အခန်း ၂၂
Vol. 3 Ch. 22
အပိုင်း (၂၂)
အလုပ်ဆင်းပြီးနောက် လျူယွမ်တစ်ယောက် အိမ်ခြံဝင်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
နေဝင်ရိုးရီ ဆည်းဆာအလင်းအောက်တွင် အနားယူနေကြသည့် သက်ကြီးရွယ်အိုများသည် အသီးသီး အလုပ်ရှုပ်နေကြလေသည်။
“ဒုတိယအဘိုး ချင်..."
လျူယွမ်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
သိုင်းကွက်လေ့ကျင့်နေသည့် ချင်ဟန်ရှန်းက လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး တည်တည်တံ့တံ့ဖြင့် - "ရှောင်ယွမ်... မင်းမှတ်ထားရမှာက ချင်းရွှယ် ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်မိဖို့ပဲ။ တကယ်လို့ မင်းက လက်ယားနေတယ်ဆိုရင် ငါနဲ့လာပြီး သိုင်းကွက်လာလေ့ကျင့်နေ၊ ငါမင်းကို လက်တစ်ဖက် လျှော့ပေးမယ်"
လျူယွမ်က အနားသို့ လျှောက်သွားကာ - “အဘိုး... ဒါက သိုင်းကွက်ချင်း ဖလှယ်တာဆိုတော့ လက်သီးပဲ သုံးကြေးနော်"
"ငြိမ်းချမ်းတဲ့ခေတ်ကြီးထဲမှာ သေနတ်ကို လူတွေဆီ ဘယ်တော့မှ မချိန်ရဘူးကွ" သေနတ်ပစ် လေ့ကျင့်နေသည့် အငြိမ်းစားစစ်သားကြီး ဝမ်ကျန့်ကော်က ရုတ်တရက် လှမ်းပြောလိုက်သည်။
လောကတ်ပင်အိုကြီး၏ အောက်တွင်မူ အဘိုးလီက ရေနွေးကြမ်းကို တစ်ငုံသောက်လိုက်ပြီး 'အမြောက်' ဟု စာတန်းပါသော စစ်တုရင်ရုပ်ကို ကိုင်မြှောက်ကာ - "စစ်တုရင်ကစားတာက တည်ငြိမ်ဖို့ လိုတယ်။ အမြောက်ကို စိတ်လိုက်မာန်ပါ မဖောက်လိုက်နဲ့၊ မဟုတ်ရင် ပွဲတစ်ခုလုံး ရှုံးသွားလိမ့်မယ်"
အဘိုးချန်းမိုကတော့ ကူချင်းကို တီးခတ်နေပြီး ကူချင်းသံက သာယာြငိမ့်ညောင်းနေသည်။ သူက ခေါင်းပင်မဖော်ဘဲ ပြောလိုက်သည် - "စိတ်တည်ငြိမ်မှု ရှိအောင်လို့ အိမ်မှာ ငါပေးထားတဲ့ ပန်းချီကားကိုပဲ အာရုံစိုက်ပြီး ကြည့်နေလိုက်ပါ"
သစ်ခွအိုးကို ရေလောင်းနေသည့် အဘိုးချန်ကလည်း အဓိပ္ပာယ်ပါပါဖြင့် သတိပေးလာသည် - "လမ်းဘေးက တောပန်းတွေကို လျှောက်မခူးနဲ့ဦး"
"အတ္တမကြီးနဲ့" အဘိုးကျန်းချင်းရွှမ်က ပြတ်ပြတ်သားသားပင် ဆိုလိုက်သည်။
လျူယွမ်မှာ ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်သည်။
ဒီအငြိမ်းစား ဝါရင့်ဒရိုင်ဘာကြီးတွေကတော့ဖြင့်...။
အခုဆိုရင် သူတို့က ကလေးယူဖို့ ဖိအားပေးနေတာ မဟုတ်တော့ဘဲ၊ သူ့ကို ကာမဂုဏ်စောင့်ထိန်းဖို့ စတင်ပြီး ပိတ်ပင်တားဆီးနေကြပြီ ဖြစ်သည်။
"ဒီအဖိုးကြီးတွေဟာလေ... ယွမ်အာကို ကလေးတစ်ယောက်လို့ ထင်နေတုန်းပဲလား။ သူတို့သိတာက ဆုံးမဖို့သက်သက်ပဲ"
အဘွားစွန်းက လျှောက်လာပြီး လျူယွမ်၏လက်ကို ကိုင်ကာ ကြင်နာစွာ ပြောလိုက်သည် - "စိတ်မပူပါနဲ့၊ ငါ ချင်းရွှယ်အတွက် ဖော်စပ်ပေးထားတဲ့ ကိုယ်ဝန်ထိန်းဆေးတွေက ဘေးကင်းပြီး ကျန်းမာတဲ့ကလေးလေး မွေးဖွားလာဖို့ သေချာပေါက် အာမခံနိုင်ပါတယ်"
လျူယွမ်က ခေါင်းကို တဆက်ဆက် ညိတ်လိုက်သည်။ အဘွားစွန်း၏ ဆေးပညာရပ်က အထူးပင် လျှို့ဝှက်ဆန်းပြားလွန်းလှရာ သူမ ရှိနေခြင်းက သူ့ဇနီးအတွက် ထိပ်တန်းကိုယ်ပိုင်ဆရာဝန်တစ်ယောက် ရှိနေသကဲ့သို့ပင် ဖြစ်သည်။
အတိအကျပင်...
ပုံမှန်ဆိုလျှင် စကားနည်းပြီး ကြွက်သားအဖုဖုနှင့် သံမဏိအလုပ်သမားကြီး ကျိုးရှန့်ကုန်းက ခေါင်းငုံ့လျက် လျှောက်လာပြီး သူ့ထံသို့ ခွက်တစ်ခွက် ကမ်းပေးလိုက်သည်။
ထိုခွက်ကလေးမှာ ပန်းနုရောင်ဖျော့ဖျော့ဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့နွေးထွေးကာ ပွတ်သပ်ရသည်မှာ မိန်းမပျိုလေးတစ်ယောက်၏ အသားအရေကဲ့သို့ နုညံ့လှသည်။
ခွက်၏အပြင်ဘက်တွင်မူ လိပ်ပြာတိမ်တိုက်များသဏ္ဌာန် ရှုပ်ထွေးနက်နဲသော အက္ခရာအလှပုံစံများကို ထုဆစ်ထားလေသည်။
"ယွမ်အာ... တကယ်လို့ မင်း တအားရေငတ်ရင် ဒါကိုသုံးပြီး ရေခပ်သောက်လိုက်၊ အမြန် ရေငတ်ပြေလိမ့်မယ်"
ကျိုးရှန့်ကုန်းက ရိုးသားဖြူစင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဒါက တကယ့်ကို လက်တွေ့ကျတဲ့ စဉ်းစားပေးမှုပဲဟ။
"ကျေးဇူးတင်ပါတယ် အဘိုးကျိုး" လျူယွမ်က ငြင်းပယ်ခြင်းမရှိဘဲ လက်ခံလိုက်သည်၊ ဤခွက်ကလေးမှာ တကယ့်ကို လက်ရာမြောက်လှသည်မဟုတ်ပါလား။
သူ တံခါးကို တွန်းဖွင့်ပြီး အိမ်ထဲသို့ လှမ်းဝင်လိုက်ရာ ဟင်းချက်နံ့မွှေးမွှေးလေးက အိမ်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီးသား ဖြစ်သည်။
"မောင်... ပြန်လာပြီလား"
စုချင်းရွှယ်က ပျော်ရွှင်နေသော ငှက်ငယ်လေးတစ်ကောင်ပမာ ပြေးဝင်လာပြီး သူ့ကို အသာအယာ ဖက်လိုက်ကာ လျူယွမ်၏လက်ထဲမှ စာရွက်စာတမ်းအိတ်နှင့် ပန်းနုရောင်ခွက်ကလေးကို လှမ်းယူလိုက်သည်။
"ဟင်... ဒီခွက်က ဘာလို့ အဖုံးမပါတာလဲ" သူမက ခွက်ကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်သည်။
သူမက လက်ညှိုးလေးဖြင့် ခွက်နှုတ်ခမ်းဝကို အသာအယာ ထိလိုက်ရာ ထိုနေရာတွင် ပါးလွှာပြီး ကြည်လင်နေသော အပိတ်အမြှေးပါးလေးတစ်ခု ရှိနေပြီး လက်ချောင်းလေးနှင့် ထိလိုက်ရုံမျှဖြင့် ပေါက်ထွက်သွားခဲ့သည်။
ခွက်၏အတွင်းပိုင်း နေရာလွတ်က အနည်းငယ် ရှည်လျားပြီး ကျဉ်းမြောင်းသော်လည်း ဖုန်တစ်မှုန်မျှမရှိ သန့်ရှင်းစင်ကြယ်လှသည်။
ဒါက စားသောက်ကုန်အဆင့်မြင့် ပစ္စည်းအမျိုးအစားနဲ့ ပြုလုပ်ထားတာပဲ။
"အဟမ်း... ဒါက အဘိုးကျိုး ပေးလိုက်တဲ့ လက်ဆောင်လေ" လျူယွမ်က ထပ်ပြီး ရှင်းမပြတော့ပေ။
စုချင်းရွှယ်က ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် - "ဩော်... အဘိုးကျိုး ကိုယ်တိုင် သွန်းလုပ်ထားတဲ့ စိတ်ဝိညာဉ်လက်နက်ပစ္စည်းပေါ့။ တကယ့်ကို လက်ရာမြောက်တာပဲ"
သူမက ခွက်ကို ဧည့်ခန်းစားပွဲပေါ်ရှိ သင့်တော်သောနေရာတစ်ခုတွင် အလှချထားလိုက်သည်။
"ခွက်ကလေးက တကယ့်ကို လှတာပဲ၊ အပြင်ဘက်က ပန်းနုရောင်လေးနဲ့။ အဘိုးကျိုးမှာ ဒီလို မိန်းကလေးဆန်တဲ့ စိတ်ကူးရှိလိမ့်မယ်လို့ မထင်ထားမိဘူး" စုချင်းရွှယ်က လက်မထောင်ပြရင်း ရိုးသားစွာ ချီးကျူးလိုက်သည်။
လျူယွမ်က ခန္ဓာကိုယ်ကို ငုံ့လိုက်ပြီး ဇနီးသည်၏ ဗိုက်ကလေးကို နမ်းကာ အတွင်းမှ အသက်စွမ်းအားလေးကို နှုတ်ဆက်လိုက်သည် - "ဖေဖေ နမ်းပါရစေဦး"
စုချင်းရွှယ်က သူမ၏ ဗိုက်ထဲမှ ကလေးငယ်လေး အသာအယာ လှုပ်ရှားကန်ကျောက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည် - "သမီးလေးက မောင့်ကို တုံ့ပြန်နေတယ်"
"သမီးလေးလား..." လျူယွမ်က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး အံ့ဩသွားသော မျက်နှာဖြင့် - "မင်းက ကျား/မ ခွဲခြားတတ်ပြီလား"
"ဒါပေါ့" စုချင်းရွှယ်က ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို မတ်လိုက်ပြီး - "ကျွန်မက နတ်ဘုရားမတစ်ပါးပဲလေ၊ မျိုးရိုးဗီဇအဆင့်အထိ အသေးစိတ်ကို မြင်နိုင်တာပေါ့"
"ငါ့ရဲ့ သမီးချောလေး..." လျူယွမ်က ဗိုက်နားသို့ မျက်နှာ ထပ်တိုးကပ်လိုက်ပြီး သူတို့နှစ်ဦးသာ ကြားနိုင်မည့် လေသံဖြင့် - "တကယ်လို့ တစ်ယောက်ယောက်က သမီးကို လာအနိုင်ကျင့်ရင် ဖေဖေက သူ့ကို ချီးထွက်တဲ့အထိ ရိုက်ပစ်မယ် ဟုတ်ပြီလား"
စုချင်းရွှယ်က ပြုံးလိုက်ပြီး သူ့ကို တံတောင်နှင့် အသာအယာ တွန်းကာ - "သမီးလေးကို ဆဲရေးတိုင်းထွာတာတွေ လျှောက်မသင်ပေးနဲ့လေ"
နွေးထွေးလှသော အငွေ့အသက်များကြားတွင် နှစ်ဦးသား ထမင်းစားပွဲ၌ ထိုင်နေကြသည်။
"မောင်... သမီးလေးကို ဘာနာမည်ပေးရင် ကောင်းမလဲ" စုချင်းရွှယ်က လျူယွမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
လျူယွမ်က ပန်းကန်လုံးထဲမှ ထမင်းများကို မွှေရင်း ခဏမျှ စဉ်းစားကာ ပြောလိုက်သည် -
"လျူထျန်းယီ…"
“လျူနျန်ယောင်…."
"လျူဇီဟန်…."
စုချင်းရွှယ်က ခေါင်းလည်းမညိတ်၊ ခေါင်းလည်းမခါဘဲ သူမကိုယ်တိုင် စဉ်းစားထားသည်များကိုလည်း ပြောပြလာသည် -
"လျူယွီနင်…"
"လျူဝမ်ဝမ်…."
"လျူပေါင်အာ…."
ဇနီးမောင်နှံနှစ်ဦးစလုံး သမီးလေးအတွက် ကောင်းမွန်သော နာမည်တစ်ခုရရန် အတော်လေး စိတ်ကူးပုံဖော်ခဲ့ကြသည်။
ဒီဆွေးနွေးမှု စတင်ခဲ့ကတည်းက သုံးလတာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
စုချင်းရွှယ်၏ ဗိုက်ကလေးမှာ တစ်ရက်ထက်တစ်ရက် ပိုမိုကြီးထွားလာခဲ့ပြီး၊ ကိုယ်ဝန် ခုနစ်လအရွယ်တွင် ကိုယ်ဝန်ရှိနေသည့် လက္ခဏာက အလွန် ထင်ရှားနေပြီဖြစ်သည်။
လျူယွမ်က အလုပ်မှ ခွင့်ရက်အရှည်ယူကာ ဇနီးသည်၏ဘေးတွင် နေ့စဉ်နှင့်အမျှ အမြဲတစေ ရှိနေပေးခဲ့သည်။
"မောင်ရယ်... အဲဒီလောက်အထိ စိုးရိမ်မနေပါနဲ့။ ကျွန်မက အရင်ကအတိုင်း ဘာမှ ထူးမခြားနားပါဘူး"
စုချင်းရွှယ်က ခြေဗလာလေးဖြင့် ချောမွေ့သော ကြမ်းပြင်ပေါ်တွင် အလွယ်တကူပင် ခြေကို ဆန့်တန်းပြလိုက်ပြီး၊ နောက်ပြန်လှန်ပြဖို့တောင် လုပ်ပြရန် ကြိုးစားနေသေးသည်။
နတ်ဘုရားအနွယ်ဝင်များက သာမန်လူသား မိန်းမသားများကဲ့သို့ ကိုယ်ဝန်ဆောင်စဉ် နာကျင်ကိုက်ခဲမှုများကို မခံစားရဘဲ ပျံလွှားငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်နေဆဲ ဖြစ်သည်။
သို့သော် လျူယွမ်က သူမကို အမြန် တားမြစ်လိုက်ရသည်။
"လျှောက်မဆော့နဲ့၊ သမီးလေး ခေါင်းမူးသွားရင် ဘယ်လိုလုပ်မလဲ"
စုချင်းရွှယ်က ခေါင်းညိတ်လိုက်ပြီး - "ဟုတ်သားပဲ၊ ဒါပေမဲ့ ဒီကလေးမလေးက ကျွန်မဗိုက်ထဲမှာ ဂျွမ်းတောင်ထိုးနေတယ်၊ မောင် စမ်းကြည့်ဦး"
လျူယွမ်က ဗိုက်ပေါ် လက်တင်လိုက်ပြီး ဂရုတစိုက် ခံစားကြည့်လိုက်သည်။
အတွင်း၌ ထွားထွားကြိုင်းကြိုင်းနှင့် အင်္ဂါစုံလင်နေပြီဖြစ်သော သမီးလေးမှာ စွမ်းအင်အပြည့်ဖြင့် ဂျွမ်းထိုးဆော့ကစားနေလေသည်။
"ငါ့သမီးလေးက မွေးကတည်းက သိုင်းပညာရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိထားတာပဲ" လျူယွမ်က အနည်းငယ် အံ့ဩသွားမိသည်။
"သူတို့က မွေးမလာခင်ကတည်းက စတင်ခြင်းမျဉ်းမှာ အပြတ်အသတ်ကို အနိုင်ရရှိထားတာပဲ"
မိခင်တစ်ယောက်အနေဖြင့် စုချင်းရွှယ်က အတော်လေး ဂုဏ်ယူနေပြီး - "ဒါပေါ့... သူက ဘယ်သူ့ရဲ့သမီးမို့လို့လဲ"
ဗိုက်ကိုအုပ်ပြီး သမီးလေးနှင့် ခဏမျှ ဆော့ကစားပြီးနောက်...
စုချင်းရွှယ်က ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ဟူး... တစ်ချိန်က သေးကျင်လှပခဲ့တဲ့ ခါးလေးက အခုတော့ စည်ပိုင်းခါးကြီး ဖြစ်သွားပြီ"
သူမက ခါးဘေးက အသားအိအိလေးတွေကို ဆွဲကိုင်ရင်း မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုအချို့ ပေါ်လာခဲ့သည်။
လျူယွမ်က သူမ၏ခါးကို ဖက်လိုက်ပြီး ပါးပြင်ကို ရွှတ်ခနဲနေအောင် နမ်းလိုက်ကာ - “မောင်ကတော့ သဘောကျတယ်၊ ကိုင်လို့ ပိုကောင်းသေးတယ်"
စုချင်းရွှယ်က သူမ၏ လှပသောမျက်ဝန်းများကို ပင့်ကြည့်လိုက်ပြီး သနားစဖွယ် မျက်နှာထားဖြင့် - "မောင်ရယ်... ဒါပေမဲ့ မောင် ကျွန်မကို ပစ်ထားတာ တစ်လနီးပါး ရှိနေပြီနော်"
"ဒါက သမီးလေးရဲ့ ဘေးကင်းလုံခြုံရေးအတွက်လေ"
"ကျွန်မထင်တာက... ကျွန်မ ဝလာလို့ မောင်က ငြိုငြင်ပြီး မချစ်တော့ဘူး အောက်မေ့နေတာ"
"ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ" လျူယွမ်က သူမ၏ နှာခေါင်းလေးကို အသည်းယားစရာ ဆွဲဖျစ်လိုက်ပြီး - "လွန်ခဲ့တဲ့ သုံးနှစ်က စတွေ့ကတည်းက ငါ မင်းကို ရမ္မက်ဇောတွေ ရှိခဲ့တာ၊ အခုထိလည်း အဲဒီအတိုင်းပဲ"
စုချင်းရွှယ်က သူ၏ စကားကြောင့် သဘောကျကာ ရယ်မောလိုက်ပြီး၊ သူ့လက်ကို ဆွဲ၍ ရေချိုးခန်းဆီသို့ ခေါ်ဆောင်သွားကာ ဆင်ခြေပေးလိုက်သည် -
"မောင်ရယ်... ကျွန်မကို ကျောလေး နည်းနည်းလောက် ပွတ်ပေးပါဦး။ ဗိုက်ကြီးက ပူနေတော့ လက်က မမှီတော့လို့ပါ"
မကြာမီ ရေချိုးခန်းအတွင်းမှ ရေကျသံများ ထွက်ပေါ်လာခဲ့သည်။
စာအုပ်ထဲက အသိပညာတွေက ဘယ်တော့မှ မလုံလောက်နိုင်ပေ၊ လက်တွေ့ကျကျ ဆောင်ရွက်မှသာ အမှန်တရားကို သိရှိနိုင်ပေလိမ့်မည်။
မိုင်ပေါင်းရာချီ ဝေးကွာသော ညကောင်းကင်ယံတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုက အသာအယာ ပွင့်ဟလာခဲ့သည်။
နှင်းဖုံးနေသော တောင်တန်းကြီးတစ်ခုကဲ့သို့ အေးစက်ခက်ထန်ပြီး အထက်တန်းဆန်လှသည့် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူမက တိမ်တိုက်ပုံစံများပါသော လမင်းဖြူရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ခန္ဓာကိုယ်အချိုးအစားက ကျော့ရှင်းသော်လည်း စွမ်းအားအရှိန်အဝါကတော့ ကောင်းကင်ဘုံကို လွှမ်းမိုးထားသည်။ သူမ၏ ကိုယ်ပေါ်တွင် ဖုန်တစ်မှုန်မျှ မရှိဘဲ ဤလူ့လောကနှင့် လုံးဝ ကင်းကွာနေသကဲ့သို့ ဖြစ်သည်။
တကယ့်ကို တိမ်မြူကင်းစင်သော အလှတရားပင်။
သူမ၏ တပည့်ဖြစ်သူ စုချင်းရွှယ်၏ သဲလွန်စကို သိရှိပြီးနောက်၊ သူမက ဆယ်နာရီကြာအောင် ပြင်ဆင်ခဲ့ပြီးမှ ‘အဆုံးမဲ့ကောင်းကင်ဘုံ' ရဲ့ နယ်နိမိတ်ကို ဖြတ်ကျော်ကာ ရောက်ရှိလာခြင်း ဖြစ်သည်။
သူမ၏နောက်ကွယ်မှ ဟင်းလင်းပြင်အက်ကွဲကြောင်းက လုံးဝ ပိတ်မသွားသေးဘဲ၊ ဆန်းပြားဆိုးသွမ်းသော မိစ္ဆာသားရဲ အချို့က အက်ကြောင်းထဲမှ အတင်းတိုးထွက်ရန် ကြိုးစားနေကြပြီး၊ ကမ္ဘာမြေ၏ လေထုကို လောဘတကြီး နမ်းရှိုက်နေကြသည်။
"အတွင်းကို ပြန်ဝင်စမ်း၊ နင်တို့ ထွက်ပြရမယ့် အချိန် မဟုတ်ဘူး"
သူမက နောက်သို့ အနည်းငယ် စောင်းငဲ့ကြည့်လိုက်ရုံသာ ရှိသေးသည်။
ခုနကတင် ခေါင်းပြူထွက်လာသည့် မိစ္ဆာသားရဲအချို့မှာ ခဏချင်းအတွင်းမှာတင် သွေးမြူအဖြစ် ပေါက်ကွဲပျက်စီးသွားခဲ့ရသည်။
သူတို့နောက်ကွယ်မှ မိစ္ဆာသားရဲတပ်ဖွဲ့ကြီးမှာလည်း လုံးဝ လိမ္မာကျိုးနွံသွားကာ အက်ကြောင်းအတွင်းသို့ နောက်ဆုတ်ပြေးဝင်သွားကြတော့သည်။
"ချင်းရွှယ်... နင် ဒီကမ္ဘာငယ်လေးထဲမှာ သာမန်လူသား လင်ယောက်ျားနဲ့ နေထိုင်ခဲ့တာ တော်တော်ကြာခဲ့ပြီပဲ။ အခုလောက်ဆို ပျင်းနေလောက်ပြီပေါ့"
ယွန်းမြောင်က အသာအယာ သက်ပြင်းချလိုက်ပြီး၊ လေသံထဲတွင် အလိုလိုက်ခြင်းနှင့် သက်ပြင်းချခြင်းများ ရောပြွမ်းနေသည်။
သူမက လက်ချောင်းလေးများဖြင့် မန္တန်အမှတ်အသားများကို ဖော်စပ်လိုက်ရာ သူမ၏ မျက်ဝန်းများက ကောင်းကင်ဘုံ၏ မျက်လုံးကဲ့သို့ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး၊ လင်အန်းမြို့တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးရှာဖွေကာ တပည့်ဖြစ်သူ စုချင်းရွှယ် တည်ရှိရာနေရာကို အတိအကျ ဖော်ထုတ်လိုက်သည်။
"တွေ့ပြီ..."
သူမ၏ အကြည့်က ကျယ်ပြောလှသော ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လိုက်ကာအပေါက်ငယ်လေးတစ်ခုဆီသို့ တိကျစွာ ရောက်ရှိသွားသည်။
နောက်တစ်စက္ကန့်တွင် သူမ၏ အာရုံထဲ၌ လေထုထဲတွင် လွင့်မျောနေသော ရေစက်ပေါင်း သန်းပေါင်းများစွာ ပေါ်လာပြီး ဝေဝါးသော မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
ထိုသေးငယ်သော ရေစက်ကလေးများ၏ မျက်နှာပြင်တိုင်းတွင် လှပသော မြင်ကွင်းတစ်ခုကို ထင်ထင်ရှားရှား ရောင်ပြန်ဟပ်နေလေသည်။
ယွန်းမြောင်မှာ ကြည့်ရင်းကြည့်ရင်းဖြင့် မျက်ခုံးများ ပိုမိုတွန့်ချိုးလာကာ၊ သူမ၏ မျက်နှာက တဖြည်းဖြန်း ဖြူဆုတ်သွားပြီး နှုတ်ခမ်းများ တုန်လှုပ်လာခဲ့သည်။
"မဖြစ်နိုင်တာ... ဒါက ကြည့်ရက်စရာ မရှိဘူး"
"ချင်းရွှယ်၊ နင် အိမ်ကနေ ထွက်သွားတာ လေးရက်တောင် မပြည့်သေးဘူး။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ လမ်းမှား ရောက်သွားရတာလဲ"
"ကံကောင်းတာက နင်က နတ်ဘုရားခန္ဓာကိုယ် ဖြစ်နေလို့ သာမန်လူသားတွေရဲ့ မသန့်ရှင်းတဲ့ စွမ်းအင်တွေ မဝင်ရောက်နိုင်ဘဲ အပျိုစင်ဘဝကို ထိန်းသိမ်းထားနိုင်တုန်းပဲ..."
"နေဦး..."
သူမက မိမိတပည့်၏ ခန္ဓာကိုယ်အခြေအနေကို သေသေချာချာ အာရုံခံကြည့်လိုက်သည်။
"ချင်းရွှယ်ရဲ့ သေးကျင်တဲ့ ခါးလေးက ဘယ်ပျောက်သွားတာလဲ။ ဘာလို့... ဒီလောက်ကြီးအထိ ဝတုတ်သွားရတာလဲ"
"လူ့လောကရဲ့ အစားအစာတွေက တကယ်ပဲ အဲဒီလောက်အထိ ကောင်းလို့လား။ နတ်ဘုရားတစ်ပါးကိုတောင် ဒီလိုမျိုး ဖောင်းကားလာအောင် လုပ်နိုင်ရုံတင်မကဘူး..."
ယွန်းမြောင်၏ အကြည့်များ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ၊ သူမ၏ မျက်နှာအမူအရာကလည်း ဝေခွဲမရဖြစ်ခြင်းမှသည် အံ့ဩတုန်လှုပ်ခြင်း၊ ထို့နောက်တွင်မူ အဆုံးစွန်သော ဒေါသအမျက်ချောင်းချောင်း ထွက်ခြင်းဆီသို့ ပြောင်းလဲသွားခဲ့ရတော့သည်။