← Chapters

ဖြတ်တောက်ပိတ်ဆို့တိုက်ပွဲ (၃)

Vol. 76 Ch. 1181

ဖြတ်တောက်ပိတ်ဆို့တိုက်ပွဲ (၃)

Vol. 76 Ch. 1181

“လင်းရှန်။ ဒီအတိုင်းသွားရင် နောက်က ရထားတွေ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ရထားလမ်းတစ်ခုခုပြတ်တောက်သွားတာနဲ့ သူတို့တွေ လုံးဝထွက်နိုင်တော့မှာ မဟုတ်ဘူး” ကောင်းကင်ထက်မှ ချူယန်က လင်းရှန်၏ ဘေးသို့ ဆင်းသက်လာပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါသိတယ်။ ဒါပေမဲ့ ဒါက လက်ရှိအဓိကပြဿနာမဟုတ်သေးဘူး”

သူသည် ကမ္ဘာမြေကြီးအထက်တွင် လွင့်မျောနေသော ထိတ်လန့်ခြေက်ခြားဖွယ်အရာအားလုံး၏ အရင်းအမြစ်ဖြစ်သည့် ကောင်းကင်ပေါ်က ဧရာမမျက်လုံးကြီးကို မော့ကြည့်လိုက်သည်။ ကမ္ဘာ့အဆင့်ဖျက်ဆီးခြင်းအငွေ့အသက်များက တစ်ချက်မျှကြည့်လိုက်ရုံနှင့်ပင် လူတစ်ယောက်၏ နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

“အဲဒါပဲ”

သွေးနီရောင်ညအမှောင်အောက်တွင် ယာယီတည်ဆောက်ထားသော မြောက်ဘက်ကမ်းကာကွယ်ရေးလိုင်း၌ ပြင်းထန်လှသော စစ်မီးတောက်များ တဝုန်းဝုန်းမြည်ဟည်းနေသည်။ ပေါင်းစည်းယာဉ်တန်းသည် ခံစစ်နယ်မြေထဲသို့ ဆက်တိုက်မောင်းနှင်ဝင်ရောက်လာပြီး ရထားလမ်းတံတားကို ဖြတ်ကျော်လျက် တောင်ဘက်ကမ်း၏ အခြေစိုက်နယ်မြေထဲသို့ ဦးတည်ပြေးဆွဲနေကြသည်။

ထိုအခိုက်အတန့်တွင် ရထားပေါ်ရှိ အသက်ရှင်ကျန်ရစ်သူအားလုံးက ဤအန္တရာယ်များလှသော သွေးနီရောင်ညထဲ၌ ဤချောက်ကမ်းပါးကြီးကို ဖြတ်ကျော်နိုင်ခြင်းသည် ငရဲ၏ ပထမဆုံးတံခါးဝကို ကျော်လွန်နိုင်ခဲ့ခြင်းသာဖြစ်ကြောင်း ကောင်းကောင်းသိထားကြသည်။

အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်ပေသည်။ မှုံမှိုင်းနေသော ကွင်းပြင်ကျယ်ကြီးတစ်ခွင်တွင် မရေမတွက်နိုင်သော သန္ဓေပြောင်းမွန်းစတားများသည် သွေးနီရောင်မြူခိုးများကြောင့် ဤရှုပ်ထွေးလှသော စစ်မြေပြင်ဆီသို့ ရောက်ရှိလာကြပုံရသည်။ ငွေကြယ်ရထားပေါ်တွင်မူ ပြင်းထန်လှသော ပစ်ခတ်မှုစွမ်းအားနှင့် အဓိကတိုက်ခိုက်ရေးတပ်ဖွဲ့ သုံးဖွဲ့၏ ကာကွယ်မှုကြောင့် သွေးနီရောင်ဖုတ်ကောင်အချို့သာ လာရောက်တိုက်ခိုက်နိုင်ပြီး ကြီးမားသောဖိအားမျိုးမရှိခဲ့ချေ။

“ရထားလမ်းက လုံးဝရှင်းလင်းနေတာပဲ။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။ ကပ္ပတိန်လင်းက လမ်းတစ်ခုလုံးကို ပြုပြင်ထိန်းသိမ်းပေးထားတာလား”

အင်ဂျင်နီယာအဖွဲ့က အတိုင်းထက်အလွန်စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။

“သူက ယန္တရားစွမ်းအားရှင်လေ။ ရထားလမ်းက သူ့အတွက်တော့ အလွယ်ဆုံး ပြဿနာပဲ”

ကျန်းရှု့ဝေက မောင်းနှင်မှုမှတ်တမ်းမျက်နှာပြင်ကို ကြည့်ရင်း သူမ၏ အမူအရာက တည်ကြည်လေးနက်နေသည်၊၊

“ငါတို့ ဒီထက်ပိုပြီး အရှိန်မြှင့်လို့ မရတော့ဘူး။ ငါတို့ အရင်က အလျင်စလိုတည်ဆောက်ထားတဲ့ ယာယီရထားလမ်းက ရေရှည်တောင့်ခံနိုင်မှာ မဟုတ်ဘူး။ အကယ်၍ ခံစစ်လိုင်းမှာ ပြဿနာတစ်ခုခုတက်ရင် ရထားတွေ ဆက်တိုက်လမ်းချော်ကုန်မယ့် အန္တရာယ်မျိုးဖြစ်သွားလိမ့်မယ်”

“ဒါပေမဲ့ ငါတို့ အရှိန်မမြှင့်ရင် နောက်ကလူတွေ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်”

တစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။

ကျန်းရှု့ဝေက သက်ပြင်းချလိုက်သည်၊၊

“ငါတို့ရဲ့ လက်ရှိတာဝန်က တည်ငြိမ်မှုကို ထိန်းထားဖို့ပဲ။ အရှိန်တစ်ခုတည်းကိုပဲ မျက်စိစုံမှိတ်လိုက်နေလို့ မရဘူး”

သူမက လှည့်ကြည့်လိုက်ပြီး မြေပြင်ပေါ်တွင် နဂါးတစ်ကောင်ကဲ့သို့ ကွေ့ကောက်မောင်းနှင်နေသော ရထားယာဉ်တန်းကြီးကို ပြတင်းပေါက်မှတစ်ဆင့် စိုက်ကြည့်ကာ လေးနက်သော မျက်နှာအမူယာဖြင့် ရေရွတ်လိုက်သည်၊၊

“ကျန်တဲ့အပိုင်းကိုတော့ သူတို့ပဲ ကိုင်တွယ်ရလိမ့်မယ်”

ဘန်း ဘန်း ဘန်း၊၊

သံမဏိလှိုင်းကြီးသည် လောင်ကျွမ်းနေသော မြေရိုင်းပေါ်တွင် ကျယ်လောင်စွာမြည်ဟည်းခုတ်မောင်းနေပြီး ၆ကီလိုမီတာ ရှည်လျားသော မြောက်ဘက်ကမ်းကာကွယ်ရေးလိုင်းသည် အဆုံးမရှိသည့် သွေးနီရောင်ဒီရေလှိုင်းကြီး၏ ရိုက်ခတ်မှုအောက်တွင် သွေးနှင့် သံမဏိရေကာတာကြီးတစ်ခုကဲ့သို့ နားကွဲလုမတတ် ဟိန်းဟောက်သံများကို ထုတ်လွှတ်နေသည်။

ထောင်ပေါင်းများစွာသော TFV-600 ပြောင်းနှစ်လုံးပူးတင့်ကားအုပ်စုများသည် သံမဏိခံတပ်ကာကွယ်ရေးလိုင်းတစ်ခုကို တည်ဆောက်ထားပြီး ၎င်းတို့၏ ရှေ့မျက်နှာစာပြောင်းဝများပေါ်တွင် လောင်ကျွမ်းထားသော အလောင်းများနှင့် ပျက်စီးနေသော သတ္တုအပိုင်းစများစုပုံနေသည်။ ဟိန်းဟောက်သံတစ်ခုချင်းစီတိုင်းက ဖျက်အားမြင့်မီးလုံးကြီးများကို မှုတ်ထုတ်လိုက်ရာ တိုးဝှေ့လာနေသည့် ခြေလက်များစွာပါသော အလောင်းကောင်အင်းစက်အုပ်ကြီးကို ကောင်းကင်တစ်ခုလုံး ညစ်ညမ်းသောသွေးမိုးမုန်တိုင်းအလား ပြောင်းလဲလိုက်သည်၊၊

ကြယ်တာယာစီးနင်းသူ မီကာ ၈ခုသည် ရိုးရာပုံပြင်ထဲက စွမ်းအားကြီးနတ်ဘုရားများကဲ့သို့ လူသားတို့၏ စစ်မြေပြင်ထဲသို့ တက်လှမ်းလာကြပြီး ၎င်းတို့၏ လေးလံသော အလွိုင်းခြေဖဝါးကြီးများက ခြေလှမ်းတိုင်းတွင် မြေပြင်ကို တုန်ခါသွားစေသည်။ ၎င်းတို့၏ ခေါင်းပေါ်ရှိ လေးလံလှသော ပတ်လမ်းကြောင်းသုံးစွမ်းအင်အမြောက်စနစ်က ဖြည်းညှင်းစွာလည်ပတ်နေပြီး ပြောင်းဝတွင် အပြာရောင်အလင်းတန်းများ စုစည်းလာသည်။ စွမ်းအင်စုဆောင်းပြီးနောက် ထွက်ပေါ်လာသည့် ပစ်ခတ်မှုတိုင်းသည် ရှေ့ပိုင်းစစ်မျက်နှာဧရိယာတစ်ခုလုံးကို ပြာကျသွားစေပြီး ရုန်းကန်အော်ဟစ်နေကြသည့် A-Level သားရဲကြီးများ သို့မဟုတ် လျင်မြန်လှသော အမဲလိုက်သတ္တဝါများကို ချောက်ချားဖွယ်ရာ magma စီးဆင်းနေသည့် အချင်းမီတာရာချီရှိသော မြေကျင်းကြီးများအဖြစ် ချေမှုန်းပစ်လိုက်သည်။

မီးခိုးများနှင့် သွေးနီရောင်မြူများကြောင့် ကာလကြာရှည်ဖုံးလွှမ်းနေသော ကောင်းကင်သည် ပိုမိုပြင်းထန်လှသော အလင်းနှင့် မီးတောက်များကြောင့် ဆုတ်ဖြဲခံလိုက်ရသည်။

နဂါးခွန်ပန်နှင့် မိုးကြိုးလေတပ်တို့၏ ရာပေါင်းများစွာသော လွင့်မျောနေသည့် စစ်သင်္ဘောများ၊ အမြောက်တပ်ဆင်ထားသော လေယာဉ်များနှင့် တိုက်ခိုက်ရေးလေယာဉ်များသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော လေကြောင်းတိုက်ပွဲပုံစံကို ဖွဲ့စည်းထားပြီး ထောင်ပေါင်းများစွာသော အမြောက်ကြီးများ၏ စူးရှသံများသည် စစ်မြေပြင်ရှိ အသံအားလုံးကို ဖုံးလွှမ်းသွားသည်။

အမြောက်တပ်ဆင်ထားသော လေယာဉ်များသည် အနိမ့်ပိုင်းတွင် ပျံဝဲနေကြပြီး ကုန်းပတ်ပေါ်တွင် တန်းစီထားသော ၁၁၃၀ အနီးကပ်ကာကွယ်ရေးစက်အမြောက်များနှင့် အပူရှိန်မြင့် စွမ်းအင်အမှုန်တန်းကွန်ရက်များကို အသုံးပြုကာ သံမဏိမုန်တိုင်းတစ်ခုကို ဖန်တီးထားသည်။ ထို့ပြင် အမြီးပိုင်းမှ မီးတောက်များ တန်းနေသော လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်မျိုးစုံဖြင့် လေတပ်၏ ပတ်ဝန်းကျင်တွင် သေမင်းနယ်မြေတစ်ခုကို လုံးဝရက်လုပ်ထားရာ ငုံ့ဆင်းတိုက်ခိုက်လာသော မိုးပျံမွန်းစတားလှိုင်းများနှင့် ပုံပန်းသဏ္ဍာန်မဖော်ပြနိုင်သော မိုးပျံသတ္တဝါကြီးများကို လောင်ကျွမ်းနေသည့် မီးလုံးကြီးများအဖြစ် အစိတ်စိတ်အမြွှာမြွှာဆုတ်ဖြဲပစ်လိုက်သည်။

ဤကဲ့သို့ ဆူပွက်နေသော ငရဲဘုံကြီး၏ အလယ်တွင် ကောင်းကင်အမိုးခုံးရထား၏ ဧရာမပုံသဏ္ဍာန်ကြီးသည် စစ်မြေပြင်ကို ပြတ်သားစွာထိုးခွဲဝင်ရောက်လာသည်။

၎င်း၏ ကိုယ်ထည်သည် (၄) ပိုင်း ကွဲထွက်သွားပြီး ကြီးမားသောပစ်ခတ်မှုစွမ်းအားမပါရှိသည့် အခြေခံလူနေတွဲအပိုင်း သုံးပိုင်းသည် အရှိန်မြှင့်တင်ကာ ချောက်ကမ်းပါးကို ဖြတ်ကျော်ပျံသန်းပြီး တောင်ဘက်ကမ်း၏ လုံခြုံသောနယ်မြေဆီသို့ ဦးတည်သွားကြသည်။

မြောက်ဘက်ကမ်းတွင် မွန်းစတားလှိုင်းကြီးက အရှိန်အဟုန်ဖြင့် တိုးဝှေ့လာချိန်၌ အလယ်ဗဟိုတွင်မူ ချန်ဆီရွှမ်က ပင်မလက်နက်တိုက်သင်္ဘော ကိုယ်ထည်လေးခုကို တိုက်ရိုက်ကွပ်ကဲနေသည်။ ၎င်းတို့၏ စွမ်းအားမြင့် အမြောက်စနစ်၊ ထူထပ်လှသော ဒုံးကျည်ပစ်စင်များ၊ G-6T လျှပ်စစ်သံလိုက်လမ်းအမြောက်စုများနှင့် ပလာစမာကွန်ရက်များ၏ ပစ်ခတ်မှုစွမ်းအားကို အပြည့်အဝဖွင့်ထုတ်လိုက်ရာ ရွေ့လျားနေသော ဖျက်ဆီးခြင်းမီးတောင်လေးလုံးကဲ့သို့ မွန်းစတားလှိုင်းကြားတွင် လောင်ကျွမ်းနေသော လမ်းကြောင်းများကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။

“ဒီဧရိယာက အကောင်တွေ အားလုံးက A-Levelနဲ့ အဲဒီအထက် ထူးဆန်းတဲ့ သတ္တဝါတွေချည်းပဲ။ သွေးနီရောင်မြူခိုးတွေကတစ်ဆင့် ကူးပြောင်းလာတာ သေချာတယ်”

“စွမ်းအားဝတ်စုံအဖွဲ့။ ဘယ်တောင်ပံ ကွက်လပ်ကို သွားထိန်း”

“အမဲလိုက်သတ္တဝါတွေကို သတိထားကြ”

သံမဏိအစောင့်တပ်ရင်း၏ စွမ်းအားဝတ်စုံဝတ် အထူးတပ်ဖွဲ့ဝင်များနှင့် ယာဉ်တန်းများမှ စွမ်းအားဝတ်စုံသမားများဖြင့် ဖွဲ့စည်းထားသော စစ်တပ်သည် ရှေ့တန်းလိုင်းတွင် ရူးသွပ်စွာ တိုက်ခိုက်နေကြပြီး ကောင်းကင်သို့ ပျံတက်လိုက် မြေပြင်သို့ ငုံ့ဆင်းလိုက်ဖြင့် ကြယ်တာရာစစ်ပွဲကြီးတစ်ခုကဲ့သို့ ရှိနေသည်။

စွမ်းအင်လက်နက်များ၏ မြည်ဟည်းသံ၊ ချိန်းဓားသွားများ၏ ဆုတ်ဖြဲသံ၊ မီးတောက်မှုတ်စက်များ၏ ဝုန်းဒိုင်းကြဲသံများနှင့် သံချပ်ကာအခွံများကို ရိုက်ခွဲပစ်လိုက်သည့် စွမ်းအားလက်အိတ်များ၏ အုန်းခနဲမြည်သံများသည် သွေးနီရောင်မြူခိုးများကြားတွင် ရောယှက်ကာ ရက်စက်ကြမ်းကြုတ်သော သတ္တုဂီတတစ်ပုဒ်အလားထွက်ပေါ်နေသည်။

ဤကဲ့သို့ ရှုပ်ထွေးလှသော သတ်ဖြတ်မှုမြင်ကွင်း၏ အစွန်းတွင်မူ သံမဏိဖျက်ဆီးခြင်းလှိုင်းလုံးကြီးတစ်ခုသည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ရှေ့သို့ လှိမ့်ဝင်လာနေသည်။

၎င်းတို့မှာ လင်းရှန် ထုတ်လွှတ်လိုက်သည့် ရှေ့တန်းတွင် ရူးသွပ်စွာ သတ်ဖြတ်နေကြသော စွမ်းအင်မြင့် တိုက်ခိုက်ရေးမီကာစက်ရုပ် ၆၀၀၀ပင် ဖြစ်ပေသည်။

လုရှင်းချန်၊ ရူဂျီ၊ မိုနီကာ၊ ချီလီ၊ နန်ကျင်းနှင့် ထောင်ပေါင်းများစွာသော စွမ်းအားရှင်အဓိကတပ်ဖွဲ့ဝင်များသည်လည်း မြောက်ဘက်ကမ်းစစ်မြေပြင်တွင် ပါဝင်ဆင်နွှဲနေကြသည်။

လုရှင်းချန်သည် ဝုန်းဒိုင်းကြဲနေသော မီးတောက်များကြားတွင် မြေပြင်သို့ ဆင်းသက်လာသည့် မီးနတ်ဘုရားတစ်ပါးအလား… သူသည် အရေးအကြီးဆုံး ကာကွယ်ရေးလိုင်း၏ အထက်တွင် လွင့်မျောနေပြီး လက်နှစ်ဖက်ကို ပုံဖော်ကာ မီတာရာချီရှည်လျားလှသော လောင်ကျွမ်းနေသည့် မီးတောက်ဓားကြီးတစ်လက်ကို ဖွဲ့စည်းလိုက်သည်။ ဓားတစ်ချက်လွှဲယမ်းလိုက်တိုင်း လောင်ကျွမ်းနေသော ဖျက်ဆီးခြင်းလှိုင်းလုံးများကို ထွက်ပေါ်စေကာ ဧရာမသတ္တဝါဆန်းကြီးများနှင့်အတူ မွန်းစတားလှိုင်းကြီးကို မီးခိုးအသွင်အရည်ပျော်သွားစေသည်။

“အကောင်သေးလေးတွေက ငါ့ရှေ့မှာလာပြီး ရမ်းကားရဲတယ်ပေါ့”

ရူဂျီသည် ကြယ်တာယာစီးနင်းသူမီကာကြီးတစ်ခု၏ပခုံးပေါ်တွင် မျက်နှာသေဖြင့် ရပ်နေပြီး သူ၏ လက်ချောင်းဆယ်ချောင်းကို တူရိယာတစ်ခုတီးခတ်နေသကဲ့သို့ စည်းချက်ကျကျလှုပ်ရှားလျက် သတ္တုမှော်ရုပ်သေးကြီး ၁၂ကောင်ကို ထိန်းချုပ်ကာ မွန်းစတားလှိုင်းကြားတွင် သံမဏိမုန်တိုင်းတစ်ခုကို ဆင်နွှဲနေသည်။

ဤရုပ်သေးကြီးများသည် တန်ချိန်များစွာ လေးလံလှသော အလွိုင်းဧရာမတူကြီးများကို ကိုင်ဆောင်ကာ သားရဲကြီးများကို အရိုးနှင့် အသားများ ကြေမွသွားသည်အထိ ထုချေပစ်နေကြသည်။ သို့မဟုတ် ၎င်းတို့၏ လက်မောင်းများကို အရှိန်ပြင်းစွာ လည်ပတ်နေသော chainsawများအဖြစ် ပြောင်းလဲကာ အင်းစက်ပင်လယ်ကြီးထဲတွင် အသားကြိတ်စက်ကြီးများကဲ့သို့ ဖြတ်သန်းမောင်းနှင်နေကြသည်။

မိုနီကာ၏ အသံလှိုင်းဓားသည် မမြင်ရသော ကြိမ်နှုန်းမြင့်လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး မာကျောသောအခွံများ သို့မဟုတ် ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော ထိပ်တန်းမွန်းစတားများကို တိကျစွာ ဖြတ်တောက်ကာ ၎င်းတို့၏ အတွင်းပိုင်းမှနေ၍ တစ်စစီတုန်ခါပေါက်ကွဲသွားစေသည်။

All Chapters