← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အပိုင်း (၁၂)

“မင်း ဘာချီတာအကွက်တွေ သုံးလိုက်တာလဲ”

​ “အမှန်အတိုင်း ဖွင့်ပြောစမ်း”

​ ယဲ့ချိုးဟုန်က လျူယွမ်ကို ရုံးခန်းကုလားထိုင်ပေါ် တွန်းချလိုက်ပြီး၊ မနာလိုဝန်တိုမှုတွေကြောင့် ခန့်ညားတဲ့ မျက်နှာမှာလည်း ရှုံ့မဲ့နေလျက် အထက်စီးဆန်တဲ့ အကြည့်နဲ့ ငုံ့ကြည့်နေလေသည်။

​ သူမက နာမည်အရ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး လျူယွမ်ကတော့ နဝမဌာနခွဲရဲ့ ဌာနခွဲမှူး ဖြစ်တာမို့ သူတို့နှစ်ယောက်က အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးမျိုး ဖြစ်သည်။

​ ဒါပေမဲ့ အခုတော့ သူမရဲ့ လက်အောက်ငယ်သားက တကယ့်ကို အဆင့်တွေ ဆင့်ကဲကျော်ဖြတ်ပြီး ဇောက်ထိုးမိုးမျှော်တွေ တက်လှမ်းသွားခဲ့ပြီလေ။

​ ဒီလောက် မြန်ဆန်တဲ့ အဆင့်တက်နှုန်းမျိုးက ချီတာအကွက်သုံးတဲ့လူပဲ ဖြစ်နိုင်တာပေါ့။

​ “ကျွန်တော် တကယ် ဘာချီတာမှ မဟုတ်ပါဘူးဗျာ” လျူယွမ်က ကြိုတင်ပြင်ဆင်ထားတဲ့ ဆင်ခြေနဲ့ အပြစ်ကင်းစင်ဟန် ဆောင်လိုက်ရင်း - “ကျွန်တော်က ကျင့်စဉ်အဆင့်ကို တမင်ဖိနှိပ်ထားတာပါ၊ ဒါပေမဲ့ မကြာသေးခင်က မိန်းမချက်ကျွေးတာတွေက ကောင်းလွန်းလို့ အာဟာရတွေ ပြည့်ဝပြီး ရှေ့ဆက်မအောင့်ထားနိုင်တော့ဘဲ... လျှံထွက်သွားတာပါ”

​ “ဟဲဟဲ... ငါ့ကို အရူးအောက်မေ့နေတာလား” ယဲ့ချိုးဟုန်က မျက်စောင်းထိုးကြည့်လိုက်ပြီး - “ဝတ္ထုထဲက ဇာတ်ကွက်တွေနဲ့ ငါ့ကိုလာလိမ်မလို့လား။ ဘယ်လူကောင်းကများ ကိုယ့်ကျင့်စဉ်အဆင့်ကို တမင်ဖိနှိပ်ထားမှာလဲ”

​ သူမက လျူယွမ်ကို သူမရဲ့ မျက်လုံးတွေနဲ့ပဲ အဆုံးထိ ဖောက်ထွင်းမြင်နိုင်မတတ် စိုက်ကြည့်နေခဲ့သည်။

​ “မင်းခန္ဓာကိုယ်ထဲမှာ ဝိညာဥ်အဘိုးကြီးတစ်ယောက်ယောက် ပူးကပ်နေတာလား...” ယဲ့ချိုးဟုန်ရဲ့ မျက်လုံးတွေက ရုတ်တရက် အလွန်အမင်း သေချာသွားသလိုမျိုး ဖြစ်သွားသည်။

​ နောက်တစ်စက္ကန့်မှာတော့...

​ “ဝုန်း...”

​ ယဲ့ချိုးဟုန်ရဲ့ ဒူးတွေ ခွေကျသွားပြီး လျူယွမ်ရှိရာဘက်ကို ပြတ်ပြတ်သားသား ဒူးထောက်ကာ ရိုရိုသေသေ ဦးချလိုက်တော့သည်။

​ “စီနီယာ... ကျွန်မ ယဲ့ချိုးဟုန်၊ စီနီယာ့ကို ဦးချပါတယ်၊ ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး”

​ “ကျွန်မရဲ့ ပါရမီက အဲဒီ အပျင်းထူတဲ့ လျူယွမ်ထက် လုံးဝမနိမ့်ပါဘူး၊ ကျွန်မကို အခွင့်အရေးလေး တစ်ကြိမ်လောက် ပေးပါဦး”

​ အော်... မင်းက ချက်ချင်းပဲ အရှုံးပေးလိုက်တာလား။

​ ဒါက ဘယ်လိုတောင် ဆန်းကြယ်လိုက်တဲ့ အကွက်လဲ။

​ ငါ့ရဲ့ ဝိညာဥ်အဘိုးအိုကို ခိုးချင်လို့လား။

​ လျူယွမ် လန့်သွားမိသည်၊ ကံကောင်းတာက သူ့ထဲမှာ တကယ်ပဲ ဘာဝိညာဥ်အဘိုးအိုမှ ရှိမနေလို့ ဖြစ်သည်။

​ မဟုတ်ရင် ဒီလူ့ရဲ့ ညဏ်နီညဏ်နက်နဲ့ဆို တကယ်ပဲ လှည့်စားပြီး ခေါ်သွားခံရနိုင်လေသည်။

​ သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး၊ သရဲပူးနေတဲ့ ပုံစံမျိုး ဖမ်းကာ ခန္ဓာကိုယ်ကို နောက်မှီလိုက်ရင်း ကြမ်းတမ်းပြီး အက်ကွဲကွဲ အသံကြီးနဲ့ ပြောလိုက်တယ် -

​“ဟမ်း... မင်းရဲ့ ရိုးသားမှုကို ကြည့်ပြီး၊ မင်းရဲ့ ဘဏ်ကတ် လျှို့ဝှက်နံပါတ်ကို ပြောပြရင် အလဲအလှယ်အနေနဲ့ ကောင်းကင်အဆင့် သိုင်းကျင့်စဉ်တစ်ခု ပေးမယ်”

​ “၃၉၇၆၅၄။” ယဲ့ချိုးဟုန်က တုံ့ဆိုင်းမရှိ ချက်ချင်းအော်ပြောလိုက်ပြီး - “ကျေးဇူးပြုပြီး စီနီယာ... ချီးမြှင့်ပေးပါဦး”

​ လျူယွမ် : “...”

​ အမလေး... မင်းက တကယ်ကြီး ပြောရဲတာပဲ။

​ “သိုင်းကျင့်စဉ်ကကော” ယဲ့ချိုးဟုန်က မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်သည်။

​ “အာ... ဟိုဟာလေ...” လျူယွမ်က ဘာကောင်းကင်အဆင့် သိုင်းကျင့်စဉ်မှ မသိပေ။ အဲဒါတွေက ကောင်းကင်နဂါးမျိုးနွယ်တွေပဲ ကျင့်ကြံနိုင်တဲ့ အရာတွေ မဟုတ်လား။

​ ဒီအချိန်မှာပဲ ယဲ့ချိုးဟုန်က ထရပ်လိုက်ပြီး သူမရဲ့ ဒူးက ဖုန်တွေကို ခါကာ မျက်နှာထက်မှာ ပေါ့ပျက်ပျက် အပြုံးကြီး ပြန်ပေါ်လာရင်း -

“မင်း ငါ့ကို ကောင်းကင်အဆင့် သိုင်းကျင့်စဉ်တစ်ခု ကြွေးတင်သွားပြီနော်”

​ လျူယွမ်က မျက်ခွံလှန်ပြလိုက်ပြီး - “ကောင်းကင်အဆင့် သိုင်းကျင့်စဉ်လေး တစ်ခုတင်ဟာ၊ ဘာအဆန်းမို့လို့လဲ”

​ သူ့မိန်းမဆီမှာ ပုံနေအောင် ရှိလောက်ပေမဲ့ သူက တကူးတက မတောင်းချင်ရုံသာ ဖြစ်သည်။

​ “ငါက အဲ့တာကို ကျင့်တောင် မကျင့်ချင်ဘူး”

​ “အမလေးလေး... လေကြီးလိုက်တာ၊ ကောင်းကင်ပေါ်တောင် ပျံတက်တော့မယ်” ယဲ့ချိုးဟုန်က လျူယွမ်ကို ဘာချီတာအကွက်တွေ သုံးထားလဲဆိုတာ ဆက်ပြီး အကျပ်မကိုင်တော့ပေ။

​ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတာပဲလေ။

​ သူမက မူလကတော့ လျူယွမ်နဲ့ ဝိညာဥ်အဘိုးကြီးချင်း လဲချင်ခဲ့တာ ဖြစ်ပေမဲ့၊ အခုကြည့်ရတာ တစ်ဖက်လူမှာ ဘာမှရှိမနေပုံရသည်။

​ သူမက ဌာနခွဲမှူးတစ်ဦးအနေနဲ့ သူမရဲ့ မာနတွေကို ပြန်ဆယ်လိုက်သည်။

​ ဘာပဲဖြစ်ဖြစ် သူမက အလယ်အလတ်အဆင့် သိုင်းသူရဲကောင်းတစ်ဦးဖြစ်ပြီး ကိုးဆင့်စနစ်နဲ့ တွက်ရင် သိုင်းပညာရဲ့ အဆင့် ၅မှာ ရှိနေတာ ဖြစ်သည်။

​ လျူယွမ်က သူမထက် အဆင့်နှစ်ဆင့်တောင် နိမ့်နေသေးတာပဲ။

​ သူမကိုယ်တိုင်ကသာ ရွေးချယ်ခံ ပါရမီရှင် ဖြစ်သည်။

​ စောစောက အံ့ဩပြတာတွေက ဟန်ဆောင်ပြီး အဲဒီကောင်လေးကို လှည့်စားဖို့ ကြိုးစားတာပင် ဖြစ်သည်။ အကယ်၍ သူသာ စိတ်ကြီးဝင်သွားရင် လျှို့ဝှက်ချက်ကို မတောါတဆ အော်ပြောမိသွားနိုင်တာပဲလေ။

​ ဒါပေမဲ့ လျူယွမ်က ဘာမာနမှ ရှိမနေခဲ့ပေ။

​ မဟုတ်ဘူး... အမှန်အတိုင်း ပြောရရင် သူက အဆင့်တက်တာကို လုံးဝကို စိတ်မဝင်စားတဲ့ ပုံစံမျိုး ဖြစ်နေတာပင်။

​ ဒါက ဘာကို ဆိုလိုသလဲဆိုတော့ သူ့ရဲ့ အဆင့်ကျော်ဖြတ်တဲ့ နည်းလမ်းက အလွန်အမင်း လွယ်ကူနေလို့ပဲ ဖြစ်ရပေမည်။

​ အရာဝတ္ထုတစ်ခုက ရရှိဖို့ လွယ်ကူလေလေ၊ တန်ဖိုးထားမှုနဲ့ မြတ်နိုးမှု နည်းပါးလေလေပဲ မဟုတ်ပါလား။

​ “စီနီယာ... သူကျင့်နေတဲ့ သိုင်းကျင့်စဉ်က ဘာကျင့်စဉ်လဲဆိုတာ သိနိုင်မလား” ယဲ့ချိုးဟုန်က သူမရဲ့ စိတ်အာရုံထဲက ဝိညာဉ်အကြွင်းအကျန်ကို မေးလိုက်သည်။

​ လေထဲမှာ လွင့်နေတဲ့ ဖယောင်းတိုင်မီးလို တုန်ရီနေတဲ့ ဝိညာဉ်အကြွင်းအကျန်ကတော့ [ဗြဟ္မာ] ပြည်က ဝတ်စုံဖြူဝတ် အဘိုးကြီးတစ်ဦး ဖြစ်သည်။

​ “ငါလည်း မသိဘူး” အဘိုးကြီးရဲ့ ဝိညာဉ်အကြွင်းအကျန်တောင် အမှန်တရားကို မခွဲခြားနိုင်ခဲ့ပေ။

​ “ဒီကောင်လေးက ဘာအဆင့်မြင့် ကျင့်စဉ်ကိုမှ ကျင့်ထားတဲ့ပုံမပေါ်ဘူး၊ ဒါက တကယ် ထူးဆန်းတယ်။ ဒါပေမဲ့ သူ ဘယ်လို ကံကောင်းခြင်းမျိုးနဲ့ပဲ တွေ့တွေ့ မင်းနဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ မင်းကျင့်နေတာက ငါ့ရဲ့ [မဟာဗြဟ္မာ] ကောင်းကင်အဆင့် ကျင့်စဉ်ပဲ၊ ဒါက လောကတစ်ခုလုံးကို လွှမ်းမိုးဖို့ လုံလောက်တယ်”

​ “ငါ့ဝိညာဉ် အနည်းငယ် ပြန်ကောင်းလာတာနဲ့ မင်းကို ပိုပြီး အစွမ်းထက်တဲ့ ကျင့်စဉ်တွေ သင်ပေးဦးမှာ၊ မင်းကို သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်လာအောင်၊ ဒါမှမဟုတ် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး အထက်ဘုံကို တက်လှမ်းနိုင်အောင် ကူညီပေးမယ်”

​ ယဲ့ချိုးဟုန်က လေထဲမှာ ဝဲပျံပြီး ထွက်ခွာသွားခဲ့သည်။

​ သူမကိုယ်တိုင်လည်း လျှို့ဝှက်ချက်ကြီးကို ဖုံးကွယ်ထားတာမို့ လျူယွမ်ကို အများကြီး ဆက်မမေးရဲတာ သဘာဝပင်။

​ “လာ... ကျွန်တော်နဲ့အတူ သိုင်းကျင့်စဉ် သွားရွေးရအောင်” လျူယွမ်က တစ်ဖက်လူရဲ့ ပုခုံးကို ပုတ်လိုက်သည်။

​ “မင်းပဲ စိတ်မဝင်စားဘူး ဆို”

​ “သိုင်းကျင့်စဉ်က အရေးမကြီးပါဘူး” လျူယွမ်က တည်ငြိမ်စွာနဲ့ - “ကျွန်တော်က အလကားရတဲ့ ခံစားချက်ကိုပဲ အဓိက သဘောကျတာ”

​ ယဲ့ချိုးဟုန် : “...”

​ လျူယွမ်က သိုင်းပညာဂူဗိမာန်ရဲ့ ဝဘ်ဆိုက်ပေါ်မှာ နာမည်ကိုတောင် သေချာမကြည့်ဘဲ လျှို့ဝှက်အဆင့်သိုင်းကျင့်စဉ်တစ်ခုကို ကျပန်း ရွေးချယ်လိုက်သည်။

​ အလကားရတာကို ယူရတဲ့ အရသာက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။

​ သိုင်းကျင့်စဉ်ကတော့ ကျောက်စိမ်းပြား ပုံစံနဲ့ အိမ်အရောက် ပါဆယ်စနစ်နဲ့ ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။

​

​ ရေနွေးကြမ်းသောက်လိုက်၊ တစ်ရေးအိပ်လိုက်၊ ငိုက်မြည်းလိုက်နဲ့...

​ လျူယွမ်မှာ သွေးမိစ္ဆာဧကရာဇ်ရဲ့ တဟားဟား ရယ်မောသံကို အိပ်မက်မက်ခဲ့ပြန်သည်။

​ သူ့စိတ်ထဲ တစ်ချက် မကျေမနပ် ဖြစ်သွားပြီး၊ ချက်ချင်းပဲ လင်အန်းမြို့ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ‘လျူဟွာချန်' နဲ့ ပတ်သက်တဲ့ အချက်အလက်မျိုးစုံကို အလေးအနက် စုံစမ်းစစ်ဆေးတော့သည်။ သူ့ရဲ့ ဘိုးဘွားဘီဘင် ၁၈ ဆက်အထိပါ မကျန် တူးဆွပြီး စစ်ဆေးလိုက်တာ ဖြစ်သည်။

​ ဒီစုံစမ်းစစ်ဆေးမှုကနေ ကြီးမားတဲ့ ပြဿနာတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။

​ ဒီလူက မဟာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ ဘွဲ့ထူးကို ပိုင်ဆိုင်ထားပေမဲ့၊ သူ့ရဲ့ ကုမ္ပဏီက တကယ်တော့ အကြွေးတွေ နစ်မွန်းနေပြီး ကြွေးမြီပမာဏက အနည်းဆုံး ထရီလီယံချီ ရှိနေတာ ဖြစ်သည်။

​ အိမ်ခြံမြေ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံတာအပြင် သူရှာဖွေရရှိတဲ့ ပိုက်ဆံအများစုက သိုင်းပညာ လေ့ကျင့်ရေးထဲကို ပုံအော စီးဆင်းသွားတာ ဖြစ်သည်။

​ ဒါက သူတစ်ယောက်တည်းတင် မဟုတ်ဘဲ လျူမိသားစုတစ်ခုလုံး ဖြစ်နေခဲ့သည်။

​ ပိုပြီး သံသယဖြစ်စရာ ကောင်းတာက သူက ဒီနှစ်တွေတစ်လျှောက် မိသားစုပိုင်ဆိုင်မှုတွေကို လမ်းကြောင်းမျိုးစုံကနေတစ်ဆင့် အထက်ဘုံဆီကို တိတ်တဆိတ် လွှဲပြောင်းနေခဲ့တာ ဖြစ်သည်။

​ ဒါက သူတို့တွေ အချိန်မရွေး အသီးအပွင့်တွေကို ရိတ်သိမ်းဖို့ ပြင်ဆင်ထားတာ ထင်ရှားနေသည်။

​ “သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲ”

​ လျူယွမ်က လက်ထဲက ဘောပင်ကို လှည့်ကစားရင်းနဲ့ ချက်ချင်းပဲ အဖြေတစ်ခု ထွက်လာခဲ့သည် -

​“သူ့ဆီကို ချေးပေးနေတဲ့ ဘဏ်ချေးငွေတွေကို လျှော့ချလိုက်ရင် လျူမိသားစုရဲ့ ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားပြီး ကြွေးမြီအကျပ်အတည်း ဖြစ်လာလိမ့်မယ်... ဒါက သွေးမိစ္ဆာဧကရာဇ်ကို တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

​ လျူယွမ်က အစီရင်ခံစာကို အမြန်ဆုံး ရေးဆွဲပြီး ညွှန်ကြားရေးမှူး မုပိုင်ထံ အဖွဲ့တွင်း အီးမေးလ်ကနေတစ်ဆင့် ပေးပို့လိုက်သည်။

​ အီးမေးလ်ကို လက်ခံရရှိပြီး အစီရင်ခံစာထဲက မဟာဗျူဟာကို ကြည့်လိုက်တဲ့အခါ မုပိုင်တစ်ယောက် ကျောရိုးထဲအထိ စိမ့်ခနဲ အေးစက်သွားသလို ခံစားလိုက်ရသည်။

​ ရက်စက်လိုက်တာ။

​ လျူယွမ်နဲ့ လျူဟွာချန်တို့ကြားမှာ ဘာအငြိုးအတေးတွေ ရှိနေလို့များလဲ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက 'လျူ' မျိုးရိုးတွေပဲ ဥစ္စာ။

​ ဒါပေမဲ့ ဒါက စမ်းကြည့်ဖို့ ထိုက်တန်လှပေသည်။

​ လျူဟွာချန်ဟာ သွေးမိစ္ဆာဧကရာဇ် မဟုတ်ရင်တောင်၊ သူက နိုင်ငံတော်ရဲ့ ကပ်ပါးကောင်တစ်ကောင်ပဲ မဟုတ်လား။

​ သူက လျူယွမ်ကို ပြန်စာမပို့ခဲ့ပေမဲ့ ဗဟိုဘဏ်နဲ့ ဆက်သွယ်ဖို့ ချက်ချင်းပဲ စတင်စီစဉ်နေခဲ့ပြီ ဖြစ်သည်။

​

​ တစ်ချိန်တည်းမှာပင်….

​ လင်အန်းမြို့ရှိ လျူမိသားစု အိမ်တော်ကြီးတွင် ထွန်းလင်းတောက်ပနေပြီး ကြီးကျယ်ခမ်းနားတဲ့ မိသားစု ညစာစားပွဲကြီးတစ်ခုကို ကျင်းပနေခဲ့သည်။

​ မိသားစုအကြီးအကဲ လျူဟွာချန်မှာ စိတ်ဓာတ်တွေ တက်ကြွနေခဲ့သည်။ သူက စင်အောက်က ဒါဇင်နဲ့ချီတဲ့ မိသားစုဝင် တိုက်ရိုက်မျိုးဆက်တွေကို ကြည့်ပြီး သူတို့ရဲ့ ကျင့်ကြံမှု‌တွေကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသပေးနေသည်။

​ “အဘိုး... မြေးက ‘စိတ်ဆန္ဒ ကောင်းကင်အူတိုင် ကျင့်စဉ်' ကို တတိယအဆင့်အထိ ကျင့်ကြံပြီးပါပြီ။” လျူမိသားစုက လူငယ်တစ်ယောက်က ပြောလိုက်သည်။

​ “ဘိုးဘေးကြီး... သမီးရဲ့ ကျင့်ကြံမှုအဆင့်က ဆဋ္ဌမအဆင့်မှာ ရှိနေပေမဲ့၊ မကြာသေးခင်က ခန္ဓာကိုယ်ထဲမှာ မအီမသာ ဖြစ်နေပါတယ်။ ရံဖန်ရံခါ မိစ္ဆာသံတွေကို ကြားရပြီး ဗိုက်ထဲက ပူလောင်နေသလိုပဲ” မိန်းကလေးငယ်တစ်ယောက်က ကြောက်ကြောက်လန့်လန့်နဲ့ မေးလိုက်တယ် - “တစ်ခုခု လွဲချော်သွားတာလားဟင်”

​ “ယွီရှင်း... အဲဒီ မိစ္ဆာသံတွေကို မကြောက်နဲ့” လျူဟွာချန်က အကြံပြုလိုက်သည် - “အဲဒါတွေက မင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းလို့ ဖြစ်ပေါ်လာတဲ့ ထင်ယောင်ထင်မှားတွေပဲ။ သိုင်းကျင့်စဉ်ရဲ့ အဆင့်မြင့်လေလေ၊ လူတစ်ယောက်ရဲ့ စိတ်ဓာတ်အပေါ် စမ်းသပ်မှုက ပိုပြင်းထန်လေလေပဲ”

​ “မင်းသာ ကျင့်ကြံခြင်းမှာ စိတ်နှစ်ထားရင်၊ သာမန်လူသားစိတ်ကနေ ကောင်းကင်စိတ်အူတိုင်အဖြစ် အသွင်ပြောင်းလဲနိုင်မှာ သေချာတယ်”

​ သူ့မြေးမလေးရဲ့ မျက်လုံးထဲက ပြတ်သားမှုကို မြင်တော့ လျူဟွာချန်က ကြင်နာစွာ ပြုံးလိုက်သည်။

​ ‘စိတ်ဆန္ဒ ကောင်းကင်အူတိုင် ကျင့်စဉ်' ဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်က လျူမိသားစု မျိုးဆက်တွေဆီ သူလွှဲပြောင်းပေးခဲ့တဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီး၊ မိသားစုဝင်တိုင်း ဒါကို ကျင့်ကြံနေကြတာ ဖြစ်သည်။

​ ဒါပေမဲ့ သူတို့ မသိတာက ဒီကျင့်စဉ်က တကယ်တော့ [မဟာလွတ်လပ်ခြင်း ကောင်းကင်မိစ္ဆာကျမ်း] ရဲ့ အမြန်လေ့ကျင့်တဲ့ ဗားရှင်းတစ်ခု ဖြစ်နေတာကိုပင်။

​ သွေးမိစ္ဆာဧကရာဇ်က လျူမိသားစုရဲ့ မျိုးဆက်အားလုံးကို ကျင့်ကြံခြင်းဆိုင်ရာ သွေးလှောင်ကန်အဖြစ် အသုံးပြုဖို့ စီစဉ်ထားတာ ဖြစ်သည်။ သူတို့တွေ ကောင်းကင်စိတ်အူတိုင် ကျင့်စဉ်ကို ကျွမ်းကျင်သွားတာနဲ့၊ သူက သူတို့ရဲ့ ကျင့်ကြံမှု အားလုံးကို လုယူပြီး သူ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ အသုံးချမှာပင် ဖြစ်သည်။

​ သုံးနှစ်တာက ကုန်လွန်ခဲ့ပြီ ဖြစ်လို့ အသီးအပွင့်တွေကို ရိတ်သိမ်းဖို့ အချိန်က နီးကပ်လာခဲ့လေပြီ။

​ သူ အောင်ပွဲခံဖို့ စိတ်ကူးယဉ်နေတုန်းမှာပဲ...

​ “ဟတ်ချိုး...”

​ လျူဟွာချန်မှာ ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါသွားပြီး၊ ဆန်းကြယ်တဲ့ အအေးဓာတ်တစ်ခုက သူ့ရဲ့ ကျောရိုးကနေတစ်ဆင့် ဦးခေါင်းထိပ်အထိ စိမ့်တက်သွားခဲ့သည်။

​ သူက ချက်ချင်းပဲ သူ့ရဲ့ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ရာ၊ မျက်နှာက ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

​ “ဘယ်သူက ငါ့ကို လုပ်ကြံဖို့ ကြံစည်နေတာလဲ”

​ “လွန်ခဲ့တဲ့ သုံးနှစ်က [အဆုံးမဲ့ ကောင်းကင်ဘုံ] က အဲဒီ နတ်ဘုရားများလား”

​ “ဒါပေမဲ့ သူမက ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ တိုက်ကွက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားတာပဲ၊ ဒဏ်ရာတွေ မသက်သာသေးဘူး၊ သူမမှာ ဒီလို အကွက်ချနိုင်တဲ့ ဦးနှောက်မျိုး ရှိမှာမဟုတ်ဘူး”

​ “ဒါဆို ဒီလောကရဲ့ ထောက်တိုင်ကြီးဖြစ်တဲ့ အဲဒီ နတ်ဘုရားအိုကြီးများလား”

​ “ဒါပေမဲ့ နတ်ဘုရားအိုကြီးရဲ့ အကြံအစည်က လက်တစ်ချောင်း‌တောင် မလှုပ်ရဘဲ အကျိုးအမြတ် ရယူတာမျိုးပဲ၊ အဲဒါက ပေါ်တင်ကြံစည်တဲ့ လှည့်ကွက်မျိုးပဲ”

​ “ဒါပေမဲ့ ငါ အခုပဲ တွက်ချက်မိတာက ကောက်ကျစ်ပြီး ရက်စက်လှတဲ့ အစီအမံကြီးတစ်ခုကွ”

​ သူ့လို ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာတစ်ကောင်တောင် ကြောက်ရွံ့မှုကို ခံစားလိုက်ရတာမို့ တစ်ဖက်လူရဲ့ အကြံအစည်က ဘယ်လောက်တောင် ကောက်ကျစ် ရက်စက်မလဲဆိုတာ ထင်ရှားနေလေတော့သည်။

All Chapters