ယန္တရားတံတား (၂)
Vol. 76 Ch. 1177
“ဒါ လင်းရှန်ပဲ “
ဆက်သွယ်ရေးလိုင်းမှ အသံကို ကြားလိုက်ရသောအခါ ချန်ဆီရွှမ်၏ တွန့်ကွေးနေသော မျက်မှောင်များမှာ ချက်ချင်းပင် ပြေလျော့သွားခဲ့သည်။
“အားလုံးပဲ စိတ်အေးအေးထားကြ… လင်းရှန်က ကမ္ဘာပျက်ကပ်ရဲ့ ဓားကိုင်ဆောင်သူပဲ… သူတစ်ယောက်တည်းတင် သံမဏိသံလမ်းစက်ရုံ ၁၀၀စာလောက် တန်ဖိုးရှိတယ်။ သူ ဒီလိုဆုံးဖြတ်လိုက်တယ်ဆိုရင် သေချာပေါက်အစီအစဉ်ရှိလို့ပဲ ဖြစ်ရမယ်“
ကျန်းယွမ်သည်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ရီပက်ဘလစ်ကန်မဟာမိတ်အဖွဲ့မှ လင်းရှန်၏ စွမ်းဆောင်ရည်ကို ကောင်းစွာသိသော လဲ့ကျန်းနှင့် ဟယ်လင်ချူးတို့ထံ တိုက်ရိုက်လှမ်းခေါ်လိုက်သည်။
“လဲ့ကျန်း… ဟယ်လင်ချူး… မင်းတို့နောက်က ကားယာဉ်တန်းတွေအကုန်လုံး ကပ္ပတိန်လင်းရဲ့ အမိန့်အတိုင်းလိုက်နာကြ… သံလမ်းတွေနဲ့ အကွာအဝေးကို ထိန်းပြီး ဘေးချင်းယှဉ်ပြီး ရှေ့ကိုပဲ အတင်းတိုးကြ“
ထိုစကားကို ကြားလိုက်ရသောအခါ လဲ့ကျန်း၏ ဦးနှောက်တစ်ခုလုံးတုန်ခါသွားသည်။ သူသည် လင်းရှန်၏ စွမ်းဆောင်ရည်ကို သိသော်လည်း မြူထုကြီးကို ဖြတ်ကာ ချောက်ကမ်းပါးဆီသို့ ကားယာဉ်တန်းများကို အတင်းမောင်းခိုင်းနေခြင်းမှာ လုံးဝရူးသွပ်မှုပင်ဖြစ်သည်။
“ခေါင်းဆောင် “ သူ့လက်အောက်ငယ်သား၏ မျက်နှာမှာ ဖြူလျော်နေပြီဖြစ်သည်။
“စကားမများနဲ့ “
လဲ့ကျန်း၏ မျက်နှာတင်းမာသွားသည်။
“အဲဒီလူက ကောင်းကင်အကာကွယ်ကိုတောင် ဖောက်ထွက်ပြီး ပြန်လာနိုင်ခဲ့တဲ့သူပဲ။ သူက ငါတို့ကို ဒုက္ခပေးစရာအကြောင်းမရှိဘူး“
ထိုသို့ပြောပြီးနောက် သူသည် ဝေါကီတော်ကီကို ချက်ချင်းကောက်ကိုင်လိုက်သည်။
“ယာဉ်တန်းအားလုံး အကွာအဝေးကို ထိန်းထားကြ ။ ငါးစီးတစ်ဖွဲ့စီ ဘေးချင်းယှဉ်ပြီးမောင်းကြ… နောက်ကျမကျန်စေနဲ့“
“ဟုတ်ကဲ့ “
တစ်ချိန်တည်းမှာပင် ဟယ်လင်ချူး၏ အကြီးစားကားယာဉ်တန်းအချို့သည်လည်း ထိုအတိုင်း လိုက်နာကာ လက်ဝဲဘက်အခြမ်းတွင် စုရုံးလာကြသည်။
“ရွှေ့ကြ… ၁၅ မီတာ အကွာအဝေးကို ထိန်းပြီး လမ်းကြောင်းထဲဝင်… ရှေ့ကိုပဲ တက်“
“ဒါ ဘယ်လိုတွေလဲ… ငါတို့က ချောက်ကြီးကို ခုန်ကျော်ကြမလို့လား “
ပင်လယ်ဖိနှိမ်သင်္ဘောပေါ်တွင် ဝူရှန်းကွမ်၏ မျက်နှာမှာ အလွန်တည်ကြည်လေးနက်နေသည်။
“ကီလိုမီတာ ရာချီရှည်တဲ့ ဒီလောက်ကြီးမားတဲ့ ရထားတွဲကြီးက ဆက်သွားမယ်ဆိုရင် ဘရိတ်ဖမ်းဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ အနောက်က ယာဉ်တန်းတွေအားလုံးပါ ဆွဲချခံရပြီး ထွက်ပြေးဖို့ အခွင့်အရေးတောင်ရှိမှာမဟုတ်ဘူး“
“ဗိုလ်ချုပ်လော့ “
“ဆာ “
ရှေ့ဆုံးတွင် တိုက်ခိုက်ရေးတပ်ခွဲ ၃မှ တပ်ခွဲမှူး ဟယ်ရီဖုန်းသည်လည်း အထက်မှ အမိန့်ကို စောင့်ဆိုင်းနေသည်။
“ဒါက တအားစွန့်စားလွန်းရာမရောက်ဘူးလား“
တပ်ခွဲမှူး ဝမ်ယုံက တိုက်ခိုက်နေရာမှ လှမ်းအော်ပြောလိုက်သည်။
“ကီလိုမီတာနည်းနည်းပဲ လိုတော့တယ်။ အချိန်မရှိတော့ဘူး“
တပ်ခွဲ ၅ လီချုံယန်ကလည်း အလောတကြီးအော်ဟစ်လိုက်သည်။
“ဗိုလ်ချုပ်လော့… ကျေးဇူးပြုပြီး လင်းရှန်ကို ယုံကြည်ပေးပါ။ သူ့နည်းလမ်းက စွန့်စားရပေမဲ့ သေချာပေါက်လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးသားဖြစ်ရမယ်“
ငွေကြယ်ပေါ်တွင် အရှိန်မြှင့်တင်ရန် အမိန့်မပေးမီ ကျန်းရှု့ဝေနှင့် အခြားသူများအားလုံးသည် လော့ရှောင်ခိုင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။ ရာပေါင်းများစွာသော ယာဉ်တန်းများနှင့် ရှည်လျားစွာ ချိတ်ဆက်ထားသောရထားများဖြစ်သောကြောင့် ညီညွှတ်သောဆုံးဖြတ်ချက်တစ်ခုမချနိုင်ပါက အဖွဲ့တစ်ခုလုံး ချက်ချင်းပြိုကွဲသွားပေလိမ့်မည်။
“အားလုံး တိတ်စမ်း “
ထိုအချိန်တွင် လော့ရှောင်ခိုင်က ဆက်သွယ်ရေးကိရိယာကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ၏ မျက်နှာထက်တွင် ဝေခွဲမရမှုများဖြစ်ပေါ်နေသည်။ ယခု ဆုံးဖြတ်ချက်သည် အစီအစဉ် ၃ ထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်လှပြီး လူပေါင်းသန်းချီကို ချောက်ကမ်းပါးဆီသို့ အတင်းပြေးခိုင်းနေခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် တုံ့ဆိုင်းသွားခဲါသည်။ သို့သော် သေခြင်းရှင်ခြင်းမှာ ယခုအချိန်တွင် ဆံခြည်တစ်မျှင်သာကွာခြားတော့သည်ကိုလည်း သူ သိရှိနေသည်။
သူသည် သေခြင်းတရားကို မကြောက်ပေ။ သူ့ကို ဖိစီးနေသည်မှာ ရထားယာဉ်တန်းပေါင်းနှစ်ရာကျော်ဖြစ်သည်။ ဤသူများသည် ကော်လိုရာဒိုဆုတ်ခွာမှုအတွင်း ပြန့်ကျဲနေရာမှ ပြန်လည်စုစည်းမိထားကြသည့် နောက်ဆုံးအသက်ရှင်ကျန်ရစ်သူများဖြစ်သည်။ ဤဆုံးဖြတ်ချက်ကြောင့် သူတို့အားလုံး မြေမြုပ်ခံရနိုင်ပေသည်။
တီ၊၊
ထိုစဉ် သူ၏ ဖီးနစ်တံဆိပ်ထံသို့ ဖီးနစ်မှ အမြင့်ဆုံးအဆင့်ညွှန်ကြားချက်တစ်ခု ရောက်ရှိလာခဲ့သည်။ တဖျတ်ဖျတ်လင်းနေသော အလင်းရောင်ကို ကြည့်ပြီး လင်းရှန်သည် ဝင်ရိုးစွန်းဒေသမှ စေလွှတ်လိုက်သော အမြင့်ဆုံးစစ်သေနာပတိချုပ်ဖြစ်ကြောင်း သူ ချက်ချင်းနားလည်သွားခဲ့သည်။
ထိုစက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ တုံ့ဆိုင်းမှုအားလုံး ပျောက်ကွယ်သွားခဲ့သည်။ တပ်မှူးယဲ့က သူ့ကို ယုံကြည်သည့်အတွက် သူတို့သည်လည်း ထိုသူကို အကြွင်းမဲ့ယုံကြည်ရပေမည်။
ထို့နောက် လော့ရှောင်ခိုင်၏ အကြည့်များက ပြတ်သားသွားခဲ့သည်။ သူက ဆက်သွယ်ရေးကိရိယာကို ကိုင်ကာ အမိန့်ပေးလိုက်သည်။
“ရထားအားလုံး ဆက်သွယ်မှုကို ဆက်ထိန်းထားကြ… နဂါးခွန်ပန် မိုးကြိုးလေတပ်က ဝဲယာခွဲပြီး ချောက်ကြီးရဲ့ လေကြောင်းကာကွယ်ရေးကို တာဝန်ယူ… မီးကျောက်တုံးက အနောက်ပိုင်းကို ကာကွယ်ပေး… ငွေကြယ်… ချက်ချင်းအရှိန်မြှင့်တင်တော့ “
“နားလည်ပါပြီ “
“တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ ရထားရဲ့ ညာဘက်အခြမ်းမှာ လာပူးပေါင်းကြ“
တပ်ခွဲ ၃၏ တပ်ခွဲမှူး ဟယ်ရီဖုန်းက ချက်ချင်းအမိန့်ပေးလိုက်သည်။ စက္ကန့်ပိုင်းအတွင်း မွန်းစတားလှိုင်းကြီး၏ ရှေ့ဆုံးတွင် ရှိနေသော ပင်မတပ်ဖွဲ့သုံးစုမှ တိုက်ခိုက်ရေးယာဉ် ၁၀၀၀ကျော်မှာ ညာဘက်သို့ စုရုံးသွားကြသည်။ သူတို့၏ ခံစစ်ပစ်အားလမ်းကြောင်း ပြောင်းလဲသွားသဖြင့် မွန်းစတားလှိုင်းကြီးမှာ အရှိန်ပြင်းစွာ မောင်းနှင်နေသော ရထားယာဉ်တန်းများဆီသို့ ထိပ်တိုက်တိုးဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ မီးတောက်တိမ်တိုက်များ လိမ့်တက်လာခဲ့သည်။ ကောင်းကင်အမိုးခုံးရထား၏ ကြယ်အမြောက်နှင့် ပင်လယ်ဖိနှိမ်သင်္ဘော၏ လျှပ်စစ်သံလိုက်အမြောက်များက ကောင်းကင်မှနေ၍ ကန့်လန့်ဖြတ်ပစ်ခတ်ခြေမှုန်းလိုက်ရာ အလယ်ဗဟိုရှိ မွန်းစတားလှိုင်းကြီးမှာ လုံးဝတစ်စစီပျက်စီးသွားပြီး နီရဲသော ချော်ရည်များ လောင်ကျွမ်းနေသည့် မြေရိုင်းကြီးသာ ကျန်ရစ်ခဲ့သည်။
လုရှင်းချန်၊ ကျန်းယွမ်၊ ချီလီ၊ နန်ကျင်း၊ မိုနီကာ၊ ရုဂျီနှင့် အခြားစွမ်းအားရှင်များသည် တစ်ယောက်ပြီးတစ်ယောက်ဆင်းသက်လာကာ အသက်လုတိုက်ပွဲအတွက် သူတို့၏ စွမ်းရည်များကို ထုတ်ဖော်လိုက်ကြသည်။
အားဖေးက နဂါးတောင် ၁ ပေါ်တွင် မတ်မတ်ရပ်နေပြီး လေဆာအလင်းတန်းများက ရှေ့ရှိ နီရဲသော မြူထုကြီးကို ရှာဖွေရေးမီးမောင်းများကဲ့သို့ ဖောက်ထွင်းပစ်လိုက်သည်။
“ငါတို့ကပ္ပတိန် ရောက်လာပြီကွ။ အားလုံး ရှေ့ကိုပဲ ဆက်တိုးကြ“
လုရှင်းချန်သည် မီးတောက်လက်သီးတစ်ချက်ဖြင့် လမ်းဖောက်ပစ်လိုက်ပြီး သူ၏ ကျယ်လောင်သော ရယ်မောသံမှာ အမြောက်သံများကိုပင် လွှမ်းမိုးသွားပုံရသည်။
“ဒါက ရူးသွပ်မှုပဲ။ အဲဒီသောက်ကျိုးနည်း ဓားကိုင်ဆောင်သူလား“
ယူတိုးပီးယာပေါ်တွင် လူအုပ်ကြီး၏ စိတ်ခံစားချက်များမှာ လှုပ်ခတ်နေသည်။ ရှောသည် သူ၏ အဓိကအဖွဲ့ဝင်များအလယ်တွင် ရပ်နေရင်း တင်းမာနေသော အသက်ရှူသံများကို ထိန်းချုပ်ရန် ဆက်တိုက်ကြိုးစားနေရသည်။
“ဒီပေါင်းစည်းရထားအုပ်စုကြီးကို ချောက်ကမ်းပါးဆီကို အတင်းမောင်းခိုင်းနေတာက…. ငါတို့ကို ပျံသန်းပြီး ကျော်ခိုင်းမလို့လား “
“မဖြစ်နိုင်တာ… ရထားလမ်းကြောင်းက ရှည်လွန်းတယ်။ အရှိန်နဲ့ ကျော်ခုန်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဒါ့အပြင်...”
သူ၏လက်ထောက် ဂျင်းနီက ခေါင်းခါလိုက်သည်။
ရှောက အသက်ပြင်းပြင်းရှူလိုက်သည်။
“ဘာပဲဖြစ်ဖြစ်… ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး။ စွမ်းအားအပြည့်နဲ့ ခုခံဖို့ ပြင်ဆင်ကြ…. အရှိန်မြှင့် “
“အရှိန်မြှင့် “
ငွေကြယ်ပေါ်တွင် ကျန်းရှု့ဝေက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ ထာဝရအဆင့် နျူကလီးယားစွမ်းအင်ဗဟိုချက်မှ မီဂါဝပ်ရာပေါင်းများစွာသော စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။
“အရှိန်မြှင့် “
နဂါးတောင် ၁ ပေါ်တွင် ရှီတိယွမ်က စိတ်လှုပ်ရှားမှုများဖြင့် မျက်နှာတစ်ခုလုံးနီရဲစွာ အော်ဟစ်လိုက်ပြီး နှစ်ထပ်ကမ္ဘာပျက်ခံတပ်ကြီးမှ စွမ်းအားများကို ဒီရေကဲ့သို့ ထုတ်လွှတ်လိုက်သည်။
“အရှိန်မြှင့် “
နှင်းဆီအဖွဲ့မှ ကျိုးဟုန်ချူကလည်း အချိန်ကိုက်တုံ့ပြန်လိုက်ပြီး သူမနှင့်အတူ ယခင်အနန္တမဟာမိတ်အဖွဲ့၏ ပေါင်းစည်းရထားမှ ယာဉ်တန်းပေါင်းများစွာက စစ်ကြွေးကြော်သံများကို ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
“အရှိန်မြှင့် “
အနောက်ပိုင်းတွင် ရထားတွဲပေါင်းရာချီဖြင့် နေရာအနှံ့မှ ရောက်ရှိလာကြသော နောက်ဆုံးကမ္ဘာပျက်ကပ်ယန္တရားတပ်ဖွဲ့များသည် မျှော်လင့်ချက်မဲ့ခြင်းမှ မွေးဖွားလာသောသတ္တိကို ကိုင်စွဲကာ သူတို့၏ လျှပ်စစ်စက်ခေါင်းအင်ဂျင်များကို အမြင့်ဆုံးအတိုင်းအတာအထိ အော်မြည်စေခဲ့သည်။
အသက်ရှင်သန်ရေးအတွက် သေခြင်းတရားဆီသို့ ဇွတ်တိုးဝင်ဝံ့သည့် သတ္တိသည် ထိုစက္ကန့်ပိုင်းအတွင်း အသက်ရှင်ကျန်ရစ်သူ လူပေါင်းသုံးသန်းနီးပါးထံသို့ ကူးစက်ပျံ့နှံ့သွားခဲ့သည်။
ဝူး၊၊
ဂျုံး ဂျုံး ဂျက် ဂျက်၊၊
သံမဏိဘီးများ လည်ပတ်သွားပြီး သံလမ်းများ တုန်ခါသွားခဲ့သည်။ မည်းမှောင်နေသော ကမ္ဘာပျက်ကပ်ရထားကြီးသည် ရော့ကီတောင်တန်း၏ ကျယ်ပြောလှသော မြေပြန့်လွင်ပြင်ကြီးထက်တွင် ကီလိုမီတာရာချီရှည်လျားသော နဂါးကြီးတစ်ကောင်ကဲ့သို့ ကွေ့ကောက်လျက် သွေးနီရောင်မြူထဲတွင် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေလေသည်။
ပစ်အားလိုင်းများက ကောင်းကင်ယံကို ဖြတ်သန်းလျက် သံလမ်းဘေးဝဲယာတစ်လျှောက် ရမ်းသန်းပစ်ခတ်နေသဖြင့် အလုံးအရင်းနှင့် တိုးဝှေ့လာသော မွန်းစတားအုပ်ကြီးကို အထင်းသားမြင်တွေ့နေရသည်။ မော်တော်ယာဉ်တပ်ဖွဲ့မျိုးစုံနှင့် သံမဏိအစောင့်တပ်ရင်းတို့သည် အရှိန်ပြင်းစွာ မောင်းနှင်နေသော ရထားကြီးနှင့်အတူ အပြိုင်လိုက်ပါနိုင်ရန် လူစုခွဲလျက် အစွန်းကုန်နေရာယူလိုက်ကြသည်။ မိနစ်ပိုင်းအတွင်းမှာပင် ငွေကြယ်ဦးဆောင်သော မြေပြင်ရထားအဖွဲ့ကြီးနှင့် ဝဲယာနှစ်ဖက်တွင် ဘေးချင်းယှဉ်လျက် လိုက်ပါလာသော ကားယာဉ်တန်းကြီးသည် သံမဏိရောင်တလက်လက်အောက်တွင် သုံးခွလှံကြီးတစ်ခုကဲ့သို့ ရှေ့သို့ ဒုန်းစိုင်းတိုးဝင်သွားခဲ့သည်။ သူတို့သည် ရှေ့ရှိ မွန်းစတားလှိုင်းကြီးကို လုံးဝဂရုမစိုက်တော့ဘဲ အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ အတင်းတိုးဝင်နေသော ဓားတစ်စင်းကဲ့သို့ ပြေးဝင်သွားကြသည်။
၅၀ ကီလိုမီတာ၊၊
၆၀ ကီလိုမီတာ၊၊
၇၀ ကီလိုမီတာ၊၊
၁၀၀ ကီလိုမီတာ၊၊
ကြံ့ကြံ့ခံနေရသော ယာယီသံလမ်းများမှာ ဝန်ပိမှုကြောင့် စူးရှသော သံထည်ချင်းပွတ်တိုက်သံကြီးဖြင့် အော်မြည်နေသည်။ မြေပြင်တစ်ခုလုံးမှာလည်း မွန်းစတားလှိုင်းကြီး၏ တိုက်ခိုက်မှုကြောင့် အဆက်မပြတ်တုန်ခါနေပြီး ရထားတွဲတစ်ခုလုံးမှာ မီးပွားများနှင့် လျှပ်စီးမုန်တိုင်းများကြားမှ ကွင်းပြင်ကျယ်ကြီးကို ဖြတ်ကာ အတင်းပြေးလွှားနေခဲ့သည်။
ဂယား၊၊
သွေးနီရောင်မြူအတွင်းရှိ မွန်းစတားလှိုင်းကြီးသည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး ဘေးချင်းယှဉ်မောင်းနေသော ရထားတန်းကြီးကို ရူးသွပ်စွာ စတင်တိုက်ခိုက်လာတော့သည်။ ယာဉ်တန်း၏ ကာကွယ်ရေးလိုင်းပေါ်ရှိ ဖိအားများမှာ အဆမတန်မြင့်တက်လာပြီး အရှိန်ပြင်းစွာ မောင်းနှင်နေစဉ်အတွင်း တစ်စီးနှင့်တစ်စီး ဆင့်ကဲတိုက်မိမှုများက လှိုင်းလုံးကြီးများကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ယံရှိ ကြီးမားလှသော သတ္တဝါကြီးများကမူ ဤရွှေ့လျားလာသည့် အသက်ရှင်ကျန်ရစ်သူများကို အမဲလိုက်ကွင်းပြင်ကြီးကဲ့သို့ သဘောထားကာ သန္ဓေပြောင်းသတ္တဝါအမြောက်အမြားသည် အောက်ရှိ လေကြောင်းရန်ကာကွယ်ရေးပစ်ခတ်မှုများကို အလှည့်ကျဆင်းသက်တိုက်ခိုက်နေသဖြင့် သေဆုံးမှုနှုန်းမှာ တရိပ်ရိပ်မြင့်တက်လာခဲ့သည်။