အခန်း ၁၇
Vol. 2 Ch. 17
အပိုင်း (၁၇)
စုချင်းရွှယ်ကတော့ သူတို့နဲ့အတူ လိုက်မသွားခဲ့ပေ။
သူမက အိမ်မှာပဲ ကျန်ခဲ့သော်လည်း သူမရဲ့ စိတ်ဝိညာဉ်အာရုံခံစနစ်နဲ့ ညီမဖြစ်သူရှိရာကို အလွယ်တကူပဲ စောင့်ကြည့်နေနိုင်ပြီး၊ စိတ်ချင်းဆက်သွယ်တဲ့ စနစ်နဲ့လည်း အချိန်မရွေး လှမ်းပြီး "စကားပြော" နိုင်သေးသည်။
ဒီလိုအကွာအဝေးမျိုးက အဆုံးမဲ့ကောင်းကင်ဘုံက နတ်ဘုရားတွေအတွက်တော့ ဘာမှမဟုတ်တဲ့ အရာတစ်ခုသာ ဖြစ်သည်။
ခြံဝင်းကြီးရဲ့ တံခါးဝကို ရောက်တဲ့အခါမှာတော့ စုယွီမော့တစ်ယောက် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်နိုင်တော့သည်။
သူမက နောက်ကို လှည့်ကြည့်ပြီး နှုတ်ခမ်းလေးစူကာ -
"ခဲအို... ကျွန်မတို့အိမ်က သေးလွန်းတယ်။ စုမိသားစုအိမ်က အစ်မရဲ့ အိပ်ခန်းလောက်တောင် မကျယ်ဘူး"
လျူယွမ်မှာ ပြုံးလိုက်မိသည်။
ငါ့ရဲ့ ဒီခြံဝင်းကြီးက လူတစ်ဒါဇင်ကျော်လောက် အေးဆေးနေလို့ရတာကို အိမ်သေးလေးလို့ ပြောမယ်ဆိုရင်ဖြင့်... ဒီကမ္ဘာမြေဂြိုဟ်တစ်ခုလုံးမှာ အိမ်ကြီးအိမ်ကောင်းဆိုတာ ရှိတော့မှာ မဟုတ်ပေ။
"ဒါပေမဲ့..." စုယွီမော့ရဲ့ မျက်လုံးအစုံက ရွှေဝါရောင်အလင်းတန်းဖျော့ဖျော့လေး တောက်ပလာပြီး ဇဝေဇဝါနဲ့ မေးလိုက်သည် - "ဒီအိမ်က မဟာအစီရင်တစ်ခုနဲ့ ကာကွယ်ထားတဲ့ပုံပဲ၊ တကယ့်ကို ရှားပါးတဲ့ ဖုန်းရွှေရတနာမြေပဲ။ အိမ်ထဲမှာ အဆုံးမရှိတဲ့ သက်စောင့်အရှိန်အဝါတွေ ပဲ့တင်ထပ်နေတာကို ညီမလေး အာရုံရနေတယ်"
"ခြံထဲမှာ အနားယူနေတဲ့ အဖိုးကြီး အဖွားကြီးတစ်စု ရှိတယ်၊ သူတို့ကို သွားပြီး ပြဿနာမရှာနဲ့ဦး" လျူယွမ်က ခပ်ပေါ့ပေါ့ပဲ ပြောလိုက်ပြီးနောက် သူမကို လင်အန်းမြို့ရဲ့ စည်ကားလှတဲ့ လမ်းဟောင်းကြီးပေါ် ခေါ်လာခဲ့လိုက်သည်။
အစားအသောက်ဆိုင်တန်းတွေဆီက မွှေးပျံ့လှတဲ့ ရနံ့တွေနဲ့ လူတွေရဲ့ စည်ကားဆူညံသံတွေက တစ်မြို့လုံးကို သက်ဝင်လှုပ်ရှားပြီး သာယာစိုပြည်တဲ့ အငွေ့အသက်တွေကို ပေးစွမ်းနေခဲ့သည်။
"ခဲအို... အစ်မက ပြောတယ်၊ ခဲအိုက သူမကို အမှိုက်ပုံထဲကနေ ကောက်ရပြီး အိမ်ခေါ်လာတာဆို... အဲဒါ တကယ်ပဲလား"
စုယွီမော့ရဲ့ လက်နှစ်ဖက်စလုံးကတော့ မအားမလပ်နိုင်အောင် ဖြစ်နေခဲ့လေပြီ။ ဘယ်လက်က အကင်တုတ်ကို ကိုင်ထားပြီး၊ ညာလက်ကတော့ ဆီးသီးယိုချိုချဉ်တုတ်ကို ကိုင်ထားရင်း ပါးစပ်ကလည်း မနားတမ်း ပြောနေခဲ့သည်။
"တကယ်ပေါ့" လျူယွမ်က လမ်းဘေးဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲပြားအကင်ဝယ်ဖို့ တန်းစီရင်း ပြန်ဖြေလိုက်သည်။
"ခဲအို..." စုယွီမော့က အကင်ကို တလုပ်တည်းနဲ့ တစ်ဝက်လောက် ရအောင် ကိုက်ဝါးရင်း တိုးတိုးလေး ပြောလိုက်သည် - "ခဲအိုရဲ့ ကျင့်စဉ်စွမ်းအားက ပြောပလောက်စရာ မရှိပေမဲ့၊ ကံတရားကတော့ တကယ်ကို အတုမရှိတာပဲ။ အဆုံးမဲ့ကောင်းကင်ဘုံရဲ့ ပါရမီရှင် 'ရဲချန်' ထက်တောင် ပိုပြီး ကံကောင်းသေးတယ်"
သူမက အစားတွေကို မနည်းမျိုချလိုက်ပြီး မျက်လုံးအမူအရာနဲ့ပါ အားရပါးရ ဆက်ပြောပြနေသည်။
"အဲဒီ ရဲချန်က ငါ့အစ်မထက်တောင် သိုင်းပညာ ပိုမြင့်တယ်၊ သူက အစ်မကို လိုက်ပိုးပန်းတော့ အဖေက လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်ထုတ်လိုက်တာလေ။ ဒါပေမဲ့ ခဲအိုကျတော့... အမှိုက်ပုံထဲကနေ အလကား ကောက်ရလိုက်တာပဲ။ တကယ်လို့ ရဲချန်သာ ဒီအကြောင်းကို သိသွားရင်တော့ ဒေါသထွက်ပြီး သွေးအန်သွားလောက်တယ်၊ ဟားဟား..."
သူမက တွေးရင်းနဲ့တင် ပိုပြီး သဘောကျလာကာ တဟားဟားနဲ့ အော်ရယ်မိတော့သည်။
"ငါတစ်ယောက်တည်း ကံကောင်းတာတော့ မဟုတ်လောက်ပါဘူး" လျူယွမ်က ပေါ့ပေါ့ပါးပါးပဲ ဆိုလိုက်သည် - "နင့်အစ်မက ဒဏ်ရာရနေတုန်း ငါနဲ့ လာတိုးတာဆိုတော့ သူမလည်း ကံကောင်းတာပဲလေ"
"အမလေး... ဘုရားရေ" စုယွီမော့တစ်ယောက် လုံးဝကို ဆွံ့အသွားခဲ့ရသည်။ "ခဲအို... ခဲအိုက တကယ့်ကို အရှက်မရှိတာပဲ"
သူမက လက်ထဲက အကင်တုတ်တွေကို တစ်ချက်ဝှေ့ယမ်းပြပြီးနောက်၊ သူမရဲ့ မျက်လုံးအစုံက အသစ်စက်စက် ကင်ထားတဲ့ ခေါက်ဆွဲပြားအကင်ဆီကို ကွက်တိ ရောက်ရှိသွားခဲ့သည်။
"ဒါက နင့်အစ်မ အကြိုက်ဆုံး အရသာပဲ" လျူယွမ်က သူမရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိလိုက်သည်။
"ညီမလေးက အစားမရွေးပါဘူး" စုယွီမော့က အကြောင်းပြချက် ကောင်းကောင်းပေးလိုက်ပြီး - "အစ်မ ကြိုက်တာမှန်သမျှ ညီမလေးလည်း မြည်းစမ်းကြည့်ချင်လို့ပါ"
သူမရဲ့ ဝိုင်းစက်ပြီး နက်မှောင်တဲ့ မျက်လုံးအစုံက လျူယွမ်ကို စိုက်ကြည့်နေတာက တစ်ခုခုကို တောင်းဆိုနေသလိုပင်။
လျူယွမ်မှာ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ဒီခယ်မလေးကတော့ အိမ်မှာရှိစဉ်ကတည်းက သူမရဲ့ အစ်မဖြစ်သူနဲ့ အချစ်လုပြီး အမြဲတမ်း ပြိုင်ဆိုင်လာခဲ့တာ ဖြစ်ရပေမည်။
"စားချင်ရင်လည်း စားရမှာပေါ့" လျူယွမ်က ခေါက်ဆွဲပြားအကင်ကို ကိုင်ပြီး - "ဒါပေမဲ့ မေးခွန်းတစ်ခု ဖြေဦး၊ မင်း ဒီမှာ ဘယ်လောက်ကြာကြာ နေဖို့ စိတ်ကူးထားလဲ"
စုယွီမော့က လွှတ်ခနဲ ဖြေလိုက်သည် - "တစ်ရက်ပေါ့။ ဒီဘက်ကမ္ဘာရဲ့ အချိန်နဲ့ဆိုရင်တော့ တစ်နှစ်ပေါ့။ အဲဒီအချိန်ကျရင်တော့ အဖေက အစ်မကို လာခေါ်လိမ့်မယ် ထင်တာပဲ"
သူမက လေသံကို နှိမ့်လိုက်ပြီး ခိုးကြောင်ခိုးဝှက် ပုံစံနဲ့ ထပ်ပြောလိုက်သည် -
"ဒါပေမဲ့ အဖေ မရောက်လာခင်မှာတင် ညီမလေးကတော့ အရင်ဆုံး ထွက်ပြေးမှာ"
လျူယွမ် တွေးတောလိုက်မိသည်၊ တစ်နှစ်ဆိုရင်တော့ ကြားထဲမှာ ပြင်ဆင်ဖို့ အချိန်အလုံအလောက် ရနိုင်ပေသည်။
ဒါပေမဲ့ ကိစ္စတွေက ဒီလောက်တော့ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။
"မင်း လိမ်နေတာမလား"
"မလိမ်ပါဘူး" စုယွီမော့က ပျာပျာသလဲ ငြင်းဆိုလိုက်ပြီး ကောင်းကင်ကြီးကို တိုင်တည်ကာ လက်ညှိုးသုံးချောင်း ထောင်ပြလိုက်ရင်း - "ခဲအို... တကယ်လို့ ညီမလေးသာ လိမ်နေရင် တစ်သက်လုံး ရည်းစားမရပါစေနဲ့လို့ ကျိန်ရဲတယ်"
"ငါ မေးပါရစေဦး" လျူယွမ်ရဲ့ မျက်လုံးတွေက စူးရှသွားပြီး - "အခု ချင်းရွှယ်ရဲ့ သတင်းက စုမိသားစုဆီ ရောက်သွားပြီဆိုတော့... ယောက္ခမကြီးက ငါတို့ လက်ထပ်ထားတဲ့ ကိစ္စကို မသိဘူးလား"
ဒါက လျူယွမ် သံသယအရှိဆုံး အပိုင်းပင်။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က တရားဝင် လက်ထပ်စာချုပ်ချုပ်ပြီး မင်္ဂလာဆောင်ခဲ့ကြတာ ဖြစ်လို့ သူတို့ရဲ့ ဆက်ဆံရေးက လုံးဝကို တရားဝင်သည်။
စုမိသားစုက စုချင်းရွှယ်ရဲ့ တည်နေရာကိုတောင် ရှာတွေ့နိုင်ခဲ့မှတော့၊ သူမ အိမ်ထောင်ကျသွားတာကို မသိဘဲ နေမှာ မဟုတ်ပေ။
"ခဲအို ပြောမှပဲ…." စုယွီမော့လည်း အံ့ဩသွားပြီး သူမရဲ့ နဖူးကို လက်ဝါးနဲ့ ရိုက်ကာ အခုမှပဲ သဘောပေါက်သွားသလို ….
သူမက ထိုစဉ်က အဖေဖြစ်သူရဲ့ မျက်နှာအမူအရာကို သေသေချာချာ ပြန်တွေးကြည့်လိုက်ရာ၊ အဖေက ပြုံးရွှင်နေခဲ့ပြီး ဒေါသတကြီး ဖြစ်မနေခဲ့ပေ။
ဒါက မိမိသမီးကို တစ်ယောက်ယောက်က "အခွင့်ကောင်းယူ" သွားပြီဆိုတာ သိလိုက်ရတဲ့ ဖခင်တစ်ယောက်ရဲ့ မျက်နှာထားမျိုး လုံးဝ မဟုတ်ပေ။
"ခဲအို... ဒါဆိုရင်တော့ တစ်ယောက်ယောက်က အဖေ လာပြီး ခွဲမှာစိုးလို့ အစ်မတို့ ကိစ္စကို တမင်တကာ ဖုံးကွယ်ပေးထားတာ နေမှာ" စုယွီမော့ရဲ့ မျက်လုံးတွေက တောက်ပလာပြီး သုံးသပ်ပြလိုက်သည် - "ဒါပေမဲ့ ဘယ်သူ ကူညီပေးနေလဲဆိုတာတော့ ညီမလေး သေချာမသိဘူး။ ဒါဆို... သူမ ဖြစ်နိုင်မလား"
"ဘယ်သူလဲ"
လျူယွမ်က လက်ထဲက ခေါက်ဆွဲပြားအကင်ကို ဝှေ့ယမ်းပြလိုက်ပြီး အနားက တို့ဟူးနုနုဆိုင်ကို ညွှန်ပြလိုက်ရာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့သည်။
"ခဲအို... ဒါလေး ညီမလေးကို ပေး၊ ဒါဆိုရင် ပြောပြမယ်" စုယွီမော့က သွားရည်တမြှားမြှားနဲ့ မနည်းမျိုချလိုက်ရသည်။
လျူယွမ်က ခေါက်ဆွဲပြားအကင်ကို သူမလက်ထဲ ကမ်းပေးလိုက်သည်။
စုယွီမော့က အငမ်းမရ တလုပ်တည်း ဝါးစားလိုက်ပြီး စိတ်ကျေနပ်စွာနဲ့ - "'ယွန်းမြောင်' လေ"
ယွန်းမြောင်က ဘယ်သူလဲ။
သူမက အစားကို အလျင်အမြန် ဝါးမျိုလိုက်ပြီးနောက် မလှမ်းမကမ်းက တို့ဟူးနုနုဆိုင်ကို မျက်တောင်မခတ်တမ်း ထပ်ကြည့်လိုက်ပြန်သည်။
"ခဲအို... ညီမလေး အဲဒါလည်း စားချင်တယ်"
လျူယွမ်က သူမအတွက် တစ်ပွဲ မှာပေးလိုက်သည်။
စုယွီမော့က အခွင့်ကောင်းယူကာ - "ညီမလေး နှစ်ပွဲစားချင်တာ၊ တစ်ပွဲက အချို၊ တစ်ပွဲက အစပ်"
စောင့်နေတဲ့အချိန်အတွင်းမှာတင် သူမ သိသမျှ သတင်းအတင်းအဖျင်းတွေကို အကုန်လုံး ချပြလိုက်တော့သည်။
"ယွန်းမြောင်က အစ်မရဲ့ ဆရာမလေ၊ ပြီးတော့ အဖေ့ရဲ့ ဂိုဏ်းတူညီမလည်း ဟုတ်တယ်။ အမေ ဆုံးသွားကတည်းက သူမက အဖေ့အပေါ် စိတ်ကူးရှိနေခဲ့တာ။ ဒါကြောင့် အဖေ ဒေါသထွက်မှာကို ကြောက်လို့ အစ်မနဲ့ ခဲအိုတို့ရဲ့ အိမ်ထောင်ရေးကို လျှို့ဝှက်ပေးထားတာ နေမှာပေါ့"
သူမက ပါးစပ်ကို သုတ်လိုက်ပြီး သုံးသပ်ချက် ပေးလိုက်သည် - "သူမက ဒီလောက်တောင် လူကောင်းဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး။ အစ်မဘက်ကနေ ဒီလောက်တောင် ကာကွယ်ပေးထားတာကိုး"
လျူယွမ်က တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရပြီး - "အဲဒီ ယွန်းမြောင်ရဲ့ စိတ်နေစိတ်ထားက ဘယ်လိုမျိုးလဲ"
"သူမက တော်တော်လေး လည်တယ်၊ ဒါပေမဲ့ လူဆိုးတော့ မဟုတ်ပါဘူး။ ဒီနှစ်တွေထဲမှာ သူမက အဖေ့ရဲ့ ပြဿနာတော်တော်များများကို ကူရှင်းပေးခဲ့သလို၊ အစ်မရဲ့ ကျင့်စဉ်ပိုင်းကိုလည်း လမ်းညွှန်ပေးခဲ့လို့ အစ်မက သိုင်းပညာအဆင့် (၁၀) ဖြစ်တဲ့ နတ်ဘုရားအဆင့်ကို ချိုးဖျက်နိုင်ခဲ့တာပေါ့"
လျူယွမ်ရဲ့ ရင်ထဲ တစ်ချက် လန့်သွားခဲ့သည်။
မဟောင်ဘဲ ကိုက်တတ်တဲ့ ခွေးက အန္တရာယ်အရှိဆုံးပင်။
တော်သေးတာပေါ့၊ သူက ဘယ်လိုအန္တရာယ်မျိုးကိုမဆို မကြောက်တက်တဲ့သူ ဖြစ်နေလို့ပေါ့။
"ခဲအို... အစ်မက အချိုကြိုက်တာလား၊ အစပ်ကြိုက်တာလား" စုယွီမော့က တို့ဟူးနုနု ပန်းကန်တွေကို တစ်ဖက်တစ်လုံးစီ ကိုင်ထားရင်း စပ်စုလိုက်သည်။
"သူမက မူလအရသာအတိုင်းပဲ ကြိုက်တာ"
စုယွီမော့က ဆိုင်ရှင်ကို ချက်ချင်း အော်ပြောလိုက်သည် - "ဦးလေး... မူလအရသာ နောက်ထပ် တစ်ပွဲပေးပါဦး"
လျူယွမ်က သူမကို ကြည့်ပြီး ဆွံ့အသွားကာ -
"ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ့်ကို ပြိုင်ဆိုင်တက်တဲ့ ကောင်မလေးပဲ"
စုယွီမော့ အဝစားပြီးတဲ့နောက်မှာတော့ လျူယွမ်က အအေးဟင်းလျာအချို့နဲ့ သရေစာအချို့ကို ပါဆယ်ထုတ်ပြီး သူမကို အိမ်သို့ ပြန်ခေါ်လာခဲ့လိုက်သည်။
ခြံဝင်းထဲကို ဝင်လိုက်တာနဲ့...
အဘိုးအိုတွေရဲ့ မျက်လုံးပေါင်း တစ်ဒါဇင်ကျော်က သူတို့နှစ်ယောက်ဆီကို တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့ကြသည်။
ဝက်အူချောင်းကင်တွေကို စားနေတဲ့ စုယွီမော့တစ်ယောက် လန့်ဖျပ်သွားခဲ့ရသည်။
ဒီအဖိုးကြီးတွေရဲ့ အရှိန်အဝါက သာမန်တော့ မဟုတ်ဘူးပဲ။
"ဒါက ကျွန်တော့်ခယ်မလေးပါ၊ ချင်းရွှယ်ရဲ့ ညီမ စုယွီမော့ တဲ့" လျူယွမ်က အဖိုးကြီးတွေ မမေးခင်မှာတင် အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
လီဖျောင်ရန်က လက်ထဲက စုတုရင်ရုပ်ကို ကိုင်ထားရင်း သူမကို သေသေချာချာ စိုက်ကြည့်ကာ - "ငါ မှတ်မိသလောက်တော့ မင်းနဲ့ ချင်းရွှယ် မင်္ဂလာဆောင်တုန်းက မင်းတို့မိသားစုဘက်က ဘယ်သူမှ မလာကြဘူး မဟုတ်လား"
"လမ်းက အရမ်းဝေးလို့ပါ၊ အမျိုးတွေ လာလည်ဖို့က သိပ်မလွယ်ကူလို့ပါ" လျူယွမ်က မျက်တောင်မခတ်တမ်း လိမ်လိုက်ပြီး - "သူမက ဒီဘက်ကို ဒုက္ခသည်အဖြစ်နဲ့ ခိုးဝင်လာတာ"
စုယွီမော့ - "..."
မဟုတ်ဘူးလေ၊ ခဲအိုရဲ့….
ကျွန်မက ဘယ်နေရာက ကြည့်ရင် ဒုက္ခသည်နဲ့ တူနေလို့လဲ။
ဘယ်လိုလူမျိုးက ဒါကို ယုံမှာလဲ။
ဒါပေမဲ့ ထူးဆန်းတာက အဲဒီ အဘိုးအိုတွေက တကယ်ကြီး ယုံသွားကြသည်။
သူတို့က စုချင်းရွှယ်က ဒီကမ္ဘာကလူ မဟုတ်ဘူးဆိုတာကို သိထားကြပြီးသား ဖြစ်သလို၊ လျူယွမ်က ကောက်ယူကျွေးမွေးထားတာကိုလည်း သိထားကြသည်။
“လျူယွမ်လေး... မင်းကလည်း ဧည့်သည်ကို ဒီလိုအကင်တွေပဲ ကျွေးရသလား" အဘိုးချင်က မျက်မှောင်ကုတ်ပြီး - "ဒီကောင်မလေးကို ကောင်းကောင်းမွန်မွန် ကျွေးမွေးလိုက်ပါ"
စုယွီမော့တစ်ယောက် လုံးဝကို ပြောစရာ စကားမရှိတော့ပေ။
အဖိုးရယ်... ကျွန်မကို တကယ်ပဲ ဒုက္ခသည်လို့ ထင်နေတာလား။
ကျွန်မက ကမ္ဘာပတ်ပြီး အတွေ့အကြုံယူနေတာပါ။
"ဒါက အဘိုးချင်လေ၊ မြန်မြန် အဘိုးလို့ ခေါ်လိုက်ဦး" လျူယွမ်က သူမလက်ထဲက အကင်တုတ်ကို လုယူလိုက်သည်။
စုယွီမော့က ဆီပေနေတဲ့ ပါးစပ်ကို သုတ်လိုက်ပြီး စိတ်ထဲမှာတော့ လုံးဝကို မကျေမနပ် ဖြစ်နေမိသည်။
အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်က ဒီကမ္ဘာက သာမန် "လူသားတွေ" ကို 'အဘိုး' လို့ ခေါ်ရတာ တကယ်ကို အရှက်ရစရာပင်။
"အဘိုးချင်... မင်္ဂလာပါ" သူမက ယဉ်ကျေးပျူငှာစွာနဲ့ပဲ နှုတ်ဆက်လိုက်ရသည်။
"ဒါက အဘိုးလီ၊ အဘိုးကျန်း၊ အဘိုးချန်၊ အဖွားစွန်း..."
လျူယွမ်က တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးရာ၊ စုယွီမော့လည်း တစ်ယောက်ချင်းစီကို လိုက်လံ နှုတ်ဆက်လိုက်ရသည်။
အဆုံးမဲ့ကောင်းကင်ဘုံမှာတောင် သူမမှာ ဒီလောက်အထိ များပြားတဲ့ အမျိုးတွေ မရှိခဲ့ဖူးပေ။
နောက်ဆုံးတော့ လျူယွမ်က အကင်တုတ်ကို သူမလက်ထဲ ပြန်ထည့်ပေးပြီး အိမ်ထဲကို ဝင်လာခဲ့လိုက်သည်။
သူ့ဇနီးသည် စုချင်းရွှယ်ကတော့ မီးဖိုချောင်ဝတ်စုံလေးကို ဝတ်ဆင်ပြီး မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေခဲ့ကာ၊ စားပွဲပေါ်မှာလည်း အရသာရှိလှမယ့် ဟင်းပွဲတွေက တစ်ပွဲပြီးတစ်ပွဲ အဆင်သင့် ဖြစ်နေခဲ့ချေပြီ။
ဒါကို မြင်လိုက်ရတဲ့ စုယွီမော့တစ်ယောက် လုံးဝကို ဆွံ့အမှင်သက်သွားခဲ့ရသည်။
"အမလေး... ဘုရားရေ။ အစ်မကြီးရယ်... အစ်မက တကယ်ကြီး ချက်ပြုတ်တတ်နေပြီပေါ့"
သူမက စားပွဲပေါ်က ဟင်းပွဲတွေကို ညွှန်ပြပြီး လျူယွမ်ကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ကာ -
"ခဲအို... ခဲအိုကတော့ ဒီကမ္ဘာပေါ်မှာ အစ်မရဲ့ လက်ရာကို စားဖူးတဲ့ တစ်ဦးတည်းသော သက်ရှိလူသားပဲ"