အခန်း ၁၂
Vol. 2 Ch. 12
အပိုင်း (၁၂)
“မင်း ဘာချီတာအကွက်တွေ သုံးလိုက်တာလဲ”
“အမှန်အတိုင်း ဖွင့်ပြောစမ်း”
ယဲ့ချိုးဟုန်က လျူယွမ်ကို ရုံးခန်းကုလားထိုင်ပေါ် တွန်းချလိုက်ပြီး၊ မနာလိုဝန်တိုမှုတွေကြောင့် ခန့်ညားတဲ့ မျက်နှာမှာလည်း ရှုံ့မဲ့နေလျက် အထက်စီးဆန်တဲ့ အကြည့်နဲ့ ငုံ့ကြည့်နေလေသည်။
သူမက နာမည်အရ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး လျူယွမ်ကတော့ နဝမဌာနခွဲရဲ့ ဌာနခွဲမှူး ဖြစ်တာမို့ သူတို့နှစ်ယောက်က အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးမျိုး ဖြစ်သည်။
ဒါပေမဲ့ အခုတော့ သူမရဲ့ လက်အောက်ငယ်သားက တကယ့်ကို အဆင့်တွေ ဆင့်ကဲကျော်ဖြတ်ပြီး ဇောက်ထိုးမိုးမျှော်တွေ တက်လှမ်းသွားခဲ့ပြီလေ။
ဒီလောက် မြန်ဆန်တဲ့ အဆင့်တက်နှုန်းမျိုးက ချီတာအကွက်သုံးတဲ့လူပဲ ဖြစ်နိုင်တာပေါ့။
“ကျွန်တော် တကယ် ဘာချီတာမှ မဟုတ်ပါဘူးဗျာ” လျူယွမ်က ကြိုတင်ပြင်ဆင်ထားတဲ့ ဆင်ခြေနဲ့ အပြစ်ကင်းစင်ဟန် ဆောင်လိုက်ရင်း - “ကျွန်တော်က ကျင့်စဉ်အဆင့်ကို တမင်ဖိနှိပ်ထားတာပါ၊ ဒါပေမဲ့ မကြာသေးခင်က မိန်းမချက်ကျွေးတာတွေက ကောင်းလွန်းလို့ အာဟာရတွေ ပြည့်ဝပြီး ရှေ့ဆက်မအောင့်ထားနိုင်တော့ဘဲ... လျှံထွက်သွားတာပါ”
“ဟဲဟဲ... ငါ့ကို အရူးအောက်မေ့နေတာလား” ယဲ့ချိုးဟုန်က မျက်စောင်းထိုးကြည့်လိုက်ပြီး - “ဝတ္ထုထဲက ဇာတ်ကွက်တွေနဲ့ ငါ့ကိုလာလိမ်မလို့လား။ ဘယ်လူကောင်းကများ ကိုယ့်ကျင့်စဉ်အဆင့်ကို တမင်ဖိနှိပ်ထားမှာလဲ”
သူမက လျူယွမ်ကို သူမရဲ့ မျက်လုံးတွေနဲ့ပဲ အဆုံးထိ ဖောက်ထွင်းမြင်နိုင်မတတ် စိုက်ကြည့်နေခဲ့သည်။
“မင်းခန္ဓာကိုယ်ထဲမှာ ဝိညာဥ်အဘိုးကြီးတစ်ယောက်ယောက် ပူးကပ်နေတာလား...” ယဲ့ချိုးဟုန်ရဲ့ မျက်လုံးတွေက ရုတ်တရက် အလွန်အမင်း သေချာသွားသလိုမျိုး ဖြစ်သွားသည်။
နောက်တစ်စက္ကန့်မှာတော့...
“ဝုန်း...”
ယဲ့ချိုးဟုန်ရဲ့ ဒူးတွေ ခွေကျသွားပြီး လျူယွမ်ရှိရာဘက်ကို ပြတ်ပြတ်သားသား ဒူးထောက်ကာ ရိုရိုသေသေ ဦးချလိုက်တော့သည်။
“စီနီယာ... ကျွန်မ ယဲ့ချိုးဟုန်၊ စီနီယာ့ကို ဦးချပါတယ်၊ ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး”
“ကျွန်မရဲ့ ပါရမီက အဲဒီ အပျင်းထူတဲ့ လျူယွမ်ထက် လုံးဝမနိမ့်ပါဘူး၊ ကျွန်မကို အခွင့်အရေးလေး တစ်ကြိမ်လောက် ပေးပါဦး”
အော်... မင်းက ချက်ချင်းပဲ အရှုံးပေးလိုက်တာလား။
ဒါက ဘယ်လိုတောင် ဆန်းကြယ်လိုက်တဲ့ အကွက်လဲ။
ငါ့ရဲ့ ဝိညာဥ်အဘိုးအိုကို ခိုးချင်လို့လား။
လျူယွမ် လန့်သွားမိသည်၊ ကံကောင်းတာက သူ့ထဲမှာ တကယ်ပဲ ဘာဝိညာဥ်အဘိုးအိုမှ ရှိမနေလို့ ဖြစ်သည်။
မဟုတ်ရင် ဒီလူ့ရဲ့ ညဏ်နီညဏ်နက်နဲ့ဆို တကယ်ပဲ လှည့်စားပြီး ခေါ်သွားခံရနိုင်လေသည်။
သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး၊ သရဲပူးနေတဲ့ ပုံစံမျိုး ဖမ်းကာ ခန္ဓာကိုယ်ကို နောက်မှီလိုက်ရင်း ကြမ်းတမ်းပြီး အက်ကွဲကွဲ အသံကြီးနဲ့ ပြောလိုက်တယ် -
“ဟမ်း... မင်းရဲ့ ရိုးသားမှုကို ကြည့်ပြီး၊ မင်းရဲ့ ဘဏ်ကတ် လျှို့ဝှက်နံပါတ်ကို ပြောပြရင် အလဲအလှယ်အနေနဲ့ ကောင်းကင်အဆင့် သိုင်းကျင့်စဉ်တစ်ခု ပေးမယ်”
“၃၉၇၆၅၄။” ယဲ့ချိုးဟုန်က တုံ့ဆိုင်းမရှိ ချက်ချင်းအော်ပြောလိုက်ပြီး - “ကျေးဇူးပြုပြီး စီနီယာ... ချီးမြှင့်ပေးပါဦး”
လျူယွမ် : “...”
အမလေး... မင်းက တကယ်ကြီး ပြောရဲတာပဲ။
“သိုင်းကျင့်စဉ်ကကော” ယဲ့ချိုးဟုန်က မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်သည်။
“အာ... ဟိုဟာလေ...” လျူယွမ်က ဘာကောင်းကင်အဆင့် သိုင်းကျင့်စဉ်မှ မသိပေ။ အဲဒါတွေက ကောင်းကင်နဂါးမျိုးနွယ်တွေပဲ ကျင့်ကြံနိုင်တဲ့ အရာတွေ မဟုတ်လား။
ဒီအချိန်မှာပဲ ယဲ့ချိုးဟုန်က ထရပ်လိုက်ပြီး သူမရဲ့ ဒူးက ဖုန်တွေကို ခါကာ မျက်နှာထက်မှာ ပေါ့ပျက်ပျက် အပြုံးကြီး ပြန်ပေါ်လာရင်း -
“မင်း ငါ့ကို ကောင်းကင်အဆင့် သိုင်းကျင့်စဉ်တစ်ခု ကြွေးတင်သွားပြီနော်”
လျူယွမ်က မျက်ခွံလှန်ပြလိုက်ပြီး - “ကောင်းကင်အဆင့် သိုင်းကျင့်စဉ်လေး တစ်ခုတင်ဟာ၊ ဘာအဆန်းမို့လို့လဲ”
သူ့မိန်းမဆီမှာ ပုံနေအောင် ရှိလောက်ပေမဲ့ သူက တကူးတက မတောင်းချင်ရုံသာ ဖြစ်သည်။
“ငါက အဲ့တာကို ကျင့်တောင် မကျင့်ချင်ဘူး”
“အမလေးလေး... လေကြီးလိုက်တာ၊ ကောင်းကင်ပေါ်တောင် ပျံတက်တော့မယ်” ယဲ့ချိုးဟုန်က လျူယွမ်ကို ဘာချီတာအကွက်တွေ သုံးထားလဲဆိုတာ ဆက်ပြီး အကျပ်မကိုင်တော့ပေ။
လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတာပဲလေ။
သူမက မူလကတော့ လျူယွမ်နဲ့ ဝိညာဥ်အဘိုးကြီးချင်း လဲချင်ခဲ့တာ ဖြစ်ပေမဲ့၊ အခုကြည့်ရတာ တစ်ဖက်လူမှာ ဘာမှရှိမနေပုံရသည်။
သူမက ဌာနခွဲမှူးတစ်ဦးအနေနဲ့ သူမရဲ့ မာနတွေကို ပြန်ဆယ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမက အလယ်အလတ်အဆင့် သိုင်းသူရဲကောင်းတစ်ဦးဖြစ်ပြီး ကိုးဆင့်စနစ်နဲ့ တွက်ရင် သိုင်းပညာရဲ့ အဆင့် ၅မှာ ရှိနေတာ ဖြစ်သည်။
လျူယွမ်က သူမထက် အဆင့်နှစ်ဆင့်တောင် နိမ့်နေသေးတာပဲ။
သူမကိုယ်တိုင်ကသာ ရွေးချယ်ခံ ပါရမီရှင် ဖြစ်သည်။
စောစောက အံ့ဩပြတာတွေက ဟန်ဆောင်ပြီး အဲဒီကောင်လေးကို လှည့်စားဖို့ ကြိုးစားတာပင် ဖြစ်သည်။ အကယ်၍ သူသာ စိတ်ကြီးဝင်သွားရင် လျှို့ဝှက်ချက်ကို မတောါတဆ အော်ပြောမိသွားနိုင်တာပဲလေ။
ဒါပေမဲ့ လျူယွမ်က ဘာမာနမှ ရှိမနေခဲ့ပေ။
မဟုတ်ဘူး... အမှန်အတိုင်း ပြောရရင် သူက အဆင့်တက်တာကို လုံးဝကို စိတ်မဝင်စားတဲ့ ပုံစံမျိုး ဖြစ်နေတာပင်။
ဒါက ဘာကို ဆိုလိုသလဲဆိုတော့ သူ့ရဲ့ အဆင့်ကျော်ဖြတ်တဲ့ နည်းလမ်းက အလွန်အမင်း လွယ်ကူနေလို့ပဲ ဖြစ်ရပေမည်။
အရာဝတ္ထုတစ်ခုက ရရှိဖို့ လွယ်ကူလေလေ၊ တန်ဖိုးထားမှုနဲ့ မြတ်နိုးမှု နည်းပါးလေလေပဲ မဟုတ်ပါလား။
“စီနီယာ... သူကျင့်နေတဲ့ သိုင်းကျင့်စဉ်က ဘာကျင့်စဉ်လဲဆိုတာ သိနိုင်မလား” ယဲ့ချိုးဟုန်က သူမရဲ့ စိတ်အာရုံထဲက ဝိညာဉ်အကြွင်းအကျန်ကို မေးလိုက်သည်။
လေထဲမှာ လွင့်နေတဲ့ ဖယောင်းတိုင်မီးလို တုန်ရီနေတဲ့ ဝိညာဉ်အကြွင်းအကျန်ကတော့ [ဗြဟ္မာ] ပြည်က ဝတ်စုံဖြူဝတ် အဘိုးကြီးတစ်ဦး ဖြစ်သည်။
“ငါလည်း မသိဘူး” အဘိုးကြီးရဲ့ ဝိညာဉ်အကြွင်းအကျန်တောင် အမှန်တရားကို မခွဲခြားနိုင်ခဲ့ပေ။
“ဒီကောင်လေးက ဘာအဆင့်မြင့် ကျင့်စဉ်ကိုမှ ကျင့်ထားတဲ့ပုံမပေါ်ဘူး၊ ဒါက တကယ် ထူးဆန်းတယ်။ ဒါပေမဲ့ သူ ဘယ်လို ကံကောင်းခြင်းမျိုးနဲ့ပဲ တွေ့တွေ့ မင်းနဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ မင်းကျင့်နေတာက ငါ့ရဲ့ [မဟာဗြဟ္မာ] ကောင်းကင်အဆင့် ကျင့်စဉ်ပဲ၊ ဒါက လောကတစ်ခုလုံးကို လွှမ်းမိုးဖို့ လုံလောက်တယ်”
“ငါ့ဝိညာဉ် အနည်းငယ် ပြန်ကောင်းလာတာနဲ့ မင်းကို ပိုပြီး အစွမ်းထက်တဲ့ ကျင့်စဉ်တွေ သင်ပေးဦးမှာ၊ မင်းကို သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်လာအောင်၊ ဒါမှမဟုတ် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး အထက်ဘုံကို တက်လှမ်းနိုင်အောင် ကူညီပေးမယ်”
ယဲ့ချိုးဟုန်က လေထဲမှာ ဝဲပျံပြီး ထွက်ခွာသွားခဲ့သည်။
သူမကိုယ်တိုင်လည်း လျှို့ဝှက်ချက်ကြီးကို ဖုံးကွယ်ထားတာမို့ လျူယွမ်ကို အများကြီး ဆက်မမေးရဲတာ သဘာဝပင်။
“လာ... ကျွန်တော်နဲ့အတူ သိုင်းကျင့်စဉ် သွားရွေးရအောင်” လျူယွမ်က တစ်ဖက်လူရဲ့ ပုခုံးကို ပုတ်လိုက်သည်။
“မင်းပဲ စိတ်မဝင်စားဘူး ဆို”
“သိုင်းကျင့်စဉ်က အရေးမကြီးပါဘူး” လျူယွမ်က တည်ငြိမ်စွာနဲ့ - “ကျွန်တော်က အလကားရတဲ့ ခံစားချက်ကိုပဲ အဓိက သဘောကျတာ”
ယဲ့ချိုးဟုန် : “...”
လျူယွမ်က သိုင်းပညာဂူဗိမာန်ရဲ့ ဝဘ်ဆိုက်ပေါ်မှာ နာမည်ကိုတောင် သေချာမကြည့်ဘဲ လျှို့ဝှက်အဆင့်သိုင်းကျင့်စဉ်တစ်ခုကို ကျပန်း ရွေးချယ်လိုက်သည်။
အလကားရတာကို ယူရတဲ့ အရသာက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။
သိုင်းကျင့်စဉ်ကတော့ ကျောက်စိမ်းပြား ပုံစံနဲ့ အိမ်အရောက် ပါဆယ်စနစ်နဲ့ ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။
ရေနွေးကြမ်းသောက်လိုက်၊ တစ်ရေးအိပ်လိုက်၊ ငိုက်မြည်းလိုက်နဲ့...
လျူယွမ်မှာ သွေးမိစ္ဆာဧကရာဇ်ရဲ့ တဟားဟား ရယ်မောသံကို အိပ်မက်မက်ခဲ့ပြန်သည်။
သူ့စိတ်ထဲ တစ်ချက် မကျေမနပ် ဖြစ်သွားပြီး၊ ချက်ချင်းပဲ လင်အန်းမြို့ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ‘လျူဟွာချန်' နဲ့ ပတ်သက်တဲ့ အချက်အလက်မျိုးစုံကို အလေးအနက် စုံစမ်းစစ်ဆေးတော့သည်။ သူ့ရဲ့ ဘိုးဘွားဘီဘင် ၁၈ ဆက်အထိပါ မကျန် တူးဆွပြီး စစ်ဆေးလိုက်တာ ဖြစ်သည်။
ဒီစုံစမ်းစစ်ဆေးမှုကနေ ကြီးမားတဲ့ ပြဿနာတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။
ဒီလူက မဟာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ ဘွဲ့ထူးကို ပိုင်ဆိုင်ထားပေမဲ့၊ သူ့ရဲ့ ကုမ္ပဏီက တကယ်တော့ အကြွေးတွေ နစ်မွန်းနေပြီး ကြွေးမြီပမာဏက အနည်းဆုံး ထရီလီယံချီ ရှိနေတာ ဖြစ်သည်။
အိမ်ခြံမြေ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံတာအပြင် သူရှာဖွေရရှိတဲ့ ပိုက်ဆံအများစုက သိုင်းပညာ လေ့ကျင့်ရေးထဲကို ပုံအော စီးဆင်းသွားတာ ဖြစ်သည်။
ဒါက သူတစ်ယောက်တည်းတင် မဟုတ်ဘဲ လျူမိသားစုတစ်ခုလုံး ဖြစ်နေခဲ့သည်။
ပိုပြီး သံသယဖြစ်စရာ ကောင်းတာက သူက ဒီနှစ်တွေတစ်လျှောက် မိသားစုပိုင်ဆိုင်မှုတွေကို လမ်းကြောင်းမျိုးစုံကနေတစ်ဆင့် အထက်ဘုံဆီကို တိတ်တဆိတ် လွှဲပြောင်းနေခဲ့တာ ဖြစ်သည်။
ဒါက သူတို့တွေ အချိန်မရွေး အသီးအပွင့်တွေကို ရိတ်သိမ်းဖို့ ပြင်ဆင်ထားတာ ထင်ရှားနေသည်။
“သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲ”
လျူယွမ်က လက်ထဲက ဘောပင်ကို လှည့်ကစားရင်းနဲ့ ချက်ချင်းပဲ အဖြေတစ်ခု ထွက်လာခဲ့သည် -
“သူ့ဆီကို ချေးပေးနေတဲ့ ဘဏ်ချေးငွေတွေကို လျှော့ချလိုက်ရင် လျူမိသားစုရဲ့ ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားပြီး ကြွေးမြီအကျပ်အတည်း ဖြစ်လာလိမ့်မယ်... ဒါက သွေးမိစ္ဆာဧကရာဇ်ကို တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
လျူယွမ်က အစီရင်ခံစာကို အမြန်ဆုံး ရေးဆွဲပြီး ညွှန်ကြားရေးမှူး မုပိုင်ထံ အဖွဲ့တွင်း အီးမေးလ်ကနေတစ်ဆင့် ပေးပို့လိုက်သည်။
အီးမေးလ်ကို လက်ခံရရှိပြီး အစီရင်ခံစာထဲက မဟာဗျူဟာကို ကြည့်လိုက်တဲ့အခါ မုပိုင်တစ်ယောက် ကျောရိုးထဲအထိ စိမ့်ခနဲ အေးစက်သွားသလို ခံစားလိုက်ရသည်။
ရက်စက်လိုက်တာ။
လျူယွမ်နဲ့ လျူဟွာချန်တို့ကြားမှာ ဘာအငြိုးအတေးတွေ ရှိနေလို့များလဲ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက 'လျူ' မျိုးရိုးတွေပဲ ဥစ္စာ။
ဒါပေမဲ့ ဒါက စမ်းကြည့်ဖို့ ထိုက်တန်လှပေသည်။
လျူဟွာချန်ဟာ သွေးမိစ္ဆာဧကရာဇ် မဟုတ်ရင်တောင်၊ သူက နိုင်ငံတော်ရဲ့ ကပ်ပါးကောင်တစ်ကောင်ပဲ မဟုတ်လား။
သူက လျူယွမ်ကို ပြန်စာမပို့ခဲ့ပေမဲ့ ဗဟိုဘဏ်နဲ့ ဆက်သွယ်ဖို့ ချက်ချင်းပဲ စတင်စီစဉ်နေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်….
လင်အန်းမြို့ရှိ လျူမိသားစု အိမ်တော်ကြီးတွင် ထွန်းလင်းတောက်ပနေပြီး ကြီးကျယ်ခမ်းနားတဲ့ မိသားစု ညစာစားပွဲကြီးတစ်ခုကို ကျင်းပနေခဲ့သည်။
မိသားစုအကြီးအကဲ လျူဟွာချန်မှာ စိတ်ဓာတ်တွေ တက်ကြွနေခဲ့သည်။ သူက စင်အောက်က ဒါဇင်နဲ့ချီတဲ့ မိသားစုဝင် တိုက်ရိုက်မျိုးဆက်တွေကို ကြည့်ပြီး သူတို့ရဲ့ ကျင့်ကြံမှုတွေကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသပေးနေသည်။
“အဘိုး... မြေးက ‘စိတ်ဆန္ဒ ကောင်းကင်အူတိုင် ကျင့်စဉ်' ကို တတိယအဆင့်အထိ ကျင့်ကြံပြီးပါပြီ။” လျူမိသားစုက လူငယ်တစ်ယောက်က ပြောလိုက်သည်။
“ဘိုးဘေးကြီး... သမီးရဲ့ ကျင့်ကြံမှုအဆင့်က ဆဋ္ဌမအဆင့်မှာ ရှိနေပေမဲ့၊ မကြာသေးခင်က ခန္ဓာကိုယ်ထဲမှာ မအီမသာ ဖြစ်နေပါတယ်။ ရံဖန်ရံခါ မိစ္ဆာသံတွေကို ကြားရပြီး ဗိုက်ထဲက ပူလောင်နေသလိုပဲ” မိန်းကလေးငယ်တစ်ယောက်က ကြောက်ကြောက်လန့်လန့်နဲ့ မေးလိုက်တယ် - “တစ်ခုခု လွဲချော်သွားတာလားဟင်”
“ယွီရှင်း... အဲဒီ မိစ္ဆာသံတွေကို မကြောက်နဲ့” လျူဟွာချန်က အကြံပြုလိုက်သည် - “အဲဒါတွေက မင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းလို့ ဖြစ်ပေါ်လာတဲ့ ထင်ယောင်ထင်မှားတွေပဲ။ သိုင်းကျင့်စဉ်ရဲ့ အဆင့်မြင့်လေလေ၊ လူတစ်ယောက်ရဲ့ စိတ်ဓာတ်အပေါ် စမ်းသပ်မှုက ပိုပြင်းထန်လေလေပဲ”
“မင်းသာ ကျင့်ကြံခြင်းမှာ စိတ်နှစ်ထားရင်၊ သာမန်လူသားစိတ်ကနေ ကောင်းကင်စိတ်အူတိုင်အဖြစ် အသွင်ပြောင်းလဲနိုင်မှာ သေချာတယ်”
သူ့မြေးမလေးရဲ့ မျက်လုံးထဲက ပြတ်သားမှုကို မြင်တော့ လျူဟွာချန်က ကြင်နာစွာ ပြုံးလိုက်သည်။
‘စိတ်ဆန္ဒ ကောင်းကင်အူတိုင် ကျင့်စဉ်' ဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်က လျူမိသားစု မျိုးဆက်တွေဆီ သူလွှဲပြောင်းပေးခဲ့တဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီး၊ မိသားစုဝင်တိုင်း ဒါကို ကျင့်ကြံနေကြတာ ဖြစ်သည်။
ဒါပေမဲ့ သူတို့ မသိတာက ဒီကျင့်စဉ်က တကယ်တော့ [မဟာလွတ်လပ်ခြင်း ကောင်းကင်မိစ္ဆာကျမ်း] ရဲ့ အမြန်လေ့ကျင့်တဲ့ ဗားရှင်းတစ်ခု ဖြစ်နေတာကိုပင်။
သွေးမိစ္ဆာဧကရာဇ်က လျူမိသားစုရဲ့ မျိုးဆက်အားလုံးကို ကျင့်ကြံခြင်းဆိုင်ရာ သွေးလှောင်ကန်အဖြစ် အသုံးပြုဖို့ စီစဉ်ထားတာ ဖြစ်သည်။ သူတို့တွေ ကောင်းကင်စိတ်အူတိုင် ကျင့်စဉ်ကို ကျွမ်းကျင်သွားတာနဲ့၊ သူက သူတို့ရဲ့ ကျင့်ကြံမှု အားလုံးကို လုယူပြီး သူ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ အသုံးချမှာပင် ဖြစ်သည်။
သုံးနှစ်တာက ကုန်လွန်ခဲ့ပြီ ဖြစ်လို့ အသီးအပွင့်တွေကို ရိတ်သိမ်းဖို့ အချိန်က နီးကပ်လာခဲ့လေပြီ။
သူ အောင်ပွဲခံဖို့ စိတ်ကူးယဉ်နေတုန်းမှာပဲ...
“ဟတ်ချိုး...”
လျူဟွာချန်မှာ ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါသွားပြီး၊ ဆန်းကြယ်တဲ့ အအေးဓာတ်တစ်ခုက သူ့ရဲ့ ကျောရိုးကနေတစ်ဆင့် ဦးခေါင်းထိပ်အထိ စိမ့်တက်သွားခဲ့သည်။
သူက ချက်ချင်းပဲ သူ့ရဲ့ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ရာ၊ မျက်နှာက ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
“ဘယ်သူက ငါ့ကို လုပ်ကြံဖို့ ကြံစည်နေတာလဲ”
“လွန်ခဲ့တဲ့ သုံးနှစ်က [အဆုံးမဲ့ ကောင်းကင်ဘုံ] က အဲဒီ နတ်ဘုရားများလား”
“ဒါပေမဲ့ သူမက ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ တိုက်ကွက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားတာပဲ၊ ဒဏ်ရာတွေ မသက်သာသေးဘူး၊ သူမမှာ ဒီလို အကွက်ချနိုင်တဲ့ ဦးနှောက်မျိုး ရှိမှာမဟုတ်ဘူး”
“ဒါဆို ဒီလောကရဲ့ ထောက်တိုင်ကြီးဖြစ်တဲ့ အဲဒီ နတ်ဘုရားအိုကြီးများလား”
“ဒါပေမဲ့ နတ်ဘုရားအိုကြီးရဲ့ အကြံအစည်က လက်တစ်ချောင်းတောင် မလှုပ်ရဘဲ အကျိုးအမြတ် ရယူတာမျိုးပဲ၊ အဲဒါက ပေါ်တင်ကြံစည်တဲ့ လှည့်ကွက်မျိုးပဲ”
“ဒါပေမဲ့ ငါ အခုပဲ တွက်ချက်မိတာက ကောက်ကျစ်ပြီး ရက်စက်လှတဲ့ အစီအမံကြီးတစ်ခုကွ”
သူ့လို ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာတစ်ကောင်တောင် ကြောက်ရွံ့မှုကို ခံစားလိုက်ရတာမို့ တစ်ဖက်လူရဲ့ အကြံအစည်က ဘယ်လောက်တောင် ကောက်ကျစ် ရက်စက်မလဲဆိုတာ ထင်ရှားနေလေတော့သည်။