← Chapters

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း (၃၅၇) ထိပ်ဆုံးနေရာအတွက် အပြိုင်အဆိုင်

​တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များကဏ္ဍတွင် ဤလျှို့ဝှက်ကုဒ်နာမည်များနောက်ကွယ်မှ အမှန်တကယ် ပိုင်ရှင်များက တရုတ်နိုင်ငံမှ ရှေးဟောင်းမိသားစုများလော၊ ရှေးဟောင်းဥရောပမှ မြင့်မြတ်သော မျိုးရိုးများလော၊ သို့မဟုတ် ကမ္ဘာကြီးကို ချုပ်ကိုင်ထားသော မျိုးရိုးစဉ်ဆက် သူဌေးကြီးမိသားစုများလောဆိုသည်ကို ရူးသွပ်လုမတတ် အပြိုင်အဆိုင် ခန့်မှန်းနေကြသဖြင့် ဆူညံပွက်လောရိုက်နေခဲ့ကြသည်။

​ဤဆယ်မိနစ်စာ ထိပ်ဆုံးနေရာအတွက် တိုက်ပွဲကြီးက ယခင်ဆေးလုံးလုခဲ့သည့် အခြေအနေထက်ပင် ပိုမိုပြင်းထန်ပြီး အဆမတန် ကြီးကျယ်ခမ်းနားနေခဲ့ကာ ကမ္ဘာတစ်ဝန်းရှိ အင်တာနက်အသုံးပြုသူများကို မျှော်လင့်ချက် အလင်းတန်းလေးတစ်ခုအတွက် စစ်မှန်သော ဓနအင်အားကြီးများ မည်မျှအထိ ငွေကို ရေလိုသုံးနိုင်သည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခွင့် ရစေခဲ့သည်။

​ကျန်းယဲ့က စခရင်ပေါ်တွင် ရူးသွပ်လုမတတ် ပေါက်ကွဲထွက်နေဆဲဖြစ်ပြီး စခရင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းနေသည့် လက်ဆောင် အထူးပြုလုပ်ချက်များကို ကြည့်နေလိုက်၏။ သို့သော် သူ၏ မျက်ဝန်းများက တည်ငြိမ်နေပြီး သူ၏ ရင်ထဲတွင်လည်း မည်သည့် လှုပ်ခတ်မှုမျှ မရှိခဲ့ချေ။

​ယခုအခါ ငွေကြေးနှင့် အသက်ရှည်ခြင်းကို ယှဉ်လာလျှင်......

​သူ့အတွက် နောက်ဆုံးတစ်ခုက ပို၍ ဆွဲဆောင်မှု ရှိနေ၏။

​သူက နောက်ဆုံးအဆင့် ရောဂါဆိုးကြီးမှ လုံးဝ ပျောက်ကင်းသွားခဲ့ပြီးဖြစ်ကာ ယခုအခါ အသက်ရှင်သန်ခွင့်အတွက် စိုးရိမ်စရာ မရှိတော့သော်ငြားလည်း...

​ရိုးရိုးသားသား ပြောရလျှင် ပိုအသက်ရှည်ရှည် နေရမည်ကို ဘယ်သူကများ ငြင်းဆန်မည်နည်း...

​သို့သော် သူ၏ ဤဆန္ဒက သေလုမျောပါးဖြစ်နေသူများ၏ ဆန္ဒနှင့်ယှဉ်လျှင် ပြင်းထန်မှုနှင့် ရူးသွပ်မှု အလွန်နည်းပါးလှချေသည်။

​သူ့အတွက် ယခုအခါ ငွေကြေးဆိုသည်မှာ အမြဲတမ်း အပြောင်းအလဲဖြစ်နေသော ကိန်းဂဏန်းတန်းကြီး တစ်ခုမျှသာ ဖြစ်နေတော့သည်။

​သေချာသည်မှာ နောက်ကွယ်ရှိ ထိုရှည်လျားလှသော သုညတန်းကြီးကို ကြည့်ရခြင်းက သူ့ကို သိမ်မွေ့သော အောင်မြင်မှုခံစားချက် တစ်မျိုးတော့ ပေးစွမ်းနိုင်သေးလေသည်။

​ပလက်ဖောင်းတိုင်းနှင့် စထရင်းမာတိုင်းကို ရူးသွပ်သွားစေနိုင်သည့် ဤထိပ်ဆုံးနေရာတိုက်ပွဲကြီးကို သူ ဆက်လက်အာရုံမစိုက်တော့ဘဲ မတ်တတ်ရပ်ကာ ပေါ့ပေါ့ပါးပါး အကြောဆန့်လိုက်ပြီး ကင်မရာမြင်ကွင်းထဲမှ ထွက်သွားလိုက်သည်။

​ခဏအကြာတွင် သူက လက်ထဲ၌ တစ်ရှူးအနည်းငယ် ကိုင်လျက် ဖြည်းညှင်းစွာ ပြန်လျှောက်လာခဲ့ပြီး ရေဆေးထားသဖြင့် စိုနေဆဲဖြစ်သော လက်ကို အေးအေးဆေးဆေး သုတ်နေလိုက်သည်။

( NT- ဘာလုပ်ခဲ့သလဲတော့ မသိဘူး.....)

​သူက ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး ကွန်ပျူတာစခရင်၏ ညာဘက်အောက်ထောင့်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်၏။

​"နောက်ထပ် နှစ်မိနစ်ပဲ ကျန်တော့တယ်... သဘောတူထားတဲ့ ဆယ်မိနစ်ပြည့်တာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တော့မယ်..."

​နှစ်မိနစ်တိတိ ထိုင်စောင့်နေရခြင်းက အတော်လေး ပျင်းစရာကောင်းသဖြင့် ကျန်းယဲ့က ဆူပွက်နေဆဲဖြစ်သော မှတ်ချက်များကို ကြည့်ကာ သူတို့နှင့် စကားစမြည် ပြောရန် ဆုံးဖြတ်လိုက်၏။

​"မနက်ဖြန် ဘယ်ဆေးလုံး ရောင်းမလဲဆိုတာ Spoil ဖို့ ကြိုပြောပြဖို့ တောင်းဆိုနေတဲ့လူတွေ အများကြီး တွေ့တယ်..."

​သူက ပြုံးလိုက်ပြီး လူတိုင်း၏ သိချင်စိတ်ကို ပိုဆွလိုက်သည်။

​"အင်း... ကောင်းပြီ... ဒါကို လျှို့ဝှက်ချက်အနေနဲ့ ထားပြီး စိတ်လှုပ်ရှားစရာလေး ဖန်တီးထားလိုက်တာပေါ့..."

​ထို့နောက် သူက စကားလမ်းကြောင်းလွှဲကာ အခြားအကြောင်းအရာတစ်ခုကို စတင်ပြောလိုက်ပြန်သည်။ "ဒါပေမဲ့ တခြားတစ်ခုကိုတော့ ကြိုပြောပြလို့ရတယ်..."

​သူက ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "ခင်ဗျားတို့... ဝိညာဉ်ကျောက်တုံး လိုချင်လား..."

​"ဝိညာဉ်ကျောက်တုံးဆိုတာ ရွှမ်ဝူတိုက်ကြီးက ကျင့်ကြံသူတွေ အသုံးပြုတဲ့ အသုံးအများဆုံး ငွေကြေးပဲ... ပြီးတော့ သူတို့ ကျင့်ကြံတဲ့အခါ စုပ်ယူရတဲ့ စွမ်းအင်အရင်းအမြစ်လည်း ဖြစ်တယ်... သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်တဲ့ ကျောက်တုံးတွေပေါ့..."

​"ခင်ဗျားတို့ လိုချင်တယ်ဆိုရင် မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ လင့်ခ်လေး တချို့ချပေးမယ်... စိတ်ဝင်စားတဲ့သူတွေ ဝယ်ပြီး စုထားလို့ရတာပေါ့... တကယ်လို့ နောင်တစ်ချိန် ခင်ဗျားတို့ ရွှမ်ဝူတိုက်ကြီးကို သွားခွင့်ရခဲ့ရင် လက်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိနေတော့ ပိုပြီး အဆင်ပြေတယ် မဟုတ်ဘူးလား... အဲ့ဒီက ဒေသထွက် ဆေးလုံးတွေ၊ မှော်ပစ္စည်းတွေနဲ့ သိုင်းကျင့်စဉ်တွေကို တိုက်ရိုက် ဝယ်လို့ရတာပေါ့... အဲ့ဒါ အရမ်း မိုက်မနေဘူးလား..."

​ဤစကားများက ရဲရဲနီနေသော သံပူပေါ်သို့ ဆီပူလောင်းချလိုက်သကဲ့သို့ပင်။

​[ လိုချင်တယ်... လိုချင်တယ်.. လိုချင်တယ်.... ]

​[ ဝိညာဉ်ကျောက်တုံး... ငါတွေးနေတဲ့ ဝိညာဉ်ကျောက်တုံးလား... ]

​[ ဝယ်မယ်... သေချာပေါက် ဝယ်ရမယ်... ပိုင်တာတွေ အကုန်ရောင်းပြီးတော့ကို ဝယ်မှာ... ]

​[ ဒါက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုပဲ... ဒါရိုက်တာကျန်းက တကယ်ကို တွေးတတ်တယ်.. ]

​[ သွားပါပြီ... ငါ့ပိုက်ဆံအိတ်လေးတော့ ငိုရတော့မယ်... ]

​ဂုဏ်သိက္ခာကြီးမားလှသော အထူးပြုလုပ်ချက်များ ပါဝင်သည့် ID များက စခရင်ပေါ်တွင် ထပ်မံပြည့်လျှံလာပြီး ပြင်းထန်သော တောင်းဆိုမှုများကို ပြသလာကြသည်။

​[ သေချာပေါက် တင်ပေးပါ... ရှိသလောက် အကုန်ယူမယ်... ]

​[ အလိုရှိသည်....အမြောက်အမြား အလိုရှိသည်... ]

​[ သတင်းကောင်းကို စောင့်မျှော်နေပါမယ်... ]

​လိုချင်တယ်... လိုချင်တယ်... လိုချင်တယ်ဆိုသည့် ဤရူးသွပ်လုမတတ် လေထုကြီးကြားတွင် ကျန်းယဲ့က နာရီကို တစ်ချက်ကြည့်လိုက်၏။

​"ကောင်းပြီ... အချိန်ပြည့်ပြီ..."

​သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လက်ဆောင် အထူးပြုလုပ်ချက်များ၏ နောက်ဆက်တွဲ သက်ရောက်မှုများ ကျန်ရှိနေသေးသော်လည်း စူပါလက်ဆောင်အသစ်များ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ချေ။

​ကျန်းယဲ့က အမှတ်ပေးဇယားကို တစ်ချက်ကြည့်လိုက်ပြီး တိုက်ရိုက် ကြေညာလိုက်၏။ "အိုကေ... ရပ်... ဒီအချီရဲ့ ထိပ်ဆုံးနေရာက ကစားသမား ယိုဟွမ်လင်ကို ဂုဏ်ပြုပါတယ်... နောက်တစ်ကြိမ်အတွက် ဦးစားပေး ဝယ်ယူခွင့် ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."

​[ ယိုဟွမ်လင်]

​ထိုနာမည်ကို တွေ့လိုက်ရချိန်တွင် ကျန်းယဲ့၏ စိတ်ထဲသို့ ပထမဆုံး ဝင်လာသည်မှာ ဝမ်ဝေ့၏ "ဝါးတောလေးထဲမှာ တစ်ယောက်တည်း ထိုင်... စောင်းတီးလိုက်၊ သက်ပြင်းချလိုက်နဲ့..." ဆိုသည့် ကဗျာစာကြောင်းလေးပင်။

​ယိုဟွမ်ဆိုသည်မှာ တိတ်ဆိတ်အေးချမ်းပြီး လူသူကင်းမဲ့သော ဝါးတောကို ရည်ညွှန်းခြင်းဖြစ်ပြီး အရှေ့တိုင်း၏ ငြိမ်းချမ်းမှု၊ အေးချမ်းမှုနှင့် နက်ရှိုင်းသော ယဉ်ကျေးမှု အမွေအနှစ်များကို သယ်ဆောင်ထားပေသည်။

​ကြည့်ရသည်မှာ ထိပ်ဆုံးနေရာကို ရရှိရန် ငွေကြေး အမြောက်အမြား အသုံးပြုခဲ့သူမှာ တရုတ်နိုင်ငံမှ အလွန်ရှေးကျပြီး လူလုံးမပြတတ်သော မိသားစု သို့မဟုတ် အင်အားစုတစ်ခုမှ ဖြစ်နိုင်ခြေ အများဆုံးပင်။

​ရလဒ်များကို ကြေညာပြီးနောက် ကျန်းယဲ့က ကင်မရာကို လက်ပြနှုတ်ဆက်လိုက်၏။ "ကောင်းပြီ... ဒီနေ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီလောက်ပါပဲ... အားလုံးပဲ ကျေးဇူးတင်ပါတယ်... ဘိုင်ဘိုင်... ဂွတ်နိုက်..."

​ထိုသို့ပြောပြီးနောက် ပရိသတ်၏ မည်သည့်တုံ့ပြန်မှုကိုမျှ မစောင့်တော့ဘဲ မောက်စ်ကို ပြတ်သားစွာ ရွှေ့ကာ တိုက်ရိုက်ထုတ်လွှင့်မှု ရပ်နားရန် ခလုတ်ကို နှိပ်လိုက်သည်။

​စခရင်က ချက်ချင်းပင် အမည်းရောင်ဖြစ်သွားပြီး ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ကြည့်ရှုသူများကို မတူညီသော ခံစားချက်များ၊ မပြီးဆုံးသေးသော စိတ်လှုပ်ရှားမှုများဖြင့် ချန်ရစ်ထားခဲ့ကာ ယနေ့ည၏ မှော်ဆန်သော တိုက်ရိုက်ထုတ်လွှင့်မှု ပွဲတော်ကြီးကို ပြန်လည်စဉ်းစားသုံးသပ်နေစေခဲ့သည်။

​ID [ ယိုဟွမ်လင်] ဖြင့် ထိပ်ဆုံးနေရာကို ရရှိသွားသော အသုံးပြုသူ၏ မည်သူမည်ဝါဖြစ်ကြောင်းကလည်း ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာချေသည်။

​နောက်ရက်များတွင်တော့ ကျန်းယဲ့၏ ဘဝက အလွန် ပုံမှန်ဖြစ်လာရသည်။

​ညတိုင်း ၈ နာရီတိတိတွင် သူက တိုရင်တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာပြီး ၁၅ မိနစ်စာ ထိပ်ဆုံးနေရာအတွက် တိုက်ပွဲကို စတင်လိုက်သည်။

​တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာက ရိုးရှင်းပြီး တိုက်ရိုက်ဆန်၏။ ပထမ ၅ မိနစ်တွင် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး နောက်နေ့တွင် ရောင်းချမည့် ဆေးလုံးတစ်မျိုး သို့မဟုတ် ဝိညာဉ်ကျောက်တုံး အနည်းငယ်အကြောင်းကို ကြိုပြောပြကာ လူတိုင်း၏ စိတ်ဝင်စားမှုကို ဆွပေးသည်။

ကျန် ၁၀ မိနစ်ကိုတော့ ကမ္ဘာ့သူဌေးကြီးများ၏ ပြသမှုများအတွက် လုံးလုံးလျားလျား ပေးအပ်ထားလိုက်သည်။

​ထိုဆယ်မိနစ်အတွင်းတွင် လက်ဆောင် အထူးပြုလုပ်ချက်များက တောက်လောင်နေခြင်းကို ဘယ်တော့မှ မရပ်တန့်ခဲ့ဘဲ စက္ကန့်တိုင်းတွင် သန်းနှင့်ချီသော ပမာဏများ စုဆောင်းရရှိနေခဲ့သည်။

​လူတိုင်းတွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိ၏။ ထိုနေ့အတွက် အမှတ်ပေးဇယား၏ နံပါတ် ၁ ဖြစ်လာစေရန်နှင့် နောက်နေ့အတွက် မည်သည့်လေလံဆွဲမှုမျှ မလိုအပ်ဘဲ အာမခံချက်ရှိသော တန်ဖိုးကြီး ဝယ်ယူခွင့်နေရာကို ရရှိစေရန်ပင်။

​ရိုးရှင်းသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းသော ဤပုံစံက ကမ္ဘာတစ်ဝန်းရှိ ကြည့်ရှုသူများကို စွဲဆောင်နိုင်လေသည်။

​ကျန်းယဲ့ကတော့ နောက်ကွယ်မှ ကိန်းဂဏန်းများ တဖြည်းဖြည်း တိုးလာသည်ကို နောက်မှီကာ ကြည့်ရင်း အပန်းဖြေနေရသဖြင့် ပျော်ရွှင်နေပြီး သူ၏ စိတ်ခံစားချက်ကလည်း ကောင်းမွန်နေချေသည်။

​တတိယမြောက် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည့် နောက်တစ်နေ့အထိ ဤအတိုင်း ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

​သို့သော် ဂျပန်နိုင်ငံမှ ထွက်ပေါ်လာသော အထူးသတင်းတစ်ပုဒ်က ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အောင်ပွဲခံနေမှုများ၏ အရှိန်အဟုန်ကို ချက်ချင်း ရိုက်ချိုးပစ်လိုက်လေသည်။

​ဂျပန်နိုင်ငံ၏ အဓိကမီဒီယာများက တူညီသော သတင်းတစ်ပုဒ်ဖြင့် သူတို့၏ ထုတ်လွှင့်မှုများကို အရေးပေါ် ဖြတ်တောက်ကြေညာခဲ့ပြီး ထိုသတင်းစကားကပင် အွန်လိုင်းရှိ ထိပ်တန်းသတင်းခေါင်းစဉ်များကို လွှမ်းမိုးသွားချေသည်။

​[ ကြေကွဲဖွယ် သတင်း... ကျွန်ုပ်တို့ နိုင်ငံသား ခါမဲဒါအီချီရိုသည် အခြားကမ္ဘာဖြစ်သော ရွှမ်ဝူတိုက်ကြီးတွင် သေဆုံးသွားကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည် ]

​[ အချိန်နှင့် ဟင်းလင်းပြင်ခရီးသွားခြင်းနှင့် ပတ်သက်သည့် ပထမဆုံး သေဆုံးမှုဖြစ်စဉ်ကို အစီရင်ခံစာ ထွက်ပေါ်လာ.... သေဆုံးသူမှာ တရုတ်နိုင်ငံသား တစ်ဦး ဖြစ်သည် ]

​[ ဂျပန်နိုင်ငံသားတွေသာ ဘာကြောင့် ဘေးကင်းစွာ ပြန်မလာနိုင်ရတာလဲ.... နောက်ကွယ်မှာ တခြားအကြောင်းပြချက်များ ရှိနေသေးသလား... ]

​သတင်းများအရ အကြိမ်ကြိမ် စုံစမ်းစစ်ဆေးပြီး အတည်ပြုချက်များ ရယူပြီးနောက် ရွှမ်ဝူတိုက်ကြီး ၇ ရက်တာ ကျင့်ကြံခြင်းရှာဖွေရေး ခရီးစဉ်အတွက် နေရာတစ်နေရာကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သော ဂျပန်နိုင်ငံသား ခါမဲဒါအီချီရိုမှာ အဖွဲ့နှင့်အတူ ပြန်လည်ပါလာခြင်း မရှိခဲ့ကြောင်း သိလိုက်ရသည်။

​ဤသတင်းက ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဂျပန်နိုင်ငံအတွင်း ချက်ချင်းပင် ကြီးမားသော ဆူညံပွက်လောရိုက်မှုနှင့် တုန်လှုပ်မှုကြီးကို ဖြစ်ပေါ်စေခဲ့လေသည်။

​အချိန်နဲ့ ဟင်းလင်းပြင် ခရီးသွားခြင်း၊ ရွှမ်ဝူတိုက်ကြီး၊ နတ်ဆေးလုံး၊ အသက်ရှည်ခြင်း ...

​ဤစကားလုံးများက မကြာသေးမီက ကမ္ဘာတစ်ဝန်းတွင် အလွန်တရာ ရေပန်းစားနေခဲ့သော်လည်း ၎င်းတို့၏ အကြွင်းမဲ့ ဘေးကင်းလုံခြုံသည်ဟူသော ပုံရိပ်ကလည်း လူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီး ဖြစ်၏။

​သို့သော် ခါမဲဒါအီချီရို၏ သေဆုံးမှု... လူသိရှင်ကြား အတည်ပြုနိုင်ခဲ့သော ပထမဆုံး ခရီးသွားသေဆုံးမှုက ဤဘေးကင်းလုံခြုံသည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကို ရိုက်ချိုးပစ်လိုက်ခြင်းပင်။

​သတင်းက ဂျပန်နိုင်ငံမှနေ၍ ကမ္ဘာတစ်ဝန်းလုံးသို့ အလင်းအလျင်ဖြင့် ပျံ့နှံ့သွားခဲ့ပြီး အဓိက လူမှုကွန်ရက် ပလက်ဖောင်းများနှင့် သတင်းဝက်ဘ်ဆိုက်များတွင် ဆွေးနွေးမှုများကို ချက်ချင်း မီးတောက်လောင်သွားစေကာ အကြောင်းအရာတိုင်းက ၎င်းအပေါ်သို့သာ အာရုံစိုက်သွားကြသည်။

​[ အမေရိကန် ] : သေလိုက်ပါတော့... တကယ်ကြီး လူသေသွားတာလား... အရင်က တိုက်ရိုက်ထုတ်လွှင့်မှုတွေနဲ့ သတင်းမှတ်တမ်းတွေကို ကြည့်တုန်းက အနည်းငယ် အန္တရာယ်ရှိတဲ့ အပန်းဖြေဥယျာဉ်လေးတစ်ခုလို့ပဲ ထင်ထားတာ... တကယ်ကြီး လူသေနိုင်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး...

အခန်း ၃၅၇ပြီး၏။

All Chapters