အခန်း (၂၃၇-၂၃၈)
Vol. 24 Ch. 237-238
Chapter 237
ည ၁၀ နာရီတွင် မုဝမ်ရွှမ်းသည် သူမ၏ ဆံပင်အရှည်ကြီးကို သပ်ရင်း ကုတင်ပေါ်မှ ဖြည်းဖြည်းချင်းထထိုင်လိုက်၏၊၊ ဘေးနားတွင် ဓားပျံကို သန့်စင်နေသည့် ဝမ်ရှန်းကလည်း ချက်ချင်းပင် မျက်လုံးပွင့်လာခဲ့သည်၊၊
“စီနီယာအစ်မ...”
အခန်းထဲတွင် မီးပိတ်ထားသော်လည်း သူတို့နှစ်ယောက်လုံးက ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ မှောင်မိုက်နေသည့်တိုင် ဘာပြဿနာမှမရှိဘဲ ရှင်းလင်းစွာ မြင်နိုင်ကြ၏၊၊
မုဝမ်ရွှမ်းက ပျင်းရိစွာ သန်းဝေရင်း ရေရွတ်လိုက်သည်၊၊ “စားစရာ...”
ဝမ်ရှန်းက ချက်ချင်းပင် ပြုံးလိုက်၏၊၊ “အားလုံးအဆင်သင့်ဖြစ်ပြီ။ စားဖို့ပဲ စောင့်နေတာ”
“ဝိုး...”
မုဝမ်ရွှမ်းက ချက်ချင်း စိတ်လှုပ်ရှားသွားပြီး မျက်လုံးများက စိန်ရိုင်းတုံးများကဲ့သို့ တောက်ပလာကာ ခုတင်ပေါ်မှ ဝုန်းခနဲထရပ်လိုက်သည်၊၊ သူမကိုယ်တိုင်လည်း စောစောပိုင်းက နှစ်သစ်ကူးအကြိုညစာအတွက် တစ်ဝက်လောက် ပြင်ဆင်ပေးခဲ့သဖြင့် စားသောက်ပွဲကြီးဖြစ်ကြောင်း ကောင်းကောင်းသိနေခြင်း ဖြစ်၏၊၊
“အဝတ်အစား အရင်လဲလိုက်ဦး… စီနီယာအစ်မ”
မုဝမ်ရွှမ်းက မျက်တောင်ခတ်လိုက်ပြီး ချက်ချင်းပင် နောက်ပြန်လှည့်လိုက်သည်၊၊ ထို့နောက် လက်ဝှေ့ယမ်းကာ သူမ၏ဆွယ်တာအင်္ကျီကို လှမ်းယူပြီး လျင်မြန်စွာ စွပ်လိုက်၏၊၊
ဝမ်ရှန်း ထပြီး အခန်းမီးများကို ဖွင့်လိုက်စဉ် မုဝမ်ရွှမ်းက သူမ၏ချောမွေ့လှပသော ဆံပင်အရှည်ကြီးကို လက်ချောင်းများဖြင့် ဘီးလုပ်ကာဖြီးသင်လိုက်သည်၊၊ ကျင့်ကြံသူများအတွက် ဆံပင်ရှည်များကို ထိန်းသိမ်းရသည်မှာ အလွန်ရိုးရှင်းလှ၏၊၊ အစစ်မှန်ချီများက အမြဲတမ်းအားဖြည့်ပေးနေသဖြင့် ဆံပင်များသည် နက်မှောင်ပြီး ပိုးသားကဲ့သို့ ချောမွေ့နေလေသည်၊၊
သူမ ပြင်ဆင်ပြီးသည်နှင့် ဝမ်ရှန်းက တံခါးကို ဖွင့်လိုက်၏၊၊ အရသာရှိလှသော ဟင်းလျာနံ့များနှင့် အမွှေးတိုင်နံ့များသည် ချက်ချင်းပင် လွင့်ပျံလာခဲ့သည်၊၊
သူတို့ အပြင်သို့လှမ်းထွက်လိုက်သည့်အခါ မုဝမ်ရွှမ်းသည် ဘယ်ဘက်သို့လှည့်ပြီး အသစ်ပြန်နွှေးထားသော ဟင်းလျာများပြည့်နှက်နေသည့်စားပွဲဆီသို့ တန်းတန်းမတ်မတ်လျှောက်သွား၏၊၊ ဝမ်ရှန်းကမူ ညာဘက်သို့ လှည့်ပြီး ဧည့်ခန်းကို ကြည့်လိုက်သည်၊၊
သူ့ဖခင်သည် နှစ်မီတာခန့်ကျယ်ဝန်းသော နတ်ဘုရားဘွဲ့ကားချပ်ကို ချိတ်ဆွဲထားပြီးဖြစ်ကာ ပူဇော်စင်တစ်ခုကိုလည်း ပြင်ဆင်ထားပြီး ဖြစ်၏၊၊ ဖယောင်းတိုင်နှစ်တိုင်ထွန်းညှိထားပြီး အမွှေးတိုင်အိုးတစ်လုံးနှင့် ခမ်းနားထည်ဝါလှသော ပူဇော်ပစ္စည်းများကို ခင်းကျင်းထားသည်၊၊ ပုံရိပ်၏ ရှေ့တည့်တည့်တွင် ကွယ်လွန်သွားပြီဖြစ်သော ဘိုးဘေးဘီဘင်များ၏ ဓာတ်ပုံများကိုလည်း ချထားပေး၏၊၊
လွန်ခဲ့သည့် နှစ်နှစ်အတွင်း လူကြိုက်များပြီး အလွန်ခေတ်စားလာခဲ့သည့် ဤနတ်ဘုရားဘွဲ့ပန်းချီကားသည် အတော်လေးစိတ်ဝင်စားဖို့ကောင်းလှသည်၊၊ ထိုနေရာတွင် သရုပ်ဖော်ထားသည့် နတ်ဘုရားများသည် သမားရိုးကျတာအိုနတ်ဘုရားများနှင့်ဆင်တူသော်လည်း ဒေသခံရိုးရာပုံပြင်များပေါင်းစပ်ထားသည့်ပုံစံလည်း ရှိနေ၏၊၊
စုတ်ချက်များသည် လင်းရှောင်နန်းတော်မှသည် တောင်ဘက်ကောင်းကင်တံခါးအထိ သွယ်တန်းထားသည်၊၊ ထိပ်ဆုံးတွင်မူ စုတ်ချက်အနည်းငယ်ဖြင့်သာ ဆွဲထားသည့် အကြီးအကဲအင်မော်တယ်(၃)ပါးဖြစ်သော သူတော်စင်(၃)ပါးရှိနေ၏၊၊ ၎င်းတို့သည် တိမ်မြူခိုးများကြားတွင် လင်းရှောင်နန်းတော်၏ အထက်၌ သီတင်းသုံးနေကြသည်၊၊ စုတ်ချက်အနည်းငယ်ဖြင့်သာ ရေးဆွဲထားသော်လည်း အနုပညာရှင်၏ ရိုသေကိုင်းရှိုင်းမှုကမူ ထင်ရှားလှ၏၊၊
လူသားတို့၏ မင်ရည်ဖြင့် ၎င်းတို့ကို ပုံဖော်ရန် မဝံ့မရဲဖြစ်ခဲ့ကြသည်မှာ ထင်ရှားလှသည်၊၊
သူတော်စင်(၃)ပါး၏ အောက်၊ လင်းရှောင်နန်းတော်၏ နောက်ကွယ်တွင် ပုံရိပ်အချို့ ရှိနေပြီး နန်းတော်၏ တစ်ဖက်တစ်ချက်စီတွင်လည်း နောက်ထပ် ဒါဇင်နှင့်ချီသော ပုံရိပ်များရှိနေ၏၊၊ အချို့က ကောင်းကင်နတ်သမီးများဖြစ်ပြီး အချို့ကမူ ကောင်းကင်စစ်သူကြီးများဖြစ်ကြသည်၊၊ သို့သော် အများစုမှာမူ တိမ်မြူများကြားတွင် ဖုံးကွယ်နေပြီး သူတို့၏မျက်နှာများကို မမြင်ရချေ၊၊
အသေးစိတ်အကျဆုံးအစိတ်အပိုင်းမှာမူ လင်းရှောင်နန်းတော်ကိုယ်တိုင်ပင်ဖြစ်သည်၊၊ နန်းတော်အတွင်း၌ တိမ်တိုင်လုံးကြီးများထိုးထွက်နေပြီး ရိုးရာကိုးကွယ်မှုများထဲက ကောင်းကင်ဧကရာဇ်က ထိုင်နေ၏၊၊ ထိုတင်းမာလှသော ဧကရာဇ်၏ ပုံရိပ်သည် အကြီးဆုံးနှင့် အထင်ရှားဆုံးပင်ဖြစ်သည်၊၊
“အနောက်ဘက်သို့ ခရီးသွားခြင်း” ဇာတ်လမ်းကြောင့် ၎င်းသည် ရုပ်မြင်သံကြားတွင် မြင်တွေ့ရလေ့ရှိသော ကျောက်စိမ်းဧကရာဇ်နှင့် အလွန်ဆင်တူလှ၏၊၊
သူ့ဘေးတွင်မူ “ကျောက်စိမ်းဧကရာဇ်” ဟူသော စာတန်းပါရှိသည်၊၊
သူ့ဘေးနားတွင်မူ ခုနစ်ရောင်ခြယ်ရာဇပလ္လင်ပေါ်တွင် ထိုင်နေသည့် ခန့်ညားထည်ဝါသော နတ်သမီးတစ်ပါးရှိနေပြီး ၎င်းသည်လည်း ရိုးရာဒဏ္ဍာရီထဲက ကျော်ကြားသော နတ်ဘုရားမတစ်ပါးပင် ဖြစ်၏၊၊ သူမ၏ဘေးတွင်မူ “အနောက်ဘက်မယ်တော်ကြီး”ဟု ရေးသားထားသည်၊၊
ကောင်းကင်ဧကရာဇ်၏ အောက်တွင်မူ နန်းတွင်းဝတ်စုံများ ဝတ်ဆင်ထားသည့် နတ်ဘုရားလေးပါး ရှိနေ၏၊၊ ၎င်းတို့မှာမူ ခရမ်းရောင်ဧကရာဇ်၊ သက်ရှည်ဧကရာဇ်၊ ကောင်းချန်ဧကရာဇ်နှင့် ဟုတ်ထူမြေကမ္ဘာဘုရင်မတို့ဖြစ်ကြသည်၊၊ ၎င်းတို့ကို အုပ်စိုးသူလေးပါးဟု လူသိများကြ၏၊၊ ၎င်းတို့၏ ပုံရိပ်များသည် ကောင်းကင်ဧကရာဇ်၏ ပုံရိပ်ထက် ထက်ဝက်ခန့်သေးငယ်သည်၊၊
၎င်းတို့၏ အောက်တွင်မူ နယ်ပယ်ငါးခု၏ ဧကရာဇ်ငါးပါး ရှိနေ၏၊၊ အရှေ့ဘက်က အဇူရာဧကရာဇ်၊ တောင်ဘက်က ဖီးနစ်ဧကရာဇ်၊ အလယ်ဗဟိုက အဝါရောင်ဧကရာဇ်၊ အနောက်ဘက်က အဖြူရောင်ဧကရာဇ်နှင့် မြောက်ဘက်က အနက်ရောင်ဧကရာဇ်တို့ ဖြစ်ကြသည်၊၊ အုပ်စိုးသူလေးပါးနှင့် ဧကရာဇ်ငါးပါးတို့သည် ကောင်းကင်ဘုံ၏ အဆင့်အမြင့်ဆုံးနတ်ဘုရားများထဲတွင် ပါဝင်ပြီး ကောင်းကင်ဧကရာဇ်ပြီးလျှင် ဒုတိယအဆင့်မှာ ရှိသဖြင့် သူတို့၏ပုံရိပ်များကို ထင်ရှားစွာ သရုပ်ဖော်ထားခြင်းဖြစ်၏၊၊
၎င်းတို့၏အောက်တွင်မူ နတ်ဘုရားအတန်းများစွာ ရှိနေသည်၊၊ ကောင်းကင်သခင်လေးပါး၊ ဓာတ်ကြီးငါးပါး၏ အစစ်အမှန်သခင်များ၊ မြောက်ဘက်ဓူဝံကြယ်စု၏ သခင်ခုနစ်ပါးနှင့် တောင်ဘက်ဝက်ဝံကြယ်စု၏ သခင်ခြောက်ပါးတို့ ဖြစ်ကြ၏၊၊ ထို့နောက်တွင် နက္ခတ် နှစ်ဆယ့်ရှစ်ခု၊ အင်မော်တယ်(၈)ပါးနှင့် ရေတွက်၍မရနိုင်သော ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးငယ်လေးများရှိနေကြသည်၊၊
အဆင့်အတန်းမြင့်မားလေလေ… ပုံရိပ်က ကြီးမားလေလေဖြစ်ပြီး ၎င်းသည် သူတို့ရရှိသည့် အမွှေးတိုင်ပူဇော်မှု အဆင့်အတန်းကို ထင်ဟပ်စေခြင်းဖြစ်၏၊၊
သူတို့၏ ဂိုဏ်းဘိုးဘေးသည် အင်မော်တယ်(၈)ပါးထဲက တစ်ဦးဖြစ်သည်၊၊ ဒဏ္ဍာရီထဲတွင် အင်မော်တယ်(၈)ပါးကို ကောင်းကင်နန်းတော်တွင် တရားဝင်စာရင်းသွင်းထားသော်လည်း ရံဖန်ရံခါမှသာလာရောက်တတ်သည့် လေလွင့်အင်မော်တယ်အဖြစ်သတ်မှတ်ကြသဖြင့် ပုံရိပ်ထဲတွင် သူတို့၏နေရာသည် အထူးတလည်ထင်ရှားခြင်းမရှိချေ၊၊
တောင်ဘက်ကောင်းကင်တံခါး၏ အောက်တွင်မူ နောက်ထပ်အစိတ်အပိုင်းတစ်ခုရှိနေသေးသည်၊၊
ဝမ်ရှန်း နောက်သို့ ဆုတ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏၊၊ တံခါး၏အောက်တွင် ဝဲလည်နေသော တိမ်တိုက်များသည် မြေအောက်ကမ္ဘာ၏ နတ်ဘုရားများကို သရုပ်ဖော်ထားသည့် နေရာလေးတစ်ခုကို ဝန်းရံထားသည်၊၊
ဝမ်ရှန်းလည်း လက်နှစ်ဖက်ကို နောက်ပစ်ရင်း ခေတ္တစိုက်ကြည့်နေမိ၏၊၊ တာအိုဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် သူသည် သူတော်စင်(၃)ပါးကို ရိုသေရမည်ဖြစ်ပြီး... သူတို့၏ ဂိုဏ်းဘိုးဘေးများကိုလည်း ပို၍ရိုသေရမည်ဖြစ်သည်... ထိုပုံရိပ်ထဲတွင် သူတို့သည် အစက်အပြောက်လေးတစ်ခုမျှသာဖြစ်နေသော်လည်း...။
အမွှေးတိုင်များကုန်ခါနီးနေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ရှန်းက အမွှေးတိုင်သုံးချောင်းကို ယူပြီး ဖယောင်းတိုင်မီးဖြင့် ထွန်းညှိလိုက်၏၊၊ ထို့နောက် တာအိုထုံးစံအတိုင်း ရိုသေစွာ ဦးညွှတ်လိုက်ပြီး အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက်သည်၊၊
သူ့ဖခင်က ရယ်မောလိုက်၏၊၊
“အမွှေးတိုင်ထိုးရုံနဲ့တင် မရဘူး။ ဦးချရမယ်။ ဒါမှ အလုပ်ဖြစ်မှာ”
ဝမ်ရှန်းက ခေါင်းညိတ်လိုက်သည်၊၊ သူတော်စင်(၃)ပါးနှင့် မရေမတွက်နိုင်သော နတ်ဘုရားများကို ဦးချလိုက်သည်မှာလည်း မမှားချေ၊၊ တစ်နေ့နေ့တွင် သူက အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် သူတို့ထဲက တစ်ယောက်ယောက်ဆီကနေ ဟုန်ပေါင်းရနိုင်ကောင်းရနိုင်လေသည်၊၊
သူသည် ဒူးထောက်ပြီး သုံးကြိမ်ဦးချလိုက်၏၊၊ နတ်ဘုရားများအတွက် သုံးကြိမ်၊ ဝိညာဥ်များအတွက် လေးကြိမ်... ၎င်းသည် ရိုးရာဓလေ့ပင် ဖြစ်သည်၊၊ သူ မတ်တတ်ရပ်ရင်း အကြည့်ကို မြှင့်လိုက်စဉ်မှာပင် သူ့၏ ဝိညာဉ်အသိစိတ်က ထူးဆန်းသောအရာတစ်ခုကို ဖမ်းမိသွားခဲ့သည်၊၊
မျက်မှောင်ကြုတ်ရင်း သူ မတ်တတ်ရပ်ပြီး နတ်ဘုရားဘွဲ့ပန်းချီကားကို စိုက်ကြည့်လိုက်၏၊၊ သူ့အကြည့်သည် လွင့်ပျံနေသော အဖြူရောင်အမွှေးတိုင်မီးခိုးမျှင်များနောက်သို့ လိုက်ပါသွားရာ ထိုမီးခိုးများကြားမှ ကောင်းကင်နန်းတော်တစ်ခုကို ဖျတ်ခနဲမြင်လိုက်ရသလို ခံစားလိုက်ရသည်၊၊ သို့သော် သူ သေချာအာရုံစိုက်ပြီး ကြည့်လိုက်သည့်အခါတွင်မူ ၎င်းသည် ရိုက်နှိပ်ထားသည့် သာမန်ပုံရိပ်တစ်ခုသာဖြစ်နေဆဲပင်၊၊
ဒါက တကယ်ပဲ စိတ်ဝိညာဉ်တွေ ကိန်းအောင်းနေတာလား...။
ဖြစ်နိုင်လေသည်၊၊ ယခုအခါ ကျင့်ကြံခြင်းလမ်းစဉ်က ပွင့်သွားပြီဖြစ်ရာ တစ်ချိန်က တာအိုတရားများကို လက်ဆင့်ကမ်းပေးခဲ့သည့် ဤနတ်ဘုရားများသည်လည်း တစ်နည်းနည်းဖြင့် တည်ရှိနေနိုင်ချေ ရှိ၏၊၊
၎င်းတို့သည် ကျင့်ကြံခြင်းလမ်းစဉ်ကို ပထမဆုံးစတင်တီထွင်ပြီး လူသားအဖြစ်မှ အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားသူများလည်းဖြစ်နိုင်သလို ရှေးခေတ်လူသားများကို လမ်းပြပေးရန်အတွက် ကမ္ဘာမြေသို့ ဆင်းသက်လာခဲ့သည့် ရှေးကျမြင့်မြတ်သောဖြစ်တည်မှုများလည်းဖြစ်နိုင်သည်၊၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သည် တစ်ချိန်က ဤလောကတွင် လျှောက်လှမ်းခဲ့ဖူးရမည် ဖြစ်၏၊၊
ဝမ်ရှန်းသည် စားပွဲတွင် ဟင်းလျာများကို စတင်စားသောက်နေကြသည့် လူသုံးယောက်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး အကူညီမဲ့စွာ ပြုံးလိုက်မိသည်၊၊ သူတို့က သူ့ကိုတောင် မစောင့်ကြချေ၊၊
“စီနီယာအစ်မ... လာပြီး ဦးချလိုက်ဦး။ ကျွန်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေးက အပေါ်မှာရှိတယ်”
“အို...” မုဝမ်ရွှမ်းက စားပွဲမှ မလာချင်လာချင်ဖြင့် သူမ၏ အိမ်စီးဖိနပ်လေးကို စီးကာ လျှောက်လာခဲ့သည်၊၊ ကျွမ်းကျင်လှသော လှုပ်ရှားမှုများဖြင့် သူမသည် ပူဇော်စင်ရှေ့တွင် သုံးကြိမ်တိုင်တိုင် ဦးချလိုက်၏၊၊
ပုံရိပ်ကို စိုက်ကြည့်နေဆဲဖြစ်သော ဝမ်ရှန်းသည် အမွှေးတိုင်၏ စွမ်းအားဟုခေါ်ဆိုသောအရာက တကယ်တည်ရှိခြင်းရှိမရှိကို သိရှိနိုင်ရန် အာရုံစူးစိုက်လိုက်သည်၊၊ သို့သော် ယခုအချိန်တွင် သူခံစားလိုက်ရသည့်အရာက သူ့ကို အံ့အားသင့်သွားစေပြီး ကျောချမ်းသွားစေကာ ချွေးစေးများပင် ထွက်လာစေခဲ့၏၊၊
မုဝမ်ရွှမ်း ဦးချလိုက်သည့်အချိန်တွင် လွင့်ပျံနေသော အဖြူရောင်မီးခိုးမျှင်များကြားထဲ၌ အားနည်းလှသော ဝိညာဥ်အသိစိတ်တစ်ခုက ဖြတ်သန်းသွားခဲ့သည်၊၊ ၎င်းသည် သိမ်မွေ့လှသော်လည်း ငြင်းပယ်လို့မရအောင် တည်ရှိနေပြီး သူမ၏ နှလုံးသားထဲက ဆုတောင်းကို သယ်ဆောင်သွားသလိုပင်၊၊
အလွန်အားနည်းလှသော်လည်း ၎င်းသည် အမွှေးတိုင်၏ စွမ်းအားပင်ဖြစ်ရမည်၊၊
Chapter 238
ဝမ်ရှန်းလည်း ၎င်းကို ပို၍ အာရုံစိုက်ရန် ပြင်လိုက်စဉ်မှာပင် ထူးဆန်းသောအရာတစ်ခုကို ရုတ်တရက် မြင်လိုက်ရပြန်သည်၊၊ လင်းရှောင်နန်းတော်ဘေးက မြူခိုးများကြားတွင် အကြမ်းဖျင်းသာ ဆွဲထားပြီး “အမည်မသိ နတ်သမီး” ဟု စာတန်းထိုးထားသည့် ပုံရိပ်လေးတစ်ခုက သက်ဝင်လှုပ်ရှားလာသလို ခံစားလိုက်ရ၏၊၊ ရိုးရှင်းသော စုတ်ချက်နှစ်ချက်ဖြင့်သာ ဆွဲထားသည့် သူမ၏မျက်လုံးများသည် အသိစိတ်တစ်ခုဖြင့် တောက်ပလာပြီး သူနှင့် စီနီယာအစ်မကို တည့်တည့်စိုက်ကြည့်နေသကဲ့သို့ပင်၊၊
ဝမ်ရှန်း၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး ကြက်သီးမွေးညင်းများပင် ထလာခဲ့သည်၊၊ သူသည် အသိစိတ်မဲ့စွာပင် သူ့စီနီယာအစ်မ၏ လက်မောင်းကို ဆွဲပြီး သူ့နောက်တွင် ကာကွယ်ပေးထားလိုက်၏၊၊
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ မြင်လိုက်ရသည့်အရာက စိတ်အာရုံမှားယွင်းမှုတစ်ခုအလား အားလုံးသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်၊၊ ဝမ်ရှန်းလည်း တုန်ရင်နေသော လက်ချောင်းများဖြင့် နတ်ဘုရားဘွဲ့ပန်းချီကားကို စိုက်ကြည့်နေမိ၏၊၊ ၎င်းသည် ထိုနေရာတွင် ငြိမ်သက်စွာ ချိတ်ဆွဲထားဆဲဖြစ်ပြီး အမည်မသိနတ်သမီး၏ ပုံရိပ်ကလည်း လုံးဝပုံမှန်အတိုင်းပင်ဖြစ်နေသည်၊၊
အဖြူရောင်မီးခိုးမျှင်များသည်လည်း ဘေးနားက လေစုပ်ပန်ကာကြောင့် အပေါ်သို့ ပုံမှန်အတိုင်းလွင့်ပျံနေဆဲဖြစ်ပြီး ဘာထူးခြားမှုမှမရှိချေ၊၊
“အွန်း...”
လက်ကလေးတစ်ဖက်က လှမ်းလာပြီး ဝမ်ရှန်း၏ နဖူးကို စမ်းလိုက်သည်၊၊ သူက သူ့စီနီယာအစ်မကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သော်လည်း ထိုပုံရိပ်ထဲက နတ်သမီးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်မိနေဆဲပင်၊၊
သူ ပိုကြည့်လေလေ… ၎င်းသည် ပိုပြီး ရင်းနှီးနေသလို ခံစားရလေဖြစ်သော်လည်း ဘယ်နေရာတွင် မြင်ဖူးခဲ့မှန်းတော့ သူ သေချာမမှတ်မိချေ၊၊
“အဖေ... ဒီပန်းချီကားကို ဘယ်ကရတာလဲ”
“ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အများကြီးပဲလက်ကားဝယ်လာတာလေ။ ယွမ်အနည်းငယ်ပဲ ပေးရတယ်”
သူ့ဖခင်က ပြန်ဖြေပြီး ရယ်မောလိုက်၏၊၊
“လာပါ... အရင်စားရအောင်။ နှစ်သစ်ကူးအကြိုညပဲဟာ… နောက်မှ အေးဆေးလေ့လာပေါ့”
မုဝမ်ရွှမ်းက ဝမ်ရှန်းကို စားပွဲဆီသို့ ဆွဲခေါ်သွားပြီး သူ့ထိုင်ခုံတွင် ထိုင်စေလိုက်သည်၊၊ နှစ်သစ်ကူးအကြိုညစာသည်သာ ယနေ့ည၏ အရေးကြီးဆုံးအရာဖြစ်သဖြင့် ကျန်တာအားလုံးက စောင့်ဆိုင်းနိုင်ပေသည်၊၊
ဝမ်ရှန်းသည် ဧည့်ခန်းထဲသို့ ခဏလောက် ပြန်သွားပြီး ဖုန်းဖြင့် ထိုပန်းချီကားကို ဓာတ်ပုံရိုက်ကာ အင်တာနက်တွင် အမြန်ရှာဖွေကြည့်လိုက်၏၊၊ အသုံးဝင်တာတစ်ခုမှ ရှာမတွေ့သဖြင့် သူက ထိုဓာတ်ပုံကို မုရွှယ်ထံသို့ ပေးပို့လိုက်သည်၊၊
မကြာမီမှာပင် မုရွှယ်က သူ့ကို ပြန်စာပို့လာ၏၊၊
မုရွှယ် - “ဒီလို အားလပ်ရက်အကြီးကြီးမှာ တာအိုဆရာဝမ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတောင် မပြောဘူးလား”
ဝမ်ရှန်း - “နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ”
မုရွှယ် - “ဟီးဟီး... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ၊၊ ဒါနဲ့ ဘာဖြစ်လို့လဲ။ ဒီပန်းချီကားက လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကတည်းက အတော်လေးလူကြိုက်များနေကြတာလေ၊၊ တစ်ယောက်ယောက်ပြောတာတောင် ကြားဖူးသလိုပဲ၊၊ ဘာပြဿနာရှိလို့လဲ”
ဝမ်ရှန်းက သူ့၏ အဓိကစိုးရိမ်မှုကို ချက်ချင်း ပြောပြလိုက်သည်၊၊
ဝမ်ရှန်း - “ဒီပန်းချီကားကို ဘယ်သူက ဖြန့်ဖြူးနေတာလဲဆိုတာ စုံစမ်းပေးပါဦး။ ငါက အမွှေးတိုင်ရဲ့ စွမ်းအားအကြောင်းကို အပြည့်အဝနားမလည်ပေမဲ့ ဒါက သေချာပေါက်တည်ရှိနေတယ်၊၊ မိစ္ဆာကျင့်ကြံသူတွေ အသုံးချနေတာမျိုးမဟုတ်ဖို့ပဲ သေချာအောင်လုပ်ပေးပါ”
မိနစ်အနည်းငယ်ကြာပြီးနောက် မုရွှယ်က နောက်ထပ်စာတစ်စောင်ပို့လာ၏၊၊ အရင်ဆုံးအနေရခက်သည့် အီမိုဂျီလေးတစ်ခုပို့လာပြီးနောက် ရှင်းပြချက်အတိုလေးတစ်ခုပါလာသည်၊၊
သူမ၏ အဆိုအရ အစိုးရကိုယ်တိုင်က ဤပန်းချီကားကို ဖြန့်ဖြူးခဲ့ခြင်း ဖြစ်သည်၊၊ မဟုတ်ပါက လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဟွာသမ္မတနိုင်ငံတစ်ဝှမ်းလုံးသို့ ဤမျှလောက် လျင်မြန်စွာပြန့်နှံ့သွားစရာအကြောင်းမရှိချေ၊၊ သူမက အသေးစိတ်အချက်အလက်များကို မပြောသော်လည်း ၎င်းသည် တစ်စုံတစ်ရာကို သုတေသနပြုလုပ်ရန်အတွက်ဖြစ်ပုံရကြောင်းသာ ပြောပြခဲ့သည်၊၊
သုတေသနလား... ဒါဆိုရင် ကျင့်ကြံခြင်းသုတေသနအဖွဲ့က လာခြင်းဖြစ်ပေလိမ့်မည်၊၊ ဒီထိပ်တန်းပညာရှင်အဖွဲ့က အမွှေးတိုင်ရဲ့ စွမ်းအားကို စပြီးလေ့လာနေကြပြီလား...။
ဝမ်ရှန်း သက်ပြင်းချလိုက်မိ၏၊၊ ၎င်းသည် မိစ္ဆာကျင့်ကြံသူများ၏ လက်ချက်မဟုတ်သရွေ့ ကောင်းလေသည်၊၊
ဘေးနားမှ သူ့ဖခင်၏ တင်းမာသောအကြည့်ကို ခံစားလိုက်ရသဖြင့် ဝမ်ရှန်းသည် ဖုန်းကို အမြန်ချလိုက်ပြီး သူ့ဖျော်ရည်ခွက်ကို မြှောက်ကာ ပြုံးလိုက်၏၊၊
“နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ”
သူ့မိဘများနှင့် စီနီယာအစ်မတို့ကလည်း သူတို့၏ခွက်များကို အတူတူ မြှောက်လိုက်ကြသည်၊၊ သူ့မိဘများက “နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ” ဟု အော်ဟစ်ကြသော်လည်း သူ့စီနီယာအစ်မကတော့ အလိုက်သင့်ဖြစ်အောင် “ပျော်ရွှင်ပါစေ” ဟုသာ လိုက်ပြောလိုက်၏၊၊
ဝမ်ရှန်းက မျက်တောင်ခတ်လိုက်သည်၊၊
“အမေ... အမေက အချိုရည်သောက်လို့ရလား”
လူငယ်တစ်ယောက်လို အတွေးရှိသည့် သူ့မိခင်က ရှက်ပြုံးပြုံးလိုက်၏၊၊
“နည်းနည်းပါပဲ... တစ်ငုံလောက်ပေါ့”
“နှစ်သစ်ကူးပဲဟာကို… မင်းအမေက အကျဉ်းသားမှ မဟုတ်တာ… အချိုရည်လေးသောက်တာ ဘာဖြစ်လို့လဲ” သူ့ဖခင်က မကျေမနပ်ဖြင့် ဆူပူသံဖြင့် ပြောလိုက်သည်၊၊
ဝမ်ရှန်းသည် ခေါင်းကို အမြန်ငုံ့လိုက်ပြီး စားသောက်ခြင်းအပေါ်၌သာ အာရုံစိုက်လိုက်တော့၏၊၊
မိသားစုအတွင်း အာဏာခွဲဝေမှုက အလွန်ပင်ထင်ရှားလှသည်၊၊
ထိုအချိန်မှာပင် ဟွာသမ္မတနိုင်ငံ၏ အလယ်ဗဟိုရှိ ဝေးလံခေါင်သီသော တောင်တန်းဒေသတစ်ခု၏ မြေအောက်မီတာရာဂဏန်းခန့်တွင် ဖြစ်သည်၊၊
မိနစ်အနည်းငယ်ခန့်က ကျင့်ကြံခြင်းသုတေသနအဖွဲ့၏ ဌာနချုပ်အတွင်း၌ စူးရှလှသော သတိပေးသံများ ရုတ်တရက်မြည်ဟည်းသွားခဲ့သည်၊၊ ယခုအခါ ကုတ်အင်္ကျီအဖြူများ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့သည် သုတေသနအဖွဲ့၏ အောက်ဆုံးထပ်ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားနေကြ၏၊၊
မြေအောက်ထပ်၏ အလယ်ဗဟိုတွင် တိကျသောစက်ပစ္စည်းများစွာ ဝန်းရံထားသည့် မြင့်မားသော သီးခြားခွဲထုတ်ခန်းတစ်ခုရှိနေသည်၊၊ ၎င်း၏အတွင်း၌ နှစ်ပေါင်းများစွာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည့် လကမ္ဘာအလောင်းကောင်က ရုတ်တရက်ပြောင်းလဲလာခဲ့ပြီ ဖြစ်၏၊၊ သူမ၏ ဆံပင်အရှည်ကြီးသည် လေထဲတွင် လွင့်မျောနေပြီး သူမသည် လေထဲသို့ ဖြည်းဖြည်းချင်းပြန်လည်မြင့်တက်လာခဲ့သည်၊၊
ကမ္ဘာဦးချီများကို အပြည့်အဝပိတ်ဆို့ထားရန် ဒီဇိုင်းဆွဲထားသည့် ထိုသီးခြားခွဲထုတ်ခန်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းငယ်လေးများ စတင်ပေါ်ပေါက်လာ၏၊၊ အရပ်မျက်နှာအနှံ့မှ လေပြင်းများသည် ထိုအခန်းဆီသို့ စုပြုံရောက်ရှိလာပြီး ပြင်းထန်သောအရှိန်အဟုန်ဖြင့် ဖိအားပေးနေကြသည်၊၊
စုရုံးရောက်ရှိလာသည့် လူအုပ်ကြီးကြားမှ ဘီးတပ်ကုလားထိုင်ပေါ်က အဘိုးအိုတစ်ဦးက အော်ဟစ်လိုက်၏၊၊
“သူမ ပြန်နိုးလာပြီ၊၊ အခန်းကို အခုချက်ချင်းဖွင့်လိုက်တော့၊၊ သူမကို ပိတ်မထားနဲ့၊၊ ထွက်ပေါက်တစ်ခု ပေးလိုက်ပါ”
“ဒုညွှန်ကြားရေးမှူး... လေကြောင်းထိန်းချုပ်ရေးအဖွဲ့က နေရာမယူရသေးဘူး၊၊ သူမ ထွက်ပြေးသွားရင် ဘယ်သူက တာဝန်ယူမှာလဲ”
တစ်ယောက်က ချက်ချင်းကန့်ကွက်လိုက်သည်၊၊
“ငါတို့ သူမကို တားဆီးနိုင်မှာ မဟုတ်ဘူး...”
ထိုအဘိုးအို စကားပြော၍ မဆုံးသေးခင်မှာပင် သီးခြားခွဲထုတ်ခန်းသည် ဝုန်းခနဲပေါက်ကွဲသွားခဲ့သည်၊၊ ကမ္ဘာဦးချီလှိုင်းများသည် အတွင်းသို့ အရှိန်အဟုန်ဖြင့်စီးဝင်သွားပြီး လေထဲတွင် လွင့်မျောနေသည့် ထိုအမျိုးသမီးပုံရိပ်၏ ပတ်လည်တွင် ရောင်စုံနတ်ဘုရားအလင်းတန်းများ ချက်ချင်းထွက်ပေါ်လာခဲ့လေ၏၊၊
….
မုဝမ်ရွှမ်းကို အိမ်သို့ ပထမဆုံးအကြိမ်ခေါ်လာခဲ့သည့်အချိန်မှစ၍ ဝမ်ရှန်း၏မိဘများက သူမအား သူစိမ်းတစ်ယောက်လို သဘောမထားကြတော့ပေ။
ယခုနှစ် နှစ်သစ်ကူးအကြိုညတွင်မူ ထူးထူးခြားခြားပင် သူတို့လေးဦးသည် နွေးထွေးအေးချမ်းသည့် ပြန်လည်ဆုံဆည်းခြင်းညစာကို အတူစားခဲ့ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက နွေးထွေးမှုနှင့် စိတ်အပန်းပြေမှုများဖြင့် ပြည့်နှက်နေ၏။
ဝမ်ရှန်း၏ ဖခင်က အနီရောင်စာအိတ်နှစ်အိတ်ပြင်ဆင်ထားခဲ့လေသည်။ မုဝမ်ရွှမ်းက ယူခါနီးတွင် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေသော်လည်း ဝမ်ရှန်းက သူမအတွက် ချက်ချင်းပင် လက်ခံပေးလိုက်သည်။
သန်းခေါင်ယံအချိန်နီးကပ်လာသည်နှင့်အမျှ သူတို့လေးဦးလုံး တီဗီကြည့်ရန် ဧည့်ခန်းထဲတွင် စုဝေးခဲ့ကြသည်။ မုဝမ်ရွှမ်းက မုန့်ပဲသရေစာများကြိုက်တတ်မှန်း သိသဖြင့် ဝမ်ရှန်း၏ မိခင်က အာလူးကြော်နှင့် မုန့်ထုပ်များကို အထူးတလည်တောင်ပုံရာပုံဝယ်ယူစုဆောင်းပေးထားခဲ့ရာ မုဝမ်ရွှမ်းလည်း အလွန်ပျော်ရွှင်နေလေသည်။
နှစ်သစ်ကူးရန် မိနစ်ပိုင်းအလို၌ ဝမ်ရှန်း၏ ဖခင်က ပြောလိုက်သည်၊၊
“အချိန်က နီးနေပြီ။ နှစ်သစ်ဆုတောင်းရှိကြလား။ ငါက အရင်စလိုက်မယ်။ ဒီနှစ်မှာတော့ ငါ့မိန်းမကို ကောင်းကောင်းစောင့်ရှောက်ပြီး မိသားစုဝင်အသစ်လေးရောက်လာဖို့အတွက် ပြင်ဆင်ထားချင်တယ်”
အိမ်၏ အခြေခံဆုံးဖြတ်ချက်များချမှတ်သူဖြစ်သည့် ဝမ်ရှန်း၏ မိခင်လည်း ထိုစကားကို ကြားပြီး အတော်လေးသဘောကျသွားပုံရသည်။
ဝမ်ရှန်းက ပြုံးလိုက်ပြီး “ကျွန်တော်တို့ မိသားစုတစ်ခုလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ကျန်းကျန်းမာမာရှိပါစေလို့ ဆုတောင်းပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဆရာ၊ စီနီယာအစ်နဲ့ ညီမလေးတို့အားလုံးလည်း သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ ချောချောမွေ့မွေ့တိုးတက်နိုင်ကြပါစေ”
ဝမ်ရှန်း၏ မိခင်က ရယ်မောရင်း မုဝမ်ရွှမ်းကို အသာအယာ တွန်းလိုက်သည်၊၊
“သမီး ရွှမ်းလေးကော… သမီးကတော့ မောင်လေးတောင်းတဲ့ဆုနဲ့ တူလို့မရဘူးနော်”
မုဝမ်ရွှမ်းက ခဏမျှစဉ်းစားလိုက်ပြီးနောက် သူမ၏ ဖုန်းကို တတောက်တောက်နှင့် ရိုက်လိုက်သည်။ ထို့နောက် ညစာစားစဉ်ကမှ အသစ်ဖွဲ့ထားသည့် မိသားစုဂရုထဲသို့ သူမ၏ နှစ်သစ်ကူးဆုတောင်းကို ပို့လိုက်လေသည်။
မုဝမ်ရွှမ်း - ‘မောင်လေးနဲ့ သူ့မိသားစုဝင်တွေအားလုံး အေးချမ်းပါစေ၊ ကျန်းမာပါစေ၊ အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းကလည်း အဆက်မပြတ်တိုးတက်ပါစေ၊၊ မကောင်းတဲ့ ဘေးအန္တရာယ်တွေနဲ့ ဘယ်တော့မှ မကြုံပါစေနဲ့။ ဆရာလည်း မိစ္ဆာကျင့်ကြံသူတွေကို အမြန်ဆုံးနှိမ်နင်းနိုင်ပြီး တောင်ပေါ်ကို ပြန်လာပြီး အေးအေးချမ်းချမ်းကျင့်ကြံနိုင်ပါစေ။ သမီးလည်း မောင်လေး၊ ညီမလေးတွေကို ကာကွယ်ပေးနိုင်တဲ့ တာဝန်သိတတ်တဲ့ အစ်မကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားကျင့်ကြံသွားပါမယ်’
“အဟွတ်…”
ဝမ်ရှန်းလည်း သောက်လက်စအအေးပင် သီးမလိုဖြစ်သွားသည်။ သူက ပါးစပ်ကို ပိတ်ကာ တခွီးခွီးရယ်မောနေလိုက်သည်။
သူ့ဖခင်ကလည်း ခပ်တိုးတိုးရယ်မောရင်း “သမီးရယ်… နှစ်သစ်ကူးဆုတောင်းတာကို ဒီလောက်အထိ... စာတစ်ပေတစ်တန်တောင်းနေဖို့ မလိုပါဘူး”
မုဝမ်းရွှမ်းက လျှာလေးထုတ်ပြလိုက်သည်။ ဝမ်ရှန်း အသည်းအသန်ရယ်နေသည်ကို မြင်သောအခါ သူမက လက်လှမ်းပြီး သူ့အားနည်းချက်ဖြစ်သည့် ခါးဘေးကို လှမ်းတို့လိုက်သည်။ သို့သော် ဝမ်ရှန်းက အလျှော့မပေးဘဲ သူမကို ချက်ချင်းပြန်လည်စနောက်လိုက်ရာ အိမ်လေးထဲတွင် ရယ်မောပျော်ရွှင်သံများဖြင့် ဆူညံသွားကြသည်။
သူ့မိဘများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အသာအယာပြုံးလိုက်ကြသည်။ ချင်ယန်ဇီ ပြောခဲ့သည်က မှန်ပေသည်။ အရာရာကို သဘာဝအတိုင်းဖြစ်ပျက်ခွင့်ပေးလိုက်ခြင်းက အကောင်းဆုံးပင်။