← Chapters

ကစဥ့်ကလျားမွန်းစတားကြီး (၂)

Vol. 76 Ch. 1185

ကစဥ့်ကလျားမွန်းစတားကြီး (၂)

Vol. 76 Ch. 1185

စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသည့် လင်းရှန်က သဲမုန်တိုင်းကြားတွင် အရှိန်မြှင့်ကာ ပြင်းထန်သော အပူချိန်မြင့်လေစီးကြောင်းကို ဆန့်ကျင်ပြီး ရှေ့သို့ တိုးဝင်သွားခဲ့သည်။

“ဂရေ့စ်… ပစ်လိုက်တော့”

“ဂရေ့စ်...”

ဘွန်း ဘွန်း ဘွန်း။

“ဂရ...”

[ဂရေ့စ် လက်ခံရရှိပါသည်]

[အဆင့်အလိုက်ချိန်ညှိမှုပြီးမြောက်ပါပြီ... စွမ်းအင်ဗဟိုချက်က အလွန်အမင်းဝန်ပိလည်ပတ်နေပါသည်... ကန့်သတ်နယ်ပယ်တည်ဆောက်မှု တည်ငြိမ်ပါသည်...]

[ပစ်လိုက်ပါပြီ]

ဘွန်း။

အထက်ကောင်းကင်ယံတွင် လေထုကြီးသည် ပြင်းထန်စွာ ဆုတ်ဖြဲခံလိုက်ရပြီး ဖျက်ဆီးခြင်းအလင်းတန်းသည် တစ်ဖန်ပြန်လည်ကျဆင်းလာကာ ကောင်းကင်ရှိ ဧရာမမျက်လုံးကြီးဆီသို့ တိကျစွာ ထိမှန်သွားသဖြင့် ပျံ့နှံ့နေသော မီးခိုးများနှင့် ဖုန်မှုန့်များကို လုံးဝလင်းထိန်သွားစေသည်။

နောက်တစ်ခဏတွင်...

အုန်းးးး...

မဖော်ပြနိုင်လောက်အောင် ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးတစ်ခုသည် မီတာသောင်းချီအမြင့်တွင် ပွင့်အာသွားခဲ့သည်။ ၎င်းက မီးလျှံပေါက်ကွဲမှုမျိုးမဟုတ်ဘဲ စွမ်းအင်သက်သက်ပျက်စီးခြင်းနှင့် လွှတ်ထုတ်ခြင်းသာဖြစ်သည်။ အလင်းလှံ၏ ရိုက်ခတ်မှုအမှတ်မှနေ၍ ပလာစမာအဖြစ်ပြောင်းလဲသွားသော လေထုကို ဝန်းရံထားသည့် ကီလိုမီတာဝက်ခန့် ကျယ်ဝန်းသော စက်ဝိုင်းပုံသဏ္ဍာန် ဖျက်ဆီးခြင်းရိုက်ခတ်မှုလှိုင်းသည် အမျက်ထွက်နေသောကြယ်တာရာကွင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားခဲ့သည်။

ရိုက်ခတ်မှုလှိုင်းဖြတ်သန်းသွားရာ နေရာတိုင်း၌ ကောင်းကင်တွင် ပျံသန်းနေသော မွန်းစတားများနှင့် သွေးနီရောင်မြူများပင် တစ်ခဏချင်းအတွင်း အငွေ့ပျံပျောက်ကွယ်သွားခဲ့ရသည်။

ထို့နောက်တွင်မူ မြေပြင်တစ်ခွင်သို့ သဲမုန်တိုင်းကြီးက မွှေနှောက်သွားခဲ့လေသည်။ လေထုကို ဆုတ်ဖြဲပစ်လိုက်သည့် ကျန်ရှိနေသော စွမ်းအင်များနှင့် ရိုက်ခတ်မှုလှိုင်းတို့ကြောင့် ပြင်းထန်သော လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာခဲ့သည်။

ကျန်းယွမ်နှင့် ကီကီတို့သည် သူတို့၏ စွမ်းအားများဖြင့် သဲမုန်တိုင်းကို ထိုးဖောက်ရန် အခွင့်အရေးကို ဖမ်းဆုပ်လိုက်ကြပြီး ထိုအချိန်တွင် အဝေးရှိ ကောင်းကင်မှ တောက်လောင်နေသော မီးလျှံတိမ်တိုက်ကြီးတစ်ခုက ရုတ်တရက်နီးကပ်လာခဲ့သည်။

“ငါ ရောက်ပြီ”

လုရှင်းချန်သည် ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ အမြင့်ဆုံးအဆင့် မီးလျှံများ ခြံရံလျက် ဟိန်းဟောက်လိုက်ပြီး လှည့်ပတ်နေသော သွေးနီရောင်သဲမုန်တိုင်းဆီသို့ သူ၏လက်သီးများကို ပြင်းထန်စွာ ထိုးနှက်ပစ်လိုက်သည်။

“နတ်ဘုရားကောင်းကင်လောင်ကျွမ်းခြင်း”

သူ့ကို ဗဟိုပြုထားသည့် နီရွှေရောင်မီးပင်လယ်ကြီးသည် အရပ်မျက်နှာအနှံ့သို့ စူပါနိုဗာပေါက်ကွဲမှုတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။

ကီကီ၊ ကျန်းယွမ်နှင့် လုရှင်းချန်တို့ ပူးပေါင်းလိုက်ကြပြီး တောင်ဘက်ကောင်းကင်ဂိတ်၏ ပေါက်ကွဲမှုလှိုင်းလုံးကြီးများ သယ်ဆောင်လာသော ရိုက်ခတ်မှုလှိုင်းကို ရထားလမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်စီသို့ လမ်းကြောင်းလွှဲပေးလိုက်ရာ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ရိုက်ခတ်မှုဇုန်တစ်ခုကို ချက်ချင်းထွင်းထုပေးလိုက်သဖြင့် မြင်ကွင်းသည် ရုတ်တရက် ရှင်းလင်းသွားခဲ့သည်။

“ကြည့်လိုက်ဦး”

လင်းရှန်နှင့် ချူယန်တို့သည် တစ်ပြိုင်နက်တည်းလေထဲသို့ ပျံသန်းသွားကြပြီး ကီကီတို့ သုံးယောက်၏ ရှေ့သို့ ရောက်ရှိလာကာ အားလုံးက ရိုက်ခတ်မှုဇုန်၏ အစွန်းဘက်ဆီသို့ လှမ်းကြည့်လိုက်ကြရာ ထိုနေရာ၌ သဲမုန်တိုင်းတံတိုင်းကြီးတစ်ခုက အဆုံးမရှိသောင်းကျန်းနေပြီး အထက်တွင်မူ သွေးနီရောင်မုန်တိုင်းများ လှည့်ပတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုသဲတံတိုင်း၏ နောက်ကွယ်တွင် မျောပါနေသော ကောင်းကင်ဧရာမမျက်လုံးကြီးအပြင် မြင့်မားလှသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ မီတာထောင်ချီမြင့်မားသည့် ဧရာမတိုင်လုံးကြီးတစ်ခု၏ ပုံသဏ္ဍာန်ကိုလည်းမြင်တွေ့နိုင်ခဲ့သည်။

သို့သော် ၎င်းက သစ်ပင်တစ်ပင်မဟုတ်ပေ၊ ၎င်းက မြေပြင်ပေါ်တွင် ထောင်မတ်နေသည့် ငါးမျှားတံတစ်ခုကဲ့သို့သော သက်ရှိအသားတိုင်ကြီးဖြစ်သည်။

ထိုငါးမျှားတံကဲ့သို့သောအရာ၏ အဆုံးတွင်မူ ကောင်းကင်ဧရာမမျက်လုံးကြီးရှိနေခြင်း ဖြစ်သည်။

ထို့နောက် ထိုငါးမျှားတံလိုအရာ၏ အောက်ခြေတွင် မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး လွင်ပြင်ကျယ်ကြီးကို နေရာယူထားသည့် ကမ္ဘာ့အပေါ်ယံလွှာမွန်းစတားကြီးတစ်ကောင်၏ ပုံရိပ်သည် မှုန်ဝါးဝါးပေါ်ထွက်လာခဲ့သည်။

၎င်းက လူးလွန့်နေခြင်း ဖြစ်သည်။

မြေပြင်က အက်ကွဲပြီး မြောက်တက်လာခဲ့သည်။

“ဒါက တကယ်တမ်း ဘာကြီးလဲ”

“အဲဒီမျက်လုံးကြီးက ကောင်းကင်မှာရှိနေတာပဲ”

လင်းရှန်၏ စွမ်းအားဝတ်စုံက လှုပ်ရှားနေသော ပုံသဏ္ဍာန်ကို အသေးစိတ်စကင်ဖတ်လိုက်ပြီး သူ၏ အမူအရာတွင် ထိတ်လန့်မှုများပြည့်နှက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူက ထူးဆန်းစွာပင် ဤအရာကို သူ၏ မှတ်ဉာဏ်များထဲ၌ မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။

တံငါသည်ငါး...

(အန်ဂလာငါး (Anglerfish) ခေါင်းပေါ်မှာ ငါးမျှားတံလို မီးလင်းနေတဲ့ အလုံးလေးပါတဲ့ငါး)

အမှန်ပင်၊၊

ကမ္ဘာမြေ၏ ချော်ရည်များအောက်မှ ထိုမွန်းစတားကြီးသည် တံငါသည်ငါးတစ်ကောင်နှင့် သဏ္ဍာန်တူနေသည်၊၊ သို့သော် ၎င်း၏ ကြီးမားလှသောကိုယ်ထည်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ကောင်းကင်တွင် ဆိုင်းငံ့နေသောအရာသည် ၎င်း၏ မျက်လုံးလား သို့မဟုတ် သားကောင်များကို မျှားခေါ်ရန် အသုံးပြုသည့် မီးအိမ်လားဆိုသည်ကိုတော့ မသေချာပေ။

ဒါက ကစဥ့်ကလျားရဲ့ ပင်မခန္ဓာကိုယ်ပဲ။

“လင်းရှန်… မြန်မြန်ကြည့်လိုက်ဦး”

ကီကီက အောက်ခြေမြေပြင်ဆီသို့ ညွှန်ပြလိုက်ရာ အားလုံးက လှမ်းကြည့်လိုက်ကြပြီး အက်ကွဲနေသော မြေပြင်ပေါ်တွင် လမ်းချော်ကာ စစ်တလင်းဒါဇင်ပေါင်းများစွာအဖြစ် ကွဲပြားသွားသည့် ပေါင်းစည်းယာဉ်တန်းကို မြင်တွေ့လိုက်ရသည်၊၊ ၎င်းတို့က အင်ဂျင်အားလုံးရပ်တန့်သွားခဲ့ပြီး ယခုအခါ လူသန်းပေါင်းများစွာသည် အဆုံးမရှိသော မွန်းစတားဒီရေလှိုင်းကြားတွင် ပိတ်မိနေကြပြီ ဖြစ်သည်။

ထူထပ်လှသော အမြောက်သံများသည် အရပ်မျက်နှာအနှံ့မှ တိုးဝင်လာနေသော မွန်းစတားဒီရေလှိုင်းပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းနေသည်၊၊ ကစဥ့်ကလျားမွန်းစတားကြီးက ကမ္ဘာ့အပေါ်ယံလွှာထဲမှ ထွက်ပေါ်လာပြီး ၎င်းတို့၏ ဆုတ်ခွာရေးအစီအစဉ်ကို တိုက်ရိုက်ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်းပင်၊၊

“ဘာလုပ်ကြမလဲ… ဒီမှာ လူတွေအများကြီးကျန်သေးတယ်”

ကျန်းယွမ်၏ မျက်နှာပျက်နေပြီး အောက်ခြေမြေပြင်ကို ကြည့်လိုက်ရာ ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သော ရဲဘော်ရဲဘက်များသည် ကပ်ဘေးဆိုက်နေသည်။

လင်းရှန်လည်း ငြိမ်သက်နေခဲ့သည်၊၊ အသုံးပြုနိုင်မည့်နည်းလမ်းအားလုံးနီးပါးကုန်ဆုံးသွားခဲ့လေပြီ၊၊ ထွက်ပေါ်လာသော ကစဥ့်ကလျားမွန်းစတားကြီးကို ရင်ဆိုင်ရာတွင် ထွက်ပြေးဖို့ကလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပုံရသည်။

“ငါတို့ သူတို့ကို မကယ်နိုင်တော့ဘူး၊၊ မြောက်ဘက်စစ်မျက်နှာက အရမ်းဝေးလွန်းတယ်၊၊ ငါတို့ စွန့်လွှတ်ရမယ်”

ချူယန်က ထူးခြားသော တည်ငြိမ်မှုဖြင့် ပြောလိုက်သည်။

“လင်းရှန်၊၊ ငါတို့ လူဦးရေရဲ့ ထက်ဝက်ကျော်ကိုတော့ ရွှေ့ပြောင်းပေးပြီးပြီ၊၊ ဒီလိုအခြေအနေမျိုးအောက်မှာ ဘယ်သူမှ သူတို့ကို မကယ်နိုင်တော့ဘူး”

“ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ”

လုရှင်းချန်၏ မျက်ဝန်းများသည် ယခုအချိန်တွင် နီရဲနေပြီး အောက်ခြေရှိ မရေတွက်နိုင်သော စစ်ကြောင်းများ ပြင်းထန်စွာ တောက်လောင်နေသည်ကို ကြည့်ရင်း တစ်ကိုယ်လုံးတုန်ရီနေခဲ့သည်။ သို့သော်လည်း ဤမျှ ရှည်လျားလှသော စစ်ကြောင်းတွင် သူကိုယ်တိုင်လည်း လူအနည်းငယ်ထက် ပိုမကယ်နိုင်မှန်း သူသိနေခဲ့သည်။

ရထားများလမ်းချော်သွားသည်နှင့်အမျှ ၎င်းတို့သည် ရွေ့လျားနိုင်စွမ်းကို လုံးဝဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်၊၊ သံလမ်းများ ကျိုးပဲ့သွားသည့်အခိုက်အတန့်မှာပင် ကံကြမ္မာက သူတို့အတွက် တံခါးပိတ်သွားလိုက်ပြီဖြစ်သည်။

“အား”

“ငါတို့ ထိန်းမထားနိုင်တော့ဘူး”

“ကယ်ကြပါဦး”

အများသုံးဆက်သွယ်ရေးလိုင်းပေါ်တွင် ကျိုးပဲ့နေသောစစ်ကြောင်းအချို့ထံမှ ပြတ်တောင်းပြတ်တောင်းအော်ဟစ်သံများကို ကြားနေရဆဲဖြစ်သည်။ လင်းရှန်သည် သူ၏လက်သီးများကို တင်းတင်းဆုပ်ထားပြီး စိတ်ထဲတွင် ဆက်တိုက်တွက်ချက်နေခဲ့သည်။

ဤအခိုက်အတန့်တွင် သွေးစွန်းနေသော ကောင်းကင်မုန်တိုင်းကြားမှ ငွေပြာရောင်လွန်းပျံပုံသဏ္ဍာန်ရှိသော တိုက်ခိုက်ရေးသင်္ဘောတစ်စီးသည် မုန်တိုင်းထဲမှ ရဲရဲဝံ့ဝံ့တိုးထွက်လာခဲ့ပြီး ၎င်း၏ဦးခေါင်းပိုင်းမှ မီတာရာဂန်းခန့် အချင်းရှိသော နက်ပြာရောင်အလင်းလှံကို မှုတ်ထုတ်ကာ သွေးနီရောင်ကန့်လန့်ကာကို ကြမ်းကြုတ်စွာ ဆုတ်ဖြဲရင်း ကောင်းကင်ယံတွင် အက်ကြောင်းတစ်ခုကို ဖန်တီးကာ စစ်တလင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။

ထို့နောက်တွင်မူ ဒုတိယတစ်စီး၊ တတိယတစ်စီးနှင့် အခြားအမျိုးအစားစုံလင်လှသော ပျံသန်းတိုက်ခိုက်ရေးသင်္ဘောများ၊ သယ်ယူပို့ဆောင်ရေးသင်္ဘောများ၊ လေသင်္ဘောများ၊ စစ်သင်္ဘောများနှင့် အခြားမရေတွက်နိုင်သော ပျံသန်းရေးယာဉ်များသည် ကြယ်တံခွန်များကဲ့သို့ ပျံသန်းထွက်ပေါ်လာခဲ့ကြသည်။

ဤဝေဟင်တပ်ဖွဲ့များသည် လမ်းချော်နေသော ရထားအုပ်စုများဆီသို့ အလျင်အမြန်ဦးတည်သွားကြပြီး ပစ်ကူပေးကြသဖြင့် စစ်တလင်း၏ ကြီးမားသောနယ်မြေများပေါ်ရှိ အခြေအနေကို ချက်ချင်းပြောင်းလဲသွားစေကာ ပျက်စီးလုနီးပါးဖြစ်နေသော ထိုရထားအုပ်စုများအတွက် အဖိုးတန်သော အသက်ရှူချောင်ချိန်ကို ပေးစွမ်းနိုင်ခဲ့သည်။

“ဒါ ဘယ်ကစစ်တပ်လဲ”

ကျန်းယွမ်က မွန်းစတားဒီရေလှိုင်းကို နောက်သို့ လိပ်တက်သွားစေသည့် လေဆင်နှာမောင်းကြားတွင် ရပ်နေရင်း မယုံနိုင်သောလေသံဖြင့် ပြောလိုက်သည်။

“မီးကျောက်တုံးလား... မဟုတ်သေးဘူး”

“အပြင်ကမ္ဘာက ရောက်လာတဲ့ ဧည့်သည်တွေလား” လုရှင်းချန်ကလည်း အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

လင်းရှန်သည် တိမ်တိုက်များကြားမှ ထွက်ပေါ်လာသော ပျံသန်းရေးသင်္ဘောများကို စကင်ဖတ်ကြည့်လိုက်ပြီးနောက် သူ၏ မျက်ခွံများတုန်ခါသွားကာ ပြုံးလိုက်မိသည်။

“အချိန်ကိုက်ရောက်လာတာပဲ”

ဟူး၊၊

ကံကြမ္မာ၏ အလှည့်အပြောင်းကို ခံစားမိလိုက်သကဲ့သို့ ကစဥ့်ကလျားမွန်းစတားကြီးက ထိတ်လန့်ဖွယ်မြည်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် အာကာသအခြေစိုက်လက်နက်အချို့သည် မုန်တိုင်းထဲမှ ပျံသန်းထွက်လာကြပြီး ကောင်းကင်မျက်လုံးကြီးဆီသို့ တိုက်ရိုက်စုပြုံတိုက်ခိုက်လိုက်ကြရာ ပြင်းထန်သောစွမ်းအင်များသည် ကောင်းကင်ယံတွင် ပေါက်ကွဲသွားပြီး ရိုက်ခတ်မှုတိမ်တိုက်ကြီးတစ်ခုကို မြင့်တက်စေခဲ့သည်။

ထို့နောက်တွင်မူ ကြီးမားလှသော မုန်တိုင်းကြားမှ မြင့်မားလှသော မိုးပျံမြို့တော်ကြီးတစ်ခုသည် ကောင်းကင်အပြည့်ဖုံးလွှမ်းနေသော တိမ်တိုက်များကို ဖယ်ရှားပစ်လိုက်ပြီး မြေကမ္ဘာတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည့် ပဲ့တင်သံကြီးတစ်ခုနှင့်အတူ ကောင်းကင်တစ်ဝက်ကို ဖုံးကွယ်ပစ်လိုက်သည်၊၊ ယန္တရားတောင်တန်းကြီးသည် တိမ်တိုက်များကို ဖြတ်သန်းကာ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့လေသည်။

ဤအချိန်တွင် လင်းရှန်နှင့် အခြားသူများသည် ၎င်းတို့၏ ဆက်သွယ်ရေးစက်များမှတစ်ဆင့် ရင်းနှီးပြီးသားဖြစ်သော ရှင်းဂျီ၏ ပင်ပန်းနွမ်းနယ်နေသော အသံကို ကြားလိုက်ကြရသည်။

“ပြန်တွေ့ရတာဝမ်းသာပါတယ် လင်း”

တိတ်ဆိတ်မြို့တော်သည် ပင်လယ်ကို ဖြတ်ကျော်ပြီး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

All Chapters