အခန်း ၃၅၄
Vol. 36 Ch. 354
အခန်း (၃၅၄) တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခြင်း
ဤသို့ဖြင့် ဂရုထဲတွင် ဈေးနှုန်းသတ်မှတ်ခြင်းနှင့် ပတ်သက်၍ အလွန်အမင်း အကြိတ်အနယ်ဖြစ်ပြီး လေးနက်သော ဆွေးနွေးမှုကြီး စတင်လေတော့သည်။
အချို့က ကနဦးလေလံကြမ်းခင်းဈေးကို ဒေါ်လာသန်းတစ်ရာဟု ပြောကြသော်လည်း အချို့ကတော့ ထိုစျေးမှာ နည်းလွန်းသည်ဟုဆိုကာ ငွေကြေးအလွန်ချမ်းသာသော သူဌေးကြီးများအတွက် အသက်တစ်နှစ် ပိုရှည်စေခြင်းကပင် ဒေါ်လာသန်းတစ်ရာ တန်ဖိုးရှိသည်ဟု ဆိုကြသည်။
တစ်စုံတစ်ယောက်က လေလံပွဲလုပ်ပြီး အများဆုံးပေးနိုင်သူကို ရောင်းချရန် အကြံပြုလာ၏။
အချို့လူများကတော့ ထိုသို့လုပ်ပါက ဈေးနှုန်း အလွန်အမင်း မြင့်တက်သွားမည်ကို စိုးရိမ်နေခဲ့ကြသည်။
နောက်ဆုံးတွင် အကြိတ်အနယ် ဆွေးနွေးမှုများအပြီး လူတိုင်းက ဘုံသဘောတူညီချက်တစ်ခု ရရှိသွားကြလေသည်။
[ကျန်းခိုင်] : အရာအားလုံးကို ထည့်တွက်စဉ်းစားကြည့်ရရင် တစ်လုံးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံဆိုတာက သင့်တော်တဲ့စျေးနှုန်းလို့ ထင်ပါတယ်... ဒီစျေးက အသက်ဆိုတာ တန်ဖိုးဖြတ်လို့မရဘူးဆိုတာကို ပေါ်လွင်စေသလို ကမ္ဘာ့အချမ်းသာဆုံးလူတွေအတွက်တောင် စော်ကားလိုက်သလိုခံစားရစေတဲ့အထိ အရမ်းကြီး မြင့်မနေတဲ့စျေးပါ...
[ကျန်းမင်ဟွေ့] : ကျွန်တော် ထောက်ခံတယ်...တစ်လုံးကို နှစ်ဘီလီယံဆိုတာ မျှတတဲ့စျေးပါပဲ......
[တင်းကောင်း] : ကျွန်တော်လည်း ထောက်ခံတယ်... ဒါရိုက်တာကျန်းရဲ့ ရိတ်သိမ်းမှုကို... အာ မဟုတ်ဘူး... ဒါရိုက်တာကျန်းရဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ကုန်သွယ်မှုကို ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ်...
[တက္ကသိုလ်ကျောင်းသား (D)] : ကျွန်တော် ထောက်ခံတယ်... ဒီစျေးပဲ ဖြစ်ရမယ်...
ကျန်းယဲ့က နောက်ဆုံးတွင် ဂရုချက်ထဲမှ လူများ အတူတကွ သတ်မှတ်လိုက်ကြသော အများပြည်သူဆိုင်ရာဈေးနှုန်းကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်၏။
တစ်လုံးကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ...
ဤစျေးနှုန်းက သာမန်လူများ၏ အမြင်တွင် ဘဝပေါင်းများစွာ အလုပ်လုပ်နေလျှင်တောင် ရှာနိုင်မည်မဟုတ်သည့် မိုးပျံနေသော နက္ခတ္တဗေဒဂဏန်းကြီးတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သို့သော် ကမ္ဘာ့အချမ်းသာဆုံး လူတန်းစားများထဲမှ အသက်အရွယ်ကြီးရင့်မှုနှင့် သေဆုံးခြင်းတို့ကို အပြင်းအထန် ကြောက်ရွံ့နေကြသူများ၏ အမြင်တွင်တော့ အသက်နှစ်ဆယ်စာ နုပျိုတက်ကြွမှုကို ဒေါ်လာနှစ်ဘီလီယံနှင့် လဲလှယ်ရခြင်းက...
ဒါက လုံးဝကို အလကားနီးပါး ရလိုက်တာဖြစ်သလို နတ်ဘုရားက ပေးတဲ့ လက်ဆောင်ပင်။
ဒါက အလွန်အမင်း တန်လွန်းနေတဲ့ မယုံနိုင်စရာ အရောင်းအဝယ်ကြီးဖြစ်၏။
"ကောင်းပြီ... ဒီစျေးပဲ ထားလိုက်မယ်..." ကျန်းယဲ့က ဖုန်းကို သိမ်းလိုက်ပြီး သူ၏ လက်ထဲရှိ အသက်ရှည်ဆေးလုံးကို ကြည့်လိုက်ပြန်သည်။ ချို့ယွင်းချက်ရှိနေသော ဆေးလုံးတစ်လုံးကို ၂ ဘီလီယံ ဆိုသည်မှာ တကယ်ကို မျှတသော စျေးနှုန်းပင်။
ကျန်းယဲ့က သူ၏ ပြတ်သားပြီး မြန်ဆန်ထိရောက်သော လုပ်ရပ်များကြောင့် အမြဲတမ်း လူသိများဆချသည်။
ဈေးနှုန်းသတ်မှတ်ပြီးသည်နှင့် သက်ဆိုင်ရာ ဌာနများကို ဆက်သွယ်ရန် လင်ရှောင်အား ချက်ချင်း ညွှန်ကြားလိုက်ပြီး တရားဝင်လိုင်းများနှင့် အဓိက မီဒီယာများမှတစ်ဆင့် အလွန်တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခုကို ထုတ်ပြန်လိုက်သည်။
[ယနေ့ည ၈ နာရီတိတိတွင်... ခရီးသွားလမ်းညွှန် ကျန်းယဲ့သည် ရွှမ်ဝူတိုက်ကြီးမှ ပြန်လည်သယ်ဆောင်လာသော ပထမဆုံးအသုတ် နတ်ဆေးလုံးများကို တိုရင်မှတစ်ဆင့် သီးသန့် တိုက်ရိုက်ထုတ်လွှင့် ရောင်းချသွားမည်ဖြစ်ပြီး အသက်နှစ်ဆယ် ပိုရှည်စေနိုင်သော အသက်ရှည်ဆေးလုံးများ ပါဝင်မည် ဖြစ်သည်။]
သတင်းက တိုတောင်းသော်လည်း ၎င်းက ကမ္ဘာတစ်ဝန်းသို့ ပစ်ချလိုက်သည့် ဗုံးတစ်လုံးကဲ့သို့ပင်။ လူမှုကွန်ရက်များနှင့် သတင်းခေါင်းစဉ်များ အားလုံးကို ချက်ချင်း မီးဟုန်းဟုန်း တောက်လောင်သွားစေခဲ့သည်။
[ #ကျန်းယဲ့က ယနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုမှာ နတ်ဆေးလုံးတွေ ရောင်းချသွားမည် ]
[ #အသက် ၂၀ ပိုရှည်စေမယ့် အသက်ရှည်ဆေးလုံး ]
ပေါက်ကွဲမှု၊ အပူဆုံး စသည့် စကားလုံးများက ပလက်ဖောင်း အားလုံးရှိ ရေပန်းအစားဆုံး ရှာဖွေမှုစာရင်းများ၏ ထိပ်ဆုံးသို့ အမြန်ဆုံး ရောက်ရှိသွားပြီး တစ်ခုချင်းစီ၏ နောက်တွင် အနီရဲရဲ HOTဆိုသည့် စာလုံးများ ချိတ်ဆွဲထားလေသည်။
အင်တာနက် ကွန်ရက်ကြီးတစ်ခုလုံး ထပ်မံ၍ ဆူညံပွက်လောရိုက်သွားပြန်ချေသည်။
ဤတစ်ကြိမ်တွင် ပြည်တွင်းမှသာမက တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကပါ ဤကိစ္စအပေါ်သို့ ကျရောက်နေခြင်း ဖြစ်၏။
ည ၇:၅၀ နာရီ... ကျန်းယဲ့၏ တိုရင်းတိုက်ရိုက်ထုတ်လွှင့်မှု တရားဝင် မစတင်မီ အချိန်လေးမှာပင် အမည်းရောင်ဖြစ်နေသေးသော စခရင်ပေါ်တွင် သုံးစွဲသူ သန်းပေါင်းများစွာ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
မက်ဆေ့ချ်များက အရမ်းများလွန်းသဖြင့် စာလုံးများကိုပင် မမြင်ရတော့ဘဲ လျင်မြန်စွာ လင်းလက်နေသည့် အရောင်အသွေးစုံလင်သော ဘလောက်တုံးများကဲ့သို့သာ ဖြစ်နေတော့သည်။
ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော မှတ်ချက်များက ရောနှောနေသဖြင့် ပလက်ဖောင်းက အင်အားအကောင်းဆုံး မက်ဆေ့ချ်များ စစ်ထုတ်ခြင်းနှင့် ခွဲဝေပေးခြင်း စနစ်ကို အရေးပေါ် ဖွင့်လှစ်လိုက်ရသည်။
တိုရင်း၏ နည်းပညာဌာနက အမြင့်ဆုံး သတိပေးချက်အောက်တွင် ရှိနေပြီး အင်ဂျင်နီယာများ အားလုံး အသင့်အနေအထားဖြင့် ရှိနေခဲ့ကြသည်။ ကမ္ဘာ့ထိပ်တန်း ဆာဗာအရင်းအမြစ်များအားလုံးကို ဤတိုက်ရိုက်ထုတ်လွှင့်မှုအတွက် ခွဲဝေချထားပေးကာ ထုတ်လွှင့်မှု ချောမွေ့ပြီး အနှောင့်အယှက် မရှိစေရန် အာမခံချက် ပေးထားရလေသည်။
ကမ္ဘာတစ်ဝန်းမှ အသုံးပြုသူများ.... အထူးသဖြင့် နိုင်ငံရပ်ခြားမှ အသုံးပြုသူများက ဤရှေးဟောင်းအရှေ့တိုင်း နိုင်ငံ၏ ဗီဒီယိုတို ပလက်ဖောင်းသို့ ဝင်ရောက်နိုင်ရန် VPN များကို အသုံးပြုနေကြရသည်။
ည ၈ နာရီတိတိတွင် စခရင်က လင်းလာပြီး ကျန်းယဲ့က ကင်မရာရှေ့တွင် ပေါ်လာခဲ့သည်။
သူက ဘာအပြင်အဆင်မှ မရှိသည့် သာမန်နေရာကိုသာ ရွေးချယ်ထားလေသည်။ သူ၏ ကိုယ်ပိုင်စာကြည့်ခန်းလေးဖြစ်ပြီး သူ၏ အနောက်တွင် အမျိုးအစားစုံလင်သော စာအုပ်များ ပြည့်နှက်နေသည့် သစ်ကြံပိုးရောင် စာအုပ်စင်ကြီး တစ်ခုလုံး ရှိနေသည်။
သူကိုယ်တိုင်က သက်တောင့်သက်သာရှိသော အပန်းဖြေကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေပြီး သူငယ်ချင်းဟောင်းတစ်ယောက်နှင့် စကားပြောနေသည့်အလား အလွန် သက်တောင့်သက်သာ ရှိနေခဲ့သည်။
"မင်္ဂလာညချမ်းပါ မိတ်ဆွေတို့..." သူက ကင်မရာကို ကြည့်ကာ ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်၏။ "ဟေ... ဘာလို့ အင်္ဂလိပ်... အာရပ်နဲ့ ဂျပန် ID တွေ ဒီလောက်များနေရတာလဲ... နိုင်ငံရပ်ခြားက မိတ်ဆွေတွေလည်း မင်္ဂလာပါဗျာ..."
မှတ်ချက်များက နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲသွားပြန်သည်။
[ မင်္ဂလာညချမ်းပါ ဒါရိုက်တာကျန်း.. ]
[ နောက်ဆုံးတော့ ရောက်လာပြီပဲ... ]
[ ဒါက တကယ်လား... ဒီဆေးလုံးက တကယ်ကြီး အသက်ပိုရှည်စေတာလား... ]
[ ဒါရိုက်တာကျန်း... အသက်ရှည်ဆေးလုံး ရောင်းမှာလားဟင်...]
[ ငြိမ်းချမ်းပါစေ... ဒူဘိုင်းကနေ နှုတ်ခွန်းဆက်ပါတယ်.... ]
[ ဒါရိုက်တာကျန်း ကျွန်တော့်ကိုကြည့်ပါဦး.... အဆိပ်ဖြေဆေးလုံးရော ကျန်သေးလား... ]
[ စျေးနှုန်း... စျေးနှုန်း... ဒါရိုက်တာကျန်း စျေးနှုန်းကြေညာပါ... ]
ကျန်းယဲ့က အပေါ်သို့ တက်နေသော မှတ်ချက်များကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်၏။ "ဒီတစ်ခေါက် တကယ်ကြီး ဆေးလုံးလာရောင်းတာလားလို့ မေးနေတဲ့လူ အများကြီး တွေ့တယ်... ဟုတ်ပါတယ်... ဒီနေ့ည ထုတ်လွှင့်တာ အဲ့ဒီအတွက်ပါ... ရွှမ်ဝူတိုက်ကြီးကနေ ကျွန်တော် ပြန်သယ်လာတဲ့ အသက်ရှည်ဆေးလုံးတွေကို အဓိက ရောင်းချသွားမှာပါ..."
သူက သေးငယ်လှပသော ကျောက်စိမ်းပုလင်းလေးကို ကောက်ကိုင်လိုက်ပြီး ကင်မရာရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ "အဆိပ်ဖြေဆေးလုံးလား... အော်... အဲ့ဒါက ကုန်သွားပြီ... အနည်းဆုံးတော့ ဒီတစ်ခေါက် မပါလာတော့ဘူး... ဒီတစ်ခေါက်အတွက် အဓိက ထုတ်ကုန်က ဒါပဲ... အသက်ရှည်ဆေးလုံး.... တစ်လုံးကို အသက်နှစ်ဆယ် ပိုရှည်စေတယ်... အရေအတွက်က သိပ်မများဘူး... စုစုပေါင်း အလုံးနှစ်ဆယ်ပဲ ပြန်သယ်လာနိုင်တယ်..."
အသက်နှစ်ဆယ်ဆိုသည့် ကိန်းဂဏန်းက မှော်ဆန်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ စခရင်ကို ဖြတ်သန်းကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ကမ္ဘာတစ်ဝန်းမှ မရေမတွက်နိုင်သော သူဌေးကြီးများ၏ ရင်ကို ချက်ချင်းပင် ရိုက်ခတ်သွားစေချေသည်။
ဥရောပရှိ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ရဲတိုက်ကြီးတစ်ခုအတွင်း...
ဈေးကြီးလှသော ဆေးဘက်ဆိုင်ရာ စက်ကိရိယာများဖြင့် အသက်ဆက်နေရပြီး ဖြူလျော့နေသော မျက်နှာထားရှိသည့် သက်ကြီးရွယ်အို မြို့စားကြီးတစ်ဦးက နံရံပေါ်ရှိ ကြည်လင်ပြတ်သားသော စခရင်ပေါ်မှ ကျန်းယဲ့နှင့် သူ၏ လက်ထဲရှိ ကျောက်စိမ်းပုလင်းကို စူးစိုက်ကြည့်နေ၏။ သူ၏ အသက်ရှူသံများက လေးလံမြန်ဆန်လာပြီး သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်လုမတတ် ဆန္ဒများ ပေါက်ကွဲထွက်လာလေသည်။
သူက ဘေးတွင်ရှိနေသော တူရှီဒို ဝတ်စုံဝတ်ထားပြီး သပ်ရပ်စွာနေတတ်သည့် အိမ်တော်ထိန်း အိုကြီးအား အက်ကွဲနေသော အသံဖြင့် မေးလိုက်၏။ "ရန်ပုံငွေတွေ ရောက်ပြီလား..."
"အရာအားလုံး အဆင်သင့်ပါပဲ သခင်ကြီး... အမေရိကန်ဒေါ်လာ ဘီလီယံသုံးရာ အဆင်သင့်ရှိပြီး ဘယ်လိုလေလံဆွဲမှုမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်ပါတယ်..." အိမ်တော်ထိန်းက ဦးညွှတ်ကာ ပြန်ဖြေလိုက်ပြီး သူ၏ လေသံက တည်ငြိမ်နေသော်လည်း အကြွင်းမဲ့ ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
နယူးယောက်မြို့၊ မန်ဟက်တန်ရှိ ထိပ်ဆုံးထပ် ရုံးခန်းတစ်ခုအတွင်း...
ငွေရေးကြေးရေး သူဌေးကြီးဟု လူသိများသော သက်ကြီးရွယ်အိုတစ်ဦးက သူ၏ လက်ထဲရှိ အစီရင်ခံစာများ အားလုံးကို ဘေးသို့ တွန်းဖယ်လိုက်၏။ ထိုအချိန်တွင် ဧရာမဟိုလိုဂရမ် စခရင်ကြီးတစ်ခုက တိုရင်တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို ရှင်းလင်းစွာ ပြသနေသည်။
သူက စားပွဲကို လက်ချောင်းများဖြင့် ညင်သာစွာ ခေါက်လိုက်ပြီး ဘေးတွင် လက်ယှက်ရပ်နေသော သူ၏ အတွင်းရေးမှူးမလေးကို မေးလိုက်၏။ "ရန်ပုံငွေတွေ အဆင်သင့်ဖြစ်ပြီလား..."
"ဘော့စ်... ကမ္ဘာတစ်ဝန်းက အကောင့်ပေါင်းများစွာမှာ လှည့်သုံးလို့ရမယ့် ဒေါ်လာ ဘီလီယံ ၄၀ ကို ပြင်ဆင်ထားပြီး လုံးဝ လုံခြုံစိတ်ချရအောင် လုပ်ထားပါတယ်..." အတွင်းရေးမှူးမလေးက မြန်ဆန်ရှင်းလင်းစွာ အစီရင်ခံလိုက်၏။
အရှေ့အလယ်ပိုင်းရှိ အလွန်တရာ ခမ်းနားလှသော နန်းတော်များစွာအတွင်းတွင်လည်း...
လူငယ် အိမ်ရှေ့မင်းသားများနှင့် ချမ်းသာလှသော ရှိတ်သူဌေးကြီးများက စခရင်များကို စူးစိုက်ကြည့်နေကြပြီး သူတို့၏ အကြံပေးအဖွဲ့များက ပြိုင်ဘက်များ၏ အခြေအနေကို အဆက်မပြတ် သုံးသပ်နေကြသည်။
သူတို့အတွက် ငွေကြေးဆိုသည်မှာ ဂဏန်းတစ်ခုမျှသာဖြစ်ပြီး အချိန်နှင့် ကျန်းမာရေးသာလျှင် တန်ဖိုးဖြတ်၍မရနိုင်သော ရတနာများပင်။
ကမ္ဘာ့ထိပ်တန်း ဘီလီယံနာအသိုင်းအဝိုင်းထဲတွင် အိပ်ပျော်နေသူဟူ၍ တစ်ယောက်မျှပင် မရှိသလောက်ဖြစ်ပြီး သူတို့အားလုံးက သတင်းများကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။
တစ်ချိန်တည်းမှာပင် သာမန် အင်တာနက်အသုံးပြုသူများကလည်း ဤသမိုင်းဝင် မြင်ကွင်းကြီးကို ကိုယ်တိုင် မျက်မြင်တွေ့ရှိလိုသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ အလုအယက် ဝင်ရောက်လာကြသည်။
မက်ဆေ့ချ်များထဲတွင် သူဌေးကြီးတွေကို လာငေးတာ၊ ဗဟုသုတ လာရှာတာ နှင့် ငါ မဝယ်နိုင်ပေမဲ့ ဘယ်သူဝယ်မလဲဆိုတာတော့ ကြည့်ချင်တယ်.... စသည့် မှတ်ချက်များဖြင့် ပြည့်နှက်နေချေသည်။
စျေးနှုန်း နှင့် ပတ်သက်သော မက်ဆေ့ချ်များ စခရင်ပေါ်တွင် ထပ်မံပြည့်လျှံလာသည်ကို ကြည့်ကာ ကျန်းယဲ့က အနည်းငယ် ပြုံးလိုက်ပြီး နောက်ဆုံးတွင် အဖြေကို ထုတ်ဖော်လိုက်လေသည်။
"အားလုံး အများဆုံး သိချင်နေကြတာက စျေးနှုန်းပဲ ထင်တယ်... အင်း... စျေးနှုန်းကတော့..."
သူက လူတိုင်း၏ သိချင်စိတ်ကို ပိုမိုဆွပေးရန် အသံကို တမင်ဆွဲထားလိုက်၏။
"ပွင့်ပွင့်လင်းလင်း ပြောရရင် လုံးဝ မစျေးကြီးပါဘူး... တကယ်ကို စျေးပေါတာပါ..."
ထို့နောက် သူက ဂဏန်းတစ်ခုကို ပေါ့ပေါ့ပါးပါး ပြောချလိုက်၏။ "၂ ဘီလီယံ... တစ်လုံးကို... ယူနစ်က... အမေရိကန်ဒေါ်လာ..."
၂ ဘီလီယံ....
ဤစျေးနှုန်းကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် သာမန် အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များက ပေါက်ကွဲထွက်သွားလေတော့သည်။
အခန်း ၃၅၄ပြီး၏။