← Chapters

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း (၃၅၀) အဆိပ်ဖြေခြင်း

​ကျန်းယဲ့အိမ်မှ ထွက်ခွာလာပြီးနောက် လင်ရှောင်က သူ၏ အမြင့်ဆုံးလုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ အထက်လူကြီးများနှင့် သက်ဆိုင်ရာဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့အစည်းများထံ ချက်ချင်း ဆက်သွယ်လိုက်သည်။

​တစ်နာရီအတွင်းမှာပင် ဤထိပ်တန်းလျှို့ဝှက် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွင် ပါဝင်ရန် ဆန္ဒရှိပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော နောက်ဆုံးအဆင့် ကင်ဆာလူနာတစ်ဦးကို မြို့ပြဗဟိုဆေးရုံကြီး၌ ရှာတွေ့ခဲ့သည်။

​မြို့ပြဗဟိုဆေးရုံကြီး၏ အထူးစောင့်ကြပ်ကုသဆောင်တစ်ခုအတွင်း.....

​အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော်လည်း ရောဂါဝေဒနာ၏ နှိပ်စက်မှုကြောင့် အားနည်းချည့်နဲ့နေသော လူငယ်တစ်ဦးက လူနာကုတင်ပေါ်တွင် လဲလျောင်းနေ၏။

​သူ၏ ကုတင်ဘေးတွင် မျက်နှာထားတည်ကြည်နေသော ကျွမ်းကျင်သူများနှင့် ပါမောက္ခများ၊ အဖြူရောင်ကုတ်အင်္ကျီဝတ် သုတေသီများနှင့် အထူးညှိနှိုင်းရေးဗျူရိုမှ ဝန်ထမ်းများက ဝန်းရံထားကြသည်။

​လူငယ်လေးက လင်ရှောင်၏ လက်ထဲရှိ ထူးခြားသော ရနံ့များ သင်းပျံ့နေသည့် ဆေးလုံးကို ကြည့်ကာ သေချာစေရန် အတတ်နိုင်ဆုံး အားယူ၍ ထပ်မံအတည်ပြုလိုက်၏။ "ဒါ... ဒါက ဒါရိုက်တာကျန်း ဟိုကျင့်ကြံခြင်းကမ္ဘာကနေ ပြန်သယ်လာတဲ့ နတ်ဆေးလုံးဆိုတာ တကယ်လား..."

​လင်ရှောင်က လေးနက်စွာ ခေါင်းညိတ်လိုက်၏။ "တကယ်ပါပဲ..."

​ချန်ချင်းက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။ "မင်းကို ကြိုပြောထားရမယ့် ကိစ္စတစ်ခု ရှိတယ်... ဒါကို သောက်ပြီးရင် ဖြစ်လာမယ့် ရလဒ်အတွက် ငါတို့ အာမမခံနိုင်ဘူး... မင်းကို ကုသပေးနိုင်ပြီး ရောဂါဝေဒနာအားလုံး ပျောက်ကင်းသွားနိုင်သလို... အကြောင်းရင်းမသိတဲ့ ဆိုးရွားတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာနိုင်တယ်.... ဒါမှမဟုတ် ချက်ချင်းတောင် သေသွားနိုင်တယ်... မင်း အခုချိန် နောက်ဆုတ်ချင်သေးရင် ရသေးတယ်နော်..."

​ထိုစကားကို ကြားသောအခါ လူငယ်လေးက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားသည့် အရောင်အဝါတစ်ခု လက်ဖြာသွားသည်။

​သူ၏ ရောဂါအခြေအနေက သေဒဏ်ချမှတ်ခံထားရပြီးသားပင်။ အနှေးနှင့် အမြန်သာ ရှိလေသည်။

​"ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲဟာ... ကျွန်တော့်ကို ပေးပါ..."

​ထို့နောက် သူက တုန်ယင်နေသော လက်များဖြင့် ဆေးလုံးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။

​ဆေးလုံးက ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားကာ အေးမြသော အရည်တစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး သူ၏ လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားလေသည်။

​မကြာမီမှာပင် ဝမ်းဗိုက်ထဲမှ နွေးထွေးသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး ခြေလက်များနှင့် အရိုးများဆီသို့ လျင်မြန်စွာ စီးဆင်းသွားခဲ့သည်။

​လူငယ်လေးမှာ ရေပူစမ်းထဲတွင် စိမ်နေရသကဲ့သို့ ခံစားလိုက်ရပြီး ယခင်က တစ်ခါမျှ မကြုံဖူးသော သက်တောင့်သက်သာရှိမှုကြောင့် မနေနိုင်ဘဲ ညည်းတွားသံတစ်ခု ထွက်ပေါ်သွားရသည်။

​လူနာကုတင်ပေါ်ရှိ စက်ကိရိယာအမျိုးမျိုးက တတီတီ မြည်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသေးအမွှား ပြောင်းလဲမှုများကိုပါ မှတ်တမ်းတင်နေချိန်တွင် လူနာခန်းထဲရှိ လူတိုင်းက အသက်အောင့်ကာ သူ့ကိုသာ စူးစိုက်ကြည့်နေကြ၏။

​ဆံပင်ဖြူများ အပြည့်ရှိသော အသက်အရွယ်ကြီးရင့်သည့် ကျွမ်းကျင်သူတစ်ဦးက တိုးညင်းစွာ မေးလိုက်၏။ "အခု ဘယ်လိုခံစားရလဲ..."

​လူငယ်လေးက ထိုနွေးထွေးသော စီးဆင်းမှုကို ခံစားရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ "အရမ်းကောင်းတယ်... အရင်က ဒီလိုမျိုး တစ်ခါမှ မခံစားဖူးဘူး..."

​သို့သော် သူ စကားပြောလို့ပင် မဆုံးသေးခင်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာချေသည်။

​လူငယ်လေးက နာကျင်စွာ ညည်းတွားလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တက်လာတော့သည်။

​သူက အလွန်အမင်း နာကျင်လွန်းသဖြင့် ခန္ဓာကိုယ်က ဘောလုံးတစ်လုံးကဲ့သို့ ကွေးကောက်သွားကာ နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး သွားများကို ကြိတ်ထားရင်းမှ နာကျင်စွာ ဟိန်းဟောက်ညည်းတွားလိုက်၏။

​"အား....."

​ဤရုတ်တရက် ဆိုးရွားလာသော အပြောင်းအလဲကြောင့် လူနာခန်းထဲရှိ လူတိုင်းမှာ အစွန်အဖျားသို့ ရောက်သွားသကဲ့သို့ အလွန်တရာ စိုးရိမ်ထိတ်လန့်သွားကြရသည်။

​သို့သော် မည်သူကမျှ ရှေ့ထွက်၍ ဝင်မစွက်ဖက်ကြချေ။ သူတို့က အခြေအနေကိုသာ စောင့်ကြည့်နေပြီး အချက်အလက်များကို ပို၍ပင် အာရုံစိုက်ကာ မှတ်တမ်းတင်နေခဲ့ကြသည်။

​အရိုးကွဲမတတ် နာကျင်မှုကြီးက တစ်ဆယ့်ငါးမိနစ်တိတိ ကြာမြင့်ခဲ့၏။

​လူတိုင်းက ဝင်ရောက်စွက်ဖက်ရန် ပြင်ဆင်လိုက်ချိန်တွင် လူငယ်လေး၏ ခန္ဓာကိုယ်တက်နေမှုက နောက်ဆုံးတွင် စတင်လျော့ကျလာပြီး ရင်တုန်ဖွယ်ကောင်းလှသော နာကျင်စွာ အော်ဟစ်သံများကလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။

​ထိုအခါမှသာ သူ၏ အရေပြားပေါ်မှနေ၍ အလွန်နံစော်သော အမည်းရောင် အရည်ပျစ်ပျစ်များ ဆက်တိုက် စိမ့်ထွက်နေသည်ကို လူတိုင်း သတိထားမိလိုက်ကြ၏။

​နာကျင်မှု၏ နောက်ဆုံးအရိပ်အယောင် လုံးဝပျောက်ကွယ်သွားချိန်တွင် လူငယ်လေးက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။

​သူ၏ မျက်ဝန်းများက ပင်ပန်းနွမ်းနယ်နေသော်လည်း ပုံမှန်မဟုတ်ဘဲ အလွန်တရာ ကြည်လင်နေခဲ့သည်။

​သူက သူ့ပတ်လည်ရှိ တင်းမာနေသော လူအုပ်ကြီးကို ကြည့်ကာ အားနည်းသော်လည်း ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ "နာကျင်တာတွေ... ပြီးသွားပြီ... အခုတော့... ပေါင်ရာနဲ့ချီလေးတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဖယ်ချလိုက်ရသလိုပဲ... အရမ်းကို ပေါ့ပါးသွားပြီ..."

​ကင်ဆာရောဂါ ကျွမ်းကျင်သူများက လူငယ်လေးအား အလုံးစုံဆေးစစ်မှု ပြုလုပ်ရန် ချက်ချင်း စီစဉ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော အမည်းရောင်အရည်များ အားလုံးကို နောက်ထပ် သုတေသနများ ပြုလုပ်ရန် ဂရုတစိုက် သိမ်းဆည်းချိတ်ပိတ်လိုက်ကြလေသည်။

​ရလဒ်ကို စောင့်ဆိုင်းရသည့် အချိန်က ထူးထူးခြားခြား ကြာမြင့်နေသကဲ့သို့ ခံစားရ၏။

​ညနေခင်းရောက်ချိန်တွင်တော့ စစ်ဆေးမှုရလဒ် အစီရင်ခံစာများ အားလုံး အဆင်သင့် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

​ဆံပင်ဖြူနှင့် ကျွမ်းကျင်သူအဖိုးအိုက အစီရင်ခံစာ အထပ်လိုက်ကြီးကို ကိုင်ထားရင်း သူ၏ လက်များက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှား ဝမ်းသာမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ အသံမှာပင် ပြောင်းလဲနေခဲ့၏။

​"အံ့ဖွယ်ပါပဲ... ဒါက တကယ့်ကို အံ့ဖွယ်ပဲ... သူ ပျောက်သွားပြီ.... ကင်ဆာဆဲလ်တွေ အားလုံး ပျောက်ကွယ်သွားပြီကွ... ကင်ဆာပျောက်သွားရုံတင် မကဘူး... သူအရင်က ခံစားနေရတဲ့ အသည်းအဆီဖုံးတာတွေ... အစာအိမ်ရောင်တာတွေလို အသေးအမွှား ရောဂါတွေအားလုံးလည်း ပျောက်သွားပြီ... အခုဆိုရင် သူ့ရဲ့ ကျန်းမာရေး ညွှန်းကိန်းတွေက ကျန်းမာတဲ့လူတစ်ယောက်ထက်တောင် ပိုကောင်းနေသေးတယ်..."

​ဤရလဒ်က လူနာခန်းတစ်ခုလုံးနှင့် သုတေသနအဖွဲ့တစ်ခုလုံးကို ရူးသွပ်လုမတတ် ဝမ်းသာပျော်ရွှင်သွားစေခဲ့သည်။

​လင်ရှောင်က သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်ပြီး ဤကမ္ဘာတုန်လောက်သော အစီရင်ခံစာကို အစိုးရ၏ အမြင့်ဆုံးအဆင့်များထံသို့ ချက်ချင်း တင်ပြလိုက်၏။

​တစ်ချိန်တည်းမှာပင် ချန်ချင်းက ကျန်းယဲ့၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

​အိပ်ပျော်လုနီးပါး ဖြစ်နေသော ကျန်းယဲ့က ချန်ချင်းထံမှ ဖုန်းလက်ခံရရှိလိုက်၏။

​ဖုန်းချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် ချန်ချင်း၏ အသံက ထွက်ပေါ်လာပြီး ခက်ခဲစွာ ဖိနှိပ်ထားရသော စိတ်လှုပ်ရှားမှုများကြောင့် တုန်ယင်နေခဲ့သည်။

​"ကျန်းယဲ့... အောင်မြင်ပြီ.. အောင်မြင်သွားပြီကွ... ရွှမ်ဝူတိုက်ကြီးကနေ မင်းပြန်သယ်လာတဲ့ ဆေးလုံးက... တကယ်ကို အစွမ်းထက်တယ်... အဲ့ဒီ နောက်ဆုံးအဆင့် ကင်ဆာနဲ့ စေတနာ့ဝန်ထမ်းက ပျောက်သွားပြီဗျ... လုံးဝကို အရှင်းပျောက်သွားတာ...."

​မျှော်လင့်ထားပြီးသားဖြစ်သော ဤရလဒ်ကို ကြားသောအခါ ကျန်းယဲ့၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားကာ ပြုံးလိုက်သော်လည်း သူက တစ်ဖက်လူလောက်တော့ စိတ်မလှုပ်ရှားမိချေ။

​အခြားသူများကို အရင်စမ်းသပ်ခိုင်းရသည့် အကြောင်းရင်းမှာ သူ၏ ပုံမှန် သတိထားတတ်မှုနှင့် သေရမည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့်သာ.....

(NT- စိတ်ဓာတ်ပဲ...)

​ဘာပဲဖြစ်ဖြစ် အခြားကမ္ဘာမှ ပစ္စည်းများနှင့် ပတ်သက်လာလျှင် ဘယ်လောက်ပဲ သတိထားထား လွန်သည်ဟု မရှိချေ။

​ကြည့်ရတာ အခြေအနေ ကောင်းမွန်ပုံရသည်။

​ဒါဆို... ငါ့အလှည့်ရောက်ပြီပေါ့။

​ကျန်းယဲ့က သင်းပျံ့သော ရနံ့များ ထုတ်လွှတ်နေသည့် အဆိပ်ဖြေဆေးလုံးတစ်လုံးကို ကျောက်စိမ်းပုလင်းထဲမှ ထုတ်ယူလိုက်ပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

​ထို့နောက် ဆေးလုံးက ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး အေးမြသော အရည်များက လည်ချောင်းထဲသို့ စီးဆင်းသွား၏။

​မကြာမီမှာပင် ထိုလူငယ်လေး ခံစားခဲ့ရသည့် အလားတူ ခံစားချက်မျိုး ပေါ်ပေါက်လာလေသည်။

​နွေးထွေးသော ခံစားချက်တစ်ခုက ဝမ်းဗိုက်ထဲမှ ပြန့်နှံ့လာပြီး ခြေလက်များနှင့် အရိုးများဆီသို့ စီးဆင်းသွားကာ ဖော်ပြ၍မရနိုင်သော သက်တောင့်သက်သာရှိမှု တစ်မျိုးကို ယူဆောင်လာခဲ့သည်။ ၎င်းက ဆဲလ်တစ်ခုစီတိုင်းကို အာဟာရဖြည့်တင်းပေးပြီး သန့်စင်ပေးနေသကဲ့သို့ပင်။

​သို့သော် ထိုသက်တောင့်သက်သာရှိမှုက ကြာရှည်မခံခဲ့ချေ။

​မိနစ်အနည်းငယ် ကြာပြီးနောက် ရင်းနှီးနေသော အရိုးကွဲမတတ် နာကျင်မှုကြီးက ရုတ်တရက် ဝင်ရောက်လာပြန်သည်။

​ကျန်းယဲ့က ညည်းတွားလိုက်ပြီး သူ၏ နဖူးပေါ်တွင် ချွေးစေးများ ချက်ချင်း ထွက်ပေါ်လာရသည်။ သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်၍မရအောင် ကွေးကောက်သွားကာ ကြွက်သားများက တက်လာပြီး အရိုးများကပင် ညည်းတွားနေသကဲ့သို့ ဖြစ်လာခဲ့၏။

​စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်ငြားလည်း အရိုးထဲထိ စိမ့်ဝင်ပြီး ဝိညာဉ်ကို ဆွဲဖြဲနေသည့်အလား နာကျင်မှုက ခံစားရန် ခက်ခဲလွန်းလှချေသည်။

​သူက သွားကို ကြိတ်ကာ ဆေး၏ ကြောက်မက်ဖွယ် ကောင်းလှသော သက်ရောက်မှုကို သည်းခံလိုက်သည်။

​တစ်ဆယ့်ငါးမိနစ်က ထာဝရကာလတစ်ခုလောက် ရှည်ကြာနေသကဲ့သို့ ခံစားရ၏။

​အရိုးကွဲမတတ် နာကျင်မှု၏ နောက်ဆုံးလှိုင်းလုံးက ဒီရေကဲ့သို့ ဆုတ်ခွာသွားချိန်တွင် ကျန်းယဲ့က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။ သူက ရေထဲမှ ဆွဲထုတ်ခံလိုက်ရသည့်အလား ချွေးများဖြင့် ရွှဲရွှဲစိုနေပြီး သူ၏ အရေပြားပေါ်မှ စိမ့်ထွက်လာကာ အလွန်နံစော်နေသည့် အမည်းရောင် အရည်ပျစ်ပျစ် အလွှာထူကြီးကိုတော့ ပြောစရာပင် မလိုတော့ချေ။

​သူက ပင်ပန်းနွမ်းနယ်နေသော်လည်း အချိန်မရွေး ပြိုလဲသွားတော့မည့်အလား ခံစားနေရသော သူ၏ ခန္ဓာကိုယ်တွင်းရှိ ကာလကြာရှည် အမြစ်တွယ်နေသည့် လေးလံမှုနှင့် ဖုံးကွယ်နေသော နာကျင်မှုများက အရိပ်အယောင်ပင် မကျန်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။

၎င်းနေရာတွင် ယခင်က တစ်ခါမျှ မကြုံဖူးသော ပေါ့ပါးမှုနှင့် ကြည်လင်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေသည်။

​သူက မတ်တတ်ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ညစ်ပတ်နေသော အရာများကို တစ်ချက်ကြည့်ကာ ရေချိုးခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

​ထို့နောက် ရေနွေးနွေးလေးဖြင့် သေချာချိုးလိုက်ပြီးနောက် အညစ်အကြေးများနှင့် ပင်ပန်းနွမ်းနယ်မှုများ အားလုံးကို ဆေးကြောပစ်လိုက်၏။

​အဝတ်အစားသန့်သန့် လဲလှယ်ပြီးနောက် ကျန်းယဲ့က မှန်ရှေ့တွင် ရပ်ကာ သူ၏ ပုံရိပ်ကို ပြန်ကြည့်လိုက်လေသည်။ တောက်ပနေသော မျက်ဝန်းများ၊ ပန်းရောင်သန်းနေသော အသားအရေနှင့် လုံးဝကို ပြောင်းလဲသွားသော ရုပ်ရည်သွင်ပြင်တို့ကြောင့် မနေနိုင်ဘဲ ပြုံးလိုက်မိ၏။

​"ဒီခံစားချက်က... တကယ်ကို ကောင်းတာပဲ..."

​ဘေးကင်းစိတ်ချရစေရန် နောက်တစ်နေ့မနက်တွင် ဆေးရုံသို့သွား၍ ခန္ဓာကိုယ် အလုံးစုံဆေးစစ်မှု ခံယူရန် သူ ဆုံးဖြတ်လိုက်သည်။

​ထို့နောက်တွင်တော့ ကာလကြာရှည် ပျောက်ဆုံးနေခဲ့သော ပေါ့ပါးမှုနှင့် ပျော်ရွှင်မှုတို့နှင့်အတူ ကျန်းယဲ့ တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေတော့သည်။

အခန်း ၃၅၀ပြီး၏။

All Chapters