← Chapters

ဖြတ်တောက်ပိတ်ဆို့တိုက်ပွဲ (၂)

Vol. 76 Ch. 1180

ဖြတ်တောက်ပိတ်ဆို့တိုက်ပွဲ (၂)

Vol. 76 Ch. 1180

သံမဏိအစောင့်တပ်ရင်း ၂၂ ၏ တင့်ကားတပ်ရင်းသည် ရွေ့လျားနေသော သံမဏိခံတပ်ကြီးတစ်ခုကဲ့သို့ ရှေ့သို့ ချီတက်သွားပြီး ထူထပ်လှသော အရိုးဆူးများနှင့် အက်ဆစ်မိုးများကို တောင့်ခံကာ နောက်ကွယ်မှ လေကြောင်းရန်ကာကွယ်ရေးအမြောက်များကို ဆွဲယူလာသည့် ယာဉ်များအတွက် နေရာဖန်တီးပေးလိုက်သည်။

လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၏ အမြန်ပစ်အမြောက်များနှင့် စက်သေနတ်ကြီးများသည် ရူးသွပ်စွာ အော်မြည်နေပြီး ကျည်ဆန်တန်းများသည် ပူပြင်းလှသော မီးကွန်ရက်ကြီးအဖြစ် ဖြန့်ကျက်လိုက်ရာ မီးလောင်ကျွမ်းနေသော ဧရာမလင်းနို့များနှင့် ပုံပျက်ပန်းပျက် မိုးပျံသတ္တဝါကြီးများကို တရစပ်ပြုတ်ကျလာကြသည်။

တစ်ချိန်တည်းမှာပင် အနန္တမဟာမိတ်အဖွဲ့၏ အားကောင်းသော တိုက်ခိုက်ရေးအုပ်စုသည်လည်း မြောက်ဘက်ကမ်းတွင် စုရုံးရောက်ရှိလာသည်။ လင်းရှန်က ကီကီကို အနန္တရထားတပ်ဖွဲ့များ၏ ကာကွယ်ရေးလိုင်းရှေ့တွင် တိုက်ရိုက်ပိတ်ရပ်ရန် ခိုင်းစေလိုက်ပြီး ရထားအမိုးပေါ်ရှိ ပစ်ခတ်မှုစွမ်းအားကို အပြည့်အဝဖြန့်ကျက်လိုက်သည်။ လုချန်နှင့် အခြားအနန္တရထားအဖွဲ့ဝင်များသည် ရထားပေါ်သို့ အပြေးအလွှားတက်ရောက်ကာ အနန္တရထား၏ သံချပ်ကာကို အကာအကွယ်ယူ၍ ခုခံနေကြသည်။

နဂါးတောင် ၁ ၏ အဓိကတပ်ဖွဲ့ဝင်များဖြစ်ကြသော ရှီတိယွမ်၊ နန်ကျင်း၊ ရှောင်ချင်းနှင့် အားဖေးတို့သည်လည်း ရထားပေါ်မှဆင်းကာ ကူညီပေးကြသလို မီးတောက်၊ ကျန်းယွမ်၊ မိုနီကာနှင့် ချီလီတို့လည်း ပါဝင်ဆင်နွှဲကြသည်။

ယူတိုးပီးယာအဖွဲ့သည် စွမ်းအားဝတ်စုံဖြင့် တပ်ဖွဲ့ဝင် ၅၀၀၀ကျော်ကို ဤနေရာတွင် ဖြန့်ကျက်ထားရာ ၎င်းသည် ဥရောပအသက်ရှင်ကျန်ရစ်သူများမဟာမိတ်အဖွဲ့၏ အဓိကတပ်ဖွဲ့တစ်ခုလုံးနီးပါးပင်၊၊

ရူဂျီ၏ သတ္တုဘီလူးကြီး ၁၂ကောင်သည် ရိုးရာပုံပြင်ထဲက စွမ်းအားကြီးနတ်ဘုရားများကဲ့သို့ ညာတောင်ပံ၏ အရှေ့ဆုံးတွင် တိတ်ဆိတ်စွာ ရပ်တည်နေပြီး ဧရာမအလွိုင်းလက်မောင်းကြီးများကို လွှဲယမ်းကာ ပြေးဝင်လာသော မွန်းစတားကြီးများကို ရိုက်ခြေပစ်နေကြသည်။ ၎င်းတို့သည် အားနည်းလှသော ယာဉ်တန်းတပ်ဖွဲ့များနှင့် လမ်းခွဲနေသော ရထားတွဲများအတွက် အဖိုးတန်လှသော ရွှေ့ပြောင်းချိန်ကို ဆွဲပေးထားခြင်းဖြစ်သည်။

လုရှင်းချန်၏ မီးတောက်များက ပြင်းထန်စွာ တောက်လောင်နေပြီး မိုနီကာ၏ အသံလှိုင်းဓား၊ ချီလီ၏ ရွှေရောင်အလင်းတန်း၊ ကျန်းယွမ်၏ လေဆင်နှာမောင်း… စသည်ဖြင့် ၎င်းတို့အားလုံး၏ သလင်းကျောက်စွမ်းအားများ ဆက်တိုက်ပွင့်လာကာ ဤအခိုက်အတန့်တွင် ထိတ်လန့်ဖွယ် မွန်းစတားလှိုင်းကြီးကို ရူးသွပ်စွာ ခုခံနေကြသည်။

ဖိအားအများဆုံးနှင့် အပြင်းထန်ဆုံးနေရာမှာ အလယ်ဗဟိုတံတားထိပ်ဧရိယာဖြစ်သည်။

လော့ရှောင်ခိုင်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ အထူးစစ်ဆင်ရေးအဖွဲ့ (၆) ဖွဲ့သည် ၎င်းတို့၏ အထူးချွန်ဆုံး ထိပ်တန်းတပ်ဖွဲ့ဝင်များအားလုံးကို ဖြန့်ကျက်ထားသည်။ ယန္တရားအဖွဲ့က ရှေ့တန်းမှ ခံစစ်ယူထားပြီး စွမ်းအားဝတ်စုံများဝတ်ဆင်ကာ အကြီးစားမီးတောက်မှုတ်စက်များနှင့် တစ်ကိုယ်ရေသုံးစွမ်းအင်လက်နက်များကို ကိုင်ဆောင်ထားသည့် စတားဖလိ့စစ်တပ်သည် ကျဉ်းမြောင်းလှသော တံတားထိပ်ဧရိယာတွင် ထပ်ဆင့်ပစ်အားကွန်ရက်များကို တည်ဆောက်ထားသည်။

နဂါးခွန်ပန်နှင့် မိုးကြိုးလေတပ်တို့၏ အမြောက်များသည် ကောင်းကင်နဲ့ မြေပြင်မှ တစ်ပြိုင်နက်တည်းပစ်ခတ်ကြပြီး ထူထပ်လှသော မွန်းစတားလှိုင်းကြီးကြားတွင် ကွက်လပ်များကို ဖန်တီးပေးနေသည်။ သို့သော် ထိုကွက်လပ်များသည် အခြားသော မွန်းစတားများဖြင့် လျင်မြန်စွာ ပြန်လည်ပြည့်နှက်သွားစမြဲပင်။

ယာဉ်တန်းအသီးသီးမှ တိုက်ခိုက်ရေးသမားများနှင့် စွမ်းအားရှင်များသည် ကောင်းကင်အမိုးခုံးရထားနှင့် မိုးကြိုးလေတပ်တို့၏ အနိမ့်ပျံဝဲပတ်လမ်းကြောင်းသုံးစွမ်းအင်အမြောက်များပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဧရာမမြေကျင်းကြီးများကို အကာအကွယ်အဖြစ်အသုံးပြုကာ လှိုင်းလုံးကြီးပမာ တိုးဝှေ့လာနေသည့် မွန်းစတားများနှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကို ဆင်နွှဲနေကြသည်။ သွေးများနှင့် သတ္တုအပိုင်းအစများသည် တံတားထိပ်ပိုင်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော အလင်းရောင်သည် စစ်သားများ၏ ဖရိုဖရဲဖြစ်နေသော်လည်း ပြတ်သားသော မျက်နှာများကို လင်းလက်သွားစေသည်။

ကောင်းကင်ပေါ်၌ အားလုံး၏ အထက်တွင် လွင့်မျောနေသော ကောင်းကင်းမျက်လုံးကြီးသည် အမျက်ဒေါသထွက်နေပုံရပြီး ၎င်း၏ အနီရောင်မျက်ဆန်သည် ပြင်းထန်စွာ ကျုံ့ဝင်သွားကာ မျက်စိဖြင့်မြင်တွေ့နိုင်သော သွေးကဲ့သို့ ထူပြစ်သည့် အမှောင်စွမ်းအင်လှိုင်းလုံးကြီးကို ရုတ်တရက်အပြင်သို့ ဖြန့်ကျက်လိုက်သည်။ လေထုသည် ချက်ချင်းပင် လေးလံလာပြီး ပူပြင်းခြောက်သွေ့သွားကာ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို ညှစ်ထုတ်ပြီး လောင်ကျွမ်းပစ်တော့မည့်အတိုင်းရှိလာသည်။ သံမဏိဟဲလ်မက်များအောက်ရှိ စစ်သားများ၏ မျက်နှာများသည် နာကျင်မှုကြောင့် ရှုံ့တွသွားကြပြီး မရေတွက်နိုင်သောလူများသည် ဝေဒနာကြောင့် ညည်းတွားနေကြကာ ရှေ့တန်းလိုင်းတစ်ခုလုံးတွင် သန္ဓေပြောင်းလက္ခဏာများ အဆက်မပြတ်ထွက်ပေါ်လာသည်။

“မအေဘေး…. အဲဒီကျိန်စာသင့်နေတဲ့အကောင်က လှုပ်ရှားလာပြီ”

လော့ရှောင်ခိုင်က တိုက်ပွဲကို ကြည့်ရှုရင်း မျက်နှာပျက်သွားသည်၊၊

“သူက အမှောင်စွမ်းအင်တိုက်ခိုက်မှုတွေကို အဆက်မပြတ်ထုတ်လွှတ်နေတာပဲ။ သူ့ရဲ့ မူလပုံစံကို မပြသေးရင်တောင် ငါတို့ရဲ့ ကာကွယ်ရေးလိုင်းက ဖျက်ဆီးတော့မယ်”

“တောင့်ခံထား။ ကျုပ်မှာ နည်းလမ်းရှိတယ်”

လင်းရှန်၏ အသံက ထူးထူးခြားခြားတည်ငြိမ်နေသည်။ သူက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် ပြင်းထန်စွာ ပစ်ခတ်နေသော ကောင်းကင်အမိုးခုံးရထားပေါ်သို့ တိုက်ရိုက်ပျံသန်းတက်လိုက်သည်။

“ဆရာမချန်။ အဆင့် ၄ သွေးပဲစေ့ပေး… အမြန်လေး”

ပြန်လည်ဆုံတွေ့ခြင်းကို နှုတ်ဆက်ရန် အချိန်မရှိသဖြင့် ချန်ဆီရွှမ်လည်း ယာဉ်တန်းတွင် အရန်သိမ်းဆည်းထားသော သွေးပဲစေ့ကို ချက်ချင်းထုတ်ပေးလိုက်သည်။ လင်းရှန်သည် သွေးပဲစေ့ကို ဖမ်းဆွဲပြီးနောက် တံတားထိပ်၏ အထက်တည့်တည့်သို့ တိုက်ရိုက်ပျံသန်းသွားကာ လေထုထဲသို့ သူ၏ လက်နှစ်ဖက်ကို ဖိချလိုက်သည်။

မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်က နယ်ဖတ်ပြီး ပုံသွင်းလိုက်သကဲ့သို့ မရေမတွက်နိုင်သော သတ္တုအစိတ်အပိုင်းများသည် အာကာသပျော်ဝင်ခြင်းနယ်ပယ်ထဲမှ ဝုန်းဒိုင်းကြဲထွက်ပေါ်လာကြသည်။ အောက်ခြေပလက်ဖောင်း၊ မျှော်စင်ကိုယ်ထည်၊ ရှုပ်ထွေးလှသော စွမ်းအင်ကူးပြောင်းမှုကွိုင်များပါဝင်သည့် မြင့်မားပြီး လက်ရာမြောက်လှသော အမှောင်စွမ်းအင်ပေါင်းစည်းမျှော်စင်ကြီးတစ်ခုသည် သေနတ်သံများနှင့် သွေးသံရဲရဲစစ်မြေပြင်ကြားတွင် ကောင်းကင်သို့ ထိုးတက်သွားပြီး မြေပြင်ပေါ်တွင် အထင်ရှားပေါ်ထွက်လာသည်။

မျှော်စင်၏ ထိပ်ဖျားတွင်ရှိသော အဓိကစနစ်သည် ဝူးခနဲမြည်ဟည်းသံနှင့်အတူ စတင်လည်ပတ်လာပြီး မမြင်ရသောကြိမ်နှုန်းရှိသည့် အလင်းတန်းတစ်ခုကို ချက်ချင်းထုတ်လွှတ်လိုက်ကာ ဧရာမ စက်ဝိုင်းခြမ်းပုံသဏ္ဍာန် စွမ်းအင်နယ်ပယ်ကြီးအဖြစ် လျင်မြန်စွာ ပြန့်ကားသွားပြီး မြောက်ဘက်ကမ်းတံတားထိပ်ကာကွယ်ရေးစခန်းတစ်ခုလုံးနှင့် အရှိန်ပြည့်မောင်းနှင်နေသော ရထား၏ ရှေ့ပိုင်းကိုပါ လွှမ်းခြုံကွယ်ကာကွယ်ပေးလိုက်လေသည်။

မွန်းကျပ်ဖွယ်ခံစားချက်နှင့် ရူးသွပ်မှုကို လှုံ့ဆော်ပေးနေသော ထိုအဆင့်မြင့်အမှောင်စွမ်းအင်တိုက်ခိုက်မှုကြီးသည် မမြင်ရသော တံတိုင်းကြီးတစ်ခုနှင့် သွားရောက်ရိုက်ခတ်မိကာ ယန္တရားစွမ်းအင်မျှော်စင်၏နယ်ပယ်ကြောင့် အားပြယ်ပြီး အသွင်ပြောင်းလဲသွားလေသည်။

စစ်သားများသည် ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပေါင်ချိန်ထောင်ချီလေးလံသော ဝန်ထုပ်ဝန်ပိုးကြီးက ပခုံးပေါ်မှ ပြုတ်ကျသွားသည့်နှယ်ရှိတော့သည်။ ၎င်းတို့၏ မျက်ဝန်းထဲမှ ရူးသွပ်နေသော သွေးကြောနီကြီးများမှာလည်း လျင်မြန်စွာ မှေးမှိန်သွားကာ ပျက်စီးလုနီးပါးဖြစ်နေသော စိတ်ဓာတ်များမှာလည်း ပြန်လည်နိုးကြားတက်ကြွလာကြသည်။

“ခံစစ်လိုင်းကို အခိုင်မာထိန်းထား။ ငါတို့မှာ မျှော်လင့်ချက်ရှိသေးတယ်”

အက်ကွဲနေသော အော်ဟစ်သံများက တိုက်ပွဲနေရာတိုင်းမှ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ပျက်စီးလုနီးပါးဖြစ်နေသော တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည်ဆွဲတင်ကာ သန္ဓေပြောင်းလဲလုနီးပါးဖြစ်နေသည့် အခြေအနေကို အတင်းအကျပ်ဟန့်တားလိုက်နိုင်သည်။

ဤကဲ့သို့ အဖိုးတန်လှသော အသက်ရှူချိန်အတွင်း၌ နောက်ဘက်ရှိ ရထားယာဉ်တန်းကြီးသည် မကြုံစဖူးသောအရှိန်အဟုန်ဖြင့် အပြင်းမောင်းနှင်နေပြီဖြစ်သည်။

ရထားတွဲတစ်ခုပြီးတစ်ခုသည် ရထားလမ်းတံတားပေါ်သို့ တဂျုံးဂျုံးမြည်ဟည်းကာ ပြေးဝင်လာပြီး သတ္တုဘီးဝင်ရိုးများသည် ယာယီရထားလမ်းနှင့် ပွတ်တိုက်မိကာ မီးပွားတန်းများကို ထွက်ပေါ်စေလျက် စူးရှပြီး စိတ်အားတက်ကြွဖွယ်ရာ ဥဩသံများကို အဆက်မပြတ်ထုတ်ဖော်နေသည်။

ငွေကြယ်နှင့် ချောက်ကမ်းပါးကို ဖြတ်ကျော်ပြီးသားဖြစ်သော အချို့သော အနန္တမဟာမိတ်အဖွဲ့ဝင်ယာဉ်များသည် ရပ်တန့်မနေခဲ့ကြချေ။ ကျန်းရှု့ဝေ၏ ကွပ်ကဲမှုအောက်တွင် အင်ဂျင်စွမ်းအားများကို အပြည့်အဝဖွင့်ကာ မြောက်အမေရိကအရှေ့ဘက်လိုင်းကို ထိုးဖောက်ထားသည့် ရထားလမ်းအတိုင်း အရှိန်ပြင်းမောင်းနှင်သွားကြပြီး နောက်ကွယ်မှ အဓိကတပ်ဖွဲ့များအတွက် ဘေးကင်းသော နယ်မြေအကျယ်အဝန်းကို ဖော်ဆောင်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဘေးတောင်ပံများဆီသို့ ပစ်အားအားလုံးကို ပုံအောလိုက်ပြီး ကာကွယ်ရေးလိုင်းကို ရံဖန်ရံခါဖောက်ထွက်လာသည့် မွန်းစတားများကို နှိမ်နင်းပေးနေသည်။

“အမြန်ဖြတ်ကြ။ တံတားကို ကျော်တာနဲ့ ငါတို့ ဘေးကင်းပြီ”

“ညီကိုတို့… တောင့်ခံထားဦး။ နောက်က ရထားတွေအတွက် အချိန်ဆွဲပေးကြ”

“မြန်မြန်။ ဒီထက် ပိုမြန်မြန်မောင်း”

ရထားယာဉ်တန်းအားလုံး၏ အများသုံးဆက်သွယ်ရေးလိုင်းထဲတွင် အော်ဟစ်သံများ၊ အားပေးသံများနှင့် အင်ဂျင်သံများဖြင့် ဖုံးလွှမ်းနေသည်။ ရှေ့ကရထားများ အတားအဆီးကို အောင်မြင်စွာ ဖြတ်ကျော်ပြီး လုံခြုံသည့်ရထားလမ်းဆီသို့ ဦးတည်သွားနေသည်ကို မြင်တွေ့ရခြင်းက လူသန်းပေါင်းများစွာ၏ နှလုံးသားထဲတွင် တောမီးပမာ မျှော်လင့်ချက်များကို တောက်လောင်စေခဲ့သည်။

ဤပြင်းထန်လှသော အသက်ရှင်လိုစိတ်နှင့် ယုံကြည်ချက်သည်ပင် အမှောင်ထု၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်သည့် အားအကောင်းဆုံးလက်နက်ဖြစ်လာပြီး ရှေ့တန်းလိုင်းရှိ လူများ၏ သန္ဓေပြောင်းလဲမှုနှုန်းကို သိသိသာသာလျော့ကျသွားစေသည်။

သို့သော်လည်း သားကောင်များ ဆက်တိုက်ထွက်ပြေးလွတ်မြောက်နေခြင်းက ကောင်းကင်ပေါ်က အရှင်သခင်ကို အကြီးအကျယ်ဒေါသထွက်သွားစေပုံရသည်။

ဧရာမ အနီရောင်မျက်ဆန်ကြီးသည် ရုတ်တရက် အစွန်းကုန်ကျုံ့ဝင်သွားရာ စကြဝဠာတစ်ခုလုံး၏ မကောင်းဆိုးဝါးစွမ်းအားများကို သိုအောင်းထားသည့်နှယ်ရှိလေသည်။ ထို့နောက်တွင် ယခင်ကထက် ဆယ်ဆမျှ ပြင်းထန်သော အမှောင်စွမ်းအင်ဖိအားကြီးသည် ထိတွေ့ကိုင်တွယ်၍ရသော ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ ဝုန်းခနဲ ဖိနှိပ်ချလာသည်။

ကော်လိုရာဒိုချောက်ကမ်းပါး၏ မြေပြင်တစ်ခုလုံးသည် ငလျင်လှုပ်ခတ်သကဲ့သို့ မြည်ဟည်းညည်းတွားရင်း ပြင်းထန်စွာ တုန်ခါသွားသည်။

ဝန်ပိနေပြီးသားဖြစ်သော ယာယီရထားလမ်းများသည် ဤအခိုက်အတန့်တွင် မီးပွားများထွက်ပေါ်ကာ စူးရှသောအသံများထွက်လာသည်။ နောက်ရှိ ရထားတန်းများသည် ဘယ်ညာယိမ်းထိုးနေပြီး အချိန်မရွေးတိမ်းမှောက်သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ပြင်ကဲ့သို့ လှိမ့်ဝင်လာနေသည့် မွန်းစတားလှိုင်းကြီးသည်လည်း စိတ်ကြွဆေးအထိုးခံထားရသကဲ့သို့ အရှိန်၊ ခွန်အားနှင့် ရန်လိုမှုများမှာ ဆပွားတိုးတက်လာလေသည်။ ထို A-level သန္ဓေပြောင်းသတ္တဝါကြီးများသည် မိုးထစ်ချုန်းသလို ဟိန်းဟောက်ကာ ထူထပ်လှသော ပစ်အားကွန်ရက်ကို အတင်းတိုးဝှေ့ဝင်ရောက်လာကြသည်။

“အား”

ဘယ်တောင်ပံတွင် သံမဏိအစောင့်တပ်ရင်း ၁၃ ၏ တပ်ခွဲ ၇ မှ ခြေလျင်အထူးတပ်ခွဲတစ်ခုသည် ပစ်အားကွန်ရက်ကို ဖောက်ထွက်လာသော အမဲလိုက်သတ္တဝါတစ်ကောင်၏ လက်ချက်ဖြင့် ချက်ချင်းပင် ခြေမှုန်းခံလိုက်ရသည်။

“လေကြောင်းရန်ကာကွယ်ရေး။ လေကြောင်းရန်ကာကွယ်ရေးလိုင်းပေါက်ထွက်သွားပြီ။ ညာတောင်ပံ ၃ နာရီအရပ်”

သံမဏိအစောင့်တပ်ရင်း ၂၂ ၏ ဆက်သွယ်ရေးလိုင်းထဲတွင် စူးရှသောသတိပေးသံထွက်ပေါ်လာပြီး အတောင်ပံဖြန့်ပါက မီတာသုံးဆယ်ကျော်ရှိသော အရိုးတောင်ပံပါနတ်ဆိုးနဂါးအချို့သည် လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကို ဖောက်ထွက်လာကာ ၎င်းတို့မှုတ်ထုတ်လိုက်သည့် အစိမ်းရောင်အက်ဆစ်များသည် သံချပ်ကာယာဉ်များ၏ အမိုးကို ချက်ချင်းပင် အရည်ပျော်သွားစေသည်။

အလယ်ဗဟို တံတားထိပ်မျက်နှာစာတွင်မူ တောင်တစ်ခုပမာ လေးလံလှသော အသားအဖုအကျိတ်သားရဲကြီးတစ်ကောင်သည် မိုးကြိုးလေတပ်၏ အဓိကအမြောက်ကြီးများ ပစ်ခတ်မှုကို ကြံ့ကြံ့ခံကာ အရိုးဆူးများပါသော ၎င်း၏ လက်တံများကို လွှဲယမ်းကာ အသစ်တည်ဆောက်ထားသော အလွိုင်းတံတိုင်းကို ပြင်းထန်စွာရိုက်ချလိုက်ရာ အထူးတပ်ဖွဲ့ဝင်များမှာ နှာခေါင်း၊ မေးစေ့တို့မှ သွေးများ ပန်းထွက်ကုန်ကြပြီး ကာကွယ်ရေးလိုင်းမှာ သိသိသာသာချိုင့်ဝင်သွားလေသည်။

ဖြတ်တောက်ပိတ်ဆို့တိုက်ပွဲသည် ချက်ချင်းပင်အဆိုးရွားဆုံး၊ အကြမ်းတမ်းဆုံးအဆင့်သို့ရောက်ရှိသွားပြီး ငရဲဘုံလှိုင်းလုံးကြီးကို သွေးနှင့် သံမဏိဖြင့် ရင်ဆိုင်ရသည့် အထွတ်အထိပ်အချိန်သို့ ရောက်ရှိသွားတော့သည်။

မြေပြင်လက်မတိုင်းက လောင်ကျွမ်းနေပြီး ပေါက်ကွဲမှုတိုင်းတွင် စွန့်လွှတ်အနစ်နာခံမှုများ ပါဝင်နေသည်။

ယန္တရားစွမ်းအင်ပေါင်းစည်းမျှော်စင်၏ အရိပ်အောက်တွင် ခိုလှုံနေကြသော စစ်သားများသည် ကြောက်ရွံ့မှုများကို မာန်သွင်းကြုံးဝါးသံများအဖြစ်ပြောင်းလဲကာ သွေးနီရောင်တွင်းနက်ကြီးထဲသို့ ရှိသမျှခဲယမ်းမီးကျောက်များကို ပုံအောပစ်ခတ်နေကြသည်။

နောက်ဘက်တွင်မူ ရထားများသည် တစ်စီးပြီးတစ်စီး တဂျုံးဂျုံးမြည်ဟည်းကာ အသက်နှင့် သေခြင်းရှင်ခြင်းကို ပိုင်းခြားထားသည့် ထိုသံမဏိတံတားကြီးကို ဖြတ်ကျော်လျက် အမှောင်ထု၏အဆုံးမှ ထွက်ပေါ်လာသော အာရုဏ်ဦးအလင်းဖျော့ဖျော့ဆီသို့ ဦးတည်မောင်းနှင်နေကြသည်။

All Chapters