ယန္တရားတံတား (၁)
Vol. 76 Ch. 1176
“အနီရောင်မြွေအဖွဲ့တော့ သွားပြီ”
လောင်ကျွမ်းဖီးနစ်အဖွဲ့မှ ဟယ်လင်ချူးက ထိုယာဉ်တန်းကြီး တစ်စစီပျက်စီးသွားသည်ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်ရင်း အဖွဲ့ကို ချက်ချင်းအရှိန်လျှော့ရန် အမိန့်ပေးလိုက်သည်။
“ငါတို့ နောက်ဆုတ်ပြီး စစ်ကူပေးမယ်။ ဟိုဘက်မှာ လစ်ဟာနေပြီ”
ဘန်း ဘန်း ဘန်း။
သူ့စကားပင် မဆုံးသေးမီ မွန်းစတားလှိုင်းကြီးသည် ပစ်ခတ်နေသော ရထားများဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာခဲ့သည်။ ကောင်းကင်ယံမှ သန္ဓေပြောင်းသတ္တဝါများ ပစ်ခတ်လိုက်သော အဖျက်စွမ်းအားပြင်းအလင်းတန်းများကြောင့် ရထားတွဲ ၂၀ကျော် မီးပင်လယ်ဝေသွားပြီး လူရာပေါင်းများစွာမှာ မီးလောင်ကျွမ်းကာ ပြာအတိဖြစ်သွားခဲ့သည်။ ထိုပြင်းထန်သောတိုက်ခိုက်မှုများကြောင့် ရထားတွဲအချို့မှာ လမ်းချော်ကာ ဒလိမ့်ခေါက်ကွေးပျက်စီးသွားလေသည်။
ရှေ့ဆုံးမှ ရထားက မီးတောက်နေသော ရထားတွဲပေါင်းများစွာကို ဆွဲခေါ်ကာ ရှေ့သို့ ဆက်လက်ခုတ်မောင်းနေပြီး နောက်မှရထားတွဲများကလည်း အမှီလိုက်တွန်းနေသဖြင့် သံလမ်းပေါ်တွင် မီးပွားများ တဖျတ်ဖျတ်လွင့်စင်ကာ သံထည်ချင်းပွတ်တိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ ပျက်စီးနေသောရထားတွဲများအတွင်းမှ လူများမှာ မီးလောင်ကျွမ်းလျက်အော်ဟစ်နေကြပြီး နောက်ကရထားတွဲများပါ တစ်ခုပြီးတစ်ခုလမ်းချော်တော့မည့်အခြေအနေကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူများထဲမှ စွမ်းအားရှင်များနှင့် မီကာပိုင်းလော့များက ထိုရထားတွဲများကို ဖောက်ခွဲဖျက်ဆီးကာ ဖြတ်တောက်ချန်ထားခဲ့ကြသည်။ ထို့နောက် နောက်ကရထားများမှာ ထိုမီးတောက်များကို ကျော်ဖြတ်ကာ ရှေ့ကရထားတွဲများနှင့် ပြန်လည်ချိတ်ဆက်နိုင်ရန် အရှိန်ပြင်းစွာ မောင်းနှင်လိုက်ကြသည်။
ထိုသံမဏိနဂါးကြီး၏ ရှေ့ဆုံးတွင်မူ လုရှင်းချန်နှင့် ကျန်းယွမ်တို့သည် အခြားအားကောင်းသည့်စွမ်းအားရှင်များနှင့်အတူ ကောင်းကင်ယံမှ ပစ်အားအောက်တွင် မီးတောက်မုန်တိုင်းတိမ်တိုက်ကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။ ထိုမုန်တိုင်းကြီးသည် ထစ်ချုန်းသံများနှင့်အတူ မြေပြင်ကို ဝါးမျိုမွှေနှောက်သွားပြီး သောင်းနှင့်ချီသော မွန်းစတားများကို ပြာအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ထိုတိုက်ပွဲတွင် ရူဂျီ၏ သံမဏိဘီလူးကြီး ၁၂ကောင်မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဘယ်လိုမှဖျက်ဆီး၍မရဘဲ သေဆုံးခြင်းမရှိသည့် ထိုဘီလူးကြီးများသည် သံမဏိအစောင့်တပ်ရင်း ၂၂၏ ရှေ့မှအခိုင်မာရပ်ကာ မွန်းစတားလှိုင်းလုံးကြီးကို ထိပ်တိုက်ရင်ဆိုင်ပေးခဲ့သဖြင့် နောက်ပိုင်းစစ်ကြောင်း၏ ဖိအားကို များစွာလျော့ကျစေခဲ့သည်။
တစ်ချိန်တည်းမှာပင် နောက်ပိုင်းကို ကာကွယ်ရန် တာဝန်ယူထားရသော သံမဏိအစောင့်တပ်ရင်း ၁၃၏ ပင်မတပ်စွဲရာနေရာအချို့မှာမူ အချိန်တိုအတွင်း အကျအဆုံးများပြားခဲ့သည်။ စစ်ကြောင်းကို ထိန်းထားနိုင်ရန်အတွက် သံမဏိအစောင့်တပ်ရင်း ၁၃၏ တပ်ခွဲ ၆ မှ တပ်ခွဲမှူးသည် တပ်ခွဲတစ်ခုလုံးကို ဦးဆောင်ကာ ကျောက်ဖြစ်ရုပ်ကြွင်းတောအုပ်၏ လမ်းကျဉ်းဆီသို့ လှည့်ကာပိတ်ဆို့ခဲ့သည်။ သူတို့သည် လိုက်ပါလာသော မွန်းစတားလှိုင်းကြီးကို အကြီးအကျယ်ပိတ်ဆို့ဟန့်တားပေးခဲ့သဖြင့် လမ်းပြတ်တောက်နေသော နောက်ပိုင်းယာဉ်တန်းများနှင့် ရထားများချိတ်ဆက်ရန် အချိန်အလုံအလောက်ရရှိသွားခဲ့သည်။
အင်အား ၉၀၀ ကျော်ရှိသော ထိပ်တန်းမီကာတပ်ရင်းသည် ဆူနာမီကဲ့သို့ ထိုးစစ်ဆင်လာသော မွန်းစတားလှိုင်းကြီးအောက်တွင် ၂၃ မိနစ်တိုင်တိုင် ကြံ့ကြံ့ခံရင်း ရဲဝံ့စွာကျဆုံးသွားခဲ့ကြသည်။ မွန်းစတားအရေအတွက်မှာ မတန်တဆများပြားလှသဖြင့် လက်နက်ခဲယမ်း တစ်ဝက်ကျော်ကျန်ရှိနေသေးသော်လည်း တားဆီးနိုင်ခြင်းမရှိဘဲ ဝါးမျိုခံလိုက်ရခြင်း ဖြစ်သည်။
“တပ်ခွဲ ၆ နဲ့ အဆက်အသွယ်ပြတ်သွားပြီ။ တပ်ခွဲ ၇ နဲ့ ၈ လည်း ဆက်မတောင့်ခံနိုင်တော့ဘူး။ မွန်းစတားတွေက အရင်ကထက် ဆယ်ဆလောက် ပိုများနေတယ်”
သံမဏိအစောင့်တပ်ရင်း ၁၃မှ ဗိုလ်ချုပ်လီရှန်းက မီးကျောက်တုံးမှ လေတပ်များ မြေပြင်ပေါ်သို့ အစုလိုက်အပြုံလိုက်ပျက်ကျနေသည်ကို ကောင်းကင်စောင့်ကြည့်ရေးစနစ်မှတစ်ဆင့် ကြည့်ရင်း မျက်နှာပျက်နေလေသည်။ သူသည် အသက်ရှူရုံမျှဖြင့်ပင် အေးခဲသွားတော့မတတ် ခံစားနေရသည်။
“ချန်းလုံကို အကြောင်းကြားလိုက်။ လုံယွီသင်္ဘော မပျက်ကျခင် အဲဒီဘက် သုံးနေရာလုံးကို နျူကလီးယားဗုံးတွေ အကုန်ပစ်ချခိုင်းလိုက်”
“ကောင်းပါပြီ”
အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ ကွပ်ကဲစခန်းတွင် လော့ရှောင်ခိုင်သည် မျက်နှာပြင်ကြီးရှေ့၌ ကျောကိုဆန့်ကာ ရပ်နေသည်။ သူ၏ အကြည့်များသည် စစ်မြေပြင်သတင်းပို့ချက်များပေါ်သို့ ရောက်ရှိနေပြီး အကျအဆုံးစာရင်းမှာ တစ်ဦးချင်းမဟုတ်ဘဲ ယာဉ်တန်းတစ်ခုလုံး၊ တပ်စခန်းတစ်ခုလုံး သို့မဟုတ် ရထားအဖွဲ့တစ်ခုလုံး အစုလိုက်အပြုံလိုက်ပျက်စီးသွားခြင်းမျိုးဖြစ်သည်။ ယခုအချိန်တွင် ရွှေ့ပြောင်းနေသည်မှာ သုံးနာရီပင်မပြည့်သေးသော်လည်း သေဆုံးသူအရေအတွက်မှာ အလွန်များပြားနေပြီဖြစ်သည်။
ထို့ပြင် သံလမ်းများမှာလည်း ကုန်ဆုံးတော့မည်ဖြစ်ပြီး အထူးအဆင့်သတ္တဝါများပါဝင်သော အဆုံးမဲ့မွန်းစတားလှိုင်းကြီးမှာ အားပျော့သွားမည့် အရိပ်အယောင်ပင် မရှိချေ။ ကောင်းကင်ယံသို့ မော့ကြည့်လိုက်လျှင်လည်း ဂြိုဟ်တစ်လုံးကဲ့သို့ ကြီးမားလှသော ကောင်းကင်မျက်လုံးကြီးမှာ လူတိုင်း၏ခေါင်းပေါ်တွင် ရှိနေဆဲဖြစ်သည်။ သူတို့ ရွေ့လျားခြင်းမရှိသကဲ့သို့ပင်… ဖျက်ဆီးခြင်းမိစ္ဆာဘုရားသည် သူတို့ကို ပုရွက်ဆိတ်များကဲ့သို့ သဘောထားကာ အပေါ်စီးမှ ကြည့်ရင်း နောက်ကနေ တကောက်ကောက်လိုက်ပါနေသကဲ့သို့ပင်။
“သံလမ်း ဘယ်လောက်ကျန်သေးလဲ”
လော့ရှောင်ခိုင်က ယူတိုးပီးယာနှင့် ငွေကြယ်တို့ထံ လိုင်းချိတ်ဆက်လိုက်သည်။
“ကီလိုမီတာ ၃၀ အောက်ပဲ ကျန်တော့တယ်။ အခုအရှိန်နဲ့ဆိုရင် အများဆုံး မိနစ် ၂၀ ပဲ”
ရှော၏ အသံက အမြောက်သံများနှင့် ရောထွေးနေပြီး ထိုသတင်းကို ကြားလိုက်ရသောအခါ လော့ရှောင်ခိုင်၏ မျက်နှာက ပို၍ပင်မည်းမှောင်သွားသည်။
ဒီအတိုင်းဆိုလျှင် သူတို့သည် အစီအစဉ် ၃ ကိုသာ သုံးရတော့မည်ဖြစ်သည်။ ကောင်းကင်တပ်ဖွဲ့များနှင့် မြေပြင်တပ်ဖွဲ့များအားလုံး ရထားတွဲများကို ဖြုတ်ချကာ ကားများနှင့် မြေပြင်သုံးယာဉ်များကို အသုံးပြု၍ လူစုခွဲကာ ဖောက်ထွက်ခိုင်းရတော့မည် ဖြစ်သည်။ ထို့နောက် ရထားများစွာကို စွန့်ပစ်ခဲ့ရမည်ဖြစ်ပြီး ထိုရထားများမှာ အမှောင်ဒီရေများ၏ ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။
ဒါက ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်ပွဲကြီးဖြစ်လာမှာပဲ။ အချိန်တိုလေးအတွင်းမှာ အနည်းဆုံး လူပေါင်းသိန်းချီသေဆုံးသွားနိုင်ပြီး ဖောက်ထွက်နိုင်တဲ့အဖွဲ့တွေတောင်မှ သန်းခေါင်ယံအချိန်အထိ အသက်ရှင်နိုင်ပါ့မလားဆိုတာက မသေချာပေ၊၊
ကောင်းကင်အမိုးခုံးရထားပေါ်တွင် ချန်ဆီရွှမ်နှင့် အခြားသူများသည်လည်း ထိုသတင်းကို ကြားရသောအခါ မျက်နှာများပျက်သွားကြသည်။
“ငါတို့ ရထားတွဲတွေကို ဖြုတ်ပြီး လေကြောင်းကနေ ကယ်ဆယ်ရေးလုပ်ဖို့ ပြင်ဆင်ရတော့မယ် ထင်တယ်”
ချန်ဆီရွှမ်က ပြောလိုက်သည်။
“အဲလောက်မလွယ်ဘူး”
ထိုစဉ် ဆက်သွယ်ရေးလိုင်းထဲမှ အသံတစ်သံထွက်ပေါ်လာသည်။ ကောင်းကင်တွင် ရှောင်ချင်းနှင့် လို့ရှားရှားတို့ ဦးဆောင်သော လေကြောင်းအမြန်ထောက်လှမ်းရေးအဖွဲ့သည် ဘေးကင်းသည့် ကောင်းကင်သို့ ဖောက်ထွက်နိုင်ခဲ့ပြီဖြစ်သည်။ လိုင်းချိတ်ဆက်မိသည်နှင့် မိုးပျံမက်မွန်သီးကို မောင်းနှင်နေသည့် လို့ရှားရှားက အလွန်တုန်လှုပ်နေသော အသံဖြင့် ချက်ချင်းပြောလိုက်သည်။
“ရှေ့ ၅ကီလိုမီတာ အကွာမှာ အရမ်းကြီးတဲ့ ချောက်နက်ကြီးတစ်ခုပေါ်လာတယ်။ မြေပုံထဲမှာလည်း မရှိဘူး။ အလျားက အနည်းဆုံး ကီလိုမီတာရာကျော်ရှိတာမို့ ပတ်သွားလို့ မရဘူး”
“ဘာ”
ထိုစကားကို ကြားလိုက်ရသောအခါ ဆက်သွယ်ရေးလိုင်းတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
“ဒါ ကစဥ့်ကလျားမွန်းစတားရဲ့ လက်ချက်ဖြစ်ရမယ်”
“အရင်က ကိုလိုရာဒိုချောက်ကြီးတုန်းကလိုပဲ”
“ဒီကောင်က ငါတို့လမ်းကို ပိတ်ထားပြီ”
“ငါတို့ ဘာလုပ်ကြမလဲ”
“ဒီအတိုင်းဆက်တိုးရင် ရှေ့မှာ လမ်းမရှိတော့ဘူး”
“ဗိုလ်ချုပ်လော့”
ချန်ဆီရွှမ်က ချက်ချင်း လှမ်းခေါ်လိုက်သည်။
ကွပ်ကဲမှုစခန်းတွင် လော့ရှောင်ခိုင်၏ မျက်ဝန်းများလည်း ပြင်းထန်စွာ တုန်လှုပ်သွားရသည်။ ထိုသတင်းသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီး ချောက်ကမ်းပါးအစွန်းသို့ ရောက်နေသော ပြောင်းရွှေ့တပ်ဖွဲ့များကို ငရဲတွင်းထဲသို့ ထပ်မံတွန်းပို့လိုက်သကဲ့သို့ပင်။
“ဒီလိုအခြေအနေမျိုးမှာတော့ ငါတို့ လူစုခွဲပြီး ရထားတွဲတွေကို ဖြုတ်ချထွက်ပြေးဖို့ပဲ ရှိတော့တယ်။ ဒါမှ လူအချို့ကို ကယ်နိုင်လိမ့်မယ်”
ဗိုလ်ချုပ် ကျန်းဝေကောင်းက ပြောလိုက်သည်။
“ငါတို့ ယူတိုးပီးယာက အနည်းဆုံးရထားတွဲ ၄၀၀ ကို ဆွဲသွားပေးနိုင်တယ်။ နောက်က သံမဏိအစောင့်တပ်ရင်း ၁၃ရဲ့ အင်အားတွေအားလုံး ငါတို့ဆီကို စုလာခဲ့ကြ”
ရှောက ချက်ချင်းစီစဉ်လိုက်သည်။
“ဗိုလ်ချုပ်လော့ အမိန့်ပေးလိုက်ပါ”
ဗိုလ်ချုပ် လီရှန်း၏ အသံလည်း ထွက်ပေါ်လာသည်။
“ငါတို့ လူစုမခွဲရင် အဲဒီချောက်ကြီးကြောင့် အကုန်လုံးပိတ်မိပြီး သေကုန်လိမ့်မယ်”
လော့ရှောင်ခိုင် အသက်ပြင်းပြင်းရှူလိုက်သည်၊၊ သူက ပြတ်သားသော မျက်နှာထားဖြင့် ရှိနေသည်။ သို့သော် သူက အရေးပေါ်အစီအစဉ် ၃ ဖြစ်သော လူစုခွဲရန် အမိန့်ပေးတော့မည့်အချိန်၌ ဆက်သွယ်ရေးလိုင်းထဲတွင် စူးရှသော လျှပ်စစ်လှိုင်းသံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ဂျစ် ဂျစ် ဂျစ်။
ဂျစ် ဂျစ် ခရက်၊၊
စက္ကန့်အနည်းငယ်မျှ ဆူညံသံများဖြစ်ပေါ်ပြီးနောက် တဖြည်းဖြည်းငြိမ်သက်သွားကာ သူစိမ်းအမျိုးသားတစ်ဦး၏ အရေးတကြီးအသံထွက်ပေါ်လာသည်။
“ကျုပ်က လင်းရှန်ပါ။ ခွန်းလွန်ကောင်စီရဲ့ ခန့်အပ်မှုအရ ကယ်ဆယ်ရေးတပ်ဖွဲ့ရဲ့ အမြင့်ဆုံးစစ်သေနာပတိချုပ်အနေနဲ့ ခဗျားတို့ရဲ့ ရွှေ့ပြောင်းမှုကို ကူညီဖို့ စစ်ကူတပ်ဖွဲ့တွေကို ဦးဆောင်ဖို့လာခဲ့တယ်။ အခု အားလုံး ကျုပ်အမိန့်ကို နာခံကြ။ ရထားတပ်ဖွဲ့တွေ အရှိန်မလျှော့နဲ့။ ကားတပ်ဖွဲ့တွေအားလုံး ရထားဘေးပတ်ပတ်လည် ၁၅ မီတာအတွင်းမှာပဲနေကြ။ ငွေကြယ်က ကျန်းရှု့ဝေ”
ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ ကောင်းကင်အမိုးခုံးရထားပေါ်ရှိ လူတိုင်းတုန်လှုပ်သွားကြပြီး မျက်ဝန်းများတောက်ပလာခဲ့သည်။ ထိုအသံသည် သူတို့အတွက် စိမ်းသက်မနေပေ။ ချန်ဆီရွှမ်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
သူပဲ။ သူတကယ်ရောက်လာပြီ။
အနန္တမဟာမိတ်အဖွဲ့နှင့် လူသားမျိုးနွယ်တို့ အန္တရာယ်အရှိဆုံးအချိန်တွင် သူသည် အံ့ဖွယ်အရာတစ်ခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကျန်းရှု့ဝေသည် ငွေကြယ်၏ ပင်မထိန်းချုပ်ခန်းထဲတွင် မတ်တပ်ရပ်နေရင်း လင်းရှန်၏အသံကို ကြားသောအခါ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“ငါ ရှိပါတယ်”
“ငွေကြယ်။ မင်းတို့သွားနေတဲ့ လမ်းကြောင်းအတိုင်းပဲ ဆက်ထိန်းထားပြီးတော့ အရှိန်ဆက်မြှင့်ပါ”
“ဘာ “
“အရှိန်မြှင့်ရမယ်ဟုတ်လား “
“ရှေ့မှာ ချောက်ကြီးရှိနေတာ မဟုတ်ဘူးလား “
ချက်ချင်းဆိုသလို ဆက်သွယ်ရေးလိုင်းထဲတွင် ယာဉ်တန်းခေါင်းဆောင်ရာပေါင်းများစွာ၏ ထိတ်လန့်တုန်လှုပ်သံများမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။ ရှေ့တွင် အောက်ခြေမမြင်ရသည့် ချောက်နက်ကြီးရှိနေသည်ကို မရပ်သည့်အပြင် ထိုနေရာဆီသို့ အရှိန်မြှင့်တင်ကာ တိုးဝင်ခိုင်းနေခြင်းကို သူတို့ လုံးဝနားမလည်နိုင်ကြချေ။ သူတို့အားလုံး ရူးသွပ်ကုန်ကြပြီလား။