အခန်း ၃၅၉
Vol. 36 Ch. 359
အခန်း (၃၅၉) ခင်ဗျားတို့ကို ပိတ်ပင်လိုက်ရင် ဘယ်လိုနေမလဲ...
ဗီဒီယိုမြင်ကွင်းတွင် ဂိုဏ်းခုနစ်ဂိုဏ်းမှ ထိန်းချုပ်ထားသော လျှို့ဝှက်နယ်မြေကို တွေ့မြင်နေရသည်။
ဂျပန်လူမျိုး ခါမဲဒါအီချီရိုက အနားယူနေချိန်တွင် အဓိကအဖွဲ့၏ အကာအကွယ်ပေးထားမှုမှ တိတ်တဆိတ် ခွဲထွက်သွားခဲ့သည်ကို တွေ့မြင်နိုင်၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် မြင်ကွင်းက ပြောင်းလဲသွားပြီး ကျင့်ကြံသူခြောက်ဦးနှင့်အတူ တိတ်တဆိတ် သွားလာနေပုံ၊ သူ၏ အသင်းဖော်များကို မည်သို့ သစ္စာဖောက်ပုံ၊ ကိုယ်ကျိုးအတွက် မည်သို့ အမြတ်ထုတ်ပုံနှင့် အခြားသူများ၏ ထိန်းချုပ်ခံရပုံတို့ကို မြင်ကွင်းတစ်ခုချင်းစီအလိုက် ရှင်းလင်းစွာ ပြသထားချေသည်။
ဗီဒီယို ပြီးဆုံးသွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းလေးက တစ်ခဏမျှ သေမင်းတမန် တိတ်ဆိတ်မှုကြီးထဲသို့ ကျဆင်းသွားရသည်။
ထိုအချိန်တွင် သေချာပေါက် ပေါက်ကွဲထွက်လာတော့မည့် မှတ်ချက်များကို ကျန်းယဲ့က ကြည့်မနေခဲ့ချေ။
သူက သူ၏ ပိုမိုအေးစက်လာသော လေသံဖြင့် ဆက်ပြောလိုက်၏။ "ဒီရှင်းလင်းချက်က ပထမဆုံးနဲ့ နောက်ဆုံးပါပဲ..."
"အခြားကမ္ဘာတစ်ခုကို ခရီးသွားတာနဲ့ မသိနိုင်တဲ့ အရာတွေကို စူးစမ်းရှာဖွေတာဟာ ပင်ကိုယ်အားဖြင့်ကိုက ခန့်မှန်းလို့မရနိုင်တဲ့ အန္တရာယ်တွေနဲ့ ဒွန်တွဲနေတယ်ဆိုတာကို အားလုံး နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."
"စည်းမျဉ်းတွေဆိုတာက လူအများစုရဲ့ ဘေးကင်းလုံခြုံမှုကို အတတ်နိုင်ဆုံး အာမခံနိုင်ဖို့အတွက် တည်ရှိနေတာပါ... လိုက်နာတဲ့သူတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်... ဒါပေမဲ့ သေမှာကြောက်တဲ့သူတွေ ဒါမှမဟုတ် စိတ်ကူးယဉ်ပြီး စည်းမျဉ်းတွေကို စိန်ခေါ်ဖို့ ကြိုးစားတဲ့သူတွေဆိုရင်တော့..."
သူ၏ မျက်ဝန်းများက စူးရှသွားပြီး သူ၏ လေသံက ရေခဲတမျှ အေးစက်သွားခဲ့သည်။ "အချိန်နဲ့ ဟင်းလင်းပြင် ခရီးသွားအစီအစဉ်မှာ ဝင်မပါကြပါနဲ့... အဆိပ်သင့်နေတဲ့ အသီးတွေကို ကျွန်တော်တို့ မကြိုဆိုပါဘူး..."
နောက်ဆုံးတွင် သူ၏ အကြည့်များက စခရင်ကို ဖောက်ထွင်းပြီး မကျေမနပ် ဖြစ်နေဆဲဖြစ်သော ဂျပန်ကြည့်ရှုသူများထံသို့ ရောက်ရှိသွားသကဲ့သို့ပင်။
"ဒါ့အပြင်... ဂျပန်က မိတ်ဆွေတွေအနေနဲ့ သမိုင်းကြောင်း အကြောင်းပြချက်တွေ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ သဘောကျမှုတွေကြောင့် ခင်ဗျားတို့ကို ကျွန်တော်က အထူးဂရုစိုက်မယ် ဒါမှမဟုတ် လူသတ်မယ်လို့ ဆက်ပြီး စိုးရိမ်နေကြဦးမယ်ဆိုရင်..."
လူသတ်ဆိုသည့် စကားလုံးကို တမင်ဖိပြောလိုက်ရာ သူ၏ စကားများတွင် လှောင်ပြောင် သရော်မှုများက အထင်းသား ပေါ်လွင်နေချေသည်။
"ဒါကြောင့်... နောက်တစ်ခေါက် ခရီးသွားဖို့ နေရာတွေ ဖွင့်တဲ့အချိန်ကစပြီး ဂျပန်နိုင်ငံတစ်နိုင်ငံလုံးကို ကန့်သတ် IP နယ်မြေအဖြစ် သတ်မှတ်လိုက်မယ်လို့ ဒီကနေ တရားဝင် ကြေညာလိုက်ပါတယ်... ဂျပန်နိုင်ငံသားအားလုံး လေလံဆွဲပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး... ဒီလိုဆိုရင်တော့ ခင်ဗျားတို့အားလုံး ဘေးကင်းသွားမှာဖြစ်ပြီး ကျွန်တော့်ရဲ့ လူသတ်တာကို ခံရမယ်လို့ စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့..."
"ဘယ်လိုလဲ..." သူက မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်၏။ သူ၏ စကားများက ပေါ့ပေါ့ပါးပါးနိုင်လှသော်လည်း ငြင်းပယ်၍မရနိုင်သော ဩဇာအာဏာများ ပါဝင်နေလေသည်။
ကျန်းယဲ့ စကားပြောအပြီးတွင် တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်များ၏ လားရာက ၁၈၀ ဒီဂရီ ပြောင်းပြန်လှည့်သွားကြရသည်။
ဂျပန်အင်တာနက် အသုံးပြုသူများမှာ ဆူညံပွက်လောရိုက်သွားကြပြီး ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများက ကပ်ရောဂါတစ်ခုကဲ့သို့ ကူးစက်ပျံ့နှံ့သွားရသည်။
ယခင်က ဒေါသထွက်ခဲ့သလောက် ယခုအခါတွင် သူတို့မှာ အလွန်တရာ ကြောက်လန့်သွားကြချေပြီ။
အကယ်၍ တကယ်သာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ခံလိုက်ရပါက အသက်ရှည်ခြင်း၊ သဘာဝလွန်စွမ်းအားနှင့် အနာဂတ်၏ အဆုံးမရှိသော ဖြစ်နိုင်ခြေများအားလုံးနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားပြီဟု ဆိုလိုခြင်းပင်။
၎င်းက သူတို့ လုံးဝ လက်မခံနိုင်သော အရာပင်။
ဂျပန် ID ဖြင့် မှတ်ချက်အများအပြားက စခရင်ပေါ်တွင် လွှမ်းမိုးလာခဲ့ပြီး အသုံးအနှုန်းများမှာမူ ယခင်နှင့် လုံးဝကို ကွဲပြားသွားကြသည်။
[ ကျွန်တော်တို့ အရမ်း တောင်းပန်ပါတယ် မစ္စတာကျန်း... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.. ]
[ ဒါ နားလည်မှုလွဲတာပါ... သတင်းအချက်အလက်တွေကို ကျွန်တော်တို့ နားလည်မှုလွဲသွားတာပါ... ]
[ ဒါက ခါမဲဒါရဲ့ ကိုယ်ပိုင်လုပ်ရပ်ပါ... နိုင်ငံတစ်ခုလုံးကို အပြစ်မပေးပါနဲ့... ]
[ ကျေးဇူးပြုပြီး မပိတ်ပင်ပါနဲ့... ကျွန်တော်တို့ တောင်းပန်ပါတယ် ]
[ စည်းကမ်းတွေကို လိုက်နာပါ့မယ်... ဘယ်တော့မှ အဲ့ဒီလို မလုပ်တော့ပါဘူး... ]
ဂျပန်အင်တာနက် အသုံးပြုသူများ၏ အထိတ်တလန့်ဖြစ်မှုနှင့် လုံးဝဆန့်ကျင်ဘက်အနေဖြင့် တရုတ်အင်တာနက် အသုံးပြုသူများမှာမူ အလွန်အမင်း ဝမ်းသာပီတိဖြစ်ကာ စိတ်လှုပ်ရှားနေခဲ့ကြသည်။
[ ပိတ်လိုက်.. သူတို့ကို သေချာပေါက် ပိတ်ပစ်ရမယ်.. ဒါရိုက်တာကျန်း... သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါ... ]
[ ဟားဟား... ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာတာပဲ... အနည်းဆုံးတော့ ဟင်းရည်လေး သောက်ခွင့်ရဦးမှာကို အခုတော့ ဘာမှတောင် မကျန်တော့ဘူး... ]
[ ယှဉ်ပြိုင်မှုကို လျှော့ချဖို့အတွက် ဂျပန် IP တွေကို အမြဲတမ်း ပိတ်ပင်တာကို ထောက်ခံပါတယ်... ]
[ ရယ်ရတယ်... ခုနကတော့ အရမ်း ရိုင်းပြနေတာ မဟုတ်ဘူးလား... အခုကျမှ ကြောက်နေပြီလား... နောက်ကျသွားပြီကွ... ]
[ ဒါရိုက်တာကျန်း အရမ်းမိုက်တယ်... ဒီလို ကျေးဇူးကန်းတဲ့ ကောင်တွေကို သက်ညှာပေးလို့ မရဘူး... ]
အခြားနိုင်ငံများမှ အင်တာနက်အသုံးပြုသူများကလည်း ၎င်းက အလွန်ကောင်းမွန်သော အခွင့်အရေးကြီးတစ်ခုဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။
ပြိုင်ဘက်တစ်ယောက် လျော့သွားခြင်း... အထူးသဖြင့် ခိုင်မာသော စီးပွားရေးနှင့် လူဦးရေ အများအပြားရှိသည့် ဂျပန်နိုင်ငံလို ပြိုင်ဘက်မျိုး လျော့သွားပါက နေရာတစ်ခုရရန် အခွင့်အလမ်းက များစွာ မြင့်တက်လာမည် ဖြစ်၏။
ရလဒ်အနေဖြင့် ဘာသာစကားမျိုးစုံဖြင့် မှတ်ချက်များက မီးလောင်ရာ လေပင့်ပေးလာကြပြီး ပိတ်ပင်မှုကို ထောက်ခံသူများ၏ တန်းစီစာရင်းထဲသို့ ဝင်ရောက်လာကြလေသည်။
[ အမေရိကန် ] : ကျန်းရဲ့ ဆုံးဖြတ်ချက်ကို ငါတို့ ထောက်ခံတယ်... စည်းကမ်းက စည်းကမ်းပဲ...
[ ပြင်သစ် ] : လုံးဝ အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်ပဲ...
[ ဗြိတိန် ] : ဒါက စည်းမျဉ်းကို ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ အရေးယူမှုပဲ...
[ ဩစတြေးလျ ] : ဟုတ်တယ်.. သူတို့ကို ပိတ်လိုက်... ငါတို့ အခွင့်အရေးတွေ ပိုများသွားပြီ...
[ တောင်ကိုရီးယား ] : ဝိုး... အရမ်းကောင်းတာပဲ... ဂျပန်ကို ဖယ်ထုတ်လိုက်ရင် ငါတို့ ရွေးချယ်ခံရဖို့ အခွင့်အရေးတွေ တိုးလာပြီ...
တစ်ခဏအတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ထူးဆန်းသော စည်းလုံးညီညွတ်မှုတစ်ခု ပေါ်ထွက်လာပြီး လူတိုင်းက ကျန်းယဲ့အား ကတိတည်ပြီး ဂျပန်ကို ပိတ်ပင်ရန် အော်ဟစ်တောင်းဆိုနေကြလေသည်။ ၎င်းက ပွဲကိုကြည့်ရင်း အကျိုးအမြတ်ရယူရန် ကြိုးစားနေကြသည့်အလားပင်။
တိုကျိုမြို့ရှိ ဂျပန်ဝန်ကြီးချုပ်၏ တရားဝင် စံအိမ်တော်အတွင်း...
အဆင့်မြင့် ဂျပန်အရာရှိကြီးတစ်စုပ စခရင်ပေါ်မှ ကျန်းယဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ရန် စဉ်းစားထားကြောင်း ကျန်းယဲ့၏ အေးစက်စက်နှင့် လှောင်ပြောင်သော လေသံကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာပေါ်မှ သွေးရောင်များ ချက်ချင်း ဆုတ်ယုတ်သွားကြပြီး အစည်းအဝေးခန်းမကြီးက သေမင်းတမန် တိတ်ဆိတ်မှုကြီးထဲသို့ ကျဆင်းသွားကာ ထိန်းမနိုင်သိမ်းမရသော အထိတ်တလန့် ဖြစ်မှုများက နောက်မှ လိုက်ပါလာချေသည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ... " အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး သူ၏ အသံက အကြောက်တရားများကြောင့် တုန်ယင်နေခဲ့သည်။ "ဒီလိုလုပ်ဖို့ သူ့ကို လုံးဝ အခွင့်အရေး ပေးလို့မရဘူး... လုံးဝ မဖြစ်ဘူး"
"ပြီးသွားပြီ... အားလုံး ပြီးသွားပြီ... အဲ့ဒီ ခါမဲဒါဆိုတဲ့ အရူးကြောင့် ငါတို့ ယာမာတိုလူမျိုးတွေ အားလုံး ဖယ်ထုတ်ခံလိုက်ရမယ်ဆိုရင်တော့..." အခြား အဆင့်မြင့် အရာရှိတစ်ဦးက ဖြူလျော့နေသော မျက်နှာဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
"ငါတို့တွေ ထာဝရအသက်ရှင်ဖို့ အခွင့်အရေးတွေ၊ သဘာဝလွန် စွမ်းအားတွေ ရယူနိုင်မယ့် ဖြစ်နိုင်ခြေတွေကို လုံးဝဆုံးရှုံးသွားပြီး အနာဂတ်ကမ္ဘာ့အစီအစဉ်မှာ အများကြီး နောက်ကောက်ကျန်ရစ်ခဲ့လိမ့်မယ်... ဒါက နိုင်ငံတော်အဆင့် ဘေးဒုက္ခတစ်ခုပဲ... တကယ့် ကပ်ဘေးကြီးပဲ..."
ဝန်ကြီးချုပ်၏ မျက်နှာက မည်းမှောင်နေပြီး သူ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာ၏။
ဤသည်မှာ ဘာကိုဆိုလိုမှန်း သူက မည်သူ့ထက်မဆို ပိုသိချေသည်။
ဤသည်မှာ သူဌေးအနည်းငယ် အသက်မဆက်နိုင်သည့် ကိစ္စမျှသာ မဟုတ်ဘဲ နိုင်ငံတော်၏ ကံကြမ္မာနှင့် သက်ဆိုင်နေသည်။
အခြားကမ္ဘာ၏ အရင်းအမြစ် ခွဲဝေမှုစနစ်မှ ဖယ်ထုတ်ခံလိုက်ရသည်နှင့် ဂျပန်နိုင်ငံက အနာဂတ် ယှဉ်ပြိုင်မှုများတွင် အပေးအယူလုပ်စရာ အားလုံးကို ဆုံးရှုံးသွားမည်ဖြစ်ပြီး လုံးဝကို ဘေးဖယ်ခံရမည် ဖြစ်သည်။
"မြန်မြန်.. အခုချက်ချင်း" ဝန်ကြီးချုပ်က အမိန့်ကို ဟိန်းဟောက်လိုက်သကဲ့သို့ပင်။ "တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ချက်ချင်း ဆက်သွယ်... မဟုတ်ဘူး... အချိန်နဲ့ ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုကို တိုက်ရိုက် ဆက်သွယ်လို့ရမယ့် နည်းလမ်းရှာ... ဟုတ်တယ်... အချိန်နဲ့ ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုက သူတို့ရဲ့ ညွှန်ကြားရေးမှူးကျိုးကိုရှာ... အခုချက်ချင်း.. ချက်ချင်း"
"ဟိုင်း..." လက်အောက်ငယ်သားက အလျင်အမြန် တုံ့ပြန်လိုက်ပြီး ဤအမြင့်ဆုံး ဦးစားပေး ဆက်သွယ်မှုကို စီစဉ်ရန် အစည်းအဝေးခန်းမထဲမှ အပြေးအလွှား ထွက်သွားလေတော့သည်။
မိနစ်အနည်းငယ် အကြာတွင် အရေးပေါ် သမုဒ္ဒရာဖြတ်ကျော် ဆက်သွယ်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြင့်ဆုံး အဆင့်ရှိ အရာရှိက ယခင်က တစ်ကြိမ်မျှ မရှိခဲ့ဖူးသော နှိမ့်ချမှုဖြင့် တောင်းပန်သည့် လေသံလေးများပင် ပါဝင်ကာ စခရင်၏ အခြားတစ်ဖက်မှ တရုတ်နိုင်ငံ၏ အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရို ညွှန်ကြားရေးမှူး ကျိုးဝေ့ကော်အား တည်ငြိမ်စွာ စကားပြောဆိုလိုက်သည်။
"ညွှန်ကြားရေးမှူးကျိုး... မင်္ဂလာညချမ်းပါ... အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်... မစ္စတာကျန်းယဲ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းကို ခင်ဗျား သိပြီးလောက်ပြီ ဖြစ်မှာပါ..."
ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ အသံက အလွန်တရာ အရေးကြီးနေသည့်ဟန် ပါဝင်နေချေသည်။ "ဒါက ကြီးမားတဲ့ နားလည်မှုလွဲတာပါ... ခါမဲဒါအီချီရိုရဲ့ ကိုယ်ပိုင်လုပ်ရပ်က ကျွန်တော်တို့ အစိုးရနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လုံးဝ ကိုယ်စားမပြုပါဘူး... ဒီအတွက် ကျွန်တော်တို့ အလွန် ဝမ်းနည်းမိပြီး တောင်းပန်ပါတယ်..."
သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဆက်ပြော၏။ "မစ္စတာကျန်းယဲ့ရဲ့ စည်းမျဉ်းတွေနဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ အပြည့်အဝ နားလည်ပြီး လေးစားပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး တောင်းပန်မှုတွေနဲ့ အခိုင်မာဆုံး အာမခံချက်တွေကို မစ္စတာကျန်းယဲ့ဆီ တဆင့်စကားပါးပေးဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်... ဒီလိုကိစ္စမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ အာမခံပါတယ်... ပြီးတော့ ဂျပန်နိုင်ငံသားတိုင်းက စည်းမျဉ်းအားလုံးကို တင်းတင်းကျပ်ကျပ် လိုက်နာကြပါလိမ့်မယ်..."
"ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ စကားလေးတစ်ခွန်းလောက်တော့ ပြောပေးပါ... ကျေးဇူးပြုပြီး မစ္စတာကျန်းယဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပေးခိုင်းပါအုံး... ဂျပန်ကိုသာ ဖယ်ထုတ်လိုက်ရင် အကျိုးဆက်က... အကျိုးဆက်က အရမ်းကို ဆိုးရွားလွန်းပါတယ်... တောင်းပန်ပါတယ်...ညွှန်ကြားရေးမှူးကျိုး... ကျေးဇူးပြုပြီး ကူညီပါဦး..."
သူက တောင်းပန်လုနီးပါး အလွန်တရာ နှိမ့်ချသော ကိုယ်နေဟန်ထားကို ပြသနေခဲ့သည်။
စခရင်၏ အခြားတစ်ဖက်တွင် ညွှန်ကြားရေးမှူး ကျိုးဝေ့ကော်က တည်ငြိမ်စွာ နားထောင်နေပြီး သူ၏ မျက်ဝန်းများက နက်ရှိုင်းကာ မည်သည့် စိတ်ခံစားချက်ကိုမျှ ဖော်ပြခြင်း မရှိချေ။
သူက နားထောင်နေကြောင်း ပြသရန် ရံဖန်ရံခါ ခေါင်းအနည်းငယ် ညိတ်ပြရုံသာ ရှိလေသည်။
အခန်း ၃၅၉ပြီး၏။