အခန်း ၃၅၃
Vol. 36 Ch. 353
အခန်း (၃၅၃) အသက်ရှည်ဆေးလုံးအတွက် ဈေးဖြတ်ခြင်း
ကျန်းယဲ့က ဆေးရုံဂိတ်ပေါက်မှ ထွက်လာချိန်တွင် အနက်ရောင် ဇိမ်ခံဗင်ကားတစ်စီးက တိတ်ဆိတ်စွာ ရပ်နားစောင့်ဆိုင်းနေပြီး ဖြစ်သည်။
သူ ထွက်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ကားတံခါးက အထဲမှ ပွင့်လာပြီး လင်ရှောင်က အပြင်သို့ ခေါင်းပြူကာ သူ့ကို ကားပေါ်တက်ရန် လှမ်းခေါ်လိုက်၏။
ကျန်းယဲ့က ခေါင်းငုံ့ကာ ကားပေါ်သို့ တည်ငြိမ်စွာ တက်သွားလိုက်ပြီး သူ၏ အနောက်တွင် ကားတံခါးက ချောမွေ့စွာ ပိတ်သွားခဲ့သည်။
ထို့နောက် ကားလေးက ညင်သာစွာ စတင်ထွက်ခွာသွားပြီး ဆူညံနေဆဲဖြစ်သော ဆေးရုံကြီးနှင့် တဖြည်းဖြည်း ဝေးကွာလာသည်။
ကျန်းယဲ့က ကားပြတင်းပေါက်မှန်၏ အထူနှင့် အရောင်ကို တစ်ချက်ကြည့်လိုက်ပြီး ခရီးသည်ထိုင်ခုံရှိ လင်ရှောင်အား ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "ကျည်ကာမှန်လား..."
လင်ရှောင်က ခေါင်းလှည့်လာပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်... အဆင့်အမြင့်ဆုံးပဲ..."
ကျန်းယဲ့က ပြုံးလိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "တကယ်တော့ ခင်ဗျား ကျွန်တော့်ကို လာကြိုနေစရာ မလိုပါဘူး... ကိုယ့်ဘာသာ ကြည့်ကျက်ပြန်လို့ ရပါတယ်..."
လင်ရှောင်၏ အမူအရာက ပို၍ လေးနက်သွားရသည်။
ကျန်းယဲ့မှာ အခြားမည်သည့် လှည့်ကွက်များ ရှိသေးသည်ကို သူ မသေချာသော်လည်း တရုတ်နိုင်ငံအတွင်းရှိ ဤနိုင်ငံတော်ရတနာကြီး၏ လုံခြုံရေးကို အကြွင်းမဲ့ အာမခံနိုင်ရန်မှာ သူတို့၏ အဓိကတာဝန်ကြီးဖြစ်ပြီး မည်သည့် မတော်တဆမှုမျိုးကိုမျှ အဖြစ်ခံမည် မဟုတ်ချေ။
"ဒါက ကျွန်တော့်တာဝန်ပါ..." လင်ရှောင်က လေးလေးနက်နက် ပြောလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။ "နောက်တစ်ခါ လူမြင်ကွင်းကို ထွက်ချင်တယ်ဆိုရင် ကြိုပြီး အသိပေးပါ... ဒါမှ ကျွန်တော်တို့ဘက်က ပိုပြီး ပြည့်စုံအောင် စီစဉ်ပေးလို့ရမှာ..."
ကျန်းယဲ့က နူးညံ့သော သားရေထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ မှီချလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြုံးကာ ပြောလိုက်လေသည်။ "ကိစ္စမရှိပါဘူး... ကျွန်တော်က သက်ရှိကြော်ငြာတစ်ယောက်ဖြစ်ရတာ ဘယ်လိုခံစားရမလဲဆိုတာကို စမ်းကြည့်ချင်ရုံပါ..."
အားလုံးရဲ့ အောင်မြင်မှုတွေကို ကမ္ဘာကြီးကို ပြသဖို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီး ရှိနေတာပဲ... ဘာလို့ ဖုံးကွယ်ထားရမှာလဲ...
လူတိုင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခံစားခွင့် ပေးလိုက်မှသာ ကမ္ဘာပေါ်က လူတိုင်းကို လုံးလုံးလျားလျား ယုံကြည်သွားစေနိုင်ပြီး ဟင်းလင်းပြင်ဖြတ်သန်းသွားလာတဲ့ ခရီးစဉ်တွေအတွက် အရူးအမူး လိုက်လံရှာဖွေချင်စိတ် ဖြစ်လာအောင် လုပ်နိုင်မှာ မဟုတ်လား...
ဒီဘဝမှာ ဘယ်သူကများ ဘယ်တော့မှ နေမကောင်းမဖြစ်ဘူး... ဘာကံဆိုးမှုမှ မကြုံရဘူးလို့ အာမခံရဲမည်နည်း...
နောက်ဆုံးအဆင့် ရောဂါဆိုးကြီးကို စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ရင်ဆိုင်နိုင်တယ်လို့ ဘယ်သူက ပြောရဲမည်နည်း...
ယခု၌ နောက်ဆုံးအဆင့် ရောဂါဆိုးကြီးတွေကိုတောင် ကုသပေးနိုင်တဲ့ နတ်ဆေးလုံးဆိုတဲ့ အပိုင်ဖဲချပ်ကြီးကို ထုတ်ပြလိုက်ပြီဖြစ်ရာ ဘယ်သူကများ တည်တည်ငြိမ်ငြိမ် နေနိုင်ပါတော့မလဲ...
ကျန်းယဲ့၏ စကားများကို ကြားသောအခါ ချန်ချင်းနှင့် လင်ရှောင်တို့က အနည်းငယ်မျှပင် အံ့အားသင့်မသွားခဲ့ကြချေ။
တကယ်တမ်းတွင် သူတို့က ကျန်းယဲ့၏ ရည်ရွယ်ချက်များကို ခန့်မှန်းမိပြီးသား ဖြစ်၏။
အထက်လူကြီးများက မူလက သင့်လျော်သော အချိန်ရောက်မှသာ ဆေးလုံး၏ အောင်မြင်မှုကို ကြေညာရန် ရည်ရွယ်ထားခဲ့သော်လည်း ကျန်းယဲ့က ဤမျှ မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ပြီး လူကိုယ်တိုင် ရှေ့ထွက်ကာ မိမိကိုယ်ကို သက်ရှိကြော်ငြာအဖြစ် အသုံးပြုပြီး အတိုက်ရိုက်ဆုံးနှင့် အတုန်လှုပ်ဖွယ်အကောင်းဆုံး နည်းလမ်းကို ရွေးချယ်လိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
ဤသို့လုပ်ဆောင်လိုက်ခြင်း၏ သက်ရောက်မှုက သူတို့၏ သတင်းစာရှင်းလင်းပွဲများထက် အဆပေါင်းထောင်ချီ၍ ပိုမိုကောင်းမွန်သွားခဲ့သည်။
သူတို့ ခန့်မှန်းထားသည့်အတိုင်းပင် ကျန်းယဲ့ ဆေးရုံမှ ထွက်ခွာသွားပြီးနောက် သူ ဆေးရုံသို့ ရောက်လာခြင်း၊ ရောဂါပျောက်ကင်းကြောင်း ကြေညာခြင်းနှင့် သွေးကင်ဆာဖြစ်နေသော ကလေးမလေးကို ဆေးလုံးအသုံးပြုကာ ကုသပေးခဲ့သည့် လုပ်ငန်းစဉ်တစ်ခုလုံး၏ ဗီဒီယိုများက အင်တာနက်တစ်ခွင်သို့ လျှပ်စီးလက်သကဲ့သို့ ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာ လွှမ်းမိုးသွားလေတော့သည်။
[နောက်ဆုံးအဆင့် ရောဂါဆိုးကြီးတွေအတွက် အံ့ဖွယ်ကုထုံးတစ်ခုဖြစ်တဲ့ နတ်ဆေးလုံးကို တရုတ်နိုင်ငံမှာ ရှာဖွေတွေ့ရှိသွားပြီ.... အချိန်နဲ့ ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်] ကျန်းယဲ့ ကိုယ်တိုင် အတည်ပြုလိုက်ပြီ.......
[ရွှမ်ဝူတိုက်ကြီးက အမြဲတမ်းသွားရောက်လည်ပတ်ရမယ့် ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပြီ.... အနာဂတ်မှာ မျှော်လင့်ချက်တွေကို အဆက်မပြတ် ပြန်လည်သယ်ဆောင်လာပေးတော့မည်]
ဤသတင်းနှစ်ခုက လေးလံသော နျူကလီးယားဗုံးကြီး နှစ်လုံးကဲ့သို့ပင် ကမ္ဘာလုံးဆိုင်ရာ လူထုအမြင်နယ်ပယ်တွင် ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများကို တုန်လှုပ်သွားစေလေသည်။
တရုတ်နိုင်ငံမှ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ :
[သုံးစွဲသူ ၁] : သေလိုက်ပါတော့... ကင်ဆာကို တကယ်ကြီး ကုသနိုင်တာလား... ဒါရိုက်တာကျန်းက တကယ့်အမိုက်စားပဲ...
[သုံးစွဲသူ ၂] : ငါငိုလိုက်ရတာ... တကယ်ကို ငိုလိုက်ရတာပဲ.... အဲ့ဒီကလေးမလေးအတွက်လည်း ဝမ်းသာတယ်... ရောဂါဝေဒနာ ခံစားနေရသူတွေ အားလုံးအတွက် မျှော်လင့်ချက်ကို မြင်လိုက်ရတယ်.... ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း...
[သုံးစွဲသူ ၃] : ရွှမ်ဝူတိုက်ကြီးက အမြဲတမ်း သွားရမယ့်နေရာ ဖြစ်သွားပြီလား... အရမ်းကောင်းတာပေါ့... ဒါဆို အခုကစပြီး ငါတို့ လက်မှတ်လုဖို့ အခွင့်အရေးတွေ ပိုများလာပြီဆိုတဲ့ သဘောလား... အား... ငါ ပိုက်ဆံစစုရတော့မယ်ဟေ့....
[သုံးစွဲသူ ၄] : အနာဂတ်မှာ ငါတို့ကို ဘယ်သူကများ အပြစ်လုပ်ရဲဦးမလဲ ကြည့်ကြသေးတာပေါ့.... သူတို့ နေမကောင်းဖြစ်ရင် ငါတို့ဆီက ဆေးလုံးလာတောင်းဖို့ တောင်းပန်ရတော့မှာ...
[သုံးစွဲသူ ၅] : ဒါရိုက်တာကျန်းရဲ့အကွက်က အရမ်းမိုက်တာပဲ... အရှင်လတ်လတ် သက်သေပြလိုက်တာဆိုတော့ သက်ရောက်မှုက ထိပ်တန်းအဆင့်ပဲ... အပြစ်ရှာချင်တဲ့လူတွေ ဘာမှပြောစရာ မရှိတော့ဘူး....
နိုင်ငံရပ်ခြားမှ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ :
[အမေရိကန်] : ဒါ တကယ်လား.... ကင်ဆာအတွက် ကုထုံးတဲ့လား.... ဘုရားရေ.... ငါတို့ ဒါကို ရအောင်ယူရမယ်... အစိုးရရေ မြန်မြန် နည်းလမ်းရှာပါတော့...
[ပြင်သစ်] : ဘုရားရေ.... ဒါက ဆေးပညာသမိုင်းမှာ တကယ့်အံ့ဖွယ်တစ်ခုပဲ...
[ဗြိတိန်] : မယုံနိုင်စရာပဲ.... သူတို့က ရွှမ်ဝူတိုက်ကြီးကို ပုံမှန် သွားလို့ရနေတုန်းပဲလား... ဒါ အရမ်း မတရားတာပဲ.... ငါတို့က ဘာလို့ တရုတ်ဆော့ဖ်ဝဲလ်တွေကနေပဲ ပစ္စည်းတွေ ဝယ်လို့ရတာလဲ... ငါတို့အတွက် လုံးဝ မတရားဘူး...
[ဂျပန်] : နတ်ဆေးလုံးတဲ့... ဂျပန်နိုင်ငံရေ... တရုတ်နိုင်ငံကို ဘယ်လို ပြောင်းရွှေ့နေထိုင်လို့ ရမလဲ... ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ ခရီးသွားဗီဇာဘယ်လိုလုပ် ရနိုင်မလဲ...
[ရုရှား] : အရမ်းကောင်းတာပဲ... ငါတို့ ဆေးလုံးတွေ အများကြီး လိုတယ်... ငါတို့နိုင်ငံမှာ ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေ အရမ်းများလွန်းလို့ ရွှမ်ဝူတိုက်ကြီးကို သွားဖို့ အသည်းအသန် လိုအပ်နေတယ်...
[တောင်ကိုရီးယား] : ကျန်းယဲ့ရဲ့ ဘိုးဘွားပိုင်နယ်မြေက တောင်ကိုရီးယားမှာ ရှိတာ... ကျန်းယဲ့က ငါတို့နိုင်ငံရဲ့ နိုင်ငံသားပဲ... ကျန်းယဲ့... မင်း ငါတို့နိုင်ငံကို လာသင့်တယ်...
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံး လုံးလုံးလျားလျား မီးဟုန်းဟုန်း တောက်လောင်သွားခဲ့ပြီး ကမ္ဘာပေါ်တွင် ကုသ၍မရနိုင်သော ရောဂါများ မရှိတော့ပြီဟူသော ပျော်ရွှင်မှုကြီးထဲတွင် လူတိုင်း နစ်မြောသွားကြရသည်။
ကျန်းယဲ့၏ နာမည်က အချိန်နဲ့ ဟင်းလင်းပြင် ခရီးသွားခြင်း၊ နတ်ဆေးလုံး စသည့် စကားလုံးများနှင့်အတူ ထိုနေ့တွင် ကမ္ဘာတစ်ဝန်းလုံး၌ လူကြိုက်အများဆုံး ရေပန်းအစားဆုံး စကားလုံးများ ဖြစ်လာချေသည်။
ကျန်းယဲ့က အိမ်သို့ပြန်ရောက်သည်နှင့် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ မှီချလိုက်၏။ သူ၏ စိတ်မှတွေးလိညက်ရာ ဖျော့တော့သော တောက်ပမှုများဖြင့် နို့နှစ်ရောင် အသက်ရှည်ဆေးလုံးတစ်လုံးက သူ၏ လက်ဝါးပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
အသက်နှစ်ဆယ် ပိုရှည်စေနိုင်သည့် ဆေးလုံးကို သူ ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ငွေကြေးသုံးနိုင်တဲ့ လူကုံထံတစ်အုပ်ကို တရားဝင် ခေါင်းပုံဖြတ်ရမယ့် အချိန်ရောက်ပြီပဲ..." လန်းဆန်းနေသော စိတ်ခံစားချက်ဖြင့် တိုးညင်းစွာ ရေရွတ်လိုက်၏။
မည်သည့်စျေးနှုန်းက သင့်တော်မည်နည်းဆိုသည်ကိုတော့ သူကိုယ်တိုင် စဉ်းစားရမည်ကို ပျင်းရိနေသဖြင့် ဖုန်းကိုထုတ်ကာ အချိန်နဲ့ ဟင်းလင်းပြင် ခရီးသွားအဖွဲ့ ၁ ဝီချက်ဂရုကို ဖွင့်လိုက်လေသည်။
သူ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းစခရင်ပေါ်တွင် ဖတ်ရန်ကျန်ရှိနေသော မက်ဆေ့ချ် ၉၉+ ခုက ချက်ချင်း ပြည့်လျှံနေခဲ့သည်။
ကျန်းယဲ့က ပေါ့ပေါ့ပါးပါး ပွတ်ဆွဲကြည့်လိုက်ရာ ၎င်းတို့အများစုမှာ ဂရုထဲမှ လူများက သူ့ကို Tag တွဲကာ သူ ဘယ်လိုအံ့ဖွယ် ရတနာတွေ ပြန်သယ်လာခဲ့သလဲ... သူတို့အတွက်ရော ပါရဲ့လားဆိုသည်ကို စိတ်လှုပ်ရှားစွာ မေးမြန်းထားကြခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ကျန်းယဲ့က မက်ဆေ့ချ် တစ်ခုချင်းစီကို လိုက်မပြန်တော့ဘဲ မက်ဆေ့ချ်တစ်ခုကို တိုက်ရိုက်ရိုက်ထည့်ကာ ပို့လိုက်သည်။
[ကျန်းယဲ့] : အားလုံးပဲ... ကျွန်တော့်မှာ မေးစရာ မေးခွန်းတစ်ခု ရှိတယ်... အသက်နှစ်ဆယ် ပိုရှည်စေနိုင်တဲ့ အသက်ရှည်ဆေးလုံးတစ်လုံးအတွက် ဘယ်လောက်စျေး သတ်မှတ်ရင် သင့်တော်မယ်လို့ ထင်လဲ... (^▽^)
ဤမက်ဆေ့ချ်ကို ပို့လိုက်သည်နှင့် မက်ဆေ့ချ်များ အဆက်မပြတ် တက်နေခဲ့သော ဂရုချက်ထဲတွင် ခဏတာမျှ ထူးဆန်းစွာ တိတ်ဆိတ်သွားရသည်။
လူတိုင်းက ဤဗုံးဆန်သော သတင်းကြီးကြောင့် ကြက်သေ သေသွားကြသည့်အလားပင်။
နောက်တစ်စက္ကန့်တွင်တော့ ဂရုတစ်ခုလုံး ပေါက်ကွဲသွားလေတော့သည်။
[ကျန်းဟွိုင်မင်] : ဒါရိုက်တာကျန်း... ခင်ဗျားဆီမှာ တကယ်ကြီး အဲ့ဒီလို ပစ္စည်းကောင်းမျိုး ရှိနေတာလား.... ကျွန်တော့်ကို တစ်လုံးလောက် ရောင်းပေးပါ... ခင်ဗျား လိုချင်တဲ့စျေးသာ ပြော... ကျွန်တော် လုံးဝ စျေးမဆစ်ဘူး...
[စုရှောင်ရှောင်] : အား... အသက်နှစ်ဆယ်တောင် ပိုရှည်စေတာလား... ကျွန်မ ဝယ်ချင်တယ်... ဒါရိုက်တာကျန်းရယ်... ကျေးဇူးပြုပြီး ကျွန်မအတွက် တစ်လုံးလောက်တော့ ချန်ထားပေးပါ... ဒေဝါလီခံရမယ်ဆိုရင်တောင် ဝယ်မှာ...
[ကောရွှိုက်] : ဒါရိုက်တာကျန်း... မကြာသေးခင် နှစ်တွေအတွင်းမှာ ကျွန်တော့်အဖေ ကျန်းမာရေး သိပ်မကောင်းလို့ တစ်လုံးလောက် အရေးပေါ် လိုအပ်နေပါတယ်... စျေးနှုန်းက ညှိနှိုင်းလို့ ရပါတယ်...
[ချီခယ်ခယ်] : လူကြီးတွေ အရူးအမူး ဝယ်ချင်နေကြတာကို မြင်တော့ ကျွန်မလည်း တကယ်လိုချင်လာပြီ... ဒါပေမဲ့ ကျွန်မ လုံးဝ ဝယ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်... ဝါး... တိတ်တိတ်လေးပဲ မျက်ရည်ကျလိုက်တော့မယ်...
[ချန်မော့] : +၁... ဘာမှ ဆက်မပြောတော့ဘူး... အားကျတဲ့ မျက်ရည်တွေပဲ အရင် ကျလိုက်တော့မယ်...
ဂရုချက်ထဲတွင် ဝယ်ယူလိုသည့် တောင်းဆိုမှုများ ချက်ချင်း ပြည့်နှံသွားသည်ကို မြင်သောအခါ ကျန်းယဲ့က ပြုံးလိုက်ပြီး နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လိုက်၏။
[ကျန်းယဲ့] : ကျေးဇူးပြုပြီး မလောကြပါနဲ့ဦး... ကျွန်တော့်အကြံပေးချက်ကတော့ ခင်ဗျားတို့ ဒီပထမအသုတ် ဆေးလုံးတွေကို အလုအယက် ဝယ်ဖို့ မလိုသေးဘူး... အဲ့ဒီအစား ပိုလိုအပ်ပြီး ပိုသင့်တော်တဲ့သူတွေဆီကို ရောင်းချလိုက်ပါ...
ဂရုထဲရှိ လူတိုင်းက ပါးနပ်သူများ ဖြစ်ကြရာ ထိုစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
[ချောင်ဝမ်ပေါ်] : သဘောပေါက်ပြီ....ဒါရိုက်တာကျန်းက ဒီဆေးလုံးအသုတ်ကို သုံးပြီး အရင်ဆုံး ခေါင်းပုံဖြတ်... အာ မဟုတ်ဘူး... နိုင်ငံတကာက မိတ်ဆွေတွေနဲ့ ငွေကြေးသုံးနိုင်တဲ့ လူကုံထံတစ်အုပ်ကို အရင်ဆုံး အကျိုးခံစားခွင့် ပေးမလို့ပဲ...
[ကျန်းထောင်] : ဟားဟားဟား... ဒါရိုက်တာကျန်းက အရမ်း သဘောကောင်းတာပဲ.... ဒီအကွက်ကို ငါ ကြိုက်သွားပြီနော်~~
[ကန်ချန်] : ကဲပါ ကဲပါ... အားလုံး နောက်တာတွေ ရပ်ပြီး လိုရင်းကို ပြန်သွားကြစို့... ဒါရိုက်တာကျန်းအတွက် ဘယ်လောက်စျေးဆိုရင် သင့်တော်မလဲဆိုတာ အကြံပေးကြရအောင်... အသက်ဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ အရာပဲလေ...
အခန်း ၃၅၃ပြီး၏။