အခန်း ၃၅၅
Vol. 36 Ch. 355
အခန်း (၃၅၅) တစ်... နှစ်... သုံး...လေး... လင့်ခ်ချပေး
[ ဘယ်လောက်....၂ ဘီလီယံ... ငါ နားကြားလွဲတာများလားဟ.. ]
[ စျေးပေါတယ်... ဒါရိုက်တာကျန်း... ဂေါ်ဖီထုပ်နဲ့ ပတ်သက်ပြီး တစ်ခုခုများ နားလည်မှုလွဲနေတာလား... ]
[ ကျွန်တော့်ကို အပိုင်းပိုင်းခုတ်ရောင်းရင်တောင် ဒီပိုက်ဆံရဲ့ အစွန်းထွက်လေးတောင် ရမှာမဟုတ်ဘူး... ]
[ နှုတ်ဆက်ပါတယ် အားလုံးပဲ... ငါက တန်ဖိုးမရှိတဲ့ကောင်ပါ... ]
[ ထင်တဲ့အတိုင်းပဲ... အသက်ပိုရှည်ဖို့ဆိုတာက ထိပ်တန်းသူဌေးကြီးတွေအတွက် ကစားပွဲတစ်ခုပဲ... ငါတို့က NPC တွေပါပဲ... ]
[ ဒါပေမဲ့လည်း... အသက်နှစ်ဆယ်တောင် ပိုရှည်စေတာဆိုတော့လေ... အဲ့ဒီ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေအတွက် ၂ ဘီလီယံဆိုတာက တကယ်ကို သိပ်မများဘူးလို့ ထင်တာပဲ... ]
သို့သော် စခရင်ပေါ်မှ အံ့ဩမှင်သက်နေမှုများ၊ မိမိကိုယ်ကို လှောင်ပြောင်နေမှုများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ကင်မရာရှေ့တွင်ရှိနေသော ထိပ်တန်းဘီလီယံနာများ၏ တုံ့ပြန်မှုများပင်။
"၂ ဘီလီယံ... အမေရိကန်ဒေါ်လာ..." ဥရောပရဲတိုက်ကြီးထဲမှ သက်ကြီးရွယ်အို မြို့စားကြီးမှာ တစ်ခဏမျှ ကြောင်အသွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် ယုတ္တိမတန်လောက်အောင် ကြီးမားလှသည့် ဝမ်းသာပျော်ရွှင်မှုများက လင်းလက်သွားရသည်။ "မြန်မြန်... အဆင်သင့်ပြင်ထားကြ.... ဒီစျေးက နတ်ဘုရားက ပေးတဲ့ လက်ဆောင်ပဲ... ငါတို့ ရအောင် ယူရမယ်.... အနည်းဆုံး တစ်လုံးတော့ ရအောင်ယူ...."
နယူးယောက်မြို့မှ ငွေရေးကြေးရေး သူဌေးကြီးကလည်း အလွန်တရာ ကျေနပ်သွားသည့်ဟန်ဖြင့် နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်၏။ "အရမ်းကို မျှတတဲ့ စျေးနှုန်းပဲ... အဆင်သင့် ပြင်ထားကြ... ငါ ဘာအမှားအယွင်းမှ မဖြစ်စေချင်ဘူး..."
အရှေ့အလယ်ပိုင်းမှ မင်းသားများကမူ သက်တောင့်သက်သာ ရယ်မောလိုက်ကြပြီး ကျန်ရှိနေသည့် ဆေးလုံးများ အားလုံးကိုပါ အကုန်ဝယ်ယူလိုက်ရန်ပင် စတင်ဆွေးနွေးလာကြသည်။
သူတို့အတွက် နုပျိုတက်ကြွသည့် အသက်နှစ်ဆယ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် လဲလှယ်ရခြင်းက လုံးဝကို စျေးကြီးလွန်းသည့်အရာ မဟုတ်ချေ။ ၎င်းက မှန်းဆ၍မရနိုင်လောက်အောင် စျေးပေါလွန်းလှ၏။
ဤသည်မှာ ဒါရိုက်တာကျန်း သူတို့ကို ပေးခဲ့ဖူးသမျှ အကြီးမားဆုံး အထူးလျော့စျေးကြီးပင်။
ကျန်းယဲ့က စခရင်ပေါ်တွင် ရူးသွပ်လုမတတ် အဆက်မပြတ် တက်လာနေသော မှတ်ချက်များကို ကြည့်နေလိုက်သည်။ ဘာသာစကားမျိုးစုံဖြင့် အံ့ဩနေမှုများ၊ ဆွေးနွေးနေမှုများအပြင် အများဆုံးတွေ့ရသည့် မှတ်ချက်မှာ တိုက်တွန်းနေခြင်းများ ဖြစ်သည်။
[ လင့်ခ်လေး ချပေးပါ ဒါရိုက်တာကျန်းရေ... စကားကြီးပဲ ပြောမနေပါနဲ့... ]
[ မြန်မြန်... မြန်မြန်.. မြန်မြန်...ငါက ဒီစူပါသူဌေးကြီးတွေရဲ့ အကြိတ်အနယ်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ဖို့ အသင့်ဖြစ်နေပြီ... ]
[ ဒါရိုက်တာကျန်းက လင့်ခ်ဘယ်လို တင်ရမလဲဆိုတာ မသိတာများလား... ဟားဟား... ]
[ တစ်... နှစ်... သုံး... လင့်ခ်ချပေး... ]
ဤစည်းချက်ကျကျ မှတ်ချက်တစ်ခု ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နောက်တွင် "တစ်... နှစ်... သုံး... လင့်ခ်ချပေး..." ဆိုသည့် မှတ်ချက်ရှည်ကြီးများက အဆက်မပြတ် လိုက်ပါလာခဲ့သည်။
ကျန်းယဲ့က မှတ်ချက်များကြောင့် ရယ်ချင်သွားပြီး နောက်ကွယ်မှ သူ၏ ဖုန်းကို ဖြည်းညှင်းစွာ စတင် ကလစ်နှိပ်နေကာ မသိစိတ်အရ တိုးတိုးလေး ရေရွတ်နေမိသည်။ မိုက်ကရိုဖုန်းမှ ကြားရလောက်ရုံ အသံလေးဖြင့်ပင်။
"ဟေ... ဒီစျေးဝယ်ခြင်းတောင်းက ဘယ်မှာပါလိမ့်..."
"အော်... တွေ့ပြီ..."
"ထုတ်ကုန်ထည့်မယ်... စျေးနှုန်းသတ်မှတ်မယ်..."
"အင်း... ၂ ဘီလီယံ..."
"အရေအတွက် နှစ်ဆယ်... အတည်ပြုတယ်..."
"ပြီးသွားပြီလား... ဒါဆို မှန်လောက်ပြီနော်..."
သူက အေးအေးဆေးဆေး လင့်ခ်ချပေးနေခြင်းပင်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ သာမန်အင်တာနက်အသုံးပြုသူများမှာ သဘောကျလွန်းသဖြင့် အခြေအနေကို ပိုမိုလှောင်ပြောင် နောက်ပြောင်နေကြလေသည်။
[ ဒါရိုက်တာကျန်းက ဒီအလုပ်နဲ့ သိပ်မရင်းနှီးသေးဘူး ထင်တယ်... ]
[ ဟားဟား... အကြောင်းပြချက်မရှိဘဲ ချစ်စရာကောင်းနေတယ်... ]
[ ငါက ကြည့်နေရင်း စိတ်ပူလာပြီ... ဒါရိုက်တာကျန်းရေ မြန်မြန်လုပ်ပါတော့.. ]
သို့သော် ဤပေါ့ပါးပြီး ဟာသဆန်သော လေထုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်မှာ အသက်ရှည်ဆေးလုံးကို အမှန်တကယ် လိုချင်တောင့်တနေကြသော စခရင်ရှေ့မှ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများပင်။
သူတို့အားလုံးက စခရင်၏ ညာဘက်အောက်ထောင့်တွင် ပေါ်လာနိုင်သည့် စျေးဝယ်ခြင်းတောင်း ပုံစံလေးကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေကြပြီး သူတို့၏ လက်ချောင်းများက မောက်စ် သို့မဟုတ် ဖုန်းစခရင်ပေါ်တွင် အသင့်အနေအထားဖြင့် ရပ်တန့်နေခဲ့ကြသည်။ သူတို့၏ အသက်ရှူသံများပင် ရပ်တန့်လုနီးပါးဖြစ်နေပြီး နှလုံးခုန်သံများကလည်း အပြင်းအထန် ခုန်ပေါက်နေချေသည်။
သူတို့၏ အနောက်မှ နည်းပညာအဖွဲ့၊ လက်ထောက်များနှင့် မိသားစုဝင်များမှာလည်း စိုးရိမ်ပူပန်မှုကြောင့် ချွေးများပင် ပျံနေကြရ၏။
နောက်ဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှု၏ ညာဘက်အောက်ထောင့်တွင် စျေးဝယ်ခြင်းတောင်း ပုံစံလေး ပေါ်လာပြီး လင့်ခ်လေး ကျလာလေသည်။
ကျန်းယဲ့က ပါးစပ်ဟလိုက်ကာ သတိပေးလိုဟန်ဖြင့် "ကျွန်တော့် လင့်ခ်..."
ကျလာပြီဟူသည့် စကားလုံးလေးပင် မထွက်နိုင်သေးခင် ပြီးတော့ ထိုစျေးဝယ်ခြင်းတောင်း ပုံစံလေးကို လူအများစု၏ မျက်လုံးထဲတွင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသေးခင်မှာပင်....
စခရင်၏ အလယ်ဗဟိုတွင် စနစ်အသိပေးချက်တစ်ခုက ချက်ချင်း ပေါ်လာ၏။ [ပစ္စည်းများ ရောင်းကုန်သွားပါပြီ]
ချီး.... မြန်လိုက်တာ...
မယုံနိုင်စရာကောင်းလောက်အောင် မြန်လိုက်တာ...
"ယီးပဲ......"
ဥရောပရဲတိုက်ကြီးအတွင်း သေလုမျောပါး ဖြစ်နေပုံရသော သက်ကြီးရွယ်အို မြို့စားကြီးသည် သူ၏ အပန်းဖြေကုလားထိုင်ပေါ်တွင် ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး မယုံနိုင်လောက်အောင် ဝမ်းသာအားရဟစ်အော်သံကြီးကို ထုတ်ဖော်လိုက်၏။
သူ၏ တွန့်လိမ်နေသော လက်ချောင်းများက ကွန်ပျူတာစခရင်ပေါ်ရှိ ငွေပေးချေမှု အောင်မြင်ပါသည်ဟူသော မက်ဆေ့ချ်လေးကို ထိုးပြနေပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကာ ဖြူလျော့နေသော မျက်နှာမှာလည်း အနည်းငယ် နီမြန်းလာရသည်။
"ရပြီ.. ငါ ရပြီ... မြန်မြန်.... အကောင်းဆုံး ဆေးဘက်ဆိုင်ရာ အဖွဲ့ကို ချက်ချင်း အသင့်ပြင်ခိုင်းထားလိုက်..."
ရဲတိုက်ကြီးတစ်ခုလုံးက ချက်ချင်းပင် အသက်ဝင်လှုပ်ရှားလာခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် နယူးယောက်မြို့မှ ထိုငွေရေးကြေးရေး သူဌေးကြီး၏ ရုံးခန်းထဲတွင်တော့ လေထုက အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေ၏။
သက်ကြီးရွယ်အိုသူဌေးကြီးက စခရင်ပေါ်ရှိ ပစ္စည်းများ ရောင်းကုန်သွားပါပြီဟူသော မက်ဆေ့ချ်ကို ကြည့်ကာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး သူ၏ လက်ထဲရှိ တန်ဖိုးကြီး ဖန်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်ရာ ဖန်ကွဲစများ နေရာအနှံ့ လွင့်စင်သွားရသည်။
သူ၏ အေးစက်သော အကြည့်များက အနောက်မှ တိတ်ဆိတ်နေသော အဖွဲ့ကို ဝေ့ကြည့်လိုက်ပြီး ရေခဲဂူတစ်ခုကဲ့သို့ အေးစက်လှသော အသံဖြင့် ပြောလိုက်၏။ "အသုံးမကျတဲ့ အမှိုက်ကောင်တွေ... ဒေါ်လာဘီလီယံ ရာနဲ့ချီရှိတယ်... အကောင်းဆုံး ကွန်ရက်တွေ သုံးထားတယ်... ဒါတောင် ဆေးတစ်လုံးလေးတောင် မရလိုက်ဘူးလို့ မင်းတို့ ငါ့ကို ပြောနေတာလားကွ... "
အတွင်းရေးမှူးနှင့် နည်းပညာရှင်များမှာ အလွန်တရာ ကြောက်လန့်သွားကြပြီး သူတို့၏ မျက်နှာများ ဖြူရော်ကာ ချွေးစေးများပင် ထွက်လာကြသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များက ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ထပ်မံ၍ ပေါက်ကွဲထွက်လာပြန်သည်။
[ သေလိုက်ပါတော့.. ]
[ ကုန်သွားပြီ... ငါ လင့်ခ်လေး မြင်လိုက်ရုံပဲ ရှိသေးတယ်... ကုန်သွားပြီလားဟ... ]
[ ဒါက လူရဲ့ လက်မြန်နှုန်း ဟုတ်ရဲ့လား.... ]
[ ကမ္ဘာပေါ်က သူဌေးတွေ အားလုံးက... ဒီမှာပဲ လာစောင့်နေကြတာလား... ]
[ ၂ ဘီလီယံ... ဆေးလုံး ၂၀... ၄၀၀ ဘီလီယံ... မိနစ်ပိုင်းအတွင်း ကုန်သွားတာ... အာ မဟုတ်ဘူး... စက္ကန့်ပိုင်းအတွင်း ကုန်သွားတာလား... ]
[ ဝိုး... ငါ လုံးဝကို အံ့ဩသွားပြီ... ဒါက တကယ့် နတ်ဘုရားတွေရဲ့ တိုက်ပွဲပဲ... ]
ကျန်းယဲ့က လင့်ခ်ချပေးပြီး မျက်စိတစ်မှိတ်အတွင်း ရောင်းကုန်သွားသည်ကို မြင်သောအခါ တစ်ခဏမျှ ကြောင်အသွားပြီးနောက် ရယ်မောလိုက်၏။ "ခင်ဗျားတို့ တကယ်ကို မြန်တာပဲ..."
ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူအချို့က နောက်ဆက်တွဲကိစ္စများကို စတင်မေးမြန်းလာကြသည်။
[ ဒါရိုက်တာကျန်း... ဒါကို ဘယ်လို ပို့ပေးမှာလဲ... အမြန်ချောပို့နဲ့ ပို့ပေးမှာလား... ]
[ တန်ဖိုး ၂ ဘီလီယံတောင်ရှိတဲ့ ပစ္စည်းကို အမြန်ချောပို့နဲ့ ပို့မယ်... လမ်းမှာ အလွဲအပြောင်း လုပ်ခံရတာ... အခိုးခံရတာကို မကြောက်ဘူးလား... ]
[ သေချာပေါက် အထူးလေယာဉ်နဲ့ သီးသန့်လုံခြုံရေးတွေ ခေါ်ပြီး ကိုယ်တိုင်လာယူကြမှာပေါ့ ဟုတ်တယ်မလား... ]
[ ငါ့အထင် ဝယ်သူက ထိပ်တန်းအဆင့် လုံခြုံရေးတွေနဲ့ လူလွှတ်ပြီး ကိုယ်တိုင်လာယူခိုင်းလောက်တယ်... ]
[ အရမ်းအားကျတာပဲ.... ဝယ်နိုင်လိုက်တဲ့လူက ဒါရိုက်တာကျန်းနဲ့ လူချင်းတွေ့ခွင့်ရမယ့် အခွင့်အရေးများ ရနိုင်မလား... ]
စခရင်ရှေ့တွင် အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ကြသော သူဌေးကြီးများကလည်း ဤမှတ်ချက်များကြောင့် စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ ရင်ထဲတွင် ကြီးမားလှသော မျှော်လင့်ချက်များ ပေါ်ပေါက်လာကြသည်။
အကယ်၍ သူတို့က ဤအခွင့်အရေးကို အသုံးချကာ ဆန်းကြယ်လှသော ကျန်းယဲ့နှင့် လူကိုယ်တိုင် တွေ့ဆုံပြီး ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မည်ဆိုပါက ၎င်း၏ ရေရှည်တန်ဖိုးက အသက်ရှည်ဆေးလုံး တစ်လုံးထက်ပင် ပို၍ ကြီးမားလာနိုင်ဖွယ် ရှိချေသည်။
သို့သော် သူတို့၏ မျှော်လင့်ချက်များက ပျက်စီးသွားရန် ဖန်လာရသည်။
ကျန်းယဲ့က ဆွေးနွေးမှုများကို ကြည့်ကာ ပြုံးပြီး ခေါင်းခါလိုက်၏။ "အဲ့ဒီလောက်ကြီး ရှုပ်ထွေးနေစရာ မလိုပါဘူး... စာတိုက်ကနေ ပို့စရာမလိုသလို ဝယ်သူတွေဘက်က လူလွှတ်ပြီး လာယူရလောက်အောင် ဒုက္ခခံစရာလည်း မလိုပါဘူး..."
သူက ဆန်းကြယ်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး လူတိုင်းကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်၏။
"ဝယ်ယူနိုင်လိုက်တဲ့ သူတွေ... ခင်ဗျားတို့ရဲ့ ဘေးမှာ ဒါမှမဟုတ် ရှေ့မှာ ဘာရှိလဲဆိုတာ တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ပါ... ခင်ဗျားတို့ရဲ့ ပစ္စည်းတွေ ရောက်လောက်ပြီ..."
ဤစကားကို ကြားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များက တစ်ခဏမျှ ဗလာကျင်းသွားပြီးနောက် နျူကလီးယားဗုံး ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။
[ ....... ]
[ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ... ]
[ ရောက်ပြီ... ဘယ်နေရာကိုလဲ... ]
[ ဒါရိုက်တာကျန်း... ကျေးဇူးပြုပြီး သေချာရှင်းပြပါဦး... ]
[ လေထဲကနေ ပေါ်လာတာလား... မဖြစ်နိုင်တာ... ]
တစ်ချိန်တည်းမှာပင် စခရင်ပေါ်တွင် ငွေပေးချေမှု အောင်မြင်သွားခဲ့သော သူဌေးကြီးများကလည်း ကြောင်အသွားကြပြီး ကျန်းယဲ့ ဘာကိုဆိုလိုမှန်း လုံးဝ နားမလည်ဖြစ်သွားကြရသည်။
အချို့ဆိုလျှင် စိုးရိမ်ပူပန်မှုများပင် ခံစားလိုက်ရပြီး သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။ သူကများ ငွေလိမ်သွားတာလား...
သို့သော် သူတို့၏ နားလည်နိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်နေသည့် သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်လာသော မြင်ကွင်းကြောင့် ဤယုတ္တိမတန်သော အတွေးက ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖျက်ဆီးခံလိုက်ရလေသည်။
ဥရောပရဲတိုက်ကြီးထဲတွင် သက်ကြီးရွယ်အို မြို့စားကြီးက ဆေးလုံး သယ်ဆောင်လာမည့် ယာဉ်တန်းအတွက် ပြင်ဆင်ရန် သူ၏အိမ်တော်ထိန်းအား စိတ်လှုပ်ရှားစွာ ညွှန်ကြားနေစဉ် ရုတ်တရက် ထူးဆန်းပြီး ချိုမြိန်သော ရနံ့တစ်ခုက လေထဲတွင် ပြည့်နှံ့လာချေသည်။
သူက မသိစိတ်အရ အောက်ငုံ့ကြည့်လိုက်ရာ တွန့်လိမ်နေသော သူ၏ လက်ဝါးပေါ်တွင် စွဲမက်ဖွယ်ကောင်းသော ဆေးရနံ့များ ထုတ်လွှတ်နေသည့် နို့နှစ်ရောင် တောက်ပနေသော ဆေးလုံးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရ၏။
ဒါက တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်ခဲ့ရတဲ့ အသက်ရှည်ဆေးလုံးပဲ...
"ဘုရားရေ..." မြို့စားကြီးက လုံးဝ ကြက်သေ သေသွားပြီး အံ့ဖွယ်အရာတစ်ခုကို မျက်မြင်တွေ့ရှိလိုက်ရသည့်အလား မျက်လုံးအပြူးသားဖြင့် ကြည့်နေမိတော့သည်။
အခန်း ၃၅၅ပြီး၏။