အခန်း ၃၆၀
Vol. 36 Ch. 360
အခန်း (၃၆၀) စော်ကားမှုက တန်ဖိုးပေးဆပ်ရလိမ့်မယ်
စခရင်၏ အခြားတစ်ဖက်တွင် ညွှန်ကြားရေးမှူး ကျိုးဝေ့ကော်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ နှိမ့်ချလုနီးပါးဖြစ်နေသော တောင်းပန်စကားများကို တည်ငြိမ်သော မျက်နှာထား၊ ဖော်ပြခြင်းမရှိသော စိတ်ခံစားချက်များဖြင့် နားထောင်နေ၏။
သူက ပြင်းပြင်းထန်ထန် ငြင်းပယ်ခြင်း မရှိသလို အလွယ်တကူ လက်ခံခြင်းလည်း မရှိခဲ့ချေ။
ထို့နောက် သူက တည်ငြိမ်သော လေသံဖြင့်သာ ပြောလိုက်သည်။ "ခင်ဗျားတို့ နိုင်ငံရဲ့ အခြေအနေနဲ့ တောင်းဆိုချက်တွေကို ကျွန်တော် သဘောပေါက်ပါတယ်... မစ္စတာကျန်းယဲ့ရဲ့ ဆုံးဖြတ်ချက်က အချက်အလက်တွေနဲ့ စည်းမျဉ်းတွေအပေါ် အခြေခံထားတာပါ... ခင်ဗျားတို့ရဲ့ သဘောထားကို ကျွန်တော် ပြောပြပေးပါ့မယ်... ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မစ္စတာကျန်းယဲ့အပေါ်မှာပဲ မူတည်ပါတယ်..."
ရေလာမြောင်းပေး၊ အပေါက်အဟောင်းမရှိသော ဤတုံ့ပြန်မှုက ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ပို၍ပင် စိုးရိမ်မကင်း ဖြစ်သွားစေလေသည်။ သို့သော် သူက ထပ်၍ဘာမျှမပြောရဲတော့ဘဲ ကျေးဇူးတင်စကားကိုသာ အကြိမ်ကြိမ်ပြောဆိုကာ အလွန်တရာ အရှက်ရဖွယ်ကောင်းသော်လည်း ဆက်ပြောနေရမည့် ဤဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ရသည်။
(NT- ဂျပန်က အကူညီတောင်းတာကို တိုက်ရိုက်ငြင်းလိုက်ရင် ရိုင်းရာကြမှာကြောင့်မို့ ခင်ဗျားတို့ရဲ့ တောင်းပန်မှာကို ပြောပေးပါ့မယ်.... ပြတော့ သူ့ဘက်က တာဝန်ကင်းအောင် နောက်ဆုံးဆုံးဖြတ်ချက်က ကျန်းယဲ့ပေါ်မူတည်တယ်ဆိုပြီး ဟာကွက်မရှိအောင် ပိတ်လိုက်တာပါ)
ဆက်သွယ်မှု ပြတ်တောက်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးဝေ့ကော်၏ မျက်နှာပေါ်ရှိ တည်ငြိမ်မှုက ချက်ချင်း ပျောက်ကွယ်သွားပြီး လှောင်ပြောင်သရော်မှု အနည်းငယ်က အစားထိုး ဝင်ရောက်လာခဲ့သည်။
သူက ဆူပွက်နေဆဲဖြစ်သော တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ကြည့်လိုက်ပြီး တရုတ်အင်တာနက် အသုံးပြုသူများထံမှ မှတ်ချက်များကို ကြည့်လိုက်သည်။
[ရယ်ရတယ်... အခြေအနေကို နားမလည်သေးဘူးလား... ဒါရိုက်တာကျန်းက ခင်ဗျားတို့ကို ခေါ်သွားဖို့ တောင်းပန်နေရတာ မဟုတ်ဘူး၊ ခင်ဗျားတို့က ဒါရိုက်တာကျန်းကို ခေါ်သွားပေးဖို့ တောင်းပန်ရမှာ...]
[ဉာဏ်ဆိုတာ ရှိရင် ကောင်းတဲ့အရာပဲ... ကံမကောင်းတာက သူတို့ဆီမှာ အဲ့ဒါမရှိဘူး... ဒါကို အတိတ်က အချိန်တွေလို့များ ထင်နေလားမသိဘူး...]
[ဘယ်သူက ဘယ်သူ့ကို အားကိုးနေရလဲ ဆိုတာကိုတောင် မသိဘူး... အလကားနေရင်း လာပြီး ပြဿနာရှာနေတာ... အခုကျတော့ ခံစားရကောင်းသွားပြီမလား...]
[ခံရပါစေ... ရှင်းသွားတာပေါ့.... ဒါရိုက်တာကျန်းကို ထောက်ခံတယ်....]
ဤကဲ့သို့ သနားညှာတာမှု ကင်းမဲ့လှသော လှောင်ပြောင်မှုများကို မြင်သောအခါ ကျိုးဝေ့ကော်၏ နှုတ်ခမ်းများက မသိမသာ ကွေးတက်သွားပြီး ရင်ထဲတွင် တွေးလိုက်၏။ စကားတွေက ကြမ်းတမ်းပေမဲ့ အမှန်တရားကတော့ ခိုင်မာတယ်... လက်ရှိ အခြေအနေအရဆိုရင် အစပြုပိုင်ခွင့်က ကျန်းယဲ့ရဲ့ လက်ထဲမှာပဲ လုံးလုံးလျားလျား ရှိနေတာလေ...
ကြားဝင်စေ့စပ်ပေးရန် ကူညီပါဆိုသည့် ဂျပန်၏ တောင်းဆိုမှုနှင့် ပတ်သက်၍မူကား.....
ကျိုးဝေ့ကော်က လှောင်ပြောင်လိုက်ပြီး ထိုကိစ္စကို သူ၏ စိတ်ထဲမှ ချက်ချင်း ထုတ်ပစ်လိုက်၏။
ကျန်းယဲ့၏ ဆုံးဖြတ်ချက်ကို သွားပြီး ဝင်စွက်ဖက်ရမတဲ့လား...
ကျန်းယဲ့ကို ဒုက္ခသွားပေးရမတဲ့လား...
သူက အဲ့ဒီလောက်ကြီး အားမနေသလို အဲ့ဒီလောက်လည်း မအဘူးလေ...
ထိုနေ့ညတွင် ကျန်းယဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှု အချိန်မှန် ပြီးဆုံးသွားခဲ့သည်။
ဂျပန်နိုင်ငံကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ရန် စဉ်းစားနေသည်ဟူသော တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သူ၏ ကြေညာချက်က တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ဝန်းရှိ အဓိကမီဒီယာများနှင့် လူမှုကွန်ရက်များအားလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။
[ အချိန်နဲ့ ဟင်းလင်းပြင်ခရီးသွားအစီအစဉ်မှာ ဂျပန်နိုင်ငံသားတွေ ပါဝင်ခွင့်ကို ကျန်းယဲ့ ပိတ်ပင်တော့မည်]
[ အထူးသတင်း.... ခရီးသွားသေဆုံးမှုနဲ့ မလျော်ကန်တဲ့ ပြောဆိုမှုတွေကြောင့် ဂျပန်နိုင်ငံဟာ အခြားကမ္ဘာရဲ့ အခွင့်အရေးများနဲ့ ကင်းကွာသွားနိုင် ]
[ ဒါက ကျန်းယဲ့ကို အပြစ်လုပ်မိတဲ့ အကျိုးဆက်ပဲ... ဂျပန်နိုင်ငံ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီ ]
ဤသတင်း၏ တုန်လှုပ်ဖွယ်ရာက ခါမဲဒါအီချီရို၏ သေဆုံးမှုထက်ပင် ပိုမိုကြီးမားနေချေသည်။
၎င်းက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် အင်အားစုအားလုံးကို ငြင်းပယ်၍မရနိုင်သော အမှန်တရားတစ်ခုအား ရှင်းလင်းစွာ သိမြင်သွားစေ၏။
ဤခေတ်သစ်ကြီးတွင် ကျန်းယဲ့အား အပြစ်လုပ်၍ မရချေ။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကံကြမ္မာကို အလွယ်တကူ ဆုံးဖြတ်ပေးနိုင်သည့် စွမ်းအားနှင့် ဩဇာလွှမ်းမိုးမှုကို သူက ပိုင်ဆိုင်ထားပေသည်။
ကျိုးဝေ့ကော်၏ ဝတ်ကျေတမ်းကျေ တုံ့ပြန်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာများ၏ အစီရင်ခံစာများကို သိရှိပြီးနောက် ဂျပန်အစိုးရအဖွဲ့ဟာ လုံးဝ စိတ်ပျက်အားငယ်မှုနှင့် ဒေါသများကြားသို့ ကျဆင်းသွားကြရသည်။
"ဘာက ယာရိုး.... အသုံးမကျတဲ့ အမှိုက်ကောင်တွေ.... အရူးတွေ... ခါမဲဒါအီချီရို... အဲ့ဒီ ကျိန်ဆဲခံရမယ့်ကောင်..."
ဝန်ကြီးချုပ်၏ စံအိမ်တော်အတွင်း တန်ဖိုးကြီး ကြွေထည်ပစ္စည်းများ ရိုက်ခွဲခံရသဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ဒေါသတကြီး ဟိန်းဟောက်သံများက လေထုထဲတွင် ပြည့်နှက်နေချေသည်။
အထက်လူကြီးများ၏ မျက်နှာများမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး အခြားကမ္ဘာတွင် သေဆုံးသွားခဲ့ပြီဖြစ်သော ခါမဲဒါအီချီရိုအား ပြန်ဆွဲထုတ်ကာ အကြိမ်တစ်ထောင်ခန့် ကြာပွတ်ဖြင့် ရိုက်ချင်စိတ်များ ပေါက်နေကြရသည်။
ဤအရူး၏ လောဘနှင့် မိုက်မဲမှု.... ထို့နောက် နိုင်ငံအတွင်းရှိ ဦးနှောက်မရှိသော အင်တာနက်အသုံးပြုသူများ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များကြောင့် နိုင်ငံတစ်နိုင်ငံလုံး ချောက်ကမ်းပါးထဲသို့ ဆွဲချခံလိုက်ရခြင်းပင်။
သာမန် ဂျပန်နိုင်ငံသားများ ဤသတင်းဆိုးကို သိရှိသွားချိန်တွင် အစပိုင်း၌ မယုံနိုင်အောင် ဖြစ်သွားကြသော်လည်း နောက်ပိုင်းတွင်တော့ ကျယ်ပြန့်သော ထိတ်လန့်မှုနှင့် ဒေါသများ ပေါက်ကွဲထွက်လာကြသည်။
ကျန်းယဲ့ထံသို့ မပြသရဲသော သူတို့၏ ဒေါသများက အစကတည်းက ကျန်းယဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ သွားရောက်ကာ အော်ဟစ်ဆဲဆိုပြီး ပြဿနာရှာခဲ့ကြသည့် အနှောင့်အယှက်ပေးသူများထံသို့ အစားထိုး ကျရောက်သွားခဲ့သည်။
"မင်းတို့လို အရူးတွေကြောင့် ငါတို့အားလုံး ပျက်စီးသွားရပြီကွ..."
"ဘာလို့ သူ့ကို သွားရန်စရတာလဲ... ဘာလို့လဲ..."
"ငါတို့ရဲ့ အခွင့်အရေးကို ပြန်ပေး"
IP လိပ်စာများနှင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရသော ထိုအစွန်းရောက် အင်တာနက်အသုံးပြုသူများက ချက်ချင်းပင် လူထုရန်သူများ ဖြစ်သွားကြရသည်။
သူတို့က အချက်အလက်များ ဖော်ထုတ်ခံရပြီး အွန်လိုင်းတွင်ရော လမ်းပေါ်တွင်ပါ သူတို့၏ ကိုယ်ရေးအချက်အလက်များ ပြန့်နှံ့သွားခဲ့သည်။
ထို့နောက် လူမှုအသိုင်းအဝိုင်း၏ လုံးဝပစ်ပယ်ခြင်းကို ခံလိုက်ကြရသည်။
အလုပ်ဖြုတ်ခံရသည်၊ လမ်းပေါ်တွင် လက်ညှိုးထိုးခံရပြီး စော်ကားခံရသည်၊ သူတို့၏ ပါးစပ်ကို သူတို့ မထိန်းချုပ်နိုင်ခဲ့သဖြင့် နိုင်ငံတစ်နိုင်ငံလုံး ကြီးမားလှသော အခွင့်အရေးကြီးကို ဆုံးရှုံးသွားစေခဲ့သည်ဟုဆိုကာ သူတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကပင် သူတို့ကို ကံဆိုးစေမည့်သူများအဖြစ် သတ်မှတ်လာကြခေသည်။
ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးက နက်ရှိုင်းသော နောင်တတရားများဖြင့် ဖုံးလွှမ်းသွားကြသည်။
သို့သော် ဘဝတွင် နောက်ပြန်လှည့်ခွင့်ဆိုသည်မှာ မရှိချေ။
ဂျပန်နိုင်ငံသားများက သူတို့၏ ဒေါသများကို ဆဲဆိုခြင်းများမှတစ်ဆင့်သာ ဖွင့်ထုတ်နိုင်ကြသော်လည်း ဂျပန်အစိုးရအဖွဲ့ကတော့ လက်မလျှော့သေးဘဲ ကျန်းယဲ့နှင့် ဆက်သွယ်နိုင်မည့်သူ မည်သူ့ကိုမဆို ဆက်လက်ရှာဖွေနေခဲ့သည်။
မကြာမီမှာပင် ရွှမ်ဝူတိုက်ကြီးသို့ သူတို့နှင့်အတူ ခရီးသွားခဲ့သည့် အရှေ့အလယ်ပိုင်းမှ မင်းသား ဟမ်ဒန်ကို သူတို့ သတိရသွားကြ၏။
"မြန်မြန်... မင်းသားဟမ်ဒန်ပါဝင်တဲ့ တော်ဝင်မိသားစုကို ချက်ချင်း ဆက်သွယ်.... အတိတ်က ဆက်ဆံရေးတွေကို ထောက်ထားပြီး ကျွန်တော်တို့အတွက် မစ္စတာကျန်းယဲ့ဆီမှာ စကားလေးတစ်ခွန်းလောက် ကူပြောပေးဖို့ အရှင်မင်းသားကို သေချာပေါက် တောင်းဆိုပေးပါ..." အဆင့်မြင့် အရာရှိကြီးက အရေးတကြီး အမိန့်ပေးလိုက်၏။
သမုဒ္ဒရာဖြတ်ကျော် ဖုန်းခေါ်ဆိုမှုက အလျင်အမြန် ချိတ်ဆက်သွားပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက အလွန်တရာ နှိမ့်ချသော စကားလုံးများကို အသုံးပြုကာ ဖုန်းဖြေကြားပေးသော တော်ဝင်ရုံးဝန်ထမ်းအား သူ၏ တောင်းဆိုချက်ကို ရှင်းပြလိုက်၏။ မင်းသားဟမ်ဒန်နှင့် စကားပြောခွင့်ရရန် သို့မဟုတ် တော်ဝင်မိသားစုမှတစ်ဆင့် သူ၏ တောင်းဆိုချက်ကို တဆင့်စကားပါးပေးရန် မျှော်လင့်နေခဲ့သည်။
သို့သော် ဖုန်းတစ်ဖက်မှ တုံ့ပြန်မှုက ယဉ်ကျေးသော်လည်း အလွန်တရာ အေးစက်လှ၏။ "တောင်းပန်ပါတယ်... အရှင်မင်းသားက အရမ်းအလုပ်များနေပြီး ဒီလိုကိစ္စတွေကို ကိုင်တွယ်ဖို့ အချိန်မရှိပါဘူး... ခင်ဗျားတို့ နိုင်ငံရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့ ကူညီပေးလို့ မရပါဘူး..."
ထိုသို့ပြောပြီးနောက် ဂျပန်အရာရှိဘက်မှ တစ်စုံတစ်ရာ ထပ်မံမပြောနိုင်ခင်မှာပင် တစ်ဖက်လူက ဖုန်းချသွားခဲ့ရာ ဖုန်းချသွားသည့် အသံက အထူးသဖြင့် နားဝေဒနာ ဖြစ်စေခဲ့လေသည်။
ဤမြင်ကွင်းကို ရုံးခန်းအပြင်ဘက်မှ ဖြတ်လျှောက်သွားသော မင်းသားဟမ်ဒန်က ကြားသွားခဲ့သည်။
သူ၏ ငယ်ရွယ်သော မျက်နှာပေါ်တွင် အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ်မှုတစ်ခု ပေါ်လာပြီး သူ၏ ဦးလေးဖြစ်သူအား အာရဗီဘာသာစကားဖြင့် ကျွမ်းကျင်စွာ ပြောလိုက်၏။ "မိုက်မဲတဲ့ ဂျပန်တွေပဲ... လူတိုင်းက မစ္စတာကျန်းယဲ့ဆီ သွားပြီး တောင်းပန်ဖို့ အရည်အချင်း မမီဘူးဆိုတာကို သူတို့ သဘောမပေါက်ကြသေးဘူးပဲ... ဒါကို ကလေးကစားစရာများ မှတ်နေသလား မသိဘူး..."
သူ၏ ဦးလေးဖြစ်သူ... တော်ဝင်မိသားစု၏ အစွမ်းထက်လှသော အဓိကအဖွဲ့ဝင်က ဤစကားကို ကြားသောအခါ ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း ထပ်တူညီသော အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေချေသည်။
ဟမ်ဒန်က တည်ငြိမ်စွာ ထပ်ပြောလိုက်၏။ "ဦးလေး... ဒီနေ့ကစပြီး ကျွန်တော်တို့ပိုင်တဲ့ နယ်မြေတွေ အားလုံးက ဂျပန်နဲ့ ဆက်ဆံရေးကို အတတ်နိုင်ဆုံး လျှော့ချဖို့ ဒါမှမဟုတ် လုံးဝ ဖြတ်တောက်ဖို့ အမိန့်ပေးလိုက်ပါ... သူတို့က ဒီကမ္ဘာဂြိုဟ်ရဲ့ စွန့်ပစ်ခံ ကလေးတွေ ဖြစ်သွားပြီ... သူတို့ရဲ့ အနာဂတ်ကို ဆုံးရှုံးသွားပြီ... လုံးဝ တန်ဖိုးမရှိတော့ဘူး..."
သူ၏ ဦးလေးက အသေးအမွှား ကိစ္စတစ်ခုကို ဆွေးနွေးနေသည့်အလား တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။ "နားလည်ပြီ..."
အရှေ့အလယ်ပိုင်းတွင် အဆင်မပြေဖြစ်ခဲ့သော်လည်း ဂျပန်အစိုးရအဖွဲ့က လက်မလျှော့သေးဘဲ ခရီးစဉ်တွင် ပါဝင်ခဲ့သည့် အခြားခရီးသွားများထံသို့ အာရုံပြောင်းလိုက်ပြန်သည်။
နိုင်ငံတကာ ချစ်ကြည်ရေးနှင့် ကြီးမားလှသော ဆုငွေအတွက် ပြင်သစ်မှ လေစီ နှင့် အမေရိကန်မှ ကယ်ဗင် တို့က သူတို့ကိုယ်စား ကြားဝင်စေ့စပ်ပေးမည်ဟု မျှော်လင့်ကာ အစိုးရလမ်းကြောင်းများမှတစ်ဆင့် ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။
သူတို့၏ ကမ်းလှမ်းမှုက အလွန်တရာ ဆွဲဆောင်မှုရှိပြီး ငွေကြေးအမြောက်အမြား၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများနှင့် အနာဂတ် အကျိုးအမြတ်များကို ကတိပေးခဲ့ကြသည်။
သို့သော် ရရှိခဲ့သော တုံ့ပြန်မှုက အံ့သြစရာကောင်းလောက်အောင် တစ်သမတ်တည်းဖြစ်ပြီး အေးစက်လှချေသည်။
လေစီက သူ၏ ရှေ့နေမှတစ်ဆင့် လိမ္မာပါးနပ်သော်လည်း ခိုင်မာပြတ်သားစွာ တုံ့ပြန်ခဲ့၏။ "ကျွန်တော်နဲ့ မစ္စတာကျန်းယဲ့ရဲ့ ဆက်ဆံရေးက ခရီးသွားလမ်းညွှန်နဲ့ ခရီးသွားဆိုတာထက် မပိုပါဘူး... ကျွန်တော်တို့ကြားမှာ ဘာအထူးအဆက်အသွယ်မှ မရှိပါဘူး... ဒီကိစ္စကို ကျွန်တော် မကူညီနိုင်တဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်..."
ကယ်ဗင်၏ တုံ့ပြန်မှုက ပို၍ တိုက်ရိုက်ဆန်ပြီး ရှင်းလင်းစွာ ဖော်ပြထားခဲ့သည်။ "ကျွန်တော့်မှာ ဒီကိစ္စကို ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်လည်း မရှိသလို စွမ်းရည်လည်း မရှိပါဘူး... ကျေးဇူးပြုပြီး နောက်ထပ် လာမနှောင့်ယှက်ပါနဲ့..."
သာမန်နောက်ခံသမိုင်းကြောင်းမှ လာသော လေစီ နှင့် ကယ်ဗင်တို့နှင့် ရင်ဆိုင်ရချိန်တွင်ပင် ဂျပန်၏ တောင်းဆိုချက်က ရက်စက်စွာ ငြင်းပယ်ခံလိုက်ရသည်။
အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားခွင့် နေရာတစ်ခု ရရှိခြင်းသည်ပင် ကံကောင်းမှုတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း သူတို့က မည်သူ့ထက်မဆို ပိုသိလေသည်။ သို့ဖြစ်ရာ အကျိုးအမြတ် အနည်းငယ်အတွက် ကျန်းယဲ့၏ရှေ့တွင် ပိတ်ပင်ရန် စဉ်းစားထားသည်ဟု အတိအလင်း အမိန့်ပေးခံထားရသော နိုင်ငံတစ်ခုအတွက် မည်သို့လုပ် သွားရောက် တောင်းပန်ရဲမည်နည်း။
ထိုသို့လုပ်ခြင်းက ကျန်းယဲ့ကို မပျော်မရွှင်ဖြစ်အောင် လုပ်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော....
ဤအချိန်တွင် ဂျပန်အစိုးရအဖွဲ့က အခြားနိုင်ငံများ၏ တဖြည်းဖြည်း စွန့်ပစ်ခြင်းကို ခံနေရပြီဆိုသည်ကို အပြည့်အဝ သဘောမပေါက်သေးချေ။
သူတို့ သဘောပေါက်သွားချိန်တွင်မူ သူတို့က ကမ္ဘာမြေ၏ စွန့်ပစ်ခံနယ်ရုပ်များ ဖြစ်နေခဲ့ပြီ ဖြစ်၏။
အခန်း ၃၆၀ပြီး၏။