← Chapters

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း (၃၄၉) အပြည့်အဝ ရိတ်သိမ်းပြီး အောင်ပွဲခံပြန်လာခြင်း

​ရွှီဝမ်က သူမ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်ပြီး မရေမတွက်နိုင်သော မနာလို အားကျနေသည့် အကြည့်များအောက်တွင် မလှုပ်မယှက် ရပ်နေသော မိစ္ဆာသားရဲနှစ်ကောင်ကြားမှ သတိထားကာ အလျင်အမြန် ဖြတ်သန်းသွားလိုက်သည်။

အလင်းတစ်ချက် လက်သွားပြီးနောက် သူမက ရေကန်နက်ကြီးထဲသို့ ခုန်ဝင်သွားကာ မျက်စိအောက်မှ ပျောက်ကွယ်သွားတော့သည်။

​ထို့နောက် ဒုတိယမြောက်လူ၊ တတိယမြောက်လူ... အရောင်းအဝယ် ပြီးမြောက်သွားသော ကျင့်ကြံသူအားလုံးက မိစ္ဆာသားရဲများ၏ ကာကွယ်ရေးမျဉ်းကို အလွယ်တကူ ဖြတ်သန်းသွားကြပြီး ရေကန်အောက်ခြေရှိ ဆန်းကြယ်လှသော အင်မော်တယ်စံအိမ်ထဲသို့ ဝင်ရောက်သွားကြလေသည်။

​အရောင်းအဝယ်လုပ်စရာ ဘာမှမရှိသူများ သို့မဟုတ် သူတို့၏ အရောင်းအဝယ်လုပ်မည့် ပစ္စည်းများက ဝင်ခွင့်လက်မှတ် နှင့် လဲလှယ်ရန် တန်ဖိုးမလုံလောက်သူများမှာ အခြားသူများ ဝင်သွားသည်ကိုကြည့်ကာ အလွန်တရာ စိုးရိမ်ပူပန်နေကြသော်လည်း ဘာမျှမတတ်နိုင်ကြချေ။

​ကျန်းယဲ့က မကျေမနပ်ဖြစ်နေကြသော ကျင့်ကြံသူအုပ်စုကို ကြည့်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်၏။ "ဘာလဲ... ခင်ဗျားတို့လည်း ဝင်ချင်ကြလို့လား..."

​"ဝင်ချင်တာပေါ့... သေချာပေါက် ဝင်ချင်တာပေါ့"

​ကျန်ရစ်နေသူများက ကျန်းယဲ့အား မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေကြ၏။

​"ကျွန်တော် အခွင့်အရေး မပေးဘူးလို့တော့ မပြောနဲ့နော်" ကျန်းယဲ့က ကျွန်တော်က အရမ်းတရားမျှတပါတယ်ဆိုသည့်ဟန်ဖြင့် ပြောလိုက်လေသည်။ "ဒီလိုလုပ်... တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင်ပေးရင် ဝင်ခွင့်ပြုမယ်..."

​"ဝိညာဉ်ကျောက်တုံး ငါးထောင်..." ကျန်ရစ်နေသော ကျင့်ကြံသူများက အလန့်တကြား အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်နှာများမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားကြရသည်။

​ဒါက သူတို့ကို ဂုတ်သွေးစုပ်နေတာပဲ မဟုတ်ဘူးလားဟ..

​သို့သော် အခြေအနေအရ မတတ်နိုင်ကြချေ။

​ဟွမ်လွေ့ကျဲ၏ ကြေကွဲဖွယ် သေဆုံးမှုကြီးကို ကြည့်လိုက် ထို့နောက် အောက်ခြေမမြင်ရသည့် ထိုရေကန်ကြီးကို ကြည့်လိုက်နှင့်...

​နောက်ဆုံးတွင်တော့ လူအများစုက အံကြိတ်ကာ သူတို့၏ ဝိညာဉ်ကျောက်တုံးများကို နာခံစွာ ထုတ်ပေးလိုက်ကြရသည်။

​မူလက လက်လျှော့ပြီး ထွက်သွားရန် ရည်ရွယ်ထားသူ အနည်းငယ်ကပင် ကျန်းယဲ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဝိညာဉ်ကျောက်တုံး ငါးထောင်ကို အသက်ကယ်ခအဖြစ် သဘောထားကာ မချိတင်ကဲ ပေးလိုက်ကြရတော့သည်။

​သူတို့ ပေးချေပြီးနောက် ကျန်းယဲ့က စဉ်းစားဆင်ခြင်စွာဖြင့်ပြောလိုက်၏။ "ကောင်းပြီ... အခု ခင်ဗျားတို့ ဒီမှာ ခဏနားလို့ရပြီ... နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးသွားရင်တော့ ဝင်သွားလို့ရပါပြီ..."

​"ဘာလို့ စောင့်နေရဦးမှာလဲ..." တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်လေသည်။

​ကျန်းယဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။ "ဒါက စောစော ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးအမြတ်ကို ကာကွယ်ပေးတာလေ.. မဟုတ်ရင် သူတို့က ကျွန်တော်နဲ့ အရောင်းအဝယ်လုပ်ဖို့ ဘာလို့ တန်ဖိုးကြီးကြီး ပေးရမှာလဲ... သူတို့ပေးလိုက်ရတဲ့ တန်ဖိုးတိုင်းက ထိုက်တန်တယ်လို့ ခံစားရမှာပေါ့..."

​ကျင့်ကြံသူများ : "......"

​မင်းပြောတာက လုံးဝကို အဓိပ္ပာယ်ရှိနေတော့ ငါတို့ ဘာပြောရမှန်းတောင် မသိတော့ဘူးဟေ့.....

​ကျင့်ကြံသူအားလုံး တစ်ယောက်ပြီးတစ်ယောက် အင်မော်တယ်စံအိမ်ထဲသို့ ဝင်ရောက်သွားကြပြီးနောက် တောင်ကြားကြီးက နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ချေပြီ။ အပြင်၌ ဖိနှိပ်ခံထားရသော မိစ္ဆာသားရဲနှစ်ကောင်နှင့် ကျန်းယဲ့၏ အဖွဲ့သာ ကျန်ရစ်တော့သည်။

​ဗလာကျင်းနေသော တောင်ကြားကို ကြည့်ကာ လင်းဝမ်က မနေနိုင်ဘဲ ပြုံးလိုက်ပြီး ကျန်းယဲ့အား မေးလိုက်၏။ "ဒါရိုက်တာကျန်း... သူတို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တာကို ဘာလို့ သူတို့ရဲ့ သိုလှောင်အိတ်တွေ အားလုံးကို အတင်းအကျပ် မတောင်းလိုက်တာလဲ... ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ခုခံနိုင်မှာမှ မဟုတ်တာ... အဲ့ဒီလိုဆိုရင် ကျွန်တော်တို့ ပိုက်ဆံပိုရနိုင်တယ် မဟုတ်ဘူးလား..."

​ထိုစကားကို ကြားသောအခါ ကျန်းယဲ့က လင်းဝမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မင်းက ဘယ်လိုလုပ် ဒီလိုအတွေးမျိုး တွေးနိုင်ရတာလဲဟု ဆိုလိုသည့်ဟန်ဖြင့် အံ့ဩသွားသော အမူအရာကို ပြသလိုက်သည်။

ထို့နောက် ချောင်းတစ်ချက် ဟန့်လိုက်ပြီး အရာအားလုံးမှ ကင်းလွတ်နေသူတစ်ဦး၏ အမူအရာကို ဖန်တီးကာ ဖြောင့်မတ်မှန်ကန်စွာ ပြောလိုက်၏။ "ကျွန်တော်က ခရီးသွားလမ်းညွှန် တစ်ယောက်ပါ... ခင်ဗျားတို့ကို ဒီကမ္ဘာမှာ လည်ပတ်ဖို့နဲ့ ဗဟုသုတရဖို့ ခေါ်လာတာလေ... ဓားပြတွေမှ မဟုတ်တာ... ကျွန်တော်တို့က လုယက်တာတွေ... ဓားပြတိုက်တာတွေ မလုပ်ဘူး..."

​သူ၏ စကားများကို ကြားသောအခါ ခရီးသွားများမှာ မနေနိုင်ဘဲ မျက်လုံးလှန်လိုက်ကြပြီး ရင်ထဲတွင် တိတ်တဆိတ် ကဲ့ရဲ့လိုက်ကြသည်။

​ချီး.. အရှက်မရှိလိုက်တာ..

​ဝမ်ဟွာချမ်းက ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ဒါရိုက်တာကျန်းက ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရွေးချယ်လိုက်တာလေ... သူတို့ကို အသက်ရှင်လျက် ပြန်လွှတ်ပေးပြီး သက်ရှိကြော်ငြာတွေအဖြစ် သုံးလိုက်ရင် နောက်တစ်ခါ ငါတို့ပြန်လာတဲ့အခါ အရောင်းအဝယ်လုပ်ဖို့ ပိုလွယ်သွားမှာပေါ့..."

​စကားတစ်ခွန်းက အိပ်မက်ထဲမှ လန့်နိုးသွားစေသကဲ့သို့ပင်။

​အစက နားမလည်နိုင်ဖြစ်နေသူများမှာ ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာများ ဖြစ်သွားကြရသည်။

​လင်းချင်းက ရယ်မောလိုက်ပြီး နောက်ပြောင်လိုက်၏။ "အော်... အဲ့လိုကိုး... ဒါရိုက်တာကျန်းက တကယ်ကို သဘောထားပြည့်ဝတဲ့ လူပဲ... နောက်မှ ဝင်လာမယ့် ခရီးသွားတွေအတွက် လမ်းခင်းပေးနေတာပဲ..."

​ကျန်းယဲ့ စကားမပြောနိုင်ခင်မှာပင် ရှုံးရှောင်ရှီက ဝင်ပြောလိုက်ပြန်သည်။ "နောက်လာမယ့် ခရီးသွားတွေအတွက် လမ်းခင်းပေးရုံတင် ဘယ်ကမလဲဟ... ငါတို့ ကမ္ဘာပေါ်က လူသားအားလုံးရဲ့ အကျိုးစီးပွားအတွက် လမ်းခင်းပေးနေတာပါကွ..."

​သူတို့၏ မှတ်ချက်များကြောင့် ကျန်းယဲ့မှာ ရယ်ချင်သလိုလို၊ စိတ်ပျက်သလိုလို ဖြစ်သွားရသည်။ သူက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ မြှောက်ပင့်မှုများကို ဖြတ်ပြောလိုက်၏။ "ကဲပါ ကဲပါ... ပစ္စည်းတွေ သိမ်းပြီး ပြန်ဖို့ ပြင်ကြရအောင်..."

​လူတိုင်းက အပြည့်အဝ ရိတ်သိမ်းနိုင်ခဲ့ကြသဖြင့် သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှု၊ ကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေကြပြီး သူတို့၏ တိုက်ပွဲဝင် ရိတ်သိမ်းမှုများကို ပြန်လည်ရေတွက်ရန် အိမ်ပြန်ချင်စိတ်များ စောနေကြပြီ ဖြစ်၏။

​အပြန်ခရီးစဉ် စတင်သည်နှင့် နူးညံ့ပြီး ဖြူစင်လှသော အလင်းတန်းငါးဆယ်က တစ်ပြိုင်နက်တည်း ကျဆင်းလာကာ ခရီးသွားတစ်ဦးချင်းစီကို တိကျစွာ လွှမ်းခြုံသွားချေသည်။

​နောက်တစ်စက္ကန့်တွင်တော့ အလင်းဖြူတစ်ချက် လက်သွားပြီး ၎င်းအထဲရှိ ပုံရိပ်ငါးဆယ်ကပါ တောင်ကြားထဲမှ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားကြသည်။

​အချိန်အတော်ကြာ ဖိနှိပ်ခံထားရသော ရွှေအမြုတေအဆင့် မိစ္ဆာသားရဲနှစ်ကောင်မှာ သူတို့ရှေ့မှ ဆန်းကြယ်လှသော မြင်ကွင်းကြီးကို ကြောင်အစွာ ကြည့်နေခဲ့ကြသည်။

​ထိုကြောက်မက်ဖွယ်ကောင်းသော ခြေနှစ်ချောင်း သတ္တဝါတွေက လေထဲမှာတင် အငွေ့ပျံသွားတာလား...

​သူတို့ကို ဖိနှိပ်ထားသော ထိုကြောက်မက်ဖွယ် စွမ်းအားကြီးလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

​တစ်ချိန်တည်းမှာပင်... မှောင်မိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော အချိန်နှင့် ဟင်းလင်းပြင် ဥမင်လှိုဏ်ခေါင်းထဲတွင် ငွေရောင် ခရီးသွားဘတ်စ်ကားကြီးက ချောမွေ့စွာ မောင်းနှင်နေလေသည်။

​ကားအတွင်းပိုင်းတွင် အလင်းဖြူငါးဆယ်က တစ်ခုပြီးတစ်ခု လင်းလက်လာပြီး လူတိုင်းက ကိုယ်ပိုင်ထိုင်ခုံများပေါ်တွင် အသီးသီး ပြန်လည်ပေါ်လာကြသည်။

​"ငါ ပြန်ရောက်ပြီဟေ့.."

​"ငါ နောက်ဆုံးတော့ ပြန်ရောက်လာပြီ.."

​"ဟားဟား... ငါ့ရဲ့ ဆေးလုံးလေး.."

​ကားအတွင်းပိုင်းတွင် အောင်ပွဲခံ အော်ဟစ်သံများ၊ ဝမ်းသာအားရ အာမေဍိတ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

​ကျန်းယဲ့က ကားရှေ့ခန်းတွင် ရပ်ကာ အားလုံးကို ပြုံး၍ လက်ပြလိုက်၏။ "အားလုံးပဲ... ရွှမ်ဝူတိုက်ကြီးက ခုနစ်ရက်တာ ကျင့်ကြံခြင်းခရီးစဉ်ကြီးကတော့ ပြီးပြည့်စုံစွာနဲ့ အဆုံးသတ်သွားပါပြီ... နောက်တစ်ခေါက်မှ ပြန်တွေ့ကြတာပေါ့.."

​သူ စကားပြောပြီးသည်နှင့် အလင်းဖြူလေးဆယ့်ကိုးခုက ထပ်မံလင်းလက်လာပြီး ကျေနပ်နေကြသော ခရီးသွားများကို လွှမ်းခြုံသွားကာ ကားထဲမှ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။

(NT-လေးဆယ့်ကိုးခုက ဘာလို့ဆို တစ်ယောက်သေသွားလ်ု့ပါ)

​နောက်ဆုံးတွင်တော့ ကျန်းယဲ့၏ ခြေဖဝါးအောက်မှ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ညင်သာစွာ ဖုံးလွှမ်းသွားခဲ့သည်။

​နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းများက ပြန်လည်ဆုတ်ခွာသွားပြီး ကျန်းယဲ့သည်လည်း အလင်းတန်းများနှင့်အတူ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

​ကျန်းယဲ့က ဆိုဖာပေါ်တွင် မှီချလိုက်ပြီး ငါးမိနစ်ပင် မပြည့်သေးချေ။ ရေတစ်ငုံပင် မသောက်ရသေးခင်မှာ အောက်ထပ်မှ လူခေါ်ဘဲလ်သံ မြည်လာခဲ့သည်။

​သူက မတတ်နိုင်စွာ သက်ပြင်းချလိုက်ပြီး စိတ်လျှော့ကာ ထ၍ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

​တံခါးကို ဖွင့်လိုက်သည်နှင့် တံခါးစောင့်နတ်မင်းနှစ်ပါးဖြစ်သော လင်ရှောင်နှင့် ချန်ချင်းတို့က အပြင်ဘက်တွင် ရပ်နေကြသည်။

​"ခင်ဗျားတို့နှစ်ယောက်က ချောင်ချောင်တွေလားဗျ... ပြောလိုက်တာနဲ့ ချက်ချင်း ရောက်လာတော့တာပဲ" ကျန်းယဲ့က နှစ်ယောက်ကို အထဲဝင်ခွင့်ပေးရန် ဘေးသို့ဖယ်ပေးရင်း နောက်ပြောင်လိုက်၏။

(NT- တရုတ်စကားပုံတစ်ခုပါ... ချောင်ချောင်အကြောင်းပြောရင် ချောင်ချောင်ရောက်လာတယ်ဆိုတဲ့ စကားပုံကို ရည်ညွှန်းထားတာပါ...)

​လင်ရှောင်နှင့် ချန်ချင်းက အိမ်အကြောင်း ကောင်းကောင်း သိနေသူများပမာ ကျန်းယဲ့နောက်မှ လိုက်ကာ အပေါ်ထပ်သို့ တက်လာကြပြီး ကော်ဖီစားပွဲဘေးရှိ ဆိုဖာပေါ်တွင် အလိုက်သင့် ထိုင်လိုက်ကြသည်။

​ကျန်းယဲ့က သူတို့အတွက် ရေတစ်ခွက်စီ ငှဲ့ပေးလိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်၏။ "ခင်ဗျားတို့ ကျွန်တော့်အိမ်ပြင်မှာ အချိန်ပြည့် စောင့်နေကြတာတော့ မဟုတ်ပါဘူးနော်..."

​သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

​"ဒီတစ်ခေါက် ခင်ဗျားတို့ရဲ့ အထူးညှိနှိုင်းရေးဗျူရိုက လုကျောက်ဆိုတဲ့ တစ်ယောက်က ပစ္စည်းကောင်းတွေ အတော်များများ ပြန်သယ်လာနိုင်ခဲ့တယ်..." ကျန်းယဲ့က ပြောလိုက်၏။

​လင်ရှောင်က ပြုံးပြီး ပြန်ပြောလေသည်။ "သူသယ်လာတာက ဒါရိုက်တာကျန်းဆီမှာ ရှိတာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး... ခင်ဗျား ချန်ထားခဲ့တဲ့ အစအနလေးတွေကတောင် သူရလာတဲ့ ပစ္စည်းတွေအားလုံးထက် ပိုတန်ဖိုးရှိနေပါသေးတယ်..."

​ကျန်းယဲ့က သဘောတူခြင်း၊ မတူခြင်း မပြဘဲ ပြုံးလိုက်ပြီး ထိုကိစ္စအား ဆက်မပြောတော့ချေ။

​သူ၏ စိတ်အလိုအရ သိုလှောင်နယ်မြေထဲမှ ကျောက်စိမ်းပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး ကော်ဖီစားပွဲပေါ်သို့ တင်လိုက်၏။

​"ဒါက အဆိပ်ဖြေဆေးလုံးပဲ..." ကျန်းယဲ့၏ အမူအရာက အလေးအနက် ဖြစ်သွားခဲ့သည်။ "စမ်းသပ်မှုမှာ ပါဝင်ဖို့ ဆန္ဒရှိတဲ့ ကင်ဆာရောဂါ နောက်ဆုံးအဆင့် လူနာတစ်ယောက်ကို ချက်ချင်းရှာပြီး ဒီဆေးလုံးရဲ့ အာနိသင်ကို စမ်းသပ်ကြည့်ဖို့ လိုတယ်..."

​လင်ရှောင်နှင့် ချန်ချင်းက ကျန်းယဲ့၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကြရသည်။

​အကယ်၍ ကျင့်ကြံခြင်းလောက၏ အဆိပ်ဖြေဆေးလုံးသာ ခေတ်သစ်ကင်ဆာရောဂါများကို ကုသနိုင်စွမ်းရှိမည်ဆိုပါက ကျန်းယဲ့ကိုယ်တိုင် ခံစားနေရသော ကင်ဆာရောဂါသည်လည်း အလိုအလျောက် ပျောက်ကွယ်သွားမည်ပင်။

​"နားလည်ပါပြီ..." ချန်ချင်းက ချက်ချင်းပင် လေးလေးနက်နက် ကတိပေးလိုက်၏။ "သက်ဆိုင်ရာ ဌာနတွေကို ချက်ချင်း ဆက်သွယ်ပြီး သင့်တော်မယ့် စေတနာ့ဝန်ထမ်းတွေကို အမြန်ဆုံး ရှာဖွေပေးပါ့မယ်..."

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီးနောက် ဆေးလုံးအမျိုးအစား နှစ်ဆယ်ထဲမှ တစ်မျိုးလျှင် ဆေးလုံးနှစ်လုံးစီကို ထုတ်ယူလိုက်ပြန်သည်။ ထို့နောက် စာရွက်ငယ်တစ်ခုပေါ်တွင် ဆေးလုံးတစ်မျိုးချင်းစီ၏ အမည်နှင့် ယေဘုယျ အာနိသင်များကို ရေးသားကာ သူတို့နှစ်ဦးရှေ့သို့ ထိုးပေးလိုက်သည်။

​"ဒါတွေက ကျွန်တော့်နိုင်ငံအတွက် ပြန်လည်ပေးဆပ်မှုပါ..." ကျန်းယဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ "ဒီဆေးတွေကို ယူသွားပြီး သိပ္ပံပညာရှင်တွေကို သေချာ လေ့လာခိုင်းလိုက်ပါ... မကြာခင်မှာ ရလဒ်တွေ ထွက်ပေါ်လာပြီး ပြည်သူတွေအတွက် အကျိုးရှိလာမယ်လို့ မျှော်လင့်ပါတယ်..."

​စားပွဲပေါ်ရှိ မတူညီသော ဆေးရနံ့များ သင်းပျံ့နေသည့် ဒါဇင်နှင့်ချီသော ဆေးလုံးများကို ကြည့်ကာ လင်ရှောင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မနေနိုင်ဘဲ အာမေဍိတ်သံ ထွက်သွားရသည်။ "ကျန်းယဲ့ရေ... မင်းရဲ့ နားလည်သဘောပေါက်မှု အဆင့်အတန်းက တကယ်ကို အံ့မခန်းပဲကွာ.."

​သူက လက်မထောင်ပြလိုက်၏။

​ကျန်းယဲ့က သူ၏ မြှောက်ပင့်မှုကို ဖြတ်တောက်ရန် လက်ယမ်းလိုက်၏။ "တော်... အဲ့ဒါတွေ လုပ်မနေနဲ့... ကျန်တဲ့ကိစ္စတွေကတော့ ခင်ဗျားတို့လူတွေနဲ့ ခရီးသွားတွေအချင်းချင်း ကိုယ့်ဘာသာ ရှင်းကြတော့... ကျွန်တော် ဝင်မစွက်ဖက်တော့ဘူး..."

​လင်ရှောင်နှင့် ချန်ချင်းက ဆေးလုံးများအားလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး သေချာပေါက် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ကတိပေးပြီးနောက် အလျင်အမြန် ထွက်ခွာသွားကြလေတော့သည်။

အခန်း ၃၄၉ပြီး၏။

All Chapters