အခန်း ၃၄၇
Vol. 35 Ch. 347
အခန်း (၃၄၇) အဆင့်နိမ့် ဆေးလုံးများကို ဝယ်ယူခြင်း
ကျန်းယဲ့၏ စိတ်အလိုအရ နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသော မျက်စိဖြင့်မမြင်နိုင်သည့် အချုပ်အနှောင်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြန်သည်။
သူတို့၏ ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ပြန်လည်စီးဆင်းလာသည်နှင့်အမျှ တောင့်တင်းနေသော ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများက လွတ်လပ်ခွင့်ကို ပြန်လည်ရရှိသွားကြသည်။
သို့သော် သူတို့တစ်ဦးချင်းစီ၏ မျက်နှာပေါ်တွင် အကြောက်တရားများ စွဲထင်နေဆဲဖြစ်ပြီး မျက်ဝန်းများထဲတွင် မတည်ငြိမ်သော ခံစားချက်များဖြင့် ပြည့်နှက်နေကာ အပြန်အလှန် စိုးရိမ်ပူပန်မှုများနှင့် တွက်ချက်မှုများဖြင့် အကဲခတ်ကြည့်ရှုနေကြ၏။
ကျန်းယဲ့နှင့် သူ၏အဖွဲ့ ပေါ်လာပြီးနောက် သူတို့၏ ခန့်မှန်း၍မရနိုင်သော စွမ်းရည်များကို ပြသလိုက်ချိန်တွင် ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးက အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်သွားကြရသည်။
ဤအချိန်တွင် အကြီးမားဆုံးသော ခြိမ်းခြောက်မှုက တံခါးစောင့်နေသည့် သေလုမျောပါး မိစ္ဆာသားရဲနှစ်ကောင် မဟုတ်တော့ဘဲ သူတို့ရှေ့ရှိ လူအုပ်ကြီးပင်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်ရရှိသွားသည့် အချိန်လေးမှာပင် ဖန်ထျန်တောင်ကြားမှ ဟွမ်လွေ့ကျဲက သူ၏ ဂိုဏ်းတူအစ်ကိုများနှင့် အခြားဂိုဏ်းများမှ ဂိုဏ်းတူအစ်ကိုကြီးများနှင့် လျှို့ဝှက်နည်းလမ်းတစ်ခုမှတစ်ဆင့် လျှို့ဝှက်စွာ သဘောတူညီချက်တစ်ခုကို ရယူလိုက်၏။
ဤအကြီးမားဆုံး အပြောင်းအလဲကြီးကို ဖြေရှင်းရန် အားလုံး ပူးပေါင်းရမည်...
ထိုသို့မဟုတ်ပါက မည်သူမျှ အင်မော်တယ်စံအိမ်၏ အခွင့်အရေးကြီးကို စိတ်အေးလက်အေး ရယူနိုင်လိမ့်မည် မဟုတ်ချေ။
ယခုအချိန်တွင် ဂိုဏ်းခုနစ်ဂိုဏ်း၏ စုစုပေါင်းအင်အားက ရန်သူထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။ အကောင်းဆုံးဗျူဟာမှာ ဤအကြီးမားဆုံး အဟန့်အတားကြီးကို ဖယ်ရှားပစ်ရန် ယာယီ ပူးပေါင်းလိုက်ခြင်းပင်။ ထို့နောက် ဂိုဏ်းခုနစ်ဂိုဏ်း၏ အင်အား မျှတသွားသည့်အခါမှ ရတနာအတွက် ကိုယ့်အရည်အချင်းနှင့်ကိုယ် ယှဉ်ပြိုင်ကြမည် ဖြစ်၏။
ဤအချိန်လေးတွင် ဂိုဏ်းခုနစ်ဂိုဏ်းက သူတို့၏ ဘုံရန်သူအတွက် စည်းလုံးညီညွတ်ခြင်းဟူသော ယခင်က တစ်ကြိမ်မျှ မရှိခဲ့ဖူးသည့် အသံတိတ် နားလည်မှုတစ်ခုကို ရရှိသွားကြသည်။
ဟွမ်လွေ့ကျဲ၏ မျက်ဝန်းများထဲတွင် ကြမ်းကြုတ်သော အရောင်အဝါတစ်ခု လက်ဖြာသွားပြီး ရုတ်တရက် အော်ဟစ်လိုက်၏။ "တိုက်...."
ခဏအတွင်းမှာပင် ဟွမ်လွေ့ကျဲနှင့် ဂိုဏ်းခုနစ်ဂိုဏ်းမှ အထက်တန်းစား တပည့်တစ်ရာကျော်က သူတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်းနီးပါး ပစ်လွှတ်လိုက်ကြ၏။
ဓားအလင်းတန်းများ၊ မှော်စွမ်းရည်များ၊ အဆောင်လက်ဖွဲ့များနှင့် အစီရင်ပြားမှ အလင်းတန်းများက..... ကျန်းယဲ့နှင့် သူ၏အဖွဲ့ဆီသို့ မုန်တိုင်းတစ်ခုကဲ့သို့ ရွာသွန်းဖြိုင်ကျလာတော့သည်။
ရေနက်စံအိမ်မှ ရှန်းရှစ်ချင်းနှင့် သူမ၏ အဖော်နှစ်ဦးသာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဝင်ရောက်မတိုက်ခိုက်ခဲ့ချေ။ အစီရင်ထောင်ချီဂိုဏ်းမှ ဝမ့်ကျန့်ရှင်းနှင့် သူ၏အဖွဲ့ကတော့ ဤအခြေအနေကို ယခင်ကတည်းက ကြုံတွေ့ခဲ့ဖူးသဖြင့် အန္တရာယ်ကို ကောင်းကောင်းကြီး သိနေခဲ့ကြသည်။
ထို့ကြောင့် သူတို့က တိုက်ခိုက်ချင်သော စိတ်ဆန္ဒကို ဖိနှိပ်ထားလိုက်ပြီး မသိစိတ်အရ ခြေတစ်ဝက်ခန့် နောက်ဆုတ်သွားကြသည်။
သို့သော် ဤပြင်းထန်လှသော တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်ပြီးနောက် ဒုတိယစက္ကန့်လေးမှာပင် ...
ဝိညာဉ်စွမ်းအင်များ ခဲအေးသွားသည့် ရင်းနှီးနေသော ထိုစိတ်ပျက်အားငယ်ဖွယ် ခံစားချက်ကြီးက လှုပ်ရှားလိုက်သည့် ကျင့်ကြံသူတိုင်းအပေါ်သို့ တိတိကျကျ ကျဆင်းလာပြန်သည်။
တိုက်ခိုက်မှုအားလုံးက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီး လှုပ်ရှားမှုအားလုံးလည်း ထပ်မံ၍ အေးခဲသွားပြန်၏။
ကျန်းယဲ့က အမှားမှ သင်ခန်းစာမယူတတ်သော ဤကျင့်ကြံသူအုပ်စုကို စကားမပြောနိုင်လောက်အောင် စိုက်ကြည့်နေမိပြီးနောက် သက်ပြင်းချလိုက်သည်။ "ငါတို့က စီးပွားရေးလာလုပ်တာပါလို့ ပြောထားသားပဲ... ဘာလို့ စကားနားမထောင်ကြတာလဲ..."
နဂါးပြာက ဘေးတွင် လက်ပိုက်ရပ်နေရင်း အေးစက်စွာ ပြောလိုက်၏။ "အဲ့ဒါက မင်း အရမ်း နူးညံ့လွန်းလို့ ဖြစ်မယ်... အမြဲတမ်း စကားပြောရလွယ်တဲ့ပုံ ပေါက်နေတော့ သူတို့ကို အနိုင်ကျင့်ရလွယ်တယ်ဆိုတဲ့ အထင်မှားမှုတွေ ပေးမိနေတာလေ..."
ကျန်းယဲ့က သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ နူးညံ့သော အပြုံးက တဖြည်းဖြည်း မှေးမှိန်သွားကာ အေးစက်ပြီး ဂရုမစိုက်သော အမူအရာဖြင့် အစားထိုးဝင်ရောက်လာလေသည်။ "အဲ့ဒီလိုဆိုမှတော့....."
သူ၏ အကြည့်များက ပထမဆုံး စတင်တိုက်ခိုက်ခဲ့သော ဟွမ်လွေ့ကျဲဆီသို့ တိတိကျကျ ရောက်ရှိသွားခဲ့သည်။ သူ၏ အသံက တည်ငြိမ်ပြီး ပြောင်းလဲမှုမရှိသော်လည်း ကြက်သီးထဖွယ်ကောင်းသော ပြတ်သားမှုများ ပါဝင်နေချေသည်။
"ဒါဆို မင်းကိုပဲ နမူနာပြရတာပေါ့..."
နောက်တစ်စက္ကန့်တွင်တော့ ဟွမ်လွေ့ကျဲက သူကိုယ်တိုင် လေထဲသို့ ထပ်မံမြောက်တက်သွားသည်ကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရ၏။
ခုခံ၍မရနိုင်သော... ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခုက အရပ်မျက်နှာ အသီးသီးမှ ဖိနှိပ်လာလေသည်။
"အွတ်.... "
သူက နာကျင်မှုကြောင့် အသံတိတ် ညည်းတွားသံတစ်ခုကိုသာ ထုတ်ဖော်နိုင်တော့သည်။
လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဟွမ်လွေ့ကျဲ၏ ခန္ဓာကိုယ်က မျက်စိဖြင့်မမြင်နိုင်သော ဧရာမလက်ကြီးတစ်ခုမှ ကိုင်ဆုပ်ထားသည့် ကစားစရာအရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားရသည်။
ထို့နောက် သူ၏ အရိုးများက သွားကြိတ်သံများကဲ့သို့ တကျွတ်ကျွတ် မြည်ကာ ကျိုးကြေသွားပြီး အရေပြားနှင့် ကြွက်သားများကလည်း ပြင်းထန်လှသော ဖိအားအောက်တွင် လိမ်ကောက်ပြီး ပုံပျက်ပန်းပျက် ဖြစ်လာခဲ့သည်.....
သူ၏ ခန္ဓာကိုယ်က အတိုင်းအတာတစ်ခုအထိ အကန့်အသတ်သို့ ရောက်ရှိသွားသောအခါ...
"ဘုန်း..... "
ကျယ်လောင်မှုမရှိသော်လည်း အလွန်တရာ ဆန်းကြယ်လှသည့် တုံးတိတိပေါက်ကွဲသံတစ်ခုအပြီးတွင် ဟွမ်လွေ့ကျဲက လေထဲတွင်ပင် ပေါက်ကွဲထွက်သွားချေသည်။
၎င်းက ထူထပ်သော သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်မျောပြန့်ကျဲသွားကာ အကောင်းပကတိ အပိုင်းအစလေး တစ်ခုမျှပင် မကျန်ရစ်ခဲ့တော့ချေ။
တစ်ခဏအတွင်းမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းပင်။
ခန္ဓာရော ဝိညာဉ်ပါ လုံးဝ ပျောက်ကွယ်သွား၏။
တောင်ကြားတစ်ခုလုံးက သေမင်းတမန် တိတ်ဆိတ်မှုကြီးထဲသို့ ကျဆင်းသွားပြန်လေသည်။
ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးမှာ သူတို့၏ နှလုံးသားများကို အေးစက်လှသော လက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး အပြင်းအထန် တုန်လှုပ်သွားကြ၏။
လွှမ်းမိုးနေသော အကြောက်တရားက သူတို့၏ ခေါင်းပေါ်သို့ ရေခဲရေများ လောင်းချလိုက်သကဲ့သို့ ဖြစ်သွားကာ သူတို့၏ မျှော်လင့်ချက်များနှင့် ခုခံလိုသော အတွေးများအားလုံးကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်သည်။
ကျန်းယဲ့၏ အကြည့်က ထိုနေရာတွင်ရှိနေသော ဖြူလျော့နေသည့် ကျင့်ကြံသူတစ်ဦးချင်းစီအပေါ်သို့ တည်ငြိမ်စွာ ဖြတ်သန်းသွားပြီး သူ၏ အသံက အလောတကြီး မရှိလှပေ။ "ကဲ... အခု ငါတို့နဲ့ သေချာ စီးပွားရေး လုပ်လို့ရပြီလား..."
သူက ခေတ္တမျှ ရပ်နားလိုက်ပြီး ထပ်ပြောလိုက်၏။ "မလုပ်ချင်ဘူး ဆိုရင်လည်း... ဆက်လုပ်ကြတာပေါ့..."
သူ၏ နှုတ်ခမ်းဖျားမှ အေးစက်ပြီး ပြတ်သားလှသော သတ်ဆိုသည့် စကားလုံးတစ်ခု တိုးညင်းစွာ ထွက်ပေါ်လာခဲ့ပြန်သည်။
ဤစကားလုံးက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေပြီး ရေခဲဂူထဲသို့ ကျဆင်းသွားရသကဲ့သို့ ခံစားလိုက်ရစေသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် သွေးရောင်များ ဆုတ်ယုတ်သွားပြီး ကျန်းယဲ့အား ကြည့်နေသည့် သူတို့၏ မျက်ဝန်းများထဲတွင် နဂိုဗီဇအတိုင်းရှိနေသော အကြောက်တရားများဖြင့် ပြည့်နှက်သွားရသည်။
ရေနက်စံအိမ်မှ ရှန်းရှစ်ချင်းက ပထမဆုံး တုံ့ပြန်လိုက်ပြီး ချက်ချင်း အော်ဟစ်လိုက်၏။ "ကျွန်မတို့ သဘောတူပါတယ်... ကျွန်မတို့ ရေနက်စံအိမ်က တာအိုရောင်းရင်းကျန်းနဲ့ စီးပွားရေးလုပ်ဖို့ သဘောတူပါတယ်..."
ဟွမ်လွေ့ကျဲ၏ သွေးများနှင့် အသားစများ ပေကျံနေပြီး ထိတ်လန့်နေသော စုန့်ယွီကလည်း သတိပြန်ဝင်လာကာ အလျင်အမြန် အော်ဟစ်လိုက်၏။ "ကျွန်တော် သဘောတူပါတယ်... ဖန်ထျန်တောင်ကြားက အားလုံးနဲ့ စီးပွားရေးလုပ်ဖို့ ဝမ်းမြောက်ဝမ်းသာပါပဲ..."
"လင်ရှောင်ဓားဂိုဏ်းက သဘောတူပါတယ်.."
"မုရှီးတောင်ကြားကလည်း သဘောတူပါတယ်.."
"မြင့်မြတ်ဓားဂိုဏ်းက သဘောတူပါတယ်.."
"လင်ရှကျောင်းတော်ကလည်း သဘောတူပါတယ်..."
သူတို့က တစ်ယောက်ပြီးတစ်ယောက် အလုအယက် ထောက်ခံလိုက်ကြပြီး တစ်လှမ်းနောက်ကျသွားပါက ဟွမ်လွေ့ကျဲ၏ လမ်းစဉ်အတိုင်း လိုက်သွားရမည်ကို ကြောက်ရွံ့နေကြ၏။
ကျန်းယဲ့၏ မျက်နှာပေါ်တွင် အန္တရာယ်ကင်းမဲ့သည့် နူးညံ့သော အပြုံးတစ်ခု ပြန်လည်ပေါ်လာပြီး ယခုလေးတင် လူသတ်ခဲ့သူတစ်ယောက် မဟုတ်သည့်အလား ပြောလိုက်ချေသည်။ "အဲ့ဒီလိုမှပေါ့... ကျွန်တော်က အကျိုးအကြောင်းဆီလျော်တဲ့ လူတစ်ယောက်ပါ... စီးပွားရေးလုပ်တဲ့နေရာမှာ အပြန်အလှန် သဘောတူညီမှုကို အမြဲယုံကြည်ပြီး သူများတွေကို အတင်းအကျပ် စီးပွားရေးလုပ်ခိုင်းတာမျိုး ဘယ်တော့မှ မလုပ်ပါဘူး..."
သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်၏။ "ဒါဆို... ဒီမှာရှိနေတဲ့ တာအိုရောင်းရင်းတွေထဲမှာ..... ကျွန်တော်တို့နဲ့ စီးပွားရေး မလုပ်ချင်တဲ့သူများ ရှိသေးလား..."
(NT- တရားမျှတမှုရဲ့ ဖခင်ကြီး အကိုကျန်း...)
ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာပေါ်ရှိ အတင်းအဓမ္မ ဖန်တီးထားသော အပြုံးများက မဲ့ရွဲ့နေသည်နှင့် ပိုတူနေပြီး သူတို့အားလုံးက တစ်သံတည်း ထွက်ပေါ်လာကြသည်။ "ကျွန်တော်တို့ သဘောတူပါတယ်... အားလုံး သဘောတူပါတယ်..."
သူတို့က မလုပ်ချင်ဘူးလို့ ဘယ်လိုလုပ် ပြောရဲပါမည်နည်း။
ဟွမ်လွေ့ကျဲက သက်ရှိထင်ရှား နမူနာကြီးပဲလေ....
လခွမ်း... ဘယ်သူက ငြင်းရဲမှာလဲ...
မည်သူမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်သောအခါ ကျန်းယဲ့၏ အပြုံးက ပို၍ပင် ကြင်နာတတ်သောပုံပေါက်လာခဲ့သည်။ သူက အချုပ်အနှောင်များကို ဖြေလျှော့ပေးလိုက်ပြီး ဖော်ရွေစွာ သတိပေးလိုက်၏။ "အရမ်းကောင်းတယ်... အခု ခင်ဗျားတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ပြန်လည်အသုံးပြုလို့ ရပါပြီ... ဒါပေမဲ့ အရောင်းအဝယ်လုပ်တဲ့အခါ..... ရိုးရိုးသားသားပဲ အရောင်းအဝယ်လုပ်ဖို့ အားလုံးကို သတိပေးချင်ပါတယ်... အပြင်ပန်းက သဘောတူဟန်ဆောင်ပြီး အတွင်းစိတ်က မကျေမနပ်ဖြစ်နေတာမျိုး... တခြား မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားတာမျိုး မလုပ်ပါနဲ့... မဟုတ်ရင် အကျိုးဆက်က အရမ်းဆိုးရွားသွားလိမ့်မယ်... ကျွန်တော့်ကို ယုံပါ... အဲ့ဒါက သေရတာထက် ပိုဆိုးလိမ့်မယ်..."
ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် တစ်ခဏမျှ တိတ်ဆိတ်သွားကြပြီး ဝိညာဉ်စွမ်းအင်များ ပြန်လည်စီးဆင်းလာသည်ကို ခံစားရသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားရဲကြတော့ချေ။
ကျန်းယဲ့က သူတို့၏ လိမ္မာပါးနပ်မှုကို ကျေနပ်သွားပြီး နောက်ဆုံးတွင် လိုရင်းကို ရောက်လာခဲ့သည်။
သူက မေးလိုက်၏။ "ဒီမှာရှိတဲ့လူတွေထဲမှာ... သာမန်လူတွေ သောက်သုံးဖို့ ပေးထားတဲ့ ချို့ယွင်းချက်ရှိ ဆေးလုံးတွေ ပါတဲ့သူရှိလား..."
ထို့နောက် သူက ကျင့်ကြံသူအားလုံး၏ ရင်ကို တဒိတ်ဒိတ်ခုန်သွားစေမည့် မြှူဆွယ်မှုတစ်ခုကို ကမ်းလှမ်းလိုက်ချေသည်။ "တကယ်လို့ ပါလာပြီး အရောင်းအဝယ်လုပ်ချင်တဲ့သူ ရှိတယ်ဆိုရင်... သူ့ကို အင်မော်တယ်စံအိမ်ထဲ အရင်ဆုံး ဝင်ခွင့်ပေးမယ်..."
ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင်ရှိနေသော ကျင့်ကြံသူအားလုံး၏ မျက်ဝန်းများက အံ့မခန်း အလင်းရောင်များဖြင့် ချက်ချင်း တောက်ပသွားကြရသည်။
ဝိညာဉ်သန္ဓေအဆင့် အင်မော်တယ်စံအိမ်ထဲကို အရင်ဆုံး ဝင်ခွင့်ရမယ်တဲ့လား...
ဆိုလိုသည်မှာ အရင်ဆုံး ဝင်ရောက်ခွင့်ရခြင်းဖြင့် အကြီးမားဆုံး အခွင့်အရေးကို ရရှိနိုင်မည့် အလားအလာက အလွန်တရာ မြင့်တက်သွားမည် ဖြစ်၏။
ကျန်းယဲ့တွင် မည်သူ အရင်ဝင်ရမည်ကို ဆုံးဖြတ်နိုင်စွမ်းရှိသည်ကို မည်သူမျှ သံသယမဝင်ကြတော့ချေ။
သူက နေရာတစ်ခုလုံးကို အေးခဲထားနိုင်ပြီး ဟွမ်လွေ့ကျဲကို မျက်စိတစ်မှိတ်အတွင်း သတ်ပစ်နိုင်သည်ဆိုတော့ အခြားသူများကို တားဆီးကာ သတ်မှတ်ထားသော လူတစ်ဦးကို အရင်ဝင်ခွင့်ပေးနိုင်သည့် စွမ်းရည်ရှိနေသည်မှာ သဘာဝပင်။
ဝမ့်ကျွင်းကျဲက မနေနိုင်ဘဲ မေးလိုက်၏။ "တာအိုရောင်းရင်းကျန်း... ချို့ယွင်းချက်မရှိတဲ့ ဆေးလုံးတွေ သုံးရင်ရော လက်မခံဘူးလား... ကျွန်တော်တို့ဆီမှာ အရည်အသွေးမြင့် ဆေးလုံးတွေ အများကြီး ရှိပါတယ်..."
ကျန်းယဲ့က ခေါင်းခါလိုက်ပြီး သူ၏ လေသံက ပြတ်သားနေခဲ့သည်။ "မရဘူး... ကျွန်တော်က ချို့ယွင်းချက်ရှိတဲ့ ဆေးလုံးတွေကိုပဲ လိုချင်တာ... ဘယ်အမျိုးအစား... ဘယ်လို အာနိသင်မျိုးပဲဖြစ်ဖြစ် ကိစ္စမရှိဘူး... အရည်အသွေးမြင့်တဲ့ ဆေးလုံးတွေကိုတော့ ကျွန်တော် မလိုအပ်ဘူး..."
သူ၏ တောင်းဆိုမှုက ကျင့်ကြံသူများကို စိတ်အားထက်သန်မှုနှင့်အတူ နားမလည်နိုင်သော ရှုပ်ထွေးမှုများကိုပါ ဖြစ်ပေါ်စေခဲ့လေသည်။
အခန်း ၃၄၇ပြီး၏။