← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

Chapter 231

နှစ်ကုန်ပိုင်းနီးကပ်လာသည်နှင့်အမျှ ကျင့်ကြံခြင်းလောကတွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုများဖြင့် ဆူညံနေသော်လည်း တစ်ပြည်လုံးရှိ တောင်ပေါ်ဂိုဏ်းအသီးသီးတွင်မူ နှစ်သစ်ကူးအတွက်ပြင်ဆင်နေကြသဖြင့် စည်ကားသက်ဝင်သော အငွေ့အ‌သက်များလွှမ်းခြုံနေဆဲပင်ဖြစ်သည်။

ဓားဖိကျောက်တုံးကို ကျောပိုးထားသည့် ဝမ်ရှန်းသည် သူတို့လာမည့်အကြောင်းကို မည်သူ့ကိုမျှ ကြိုတင်အကြောင်းမကြားခဲ့ပေ။ ထို့ကြောင့် ၎င်းတို့ တောင်ပေါ်သို့ တက်လာချိန်တွင် ကြိုဆိုရန်ထွက်လာသူတစ်ဦးမျှ မရှိခဲ့ပေ။

နှစ်စဉ် ဤအချိန်မျိုးတွင် တာအိုဂိုဏ်းများသည် ဘိုးဘေးများအား ကန်တော့ပွဲပေးလေ့ရှိကြပြီး တာအိုမျိုးဆက်နှင့် ဆက်နွှယ်နေသည့် ဝိညာဥ်သစ်သားပြားများရှေ့တွင် အမွှေးတိုင်များကို မပြတ်တမ်းထွန်းညှိပူဇော်ထားတတ်ကြသည်။

တာအိုဂိုဏ်းအများစုသည် သူတော်စင်(၃)ပါးကို ကိုးကွယ်ကြပြီး ထိုသူတော်စင်(၃)ပါး ဝိညာဥ်သစ်သားပြားများ၏ အောက်တွင်မှ မိမိတို့ဂိုဏ်းအလိုက် ဘိုးဘေးများ၏ ဝိညာဥ်သစ်သားပြားများကို ထားရှိကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ချင်ယန်ဇီသည် အားလပ်ရက်များတွင် ဘိုးဘေးလုအား ဂါရဝပြုလေ့ရှိပြီး ရှုဓားဂိုဏ်းကမူ ဘိုးဘေးချင်ဖုန်းအား ပူဇော်ပွဲပေးလေ့ရှိသည်။

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ ရှုဓားဂိုဏ်း၏ တောင်ပေါ်တံခါးဝသို့ ရောက်ရှိလာချိန်တွင် တံခါးစောင့်နေသည့် တပည့်နှစ်ဦးမှာ ခဏမျှမှင်တက်သွားကြသည်။

“အကြီးအကဲဖေးယွီက နှစ်သစ်ကူးဖို့ ပြန်လာပြီဟေ့” တစ်ယောက်က တာအိုကျောင်းတော်ဘက်သို့ ချက်ချင်းပင် လှမ်းအော်ဟစ်လိုက်သည်။

“ဟျောင့်… ဘာတွေလျှောက်အော်နေတာလဲ ဟိုဟာ… အဟမ်း… အကြီးအကဲဖေးယွီက သူ့ဇနီးကို နှစ်သစ်ကူးဖို့ ခေါ်လာတာဟေ့”

ဝမ်ရှန်းမှာ ရယ်ရခက်ငိုရခက်ဖြစ်သွားလေသည်။ မျိုးဆက်တူကျင့်ကြံသူချင်းဖြစ်ပါလျက်နှင့် တည်ငြိမ်အောင် မနေနိုင်ကြဘူးလာားပဲ…၊၊

မုဝမ်ရွှမ်းကမူ အနည်းငယ်ပြုံးလျက် ဝမ်ရှန်း၏ ဘေးမှ လိုက်ပါလာသည်။ သူမသည် အဝေးမှ ဆွေ့ပင်းတောင်ထိပ်၏ ရှုခင်းကိုသာ စိတ်ဝင်တစားကြည့်ရှုနေသဖြင့် ထိုသူများ၏ စကားကို အနည်းငယ်မျှ စိတ်ထဲထားပုံမပေါ်ပေ။

၎င်းတို့ တာအိုကျောင်းတော်အဝသို့ ရောက်သောအခါ အကြီးအကဲအချို့နှင့် တပည့်တစ်ဒါဇင်ကျော်တို့က ကြိုဆိုရန် ထွက်လာနှင့်နေကြပြီ ဖြစ်သည်။ ဝမ်ရှန်းက ရှေ့သို့တက်ကာ ဂျူနီယာတစ်ဦးပီသစွာ စနစ်တကျဂါရဝပြုလိုက်သည်။ အကြီးအကဲများကလည်း ပြန်လည်နှုတ်ဆက်ကြသော်လည်း မည်သူကမျှ သူ့ကို ဂျူနီယာတစ်ယောက်လို သဘောမထားကြပေ။

စကားစမြည်အနည်းငယ်ပြောပြီးနောက် ဝမ်ရှန်းက မိမိလာရသည့်အကြောင်းအရင်းကို ရှင်းပြကာ ရှုဓားဂိုဏ်း၏ အကြီးအကဲထံသို့ ဓားဖိကျောက်တုံးကို ပြန်လည်အပ်နှံလိုက်ပြီး ဂိုဏ်းချုပ်အား ကျေးဇူးတင်စကားပြောလိုက်သည်။

ထိုနေ့ညနေတွင် စီးရမည့် လေယာဉ်ရှိနေသဖြင့် မူလကမူ ဓားဖိကျောက်တုံးကို အပ်ပြီးသည်နှင့် ချက်ချင်းပြန်ရန် စိတ်ကူးထားခြင်းဖြစ်သည်။ သို့သော်လည်း ဂိုဏ်းသားများက တက်ကြွစွာ ဆီးကြိုနှုတ်ဆက်နေကြသဖြင့် လက်ဖက်ရည်တစ်ခွက်သောက်ရင်း ခေတ္တစကားစမြည်ပြောဆိုနေရလေသည်။

စိတ်မကောင်းစရာမှာ ဖေးလျန်ဇီက ထိုအချိန်တွင်ရှိမနေခြင်းပင်။ သူသည် မိစ္ဆာင့်ကြံသူများကို နှိမ်နင်းရန် တောင်ပေါ်မှ ဆင်းသွားခဲ့သည်။

ဝမ်ရှန်း နှစ်သစ်ကူးရန် အိမ်ပြန်မည့်အကြောင်းကို အကြီးအကဲများသိရှိသွားသောအခါ အခွင့်ကောင်းကိုယူ၍ သတိပေးစကားအချို့ပြောလိုက်ကြသည်။

“မင်းနဲ့ ပုယွီတို့က အခုဆိုရင် အတော်လေးနာမည်ကြီးနေပြီ။ ဒါက ကောင်းတဲ့အချက်ဖြစ်သလို အားနည်းချက်လည်းရှိတယ်။ အကယ်၍ မိစ္ဆာကျင့်ကြံသူတွေက မင်းတို့မိသားစုအကြောင်းသိသွားရင် မိသားစုကို သုံးပြီး ခြိမ်းခြောက်လာနိုင်တယ်။ အဲဒီအခါကျရင် မင်းဘာလုပ်မလဲ”

ဝမ်ရှန်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ဤအချက်ကို သူလည်း ကြိုတင်တွေးထားပြီးသားဖြစ်သည်—သစ်သားယင်နတ်ဘုရားကို သတ်ဖြတ်ပြီးကတည်းက အိမ်မပြန်ဖြစ်ခဲ့သည့် အဓိကအကြောင်းရင်းမှာလည်း ဤအချက်ကြောင့်ပင်။

“ငါ့ဆီမှာ ပစ္စည်းအသေးလေးတစ်ခုရှိတယ်”

တာအိုဆရာတစ်ဦးက ပြောသည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး အကျီလက်ထဲမှ သစ်သားဓားငယ်လေးနှစ်ချောင်းကို ထုတ်ယူလိုက်သည်။

၎င်းတို့မှာ လက်ခလယ်ခန့်သာ ရှည်လျားပြီး ရိုးရှင်းသောပုံစံအချို့ကိုသာ ထွင်းထုထားခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းတို့ထံမှ ကမ္ဘာဦးချီများ အဆက်မပြတ်လှုပ်ရှားနေပြီး ဆန်းကြယ်သော တာအိုစည်းချက်များ အနည်းငယ်ဖြာထွက်နေသည်။

တာအိုဆရာက ပြုံးကာ ပြောလိုက်သည်၊၊

“ဒါကို ကိုယ်ပေါ်မှာ ဆောင်ထားပြီး ဓားထိန်းချုပ်ခြင်းပညာနဲ့ ထိန်းချုပ်ထားလိုက်။ ဒါဆိုရင် မင်းရဲ့ အော်ရာကို လုံးဝဖုံးကွယ်ပေးလိမ့်မယ်။ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတွေကလွဲရင် ဘယ်သူမှ မရိပ်မိနိုင်ဘူး”

“ကျေးဇူးအများကြီးတင်ပါတယ်… စီနီယာ”

ဝမ်ရှန်းက သစ်သားဓားငယ်များကို လှမ်းယူလိုက်သည်။ ဓားထိန်းချုပ်ခြင်းပညာမှတစ်ဆင့် သူ့၏ ဝိညာဥ်အသိစိတ်ဖြင့် ၎င်းတို့ကို လွှမ်းခြုံထားလိုက်သည်။

သစ်သားဓားငယ်က အနည်းငယ်တုန်ခါသွားပြီး ၎င်း၏ တာအိုစည်းချက်များ ငြိမ်ကျသွားလေသည်။

သူက ကျန်တစ်ချောင်းကို မုဝမ်ရွှမ်းထံ ပေးလိုက်ပြီး သူမ၏ အော်ရာဖုံးကွယ်ခြင်းပညာကို ပိတ်ခိုင်းလိုက်သည်။ ပုံမှန်အတိုင်းဆိုလျှင် သူမ၏ ပတ်ဝန်းကျင်တွင် ကမ္ဘာဦးချီလှိုင်းများ သဘာဝအတိုင်းထွက်ပေါ်လာရမည်ဖြစ်သော်လည်း ယခုအချိန်တွင် သာမန်လူနဲ့မခြားတော့ပေ။

ဤသစ်သားဓားငယ်လေးများသည် အလွန်ပင်အသုံးဝင်သော နှစ်သစ်ကူးလက်ဆောင်များဖြစ်ကြသည်။ ၎င်းက ၎င်းတို့နှစ်ဦးစလုံးအတွက် အမြဲတမ်းခုခံကာကွယ်ရမည့် အခြေအနေတွင် ရှိမနေစေရန် အပိုဆောင်းကာကွယ်မှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။

တာအိုဆရာက ညင်သာစွာရယ်မောလိုက်သည်၊၊

“ဒါပေမဲ့ မင်းတို့ တိုက်ပွဲဝင်တဲ့အခါကျရင်တော့ ဒီသစ်သားဓားရဲ့ အာနိသင်က ပျက်ပြယ်သွားလိမ့်မယ်”

ထို့နောက် တာအိုဆရာမတစ်ဦးက မျက်နှာဖုံးနှစ်ခုကို ထုတ်ယူကာ ပြုံးလျက် ၎င်းတို့နှစ်ဦးအား ကမ်းပေးသည်။

ရှုဓားဂိုဏ်းက တာအိုဆရာတွေကတော့ လူကြားထဲမှာ မှတ်မိခံရမှာကို တကယ်ကြောက်ပုံရတယ်…၊၊

သို့သော်လည်း တာအိုဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းတို့အကြား တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ ခရီးသွားလာစဉ် အပိုဆောင်းကာကွယ်မှုများပြုလုပ်ထားခြင်းက အမှန်ပင် အမြော်အမြင်ရှိရာရောက်ပေသည်။

ဝမ်ရှန်းသည် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းထံမှ လူသားအရေပြားမျက်နှာဖုံးအချို့ကို ဝယ်ယူရန်ပင် ရုတ်တရက် စိတ်ကူးပေါက်လာသည်။ ထိုမိစ္ဆာကျင့်ကြံသူများသည် ဖုံးကွယ်ခြင်းအတတ်တွင် ကျွမ်းကျင်သော အစစ်အမှန်ပညာရှင်များဖြစ်ကြသည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် သာမန်ဝတ်စုံများကိုသာ ဝတ်ဆင်လာခဲ့ကြသည်။ သို့မဟုတ်ပါက ၎င်းတို့၏ စီနီယာများက ဝတ်စုံအသစ်အချို့ကို မရရအောင်ပေးကြပေလိမ့်မည်။

ရှုဓားဂိုဏ်းအကြီးအကဲများကလည်း ဝမ်ရှန်းအား အနည်းငယ်မျှ ရုပ်ဖျက်ထားခြင်းကပင် အသုံးဝင်နိုင်ကြောင်း၊ အထူးသဖြင့် သူ၏ စီနီယာအစ်မမှာ အလွန်ပင် လှပလွန်းသဖြင့် လူအများက ဓာတ်ပုံခိုးရိုက်ခြင်းကို လွယ်ကူစွာကြုံတွေ့ရနိုင်ကြောင်း သတိပေးကြသည်။

၎င်းတို့နှစ်ဦး တောင်ပေါ်မှဆင်းလာချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စီစဉ်ပေးထားသော ကားတစ်စီးမှာ စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။ လေဆိပ်သို့ သွားရာလမ်းတွင် ဝမ်ရှန်းက လမ်းခွဲတစ်ခုသို့ ခေတ္တကွေ့ခိုင်းလိုက်ပြီး မုဝမ်ရွှမ်းအား ဒေသခံကုန်တိုက်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

သူ့စီနီယာအစ်မ၏ လူအများအာရုံစိုက်မှုကို လျှော့ချရန်အတွက် ဆောင်းရာသီသုံး ခေတ်မီအပေါ်အင်္ကျီပွပွကြီးတစ်ထည်မှာ မရှိမဖြစ်လိုအပ်လှသည်။ ထို့ပြင် သူမ၏ နတ်သမီးအရှိန်အဝါကို လျှော့ချရန်အတွက် ကာတွန်းပုံစံဦးထုပ်တစ်လုံးနှင့် နေကာမျက်မှန်တစ်လက်ကိုလည်း ဝယ်ပေးလိုက်သည်။ သူမ၏ ဝတ်စုံအသစ်ကြောင့် နာမည်ကျော်တိတ်ဆိတ်နတ်သမီးကို မည်သူကမျှ ချက်ချင်းမှတ်မိနိုင်မည် မဟုတ်တော့ပေ။

ဝမ်ရှန်းသည် အလှကုန်ပစ္စည်းအရောင်းကောင်တာကိုဖြတ်သွားစဉ် သူမအတွက် တောက်ပသော နှုတ်ခမ်းနီတစ်ချောင်းအား ရွေးချယ်ပေးရန် စဉ်းစားမိသော်လည်း စီနီယာအစ်မက ထိုနေရာတွင်ပင် သူ့ကို ပါးရိုက်မည်ကို ကြောက်သွားသဖြင့် စိတ်ကို မနည်းထိန်းလိုက်ရသည်။

သူ့ကိုယ်သူ ရုပ်ဖျက်ရန်အတွက်ကတော့ ပို၍ရိုးရှင်းလေသည်။ ခေါင်းစွပ်ပါသော အင်္ကျီတစ်ထည်ကို ဝယ်ယူကာ ခေါင်းစွပ်ကို သူ့ဆံပင်ရှည်များပေါ်သို့ ဆွဲတင်လိုက်ပြီး နေကာမျက်မှန်တစ်လက်ကိုတပ်ကာ တစ်ကိုယ်လုံးကို ဖြေလျှော့ထားလိုက်သည်။ ထိုအချိန်တွင် သူ့ကို အင်မော်တယ်တာအိုညီလာခံဖွင့်ပွဲတွင် ဖျော်ဖြေခဲ့သည့် ဓားသမားသုံးဦးအနက် တစ်ဦးအဖြစ် မည်သူမျှ မတွေးမိလောက်ပေ၊၊

ကုန်တိုက်တွင် မိဘများအတွက်လည်း အဝတ်အစားနှစ်စုံဝယ်ယူခဲ့ပြီး အနာဂတ်တွင် မွေးဖွားလာမည့် ကလေးအတွက်လည်း ရင်ထဲတွင် ကြည်နူးမှုအချို့ဖြင့် ကစားစရာအချို့ကို ရွေးချယ်ခဲ့သည်။ အသက်သုံးနှစ်နှင့်အထက်ကစားရန်ဟူသော လေဘယ်လ်စာသားကိုပင် သူ ထည့်တွက်မနေတော့ပေ။

မုဝမ်ရွှမ်းသည်လည်း အာဟာရဖြည့်စွက်စာများနှင့် ကျန်းမာရေးဖြည့်စွက်စာအချို့ကို ဝယ်ယူခဲ့သည်။ ငွေရှင်းချိန်တွင် သူမက ကိုယ်တိုင်ပေးချေရန် ဇွတ်အတင်းပြောသဖြင့် ဝမ်ရှန်းလည်း ဘာမှမတတ်နိုင်ခဲ့ပေ။

ဂိုဏ်းတူမောင်နှမချင်းဖြစ်သဖြင့် ၎င်းတို့အကြား စည်းခြားမထားသင့်ပေ။ တန်ဖိုးမဖြတ်နိုင်သောရတနာများကိုပင် အချင်းချင်းမျှဝေနိုင်ကြပါလျက်နှင့် ငွေကြေးအနည်းငယ်သုံးစွဲသည့်ကိစ္စတွင်မူ မည်သူက ပေးမည်ဟူ၍ အတင်းအကျပ်ဖြစ်နေကြလေသည်။

ဝမ်ရှန်းက ဤကိစ္စနှင့်ပတ်သက်၍ စိတ်ထဲတွင် အနည်းငယ်ညည်းတွားမိသည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ထားနိုင်ခြင်းက ခရီးသွားလာမှုကို များစွာ လွယ်ကူချောမွေ့စေခဲ့သည်။ သူ့စီနီယာအစ်မ၏ တည်ရှိမှုကြောင့်လည်း သူတို့၏ ထိုင်ခုံများကို ပထမတန်းစားအဆင့်သို့ မြှင့်တင်ပေးခြင်းခံခဲ့ရသည်။ ၎င်းတို့သည် လေယာဉ်ပေါ်သို့ နောက်ဆုံးမှ တက်ခဲ့ရပြီး လေယာဉ်ပေါ်မှ ပထမဆုံးဆင်းခွင့်ရခဲ့သည့်အပြင် လူအများ သတိမပြုမိစေရန် အထူးဖြတ်လမ်းမှတစ်ဆင့်ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

လေယာဉ်ဆင်းသက်ချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စီစဉ်ပေးထားသော အခြားကားတစ်စီးမှာ အဆင်သင့်စောင့်ဆိုင်းနေပြန်သည်။ သို့သော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် ၎င်းတို့အား လမ်းတစ်ဝက်အထိသာ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ဝမ်ရှန်း၏ မိသားစုရှိရာ အနီးအနားသို့မူ ချဉ်းကပ်ခြင်းမပြုခဲ့ကြပေ။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တစ်လမ်းလုံး ဂရုတစိုက်စောင့်ရှောက်ပေးခဲ့သဖြင့် ဝမ်ရှန်းလည စိတ်ထဲတွင် အနည်းငယ်စိတ်လှုပ်ရှားနေသည်။

ထိုအချိန်တွင် သန်းခေါင်ကျော်နေပြီ ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ အနားယူမှုကို မနှောင့်ယှက်လိုသဖြင့် ဝမ်ရှန်းသည် အိမ်သို့ ချက်ချင်းမပြန်ဖြစ်ခဲ့ပေ။ အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူများဖြစ်ကြသဖြင့် ၎င်းတို့အနေဖြင့် အိပ်စက်ရန် တကူးတက မလိုအပ်ချင်။

ညအချိန်ကို အခွင့်ကောင်းယူ၍ ဝမ်ရှန်းသည် စီနီယာအစ်မအား ခေါ်ဆောင်ကာ ရင်းနှီးပြီးသားရပ်ကွက်ထဲတွင် လမ်းလျှောက်ရင်း သူ၏ ကလေးဘဝအမှတ်တရများကို လိုက်လံပြောပြခဲ့သည်။ သူ တက်ခဲ့ဖူးသော မူလတန်းကျောင်းသို့ သွားရောက်ခဲ့ကြပြီး အထက်တန်းကျောင်း၏ ခြံစည်းရိုးကို ကျော်တက်ကာ ကစားကွင်းပတ်လည်တွင် လမ်းလျှောက်ရင်း သူ၏ ငယ်စဉ်က မိုက်မဲခဲ့မှုများကို ပြောပြခဲ့သည်။

မုဝမ်ရွှမ်းက တစ်ချိန်လုံး ငြိမ်သက်စွာနားထောင်နေခဲ့သည်။ သူမသည် တည်ငြိမ်သောမျက်နှာအမူအရာကို ထိန်းသိမ်းထားရန် အတတ်နိုင်ဆုံးကြိုးစားနေသော်လည်း ဂျူနီယာမောင်လေး၏ ပြက်လုံးများကြောင့် ခဏခဏရယ်မောမိနေခဲ့သည်။

ဝမ်ရှန်း၏ မိဘများ လက်ရှိနေထိုင်ရာ အိမ်ရာဝင်းသို့ ရောက်ရှိချိန်တွင် အရှေ့ဘက်ကောင်းကင်ယံမှာ ရောင်နီသန်းနေပြီ ဖြစ်သည်။

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် သူခိုးစုံတွဲကဲ့သို့ ကုန်ပစ္စည်းအိတ်ကြီးများကို ကိုင်ဆောင်ကာ သူ့မိဘများ၏ တိုက်ခန်းတံခါးဝသို့ တိတ်တဆိတ်ချဉ်းကပ်သွားခဲ့ကြသည်။ ရှေ့တံခါးဝသို့ ရောက်သောအခါ ဝမ်ရှန်းက သူ့ဖခင်ထံသို့ ဖုန်းခေါ်လိုက်သည်။

ဖုန်းမှာ အကြိမ်အနည်းငယ်မြည်သွားသည်။

—ရှန်းလေးလား… ဘာဖြစ်လို့လဲ ဒီလောက်အစောကြီး ဖုန်းဆက်တာလဲ… ဟား၊၊

သူ့ဖခင်က စကားပြောရင်း သမ်းဝေလိုက်သည်။

—စိတ်မပူပါနဲ့ မင်းအမေ နေကောင်းပါတယ်။ ငါတို့တုန်းက မင်းကိုတောင် မွေးခဲ့သေးတာပဲ မဟုတ်လား။ အခုတော့ အတွေ့အကြုံရှိသွားပါပြီ။

ဝမ်ရှန်းက ခပ်ဖွဖွရယ်မောရင်း “အဖေ ကျွန်တော် အိမ်ရှေ့ရောက်နေပြီ။ စီနီယာအစ်မလည်း ပါတယ်… အခုအပြင်မှာ ရောက်နေတာ တံခါးဖွင့်ပေးပါဦး”

—ဟင်… မင်းအိမ်ပြန်ရောက်နေတာလား… ဘယ်အိမ်လဲ ခဏစောင့်ဦး။

Chapter 232

ဝမ်ရှန်းလည်း ဖုန်းထဲမှ ခြေသံများကို ချက်ချင်းကြားလိုက်ရပြီး ထို့နောက် တံခါးသော့ဖွင့်သံကို ကြားလိုက်ရသည်။ သူ့ဖခင်က လုံခြုံရေးတံခါးကိုဖွင့်လိုက်ပုံရသော်လည်း ဝမ်ရှန်းရှိနေသည့်ဘက်ရှိ တံခါးမှာမူ ပိတ်ထားဆဲပင်။

—အာ… ငါ မင်းကို မပြောရသေးဘူးထင်တယ်… ရှန်းလေး… ငါတို့ တိုက်ခန်းအသစ်အကြီးကြီးတစ်ခန်းဝယ်လိုက်ပြီ။ မင်းအမေနဲ့ငါက အဲဒီကိုပြောင်းသွားတာကြာပြီဟ။

ဝမ်ရှန်း ဆွံ့အသွားလေသည်။

မုဝမ်ရွှမ်းက မျက်တောင်ခတ်လျက် ထို့နောက် တခစ်ခစ်ရယ်မောလိုက်လေသည်။

မိမိတို့ရှေ့ရှိ တံခါးနောက်မှ ခြေသံများကို ကြားလိုက်ရသဖြင့် ဝမ်ရှန်းလည်း သူ့၏ ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြုကာ စီနီယာအစ်မအား ဆွဲ၍ အိမ်ရာဝင်းအတွင်းမှ အမြန်ဆုံးထွက်ခွာခဲ့တော့သည်။ အေးစက်သောလေပြင်းထဲတွင် ပြေးလွှားရင်း ဝမ်ရှန်းသည် ဤကဲ့သို့သော ကိုးရိုးကားယားအခြေအနေကြောင့် မရယ်ဘဲ မနေနိုင်တော့ပေ၊၊

သူ ကျင့်ကြံရန်ထွက်ခွာသွားပြီးနောက် မိဘများ၏ ဘဝမှာ ပိုမို၍ သက်တောင့်သက်သာရှိလာခဲ့သည်။ ၎င်းတို့သည် အိမ်နှင့်ကားကိုပင် အဆင့်မြှင့်တင်နိုင်ခဲ့ကြပြီ ဖြစ်သည်။

၎င်းတို့၏ တိုက်ခန်းအသစ်မှာ အလွန်ပင်သက်တောင့်သက်သာရှိပြီး စည်ကားသောရပ်ကွက်တွင် တည်ရှိပေသည်။ ထို့ကြောင့် စျေးနှုန်းမှာလည်း သဘာဝကျစွာပင် မနည်းလှပေ။

ဝမ်ရှန်းသည် သူ့ဖခင်၏ ရာထူးတိုးခြင်းနှင့် လစာတိုးခြင်းကိစ္စများတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပတ်သက်မှုရှိနိုင်သည်ဟု ခံစားမိသော်လည်း သူက ထုတ်မပြောခဲ့ပေ။ မိဘများက အေးချမ်းပြီး အပူပင်ကင်းသောဘဝကို ဖြတ်သန်းနိုင်သရွေ့ ၎င်းတို့၏ သားဖြစ်သူအနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အတွက် အလုပ်အချို့ပိုလုပ်ပေးရန် စိတ်မရှိပေ၊၊

ဝမ်ရှန်း၏ မိဘများသည် မုဝမ်ရွှမ်းအပေါ် အရင်တစ်ခေါက်ကလိုပင် နွေးထွေးစွာ ဆီးကြိုကြသည်။ တိုက်ခန်းကို ပြင်ဆင်ကတည်းက ၎င်းတို့နှစ်ဦးအတွက် အခန်းတစ်ခန်း အဆင်သင့်ပြင်ဆင်ပေးထားခဲ့ခြင်းဖြစ်သည်—၎င်းမှာ လမ်းမဘက်သို့ လှမ်းမြင်ရသော အိပ်ခန်းကျယ်ကြီးတစ်ခုဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် နာမည်ကျော်ကြားလှသော တိတ်ဆိတ်နတ်သမီးသည် ဂျူနီယာမောင်လေး၏ အိမ်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် အေပရွန်ကို ဝတ်ဆင်ကာ အိမ်မှုကိစ္စများကို စတင်လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည်မဟုတ်ပေ။ ဝမ်ရှန်း၏မိခင် ကောင်းမွန်စွာအနားယူနိုင်စေရန်အတွက် သူမသည် ၎င်းတို့ရှိနေစဉ်အတွင်း အိမ်မှုကိစ္စအားလုံးကို ဦးဆောင်၍ လုပ်ဆောင်ပေးခဲ့သည်။

ဝမ်ရှန်းသည် သူ့မိသားစုတွင် နှစ်သစ်ကူး၌ ပူဇော်ပွဲပေးသည့် အလေ့အထမရှိခဲ့ဖူးကြောင်း မှတ်မိနေသည်။ သို့သော်လည်း ဝရန်တာတွင် သစ်သားဘုတ်ပြားတစ်ခုကို သူ မြင်လိုက်ရသည်။ ၎င်း၏ဘေးတွင် နှစ်မီတာခန့် ကျယ်ဝန်းသော ပန်းချီကားချပ်ကြီးတစ်ခုရှိနေပြီး ၎င်းမှာ သူ့ဇာတိမြေတွင် နှစ်သစ်ကူး၌ ချိတ်ဆွဲလေ့ရှိသည့် ဘိုးဘေးပူဇော်ပွဲပန်းချီများနှင့် အတိအကျတူညီနေသည်။

ထိုပန်းချီကားများတွင် များသောအားဖြင့် မိသားစု၏ ဘိုးဘေးများအမည်ကို စာရင်းပြုစုထားလေ့ရှိပြီး ၎င်းတို့၏ မျိုးရိုးစဉ်ဆက်ကို လွန်ခဲ့သော နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီသော ရှေးဦးဘိုးဘေးများအထိ လိုက်လံရှာဖွေနိုင်ခြင်းဖြစ်သည်။ ယခုခေတ်တွင်မူ ဤရိုးရာဓလေ့ကို ထိန်းသိမ်းသည့် လူကြီးများနည်းပါးလာခဲ့ပြီး နှစ်သစ်ကူး၏ ပွဲတော်အငွေ့အသက်များမှာလည်း တဖြည်းဖြည်းမှေးမှိန်လာခဲ့ပြီဖြစ်သည်။

ဝမ်ရှန်းက အနားသို့ ချဉ်းကပ်လိုက်သည်၊၊

“အဖေ… ကျွန်တော်တို့ နှစ်သစ်ကူးမှာ ဘိုးဘေးဝိညာဉ်ပြားတွေ ချိတ်ဆွဲမလို့လား”

“အော် မဟုတ်ပါဘူး”

ဆံပင်အနားသတ်မှာ မာဇီပင်း၏ ဆံပင်အတိုင်း လျင်မြန်စွာ ပါးလျလာနေသော သူ့ဖခင်က သစ်သီးပန်းကန်ကို ကိုင်ကာ ထိုင်လိုက်ရင်း ပြန်ဖြေသည်။

“ဒီရက်ပိုင်းမှာ လူတိုင်းက နတ်ဘုရားအမျိုးမျိုးကိုကိုးကွယ်နေကြတယ်။ မင်းတို့လည်း ကျင့်ကြံခြင်းကို စတင်နေပြီဆိုတော့ နတ်ဘုရားတွေ တကယ်ရှိနိုင်တာပဲ။ ငါတို့ကုမ္ပဏီက လူအများစုလည်း ဒါကို စိတ်ဝင်စားနေကြတယ်။ မယုံတာထက် ယုံတာက ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။ ငါတို့ ဒါကို နှစ်သစ်ကူးအကြိုနေ့မှာ ချိတ်ဆွဲမလို့”

နတ်ဘုရားအမျိုးမျိုးဟုတ်လား… တာအိုနတ်ဘုရားတွေကို ပြောတာလား။

ဝမ်ရှန်း ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ ပန်းချီကားလိပ်ကို ဖြန့်၍ ကြည့်ရန် ပြင်လိုက်စဉ်မှာပင် သူ့အိတ်ကပ်ထဲမှ ဖုန်းမှာ တုန်ခါလာခဲ့သည်။

ဖုန်းကို ထုတ်ယူလိုက်ချိန်တွင် သူ၏ စိတ်ဓာတ်များ ချက်ချင်းပင် တက်ကြွသွားရတော့သည်။

သူ့ထံသို့ မုရွှယ်ထံမှ မက်ဆေ့ခ်ျတစ်ခုရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းမှာ နှစ်သစ်ကူးနှုတ်ခွန်းဆက်သလွှာမဟုတ်ဘဲ ဝဘ်ဆိုက်လင့်ခ်တစ်ခုသာဖြစ်ပြီး ၎င်းနှင့်အတူ သူ၏ သီးသန့်ဝင်ရောက်ခွင့်အထောက်အထားနှင့် Password တို့ ပါဝင်နေသည်။

ထိုလင့်ခ်မှာ သမာဓိမဟာမိတ်အဖွဲ့၏ တရားဝင်ဝဘ်ဆိုက်သို့ ဦးတည်နေပြီး ၎င်းမှာ လမ်းမှန်ကျင့်ကြံသူများအတွက် အထူးတည်ဆောက်ထားသော ဒစ်ဂျစ်တယ်ဗဟိုချက်တစ်ခုဖြစ်သည်။

ဝမ်ရှန်းသည် ဤအရာနှင့် အလွန်ပင် ရင်းနှီးပြီးသားဖြစ်သည်။ သူ့ယခင်ဘဝတွင် ဤအကြောင်းကို ကြားဖူးရုံသာရှိခဲ့ပြီး တစ်ခါမျှဝင်ရောက်ကြည့်ရှုနိုင်ခြင်းမရှိခဲ့ပေ၊၊ ဟွာသမ္မတနိုင်ငံ၏ အွန်လိုင်းရဲတပ်ဖွဲ့ထံမှ ဆိုက်ဘာလုံခြုံရေးအဆင့်ဆင့်ဖြင့် ကာကွယ်ထားသော ဤနေရာသည် လမ်းမှန်အဖွဲ့၏ မြင့်မြတ်နယ်မြေဖြစ်ပြီး ကျင့်ကြံခြင်းလောကကို မြှင့်တင်ရန်အတွက် တရားဝင်ပလက်ဖောင်းတစ်ခုအဖြစ်ဆောင်ရွက်နေခြင်ဖြစ်သည်။

ထိုညတွင် ပထမဆုံးသော ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ကြေညာလိုက်ပြီဖြစ်သည်။

ဖုန်းထဲက လင့်ခ်ကို နှိပ်လိုက်သည်နှင့် Browser ပွင့်လာပြီး ရှေးဟောင်းစုတ်ချက်ပန်းချီဖြင့် အနုပညာလက်ရာမြောက်သည့် Login ဝင်သည့် မျက်နှာပြင်တစ်ခုပေါ်လာသည်။

ဝမ်ရှန်းလည်း ဖုန်းကိုင်ပြီး ဧည့်ခန်းထဲ သွားကာ မုဝမ်ရွှမ်းကို လှမ်းခေါ်လိုက်သည်။ စိတ်ဝင်စားနေသည့် သူ့မိဘများလည်း အနားသို့လျှောက်လာကြသည်။

မုရွှယ် ပို့ပေးထားသည့် အကောင့်နှင့် လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်သည်နှင့် ရှင်းလင်းသပ်ရပ်သည့် မိုဘိုင်းဖိုရမ်မျက်နှာပြင်တစ်ခုထဲ ရောက်သွားသည်။ သာယာငြိမ့်ညောင်းသည့် ကုချင်းတီးလုံးသံလေးထွက်ပေါ်လာပြီး စာတန်းများရေးထားသည့် သိသာထင်ရှားသည့် အနီရောင်နဖူးစည်းစာတန်းကြီးတစ်ခု ပေါ်လာသည်။

သမာဓိအဖွဲ့သည် အင်မော်တယ်များနှင့် လူသားတို့၏ မဟာစည်းလုံးညီညွတ်မှုမှတစ်ဆင့် ခေတ်အဆက်ဆက် တည်တံ့ခိုင်မြဲနေလိမ့်မည်၊၊

ခန့်ညားထည်ဝါလွန်းသည်ဟုသာ ဖော်ပြရပေမည်။

ထိုစာတန်းအောက်တွင် ကဏ္ဍခွဲလေးခုရှိပြီး တစ်ခုချင်းစီတွင် ဆောင်းပါးလေးပုဒ်စီ ပါဝင်သည်။ ပထမဆုံးကဏ္ဍမှာ “သမာဓိလမ်းစဉ်၏ အပြောင်းအလဲများ” ဖြစ်သည်။ ၎င်း၏ ထိပ်ဆုံးတွင် Pin ထိုးထားသော စာရွက်စာတမ်းနှစ်စုံရှိနေပြီး တစ်ခုမှာ ကျင့်ကြံသူတာအိုဆရာများအားလုံးထံသို့ ပေးပို့ထားသော ဟွာသမ္မတနိုင်ငံ၏ တရားဝင်စာချွန်လွှာဖြစ်ကာ ကျန်တစ်ခုမှာ အစိုးရက လမ်းမှန်ကျင့်ကြံသူများအတွက် ထုတ်ပြန်ပေးထားသော ခံစားခွင့်နှင့် ထောက်ပံ့ကြေးများစာရင်းဖြစ်သည်။

ထိုအရာများ၏ အောက်တွင်မူ နှိမ်နင်းခြင်းခံရပြီးဖြစ်သော မိစ္ဆာတာအိုအဖွဲ့အစည်းများနှင့် ထင်ရှားသော မိစ္ဆာတာအိုဆရာများ၏ စာရင်းရှိနေသည်။ စတုတ္ထမြောက် စာရွက်စာတမ်းမှာ “ထာဝရရှင်သန်ခြင်းလမ်းစဉ်၏ ကျဆုံးသွားသော သူရဲကောင်းများ” ဟု ခေါင်းစဉ်တပ်ထားပြီး မိစ္ဆာတာအိုဆရာများနှင့် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် လမ်းမှန်ကျင့်ကြံသူများ၏ စာရင်းဖြစ်သည်။

ဝမ်ရှန်းက စတုတ္ထမြောက်တစ်ခုကို နှိပ်ပြီး ခဏမျှ လှန်လှောကြည့်ရှုလိုက်သည်။ မျက်နှာပြင်ပေါ်တွင် ကိုယ်တစ်ပိုင်းရုပ်ပုံများ တန်းစီ၍ ပေါ်လာသည်။ ၎င်းတို့အနက် အများစုမှာ နတ်ဘုရားကျောက်စာချပ်သယ်ဆောင်လာသည့် ယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခံရသည့်တိုက်ပွဲတွင် ကျဆုံးခဲ့ရသူများဖြစ်ကြသည်။

ဤစာရွက်စာတမ်းကြောင့် ဝမ်ရှန်းလည်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ကြည့်ချင်စိတ်များ အနည်းငယ်ပျောက်သွားလေသည်။

သူ့ဘေးတွင်ရှိနေသော ဝမ်ရှန်း၏ အဖေက မမေးဘဲ မနေနိုင်တော့ပေ၊၊

“ရှန်းလေး… မင်းတို့ အန္တရာယ်ရှိနေတာလား။ တကယ်လို့ အဲဒါဆိုရင် တောင်ပေါ်မှာပဲနေပြီး ကျင့်ကြံပါလား။ အပြင်တွေ လျှောက်မသွားကြနဲ့လေ။ မင်းတို့နှစ်ယောက်လုံးက လူငယ်တပည့်တွေပဲ မဟုတ်လား။ မင်းတို့မျိုးဆက်က တခြားတာအိုဆရာတွေလည်း အဲဒီမိစ္ဆာကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေရတာပဲလား”

ဝမ်ရှန်းက မော့ကြည့်လိုက်သည်၊၊

“စိတ်မပူပါနဲ့ အဖေ။ ကျွန်တော်တို့က သာမန်ပါပဲ”

ထိုအခါမှသာ မိဘများကို စိတ်မပူစေသင့်ကြောင်း သူ သတိရသွားပြီး ကျဆုံးသွားသော သူရဲကောင်းများစာရင်းထဲမှ ချက်ချင်းပြန်ထွက်လိုက်သည်။

ဒုတိယကဏ္ဍမှာ “သမာဓိလမ်းစဉ်” ဖြစ်သည်။ ၎င်းအောက်တွင် ဆောင်းပါးရှစ်ပုဒ် ရှိသည်။ Pinထိုးထားသော ဆောင်းပါးက သမာဓိလမ်းစဉ်၏ မျိုးရိုးစဉ်ဆက်များကို အကျဉ်းချုပ်ဖော်ပြထားပြီး ထို့နောက်တွင် တာအိုဂိုဏ်းအသီးသီး၏ မိတ်ဆက်များပါဝင်သည်။ နောက်ဆုံးဆောင်းပါးနှစ်ပုဒ်မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် အနီးကပ်ဆုံးဆက်နွှယ်မှုရှိသော တာအိုမိသားစုများအကြောင်းကို အဓိကထားဖော်ပြထားခြင်းဖြစ်သည်။

တတိယကဏ္ဍမှာ လူအများ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည့် “သမာဓိလမ်းစဉ်၏ အင်မော်တယ်များ” ဖြစ်သည်။ ၎င်းအောက်တွင် အဆင့်သတ်မှတ်ချက်လေးခု ရှိသည်—ကောင်းကင်အဆင့်သတ်မှတ်ချက်၊ မြေကြီးအဆင့်သတ်မှတ်ချက်၊ လူသားအဆင့်သတ်မှတ်ချက်နှင့် တက်သစ်စကြယ်ပွင့်များ။

ဝမ်ရှန်းလည်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်သည်။ သူသည် ပုံရိပ်ယောင်အမြုတေအဆင့်သို့ မရောက်သေးသဖြင့် ဤစာရင်းတွင် ပါဝင်စရာအကြောင်းမရှိပေ။ သူ အမှန်တကယ် မြင်တွေ့လိုသည်မှာ သူ့ဆရာနှင့် စီနီယာအစ်မ၏ အဆင့်သတ်မှတ်ချက်များသာဖြစ်သည်။

၎င်းကို နှိပ်လိုက်သောအခါ မျက်နှာပြင်မှာ ဘေးတိုက်အနေအထားသို့ ပြောင်းလဲသွားပြီး အလယ်တွင် စာတန်းတစ်ခု ပေါ်လာသည်။

ဤစာရင်းကို အပတ်စဉ် upate လုပ်သည်။ ကျင့်ကြံခြင်းလောကရှိ ထိပ်တန်းလမ်းမှန်ကျင့်ကြံသူပညာရှင်များကို လူသိများသော ကျင့်ကြံခြင်းအဆင့်၊ အစစ်အမှန်စွမ်းအား၊ ကျော်ကြားမှုနှင့် တိုက်ပွဲမှတ်တမ်းများအပေါ် အခြေခံ၍ အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။ လွဲမှားမှုတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်ပေးပါ။ ကိုးကားရန်အတွက်သာ။

ဝမ်ရှန်း အတည်ပြုသည်ကို နှိပ်လိုက်ပြီးနောက် မျက်နှာပြင်က မှောင်ကျသွားသည်။ ခဏအကြာတွင် ဘယ်မှညာသို့ ပုံရိပ်ငါးခုတဖြည်းဖြည်းပေါ်လာသည်။ ၎င်းတို့မှာ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်တန်းပညာရှင်ငါးဦး ဖြစ်ကြသည်။

လူရိပ်တစ်ခုကို နှိပ်လိုက်ပါက မျက်နှာပြင်ထဲမှ ပျံထွက်လာသကဲ့သို့ ရှေ့သို့ ရွေ့လျားလာသည်။ ဘေးတစ်ဖက်တစ်ချက်တွင် ရှေးဟောင်းစာလုံးများ ပေါ်လာသည်။

အဆင့် ၁ - လုံဟူရှန်းတောင် ကောင်းကင်သခင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကောင်းကင်သခင်၊၊

ကျင့်ကြံခြင်းအဆင့်-ရွှေအမြုတေအဆင့်အထွတ်အထိပ်။

-သူ၏ စွမ်းအားအပြည့်ကို မည်သူမျှ မမြင်ဖူးသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းနှင့်ပင် ကျင့်ကြံခြင်းလောကရှိ တာအိုဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းနှစ်ဘက်စလုံးကို ကာလရှည်ကြာဖိနှိမ်ထားနိုင်ခဲ့သည်၊၊

“ကောင်းကင်သခင်က တကယ်ကို အံ့သြစရာပဲ”

ဝမ်ရှန်း ရေရွတ်လိုက်သည်။ ထိုစဉ်မှာပင် လက်ကလေးတစ်ဖက် ရောက်လာပြီး ဒုတိယမြောက် လူရိပ်ဖြစ်သည့် ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦး၏ ပုံကို နှိပ်လိုက်သည်။

အဆင့် ၂ - ရှုဓားဂိုဏ်း၏ ဂိုဏ်းချုပ် တာအိုဆရာ ချင်လုံ၊၊

ကျင့်ကြံခြင်းအဆင့် - ရွှေအမြုတေအလယ်အဆင့်။

-ရှုဓားဂိုဏ်း၏ ဓားထိန်းချုပ်ခြင်းပညာမှာ ရှေးခေတ်ကတည်းက ကျော်ကြားခဲ့သည်။ ရှုတောင်တန်း၏ ရှေးဟောင်းစမ်းသပ်ချက်ဂူမှ ဤပညာရပ်၏ ပြည့်စုံသောဗားရှင်းကို ပြန်လည်ယူဆောင်လာပေးခဲ့သည့် လူငယ်ဓားသမားဝမ်ရှန်း၏ အကူအညီကြောင့် တာအိုဆရာချင်လုံသည် အတိုင်းအဆမဲ့စွမ်းအားများကိုရရှိခဲ့သည်။

ချင်လုံနှင့် ဆက်နွှယ်မှုကြောင့်ဖြစ်သော်လည်း ဝမ်ရှန်းသည် ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် တစ်နည်းတစ်ဖုံပါဝင်ခွင့်ရခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်လေသည်။

All Chapters