူ လျှောက်လှမ်းလာလိုက်သည်။

ထို့နောက် ထိတ်လန့်နေသော အမူအရာများဖြင့် ရုပ်တုများကို ဝေ့ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အန္တရာယ်ကင်းမဲ့သည့် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားဆဲပင်။

​"တာအိုရောင်းရင်းတို့... မစိုးရိမ်ကြပါနဲ့... နည်းနည်းလောက် အေးအေးဆေးဆေး နေကြပါ..."

​သူ၏ အသံက အကျဉ်းချခံထားရသူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားခဲ့သည်။

​"ကျွန်တော့်မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး... ဒီနေ့ ဒီကိုလာရတာက အားလုံးနဲ့ စီးပွားရေး လုပ်ချင်လို့ပါ... ကျွန်တော်တို့ အရောင်းအဝယ် လုပ်ပြီးသွားရင် ခင်ဗျားတို့ ဆက်ပြီး အသေအကြေ တိုက်ချင်ရင်တောင် ကျွန်တော် ဝင်မစွက်ဖက်ပါဘူး..."

​ဤစကားများက ဝမ့်ကျန့်ရှင်းနှင့် သူ၏အဖော်သုံးဦး ပြီးတော့ ရေနက်စံအိမ်မှ ရှန်းရှစ်ချင်းနှင့် သူမ၏ အမျိုးသမီးကျင့်ကြံသူသုံးဦးတို့ကလွဲ၍ အခြားကျင့်ကြံသူများအတွက်တော့ လုံးဝကို ရယ်စရာဟာသတစ်ခုလို ဖြစ်နေချေသည်။

​ချီးကို မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ဟုတ်လား....

​ငါတို့အားလုံးကို ဒီမှာ နမူနာပြထားတဲ့ ပစ္စည်းတွေလို အေးခဲထားတာကိုတောင် အန္တရာယ်ကင်းတယ်လို့ ခေါ်သေးတာလားကွ...

​စီးပွားရေး လုပ်မယ်....

​ဒါက မင်းရဲ့ စီးပွားရေးလုပ်တဲ့ ပုံစံလား....

​သူတို့က ရင်ထဲတွင် အော်ဟစ်ဆဲရေးနေကြသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာနိုင်ချေ။ သူတို့၏ ကြီးမားလှသော ဒေါသနှင့် ကြောက်ရွံ့မှုများကို သူတို့၏ မျက်လုံးများမှတစ်ဆင့်သာ ဖော်ပြနိုင်ကြတော့သည်။

​ကျန်းယဲ့က သူတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဂရုမစိုက်ချေ။

​သူက လက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ ဝှေ့ယမ်းလိုက်၏။

​ခဏအတွင်းမှာပင် ကွင်းပြင်တစ်ခု၌ အလင်းတန်းများ လင်းလက်သွားပြီး ထူထပ်သော ဝိညာဉ်ချီစွမ်းအင်များနှင့် အရောင်အသွေးစုံလင်သော အလင်းရောင်များ ထုတ်လွှတ်နေသည့် ဝိညာဉ်ဆေးပင်များ၊ ရှားပါးသတ္တုရိုင်းများနှင့် မိစ္ဆာအမြုတေ အနည်းငယ်တို့က အပုံလိုက် ထွက်ပေါ်လာခဲ့သည်။

​ကျန်းယဲ့၏ ညွှန်ကြားမှုကိုပင် စောင့်နေစရာမလိုဘဲ နဂါးပြာ၊ လင်းဝမ်၊ ကျီပေါ်ချန်နှင့် အခြားသူများက ချက်ချင်း လှုပ်ရှားလိုက်ကြ၏။

​သူတို့က သင့်တော်မည့် နေရာတစ်ခုစီကို အသံတိတ် ရှာဖွေလိုက်ကြပြီး စိတ်ဆန္ဒအရ ကျောပိုးအိတ်များထဲမှ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့ ခက်ခက်ခဲခဲ စုဆောင်းထားခဲ့သော ရိတ်သိမ်းမှု အမျိုးမျိုးကို ထုတ်ယူလိုက်ကြသည်။

​အချိန်တိုအတွင်းမှာပင် ဆိုင်ခန်းငယ်ငါးဆယ်က ဤဖရိုဖရဲဖြစ်နေသော စစ်မြေပြင်တွင် အလျင်အမြန် ခင်းကျင်းပြီးသား ဖြစ်သွားချေသည်။

​ဆိုင်ခန်းတစ်ခုစီတွင် ဝိညာဉ်ဆေးပင်များနှင့် သတ္တုရိုင်းမျိုးစုံကို အနည်းနှင့်အများ ဆိုသလို ခင်းကျင်းပြသထားကြသည်။

အရည်အသွေးက အကောင်းဆုံးအဆင့် မဟုတ်နိုင်သော်လည်း အရေအတွက် များပြားမှု၊ အမျိုးအစား စုံလင်မှုနှင့် ဝိညာဉ်ဆေးပင်များ၏ တောက်ပသော အရောင်အသွေးများက လူတိုင်း၏ မျက်စိကို ကျိန်းသွားစေလောက်သည်။

​ဆိုင်ရှင်ငါးဆယ်က အေးခဲနေသော ဖောက်သည်များကို မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများဖြင့် ကြည့်နေကြရာ ဤနေရာက အသေအကြေ တိုက်ခိုက်နေသည့် စစ်မြေပြင်တစ်ခုမဟုတ်ဘဲ စည်ကားသိုက်မြိုက်နေသော နတ်ဘုရားလောကမှ စျေးတန်းတစ်ခုအလားပင်။

​အတင်းအဓမ္မ ရပ်တန့်ခံထားရပြီး လှုပ်ရှား၍မရဖြစ်နေသော ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် မိစ္ဆာသားရဲနှစ်ကောင်မှာ သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့် ဤယုတ္တိမတန်သော မြင်ကွင်းကြီးကိုသာ ကြည့်နေနိုင်ကြတော့သည်။

အခန်း ၃၄၆ပြီး၏။

All Chapters