အခန်း ၃၅၁
Vol. 36 Ch. 351
အခန်း (၃၅၁) ပြန်လည်ကျန်းမာလာခြင်း
နောက်တစ်နေ့မနက်တွင် ကျန်းယဲ့က သူ၏ နိုင်ငံသားကတ်ကိုယူကာ နေအိမ်နှင့် အနီးဆုံးဖြစ်သည့် ထိပ်တန်းအဆင့် ဆေးရုံကြီးသို့ သွားရောက်လိုက်သည်။
ပြင်ပလူနာဆောင် ဧည့်ခန်းမထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိလျင်သော လူငယ်တစ်ဦးက သူ့ကို ချက်ချင်း မှတ်မိသွားလေသည်။
"ကျန်း... ဒါရိုက်တာကျန်း... ခင်ဗျားက ကျန်းယဲ့လား... ဒါရိုက်တာကျန်းလား..." လူငယ်က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး သူ၏ အသံက တုန်ယင်နေခဲ့သည်။
ကျန်းယဲ့က ပြုံးပြီး ခေါင်းညိတ်ကာ ဝန်ခံလိုက်၏။ "ကျွန်တော်ပါပဲ..."
"အား...တကယ်ကြီး ဒါရိုက်တာကျန်းပဲဟေ့.."
လူငယ်က ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားချေသည်။
၎င်းက ဆူပွက်နေသော ဆီအိုးထဲသို့ ရေပေါက်များ ကျသွားသကဲ့သို့ပင်။ ပြင်ပလူနာဆောင် ဧည့်ခန်းမ တစ်ခုလုံး ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။
"ဒါရိုက်တာကျန်း... ဒါရိုက်တာကျန်းဟေ့.."
"ဘုရားရေ.... အရှင်လတ်လတ်ကြီးကို တွေ့လိုက်ရပြီဟ"
"ဒါရိုက်တာကျန်း... ကျွန်တော်နဲ့ ဓာတ်ပုံတွဲရိုက်လို့ရမလား..."
"ဒါရိုက်တာကျန်း... နောက်တစ်ခေါက် ခရီးစဉ်အတွက် ကျွန်တော့်ကို နေရာတစ်နေရာလောက် ကြိုပေးထားပါလား..."
လူအုပ်ကြီးက ချက်ချင်းပင် ဝိုင်းအုံလာကြပြီး ဓာတ်ပုံရိုက်သူက ရိုက်၊ တွဲရိုက်ချင်သူက ရိုက်နှင့် တောင်းဆိုမှုမျိုးစုံ ပြုလုပ်နေကြရာ ထိုနေရာတစ်ဝိုက်မှာ ခဏတာမျှ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရသည်။
ကျန်းယဲ့ စကားပြောလိုက်ချိန်တွင် သူ၏ အသံက မကျယ်လောင်သော်လည်း ထိုနေရာရှိ လူတိုင်းက ရှင်းလင်းစွာ ကြားလိုက်ကြရသည်။
"အားလုံးပဲ... ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ.... ကျွန်တော် ဒီနေ့ ဆေးစစ်ဖို့ လာတာပါ... ပြီးသွားလို့ အချိန်ရရင် ထပ်ပြောကြတာပေါ့..."
သူ၏ အသံက မှော်ဆန်သော စွမ်းအားတစ်ခု ရှိနေသကဲ့သို့ စိတ်လှုပ်ရှားနေသော လူအုပ်ကြီးမှာ ချက်ချင်း ငြိမ်ကျသွားကြသည်။ သူတို့က စိတ်လှုပ်ရှားနေဆဲဖြစ်သော်လည်း သူ့အတွက် လမ်းကို သတိထားကာ ဖယ်ပေးလိုက်ကြ၏။
သူ့ကို ဘယ်သူကများ အပြစ်လုပ်ရဲမှာလဲ...
သူက အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်ပြီး အစွမ်းထက်လှတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ ကျန်းယဲ့လေ.....
လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုနှင့် သိချင်စိတ်ပြင်းပြနေသော အကြည့်များအောက်တွင် ကျန်းယဲ့က ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်၏။
အနောက်မှ လူများ အချင်းချင်း ပြောဆိုနေကြသံများကို သူ ကြားနေရဆဲပင်။
"ဒါရိုက်တာကျန်းက အရမ်းဆိုးရွားတဲ့ ရောဂါကြီးတစ်ခု ခံစားနေရတယ်လို့ ကြားတယ်..."
"ဟိုကျင့်ကြံခြင်းကမ္ဘာကနေ ပြန်သယ်လာတဲ့ နတ်ဆေးလုံးကို သောက်ပြီး သူ့ရဲ့ အာနိသင်ကို လာစစ်ဆေးတာများလား..."
"သေချာတာပေါ့.... မဟုတ်ရင် သူက ဘာလို့ ဆေးရုံကို ရုတ်တရက် ရောက်လာမှာလဲ..."
"စောင့်ကြည့်ကြတာပေါ့.... ငါတို့ ရလဒ်ကို သေချာပေါက် စောင့်ကြည့်ရမယ်..."
ကျန်းယဲ့ အပေါ်ထပ်သို့ တက်သွားပြီး မကြာမီမှာပင် ဆေးရုံ၏ အုပ်ချုပ်သူအဖွဲ့က စတင်လှုပ်ရှားလာကြသည်။
ဆေးရုံအုပ်ကြီး..... ဒု-ဆေးရုံအုပ်များနှင့် ဌာနမှူးများ... အဖြူရောင်ကုတ်အင်္ကျီဝတ် လူတစ်အုပ်ကြီးက အပြေးအလွှား ရောက်လာပြီး ကျန်းယဲ့ကို ချက်ချင်း ဝန်းရံလိုက်ကြ၏။
ဆေးရုံအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် မိမိကိုယ်ကို မိတ်ဆက်ပြီးနောက် နွေးထွေးစွာ နှုတ်ဆက်ကာ ကျန်းယဲ့အနေဖြင့် နိုင်ငံနှင့် ပြည်သူလူထုအတွက် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများ ပြုလုပ်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်စကားများ ပြောကြားလိုက်သည်။
ကျန်းယဲ့က ဆေးရုံအုပ်ကြီးနှင့် ယဉ်ကျေးစွာ စကားအနည်းငယ် ပြန်လည်ပြောဆိုပြီးနောက် သူလာရောက်ရသည့် အကြောင်းရင်းကို ရှင်းပြလိုက်၏။
"ဆေးရုံအုပ်ကြီး... ကျွန်တော် ဒီနေ့လာတာ ခန္ဓာကိုယ် အလုံးစုံ ဆေးစစ်မှု ခံယူဖို့ပါ..."
"ပြဿနာမရှိပါဘူး..လုံးဝ ပြဿနာမရှိပါဘူး..." ဆေးရုံအုပ်ကြီးက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ လက်အောက်ငယ်သားများဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်လေသည်။ "ချက်ချင်း စီစဉ်လိုက်.... ဆေးစစ်မယ့် အရာအားလုံးကို မစ္စတာကျန်းအတွက် ဦးစားပေး စီစဉ်ပေးရမယ်.."
"ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်ကြီး..." ကျန်းယဲ့က ကျေးဇူးတင်စကား ဆိုလေသည်။
ဆေးရုံအုပ်ကြီးက အလျင်အမြန် လက်ကာပြလိုက်၏။ "မစ္စတာကျန်း... ခင်ဗျားက အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ... ခင်ဗျားက ကျွန်တော်တို့အတွက် အခြားကမ္ဘာတွေကို သွားရောက်စူးစမ်းပြီး အကျိုးအမြတ်တွေ ရဖို့ အကြိမ်ကြိမ် အသက်စွန့်ခဲ့တာလေ... ခင်ဗျားရဲ့ စွမ်းဆောင်မှုတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ လုပ်ပေးတာက ဘာမှမဟုတ်ပါဘူး... တကယ်ကို ဘာမှမဟုတ်တာပါ..."
ဆေးစစ်နေစဉ်အတွင်း ကျန်းယဲ့အနားတွင် ကိုယ်တိုင်လိုက်ပါစောင့်ရှောက်ရန်ပင် ဆေးရုံအုပ်ကြီးက တောင်းဆိုခဲ့လေသည်။
ကျန်းယဲ့ကလည်း မငြင်းဆန်နိုင်တော့သဖြင့် အလိုက်သင့်ပင် လက်ခံလိုက်ရသည်။
ဤသို့ဖြင့် ဆေးရုံအတွင်း၌ ရှားပါးလှသော မြင်ကွင်းကြီးတစ်ခု ပေါ်ပေါက်လာချေသည်။
ဆေးရုံအုပ်ကြီးက ကျန်းယဲ့ကို ကိုယ်တိုင်ဦးဆောင်ခေါ်သွားပြီး သူတို့နောက်တွင် ဌာနမှူးများ တစ်အုပ်ကြီး လိုက်ပါလာကာ ဆေးစစ်ခန်း အသီးသီးကြားတွင် ခမ်းနားကြီးကျယ်စွာ လှည့်လည်သွားလာနေခဲ့ကြသည်။
စစ်ဆေးမှုအားလုံးကို စောင့်ဆိုင်းနေရန်မလိုဘဲ ချက်ချင်း ပြုလုပ်နိုင်ခဲ့သည်။
ဆက်တိုက်ဆိုသလို ဆေးစစ်မှုများ ပြီးစီးသွားပြီးနောက် ကျန်းယဲ့က အစီရင်ခံစာ အထပ်လိုက်ကြီးကို လက်ခံရရှိလိုက်၏။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စာရွက်များကို ဂရုတစိုက် စတင်ဖတ်ရှုလိုက်လေသည်။
ညွှန်းကိန်းများအားလုံး ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိနေသည်ကို တွေ့လိုက်ရချိန်... အထူးသဖြင့် မျိုးဗီဇပြိုကွဲမှုကို ပြသနေခဲ့သော ပုံမှန်မဟုတ်သည့် အချက်အလက်များအားလုံး လုံးဝပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင်တော့ သူက နောက်ဆုံး၌ သက်ပြင်းရှည်ကြီးတစ်ခုကို ချနိုင်သွားပြီး သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာရသည်။
သူ လုံးဝ ပျောက်ကင်းသွားပြီ...
သူ တကယ်ကြီးကို အရှင်းပျောက်ကင်းသွားခဲ့ပြီ...
ဆေးရုံအုပ်ကြီးနှင့် အခြားသူများကလည်း အစီရင်ခံစာကို တွေ့မြင်သွားကြပြီး ကျန်းယဲ့အား ဂုဏ်ပြုစကား ပြောကြားကြရာ သူတို့၏ အပြုံးများက ကျန်းယဲ့ထက်ပင် ပိုမိုတောက်ပနေခဲ့ကြသည်။
ဆေးရုံအုပ်ကြီးနှင့် အခြားသူများက ကျန်းယဲ့အား အောက်ထပ်သို့ လိုက်လံပို့ဆောင်ပေးကြပြီး မြေညီထပ်ရှိ ပြင်ပလူနာ ဧည့်ခန်းမသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ကြက်သေ သေသွားကြရသည်။
ခန်းမကြီးထဲတွင် ဘယ်အချိန်ကတည်းက လူတွေ ပြည့်ကျပ်နေခဲ့သည် မသိချေ။
လူနာများသာမက သတင်းကြားပြီး ချက်ချင်းရောက်ချလာကြသည့် နိုင်ငံသားများစွာနှင့် သတင်းမီဒီယာများပါ သူ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်များနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ကျန်းယဲ့ ထွက်လာချိန်တွင် နေရာတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားရသည်။
ရုတ်တရက် အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး မျှော်လင့်ချက်များကြောင့် တုန်ယင်နေသည့် အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ "ဒါရိုက်တာကျန်း... ခင်ဗျားရဲ့ရောဂါ... ပျောက်သွားပြီလားဟင်..."
ဤမေးခွန်းက လူတိုင်း၏ ရင်ထဲမှ မျှော်လင့်ချက်များကို ကိုယ်စားပြု ထုတ်ဖော်လိုက်ခြင်းပင်။
ကျန်းယဲ့က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ၏ အကြည့်များက ရှေ့မှ မျှော်လင့်တကြီး ကြည့်နေသော မရေမတွက်နိုင်သည့် မျက်ဝန်းများကို ဝေ့ကြည့်လိုက်ကာ လေးနက်စွာ ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့... အားလုံးပဲ ကျေးဇူးတင်ပါတယ်... ကျွန်တော့်ရဲ့ ရောဂါက... အရှင်းပျောက်သွားပါပြီ..."
တိတ်ဆိတ်မှု....
သေမင်းတမန် တိတ်ဆိတ်မှုကြီးက စက္ကန့်အနည်းငယ်ခန့် ကြာမြင့်သွားချေသည်။
ထို့နောက် ချက်ချင်းပင်....
"ဝိုး....."
"အရမ်းကောင်းတယ်ဟေ့..."
"ဟေး!l... ဒါရိုက်တာကျန်း ရောဂါပျောက်သွားပြီဟေ့..."
"မျှော်လင့်ချက် ရှိသွားပြီ... ငါတို့အားလုံး ကယ်တင်ခံလိုက်ရပြီကွ... "
နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံများ၊ လက်ခုပ်သံများနှင့် စိတ်လှုပ်ရှား ဝမ်းသာနေသည့် အော်သံများက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဆေးရုံခန်းမ တစ်ခုလုံးကို ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ လွှမ်းခြုံသွားလေသည်။
လူများစွာမှာ အလွန်အမင်း ဝမ်းသာပီတိဖြစ်လွန်းသဖြင့် မျက်ရည်များပင် ကျလာကြရသည်။
လူတိုင်းက အော်ဟစ်နေကြပြီး အချင်းချင်း ပွေ့ဖက်ကာ စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံနေကြလေသည်။
"ငါတို့ နောက်ဆုံးအဆင့် ရောဂါကြီးတွေကို မကြောက်ရတော့ဘူးဟေ့..."
"မျှော်လင့်ချက်... တကယ်ကြီး မျှော်လင့်ချက် ရှိလာပြီ..."
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း.... ကျေးဇူးတင်ပါတယ် ကျင့်ကြံခြင်းကမ္ဘာကြီးရေ..."
ထိုအချိန်လေးတွင် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များက ထိုနေရာတွင်ရှိနေသော လူတိုင်းထံ ကူးစက်သွားချေသည်။
ကျန်းယဲ့၏ ရောဂါပျောက်ကင်းသွားမှုက သူ့တစ်ကိုယ်ရေအတွက် အစပြုမှုအသစ်တစ်ခု ဖြစ်ရုံသာမက ရောဂါဝေဒနာ နှိပ်စက်မှုကြောင့် ကမ္ဘာတစ်ဝန်းရှိ အမှောင်ထုထဲတွင် ရုန်းကန်နေရသော မရေမတွက်နိုင်သည့် လူများစွာအတွက် အလင်းရောင်တစ်တန်းနှင့် အဆုံးမရှိသော ဖြစ်နိုင်ခြေများကို ယူဆောင်လာပေးခြင်းပင်။
ထိုစဉ် ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာထားရှိသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ဖြူဖတ်ဖြူလျော် မျက်နှာရှိပြီး ဦးထုပ်ဆောင်းကာ ဖုံးကွယ်ထားရသော နေမကောင်းသည့် ရှစ်နှစ်၊ ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ပွေ့ချီရင်း လူအုပ်ကြီးကို ခက်ခက်ခဲခဲ တိုးထွက်ကာ ရှေ့ဆုံးသို့ ရောက်လာလေသည်။
အမျိုးသမီးက ကျန်းယဲ့ကို မြင်သောအခါ သူမ၏ နောက်ဆုံးအသက်ကယ်ကြိုးကို တွေ့လိုက်ရသကဲ့သို့ပင်။ ကလေးကို ပွေ့ချီထားရင်းကနေ ဘုန်းခနဲ ဒူးထောက်ချလိုက်ပြီး ကျန်းယဲ့ကို အကြိမ်ကြိမ် ဦးချကန်တော့လိုက်၏။
ဤရုတ်တရက် လုပ်ရပ်ကြောင့် အောင်ပွဲခံ အော်ဟစ်သံများ အားလုံး ရုတ်တရက် ရပ်တန့်သွားရသည်။
ကျန်းယဲ့လည်း တစ်ခဏမျှ အံ့အားသင့်သွားပြီး အလျင်အမြန် ရှေ့တိုးကာ အမျိုးသမီးကို တွဲထူလိုက်၏။ "အစ်မ... ထပါ... မတ်တတ်ရပ်ပြီးမှ ပြောကြတာပေါ့... ဒီလိုလုပ်စရာ မလိုပါဘူး"
အမျိုးသမီးက မထချေ။ နောက်ဆုံးတွင် သူမက ခေါင်းမော့လာသောအခါ မျက်ရည်များက ပါးပြင်ပေါ်တွင် စီးကျနေပြီး သူမ၏ အသံက ရှိုက်ငိုသံများကြောင့် တစ်ဆို့နေသဖြင့် စကားတစ်ခွန်းကိုပင် အဆုံးထိ ပြောနိုင်ရန် ခက်ခဲနေခဲ့သည်။
"ဒါရိုက်တာကျန်းရယ်... ကျွန်မ တောင်းပန်ပါတယ်... သနားပါဦး... ကျွန်မ သမီးလေးကို ကယ်ပေးပါ... ကျွန်မ တောင်းပန်ပါတယ်ရှင်..."
ထိုသားအမိကို မှတ်မိနေသော နိုင်ငံသားများကြားတွင် တီးတိုးပြောဆိုသံများ ထွက်ပေါ်လာပြီး သူတို့၏ အသံများတွင် ကိုယ်ချင်းစာမှုများနှင့် သက်ပြင်းချသံများ ပါဝင်နေချေသည်။
"ဒီသားအမိ နှစ်ယောက်ပဲ..."
"အို... ဒီကလေးလေးက သနားစရာကောင်းလိုက်တာ... သွေးကင်ဆာ ဖြစ်နေတာလေ..."
"ဆေးကုဖို့အတွက် သူတို့အိမ်ကိုပါ ရောင်းလိုက်ရပြီး ဒေဝါလီခံလိုက်ရပြီလို့ ကြားတယ်..."
"အဲ့ဒီထက်တောင် ပိုသေးတယ်.... ဒီကလေး ရောဂါဖြစ်ရတာ သူမရဲ့ အသည်းနှလုံးမရှိတဲ့ အဖေနဲ့ မိထွေးယုတ်ကြောင့်လို့ ကြားတယ်..." အတွင်းသိတစ်ယောက်က လေသံတိုးတိုးဖြင့် ဖွင့်ဟပြောဆိုလိုက်၏။
"သူ့မိဘတွေ ကွာရှင်းပြီးတော့ ကလေးအုပ်ထိန်းခွင့်ကို အဖေက ရသွားတယ်... ဖခင်ဖြစ်သူက သူ့ရဲ့ မိန်းမသစ်ကို မျက်နှာလုပ်ချင်လို့ ကလေးအတွက် အခန်းသစ်ကို လှလှပပလေး ပြင်ဆင်ပေးတယ်... ဒါပေမဲ့ အဲ့ဒီမှာ သုံးထားတဲ့ ပစ္စည်းတွေက ဓာတုပစ္စည်းတွေပါတဲ့ စံချိန်မမီတဲ့ဟာတွေ ဖြစ်နေတာလေ... ကလေးက အဲ့ဒီအခန်းမှာ ခြောက်လလောက် နေပြီးသွားမှ သွေးကင်ဆာဖြစ်နေမှန်း သိရတာတဲ့..."
"ပြီးတော့ အဲ့ဒီလူက ဘာလုပ်တယ်မှတ်လဲ... ကလေး နေမကောင်းဖြစ်တာနဲ့ ဝန်ထုပ်ဝန်ပိုးကြီးလို့ သဘောထားပြီး ဒီပြဿနာကြီးကို အမေရင်းဆီ ပြန်လွှဲချလိုက်တာပဲ... သူက အဝေးကို ရှောင်ပြေးသွားပြီး တစ်ပြားတစ်ချပ်မှတောင် ထုတ်မပေးဘူးတဲ့"
"တကယ့် တိရစ္ဆာန်တွေပဲ.... ကလေး ကျန်းမာနေတုန်းကတော့ လုနေကြပြီး နေမကောင်းဖြစ်တော့မှ ဘေးကို ကန်ထုတ်လိုက်တယ်ပေါ့..."
"ဒီလောကကြီးထဲမှာ ဒီလို အသည်းနှလုံးမရှိတဲ့ အဖေမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲကွာ..."
အခန်း ၂၅၁ပြီး၏။