← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အပိုင်း (၂၅)

​"တကယ်လို့ ချင်းရွှယ်က နတ်ဘုရားမတစ်ပါးဆိုရင် လျူယွမ်လေးက သူမကို ဘယ်လိုနည်းနဲ့ ကိုယ်ဝန်ရအောင် လုပ်လိုက်တာလဲ" ဆရာကြီးချင်က အနည်းငယ် ဝေခွဲမရဖြစ်ရင်း မေးလိုက်သည် - "ရှေးဟောင်းနတ်ဘုရားတွေတောင်မှ မျိုးပွားခြင်းနဲ့ ပတ်သတ်တဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ကလေးတစ်ယောက်မွေးနိုင်ဖို့ နှစ်ပေါင်းရှစ်ရာလောက် ကြိုးစားခဲ့ရတာ၊ လျူယွမ်လေးကတော့ သုံးနှစ်အတွင်းမှာတင် အောင်မြင်သွားတာလေ"

​ ကျန်းချင်းရွှမ်က သူ၏ မုတ်ဆိတ်ရှည်ကြီးကို သပ်လိုက်ရင်း - "ဒါက မေးနေဖို့ လိုသေးလို့လား၊ ငါ သေသေချာချာ စီမံပေးထားတဲ့ ဖုန်းရွှေအစီအရင်ကြောင့်ပေါ့"

​ ချန်ကျိုကုန်းက ခေါင်းခါလိုက်ရင်း - "မဟုတ်ပါဘူး… ငါ့ရဲ့ မန္တန်စွမ်းအားက အစွမ်းထက်လို့ပဲ ဖြစ်ရမယ်"

​ အဘွားစွန်းက နှာခေါင်းရှုံ့လိုက်ရင်း - "ငါ့ရဲ့ အားတိုးဆေးတွေနဲ့ ကောင်းကင်ဘုံဖြည့်စွက်ဆေးတွေသာ မရှိရင် နင်တို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချိန်ကုန်တာပဲ အဖတ်တင်မှာ"

​ "အားလုံးပဲ လေကြီးမနေကြပါနဲ့ဦး" လီဖျောင်ရန်က ရယ်မောလျက် - "ငါတို့က ဘေးကနေ အားပေးရုံ သက်သက်ပါ၊ လျူယွမ်လေးကသာ အတော်ဆုံးပဲ"

​ ချန်းမိုကမူ အားရပါးရ ရေရွတ်လိုက်သည် - "ဒီလို ခြောက်သွေ့ဆိုးဝါးတဲ့ မြေရိုင်းထဲမှာ မျိုးစေ့ချလိုက်တာတောင် အမြစ်တွယ်၊ အဖူးအပွင့်ပွင့်ပြီး အသီးအပွင့်တွေ သီးပွင့်လာနိုင်တယ်ဆိုတော့… လျူယွမ်လေးက တကယ်ကို ကြီးမားတဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့သူပဲ"

​ စကားဝိုင်းက ရှေ့ဆက်လာသည်နှင့်အမျှ လူတိုင်း၏ မျက်နှာအမူအရာများက တဖြည်းဖြည်း လေးနက်လာကြသည်။

​ "ငါတို့လို အဘိုးအိုကြီးကတော့ အရှက်တရားတွေကို မြိုသိပ်ပြီး ဆက်လက် အသက်ရှင်နေကြရတာပဲ၊ ဒါပေမဲ့ လျူယွမ်ရဲ့ ကလေးကိုတော့ ဘေးကင်းကင်းနဲ့ မွေးဖွားလာနိုင်အောင် သေချာပေါက် ကာကွယ်ပေးရမယ်"

​

​ တစ်ချိန်တည်းမှာပင်…

​ ယွမ်မြောင်၏ မျက်နှာတွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် 'ကောင်းကင်ဘုံဆင့်ကဲဖြစ်စဥ်မန္တာန်' ကို အသက်သွင်းကာ အကြိမ်ကြိမ် ပြန်လည်တွက်ချက်လိုက်သည်။

​ "ထူးဆန်းတယ်… ချင်းရွှယ်ရဲ့ ဝမ်းဗိုက်ထဲက မျိုးမစစ်ကလေးက ငါဆင်ထားတဲ့ ကိုယ်ဝန်ဖျက်ချတဲ့ ထောင်ချောက်ထဲကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်သွားရတာလဲ"

​ ဘယ်သူက သူမကို လျှို့ဝှက်ကူညီပြီး ကာကွယ်ပေးနေတာလဲ။

​ ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံအလိုတော်ကြောင့်လား။

​ မဖြစ်နိုင်တာ။ ငါက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းကို အသုံးပြုထားတာ၊ ပြီးတော့ ဒီနေရာရဲ့ ကောင်းကင်ဘုံစည်းမျဉ်းတွေကလည်း ငါ့ရဲ့ တွက်ချက်မှုအောက်မှာပဲ ရှိတာမို့ သူတို့ သိရှိသွားနိုင်စရာ အကြောင်းမရှိဘူး။

​ ယွမ်မြောင်၏ မျက်ဝန်းများက အလွန်နက်ရှိုင်းသွားခဲ့သည်။

​ "ကြည့်ရတာ ဒီမျိုးမစစ်... မဟုတ်ဘူး၊ ဒီကလေးက တကယ့်ကို ထူးခြားတဲ့ ကံတရားကို ပိုင်ဆိုင်ထားတာပဲ"

​ သူမ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရေစီးကြောင်းအတိုင်း လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။

​ "ဒီလိုဖြစ်မှတော့လည်း ချင်းရွှယ်ကိုပဲ မွေးခိုင်းလိုက်တော့မယ်၊ ငါကိုယ်တိုင်ပဲ သူ့ကို ပြုစုပျိုးထောင်ပေးမယ်၊ သူက သေချာပေါက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရလာမှာပဲ"

​ "အခုလောလောဆယ် အရေးကြီးဆုံးကတော့ ချင်းရွှယ်ကို သူမဘေးက လူယုတ်မာရဲ့ တကယ့်မျက်နှာဖုံးကို အမှန်အတိုင်း မြင်အောင် ပြရမယ်"

​ "သူမရဲ့ အချစ်နဲ့ အိမ်ထောင်ရေးဆိုတာ အချိုသတ်စကားလုံးတွေနဲ့ ထုပ်ပိုးထားတဲ့ အတုအယောင် သက်သက်ပဲ၊ အလွယ်တကူပဲ ပေါက်ကွဲသွားမှာပါ၊ ယောက်ျားတွေဆိုတာ အားလုံး အားကိုးလို့မရဘူး"

​ ယွမ်မြောင်၏ နှုတ်ခမ်းအစုံက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

​ "လျူယွမ်… နင်သာ ဖောက်ပြန်လိုက်တာနဲ့ ချင်းရွှယ်က နင့်အပေါ် လုံးဝ စိတ်ပျက်သွားလိမ့်မယ်၊ အဲဒီအခါကျရင် သူမက ငါနဲ့အတူ ပြန်လိုက်ခဲ့ဖို့ သေချာပေါက် သဘောတူလိမ့်မယ်”

​ ညစာစားချိန်တွင်…

​ စုချင်းရွှယ်သည် သူမကိုယ်တိုင် အစားအစာများကို လုံးဝမတို့ထိဘဲ ခင်ပွန်းဖြစ်သူနှင့် ညီမဖြစ်သူတို့ စားသောက်နေသည်ကိုသာ တိတ်တဆိတ် ကြည့်နေခဲ့သည်။

​ "မိန်းမ… ဘာလို့ ဘာမှမစားတာလဲ" လျူယွမ်က သူမ၏ ပန်းကန်ထဲသို့ အသားတစ်တုံး ထည့်ပေးလိုက်သည်။

​ "ကျွန်မ အစာငတ်ခံနေတာ" စုချင်းရွှယ်က ပြတ်ပြတ်သားသား ကြေညာလိုက်သည်။

​ "အခုကစပြီး ကလေးမွေးတဲ့အထိ ကျွန်မ ရေတစ်ပေါက်၊ ထမင်းတစ်လုတ်မှ မစားတော့ဘူး။ လေကိုတောင် အဝအလင် မရှူတော့ဘူး"

​ ဒီလိုလုပ်မှသာ ကိုယ်ဝန်ဖျက်ချဆေးတွေကို အမှတ်မထင် ထပ်ပြီး စားမိသောက်မိတာမျိုး မရှိတော့မှာ ဖြစ်သည်။

​ "ငါတို့သမီးလေး ဗိုက်ဆာမနေနိုင်ဘူးလား" လျူယွမ်က ဇနီးသည်၏ ဗိုက်ဆီသို့ လှည့်ကြည့်ရင်း မေးလိုက်သည်။

​ "မဆာပါဘူး၊ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ သမီးလေး ဘေးကင်းကင်းနဲ့ မွေးဖွားလာဖို့အတွက် လုံလောက်တဲ့ အာဟာရဓာတ်တွေ ရှိပြီးသားပါ"

​ ဘေးနားတွင် ရှိနေသော စုယွီမော့က ထိုအသားတုံးကို လှမ်းယူလိုက်ရင်း - "မမ မစားရင် ညီမလေးပဲ စားလိုက်တော့မယ်"

​ လျူယွမ်က သူမကို စောင်းငဲ့ကြည့်လိုက်ရင်း - "မင်းက အစားအစာထဲမှာ ဆေးခတ်ထားမှာကို မကြောက်ဘူးလား"

​ "မကြောက်ပါဘူး" စုယွီမော့က သူမ၏ ရင်ဘတ်ကို ပုတ်ပြရင်း စားသောက်ရင်းနှင့် ပြောလိုက်သည် - "ဘာပဲဖြစ်ဖြစ် ညီမလေးက ကိုယ်ဝန်ရှိနေတာမှ မဟုတ်တာ။ မမအတွက် ကိုယ်ဝန်ပျက်ကျတဲ့ ဝေဒနာကို ညီမလေးပဲ အစားခံပေးလိုက်မယ်"

​ "စားနေရင်း စကားမပြောနဲ့၊ မင်းရဲ့ တံတွေးတွေ ငါ့ပန်းကန်ထဲ စင်ကုန်ပြီ" လျူယွမ်က သတိပေးလိုက်ပြီးမှ ဆက်မေးလိုက်သည် - "ငါ တစ်ခုလောက် မေးပါဦးမယ်၊ မင်းတို့အဖေက ဆေးခတ်တာလို့ ထင်လား"

​ "မဖြစ်နိုင်တာ" စုယွီမော့က ခေါင်းခါပြသည် - "ကျွန်မတို့အဖေက ဖြောင့်မတ်တဲ့သူပါ၊ စိတ်တိုတတ်ပေမဲ့ မမကိုတော့ ကွယ်ရာမှာ ဆေးခတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး၊ သူလုပ်ရင်… ခဲအိုကို မျက်နှာချင်းဆိုင်မှာတင် ပြာဖြစ်သွားအောင် လက်သီးနဲ့ ထိုးမှာ"

​ "စုယွီမော့" စုချင်းရွှယ်၏ မျက်ခုံးများ ပင့်တက်သွားပြီး သူမ၏ နဖူးကို တောက်ရန် ပြင်လိုက်သည်။

​ ထိတ်လန့်သွားသော စုယွီမော့သည် ချက်ချင်းပင် ထမင်းပန်းကန်ကို ကိုင်ကာ လျူယွမ်၏ နောက်ကွယ်သို့ ပြေးဝင်ပုန်းကွယ်ရင်း - "ခဲအို… ကယ်ပါဦး" ဟု အော်တော့သည်။

​ စုချင်းရွှယ်က လျူယွမ်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည် - "ယွီမော့ ပြောတာ တစ်ခုတော့ မှန်တယ်၊ အဖေက ကျွန်မကို ဆေးခတ်စရာ အကြောင်းမရှိဘူး။ ကျွန်မ သံသယရှိတာကတော့ သွေးမိစ္ဆာဧကရာဇ် ဒါမှမဟုတ် အဲဒီ ရှေးဟောင်းနတ်ဘုရား ဖြစ်လိမ့်မယ်"

​ လျူယွမ်က ခေါင်းခါလိုက်ပြီး - "ဒါပေမဲ့ သူတို့က မင်းကို ကိုယ်ဝန်ဖျက်ချဆေး ကျွေးရမယ့် အကြောင်းပြချက် မရှိဘူးလေ။ မင်းမှာ ကိုယ်ဝန်ရှိနေရင် မင်းရဲ့ စွမ်းအားတွေက အများကြီး လျော့နည်းသွားမှာ၊ အထူးသဖြင့် မွေးဖွားတဲ့အချိန်ဆိုရင် ပိုပြီး အားနည်းသွားမှာဆိုတော့ အဲဒါက သူတို့ အလိုချင်ဆုံး အခြေအနေ မဟုတ်ဘူးလား"

​ “ငါသာ သူတို့နေရာမှာဆိုရင် မင်းကလေးမွေးလို့ အားအနည်းဆုံးအချိန်ကျမှ တိုက်ခိုက်ပြီး ကလေးကို ဓားစာခံလုပ်ပြီး မင်းကို အညှံခံခိုင်းမှာပဲ”

​ "ခဲအိုကတော့ တကယ့်ကို လူဆိုးပဲ။ ကြည့်ရတာ ကျွန်မ မကြာသေးခင်က ကြည့်ဖူးတဲ့ လူကြီးကားတွေထဲက ဇာတ်လမ်းနဲ့ တူနေသလိုပဲ" စုယွီမော့က နောက်ကွယ်ကနေ ချောင်းကြည့်ရင်း စနောက်လိုက်သည်။

​ စုချင်းရွှယ်သည် လျူယွမ် ပြောပြသည့် မြင်ကွင်းကြောင့် အနည်းငယ် တုန်လှုပ်သွားပြီး ထိတ်လန့်သွားခဲ့သည်။ သူမ၏ မျက်နှာ ဖြူလျော်သွားကာ - "မောင်… မောင်ပြောတာ မှန်တယ်… ဒါဆိုရင် ကျွန်မကို ကိုယ်ဝန်ပျက်ကျအောင် လုပ်ချင်နေတဲ့သူက ဘယ်သူဖြစ်မလဲ"

​ "ငါ ထင်တာတော့ ဒီလူက အဆုံးမဲ့ကောင်းကင်က လာတာ ဖြစ်လိမ့်မယ်" လျူယွမ်က ယုံကြည်မှုရှိရှိ ပြောလိုက်သည် - "သူက မင်းမှာ ကိုယ်ဝန်ရှိနေတာကို မင်းအဖေ သိသွားမှာကို မလိုလားဘူး၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ ငါ အသေအချာ မပြောတတ်သေးဘူး"

​ စုချင်းရွှယ်က ခေါင်းလေး စောင်းကာ သေသေချာချာ စဉ်းစားလိုက်သည်။

​ "ဒါဆို… ကျွန်မရဲ့ ဆရာများလား”

​ “ဒါမှမဟုတ်… ကျွန်မရဲ့ အစ်ကိုလား”

​ "ကျွန်မရဲ့ အဒေါ် ဖြစ်နိုင်မလား"

​ "ဒါမှမဟုတ် ကျွန်မရဲ့ ဦးလေးလား"

​ "မိန်းမရယ်… မင်းမှာ ဆွေမျိုးတွေ တော်တော်များတာပဲ" လျူယွမ်က ခေါင်းခါလိုက်ရင်း - "ဒါကတော့ ခန့်မှန်းရ ခက်တာပဲ"

​ သို့သော်လည်း သူသည် စုချင်းရွှယ်၏ မျက်ဝန်းများထဲမှ အဖြေကို ဖတ်လိုက်နိုင်သည်။

​ ပထမဆုံး တစ်ယောက်ပဲ။

​ ဇနီးသည်က အခြားသူတွေကိုပါ ဆွဲထည့်ပြီး လမ်းလွှဲလိုက်တာကတော့…

​ သူမရဲ့ ဆရာက ထူးခြားတဲ့ ဆက်သွယ်မှုတွေရှိပြီး သူတို့ကို လက်ရှိမှာ စောင့်ကြည့်နေလို့ပင် ဖြစ်ရပေလိမ့်မည်။

​ စုယွီမော့က နောက်ကွယ်ကနေ ခေါင်းလေး ပြူထွက်လာရင်း - "ခဲအို… အခုတော့ ခဲအို ဘယ်လိုလူတွေနဲ့ သွားပတ်သက်မိလဲဆိုတာ သိပြီမလား၊ မမက လူကြီးတွေရဲ့ အသည်းကျော်မမမို့ သူတို့ရဲ့ သိက္ခာအတွက်ဆိုရင် ဘာမဆို လုပ်ကြမှာ"

​ ညစာစားပြီးနောက် စုချင်းရွှယ်က လျူယွမ်ကို ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားပြီး အတူတူ ရေချိုးခဲ့သည်။

​ တကယ်လို့ ငါ့ဆရာက ငါ့ကို ချောင်းကြည့်နေတာ အမှန်ဆိုရင်လည်း ကြည့်ချင်သလောက် ကြည့်ပါစေတော့။

​ အနည်းငယ် ရှက်စရာကောင်းသော်လည်း၊

​အချိန်ကြာလာသည်နှင့်အမျှ သူမ၏ ဆရာသည်လည်း လျူယွမ်နှင့် သူမတို့၏ အိမ်ထောင်ရေးကို လက်ခံလာနိုင်လောက်သည်။

​

​ နောက်တစ်နေ့တွင်…

​ လျူယွမ်သည် မကြာသေးမီက တရားမဝင် လူဝင်မှုကြီးကြပ်ရေး အမှုသစ်များ ရှိမရှိ စစ်ဆေးရန် သူ၏ လုပ်ငန်းခွင်သို့ သွားခဲ့သည်။

​ “ဌာနခွဲမှူးလျူ… ရောက်လာပြီပဲ"

​ ဒုတိယဌာနခွဲမှူး လင်းဝေဝေက ချက်ချင်းပင် ရှေ့သို့ တက်၍ နှုတ်ဆက်လိုက်သည်။

​ သူမသည် ကလေးမွေးဖွားပြီးနောက် အရင်ကကဲ့သို့ပင် ကောက်ကြောင်းအလှများ ပြန်လည် ပေါ်လွင်နေပြီ ဖြစ်သည်။

​ သူမအနေဖြင့် မီးဖွားခွင့် နှစ်လလောက် ထပ်ယူနိုင်သေးသော်လည်း သူမ၏ အထက်လူကြီးထံသို့ အမြန်ဆုံး ပြန်လာပြီး အမှုထမ်းလိုသဖြင့် မီးဖွားပြီး ကာလပြီးဆုံးသည်နှင့် ရုံးသို့ ချက်ချင်း ပြန်တက်ခဲ့ခြင်း ဖြစ်သည်။

​ မထင်မှတ်ဘဲ သူမ ရုံးပြန်တက်လာသည့်အချိန်တွင်မူ ဌာနခွဲမှူး လျူယွမ်က ခွင့်ရေရှည် ယူထားလေသည်။

​ ဘုရားရေ… အထက်လူကြီးမှ မရှိတာ၊ ငါ ခွင့်မယူဘဲ ရုံးတက်မိတာ အလကား ဖြစ်သွားပြီ။

​ လင်းဝေဝေတစ်ယောက် နောင်တရသွားပြီး သူမ၏ ခွင့်ရက်များကို နှမြောတသ ဖြစ်နေခဲ့သည်။

​ သို့သော် ယနေ့တွင်မူ လျူယွမ်က ရုံးသို့ ထူးထူးဆန်းဆန်း ရောက်လာခဲ့သည်။

​ "မင်းရဲ့ မီးဖွားခွင့်က မကုန်သေးဘူး မဟုတ်လား၊ ဘာလို့ အိမ်မှာ ပိုပြီး မနားတာလဲ" လျူယွမ်က အနည်းငယ် ဝေခွဲမရဖြစ်ရင်း မေးလိုက်သည်။

​ အလုပ်လုပ်မည့်အစား အနားယူခွင့်ရတာကို ဘာလို့ အနားမယူဘဲ အလုပ်ထဲ လာရှုပ်နေရတာလဲ။

​ "ဒါက… ပြည်သူ့အတွက် အလုပ်အကျွေးပြုဖို့ပဲ မဟုတ်လားရှင်" လင်းဝေဝေက ညို့ဓာတ်ပါပါ ပြုံးပြလိုက်သည်။

​ "ကောင်းတယ်… တကယ်ကို တာဝန်သိတတ်တာပဲ၊ မင်းရဲ့ အနာဂတ်က တောက်ပြောင်လာဦးမှာပါ" လျူယွမ်က သူမ၏ ပခုံးကို ပုတ်ပေးလိုက်ရင်း - "ဒါဆိုရင်တော့ ငါ့ရဲ့ အလုပ်တွေကိုပါ မင်းပဲ ကူညီပြီး တာဝန်ယူပေးလိုက်တော့၊ ငါ့မိန်းမက ကလေးမွေးတော့မှာမို့ ငါ အိမ်မှာပဲ နေပြီး ပြုစုပေးရမယ်"

​ မင်းက ဒီလောက် အရည်အချင်းရှိနေမှတော့ အလုပ်တွေ ပိုလုပ်လိုက်ပေါ့၊ တတ်နိုင်တဲ့သူက ပိုလုပ်ရတာ သဘာဝပဲလေ။

​ "ရှင်… အာ… ဟုတ်ကဲ့ပါ ဌာနခွဲမှူး၊ ကျွန်မ သေချာပေါက် စိတ်ပျက်စေရပါဘူး"

​ လင်းဝေဝေ ခဏမျှ မှင်တက်သွားပြီး နှလုံးသားတစ်ခုလုံး ကြေကွဲမတတ် ခံစားလိုက်ရသော်လည်း သူမ၏ မျက်နှာတွင်မူ အံ့ဩဝမ်းသာဟန်ဖြင့် - “အမ်… ဌာနခွဲမှူးရဲ့ ဇနီးက ကလေးမွေးတော့မလို့လား၊ ဂုဏ်ယူပါတယ် ဌာနခွဲမှူး"

​ ချက်ချင်းပင် တစ်ဌာနလုံးရှိ ဝန်ထမ်းများထံမှ ဂုဏ်ယူပါကြောင်း ချီးကျူးသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

​ လျူယွမ် ရုံးခန်းထဲသို့ ဝင်သွားပြီးနောက်၊

​လင်းဝေဝေက အသစ်ဖျော်ထားသော လက်ဖက်ရည်ပူပူကို ယူဆောင်လာခဲ့သည်။

​ သူမသည် ရေနွေးအိုးထဲမှ ရေနွေးကို လက်ဖက်ရည်ခွက်ထဲသို့ ငှဲ့ပေးရန် ငုံ့လိုက်စဉ်၊ သူမ၏ လက်ချောင်းများက အမှတ်မထင်ဘဲ ရင်ဘတ်ကော်လာကို အနည်းငယ် ဆွဲချလိုက်ရာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေတို့က ပေါ်ထွက်လာခဲ့သည်။

​ “ဌာနခွဲမှူး… ဌာနခွဲမှူးနဲ့ ဇနီးသည်တို့ အတူမနေဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲဟင်" သူမက ရေနွေးငှဲ့ရင်းနှင့် သင်းပျံ့သော လေညင်းသံလေးဖြင့် မေးလိုက်သည်။

​ လျူယွမ်၏ မျက်နှာအမူအရာက ချက်ချင်း အေးစက်သွားကာ - "ဒါက မင်း မေးရမယ့် မေးခွန်းမျိုးလား"

​ “ဌာနခွဲမှူး… ကျွန်မက ဌာနခွဲမှူးရဲ့ ကျန်းမာရေးကို စိတ်ပူလို့ မေးမိတာပါ" လင်းဝေဝေက ထိတ်လန့်သွားဟန်ဖြင့် အလျင်အမြန်ပင် တောင်းပန်လိုက်သည် - "ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့၊ ကျွန်မမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး"

​ သူမ ရေနွေးငှဲ့ပြီးသွားသည့်အခါတွင်မူ သူမ၏ တံတောင်ဆစ်က စားပွဲပေါ်ရှိ ဘောပင်ကို အမှတ်မထင် တိုက်မိပြီး အောက်သို့ ပြုတ်ကျသွားခဲ့သည်။

​ ထို့နောက် သူမသည် စားပွဲအောက်သို့ လိမ္မာယဉ်ကျေးသော ကြောင်လေးတစ်ကောင်ကဲ့သို့ ငုံ့လျှိုးဝင်ရောက်ကာ ဘောပင်ကို ကောက်လိုက်သည်။

​ “ဌာနခွဲမှူး…" သူမက ခေါင်းမော့ကြည့်လိုက်ရာ ညို့ဓာတ်ပြည့်နှက်နေသော မျက်နှာလေးက ဝင်းပနေပြီး - "ဌာနမှူးရဲ့ ခါးပတ်က နည်းနည်း လျော့နေသလိုပဲ၊ ကျွန်မ သေချာအောင် ပြန်ပတ်ပေးမယ်လေ"

​ လင်းဝေဝေသည် လက်ကို ဆန့်ထုတ်လိုက်ရင်း သူမ၏ တောက်ပသော နှုတ်ခမ်းနီနီလေးကို လျှာဖြင့် သာသာလေး သပ်လိုက်သည်။

​ ဖျန်း…

​ လျူယွမ်က သူမ၏ ငြိမ်ငြိမ်မနေသော လက်ကို ပုတ်ထုတ်လိုက်သည်။

​ ခါးပတ်ကို ပြန်ပတ်ပေးမလို့လား… မင်းက ငါ့ဘောင်းဘီကို ချွတ်ဖို့ ကြိုးစားနေတာပဲ။

​ စည်းမရှိတဲ့ မိန်းမ။

​ "မင်းကို ဒီနေ့ည အချိန်ပိုဆင်းဖို့ အပြစ်ပေးလိုက်တယ်"

​ သူသည် မတ်တတ်ရပ်ကာ တံခါးကို ဝုန်းခနဲ ပိတ်၍ နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

​ လင်းဝေဝေတစ်ယောက် လန့်နိုးလာသကဲ့သို့ ခြေထောက်များ ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

​ "စောစောက ငါ ဘာဖြစ်သွားတာလဲ… ငါ တကယ်ပဲ ဌာနခွဲမှူးနဲ့ ရုံးခန်းထဲမှာ အတူနေချင်စိတ် ပေါက်သွားတာလား"

​ "ငါက သူ့ကို အထင်ကြီး လေးစားမိတာ မှန်ပေမဲ့… ငါက အိမ်ထောင်သည် မိန်းမတစ်ယောက်ပဲလေ"

​ သူမ ရင်တုန်ပန်းတုန်ဖြစ်ရင်း ရင်ဘတ်ကို ဖိကာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်သည်။

​ "တော်သေးတာပေါ့… စောစောက အောင်မြင်မသွားလို့"

​ "နေဦး… ဌာနခွဲမှူးက ငါ့ကို ဒီနေ့ည အချိန်ပိုဆင်းခိုင်းတယ်ဆိုတော့… ဒါက သူ တစ်ခုခုကို အရိပ်အမြွက် ပြလိုက်တာလား မသိဘူး…"

​

All Chapters