← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း (၃၅၂) ကျွန်မသမီးလေးကို ကယ်ပေးပါ

​ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများက မကျယ်လောင်သော်လည်း အနီးအနားရှိ လူများအတွက်တော့ ထိုဖြစ်စဉ်တစ်ခုလုံးကို ကြားသိနိုင်ရန် လုံလောက်နေခဲ့သည်။

​ချက်ချင်းပင် လူအုပ်ကြီးထံမှ သူတို့ တစ်ခါမျှ မမြင်ဖူးသော ဖခင်နှင့် မိထွေးဖြစ်သူအပေါ် ဒေါသတကြီး ပြစ်တင်ရှုတ်ချသံများ ထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော သားအမိနှစ်ယောက်အပေါ် ကိုယ်ချင်းစာ သနားမှုများကို ပြသလိုက်ကြသည်။

​အမျိုးသမီးက ပတ်ဝန်းကျင်မှ တီးတိုးပြောသံများကို ကြားပုံမရဘဲ ကျန်းယဲ့အား အကြိမ်ကြိမ် ဦးချကာ တောင်းပန်နေလေသည်။ "ဒါရိုက်တာကျန်း... ဒါက ကျွန်မအမှားပါ... ကျွန်မက အရည်အချင်းမရှိတဲ့ အမေပါ... သူ့ကို ကျွန်မ မကယ်နိုင်ခဲ့ဘူး... သူက အရမ်းငယ်ပါသေးတယ်... ဒီလောကကြီးကိုတောင် သေချာ မမြင်ဖူးသေးဘူး..."

​"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါ... သူ့ကို ကယ်နိုင်မယ်ဆိုရင် ကျွန်မ ဘာမဆို လုပ်ပါ့မယ်... ဝူး... ဟင့်..."

​မျက်ရည်များဖြင့် ပြည့်နှက်နေသော သူမ၏ စိတ်ပျက်အားငယ်ဖွယ် ငိုကြွေးသံများက ကြားရသူတိုင်း၏ ရင်ကို ကွဲအက်သွားစေလောက်ချေသည်။

​ကျန်းယဲ့က လက်လှမ်းကာ မိန်းကလေးငယ်၏ ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

​မိန်းကလေးငယ်က အလွန် လိမ္မာရေးခြားရှိလှပေသည်။ သူမက အားနည်းနေသော်လည်း ငိုယိုဂျီကျခြင်းမရှိဘဲ သူမ၏ ကြည်လင်နေသော မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူမ၏ နားလည်တတ်မှုက လူကို အလွန်တရာ စိတ်ထိခိုက်သွားစေလေသည်။

​သူက ကလေးမလေး၏ မိခင်ကို ကြည့်လိုက်ပြီး သူ၏ အမူအရာက လေးနက်သွားရသည်။ "အစ်မ... ကျွန်တော့်ဆီမှာ ဆေးလုံးတွေ ရှိပါတယ်... ဒါပေမဲ့ ဒီဆေးက ကလေးရဲ့ရောဂါကို ပျောက်ကင်းစေမယ်လို့တော့ ကျွန်တော် အာမမခံနိုင်ဘူး... ကြီးမားတဲ့ အန္တရာယ်တွေတောင် ရှိနိုင်တယ်.... အဆိုးရွားဆုံး ရလဒ်အနေနဲ့ သေဆုံးသွားနိုင်တယ်... အစ်မ တကယ်ပဲ စမ်းကြည့်ချင်လို့လား..."

​အမျိုးသမီး၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အလင်းရောင်တစ်ခု လက်ဖြာသွားပြီး ခိုင်မာစွာ ပြောလိုက်၏။ "ကျွန်မ စမ်းကြည့်ချင်ပါတယ်... တကယ်လို့ နတ်ဆေးလုံးကတောင် သူ့ကို မကယ်နိုင်ဘူးဆိုရင် ဒါက ကျွန်မတို့ သားအမိရဲ့ ကံကြမ္မာပါပဲ... ရှင့်ကို ကျွန်မ ဘယ်တော့မှ အပြစ်မတင်ပါဘူး... အကယ်၍ နောက်ပိုင်းမှာ ကျွန်မဘက်က မကျေမနပ် စကားတစ်ခွန်း ပြောမိခဲ့ရင်တောင် မိုးကြိုးပစ်ခံရပြီး ဆိုးဆိုးရွားရွား သေဆုံးပါစေ..."

​သူမက သူမ၏ ဆုံးဖြတ်ချက်ကို ပြသရန် လက်ကိုမြှောက်ကာ ကောင်းကင်ကို တိုင်တည်၍ပင် ကျိန်ဆိုလိုက်​သည်။

​မျက်ရည်များ စီးကျနေသော်လည်း ပြတ်သားနေသော သူမ၏ မျက်နှာကို ကြည့်ကာ ကျန်းယဲ့မှာ စိတ်လှုပ်ရှားသွားပြီး နူးညံ့စွာ ပြောလိုက်၏။ "ကျိန်ဆိုနေစရာ မလိုပါဘူး... အစ်မက စမ်းကြည့်ချင်တယ်ဆိုမှတော့... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကြည့်ကြတာပေါ့..."

​လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ကျန်းယဲ့က စနစ်သိုလှောင်နယ်မြေထဲမှ နောက်ထပ် အဆိပ်ဖြေဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်၏။

​ထို့နောက် သူက ကလေးမလေး၏ မေးစေ့ကို ဂရုတစိုက် ပင့်မလိုက်ပြီး သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် ဆေးလုံးကို သူမ၏ ပါးစပ်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။

​ခဏအတွင်းမှာပင် ဆေးလုံးက ပါးစပ်ထဲတွင် အရည်ပျော်သွားခဲ့သည်။

​ချက်ချင်းဆိုသလို ဆူညံနေသော ပြင်ပလူနာ ဧည့်ခန်းမကြီးသည် အပ်ကျသံကိုပင် ကြားရလောက်အောင် လုံးဝ တိတ်ဆိတ်သွားကြလေသည်။

​လူတိုင်းက အသက်အောင့်ထားကြပြီး မရေမတွက်နိုင်သော အကြည့်များက ပိန်လှီနေသော ကလေးမလေးအပေါ်သို့ စိုးရိမ်တကြီး စူးစိုက်ကြည့်နေကြ၏။

​လူတိုင်း၏ နှလုံးသားများက လည်ချောင်းဝသို့ ရောက်နေသကဲ့သို့ ခံစားနေရပြီး အံ့ဖွယ်အရာတစ်ခု ဖြစ်လာစေရန် တိတ်တဆိတ် ဆုတောင်းကာ စောင့်ဆိုင်းနေခဲ့ကြသည်။

​ဤအချိန်လေးတွင် အချိန်များက အဆုံးအစမရှိ ရှည်ကြာနေသကဲ့သို့ပင်။

​လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ဆေးက ကလေးမလေး၏ ခန္ဓာကိုယ်ထဲ၌ အလျင်အမြန် အာနိသင် ပြလာလေသည်။

​အစပိုင်းတွင် သူမက မျက်မှောင်အနည်းငယ်သာ ကြုတ်လိုက်သော်လည်း မကြာမီမှာပင် သူမ၏ ဖြူဖျော့နေသော နဖူးပေါ်မှ ချွေးစေးများ စိမ့်ထွက်လာပြီး သူမ၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်လာရသည်။

​"အင်း....."

​ကလေးမလေးက နာကျင်မှုကို ဖိနှိပ်ထားသော ညည်းတွားသံလေးများ ထုတ်ဖော်လိုက်၏။ သို့သော် သူမက ပုံမှန်မဟုတ်ဘဲ အလွန် သန်မာလှသည်။ အော်မငိုမိစေရန် အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်ကြီးများသာ အသံတိတ် စီးကျနေချေသည်။

​သူမ၏ မိခင် အဆက်မပြတ် ငိုကြွေးနေသည်ကို မြင်သောအခါ သူမက သူမ၏ လက်သေးသေးလေးကို အားနည်းစွာ မြှောက်ကာ မိခင်၏ မျက်ရည်များကို သုတ်ပေးရန် ကြိုးစားရင်း တိုးညင်းသော အသံလေးဖြင့် နှစ်သိမ့်လိုက်၏။ "မေမေ... မငိုနဲ့နော်... သမီး... မနာပါဘူး..."

​ဤစကားများက ပတ်ဝန်းကျင်ရှိ လူများစွာ၏ မျက်ဝန်းများတွင် မျက်ရည်များ ချက်ချင်း ဝဲတက်လာစေခဲ့သည်။

​သို့သော် အရိုးကွဲမတတ် နာကျင်မှုကြီးက မကြာမီမှာပင် ဒီရေလှိုင်းများကဲ့သို့ ဆက်တိုက် ရိုက်ခတ်လာပြီး သည်းခံနိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်သွား​လာချေသည်။

​မိန်းကလေးငယ်၏ ခန္ဓာကိုယ်လေးက အပြင်းအထန် တက်လာ၏။ နောက်ဆုံးတွင် သူမ ဆက်၍ မတောင့်ခံနိုင်တော့ဘဲ ငိုရှိုက်သံများဖြင့် ပြတ်တောင်းပြတ်တောင်း ပြောလိုက်လေသည်။ "မေမေ... သမီး အရမ်းနာတယ်... သမီး... သေတော့မှာလားဟင်..."

​"မဟုတ်ဘူး... မဟုတ်ဘူး သမီးလေး... တောင့်ထားနော်... နာတာက ခဏနေရင် ရပ်သွားမှာပါ... နတ်ဆေးလုံးက သမီးရဲ့ ရောဂါတွေကို မောင်းထုတ်ပေးနေတာ... တောင့်ထားနော်..."

​အမျိုးသမီးက ကလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူမ၏ အသံများက တုန်ယင်နေချေသည်။

​ကျန်းယဲ့ကိုယ်တိုင်လည်း အဆိပ်များကို အဓိက ပစ်မှတ်ထားပြီး ချို့ယွင်းချက်ရှိနေသော ဤအဆိပ်ဖြေဆေးလုံးက အလွန်ဆိုးရွားသော သွေးကင်ဆာရောဂါအပေါ် မည်မျှအထိ အစွမ်းထက်မည်.... မည်မျှ ကြာကြာ အာနိသင်ပြမည်ဆိုသည်ကို မသေချာခဲ့ချေ။

​အရာအားလုံးက မသိနိုင်သေးသော အခြေအနေတွင်သာ ရှိနေသေး၏။

​ပြင်ပလူနာ ဧည့်ခန်းမတစ်ခုလုံး တိတ်ဆိတ်နေပြီး လူတိုင်းက စိတ်ရှည်စွာနှင့် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

​မည်သူကမျှ မထွက်ခွာချင်ကြချေ။ အချို့ဆိုလျှင် နောက်ဆုံးရလဒ်ကို လွတ်သွားမည်ကို ကြောက်ရွံ့သဖြင့် အိမ်သာသွားချင်နေသည်ကိုပင် အောင့်ထားကြ၏။

​အချိန်များက ဖြည်းညှင်းစွာ ကုန်ဆုံးသွားပြီး ဆယ်မိနစ်ခန့် ကြာမြင့်သွားခဲ့သည်။

​လူတိုင်းက အလွန်အမင်း စိုးရိမ်ပူပန်နေကြချိန်မှာပင် ကလေးမလေး၏ အရေပြားပေါ်မှနေ၍ အလွန်အမင်း ညှီစော်နံကာ အနံ့ဆိုးထွက်နေသော ပါးလွှာသည့် အမည်းရောင် အရည်ပျစ်ပျစ်များ တဖြည်းဖြည်း စိမ့်ထွက်လာလေသည်။

​ဤရင်းနှီးနေသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယဲ့ဟာ နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။

​ပြီးသွားပြီ..

​ဤသည်မှာ ဆေးလုံးက အာနိသင်ပြနေပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရောဂါဇစ်မြစ်များ နှင့် စုပုံနေသော အဆိပ်အတောက်များကို အတင်းအဓမ္မ မောင်းထုတ်ပေးနေခြင်းကို ဆိုလိုခြင်းပင်။

​တကယ်ပင် မိနစ်အနည်းငယ် ကြာပြီးနောက် မိန်းကလေးငယ်၏ တက်နေမှုက တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။ တင်းကျပ်စွာ ကြုတ်ထားသော သူမ၏ မျက်မှောင်များက ပြေလျော့သွားပြီး သူမ၏ မျက်နှာပေါ်ရှိ နာကျင်မှုများနေရာတွင် ပင်ပန်းသော်လည်း သက်တောင့်သက်သာရှိသွားသော အမူအရာက အစားထိုး ဝင်ရောက်လာလေသည်။

​သူမက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူမက အားနည်းနေဆဲဖြစ်သော်လည်း သူမ၏ အကြည့်များက များစွာ ကြည်လင်နေခဲ့ပြီ ဖြစ်သည်။

​ထို့နောက် မျက်ရည်များ စီးကျနေသော မိခင်ဖြစ်သူကို ကြည့်ကာ သူမက အားနည်းသော်လည်း တကယ့်ကို ရိုးသားသည့် အပြုံးလေးတစ်ခုကို ပြုံးပြလိုက်လေသည်။ "မေမေ... သမီး မနာတော့ဘူး... တကယ်ကြီး မနာတော့ဘူး..."

​ကျန်းယဲ့က ပြုံးလိုက်ပြီး အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေသော မိခင်ကို ပြောလိုက်၏။ "စိတ်မပူပါနဲ့တော့ အစ်မ... ကလေးက အဆင်ပြေသွားပါပြီ..."

​နတ်ဘုရားတို့၏ တေးဂီတကဲ့သို့သော ဤစကားများက မိခင်ဖြစ်သူ၏ ရင်ထဲရှိ အကြောက်တရားနှင့် စိတ်ပျက်အားငယ်မှု အားလုံးကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်လေသည်။

​ကြီးမားလှသော ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုတို့ကြောင့် သူမ၏ ခံနိုင်ရည်များ ပြိုလဲသွားကာ သမီးဖြစ်သူကို တင်းကျပ်စွာ ဖက်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

​သို့သော် ဤတစ်ကြိမ် ကျဆင်းလာသော မျက်ရည်များမှာ ဝမ်းသာလွန်း၍ ကျလာသော မျက်ရည်များ၊ ကြီးမားသော ကပ်ဘေးကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့သည့်အတွက် စိတ်သက်သာရာရမှု မျက်ရည်များသာ။

​"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း.... အရမ်းကို ကျေးဇူးတင်ပါတယ်.... ရှင်က ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်ကြီးပါပဲ... "

​သူမက ကလေးကို ဖက်ထားရင်း ကျန်းယဲ့အား ထပ်မံ၍ ဦးချရန် ပြင်လိုက်သော်လည်း ကျန်းယဲ့က အချိန်မီ တားဆီးလိုက်၏။

​"ဝိုး... "

​"အရမ်းကောင်းတယ်.... "

​"အံ့ဖွယ်ပဲ... တကယ့်ကို အံ့ဖွယ်ပဲဟေ့!l...."

​ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံများနှင့် လက်ခုပ်သံများ ပေါက်ကွဲထွက်လာကြသည်။

​လူများစွာမှာ ဤအံ့ဖွယ်ဖြစ်ရပ်ကြီးကို ကိုယ်တိုင် မျက်မြင်တွေ့ရှိလိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားပြီး ဝမ်းသာပျော်ရွှင်နေကြလေသည်။

​ဤအံ့ဖွယ်မြင်ကွင်းကြီးကို မြင်လိုက်ရသောအခါ လူအုပ်ကြီးထဲတွင် ရောဂါဝေဒနာ ခံစားနေရသူများ သို့မဟုတ် မိသားစုဝင်များ ဆိုးရွားစွာ နေမကောင်းဖြစ်နေသူများမှာ ရုတ်တရက် အလွန်အမင်း စိတ်အားထက်သန်လာကြပြီး ထိုသားအမိနှစ်ယောက်ကဲ့သို့ ရှေ့ထွက်ကာ ဆေးတောင်းရန် မသိစိတ်မှ တွန်းအားပေးခြင်း ခံလိုက်ကြရသည်။

​သို့သော် သူတို့ မလှုပ်ရှားနိုင်ခင်မှာပင် ကျန်းယဲ့က သူတို့၏ စိတ်ကို ဖတ်မိသွားသည့်အလား ဦးစွာ စကားစလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်ချေသည်။ "အားလုံးပဲ... ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ..."

​လူအုပ်ကြီးက ချက်ချင်း တိတ်ဆိတ်သွားပြီး အကြည့်အားလုံးက သူ့ထံသို့ ရောက်ရှိလာခဲ့ကြသည်။

​ကျန်းယဲ့၏ အကြည့်များက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး သူ၏ စကားများက ရိုးသားပြီး လေးနက်နေလေသည်။ "အားလုံးပဲ မျှော်လင့်ချက်တွေ တွေ့သွားကြပြီး ကိုယ့်ချစ်ရတဲ့သူတွေကို ကယ်တင်ဖို့ နည်းလမ်းရှာချင်နေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ကျွန်တော့်ဆီမှာ ဆေးလုံးအရေအတွက်က ကန့်သတ်ချက်ရှိနေပြီး လူတိုင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်..."

​မျက်ဝန်းများစွာထဲရှိ စိတ်ပျက်သွားမှုများကို မြင်သောအခါ သူက လေသံကို ပြောင်းလိုက်ပြန်သည်။ "ဒါပေမဲ့ စိတ်မပူကြပါနဲ့... ရွှမ်ဝူတိုက်ကြီးက ဒီခရီးသွားအေဂျင်စီအတွက် ပုံမှန်သွားရမယ့် ခရီးစဉ်တစ်ခု ဖြစ်လာပါပြီ... အဲ့ဒီကို ကျွန်တော်တို့ ပုံမှန် ဆက်သွားနေမှာပါ... နောက်တစ်ကြိမ်မှာ အဆိပ်ဖြေဆေးလုံးတွေနဲ့ အားလုံးအတွက် အသုံးဝင်နိုင်မယ့် တခြားဆေးလုံးတွေကို ပိုပြီး ပြန်သယ်လာနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်..."

​သူ၏ အသံက ရှင်းလင်းပြတ်သားပြီး ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

​"တစ်နေ့ကျရင်... ကျွန်တော်တို့ ကမ္ဘာကြီးက ရောဂါဘယတွေနဲ့ နာကျင်မှုတွေ ကင်းစင်သွားရပါမယ်...."

​"ကောင်းတယ်... ကောင်းလိုက်တဲ့ စကားပဲဟေ့..." လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ထောက်ခံစွာ အော်ဟစ်လိုက်၏။

​ခန်းမတစ်ခုလုံးတွင် မိုးချုန်းသံကဲ့သို့သော လက်ခုပ်သံများ ပေါက်ကွဲထွက်လာချေသည်။

​လူများစွာ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အလင်းရောင်များ တောက်လောင်လာရသည်။

​ကျန်းယဲ့က သူတို့ကို တားဆီးသည့်အနေဖြင့် လက်ကိုမြှောက်လိုက်ပြီး ဆက်ပြောလိုက်ပြန်သည်။ "အခု ကျွန်တော် နောက်ခရီးစဉ်အတွက် ပြင်ဆင်ရပါဦးမယ်... အားလုံးပဲ ကိုယ့်ကိစ္စကိုယ် ဆက်လုပ်ကြပါ... ဆေးရုံရဲ့ လုပ်ငန်းစဉ်တွေ မနှောင့်နှေးသွားပါစေနဲ့..."

​ထိုသို့ပြောပြီးနောက် သူက လူတိုင်းကို ခေါင်းဆတ်နှုတ်ဆက်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။

​ဤတစ်ကြိမ်တွင်တော့ မည်သူကမျှ ရှေ့ထွက်၍ တားဆီးရန် မဝံ့ရဲကြတော့ချေ။

​စကားပြောချင်လွန်း၍ စိတ်အားထက်သန်နေသူ အနည်းငယ်ကိုပင် ပတ်ဝန်းကျင်ရှိ အသိဉာဏ်ရှိသူများက အလျင်အမြန် ပြန်ဆွဲထားခြင်း သို့မဟုတ် အကြည့်များဖြင့် တားဆီးခြင်းတို့ကို ပြုလုပ်လိုက်ကြသည်။

​ဤသည်မှာ လက်ရှိ ကျန်းယဲ့၏ ဩဇာလွှမ်းမိုးမှုနှင့် ဂုဏ်သိက္ခာပင်။

​သူ၏ ကတိစကားများက လူများကို စိတ်အေးချမ်းသာစွာ စောင့်ဆိုင်းနေစေရန် လုံလောက်နေခဲ့ချေပြီ။

အခန်း ၃၅၂ပြီး၏။

All Chapters